——————
“ဆရာ … ဒီည ဘကြီးက ထမင်းစားကြွပါတဲ့”

“ဟဲ့ … ဘာတွေရထားလို့လဲ”

“ဆရာကြိုက်တတ်တဲ့ အမဲကလီစာဟင်းလေး ချက်ထားမယ်လို့ ပြောတာပဲ။ ဒီနေ့ ရွာအရှေ့ပိုင်းမှာ အမဲပေါ်တယ်လေဆရာ”

ဘကြီးစိန်သောင်းခေါ်သည်ဆိုလျှင် သွားကိုသွားရမည်။ ကျောင်းအကျိုးကို လိုလားစွာဆောင်ပေးနေသူတစ်ဦး ဖြစ်သည့်အပြင် လိုအပ်သည့် ငွေကြေးများကိုလည်း အမြဲစိုက်ထုတ်ကာ ပညာရေးကို စိတ်ပါဝင်စားသူတစ်ဦး ဖြစ်နေသောကြောင့်ပင်။

ညနေကျောင်းလွှတ်ချိန်တွင် ထမင်းချက်စရာမလိုတော့သဖြင့် အေးအေးဆေးဆေး စာထိုင်ရေးနေမိသည်။ မှောင်လုနီးမှ ရေမိုးချိုးကာ ရွာထဲကို ထွက်ခဲ့သည်။ ဘကြီးစိန်သောင်းအိမ်က ရွာလယ်ပိုင်းတွင် ဖြစ်သည်။

“ဆရာ ဘယ်လဲဗျ”

ကိုရှိန်းမောင်က ကျွန်တော့်ကို အိမ်ပေါ်က အော်မေးသည်။

“ဘကြီးစိန်သောင်းအိမ် … ထမင်းသွားစားမလို့”

“ဟဲ … ဟဲ”

“ဘာ … ဟဲ ဟဲ … လဲခင်ဗျား ဟာက”

“ဆရာ … ဘကြီးစိန်မောင် တူမလေးက ချောသား”

“ဘာလဲ … ခင်ဗျားစကားက အရင်းမရှိ အဖျားမရှိ”

“တောင်ငူက သူ့တူမလေး ရောက်နေတယ်။ ချောချက်ကတော့ ကမ်းကုန်ပဲ”

“အဲဒါ ကျုပ်က ဘာလုပ်ရမှာတုံး”

“ဘကြီးစိန်မောင်အိမ်ရောက်တုန်းလေး … ပိုးခဲ့စမ်းပါ … ရွာကာလသားတွေ တွေ့ချင်လွန်းလို့ သွားချောင်းတာ အိမ်ထဲက အိမ်ပြင်တောင် မထွက်ဘူး။ ကျွန်တော်တောင် ရွာကိုလာတဲ့နေ့က ကားပေါ်ကအဆင်းမှာ တစ်ခါပဲတွေ့လိုက်ရတာ။ အဲဒါ ကာလသားတွေကို ဖောက်သည်ချ။ ဟိုကောင်တွေကလည်း အယောင်ပြ။ ဘကြီးစိန်မောင် ကလည်း ငါ …ကွ … ငါ … ကွနဲ့ ဖြစ်နေတော့တာ”

“ကဲ … သွားမယ် … ခုသွားမှာ ထမင်းစားဖိတ်လို့။ ကျုပ်က နောက်ပိုးဖို့ သွားမှာ မဟုတ်ဘူး”

ကျွန်တော် ဘကြီးစိန်မောင်အိမ်ကိုရောက်သည့်အခါတွင် အောက်လင်းမီးကြီးကို ထွန်းထားသည်။ ရွာမှာက အောက်လင်းမီးကို အလှူ၊ မင်္ဂလာဆောင်၊ အသုဘတွေရှိမှ ထွန်းကြသည်ကများသည်။ ဘာကြောင့်များ ပါလိမ့်။ အလှူများရှိရော့သလား။

“ဘကြီး … ကျွန်တော်ရောက်ပြီ … အပေါ်တက်ခဲ့ရမှာလား”

“လာ … ဆရာ … အိမ်ပေါ်ကိုတက်ခဲ့ပေတော့”

အိမ်ပေါ်ထပ်တွင် ဘကြီးစိန်မောင်အပြင် အမျိုးသမီးကြီးတွေကိုလည်းတွေ့ရသည်။ ထမင်းဝိုင်းကိုလည်း ပြင်ထားသည်။ ဘကြီးစိန်မောင်ကလည်း သားသားနားနားဝတ်ထားသည်။

“ကိုင်း … ဆရာရေ … ထမင်းဆာနေပြီ… ဆရာ့ကို စောင့်နေတာ”

“ကျွန်တော်လည်း စောသေးတယ်ထင်ပြီး မလာသေးတာ”

ဘကြီးစိန်မောင်နှင့် ကျွန်တော် ထမင်းဝိုင်းကို ဝင်ထိုင်လိုက်ကြသည်။

“ကျွန်တော်တို့နှစ်ယောက်တည်းလား”

“အေးလေ”

ဘကြီးစိန်မောင်က ရေနွေးအိုးတစ်အိုးကိုငှဲ့လိုက်ပြီး ကျွန့်တော့်ရှေ့ကို ပန်းကန်လုံးချပေးလိုက်သည်။

“လက်ဖက်ခြောက် မခပ်ရသေးဘူးနဲ့တူတယ်ဘကြီး”

“ဟာ … အဲဒါ ရေနွေးကြမ်းမှ မဟုတ်တာ … ဆေး … ဆေး။ လုပ်စမ်းပါ မစားမီလေး တစ်ခွက်လောက် အာဆွတ်လိုက်စမ်းပါ”

ကျွန်တော်က ပန်းကန်လုံးကိုမပြီး နမ်းကြည့်လိုက်သည်။

“ဟာ … ဘကြီးကလည်း အရက်တွေပဲ”

“ချ … ချလိုက်”

သူကပြောပြောဆိုဆိုနှင့် တစ်ခွက်မော့ချလိုက်ပြီး မျက်နှာကို မဲ့လိုက်သည်။

“လုပ်လေ … ဆရာ”

“ကျွန်တော်မှ အရက်မသောက်တာ”

“ဆရာကတော့ လုပ်ပြီ … အဲဒါ ဦးရေစစ်စစ် မှာထားရတာ။ အမဲကလီစာနဲ့လိုက်မှလိုက်”

ဘကြီးက ဟင်းခွက်ထဲမှ အဖတ်တစ်ဖတ်ကို ဇွန်းနဲ့ခပ်ပြီး မြည်းလိုက်ပြီး ကျွန်တော့်ထမင်းပန်းကန်ထဲကိုလည်း ဟင်းများခပ်ထည့်ပေးလိုက်သည်။

“စားပါ … ဘကြီး ရပါတယ်”

“ကျုပ်ကတော့ စားလည်းစား … သောက်လည်းသောက်မှာ ခွင့်ပြုတော့”

ဘကြီးစိန်သောင်းက ပြောလည်းပြော၊ သောက်လည်းသောက်၊ စားလည်းစား၊ အားရစရာကောင်းလှသည်။

“ဟဲ့ …စိန်တစ်လုံး ဘယ်မှာလဲ … လာခဲ့စမ်း … ဆရာနဲ့ မိတ်ဆက်ပေးမလို့”

ဘကြီးကအော်လိုက်သဖြင့် အခန်းထဲမှ မိန်းကလေးတစ်ယောက်ထွက်လာပြီး ဘကြီးနှင့် ကျွန်တော့်ကြားတွင် ကျုံ့ကျုံ့လေးဝင်ထိုင်လိုက်သည်။

ကျွန်တော် ပါးစပ်ထဲကိုထည့်မည့် ထမင်းလုတ်ပင် ပြုတ်ကျမလိုဖြစ်သွားသည်။ ကိုရှိန်းမောင်ပြောသည့်အတိုင်း ချောချက်က ကမ်းကုန်လုပင်။

“ဆရာ”

“ခင်ဗျာ”

“လက်ဆေးနေပြီလား”

“ဟာမှားလို့ … တို့စရာခွက်ကို နှိုက်နေတာ”

“ဆရာကတော့ ဖြစ်ရမယ်”

စိန်တစ်လုံးဟုခေါ်သည့် အမျိုးသမီးက ပြုံးပြီး ခေါင်းကို ငုံ့လိုက်သည်။ ကျက်သရေရှိလိုက်သည့်အပြုံး။

“ဆရာ … ဒါ ကျုပ်တူမ စိန်တစ်လုံးပဲ”

“အဘကလည်း … နာမည်ရင်းပြောပါ”

“သြော် … အေး … အေး … ကျုပ်တို့က ငယ်ငယ်ကတည်းက စိန်တစ်လုံးလို့ခေါ်နေတာ နှုတ်ကျိုးနေလို့။ သူ့နာမည်အရင်းက စိန်လှကြည်တဲ့”

“နာမည်နဲ့လိုက်ပါတယ်”

“ဘာပြောတာလဲ ဆရာ”

“သြော် … နာမည်နဲ့လိုက်အောင်လှပြီးတော့ ကြည်နေတာပဲလို့”

“အို”

ကောင်မလေးက ရှက်သလိုလုပ်နေသည်။

“စိန်တစ်လုံး … ဆရာ့ကို ထမင်းထပ်ထည့်ပေးစမ်း”

သူက ဒူးထောက်ပြီး ကျွန်တော့်ဆီလာကာ ထမင်းအုပ်ထဲမှ ထမင်းများကို ခပ်ထည့်ပေးသည်။

“တော်ပြီ … ရပါပြီ … စားပြီးပြီလား”

“မစားရသေးဘူး … ဆရာတို့ပြီးမှ အရီးတို့နဲ့ စားမယ်”

သူ့အသံလေးကလည်း စွဲမက်ကြည်နူးစရာ ကောင်းလှသည်။

စားသောက်ပြီးချိန်တွင် ကျွန်တော်နှင့် ဘကြီးစိန်သောင်းက အိမ်ဦးခန်းတွင် နေရာယူလိုက်သည်။ ကျွန်တော့်ကို လက်ဖက်များ၊ အချိုပွဲများနှင့် ဧည့်ခံနေသဖြင့်စားနေရသည်။ စိန်တစ်လုံးခေါ် စိန်လှကြည်က ငှက်ကလေး တစ်ကောင်လို လူးလာခေါက်တုံ့ အထဲဝင်လိုက် အပြင်ထွက်လိုက်ဖြစ်နေသည်။

ကျွန်တော်က စိန်တစ်လုံးအလှကို တိတ်တိတ်လေးခိုးကြည့်ရင်း ဘကြီးပြောသည့် စကားများကို နားထောင် နေရသည်။

“ဆရာ”

“ခင်ဗျာ”

“ဆရာ့ကို အိမ်ထောင်ရေးကိစ္စလေး ဆွေးနွေးမလို့”

“ကျွန်တော် စိတ်မဝင်စားဘူး ဘကြီး”

“သိပါတယ် … ဒါပေမဲ့ နားထောင်ပါဦး”

ထိုအချိန်တွင် စိန်တစ်လုံးက ကျွန်တော့်နားကိုရောက်လာပြီး ကော်ဖီခွက်လာချသည်။ သနပ်ခါးနံ့လေးက စွဲမက်စရာ ကောင်းလှသည်။

“ဆရာ … ကော်ဖီများ သောက်ပါဦး”

ကျွန်တော်ရင်တွေ ခုန်နေမိသည်။

“ဆရာ … အချိန်တန် အရွယ်ရောက်လာရင် အိမ်ရာထူထောင်ရတာပဲနော်”

“ဟုတ်တာပေါ့ ဘကြီး”

“စိန်တစ်လုံးလေးက အရွယ်လည်း ရောက်လာပြီဆိုတော့ …”

ဘကြီးက စကားမဆက် ရေနွေးကြမ်းတစ်ခွက်ကို ကောက်မော့နေပြန်သည်။

“အင်းလေ သမီးကညာ အခါမလင့်ဆိုတဲ့ စကားလည်း ရှိသားပဲနော်”

“ကျွန်တော်ကတော့ ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲပဲ ဖိတ်ချင်တယ်ဆရာ”

“မှန်တာပေါ့ဗျာ”

ကျွန်တော့်ရင်ထဲတွင် ကုလားဘုရားပွဲလှည့်သလို ဒိန်းဒလိန်းဖြစ်နေသည်။

ဘကြီးက စိန်တစ်လုံးနှင့် လက်ထပ်ရန် ပြောလျှင် နည်းနည်းတော့ မူလိုက်ဦးမည်။

“အဲဒါ ဆရာ့ကိုတိုင်တည်ပြီး ဒီညတော့ ပွဲလုပ်ရတော့မှာ”

“ကြိုမပြောထားတော့လည်း … ကျွန်တော်ဘာပြောရမှန်းတောင် မသိတော့ပါဘူး ဘကြီးရာ။ ဒါပေမဲ့ ဘကြီးကို လူကြီးအရာထားပြီး နေရတာဆိုတော့ ဘကြီး ကြိုက်သလိုသာ စီစဉ်ပါတော့”

“ဆရာ ခုပွဲက ဆရာ့ကို လူကြီးအရာထားရမှာ”

“ဘာဖြစ်လို့လဲခင်ဗျာ”

“မိန်းမတောင်းရမှာလေ”

“အဲဒါကိုပြောတာ ကျွန်တော့်ဘက်က အဆင်သင့်မဖြစ်သေးဘူးလို့”

“ဆရာရယ် ဆရာက ပညာတတ်ပါ … ဘာကြောင့် အဆင်သင့်မဖြစ်ရမှာလဲ။ ရွာမှာ ပြောတတ်ဆိုတတ်တာ ဆရာတစ်ယောက်ပဲရှိတာ”

“ဒါပေမဲ့ ဘကြီး”

“ဆရာ … မင်္ဂလာစေ့စပ်ပွဲမှာ လူကြီးနေရာကနေပြီး ဆုံးမစကားတော့ ပြောပေးပါ”

“ဘယ်သူ့မင်္ဂလာ စေ့စပ်ပွဲလဲ ဘကြီး”

“ကျုပ်နဲ့ စိန်တစ်လုံး”

(ကျွန်တော့်ဘဝမှာ အသက် ၆၀ ကျော် သတို့သားနဲ့ ၂၃ နှစ်သတို့သမီးတို့ စေ့စပ်ပွဲကို ပထမဆုံး မင်္ဂလာစကား ပြောကြားပေးခဲ့ရပါတယ်။ ရှေ့မျက်နှာနောက်ထား ရှက်တော့ ရှက်သဗျား)

#တင်ညွန့်