• June 27, 2025
  • admin
  • 0

သန်းမြင့်သန်း (ကွမ်းခြံကုန်း)
တံငါမုဆိုး

သမုဒ္ဒရာဝမ်းတစ်ထွာဆိုကြ၏။ တစ်ထွာဝမ်းရေးအတွက် ရှာဖွေစားသောက်ကြရာတွင် တင်ကျီးတစ်ဝမ်း ဗျိုင်းတစ်ဝမ်း ဟုလည်း ဆိုကြပြန်သည်။

ဒညင်းလုံးသည် စူးမှိန်းကိုချိန်ဆရင်း တုံးတိတိတွေးနေမိ၏။

ဝမ်းတစ်ထွာမို့သာ တော်ရော့၏။ လူတို့ဝမ်း တစ်တောင်ဆိုလျှင် ခက်ရချည်သေးရဲ့ဟု အတွေးနယ်ချဲ့ နေတော့သည်။

လှေဦးတွင် တမူးသည် သီချင်းကလေး တအေးအေးနှင့် ဦးခင်မောင်ကျွန်းသောင်ကလပ်ဆီသို့ မျှော်ကြည့်ရင်း စိတ်ကူးယဉ်နေပြီလားမသိ။

ဒညင်းလုံးမှာ တမူးကိုကြည့်ပြီး သူ့စိတ်ကူးပျက်နေပုံရသည်။

ဘဲကျောင်းလှေကလေးတစ်စင်းပေါ်မှ လူနှစ်ယောက် စိတ်ကူးနှစ်မျိုးနှင့်ဖြစ်ကြသည်။ ဒညင်းလုံး၏အတွေးနှင့် စိတ်ကူးမှာ ဝမ်းရေးနှင့် ဘဝကံအကြောင်းဖြစ်၏။ ခြောက်တောင်ရှည် ဘဲကျောင်းလှေ တံကူဘေးတွင် အလိုက်သင့်ကပ်ထောင်ထားသော စူးချွန်မှိန်းကို တစ်ချက်လှမ်းကြည့်လိုက်၏။

တစ်ဆယ့်ရှစ်တောင်အလျားရှိ ပင်လယ်ထွက် ပိုက်လှေကြီး၊ တစ်ဆယ့်လေးတောင်ရှိ ငါးသလောက်ပိုက်လှေနှင့် တစ်ဆယ့်နှစ်တောင်ရှိ ဆွဲပိုက်လှေမျိုးမှာ ရေလုပ်ငန်းသုံး တံငါလှေများဖြစ်၏။

ဒညင်းလုံးတို့စီးလာသောလှေမှာ အရွယ်အစားအသေးဆုံးလှေဖြစ်၏။ ကာလပေါက်ဈေးနှင့် လှေကြီးကို ဝယ်ယူမသုံးနိုင်ချေ။ လှေငယ်နှင့်သာ စခန်းသွား နေရသည်ပင် မလွယ်လှ။

လှေဈေးများက ခေါင်ခိုက်နေကြပြီး သစ်ဝါးရှားပါးသဖြင့် သင်္ကန်းသား၊ တောင်ပိန္နဲသားလှေများကို အနားမကပ်နိုင်။

အခြား ပန်းစုံသစ်များဖြင့်စပ်ထားသော ဘဲကျောင်းလှေကလေးနှင့် အလုပ်ဖြစ်သည်ဆိုရုံမျှသာ လုပ်ကိုင်စားသောက်နေကြရသည့် ဘဝအခြေအနေကို တွေး၍ ဒညင်းလုံးမပြုံးနိုင်ပါ။

တမူးအဖို့ လူပျိုလူလွတ် ဖြစ်၍ ဘာဆိုဘာမျှမတွေး။ အချိန်တန်ထမင်းစားနေရလျှင် ကျေနပ်နေသည့် လူစားဖြစ်၍ ပေါ့ပေါ့ပါးပါးပင် နေနိုင်သူလည်းဖြစ်၏။ ရွာထဲ လူပျိုလှည့်နေရလျှင် ကျေနပ်နေတတ်သူဖြစ်၏။

တပေါင်းပွဲတော်ရေရောက်သည်နှင့် တောင်လေထန်စ ပြုလာပြီ။ တောင်လေတိုက်ချိန်တွင် တိုးမြစ်ဝ၌ လှိုင်းလေကလည်း ထန်တတ်ပြီ။ မြစ်အောက်ပိုင်းသို့သွား၍ ငါးရှာရန်မသင့်တော့ချေ။

လှေငယ်ကလေးနှင့် မြားမှိန်းသမားတို့ အောက်ဘက်အထိ ဆင်းဖို့မဖြစ်ပေ။ နွေရေဖြစ်၍ ရေစီးကလည်း သန်လာ၏၊ ပင်လယ်ဒီရေ အလုံးအရင်းနှင့် တက်သည့်ကာလဖြစ်၏။

သို့ကြောင့်လည်း ပင်လယ်မှပေါက်ပွား၍ မြစ်တွင်းသို့ ဝင်ရောက်လာသည့် ငါးဇင်းများကို အုပ်စုလိုက်တွေ့ ရခြင်းဖြစ်၏။ သည်အချိန်တွင် ငါးဇင်းများဥကပ်၍ မြစ်တွင်းသို့ အများအပြား ဝင်လာတတ်ကြသည်။ ငါးဇင်းတို့ ဆူဖြိုးချိန်ဖြစ်၏။

ငါးဇင်းငါးတို့၏သဘာဝကလည်း ရေပေါ်ကူးသတ္တဝါများဖြစ်ကြသည်။ အခြားငါးများကဲ့သို့ ရေအောက်တွင်ကြာရှည်မနေ။ ရေပြင်ထက်မှာ ခေါင်းဖော်ကူးခတ်သွားလာ လှုပ်ရှားတတ်ကြသည်။ ပင်လယ် ဒီရေတက်နှင့်အတူ မြစ်တွင်းသို့ အုပ်သင်းဖွဲ့၍ ဝင်ရောက်တတ်ကြသည်။

ငါးဇင်းသားနှင့် ငါးဇင်းဥမှာ အလွန်နူးညံ့ပြီး အရသာရှိသော ငါးမျိုးဖြစ်၏။ ငါးဇင်းငါးမျိုးမှာ ကဘီလူး မျိုးနွယ်ရင်းဖြစ်၍ ပုံစံတူသော်လည်း စား၍ပိုကောင်းသည်။ ဈေးကောင်းလည်း ရတတ်၏။

ဦးခင်မောင်ကျွန်းကြားသို့ ရောက်ပြီ။ ကဝက်သောင်ကြီးနှင့် မျက်နှာချင်းဆိုင်ရှိ ဦးခင်မောင်ကျွန်းကို လျှိုချောင်းတစ်ခုက ဝိုင်းပတ်ဖြတ်စီးနေ၏။ အပြင်ကြောတွင် တိုးမြစ်ရေစီးကြောင့် ချောက်ကမ်းပါးဖြစ်နေပြီး အတွင်းကြောတွင် လတာထွန်းပေါ်လျက် ရှိ၏။

သည်လတာပြင်သို့ ရေတက်နှင့်အတူဝင်လာသည့် ငါးဇင်းများ ခိုကပ်ကြသည်။ လေကွယ်ရေစီးသာသော ကျွန်းကြား၌ အများအပြား ကျက်စားလေ့ရှိရာ ဒညင်းလုံးတို့ စူးမြားသမားများအတွက် အကွက်အကွင်းအကောင်းဆုံးနေရာဖြစ်သည်။

ရေချိန်မိုးချိန်ကလည်း အထူးအရေးကြီးလှ၏။ ရေတက်ဦး၊ ရေပြည့်ရေအီချိန်နှင့် ရေကျဦးရေအောင့်ချိန်များတွင် စူးမြားပစ်ရန် အကောင်းဆုံး ဖြစ်၏။ သည်အချိန်များတွင် ငါးဇင်းများ မြူးထူးလေ့ရှိကြ၏။

“မင်းကိုကြည့်ရတာ တကယ့်တောလိုက်မုဆိုးပုံပေါက်နေတာပဲ။ စူးမြားတကိုင်ကိုင် တဆဆနဲ့”

ညီဖြစ်သူ တမူးက အစ်ကိုဖြစ်သူ ဒညင်းလုံးကိုကြည့်ရင်း ပြောလိုက်၏။

ပြောလည်း ပြောစရာပင်ဖြစ်၏။ အစ်ကိုဖြစ်သူကို အမြဲလိုလို ဝေဖန်တတ်သဖြင့် ကတောက်ကဆဖြစ်ရပေါင်းလည်း များပြီ။

“မင်းပါးစပ်ပိတ်ထားစမ်း။ အချိန်တန် စားမယ် အိပ်မယ်၊ အားအားရှိ ရွာရိုးကိုးပေါက် လျှောက်သွားနေတဲ့ကောင်။ မိသားစုအတွက် ဘာမှပူပင်တတ်တာမရှိဘဲ ဝေဖန်မနေနဲ့။ အလုပ်ဆိုတာ အလုပ်နဲ့တူအောင်လုပ်ရတယ်ကွ။

အေး… မင်းပြောသလို တောမုဆိုးက သားကောင်ကို တစ်ကောင်အတွက်သာ အာရုံစိုက်ရတာ။ တို့စူးမြားသမားတံငါတွေက သားကောင်အများဆုံးရဖို့အတွက် အကွက်အကွင်းကို ကြည့်ရတာ မုဆိုးထက်သာတယ်။ ဒါကြောင့် စကားပုံရှိသားပဲ။ မုဆိုးတစ်သက် တံငါတစ်မနက် ဆိုတာပေါ့။ မုဆိုးထက် ဝါယမပိုစိုက်ရတော့ အကုသိုလ်ပိုကြီးတာပေါ့”

ပြောပြောဆိုဆို ဒညင်းလုံးသည် စူးမြားကိုကောက်ကိုင်လိုက်၏။ ဆယ်ပေခန့်ရှည်သော ထီးရိုးဝါးအဖျားတွင် ဖဲထီးသံချောင်း ဆယ်ချောင်းကို တစ်မိုက်ခန့်အရှည်ထား၍ ဂဟေဆော်ထား၏။ လက်မဝက်ခန့်စီခြား၍ လက်ချောင်းများပုံသဏ္ဌာန် စူးများကို ဓားသွေးကျောက်ဖြင့် အဖျားချွန်မြအောင်သွေးထားရ၏။ စူးအုံအရင်းတွင် ဓားမင်းကွင်းပြုလုပ်ကာ ဓားအရိုးတပ်သလို ထီးရိုးဝါးတွင် အံဝင်ခွင်ကျစွပ်ထားရ၏။

ပေါ့ပါးဖြောင့်တန်းသော ထီးရိုးဝါးစူးများသည် အရှိန်နှင့်ပစ်လွှတ်ပါက ရေပေါ်တွင် ရှပ်တိုက်၍ပြေး၏။ ရေပေါ်တွင် ခေါင်းဖော်ကူးလာသော ငါးဇင်းအုပ်အနေအထားကိုကြည့်၍ မြားအစေ့ ငါးစေ့ထိအောင် ပစ်ရသည်။ ငါးပစ်ကွင်းကို တိုက်ရိုက်ထိချက်မှန်လေမှ ငါးအရများမည် ဖြစ်သည်။

လက်မြန်ဖို့လည်း လို၏။ ငါးဇင်းငါးသည် အလွန်ပါးနပ်၏။ လူရိပ်မြင်သည်နှင့် ရေငုပ်သွားတတ်ကြသည်။

သို့သော် ရေအောက်တွင် ကြာရှည်မနေတတ်ကြဘဲ ခဏချင်းပင် ရေပေါ်ကူးတတ်ကြပြန်သည်။ ငါးအကောင်ကြီးအုပ်စုကို ရွေးချယ်ပစ်တတ်ဖို့လည်း လို၏။ အမြန်အကဲခတ်၊ အမြန်ပစ်ခတ်နိုင်မှ ငါးအရများမည်ဖြစ်သည်။

တပေါင်းနေရောင်အောက်တွင် တိုးမြစ်ရေပြင်ထက်၌ စိန်မှန်ကွက်များ ထင်ဟပ်လျက်ရှိ၏။ ရေတက်ဦးအချိန်တွင် ငွေရောင်ငါးဇင်းများ ဦးခင်မောင်ကျွန်းလတာပြင်ဆီသို့ ခေါင်းဆိုက် ဦးတည်လာနေကြပြီ။

တမူးသည် လှေဦးကို ငါးအုပ်ရှိရာသို့ တည့်တည့်ဖြစ်စေရန် ပဲ့ကိုင်ပေးထား၏။ ကမ်းစပ်မှသီလျက် ကူးခတ်လာကြသော ငါးဇင်းဦးခေါင်းများကို နေရောင်အောက်တွင် တဖွေးဖွေးမြင်နေရသည်။

ဒညင်းလုံးသည် လှေကို ရေသံမကြားအောင် လှော်ပေးရန် အချက်ပြလိုက်ရာ တမူးက လှေရှိန်ကို ရေငြိမ်အောင် လှော်လိုက်ရ၏။

စူးမြား၊ မြားမှိန်း၊ စူးမှန်း စသဖြင့် အမျိုးမျိုး ခေါ်ကြသော်လည်း အရိုးရှည်ဝါးလုံးစွပ် မှိန်းတစ်မျိုးသာဖြစ်၏။ လက်ကိုအားပြု၍ အရှိန်နှင့် ပစ်ထိုးရသော တံငါသုံးလက်နက် ကိရိယာဖြစ်၏။

ပိုက်သမား၊ တန်းသမားများကဲ့သို့ အရင်းအနှီး မကြီးမားသော ရေပေါ်ရေလျှံ ငါးဖမ်းပစ္စည်းဖြစ်သော်လည်း အချိန်တိုအတွင်း ငါးများများရနိုင်သည်။ မုဆိုးတစ်ပိုင်း၊ တံငါတစ်ပိုင်းအလုပ်မျိုးဖြစ်၏။

တပေါင်းလရောက်လေတိုင်း ငါးဇင်းများ အုံကျင်းဖွဲ့၍ ပင်လယ်ရေနှင့်အတူ မြစ်တွင်းချောင်းတွင်းသို့ဝင်လာကြချိန်ဖြစ်သည်။ ရေခို လေခိုကောင်းသော သောင်ကြောနေရာများသို့ ငါးဇင်းများ အုပ်လိုက်မြူးထူးလာတတ်ကြ၏။

ဒညင်းလုံးတို့လို စူးမှိန်းသမားများအဖို့ အကွက်ဆိုက်ချိန်လည်း ဖြစ်၏။ ချောင်း၊ မြောင်း၊ အင်းအိုင်များ ရေခန်းခြောက်ချိန်ဖြစ်၍ ငါးသားပုစွန် ရှားပါးခိုက်တွင် ဥကပ်ငါးဇင်း ဝင်းဝါဝါကြီးများမှာ ဈေးကောင်းရချိန်လည်းဖြစ်၏။

ဥနှင့်ငါးကို ပွားစေလိုငါးရစ်ဆို မဖမ်းနဲ့ ဟူသော စည်းကမ်းကို သိနားလည်ထားသော်လည်း ကျားကုတ်ကျားခဲ ရှာဖွေဖမ်းဆီးရမိသော မျိုးဥငါးမဆူဆူဖြိုးဖြိုးကြီးများကို ရေထဲသို့ပြန်လွှတ်ပေးသည့် တံငါဟူ၍ တစ်ယောက်မျှ မရှိချေ။

ဈေးကောင်းရသည့် ဥအပြည့်နှင့် ပုစွန်တုပ်လက်မကားကြီးများ၊ ငါးသလောက်ငါးမကြီးများဆိုပါက အလွန်ဈေးကြီး၍ မျိုးပွားသားပေါက်စေရန် ပြန်လွှတ်ပေးဖို့ရာ စိတ်ကူးထဲမှာပင် မရှိချေ။

ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်မှ ကမ်းနီးကမ်းဝေး ငါးဖမ်းစက်လှေကြီးများ အူမချေးခါးပါမကျန် ဖမ်းဆီးနေကြရာ တစ်ကောင်တစ်မြီးမှ ပြန်လွှတ်ပေးသည်မျိုး မကြားဖူးပါ။

ဒညင်းလုံးစဉ်းစားနေရသည်မှာ သူ့မိသားစုစားဝတ်နေရေးအတွက်သာ ဖြစ်၏။ တစ်နေ့လုပ် တစ်နေ့စားဘဝမျိုးမှာ တစ်ကိုယ်ကောင်းဆန်သည်ဟု ပြောဆိုရန် ခက်လှ၏၊ လူကိုးယောက် ဝမ်းကိုးထွာအရေးအတွက် ကမ္ဘာမီးလောင်၍ သားကောင်ချနင်းရသည်မျိုးကိုမူ အပြစ်မဆိုသာဟု အစဉ်သဖြင့် တွေးနေရသည်။

စားအိုးကြီးလှသဖြင့် ဒညင်းလုံးတို့ညီအစ်ကိုနှစ်ယောက် ရေပေါ်က တက်ရသည်မရှိ။ ရေပြင်မှာ လှေတစ်စင်းနှင့်သာ တံငါအလုပ်မျိုးစုံကို ရာသီအလိုက်လုပ်ကိုင်နေကြရသည်။

မိခင်မုဆိုးမနှင့် ညီဖြစ်သူ တမူး ဒညင်းလုံးတို့လင်မယား၊ လူကြီးလေးယောက်နှင့် ကလေးငါးယောက် ပါးစပ်ပေါက်တို့၏ စားရေးအတွက် တာဝန်ကြီးလှ၏။

မိခင်နှင့် ကလေးငယ်သုံးယောက်မှလွဲ၍ ကြုံရာကျပန်းအလုပ် လုပ်ကြရ၏။

ကလေးကြီးနှစ်ယောက်ကမူ ငါးရှဉ့်ထိုး၊ ကဏန်းချိတ်၊ ပုစွန်စမ်း၊ ငါးမျှားလုပ်တတ်ကြ၍ ဆီဖိုး၊ ဆားဖိုးရတတ်သည်။

ဆင်းရဲနွမ်းပါးပါသည်ဆိုမှ သားသမီးရတနာများကလည်း တစ်ယောက်ပြီး တစ်ယောက် ပေါက်ပွားကြသည်။ နို့ညှာနှင့် အမြွှာပူး အငယ်ဆုံးနှစ်ယောက် ကလေးစရိတ်ကလည်း ကြီးမားလှသည်။

ဘဲကျောင်းလှေပေါ်မှ ရေပြင်သို့ ရှပ်တိုက်ထိုးပစ်လိုက်သော စူးမှိန်းမှာ ငါးဇင်းအုပ်ဆီသို့ တန်းတန်းမတ်မတ် ပြေးသွားလေသည်။ ဦးမော့ခေါင်းထောင် ကူးခတ်လာသော ငါးဇင်းများမှာ ဒညင်းလုံး၏ စူးမှိန်းကိုရှောင်ချိန်မရလိုက်ပေ။ မြားစူးမထိသော တစ်ကောင်စ နှစ်ကောင်စ ငါးများက ရေငုပ်ပြေးကြသည်။

စူးများတွင်ထိနေသော ငါးများကို ဖြုတ်ယူပြီး လှေကို ငြိမ်သက်စွာထားရင်း နောက်ငါးတစ်အုပ်ကို ပစ်ထိုးရပြန်သည်။

တစ်အုပ်ပြီးတစ်အုပ်၊ တစ်သုတ်ပြီးတစ်သုတ် အဆက်မပြတ် ပစ်ခတ်ရတော့၏။

တမူးကလည်း လှေကို လိုသလို အလိုက်သင့် မနားတမ်း လှော်ပေးနေရ၏။ ဒညင်းလုံးကလည်း မှိန်းပစ်လိုက်၊ ငါးဖြုတ်လိုက်နှင့် လက်ကတော့ထိုးနေတော့သည်။

ငါးဇင်းတို့ကလည်း စူးမှိန်းပစ်ချိန်တွင် ရေငုပ်ပြေးကြပြီး မလှမ်းမကမ်းတွင်ရေပြင်ထက်သို့ ပြန်ပေါ်လာကြပြန်သည်။

မှိန်းတပစ်အကွာ ပေါ်လာလိုက် ပစ်လိုက်နှင့် တစ်နာရီခန့်အကြာတွင် ငါးများ တစ်သီကြီးရရှိလိုက်သည်။ ငါး သုံးပိဿာခန့် ခဏချင်းပင်ရလိုက်၍ တွက်ခြေကိုက်နေပြီဖြစ်သည်။

စူးမှိန်းထိသောငါးများကို တစ်ကောင်ချင်းဖြုတ်ရင်း ဒညင်းလုံးသည် ပစ်ကွင်းဆီသို့သာ အာရုံစိုက်နေပြန်၏။ ငါးများမှာ ခါးလယ်လောက်နေရာတွင်ချည်းသာ စူးများစိုက်ဝင်လျက်ရှိ၏။ ချိန်သားကိုက်ပစ်ခတ်နိုင်သော ဒညင်းလုံးသည် တစ်နေ့တာအတွက် ရရှိသော ငါးများကိုကြည့်ရင်း ပီတိဖြစ်လျက်ရှိ၏။

“ရေကျချိန်နီးပြီ၊ နေလည်းမြင့်လာပြီ၊ ပြန်ကြစို့ကွာ”

တမူးသည် ဒညင်းလုံးကိုကြည့်ပြီး လှေလှော်နေရင်း လှမ်းပြောလိုက်၏။ မြစ်ရေစီးမှာ အကျဘက်သို့ တာစူနေပြီဖြစ်၏၊ ဒညင်းလုံးက တမူးကိုတစ်ချက်ပြန်ကြည့်ရင်း ငါးရလိုဇောနှင့် လောဘကို အတောမသတ်နိုင်ရှိ၏။

ရေပြန်အလည်တွင် ရေကျရေစီးနှင့် ပြန်ဆင်းလာသော ငါးဇင်းအုပ်များမှာ နေရောင်အောက်တွင် ငွေရောင်တောက်လျက်ရှိနေသည်ကို မြင်နေရ၏၊ ဒညင်းလုံး လက်ယားအောင် ငါးဇင်းတို့ ဖိတ်ခေါ်နေသလိုထင်မိ၏။

“နေစမ်းပါဦးကွာ။ ရေကျနဲ့စုန်ဆင်းလာမယ့် ငါးဇင်းအုပ်တွေ မြင်နေရတယ်။ လေးငါးခြောက်ချက်တော့ စောင့်ပစ်ချင်သေးတယ်”

ဒညင်းလုံးပြောစကားကြောင့် တမူး မျက်နှာမဲ့ရွဲ့သွား၏။

အိမ်ထောင်သည်နှင့် လူလွတ်၏အနေအထားမှာ ကွာခြားချက် ရှိသည်။

အိမ်ထောင်သည်မှာ သားစာ၊ သမီးစာအတွက် လောဘက အတောမသတ်နိုင်စမြဲပင်ဖြစ်၏။

လူပျိုလူလွတ်ဘဝမှာမူ ငိုစားရယ်စား မရှိချေ။ နေသာသပ လေညာကပင်ဖြစ်သည်။ တမူးသည် စိတ်ပျက်လက်ပျက်ဖြင့် ပြန်ပြောလိုက်ပြန်၏။

“ဒါဆိုလည်း မင်းဘာသာ ရေထဲဆင်းပစ်တော့။ ငါ လက်ညောင်းနေပြီ။ လှေကို ကမ်းစပ်ကရိုးဝမှာ ဆိုက်ထားတော့မယ်”

” အေး … ကောင်းတယ်”

ဒညင်းလုံးသည် စူးမှိန်းကိုကိုင်လျက် လတာစပ်ရေပြင်သို့ ဆင်းလိုက်၏။ လှေပေါ်မှပစ်ရသည်ထက် ရေထဲဆင်းပစ်ရသည်မှာ သက်သာလှ၏။ လွတ်လွတ်လပ်လပ် ပစ်ရသဖြင့် ပစ်အားလည်း ပိုကောင်းသည်။ ခြေစုံရပ်လျက် တစ်ချက်ပြီးတစ်ချက် စောင့်ပစ်ရုံသာ ဖြစ်သည်။

ရေအကျ၌ ငါးဇင်းတို့ စုပြုံဆင်းလာကြ၏။ ဒညင်းလုံးသည် ရင်စို့ရေစွဲသည်အထိ လူလုံးဖျောက်ပြီး စူးမှိန်းကိုအားစိုက်၍ ပစ်ထည့်လိုက်၏။ ငါးအုပ်ရှိရာသို့ ချိန်သားကိုက်ပစ်လွှတ်လိုက်ရာ ဖြောင့်တန်းသွားတော့၏။ ထိချက်ကလည်း မှန်လှ၏။ စူးအစေ့ငါးအစေ့ပင်။ လက်ကိုင်ဝါးရိုးကို အလျင်စလိုဆွဲယူ၍ ငါးများကိုဖြုတ်ယူလိုက်ရာ. . .

“အား”

ဒညင်းလုံး၏ ကျယ်လောင်သောအော်ဟစ်သံကြောင့် လှေပေါ်မှ တမူး ခေါင်းထောင်ကြည့်လိုက်၏။

စူးမှိန်းကိုကိုင်ရင်း လက်ချောင်းများမှာ တဆတ်ဆတ်တုန်ခါလျက်ရှိ၏။ တမူးသည် ဒညင်းလုံးရှိရာသို့ လှေကို အမြန်လှော်သွားလိုက်၏။ အနီးရောက်မှ
အလောတကြီး မေးလိုက်၏။

“ဘာဖြစ်တာလဲ … ဘာဖြစ်လို့လဲ”

“ငါ့ကို လှေပေါ်တင်ပါ။ ငါ့လက်ချောင်းတွေ ဆံပင်ခြည် ထိသွားပြီ။ မြန်မြန်လုပ်ပါဟ … မခံနိုင်တော့ဘူး”

တမူးသည် ယခုမှ မျက်ကလူးဆန်ပျာဖြစ်သွားတော့၏။ ဒညင်းလုံးကို လှေပေါ်သို့ဆွဲတင်လိုက်၏။ ဒညင်းလုံး၏လက်ချောင်းများတွင် ရစ်ပတ်နေသော အဖြူရောင်အမျှင်တန်းလေးများမှာ နေရောင်ခြည်ကြောင့် လင်းလက်တောက်ပနေ၏။

တမူး သေချာစွာကြည့်ရှုပြီးမှ. . .

“မင်းလက်ကို ငြိမ်ငြိမ်ထား။ နာလွန်းလို့ မပွတ်လိုက်နဲ့၊ အဆိပ်ပိုတက်သွားမယ်။ ဆံပင်ချည်ထိတာကို ငါ့ဆံပင်နဲ့ ပွတ်ပေးရင် သက်သာမယ်”

ဒညင်းလုံး ကုန်းအော်နေရပြီ။ ပင်လယ်ရေခူအမျိုးအစား ဖြစ်သော ငါးထီး၊ ရေဖန်ခွက်နှင့် ဆံပင်ခြည်တို့မှာ တပေါင်းလတွင် ပင်လယ်ဒီရေနှင့်အတူ မြစ်တွင်းဆီသို့ ချဉ်းနင်းဝင်ရောက်တတ်ကြ၏။

ရေခူနှင့် ငါးထီးမှာ ဆေးကုလားမတုံးလို အဖြူရောင်ပျစ်ချွဲချွဲနှင့် အတုံးလိုက်၊ အခဲလိုက် ရေပေါ်တွင် ပေါလောမျောပါလာတတ်၏။

ရေဖန်ခွက်မှာ ကတော့ပုံသဏ္ဌာန် ဖြစ်၏။ ရေတက်နှင့်ပါလာတတ်ကြသည့် အဆိပ်ရှိ ရေသတ္တဝါများ ဖြစ်ကြသည်။

အဆိပ်အပြင်းဆုံး ရေခူမှာ ဆံပင်ခြည်များကဲ့သို့ အမျှင်ငယ်လေးများစွာ သွယ်တန်းလျက် ရေပြင်တွင် အလွယ်တကူ မမြင်နိုင်သည့်အတွက် ခန္ဓာကိုယ်၏ မွေးညင်းပေါက်ရှိသည့် နေရာတွင် ထိမိသည်ဆိုရုံမျှဖြင့် အဆိပ်တက်တော့သည်။

သေစေလောက်သည်အထိ ဖြစ်ခဲသော်လည်း လူးလိမ့်နေအောင် ခံစားရသည်။ သေလုမတတ် အခံရခက်၏။ အူထဲ၊ အသည်းထဲအထိ နာကျင်စူးရှ၏။ တမူးသည် ဒညင်းလုံးကိုကြည့်ကာ အပြစ်တင်စကား ပြောနေလိုက်၏။

“အဲဒါကြောင့် မင်းကိုပြောတာပေါ့၊ လောဘဆိုတာ ကြီးတိုင်းလည်း ကောင်းတာမျိုးမဟုတ်ဘူး။ အခုတော့ မဖြစ်သင့်ဘဲ ဖြစ်ပြီပေါ့”

ရွာအရောက် လှေကို အားသုံး၍ ကျုံးလှော်နေရ၏။

ရေခူများမှာ ညဘက်တွင် အမှောင်၌ အဏုမြူရောင် တောက်၍ လွယ်ကူစွာ မြင်နိုင်သော်လည်း နေ့အခါတွင် အလင်းရောင်ကြောင့် မြင်သာခြင်း မရှိချေ။ ရေခူများ၏ စိမ်းလဲ့လဲ့အရောင်ရှိသော အဆိပ်မှာ ကျောက်ချဉ်နှင့်စိမ်လျှင် ပျောက်၏။

တံငါဆေးမြီးတို အနေဖြင့် ရေထိလျှင် အုန်းစိမ်းရည်သောက်၊ စအိုဝမီးမြိုက်လျှင်လည်း လက်တွေ့ သက်သာသည်ဆို၏။

နောက်ဆုံးတွင် ရွာဆေးခန်းသို့သွား၍ အဆိပ်ဖြေဆေးထိုးရန်သာ ရှိတော့၏။

ယခုလောလောဆယ် အခိုက်အတန့်မှာ ဘယ်မှာလဲ အုန်းစိမ်းရေ၊ ဘယ်မှာလဲ ကျောက်ချဉ်၊ ဘယ်မှာလဲ မီးဖို။

တပေါင်းနေရောင်ခြည်ကား ပူလောင်ပြင်းပြလွန်းလှသည်။

– ပြီး –

စာရေးသူ – သန်းမြင့်သန်း (ကွမ်းခြံကုန်း)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ

Leave a Reply

Your email address will not be published. Required fields are marked *