တင်နိုင်ဝင်း(ထမင်းဈေးမြို့)
ထက်ဝက်သော အတတ်ပညာ
ဇင်းဘောင်တောတန်းသည် အလွန်သာယာလှပသော ဒီရေရောက် ကြိုးဝိုင်းသစ်တောတစ်ခု ဖြစ်ပါသည်။ မဒမ၊ လမု၊ ဗြူး စသည့် ရေငန်ကြိုက်သစ်ပင်များဖြင့် အုံ့ဆိုင်းလျက်ရှိပြီး တောဝက်၊ မြေခွေးစသည့် အသေးစားတောတွင်းတိရစ္ဆာန်များသာ ထိုတောထဲတွင် နေထိုင်ကျက်စားလေ့ရှိသည်။
သို့သော် မြေအောက်တွင်မြွေပွေးတွေ အမြောက်အမြား နေထိုင်ကျက် စားသည်ကိုတော့ ဒေသခံများပင် သိသူအလွန်ရှား၏။ တစ်ခါတစ်ရံ၌သာ စပါးကြီးမြွေကို တွေ့ရတတ်သည်ဟု လူအများ ကြားဖူးနေကြသည်။
တစ်နေ့တွင် ထိုရွာသို့ ကိုညွန့်အောင်ဆိုသူ မြွေဖမ်းသမားရောက်လာမှ သည် ဇင်းဘောင်တောထဲ မြွေပွေးတွေ များများစားစားရှိကြောင်း သိကြရသည်။ ကိုညွန့်အောင်သည် နေ့စဉ်လိုလို သည်တောထဲမှ မြွေပွေးများ လိုက်လံရှာဖွေဖမ်းယူ၍ မြို့ပေါ်တက်ရောင်းလေ့ရှိသည်။
တစ်နေ့တွင် စပါးကြီးမြွေခပ်ကြီးကြီးတစ်ကောင် ဖမ်းယူလာသဖြင့် ရွာသားများ ဝိုင်းအုံကြည့်ခဲ့ကြရသည်။
ကိုညွန့်အောင်တွင် နီကျော်ဆိုသည့် တပည့်တစ်ယောက်လည်း ရှိသေးသည်။ ကိုညွန့်အောင်သည် မြွေဖမ်းသွားတိုင်း နီကျော့်ကို ခေါ်သွားရစမြဲ။ နီကျော်ပါမှ အလုပ်ဖြစ်သည်။ မြွေသည် တစ်ဦးတစ်ယောက်တည်း ဖမ်း၍ မဖြစ်ကြောင်း ကိုညွန့်အောင်အမြဲပြောလေ့ရှိ၏။
ဖမ်းဆီးရမိသော မြွေများကို သံပခြုပ်ထဲတွင် လှောင်ထားလေ့ရှိပြီး တစ်ပတ်တစ်ခါ ရန်ကုန်အထိ တက်ရောင်းလေ့ရှိသည်။ မြွေပွေးတစ်ကောင်လျှင် ထိုစဉ်က တစ်သောင်းခန့်ရရှိသဖြင့် ဆယ်ကောင်ရသည်ထားဦး။ တစ်ပတ်လျှင် သိန်းနှင့်ချီ၍ ရလေသည်။
မြွေဖမ်းကောင်းသဖြင့် ကိုညွန့်အောင်မှာလည်း မြွေဝိဇ္ဇာဘွဲ့ကို အလိုလို ရရှိသွားလေသည်။ တစ်နယ်လုံးက မြွေဝိဇ္ဇာကိုညွန့်အောင်ဆိုလျှင် မသိသူ မရှိချေ။ ဤသည်ကို အားကျနေသည်မှာ သိန်းမင်းဆိုသည့် လူငယ်တစ်ယောက်ဖြစ်သည်။
သိန်းမင်းသည် အသက်အရွယ်အားဖြင့် ၁၈ နှစ်သာ ရှိသေးသော်လည်း မိဘများမှာ ဆင်းရဲသဖြင့် ရရာအလုပ်ကို ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်နေရသူ ဖြစ်သည်။ သူသည် လောလောဆယ်တွင် ဝင်ငွေများရာနောက်သို့ လိုက်နေသူလည်းဖြစ်သည်။
တစ်နေ့တွင် သိန်းမင်းအတွက် အားတက်ဖွယ်ရာသတင်းတစ်ခုကို ကြားလိုက်ရသည်။ နီကျော် ငှက်ဖျားဖြစ်နေသဖြင့် ကိုညွန့်အောင် မြွေဖမ်းရန်အတွက် လူငှားတစ်ယောက်ကို လိုအပ်နေကြောင်းနှင့် မြွေဖမ်းလိုက်ရဲသူ လူငယ်တစ်ယောက်ကို ငှားရမ်းလိုကြောင်း ဖြစ်သည်။
ထိုသတင်းကြား ကြားချင်း ကိုညွှန့်အောင်ထံ သိန်းမင်း အရောက်ပြေးလေသည်။ သူ မြွေဖမ်းလိုက်မည်ဟု ပြောသောအခါ ကိုညွန့်အောင်က
“မြွေဖမ်းတယ်ဆိုတာ သိပ်တော့ မလွယ်လှဘူး။ ဖမ်းနည်းရှိတယ်။ သတ္တိလည်း ရှိရမယ်။ ကိုယ်က မြွေထက်လည်း လျင်နေရမယ်။ ပြီးတော့ သန်လည်း သန်စွမ်းရမယ်။ မင်းက သန်လည်းသန်၊ လျင်လည်းလျင်ဆိုတာတော့ ငါသိပြီးသား၊ သတ္တိရှိမယ်လို့လည်း ငါယုံကြည်တယ်၊ အဲ … မြွေဖမ်းနည်းကတော့ ငါသင်ပေးမယ်”
ဤသို့ဖြင့် နီကျော်ကိုယ်စား သိန်းမင်းတစ်ယောက် မြွေဖမ်းလိုက်ခွင့် ရခဲ့သည်။ တောထဲမဝင်ခင် ကိုညွန့်အောင်ကလည်း သိန်းမင်း ကိုင်တွယ်ဖမ်းဆီးရမည့် မြွေအမြီးပိုင်းအနေအထားကို ပြောပြသည်။ ဖမ်းဆီးရမိထားသော မြွေများထဲမှ အားနည်းပြီး အကောင်သေးသည့် မြွေများဖြင့် သိန်းမင်းအား သရုပ်ပြလေ့ကျင့်ပေး၏။
နှစ်ရက်သုံးရက်ခန့် လေ့ကျင့်ပြီးသော် သိန်းမင်းလည်း အသင့်အတင့် ကျွမ်းကျင်သွားလေသည်။ ထို့နောက် ဆရာတပည့်နှစ်ယောက် ဇင်းဘောင်တောထဲဝင်သွားကြ၏။
သူတို့သည် နွံဗွက်အိုင်ကြီးတစ်ခုကို ဖြတ်သန်းပြီးနောက် တောလယ်တစ်နေရာအရောက်တွင် ကုန်းမို့မို့တစ်ခုကို တွေ့ကြရလေသည်။
“ဟောဒီကုန်းက ဒီရေလွတ်တဲ့ နေရာမျိုးကွ။ ဒီတော့ ဒီကုန်းရဲ့ မြေကြီးထဲမှာမြွေပွေးတွေ အောင်းနိုင်တယ်။ ကဲ…တူးရွင်းငန်းပြားတွေ ယူခဲ့”
သူတို့ဆရာတပည့်နှစ်ယောက် မြေကြီးပေါ် နှစ်ချက်၊ သုံးချက်စီမှ တူးဆွလိုက်ရုံဖြင့် မြွေတွင်းတစ်တွင်းကို စတွေ့ရတော့သည်။
“တွေ့လား ဒီမှာ မြွေတွင်း၊ ခဏနေဦး”
ကိုညွန့်အောင်က မြွေတွင်းကို အကဲခတ်လိုက်သည်။ နှာခေါင်းဖြင့်လည်း ဘယ်ပြန်ညာပြန် နမ်းရှုံ့နေ၏။
“မြွေက ဒီဘက်မှာကွ။ ဒီဘက် ဆက်တူး … အသာကလေးတူး”
ကိုညွန့်အောင် အမိန့်ပေးသလို ဆက်တူးလိုက်ရာ အိပ်ပျော်ငြိမ်သက်နေသော မြွေပွေးတစ်ကောင်ကို အခန့်သားတွေ့လိုက်ရသည်။
ထိုအခါ ကိုညွန့်အောင်က တူးရွင်းကို အသာချလိုက်ပြီး သူ့အိတ်ထဲမှ မီးခြစ်ကို ထုတ်ယူ၍ ရေနံချေးမီးတုတ်တွင် မီးညှိလိုက်လေသည်။ ထို့နောက် မီးတုတ်မှ ထွက်ပေါ်လာသော မှိုင်းများကို မြွေတွင်းထဲ အားကုန်မှုတ်သွင်း လိုက်လေသည်။
မီးညွန့်ရော မှိုင်းများပါ တွင်းထဲဝင်သွားသဖြင့် မြွေပွေးမှာ ပူလောင်မွန်းကျပ်လာပြီး အပြင်သို့ တိုးထွက်လာလေသည်။ ထိုစဉ် မြွေထွက်လာ၍ တွင်းဝမှာ အမြီးမကျွတ်သေးခင် ကိုညွန့်အောင်သည် ဘယ်ဘက်လက်ဖြင့် မြွေကို ဟန်ပြလိုက်လေသည်။
မြွေပွေးသည် သူ့ကို ဘယ်ဘက်လက်ဖြင့် ဖမ်းမည်အထင်နှင့် ပြန်ကိုက်ရန် အသင့်ပြင်နေစဉ် ကိုညွန့်အောင်၏ ညာဘက်လက်က မြွေ၏လည်ပင်းကို ရုတ်တရက် ဆုပ်ကိုင်လိုက်လေသည်။ ညာဘက်လက်က ဆုပ်ကိုင်မိလိုက်သည်နှင့် ဘယ်ဘက်လက်ကလည်း လျှပ်တစ်ပြက်ပူး၍ ဝင်ဆုပ်ကိုင်လိုက်လေသည်။
ထိုအခါ မြွေသည် ရန်သူ့လက်တွင်းကျရောက်သွားသည်ကို သဘောပေါက်သွားပြီး အမြီးဖြင့် ပတ်၍ရိုက်ရန် အားယူလိုက်သည်။ သို့သော် သူ၏ အမြီးမှာ တွင်းထဲက မကျွတ်သေးသဖြင့် ဘာမျှ လုပ်မရဖြစ်နေသည်။
ထို့ကြောင့် မြွေသည် ရန်သူကို ပြန်လည်တိုက်ခိုက်ရန် တွင်းထဲမှ သူ၏အမြီးကို ဆွဲထုတ်ရလေသည်။
ထိုစဉ် စနစ်တကျ လေ့ကျင့်ပြီးသား သိန်းမင်းက တွင်းဝမှ ကျွတ်ထွက်လာသော မြွေအမြီးကို အမြန်ဆုပ်ကိုင်ဖမ်းချုပ်ထားလိုက်သည်။
ထိုသို့ မြွေအမြီးကို ဆုပ်ကိုင်ဖမ်းချုပ်ရာတွင် အမြီးရင်းရော အမြီးဖျားပါ အမိအရ ဆုပ်ကိုင်ထားရ၏။ အကယ်၍အမြီးရင်းသာ ဆုပ်ကိုင်ထားမည် ဆိုပါက မြွေသည် လွတ်နေသော အမြီးဖျားဖြင့် ကိုင်ထားသော လက်ကို ထိုးခွာတတ်သည်။ ထိုအခါ ကိုင်ထားသောလက်မှာ လွတ်သွားပြီး မြွေအမြီးပိုင်း တစ်ခုလုံးလွတ်မြောက်သွားတတ်သည်။
ထို့ပြင် အမြီးဖျားသာ ဆုပ်ကိုင်ထားမည်ဆိုပါကလည်း မြွေသည် ဆတ်ခနဲ ဆွဲခါပစ်လိုက်ခြင်းဖြင့် သူ၏အမြီးတစ်ခုလုံးကို လွတ်မြောက်စေမည်ဖြစ်သည်။
အမြီးပိုင်းတစ်ခုလုံး လွတ်မြောက်သွားပြီဆိုပါက ဦးခေါင်းပိုင်းကို ကိုင်ထားရသူအတွက် အန္တရာယ်နှင့် ကျိန်းသေရင်ဆိုင်ရတော့သည်။
ဤသည်ကို သူ့ဆရာသင်ကြားပေးထားသဖြင့် သိန်းမင်းသဘောပေါက် ထားပြီးသား ဖြစ်သည်။ ထို့ကြောင့် အမြီးဖျားရော အမြီးရင်းပါ သေသေချာချာ ဆုပ်ကိုင်ထားလိုက်သည်။ သို့သော် မြွေသည် လွန့်လွန့်လူးမျှ တွန့်လိမ် ရုန်းကန်နေသည်။
မြွေသည် အလွန်သန်မာသော သတ္တဝါဖြစ်သည်။ သူ့ကိုဖမ်းမိသည်နှင့် အတင်းရုန်းကန်ထွက်ပြေးတတ်သည်။ သူ၏အစွယ်ဖြင့်လည်း ပြန်လည် ကိုက်ခဲတတ်လေသည်။ ထို့ကြောင့် မြွေဖမ်းသူသည် အလွန်သန်မာထားရသည်။ သတ္တိနှင့် သတိလည်းရှိရမည်။
မြွေရုန်းကန်နေစဉ် အချိန်အတွင်း၌ လူလဲမကျသွားအောင် ခြေနှစ်ဖက်ကို သိုင်းသမားများကဲ့သို့ အတန်ငယ်ကား၍ ထားရပြီး မြေပေါ် ခြေမြဲအောင် တောင့်ရပ်ရ၏။ ထို့အပြင် မိမိခြေထောက်ချသည့်နေရာတွင် အခြား မြွေပါးကင်းပါးတွေ ရှိ မရှိ၊ မျက်စိကလည်း လျင်လျင်ကြည့်နေရသေးသည်။ သည်မြွေကိုဖမ်းနေတုန်း အခြားမြွေတစ်ကောင်က အန္တရာယ်ပြုနိုင်သည်။
အခုတော့ ဆရာကောင်းတပည့် ပန်းကောင်းပန် ဆိုသလို ကိုညွန့် အောင်၏သင်ကြားပြသမှုကြောင့် သိန်းမင်းတစ်ယောက် မြွေအမြီးကို မလွတ်တမ်း ဆုပ်ကိုင်ထားနိုင်လေသည်။ ဆရာဖြစ်သူကလည်း ဦးခေါင်းပိုင်းကို အသေဆုပ်ကိုင်ထားနိုင်ပြန်သဖြင့် လက်လံတစ်လံကျော်မျှရှိသော မြွေပွေးတစ်ကောင်သည် ဆရာတပည့်နှစ်ဦးကြားမှာ တန်းလန်းကြီး ဖြစ်နေလေသည်။
ထိုစဉ် ဆရာတပည့်နှစ်ယောက် တိုင်ပင်ထားသည့်အလား သစ်ပင်ခြေရင်းတွင် ကြိုးဖြင့် ပူးချည်ထားသော သံဆန်ခါအစိပ်ဖြင့် ပြုလုပ်ထားသော ပခြုပ်နားသို့ မြွေကို ယူဆောင်သွားလေသည်။ ထိုပခြုပ်ထဲသို့ မြွေကို ထည့်သွင်းရန်ဖြစ်သည်။
ထိုပခြုပ်သည် သစ်ပင်ခြေမှာ ကြိုးဖြင့် ချည်နှောင်ထားရသည်။ ထိုသို့ ပြုလုပ်ထားရခြင်းမှာ မြွေထည့်သွင်းစဉ် ပခြုပ်မှောက်ကျမသွားရန် ဖြစ်သည်။ အကယ်၍ မြွေထည့်လိုက်စဉ် ပခြုပ်လဲမှောက်သွားပါက မြွေသည်လည်း ထိုပခြုပ်ထဲမှလွတ်မြောက်သွားနိုင်သည်။
ထိုစဉ် ကိုညွှန့်အောင်သည် ပခြုပ်တွင် ဖုံးထားသောအဖုံးကို သူ၏ခြေဖျားဖြင့် လှန်၍ ဖွင့်လိုက်သည်။ အဖုံးသည် ပတ္တာဖြင့် ပြုလုပ်ထားသဖြင့် အလိုက်သင့် ပွင့်သွားလေသည်။ ထို့နောက် သိန်းမင်းကိုင်ထားသော အမြီးပိုင်းမှစ၍ ထည့်သွင်းလေသည်။
ကို ပခြုပ်သွင်းရာတွင် ဦးခေါင်းပိုင်းမှ စ၍မသွင်းရ။ ဦးခေါင်းပိုင်းမှ စသွင်းလျှင် မြွေသည် သူ၏ခန္ဓာကိုယ်ကို တွန့်လိုက်ခြင်းအားဖြင့် သူ၏ဦးခေါင်းကို ပခြုပ်ဝနှင့် လွတ်မြောက်စေပြီး လူကိုပြန်ပြီး ကိုက်တတ်သည်။ ထို့ကြောင့် မြွေကိုအမြီးပိုင်းမှ စသွင်းရသည်။
သိန်းမင်းက မြွေအမြီးကို ပခြုပ်ထဲ အသာသွင်းပြီး လက်လွှတ်လိုက်သည်နှင့် တစ်ပြိုင်နက် ဦးခေါင်းကို ကိုင်ထားသော ကိုညွန့်အောင်ကလည်း မြွေ၏ဦးခေါင်းကို ပခြုပ်ထဲ ဆောင့်ချလိုက်လေသည်။ ထိုသို့ ဆောင့်ချလိုက်သဖြင့် မြွေသည် ခေါင်းထောင်ရန် အားယူချိန်ပင် မရလိုက်ဘဲ ပခြုပ်ထဲတွင် လှောင်ပိတ်လျက်သား ဖြစ်သွားလေသည်။
ထို့နောက် ဆရာတပည့်နှစ်ယောက် ပခြုပ်ကို တုတ်လျှိုထမ်းကာ ရွာသို့ ပြန်လာကြလေသည်။
သည်လိုနှင့် နီကျော် ငှက်ဖျားဝင်နေစဉ် သိန်းမင်းတစ်ယောက် မြွေဖမ်းလိုက်ခဲ့သည်မှာ တစ်လကျော်ကြာသွားလေသည်။ အကောင်အရေအတွက်
ကလည်း မနည်းလှတော့ချေ။
သိန်းမင်းသည် မြွေဖမ်းရသည်ကို အလွန်ဂုဏ်ယူဝင့်ကြွားနေ၏။ တစ်နေ့ သူလည်း မြွေဖမ်းဝိဇ္ဇာ ဖြစ်လာရမည်ဟုလည်း ယုံကြည်နေလေသည်။
သို့သော် မကြာမီ နီကျော် နေကောင်းလာသဖြင့် သိန်းမင်း မြွေဖမ်းသည့်အလုပ်မှ အနားယူရလေသည်။ ထို့ကြောင့် သူသည် အလုပ်လက်မဲ့ ဖြစ် သွား၏။ သူ၏စိတ်ထဲတွင်လည်း ကသိကအောက်ဖြစ်သွားပုံရသည်။
တစ်နေ့တွင် ဇင်းဘောင်ရွာထဲသို့ မျက်လှည့်ဆရာတစ်ယောက် ရောက်လာလေသည်။ သူ့တွင် မျက်လှည့်ပြရန် မြွေများလည်း ပါလာ၏။ ရွာလယ်တစ်နေရာတွင် ခင်းကျင်း၍ မျက်လှည့်ပြလိုက်သည်။ သိန်းမင်းသည်လည်း အများနည်းတူ ထိုမျက်လှည့်ပွဲသို့ သွားကြည့်လေသည်။ မျက်လှည့်ဆရာသည် မျက်လှည့်ကွက်များကို လာရောက်ကြည့်သူ ပရိတ်သတ်အား ဆွဲဆောင်ပြသနေလေသည်။
ထိုမျက်လှည့်ကွက်များအနက် မြွေဖြင့် ပြသသော မျက်လှည့်ပြကွက် ကို သိန်းမင်းအကြိုက်ဆုံး ဖြစ်သည်။ မျက်လှည့်ဆရာသည် မြွေကို ပိုင်ပိုင် နိုင်နိုင်ကိုင်၍ သံဘူးတောင်းထဲထည့်ကာ မြွေကို ဖျောက်ပြသည်။ ခေါ်ထုတ် ပြသည်။
ထို့အပြင် သူ၏လက်ကိုဆုပ်၍ မြွေပါးစပ်နားထိုးကပ်ပေးလိုက်ပြီး
“တွေ့လား၊ ဒီလောက် အစွယ်ပြူးနေတဲ့ မြွေက ကျွန်တော့်ကို မကိုက်ဘူးခင်ဗျ။ ဘယ်ကိုက်မလဲ၊ ဟောဒီမှာ တွေ့လား၊ နဂါးနိုင်ဂမုန်းနဲ့ စီရင်ထားတဲ့ မြွေမကိုက်ဆေး၊ ဘယ်လောက် အဆိပ်ပြင်းတဲ့ မြွေဖြစ်ပါစေယူလာခဲ့။ ဟောဒီဆေးနဲ့သာတွေ့၊ ထောင်နေတဲ့ ပါးပျဉ်း ငုံ့သွားစေရမယ်”
မျက်လှည့်ဆရာသည် မျက်လှည့်ပြရင်း မြွေမကိုက်ဆေးကို ကြော်ငြာလေသည်။ ထိုအခါ သိန်းမင်း၏မျက်လုံးများ ဝင်းလက်သွားလေသည်။
သူသည် ယခင်ကလို မြွေဖမ်းချင်နေသည်မှာ ကြာပြီဖြစ်သည်။ သူ့ဆရာက မခေါ်၍သာ မြွေမဖမ်းရဘဲ ရှိနေသည်။ သူကိုယ်တိုင် ဦးဆောင်ပြီး မြွေဖမ်းရအောင်ကလည်း သူ့တွင် ဆေးကောင်းဝါးကောင်း မရှိခဲ့။ သူသည် ယခုလို မြွေမကိုက်နိုင်သည့် ဆေးတောင့်မျိုး ရရှိပါက မြွေကို ကောင်းစွာဖမ်းဆီးနိုင်မည်ဟုလည်း တထစ်ချယုံကြည်ထားလေသည်။
ထို့ကြောင့် သူသည် ဘာကိုမျှ စဉ်းစားမနေတော့ဘဲ မျက်လှည့်ဆရာရောင်းသည့် မြွေမကိုက်ဟုဆိုတော့ ဆေးတောင့်များကို ဝယ်ယူလိုက်လေသည်။
ထိုနေ့မှစ၍ သူနှင့်အတူ မြွေဖမ်းရန် လူတစ်ယောက်ကို လိုက်ရှာလေသည်။ သို့သော် သူ့ကို ဘယ်သူမျှ စိတ်ချယုံကြည်မှု မရှိကြသဖြင့် မလိုက်ရဲကြချေ။ သုံးလေးရက်ကြာသော်လည်း လူတစ်ယောက်တလေမှ ခေါ်ဆို၍ မရခဲ့ပေ။
သို့သော် မဲလုံးဆိုသော လူငယ်တစ်ယောက်နှင့် တွေ့ရာ သိန်းမင်းက သူဟာ မြွေဝိဇ္ဇာဆရာ ကိုညွန့်အောင်ထံမှာ မြွေဖမ်းပညာ သင်ထားကြောင်း၊ လက်တွေ့ကျကျ တစ်လကျော် တောထဲမှာ ဖမ်းဖူးခဲ့ကြောင်း၊ ပြီးတော့ သူ့မှာ မျက်လှည့်ဆရာဆီက ဝယ်ထားလိုက်သည့် မြွေမကိုက်ဆေးလည်း ရှိကြောင်း အဆွယ်ကောင်းသဖြင့် ထိုလူငယ်နှင့် အဆင်ပြေသွားလေသည်။
ထို့နောက် သိန်းမင်းသည် မိဘများထံ ခွင့်ပန်လေ၏။ ထိုအခါ သူ့မိဘများက သားဖြစ်သူအပေါ် စိတ်မချလှချေ။
“သားရယ် ဒီလောက်အန္တရာယ်များတဲ့အလုပ်ကို မလုပ်ပါနဲ့လား။ အခြားအလုပ်တွေ ပေါပါတယ်”
“အမရယ်၊ ဒီအလုပ်လောက် တွက်ခြေကိုက်တာ ဘယ်မှာမှ မရှိနိုင်ပါဘူး။ မြွေတစ်ကောင်ကို တစ်သောင်းကျော်၊ ဆယ်ကောင်လောက်ရဦးတော့ တစ်သိန်းကျော်”
သားဖြစ်သူက အသေအချာ ရှင်းပြနေစဉ် သူ့မိဘများက အားမလို အားမရဖြင့်
“သားရယ် မင်း မြွေဖမ်းတာတော့ ဟုတ်ပါပြီ။ မြွေကို ကျွမ်းကျွမ်းကျင်ကျင် ဖမ်းနိုင်ရဲ့လား။ ဒါမျိုးက ကျွမ်းကျင်မှ ကောင်းတာနော်”
“အဖေကလည်း သား ကိုညွှန့်အောင်ဆီမှာ မြွေဖမ်းနည်းကို စနစ်တကျသင်ထားတာ အဖေလည်း အသိသားနဲ့။ ပြီးတော့ တောထဲမှာ လက်တွေ့မြွေဖမ်းခဲ့တာလည်း တစ်လကျော် ပိုင်ပါတယ်အဖေရာ။ သားမှာ မြွေမကိုက်တဲ့ ဆေးတောင့်တွေလည်း ရှိပြီးသား”
“အေးလေ မင်းဆရာ ကိုညွှန့်အောင်ဆိုတာလည်း ဝိဇ္ဇာတစ်ယောက်ပဲ။ သူ့လောက် မကျွမ်းကျင်တာတောင် သူ့ခြေရာလောက်တော့ နင်းနိုင်မှာပေါ့။ ကဲ…ဒီလောက်သွားချင်တယ်ဆိုလည်း သွားပေါ့ကွာ”
သည်လိုနှင့် သိန်းမင်းတစ်ယောက် မဲလုံးကိုခေါ်ပြီး ဇင်းဘောင်တောထဲ မြွေဖမ်းသွားရန် စီစဉ်လေသည်။ ထိုသတင်းကို ကိုညွန့်အောင်ကြားသွားသောအခါ နီကျော်ကိုလွှတ်၍ အခေါ်ခိုင်းသည်။ သို့သော် သိန်းမင်းက လိုက်မသွား။ သူတို့ မြွေဖမ်းသွားမည့်ကိစ္စအား တားမြစ်မည်ကို ကြိုသိထားသော ကြောင့်ဖြစ်သည်။
ထို့နောက် နီကျော် နောက်ထပ်တစ်ခါ ရောက်ရှိလာပြီး သူ့ဆရာက မသွားရန်မှာကြားလိုက်ကြောင်းဆို၏။
“ဒီနေ့ မဟာရက်ကြမ်းကြီးတဲ့။ ပြီးတော့ နဂါးလှည့်လည်း မကောင်းဘူးတဲ့။ မသွားဖို့ ဆရာကတော့ မှာလိုက်တာပဲ။ သွားချင်ရင် နောက်နေ့ကျမှ သူနဲ့လိုက်လို့ ပြောတယ်”
သိန်းမင်းသည် နီကျော်ကို ဘာမျှ ပြန်မပြောဘဲ အသာငြိမ်နေလိုက်သည်။ သူလုပ်စရာရှိသည်များကိုသာ ဆက်လုပ်နေ၏။ မကြာမီ နီကျော် ပြန်သွားလေသည်။
ထို့နောက် သိန်းမင်းတို့နှစ်ယောက် ဇင်းဘောင်တောထဲ ဝင်သွားကြလေသည်။
xxx xxx xxx
သိန်းမင်းတို့အိမ်တွင် လူများစုဝေးရောက်ရှိလာကြလေသည်။ အချို့လူများကလည်း သိန်းမင်းမြွေရလာပြီအထင်နှင့် အပြေးရောက်လာကြပြန်သည်။သို့သော် သိန်းမင်းတို့အိမ်တွင်ကား မြွေဟူ၍ တစ်ကောင်မျှ မတွေ့ရဘဲ ငိုသံများသာ တရွှတ်ရွှတ်ကြားနေရလေသည်။
“အမလေး … ဖြစ်ရလေသားရယ်၊ အတန်တန်တားနေလျက်သားနဲ့ ခုတော့ ကိုယ်ကျိုးနည်းရပြီပေါ့။ ဟီး.. ဟီး.. ဟီး“
သိန်းမင်းအမေ ငိုသံကြားမှ အားလုံး သဘောပေါက်သွားကြလေသည်။ သိန်းမင်းတစ်ယောက် သည်နေ့မနက်မှ ဇင်းဘောင်တောထဲ မြွေဖမ်းထွက် ရင်း မြွေကိုက်ခံရ၍ သေဆုံးခဲ့ရလေသည်။ သူနှင့်အတူ လိုက်သွားသော မဲလုံးက သူ့အလောင်းကို ပြန်သယ်လာခြင်း ဖြစ်သည်။ ထို့ကြောင့် တစ်အိမ်လုံး ကျွက်ကျွက်ညံအောင် ငိုယိုသံများ ကြားနေရခြင်းဖြစ်သည်။
ထိုသတင်းကို ကိုညွန့်အောင်ကြားသဖြင့် သိန်းမင်းတို့အိမ် ရောက်လာလေသည်။ ထိုအခါ ကိုညွန့်အောင်ကို မြင်သွားသော ပရိသတ်က လမ်းဖွင့်ပေးသဖြင့် ကိုညွှန့်အောင် အိမ်ပေါ်သို့ တက်သွားလေသည်။ အိမ်ပေါ်သို့ ရောက်သွားသောအခါ သိန်းမင်း၏ မိဘများက ကိုညွန့်အောင်အား အပြစ်တင်သလိုလိုနဲ့ ငိုယိုပြောဆိုလေသည်။
“ဆရာရယ် … ဆရာတပည့်ကို ကြည့်ပါဦး။ ဆရာသင်ပေးလိုက်တဲ့ ပညာကြောင့် ခုတော့ ကျွန်မသားလေး ဆုံးရှုံးရရှာပြီရဲ့။ ဆရာက ဆရာ့တပည့်ကို ကျွမ်းကျင်အောင်မှ သင်မပေးခဲ့တာကိုး။ ဆရာစား ချန်လွန်းတယ်။ ခုတော့ ကိုယ်ကျိုးနည်းရပြီ ဆရာရေ”
ထိုအခါ ကိုညွန့်အောင်၏မျက်နှာသည် နီခနဲ ဖြစ်သွားလေ၏။ သူသည် ထိုအကြောင်းအရာကို အားလုံးသဘောပေါက်အောင် ရှင်းပြမှ ဖြစ်တော့ မည်ကိုလည်း သူနားလည်လိုက်သည်။ ထို့ကြောင့် သူရှင်းပြရမည့် အကြောင်းအရာများကို ခေတ္တမျှ ငြိမ်သက်၍ စဉ်းစားနေလေသည်။ နောက်မှ သူ၏ နှုတ်က ထုတ်ဟလာလေသည်။
“သူ့ကို ကျွန်တော် ကျွမ်းကျွမ်းကျင်ကျင် သင်မပေးတာ မဟုတ်ပါဘူး။ ကျွမ်းကျွမ်းကျင်ကျင် ဖြစ်အောင်ကို သင်ပေးခဲ့တာပါ။ ဒါပေမဲ့ သူဟာ မြွေမကိုက်ဆေးဆိုတာကို အားကိုးခဲ့တာလည်း အမှန်ပါပဲ။ ပြီးတော့ ကျွန်တော် ကျွမ်းကျွမ်းကျင်ကျင် သင်ပေးလိုက်တယ်ဆိုတဲ့ ပညာကလည်း မြွေအမြီးပိုင်းကို ကိုင်တဲ့နည်းကိုပဲ ကျွမ်းကျင်အောင် သင်ပေးနိုင်သေးတာ၊ မြွေခေါင်းကိုင်နည်းကိုမျှ လုံးဝမသင်ပေးရသေးပဲ”
“ဟင်”
“ဪ”
“ဒီလိုကြောင့်ကိုး”
လူအုပ်ထဲမှ အသံမျိုးစုံ ထွက်ပေါ်လာလေသည်။ လူအများလည်း အတော်သဘောပေါက်သွားပုံရလေသည်။ ထို့နောက် ကိုညွန့်အောင်က ဆက်လက်၍
“ခု သူက ခေါင်းဆောင်လုပ်ပြီး မြွေဖမ်းရမှာဆိုတော့ သူက ဦးခေါင်းပိုင်းကို ကိုင်ရတော့တာပေါ့။ မြင်သာမြင်ဖူးပြီး မသင်ဖူးတဲ့ပညာနဲ့ သွားလုပ်တော့ ခုလိုဖြစ်သွားရတာပေါ့ဗျာ”
လူအများက ကိုညွန့်အောင်၏စကားကို ငြိမ်သက်စွာ နားထောင်နေကြလေသည်။ ကိုညွန့်အောင် စကားရပ်သွားသည်အထိ ငြိမ်သက်နေဆဲ ဖြစ်သည်။ သည်တော့မှ သိန်းမင်း၏အမေသည် ပြောရင်းဆိုရင်းဖြင့် ထငိုလေတော့၏
“ဟင်း … ပညာတစ်ပိုင်းနဲ့ ထင်ရာဝိုင်းတဲ့ကောင်၊ ခုတော့ ဒုက္ခလှလှကြီး တွေ့ပြီမဟုတ်လား၊ ဟင့် .. ဟင့် … ဟင့်”
ထို့နောက် ရွာသူရွာသားများလည်း သိန်းမင်း၏ ရုပ်ကလာပ်ကို စနစ်တကျပြင်ပေးလိုက်ကြတော့သည်။
– ပြီး –
စာရေးသူ – တင်နိုင်ဝင်း(ထမင်းဈေးမြို့)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ