မစန္ဒာ

“ကျွန်မ အလုပ်လုပ်တာ ဟိုးရှေ့က ကွန်ဒုံးကြီးမှာလေ”

လူထူပြီ ဆိုလျှင် ဒေါ်ကုလားမက မျက်နှာကို မသိမသာလေး မော့ကာ ဂုဏ်တယူယူနှင့် ပြောတတ်လေသည်။

“ကွန်ဒုံးမှာ ဆိုတော့ မီးပျက်မှာကို ပိုပြီး ကြောက်ရတယ်။ လစ်ထဲ ရောက်နေတုန်း မီးပျက်လို့ကတော့ ပိတ်မိနေရော။ မီးစက်နှိုးတယ် ဆိုပေမဲ့ ချက်ချင်းမရ။ လစ်ထဲမှာ ဆိုတော့ ဖုန်းကလည်း မမိ”

ဒေါ်ကုလားမ၏ ဘာသာဗေဒအရ ကွန်ဒုံးဟူသည်မှာ ကွန်ဒို ဖြစ်ပြီး၊ လစ် ဟူသည်ကတော့ ဓာတ်လှေကား ဖြစ်လေသည်။ သူ့တွင် လက်ကိုင်ဖုန်းတစ်လုံး ရှိကြောင်း သိရအောင်တော့ “လစ်ထဲမှာ ဆိုတော့ ဖုန်းကလည်း မမိ” ဟူသော စကားကိုတော့ မပျက်မကွက် ထည့်ပြောရသည်။ သူ ထိုသို့ ပြောလေတိုင်း ရှက်တက်တက်နှင့် မအီမသာ ဖြစ်သွားတတ်သူကတော့ သူ၏ခင်ပွန်း ကိုကုလားကြီး ဖြစ်သည်။ ကိုကုလားကြီးက သံရုံးတွင် မော်တော်ကားမောင်းသူ ဖြစ်သဖြင့် အင်္ဂလိပ်စကားကို တော်တော်လေး တီးမိခေါက်မိသည်။

“ကွန်ဒိုလို့ မှန်မှန်ကန်ကန် ပြောစမ်းပါဟာ၊ နင့်ဟာက လူကြားလို့ မကောင်းလိုက်တာ”

ဒေါ်ကုလားမက “ဒုံး” လေတိုင်း ကိုကုလားကြီးက ဝင်ပြီး “ဒို” တတ်သည်။ သို့ပါသော်လည်း ဒေါ်ကုလားမက မဒိုရေးချ မဒိုထဲကမို့ ဒုံးပြီးရင်း ဒုံးပြီး၊ ဒုံးမြဲတိုင်း ဒုံးနေတတ်လေသည်။ သူက ထို ကွန်ဒုံး၊ အဲ … ထိုကွန်ဒိုကြီးတွင် နေထိုင်သော သူဌေးမိသားစုအတွက် မနက်လာ၊ ညနေပြန် စနစ်နှင့် အချက်အပြုတ် တာဝန်ကို ထမ်းဆောင်သူ ဖြစ်လေသည်။

လွယ်လွယ်ပြောလျှင် “ထမင်းချက်” ဟု ပြော၍ ရသော်လည်း ပေါ့သေးသေးတော့ မထင်လိုက်စေလိုပါ။ သွေးတိုးရှိသော သူဌေး၊ ဆီးချိုရှိသော သူဌေးကတော်၊ အသားမာမာ မစားနိုင်သော သူဌေးယောက္ခမ၊ အကင်ကြိုက်သော သူဌေးသား၊ အဆီရှောင်သော သူဌေးသမီး၊ ပင်လယ်စာမှ စားချင်သော သူဌေးယောက်ဖ စသော သူအားလုံးအတွက် အဆင်ပြေအောင် ချက်ပြုတ် စီစဉ်ပေးရသူ ဖြစ်သည်။

ချက်ပြုတ် ပေးရသည်ဟု ဆိုသဖြင့် အိုးဆေး၊ ပန်းကန်ဆေး၊ ကြက်သွန်နွှာ၊ ငရုတ်သီးထောင်း လုပ်နေရသည်ဟု ထင်မည်ဆိုလျှင် ဒေါ်ကုလားမ စိတ်ဆိုးရပါလိမ့်မည်။ ထိုအလုပ်များအတွက် လက်ညှိုးထိုး ခိုင်းစရာ ကောင်မလေး တစ်ယောက် အဆင်သင့် ရှိနေပါသည်။ သူက ဝယ်ခြမ်းလာသော အသားငါးများကို တုံးတစ်၊ နယ်ဖတ်ပြီး လိုသလို ချက်ရုံသာ ဖြစ်လေသည်။

“ဘော အိမ်မှာက ဂတ်နဲ့ ချက်ရတာ”

ဘော ဟူသည်မှာ ဘော့စ်ကို ပြောခြင်း ဖြစ်သည်။ ကိုကုလားကြီးက သူ၏ အရာရှိများကို ဘော့စ်ဟု ပြောလေ့ ရှိသဖြင့် သူကလည်း သူ၏ သူဌေးကို ဘောဟု ခေါ်ခြင်း ဖြစ်သည်။ ဂတ် ဟူသည်ကတော့ ဓာတ်ငွေ့၊ ဂက်စ်ကို ရည်ညွှန်းခြင်း ဖြစ်လေသည်။

သူဌေးကို ဘောဟု အမည်တပ်လိုက်ခြင်း အားဖြင့် သူဌေးကတော်သည် ဘောကတော် ဖြစ်သွားလေသည်။

ထိုနည်းတူစွာ ဘောယောက္ခမ၊ ဘောသား၊ ဘောသမီး၊ ဘောယောက်ဖများ တစ်သီကြီး ထွက်လာသည်။ ကိုကုလားကြီးကတော့ “နင် အလုပ်လုပ်တာ ကွန်ဒုံးမှာနေတဲ့ ဘောမိသားစုဆီမှာ ပေါ့နော်” ဟု စိတ်ပျက်လက်ပျက် ပြောရှာလေသည်။

“ဟုတ်တယ်၊ ဘောမိသားစုက အားလုံး ကောင်းကြတယ်”

အထူးသဖြင့် ဘောကတော်က ပို၍ ကောင်းသည်ဟု ဒေါ်ကုလားမ ထင်သည်။ သူ ချက်သော ဟင်းများကို တွင်တွင် ချီးကျူးတတ်သည်။ ဈေးဖိုးကို နှစ်ထောင်မျိုး သုံးထောင်မျိုး တင်တောင်းလျှင်လည်း မသိသလိုပင် နေလိုက်တတ်သည်။ တစ်ယောက်တစ်မျိုး စားချင်တတ်သော သူ၏ အိမ်သားများအတွက်သာမက စီးပွားရေးနှင့် လူမှုရေးအတွက် မကြာခဏ ဖိတ်ကျွေးရသော ဧည့်သည် စောင်သည်များ အတွက်ပါ ဒေါ်ကုလားမက မရှိမဖြစ် လိုအပ်လှသူဖြစ်သည်။ ထို့ကြောင့်လည်း လခကောင်းကောင်း ပေးထားကာ မသိမသာ အလိုလိုက်ထားခြင်း ဖြစ်လေသည်။

မည်သည့်အသား၊ မည်သည့်ငါးကို၊ မည်သည့် အဆာပလာနှင့် နယ်၍ မည်မျှကြာအောင် နှပ်ထားရမည်ကို ဒေါ်ကုလားမ ကောင်းစွာ ကျွမ်းကျင်သည်။ မီးဖိုပေါ်သို့ ဟင်းအိုး ရောက်ပြီးလျှင်လည်း မည်သည့်အချိန်တွင် မီးအားမြှင့်၊ မည်သည့်အချိန်တွင် မီးအားလျှော့၊ မည်သည့်အသားကို ရေပူထည့်၊ မည်သည့်အသားကို ရေအေးထည့်၊ မည်သည့်အချိန်တွင် အဖုံးကို လုံလုံအုပ်၊ မည်သည့်အချိန် အဖုံးလှပ်၊ မည်သည့်အချိန်တွင် နာနာမွှေ စသော စသော ချက်ခြင်း ပြုတ်ခြင်း နည်းပညာများက မနည်းလှချေ။ ဘောကတော်ကတော့ ဒေါ်ကုလားမ ချက်ပြုတ်နေသည်ကို တစေ့တစောင်း ကြည့်ရင်း “ဒေါ်ကုလားမတို့က ရေပေး မီးပေး သိပ်တော်တာ” ဟု ပြောလေ့ရှိသည်။

တစ်ဈေးတည်း၊ တစ်ဆိုင်တည်းက ဝယ်လာသော အသားချင်း၊ ငါးချင်း မည်မျှပင် တူနေပါစေ ဟင်းဖြစ်သွားလျှင် ဒေါ်ကုလားမ၏ ဟင်းက အရသာပို၍ ကောင်းနေတတ်သည် ကတော့ အမှန်ပင်။ ယုတ်စွအဆုံး မြင်းခွာရွက်သုပ်၊ ခရမ်းချဉ်သီးသုပ်ဟု ဆိုလျှင်ပင် သူသုပ်သော အသုပ်က ပိုပြီး စားကောင်းနေတတ်သည်။ ဆန်ပြုတ်ချင်း တူလျှင်ပင် ဒေါ်ကုလားမ ဆန်ပြုတ်က အရောင်၊ အဆင်း၊ အနံ့၊ အရသာ ထူးကဲမည်ကတော့ အသေအချာပင် ဖြစ်သည်။

“ငါ စုမိဆောင်းမိပြီး အရင်းအနှီး များများရရင်တော့ ထမင်းဆိုင်ကြီး ဖွင့်ချင်တယ်”

ဓနုဖြူ ဒေါ်စောရီလို ထမင်းဆိုင်ခွဲပေါင်း များစွာကို ဦးစီးပြီး ဖွင့်လှစ်လိုခြင်းသည် ဒေါ်ကုလားမ၏ စိတ်ကူးအိပ်မက် ဖြစ်သည်။

“အဲဒီကျရင် ကျွန်မကိုလည်း အကူခေါ်နော်၊ ဆိုင်နာမည်ကိုလည်း သူများထက် ဆန်းအောင် ‘ဒေါ်ကုလားမကြီးရဲ့ စေတနာ’ ဆိုပြီး ပေးကြရအောင်လေ”

သူ၏ လက်ထောက် ပိန်ခြောက်ခြောက် ကောင်မလေးက အားရပါးရ ထောက်ခံသည်။ ဆိုင်နာမည်ကိုပင် ရွေးလိုက်သေးသည်။ “ဒေါ်ကုလားမကြီး၏ စေတနာ” တဲ့။

“နင့်နာမည်က ဆန်းတာတော့ ဆန်းပါရဲ့၊ ဒါပေမဲ့ ငါက ကုလားမအစစ် မဟုတ်တာက ခက်နေတယ်”

ကုလားသွေး တစ်စက်တလေပင် မပါဘဲနှင့် သူ့ကို အမေတို့၊ အဖေတို့က ဘာလို့များ ကုလားမဟု ခေါ်ခဲ့ကြသနည်း၊ သူ မစဉ်းစားတတ်ချေ။ နှာတံပေါ်ပေါ်၊ မျက်လုံးပြူုးပြူးလေးနှင့် မျက်နှာကျ လှသောကြောင့် “ကုလားမနဲ့ တူတယ်ဟေ့” ဟု ခေါ်ခဲ့ကြခြင်း ဖြစ်သည် ဟူ၍တော့ အမေက ပြောဖူးလေသည်။ သူ့ထက် ဆိုးသည်က သူ၏ ယောက်ျား ကိုကုလားကြီး ဖြစ်သည်။ သူတို့ ညီအစ်ကို လေးယောက်ရှိရာ သူတစ်ဦးတည်း အသားမည်းနေသောကြောင့် ကုလားလေးဟု ခေါ်ခဲ့ခြင်း ဖြစ်သည်။ ထိုကုလားလေး ကြီးလာတော့ လူကောင်ထွားထွားမို့ ကုလားကြီးဟူ၍ ဖြစ်လာရသည်။ မောင်အေးမင်းဝင်း ဟူသော နာမည်လှလှသည် သန်းခေါင်စာရင်း ထဲတွင်သာ ရှိတော့သည် အထိပင်။ ထို့ကြောင့် မြန်မာစစ်စစ် ဖြစ်သော သူတို့ ဇနီးမောင်နှံ နှစ်ဦးသည် ကိုကုလားကြီးနှင့် မကုလားမ ဟူ၍ ကုလားမောင်နှံ ဖြစ်လာကြရသည်။

“သူ့အဖေက မည်းပေမဲ့ မီးမီးလေးက ဖြူတယ်ဟဲ့”

“ဒေါ်ကြီးနဲ့ တူသလား”

“အင်း … တူတယ်။ အခုပုံကြီးနဲ့တော့ ဘယ်ဟုတ်မှာလဲဟာ။ ငါ ငယ်ငယ်တုန်းက ပုံနဲ့ တူတာပေါ့။ ငါက ပညာမတတ်ပေမဲ့ ငါ့သမီးလေးက စာပေးစာယူနဲ့ ဘွဲ့ရတော့မယ်။ ငါ့လိုပဲ အချက်အပြုတ် ဝါသနာပါတယ်။ သင်တန်းတွေ တက်ပြီး ဆုလည်း ရဖူးတယ်။ ငါ့ထက် အများကြီး သာတယ်”

“သူကရော ထမင်းဆိုင် ဖွင့်မှာတဲ့လား”

“မီးမီးလေးကို ဗေဒင် ဟောဖူးတာကတော့ ကြီးလာရင် ကောင်းစားမယ်တဲ့၊ မင်းကတော် စိုးကတော် ဖြစ်မယ်တဲ့”

သမီးကလေးသည် ဒေါ်ကုလားမ၏ ဒုတိယအိပ်မက် ဖြစ်သည်။ သမီးလေး အထက်တန်းကျကျနှင့် ကောင်းစားလျှင် သူလည်း အထက်တန်း ယောက္ခမ ဖြစ်ရမည်မို့ တွေးကြည့်လျှင် ကြည်နူးစရာပင်။

“အဟိ မင်းကတော် စိုးကတော်ဆိုရင် ကျွန်မလည်း ဖြစ်ချင်လိုက်တာ”

ကောင်မလေးက ရူးးပေါပေါနှင့် ပြောရင်း နွှာပြီးသား ကြက်သွန်နီများကို တရှပ်ရှပ်နှင့် ခပ်သွက်သွက် လှီးသည်။

“ဒါပေမဲ့ အဲဒါက လှလှပပ၊ တောင့်တောင့် တင်းတင်းလေးမှ ဖြစ်နိုင်မှာပေါ့နော်၊ ကျွန်မက မလှဘူး ဒေါ်ကြီးရဲ့”

ကောင်မလေးက အားငယ်စွာ ပြောရှာသည်။

“အင်း … နင် အားငယ်မယ် ဆိုရင်လည်း အားငယ်စရာပါပဲ”

ဒေါ်ကုလားမက စိတ်ထဲမှ ပြောမိသည်။ ကောင်မလေးက ပိန်ပိန်ကျစ်ကျစ် မည်းမည်း သည်းသည်းလေး ဖြစ်သည်။ ကိုယ်လုံး မလှ၍ မျက်နှာပေါက်ကလေး အားကိုးရမလားဟု ဆိုတော့လည်း မျက်ပေါက်ကျဉ်းပြီး ပါးစပ်ကျတော့ အတော်လေး ပြဲရှာလေသည်။

ဘောကတော်က ဖြူဖြူစင်စင်၊ လှလှပပ၊ စိုစိုပြည်ပြည် မိန်းကလေးများကို ခေါ်လာလေ့ မရှိသည်ကို ဒေါ်ကုလားမ သတိထားမိနေသည်မှာ အတန်ငယ်ပင် ကြာနေချေပြီ။ သူခေါ်လာလိုက်လျှင် ပုပုကွကွ၊ ပိန်ပိန်ခြောက်ခြောက်၊ မည်းမည်းပြာပြာ၊ နှာခေါင်းလန်လန်၊ သွားခေါခေါကလေးများသာ ဖြစ်နေတတ်သည်။

“သူ့မှာက ယောက်ျာရော၊ မောင်ရော၊ သားရော ရှိနေတော့လည်း စိုးရိမ်ရှာတာပေါ့လေ။ ဒါတောင် အဖေကြီးက ခုနစ်ဆယ်နား ကပ်နေတဲ့ အဘိုးကြီးမို့လို့ စိုးရိမ်ရမယ့် သူတစ်ယောက် လျော့သွားတာ”

သို့သော်လည်း ထို အသက်ခုနစ်ဆယ် နီးပါး အဘိုးကြီးကို သူ၏ မြေးနှစ်ယောက်က “မော်ဒန်ဘိုးဘိုး” ဟု ခေါ်ကြလေသည်။ အဘိုးကြီးက မြေးများနှင့်အပြိုင် ယခု ခေတ်စားနေသော ဒေါ်ကုလားမ၏ အခေါ် ဖေ့စဘုတ် ဆိုသည်ကို သုံးပြီး တယ်လီဖုန်း ပွတ်နေတတ်သောကြောင့် ဖြစ်သည်။

သူ့တွင် လက်ကိုင်ဖုန်းတစ်လုံး ရှိသော်လည်း ဒေါ်ကုလားမက အင်တာနက်တို့ ဖေ့စဘုတ်တို့ကို မသုံးတတ်ရှာပေ။ “တယ်လီဖုန်း ဆိုတော့ တယ်လီဖုန်း ပြောဖို့ သုံးရရင် တော်ရောပေါ့” ဟူ၍လည်း စွဲစွဲမြဲမြဲ ခံယူထားသူ ဖြစ်သည်။ အခုတော့ သူ့ခမျာ အိမ်ပြန်ရောက်လျှင် စကားပြောဖော်ပင် မရှိရှာချေ။ ယောက်ျားရော၊ သမီးကပါ တယ်လီဖုန်း တစ်လုံးစီနှင့် သဲသဲမဲမဲ ပွတ်နေတတ်ကြသောကြောင့် ဖြစ်သည်။

ဘောကတော်ကလည်း တပွတ်တည်း ပွတ်နေသော သူ့ဖခင်ကို ကြည့်ရင်း စိတ်ညစ်ဟန်ရှိသည်။ “အဖေကလည်းလေ အားရင် ပုတီးလေး စိပ်၊ တရားလေး ထိုင်ပါလား” ဟု မရဲတရဲ ပြောသောအခါ “ဟ … နင် ဘာသိလို့လဲ၊ ကမ္ဘာ့အရေး၊ မြန်မာ့အရေး ဒါလေးထဲက နေပြီး အပ်ဒိတ် အကုန်သိနေရတာ ကမ္ဘာပြားနေပြီ ဆိုတာ နင်သိရဲ့လား” ဟု အဘိုးကြီးက ထအော်လေသည်။

အဘိုးကြီးက သမီးနှင့်အတူ နေသည်ဟု ဆိုသော်လည်း မှီခိုနေသူ မဟုတ်ပေ။ အဆင့်မြင့်တိုက်ခန်း အတော်များများကို ပိုင်ဆိုင်ထားပြီး ငှားခငွေများကို သုံးမကုန်နိုင်အောင် ရနေသူ ဖြစ်သည်။ ထိုသို့ ချမ်းသာသူ ဖြစ်သဖြင့်လည်း သားသမီးများအပေါ် သာမက သမက်အပေါ်မှာပါ ဩဇာညောင်းခြင်း ဖြစ်မည်ဟု ဒေါ်ကုလားမ ထင်သည်။ ယခု သူတို့နေသော တိုက်ခန်းကြီးကိုလည်း အဘိုးကြီး ဝယ်ပေးထားခြင်း ဖြစ်သည်။ သမီးတစ်ခန်း၊ သားတစ်ခန်း ကပ်လျက်ဝယ်ကာ ကြားထဲက နံရံကို ဖြိုချပြီး စုစုစည်းစည်း နေထိုင်ခြင်း ဖြစ်သည်ဟု ဘောကတော်က စိတ်လိုလက်ရ ပြောဖူးသည်။ တိုက်ခန်းကျယ် နှစ်ခန်းစာ ဖြစ်သဖြင့် အိပ်ခန်းချည်း ခြောက်ခန်း ပါဝင်ကာ တစ်ယောက်တစ်ခန်းစီး ကျယ်ကျယ်ဝန်းဝန်း နေနိုင်ခြင်း ဖြစ်သည်။ တံမြက်စည်းလှည်း၊ ကြမ်းတိုက်ပြီး အိမ်သန့်ရှင်းရေး လုပ်ရသော ပိန်ခြောက်ခြောက် ခမျာတို့မှာတော့ မသက်သာကြပေ။

အဘိုးကြီး၏ သား၊ ဘောယောက်ဖကတော့ ဘဝကို အလိုမကျ ဖြစ်နေသူ ဖြစ်သည်။ သူကြိုက်သော မိန်းမကို သူ့ဖခင်က မကြိုက်၍ အသက်လေးဆယ်နား နီးသည်အထိ အိမ်ထောင်မပြု ဖြစ်သေးပေ။ သူ့ဖခင်ကြိုက်သော မိန်းမကျပြန်တော့လည်း သူက လုံးဝ မကြိုက်ပြန်ပေ။ ထို့ကြောင့် သားအဖနှစ်ယောက် ခပ်တန်းတန်း ဖြစ်နေကြသည်။

ထို အကြောင်းအချက်များ သည်ကား စပ်စပ်စုစု သိပ်မလုပ်ရပါဘဲနှင့် သူတို့အချင်းချင်း ပြောနေ ဆိုနေကြသည်များကို ဆက်စပ်ကာ ဒေါ်ကုလားမ သိထားခြင်း ဖြစ်လေသည်။

ဒေါ်ကုလားမ မသိသည်ကတော့ ဘောကတော်သည် သူ၏ ယောက်ျား၊ သူ၏ မောင်နှင့် သူ၏ သားတို့ကို စိုးရိမ်သောကြောင့် အိမ်ဖော် ကောင်မလေးများကို မျက်စိဒေါက်ထောက်ပြီး ကြည့်နေခြင်း မဟုတ်ပါ ဟူသည့်အချက်ကို ဖြစ်သည်။

ဘောကတော် တကယ်စိတ်မချသည်က အသက် ခြောက်ဆယ့်ရှစ်နှစ် ရှိနေပြီဖြစ်သော သူ၏ ဖခင်ကြီးကို ဖြစ်လေသည်။ နိုင်ငံခြားနှင့် ဆက်သွယ်ကာ သွင်းတန်သော ကုန်ကို သွင်း၊ ပို့တန်သော ကုန်ကို ပို့၊ ပေးတန်သော သူကို ပေးပြီး စီးပွားရေးလောကတွင် ခြေသွက်ခဲ့သူ ဖြစ်သည်။ သို့ပါသော်လည်း ခြေလှမ်းတစ်ချက် မှားပြီး အဖမ်းအဆီး ခံရမလို ဖြစ်ခဲ့ရသည့်အတွက် အဖေ သူ၏ ခြေလှမ်းများကို လျှော့လိုက်သည်။ သူ၏ ငွေပင်ငွေရင်းများကို စိတ်ချရသူတို့ထံတွင် အတော်အတန် မြှုပ်နှံပြီး အချို့ကိုလည်း အဆင့်မြင့် တိုက်ခန်းများကို ကြိုပွိုင့်နှင့် ဝယ်ယူခဲ့သည်။ “စီးပွားရေးလုပ်လို့ မကောင်းဘူးကွယ်” ဟု ပြောပြီး အိမ်တွင်ပင် တီဗွီလေး ကြည့်လိုက်၊ အခွေလေး ကြည့်လိုက်၊ တစ်ခါတစ်ရံတွင်လည်း အပေါင်းအသင်းများနှင့် ဆုံလိုက်နှင့် အေးချမ်းစွာပင် နေခဲ့သည်။

အဖေက ခြောက်ဆယ့်ရှစ်နှစ် ပြည့်တော့မည် ဖြစ်သော်လည်း ကျန်းမာသည်။ မည်သည့်ရောဂါမျှလည်း ထွေထွေထူးထူး မရှိပေ။ နံနက်တိုင်းလည်း လမ်းမှန်မှန်လျှောက်ဆဲ ဖြစ်သည်။

“ခုခေတ်က သွားမပါရင် နေပါစေ၊ ကားပါဖို့သာ အရေးကြီးတာတဲ့။ ငါတို့အဖေက သွားတောင် မကျိုးသေးဘူး။ သွားရော၊ ကားရော၊ တိုက်ခန်းရော၊ အေတီအမ်ကတ်ရော ပိုင်တယ်နော်။ အသက်ကြီးပြီဆိုပြီး စိတ်ချမနေနဲ့”

မောင်ဖြစ်သူက တီးတိုးကပ်၍ ပြောတတ်သည်။

“သူက တစ်ခါတလေ နေ့ခင်း ထွက်သွားတတ်တာ အစည်းအဝေး ဆိုပေမဲ့ အစည်းအဝေးမှ မဟုတ်တာ။ ငါ သိသားပဲ၊ အနည်းအပါးတော့ ရှိမှာပေါ့ဟာ၊ ယောက်ျားပဲဟာ။ နောက်ပြီး အဖေ့အကြောင်းလည်း နင် သိသားပဲ”

“သိလို့ပေါ့ဟ”

သူတို့၏ ဖခင် ဇ ကလေး ရှိကြောင်း သူတို့ငယ်စဉ်ကတည်း သိခဲ့ကြရသည်။ မကြာခဏ ကျိတ်၍ ငိုရရှာသော အမေ့၏ ဒုက္ခကိုလည်း မျှဝေခံစား ခဲ့ကြရဖူးသည်။ သို့သော် အမေက အလွန်လိမ္မာသည်ဟု ဆိုရမည် ဖြစ်သည်။ သူခံစားနေရသော အိမ်ထောင်ရေး ပြဿနာများကို မောင်နှမအရင်းများကိုပင် အသိမပေးခဲ့ပေ။ အဖေ့ဂုဏ်သိက္ခာကို လုံးဝ မထိပါးစေဘဲ ကျိတ်ပြီး ရှင်းလေ့ရှိသည်။ ထို့ကြောင့် အများ၏ အမြင်တွင် သူတို့၏ ဖခင်ကြီးသည် အလွန်သစ္စာမြဲမြံသော တည်တည်ကြည်ကြည် အိမ်ထောင်ဦးစီး တစ်ယောက် ဖြစ်နေခဲ့လေသည်။ အမေတော်သဖြင့် သူတို့တွင် အမွေပြိုင်လုမည့် အဖေတူ မအေကွဲ မောင်နှမများ ရှိမလာခဲ့ခြင်း ဖြစ်သည်ကို သူတို့မောင်နှမ ကောင်းစွာ သဘောပေါက်လေသည်။

ဘောကတော်ကလည်း သူ့အမေလိုပင် အလိမ္မာဖက်သူ ဖြစ်သည်။ အဖေ၏ ဇ ကလေးကို သူ၏ ယောက်ျားပင် မသိရအောင် ကြိုပြီး ကာထားနိုင်သူ ဖြစ်သည်။ အဖေ ဟန်ဆောင် ကောင်းခြင်းလည်း ဖြစ်နိုင်ပါသည်။ သူတကာ အဘိုးကြီးများလို ကာရာအိုကေဆိုင် သွားပြီး ပန်းကုံးမစွပ်တတ်သဖြင့်လည်း တစ်ဖက်မှ ကျေးဇူးတင်ရသည်။ အမေ မဆုံးမီက အဖေ့သိက္ခာကို အမေက လိုက်ထိန်းပေးနေရ သော်လည်း အမေဆုံးသွားသော အချိန်တွင်တော့ အဖေငြိမ်လာသည်။ သူ့သိက္ခာကိုလည်း သူ့ဟာသူ ထိန်းတတ်လာသည်ဟု ဘောကတော် ထင်သည်။ ဒီအသက် ဒီအရွယ်အထိ နာမည်ပျက် မရှိခဲ့ရခြင်းမှာ အမေ့ကျေးဇူးကြောင့် ဟူသည်ကိုလည်း သဘောပေါက်လာဟန် ရှိသည်။

သို့သော် သူက အဖေ့ကို မယုံရဲသေးသည်ကတော့ အမှန်ပင်။ ရှယ်ယာဝင်ထားသော ကုမ္ပဏီများမှ အစည်းအဝေးခေါ်လျှင်၊ အကြောင်းကြီးငယ် ရှိ၍ အပြင်ထွက်ရလျှင်ပင် ကားကျပ်လွန်းသော လမ်းများကြောင့် အဖေက စိတ်ညစ်သည်။ မြို့ထဲ သွားရမည်ကိုလည်း ဝန်လေးပြီး အိမ်မြဲလာသည်။ အဖေ အိမ်မြဲနေပြန်တော့ အိမ်ဖော်လှလှ မထားရဲသော ဘောကတော်၏ ဒုက္ခက ကြီးလာလေသည်။

“အသက်ကလည်း ကြီးလှပါပြီဟာ၊ ငါတို့အဖေလည်း ငြိမ်လောက်ပြီ ထင်ပါရဲ့”

ထိုသို့ ပြောမိလျှင် သူ၏ မောင်က ဟဲဟဲ ဟက်ဟက် ရယ်တတ်သည်။

“ယောက်ျားဆိုတာ ရေသဖန်းပင်လိုပဲ အိုလေ သီးလေတဲ့ ခင်ဗျ၊ ခြောက်ဆယ့်ရှစ် ဆိုတာ ခုခေတ်မှာ ဘာများ ကြီးသေးလို့လဲ”

“မသီးတော့ပါဘူး ထင်ပါရဲ့ဟာ။ တစ်ခါတလေတော့ အပြင်မှာ တစ်ခါတလေမှာပေါ့၊ ယောက်ျားပဲဟာ။ ဟိုးအရင်တုန်းကလို စွဲစွဲမြဲမြဲ ဖြစ်မလာရင် ပြီးရောပေါ့”

ဘောကတော်က အဖေ့ကို မယုံမရဲ ဖြစ်နေရခြင်းအတွက် ကိုယ့်ကိုယ်ကိုယ်လည်း အပြစ်တင်မိသည်။ အဖေ့အတွက်လည်း စိတ်မကောင်းလှပေ။ အဖေ့ကို ကျိတ်ပြီး အထင်အမြင် သေးနေသလို၊ စော်ကားနေသလိုများ ဖြစ်နေမလားဟု တွေးမိတတ်သည်။ အမေဆုံးစဉ်က အဖေ့အသက် ခြောက်ဆယ် ကျော်ခါစလေးပင် ရှိသေးသည်။ နောက်အိမ်ထောင် ထူမည်ဆိုလျှင် ထူနိုင်သေးသော်လည်း အဖေက မစဉ်းစားခဲ့ပေ။ ထိုတစ်ချက်တည်းနှင့်ပင် ကျေးဇူးတင်စရာ ကောင်းလှပြီ ဖြစ်သည်။

“အခု အေးနေတယ် ဆိုတာ မီးနဲ့ မတွေ့သေးလို့ဟ၊ မီးပြင်းပြင်းနဲ့များ တွေ့ကြည့်ပါလား။ ငါတို့အဖေ ဖယောင်းတိုင်ကြီး ဟုန်းခနဲ ထ တောက်ပြီး အရည်ပျော်သွားမှာ၊ လောင်းတောင် လောင်းလိုက်ချင်သေး”

အဖေ့ကို မကျေနပ်ရင်းစွဲမို့ သူ၏ မောင်က ခပ်ဖိဖိပြောခြင်း ဖြစ်သည်ဟု ဘောကတော်က ယူဆသည်။ မည်မျှပင် ကျန်းမာသည် ဆိုဆို အဖေ့ဆီသို့ ချင်းနင်းဝင်ရောက် လာသော ဇရာ၏ အရိပ်အယောင်များက တဖြည်းဖြည်း ထင်ရှားလာနေပြီ ဖြစ်သည်။ ဆေးများ မကူလျှင်တော့ အဖေ့ဆံပင်များသည် ဖွေးဖွေးဖြူနေပြီ ဖြစ်လေသည်။ ကြည့်ပါဦး၊ အဖေ့ခမျာ လမ်းလျှောက်လျှင်ပင် ခါးကလေး မသိမသာ ကိုင်းနေပြီဖြစ်သည်။ နားမလေးသေးဟု ထင်ရသော်လည်း ပြောသမျှ စကားများကို အလွဲတွေ ကြားတတ်နေပြီ ဖြစ်သည်။ တစ်နေ့တုန်းကပင် တရုတ်နိုင်ငံမှလာသော တည်သီး ဝါဝါကြီးများကို ဈေးမှာတွေ့၍ ဝယ်လာခဲ့သည်။ “အဖေစားဖို့ တရုတ်တည်သီးတွေ ပါလာတယ်” ဟု ပြောတော့ “တရုတ်ကြယ်သီးကို ငါက ဘာလို့ စားရမှာလဲ” ဟု ဘုကန့်လန့် ပြန်ပြောသေးသည်။

“အသက်ခုနစ်ဆယ် ပြည့်ဖို့ နှစ်နှစ်ပဲ လိုတော့တယ်။ မျက်စိမှုန်၊ ခါးကိုင်းပြီး နားလည်း လေးနေပါပြီဟာ။ ငါတို့အဖေ အေးချမ်းငြိမ်သက် နေပါပြီ”

သူက ပြောတော့ မောင်ဖြစ်သူက ရယ်နေပြန်လေသည်။ ပြောမယ့်သာ ပြောရသော်လည်း ဘောကတော်၏ စိတ်ထဲတွင်တော့ “ငါတို့အဖေက ဖွဲတစ်ဆုပ် မကဘူး၊ တစ်တောင်းလုံးတောင် ထမ်းနိုင်နေသေးတာတော့ အမှန်ပဲ” ဟု တွေးနေမိလေသည်။

ဖွဲတစ်တောင်း ထမ်းနိုင်သေးသော ဖယောင်းတိုင်ကြီးသည် မကြာမီပင် မီးနှင့် တွေ့လေတော့သည်။

ပြဿနာက ဒေါ်ကုလားမ ဖြစ်လေသည်။ ဘောယောက္ခမကြီး မီးနှင့် မတွေ့မီ သူက အလျင် ရေနှင့် တွေ့သွားသောကြောင့် ဖြစ်သည်။ ညနေပိုင်း မိုးသဲသဲမဲမဲ ရွာသော နေ့တစ်နေ့တွင် ဒေါ်ကုလားမ မိုးမိလေသည်။ မိုးရေတွေ တုတ်တုတ်ရွှဲကာ အိမ်ပြန်ရောက်လာပြီး ညကျတော့ ဖျားလေတော့သည်။

ဒေါ်ကုလားမ ဖျားလေတော့ ဦးစွာ ဒုက္ခရောက်ရသူမှာ ဘောကတော် ဖြစ်လေသည်။ ဒေါ်ကုလားမ ရောက်မလာလေတော့ နံနက်စောစောစာမှ အစပြု၍ ညနေစာအထိ အဆင်မပြေချင်တော့ပေ။

ဒေါ်ကုလားမ၏ လက်ထောက် ပိန်ခြောက်ခြောက်ကလေးက အိုးသူကြီး ဝင်လုပ်လေတော့ မဆလာတွေ ဖောဖောသီသီ ခတ်ထားသော ကြက်သားဟင်းက အမည်းရောင် သန်းနေသည်။ အစိမ်းကြော်က ပျော့ပြီး ပြဲနေသည်။ မုန်လာဥချဉ်ရည်ဟင်းက ပေါ့ရွှတ်ရွှတ်နှင့် အရသာ မရှိလှချေ။

ညနေကျတော့ ဒေါ်ကုလားမကို ဖုန်းဆက်ပြီး အကျိုးအကြောင်း မေးသည်။ ကိုယ်တွေလက်တွေ ကိုက်ခဲပြီး ချောင်းလည်း မရပ်မနား ဆိုးနေသဖြင့် မလာနိုင်သေးကြောင်း ဆက်ပြီး ခွင့်တိုင်သည်။ ဘောကတော်က အဖျားကူးမှာ စိုးသဖြင့် အတင်းမလာခိုင်းသော်လည်း ချူသံပါအောင် ညည်းရှာလေသည်။

“ဒီလိုဆိုရင် မီးလေးကို လွှတ်ပေးမယ် အစ်မ၊ သူက ပြိုင်ပွဲတွေမှာတောင် အမြဲ ဆုရနေတာ။ ကျွန်မထက် ပိုပြီး အချက်အပြုတ် ကောင်းတယ်”

“အောင်မလေး … ကျေးဇူးတင်လိုက်တာ ဒေါ်ကုလားမရယ်၊ ဆက်ဆက် လွှတ်ပေးလိုက်စမ်းပါ”

သို့နှင့်ပင် ဇာတ်လမ်း စ ခဲ့ကြခြင်း ဖြစ်လေသည်။

ဘောကတော် မသိသည်က မီးမီးလေးသည် ဒေါ်ကုလားမထက် ဆယ်ဆ ပိုလှကာ ဆယ်ဆမက ပို၍ လူရည်လည်သည်ဟူသော အကြောင်းကိုပင် ဖြစ်သည်။

ဒေါ်ကုလားမက ရင်မောက်မောက်၊ တင်ကောက်ကောက်နှင့် ဗိုက်ကလည်း တော်တော်ပူလေသည်။ သူ့ကိုများ ဘေးတိုက် ကြည့်လိုက်လျှင် စာတတ်ခါစ ကလေးတစ်ယောက် ကြိုးစားပမ်းစား ရေးထားသော ပုံစံခပ်ပျက်ပျက် နငယ်ကြီးနှင့် တူလေသည်။

မီးမီးလေး ကြီးလာလျှင်တော့ သူ့မိခင်လို ဖြစ်ကောင်း ဖြစ်မည်ဟု ထင်စရာ ရှိသည်။ သို့ပါသော်လည်း ယခုအချိန်မှာတော့ သူ၏ အချိုးအစားသည် ဒေါ်ကုလားမ၏ အချိုးအစားကို လေးနှင့် စားထားသည်နှင့် တူလေသည်။ ထို့ကြောင့် အသားလေးဖြူဖြူ၊ အရပ်လေး မြင့်မြင့်၊ ခါးကျဉ်၍ ဗိုက်ရှပ်ကာ ရင်ကလေး မသိမသာ မောက်၊ တင်ကလေး မသိမသာ ကောက်သော သူ၏ ကောက်ကြောင်းကလေးက တော်တော်လေး လှလေသည်။ မျက်ခုံး၊ မျက်လုံး လှသည့်အပြင် နှုတ်ခမ်းကလေးကလည်း အမြဲပြုံးနေတတ်သေးသည်။

မီးမီးလေးကိုတွေ့တော့ ဘောကတော်ခမျာ ရင်တော်တော် ပူသွားရှာသည်။ “ဒေါ်ကုလားမရဲ့ သမီးက အလှစားလေးပါလား” ဟု အာမေဍိတ်ပြုရင်း အိမ်တွင် ရှိရှိသမျှ ပုရိသများအတွက် စိုးရိမ်သွားသည်။ သို့ပါသော်လည်း “သုံး လေးရက်နဲ့တော့ ကိစ္စ မရှိလောက်ပါဘူးလေ” ဟု ပြန်တွေးရင်း ဖြေသိမ့်ရသည်။

မီးမီးလေး၏ လက်ရာသည် သူ့အမေလိုပင် စားကောင်းပါသည်။ လက်ရာပြောင်းကလေး ဖြစ်၍ ပို၍ပင် ခံတွင်းလိုက်နေသေးလေသည်။ မီးမီးလေးကိုယ်တိုင် စောင့်ကြည့်ပြီး လိုသမျှ လိုက်ထည့်ပေးနေတော့ ယောက်ျားသားလေးဦးက အိနြေ္ဒကြီးနေကြသည်။ ခါတိုင်းလို ဆူဆူညံညံ စကားသံများ မကြားရဘဲ ထမင်းဝိုင်းက ငြိမ်နေသည်။

“ညကျမှ စိတ်ကူးရလို့ တစ်ခုခု စားချင်ရင်လည်း မီးဆီကို ဖုန်းဆက်လိုက်ပါနော်၊ နောက်နေ့အတွက် အားလုံး အဆင်ပြေအောင် မီး စီစဉ်ပေးပါ့မယ်”

မီးမီးလေးက သူ၏ဖုန်းနံပါတ်ကို ပြောသည်။

“ငါးကင် ဒေါ်ကြီးကုလားမ ကင်ပေးတာမျိုး”

ဘောသားကလေးဆီမှ အသံက ဦးစွာ ထွက်လာသည်။ မီးမီးလေးက ပြုံးပြုံးလေး ခေါင်းညိတ်သည်။ “ပိုကောင်းစေရမယ်” ဟူ၍လည်း အာမခံလိုက်သေးသည်။

ဘောကတော်က အဖေကို ဦးစားပေးကာ “အဖေကရော ဘာလေးများ စားချင်သလဲဟင်” ဟု မေးသည်။ ဘောယောက္ခကြီးက “ဘာလေးဖြစ်ဖြစ် ရပါတယ်ကွယ်၊ များများလည်း မစားနိုင်ပါဘူး” ဟု အေးဆေးစွာ ပြောသည်။

ထိုနောက် “နေ့ခင်းကျရင်တော့ နွားနို့ပူပူလေးတစ်ခွက် အခန်းထဲ ပို့ခိုင်းပေးပါ သမီးရယ်” ဟု ပြောသည်။ မီးမီးလေးကို လှည့်စောင်း၍ပင် မကြည့်ဘဲ သူ့သမီးကိုသာ သူ အိနြေ္ဒရစွာ ပြောသည့်အတွက် အဖေကို အကဲခတ်နေသော ဘောယောက်ဖပင် အတန်ငယ် ကျေနပ်သွားလေသည်။ သို့သော် သူ့ဖခင်က သူ့ထက် တစ်ကွက်မက များစွာ သာနေကြောင်း ဘောယောက်ဖ မသိရှာပေ။

ဘောကတော်က “နေ့ခင်းကျရင် ဘူးထဲက ကောင်းဟက်နွားနို့ကို ပူအောင် ပြန်ကျိုပြီး အဖေ့ဆီကို ပို့ပေးနော်” ဟု ပိန်ခြောက်ခြောက်ကလေးကို မှာပြီး ဘောနှင့်အတူ အပြင်ထွက်သွားသည်။ ဘောယောက်ဖကလည်း ထုံးစံအတိုင်း သူ၏ တယ်လီဖုန်းဆိုင်ကို သွားသည်မှာ ညနေစောင်းမှ ပြန်ရောက်တော့မည် ဖြစ်သည်။ ဘောသားနှင့် သမီးတို့လည်း ဆိုင်ရာသင်တန်းများ သွားကြသည်။ ထိုအချိန်တွင် မီးမီးလေးဆီသို့ တယ်လီဖုန်းသတင်းက တိန်ခနဲ ရောက်လာသည်။

“နွားနို့ရပြီလား” တဲ့။

မီးမီးလေးလည်း လှစ်ခနဲ ပြုံးလိုက်မိသည်။ ထမင်းဝိုင်းတွင် ပြောလိုက်သော သူ၏ တယ်လီဖုန်းနံပါတ်ကို တစ်ချီတည်း အလွတ်ရအောင် မှတ်လိုက်နိုင်သော ဘိုးဘိုး၏ ဦးနှောက်ကိုလည်း ချီးကျူးလိုက်မိသည်။

“ရပါပြီ ဦး။ ဆားလေးနဲ့ သောက်မလား၊ သကြားလေးနဲ့ သောက်မလား ကြိုက်တာ ပြောပါနော်”

အဘိုးဟု ခေါ်သင့်သော်လည်း မီးမီးလေးက “ဦး” ဟုပင် ခေါ်လိုက်သည်။ အပြန်စကားကလည်း ချက်ချင်းပင် ရောက်လာသည်။

“ဘာနဲ့ပဲ ဖြစ်ဖြစ် မီးလေးကိုယ်တိုင် လာပို့ပါလား”

“ဟုတ် … ဦး”

မီးမီးလေးက နွားနို့ပူပူလေးကို သကြားခတ်ပြီး ပိန်ခြောက်ခြောက်ကလေးကို အဖော်ခေါ်ကာ ကိုယ်တိုင် သွားပို့သည်။ အဘိုးကြီးက ပိန်ခြောက်ခြောက်ကို ဝေ့ခနဲ တစ်ချက် ကြည့်လိုက်ပြီး “အေး … ထားခဲ့၊ထားခဲ့” ဟု အေးဆေးစွာ ပြောသည်။ မီးမီးလေးကလည်း “လိုတာရှိရင် ပြောပါ ဘိုးဘိုး” ဟု ရိုရိုကျိုးကျိုး ပြောလိုက်သည်။

အမေ တစ်စွန်းတစ်စ ပြောဖူး၍ ဘောယောက္ခမ မည်မျှ ချမ်းသာသနည်း မီးမီး သိထားသည်။ သို့ပါသော်လည်း သူက အမေသိသလောက်ပင် သိရသည်မို့ ရိုးရိုးအေးအေး အဘိုးကြီးဟု ထင်ထားခဲ့သည်။ ငါးမြားချိတ်ကို အရင်ဆုံး ပြေးဟပ်မည့် ငါးကြီးဟု မထင်ခဲ့မိပေ။ အခုတော့ မြွေမြွေချင်း ခြေမြင်လိုက်ပြီ ဖြစ်သည်။ ဒေါ်ကုလားမ၏ သမီးသည် ဒေါ်ကုလားမလို ဟင်းချက်ရန် တစ်ခုတည်းကိုသာ စိတ်ဝင်စားနေသူ မဟုတ်ကြောင်းကို ဘိုးဘိုးကြီးကလည်း အကဲခတ်တတ်လိမ့်မည်ဟု ထင်ပါသည်။ မီးမီးက မဆလာကို သာမက အသပြာကိုလည်း စိတ်ဝင်စားတတ်ပါသည်။

ပိန်ခြောက်ခြောက်သည် ဒေါ်ကုလားမကို ကူသလို မီးမီးကိုလည်း ကူရသည်။ ဒေါ်ကုလားမနှင့်အတူ ချက်ရစဉ်က စကားတပြောပြောနှင့်မို့ ပျော်စရာကောင်းသော်လည်း မီးမီးကတော့ သူ့ကို လှည့်၍ပင် မကြည့်နိုင်ရှာပေ။ တတိန်တိန်နှင့် ရောက်လာသော မက်ဆေ့ခ်ျများကို တစ်ချိန်လုံး ဖြေနေရှာသောကြောင့် ဖြစ်သည်။

“မမမီးက မီးဖိုချောင်ထဲကတောင် မထွက်ဘူး၊ ဘိုးဘိုးကြီးအတွက် နွားနို့ကိုတော့ ကျွန်မနဲ့အတူ သွားပို့တယ်။ ဘိုးဘိုးကြီးက လှည့်တောင် မကြည့်ဘူး။ အေး ထားခဲ့၊ ထားခဲ့ ဆိုလို့ ထားပြီး ချက်ချင်း ပြန်ထွက်လာခဲ့ကြရော”

ဘောကတော် ပြန်ရောက်လာတော့ ပိန်ခြောက်ခြောက်ကလေးက သူသိသမျှ အစီရင်ခံရသည်။

ဘောကတော်လည်း အတိုင်းထက်အလွန် ကျေနပ်သွားရှာလေသည်။ ထိုအချိန်တွင် မီးမီးက သူ့ဆီရောက်လာသော “မီးက လှတယ်” ဟူသော စာတန်းလေးကို ဖတ်ရင်း ပြုံးနေလေသည်။ ထိုနောက် “ဦးလည်း ငယ်တုန်းက ချောမှာပါ” ဟု ပြန်ပို့လိုက်သည်ကို သိများသိလျှင် ဘောကတော်ခမျာ အတော်ကြီး အသည်းနာရှာမည် ဖြစ်သည်။

“အဆင်ပြေရဲ့လား မီးမီးရယ်”

သူ့သမီး ပြန်ရောက်လာတော့ ဒေါ်ကုလားမက စိတ်ပူပင်စွာ မေးသည်။ မီးမီးက “အဆင်ပြေတယ် ဆိုတာထက်တောင် ပိုပြီး ပြေသေးတယ် အမေရဲ့” ဟု ပြန်ဖြေလိုက်သည်။

“အေးကွယ်၊ အမေတော့ နောက် သုံးရက်လောက်တော့ နားမှ ဖြစ်မယ် ထင်တယ်။ အဖျားကျပေမယ့် ချောင်းဆိုးတာက ခုထိ မပျောက်ဘူး”

“ရပါတယ် အမေရယ်၊ အေးအေးဆေးဆေး နားပါ။ မီးလည်း လုပ်နိုင်ပါတယ်။ အားလုံး မီးတာဝန် ထားလိုက်”

မီးမီးက တာဝန်ယူတော့ သူ့ဖခင် ကိုကုလားကြီးရော၊ ဒေါ်ကုလားမပါ ကျေးဇူးတွေ တင်နေကြသည်။ ကိုကုလားကြီးက “သမီးလေး တစ်ယောက်ဆို ဆိုသလောက် အားကိုးရတယ်ကွယ်၊ အမေကို အင်မတန် ညှာတဲ့ သမီး” ဟု တဖွဖွ ချီးကျူးနေတော့ ဒေါ်ကုလားမလည်း ပီတိဝေနေရလေသည်။ “မိဘကို သိတတ်တဲ့ သားသမီးမျိုးဟာ ဘယ်တော့မှ မဆင်းရဲဘူး။ လိုအင်ဆန္ဒ အမြဲ ပြည့်ရမှာပဲ” ဟူ၍လည်း ကြုံသမျှလူကို ပြောရဦးမည်။

မီးမီး၏ လိုအင်ဆန္ဒ ပြည့်ဝသည်ကတော့ အမှန်ပင်၊ လေးရက်မြောက်နေ့တွင်တော့ “မီးလေး ဘာလိုချင်လဲ” ဟူသောအဆင့် ဖြစ်လာသည်။ မီးမီးကလည်း လိုရင်းတိုရှင်း ပြန်ဖြေလိုက်သည်။ “အိုင်ဖုန်း” ဟု။ အဘိုးကြီးဆီမှ အဖြေက ချက်ချင်း ပြန်မလာ။ ထို့ကြောင့် မီးက ထပ်ပို့လိုက်သည်။ “အမေ နေကောင်းပြီ ဦး၊ နက်ဖြန်ဆိုရင် မီး မလာတော့ဘူးနော် တာ့ … တာ”

မီး မလာတော့ဘူး ဟူသော စကားက ဟတ်ထိသွားပုံ ရသည်။

ချက်ချင်းပေါ်လာသော စာတန်းလေးက

“တွေ့ချင်တယ်” တဲ့။

“ဘယ်မှာလဲ”

“အပြင်မှာ”

“ဟင့်အင်း”

“… ဟိုတယ် မှာလေ၊ နေ့ခင်း တစ်နာရီ”

“ဟင့်အင်း …”

“ဦး စောင့်နေမယ်”

“ဟင့်အင်း …”

“မီးပြန်ရင် အိမ်အဝင်ဝက မယ်တော်ကြီး ဂမုန်းပင်နောက်ကို ကြည့်လိုက်”

“တကယ်လား”

“လာမှာလား”

“အင်း …”

မီးမီးပြန်တော့ မယ်တော်ကြီး ဂမုန်းပင်ကြီး၏ အရွက်ဖားဖားများ ကြားထဲသို့ အသာ ကဲကြည့်လိုက်သည်။ ပလတ်စတစ်အိတ် အမည်းလေးနှင့် သပ်သပ်ရပ်ရပ် ထုပ်ထားသော အထုပ်ကလေးတစ်ခုကို တွေ့ရသည်။ မီးမီးက ကျေနပ်စွာ ပြုံး၍ အသာ ကောက်ယူကာ လက်ကိုင်အိတ်ထဲ ထည့်လိုက်လေသည်။

နောက်တစ်နေ့ကျတော့ မီးပျက်သည်။ မီးပျက်တော့လည်း လေအေးစက်များ မလည်နိုင်တော့ပေ။ သူ့အခန်းကို နှစ်ဆယ့်လေးနာရီပတ်လုံး လေအေးစက်ဖွင့်ထားသော ဖခင်အတွက် ဘောကတော် စိတ်မကောင်း ဖြစ်ရသည်။

“ဒီနေ့ အဖေ ကံမကောင်းဘူး ထင်တယ်”

မနက်တုန်းကတော့ အဖေက အစည်းအဝေးသွားရမည်ဟု ပြောသည်။ အိမ်မှ ထွက်သွားစဉ်ကတော့ ရွှင်ရွှင်လန်းလန်းပင်။ အဖေ့ဆီမှ ရေမွှေးနံ့ရ၍ သူက ကျိတ်ပြီး ပြုံးမိသေးသည်။

ညနေ လေးနာရီလောက်ကျတော့ အဖေ ပြန်ရောက်လာသည်။ သူ့အခန်းထဲ တန်းဝင်သွားပြီး ပြန်ထွက်မလာတော့။ မျက်နှာကြီးလည်း ပုပ်နေလေသည်။ ကားမောင်းသူကို တိုးတိုးတိတ်တိတ် မေးကြည့်တော့ “အစည်းအဝေးမှာ မီးမလာဘူးတဲ့ မမ” ဟု ပြောသည်။

ဟော … အခုလည်း ဒီမီးက ပျက်ပြန်ပြီ။ အဖေ့ခမျာ ဝရန်တာထွက်ပြီး ယပ်တောင် တဖျပ်ဖျပ် ခတ်နေရရှာသည်။ ဘောကတော်က သံပရာရည် အေးအေးလေး ဖျော်ပြီး အဖေ့ကို သွားပေးသည်။

“အဖေ အပူနည်းနည်း သက်သာသွားအောင် သံပရာရည် အေးအေးလေး သောက်လိုက်ပါလားဟင်”

သူ့စကားထဲတွင် ဘာအမှားမှ မပါဘဲနှင့် အဖေ ဘာလို့ ဒီလောက် စိတ်ဆိုးသွားရသနည်း ဘောကတော် စဉ်းစား၍ မရရှာချေ။ သံပရာရည်ခွက်ကို ဆောင့်တွန်းပစ်လိုက်ပြီး ထ အော်လိုက်သည်မှာ တစ်တိုက်လုံးပင် တုန်သွားလောက်သည်။

“သက်သာမလား ဟ၊ မီးမှ မလာတာ” တဲ့။

မစန္ဒာ

ရွှေအမြုတေ၊ နိုဝင်ဘာ၊ ၂၀၁၅