ထိုအမော-
ဂျာနယ်ကျော်မမလေး
“အမယ်လေး မေမေရေ…လာပါဦး”
ဖြူဖြူလင်းစိန် အလန့်တကြား အမယ်လေး တ,လိုက်သံကြောင့် ဒေါ်ဖြူဖြူနုသည် အခန်းထဲက ပြေးထွက်ခဲ့ရသည်။
“သမီးလေးရေ… သမီးလေး”
ဒေါ်ဖြူဖြူနုမှာ ထိတ်ပျာ ပူပင်လျက် သမီးထံသို့ ပြေးထွက်လာရင်း အသံပြန်ပေးလာသည်။
“ဘာတုန်း သမီး၊ ဘာတုန်း”
ဧည့်ခန်းရှိနံရံကပ်စားပွဲနား၌ ဖြူဖြူလင်းစိန်ကို တွေ့လိုက်ရသည်။ ဖြူဖြူလင်းစိန်၏ လက်ထဲ၌ ကိုင်ထားသော ဖိတ်စာခေါက်သည် လက်က လွတ်ကျသွားသည်။ သမီးနားသို့ အပြေးရောက်လာသော ဒေါ်ဖြူဖြူနုက လှမ်းကောက်ယူလိုက်သည်။
“ဟဲ့ ဘာဖြစ်တာလဲသမီး”
ဖြူဖြူလင်းစိန်၏ မျက်နှာမှာ သွေးတစ်စက်မျှ မရှိတော့ဘဲ ဖြူဖျော့လျက် စကားမေးမရအောင် မျက်စိမျက်နှာပျက်ကာ သူ့တစ်ကိုယ်လုံး တဆတ်ဆတ် တုန်လို့နေသည်။
ဘုရားခန်းထဲ၌ တရားထိုင်နေသော ဦးမောင်မောင်စိန်သည် သမီးအသံနှင့် ဇနီးအသံတွေက အထိတ်တလန့်ရှိအောင် ပွက်လောညံသွား၍ ရှူရှိုက်ခြင်းကို ခေတ္တရပ်စဲလျက် ဧည့်ခန်းကို အမြန်ထွက်လာခဲ့သည်။
ဖြူဖြူလင်းစိန်၏ ပခုံးလေကို ဒေါ်ဖြူဖြူနုက ခပ်ဆတ်ဆတ်လေးကိုင်လှုပ် မေးတော့မှပင် သမီးအသံထွက်လာသည်။
“ဖိတ်စာ မေမေ.. ဖိတ်စာ”
“ဘာဖိတ်စာတုန်း”
“ကိုလေးအောင်လေ ကိုလေးအောင်”
ဖြူဖြူလင်းစိန်သည် အသံထွက်အောင် အားယူ၍ ညှစ်ပြောရသည်။
“ဟင် ဟုတ်လား၊ ဖအေကြီးရေ ဖအေကြီး”
ဒေါ်ဖြူဖြူနုသည် ဦးမောင်မောင်စိန် နောက်ပါး၌ ရောက်လာမှန်းကို မသိလိုက်ဘဲ အော်ဟစ်ခေါ်ယူသည်။
“ဘာလဲ မဖြူရဲ့၊ ဘာဖြစ်ကြတာလဲ”
“သြော်.. ကိုင်း.. ကိုင်း မောင်လေးအောင် ဖိတ်စာတဲ့ ဟောဒီမှာ၊ ဟုတ်လား သမီး”
ဒေါ်ဖြူဖြူနုသည် လက်ထဲ၌ ဖိတ်စာကို ဦးမောင်မောင်စိန့်မျက်နှာနှင့် ထိလုခမန်း ဝှေ့ရမ်း၍ ပြောလိုက်သည်။
“ဟေ့ ဘယ်သူနဲ့တုံး”
ဦးမောင်မောင်စိန်က ဘယ်သူနဲ့တုန်း မေး၍ ဒေါ်ဖြူဖြူနုသည် ဖိတ်စာကိုဖတ်ရန် ဖြန့်လိုက်ပြီးမှ မျက်မှန်မရှိ၍…
‘သမီး ဘယ်သူနဲ့တုန်း’ ဟု သမီးကို ကြည့်၍ မေးလိုက်သည်။
စောစောက ဖြူဖျော့နေသော ဖြူဖြူလင်းစိန်၏ မျက်နှာတွင် ညိုမည်းနေပုံကို မြင်လိုက်ရ၍ ဒေါ်ဖြူဖြူနု၏ အသည်းနှလုံးသည် ပြုတ်ကျလုမတတ် လှုပ်ခါသွားသည်။
“ယဉ်ယဉ်ဥနဲ့တဲ့”
“ဘယ်က ယဉ်ယဉ်ဥလဲ သမီး”
ဦးမောင်မောင်စိန်က သိချင်၍ လှမ်းမေးသည်။
ဖြူဖြူလင်းစိန်သည် ဘယ်က ယဉ်ယဉ်ဥ ဖြစ်ကြောင်းကို ထုတ်ဖော်၍ ပြောရမှာပင် မပြောချင်သလောက် စိတ်မပါခြင်းဖြင့် ‘ဖေဖေတို့ ဖတ်ကြည့်ပေါ့’ ဟု မျက်နှာပျက်ပျက်ဖြင့် ပြန်ပြောသည်။
“မျက်မှန်တွေက အိမ်ထဲမှာ သမီးရယ်၊ ပြောပြစမ်းပါဦး”
သမီးမျက်နှာပျက်နေခြင်းကို ဦးမောင်မောင်စိန်က မသိချင်ယောင်ပြုကာ ချော့မော့မေးသည်။
“ပန်းတိမ်ဆရာ ဦးလူကလေး၏ သမီး မဥ ” ဟု ဆိုလိုက်၍ ဦးမောင်မောင်စိန်တို့ ဇနီးမောင်နှံမှာ တော်တော်နှင့် အသံမထွက်လာကြ။ တစ်ယောက်ကို တစ်ယောက် မျက်လုံးပြူးပြူးဖြင့် ကြည့်၍ အံသြခြင်းမက အံ့သြလျက်ရှိကြသည်။
“မြတ်စွာဘုရား”
ဒေါ်ဖြူဖြူနုထံမှ အသံထွက်လာလေ၏။ ဦးမောင်မောင်စိန်သည် သူ့ဇနီးအသံထွက်လာ၍ ကျောချမ်းသွားသည်။
“အောင်မယ်လေး မောင်လေးအောင်ရယ်၊ ပန်းတိမ်ဆရာ ဦးလူကလေးရဲ့ သမီးနဲ့တဲ့တော်၊ ဖြစ်မှဖြစ်ရလေ။ မိဥကများ ဖိတ်စာထဲမှာ ယဉ်ယဉ်ဥတဲ့ ဘုရား..ဘုရား၊ ရှင့်ကို ကျွန်မမပြောလား၊ နေ့ရွှေ့ညရွှေ့လုပ်မနေနဲ့၊ ပြောရင်လည်း မြန်မြန်သွားပြောပါလို့ ကျွန်မပြောပါရက်ကနဲ့။ ဟော ခုတော့ ပန်းတိမ်ဆရာသမီး မိဥက မရွယ်ဘဲနဲ့ အက်ဖ်အာရ်စီအက်(စ်)ကတော် ဖြစ်ရပြီ၊ ရှင့်ကြောင့်.. ရှင့်ကြောင့်”
ဒေါ်ဖြူဖြူနု၏အသံမှာ စူးလွန်လွန်း၍ ဦးမောင်မောင်စိန်၏ နားသာမက တစ်ကိုယ်လုံးပင် ကျိန်းစူးသွားသည်။ ဒေါ်ဖြူဖြူနု၏ နှုတ်သည် ဓားသွားလှံသွားထက်ပင် ထက်လှသည်။ ဦးမောင်မောင်စိန်သည် ဆက်လက်ပြီး ဒေါ်ဖြူဖြူနု၏ နှုတ်လှန်ထိုးဒဏ်ကို မခံရပ်နိုင်၍ အမြန်ကာကွယ်ရတော့သည်။
“ခုမှတော့ ကျုပ်ကို ပုံမချနဲ့ အမ်ဘီဘီအက်(စ်)အောင်စက သမီးကို လိုလိုချင်ချင်နဲ့ လာစပ်တုန်းကတော့ ခင်ဗျားပဲ အမ်ဘီဘီအက်(စ်)တွေ မှိုလိုပွနေသလေး ဘာလေးနဲ့ ဇီဇာများပြီး ခေါင်းခါနေတယ်။ အခု အက်ဖ်အာစီအက်(စ်)ဆရာ၀န်ကြီး ဖြစ်လာတော့မှ ကျုပ်ကို ပြောချေပါ၊ သွားချေပါ တွန်းလွှတ်နေတယ်။ အစက ကိုယ့်ဘက်က ငြင်းလာခဲ့တာ ဖြစ်တော့ မောင်လေးအောင့် အဖေကို ဘယ်လိုပြောရမယ်ဆိုတာ ကျုပ်အချိန်ယူနေရလို့ဗျ”
ဦးမောင်မောင်စိန်သည် အမ်ဘီဘီအက်(စ်) ဘ၀တုန်းက သမီးငြင်းခဲ့ပြီး အက်ဖ်အာရ်စီအက်စ်ဘွဲ့ရမှ ကိုယ်တိုင်သွားပြောရန် မျက်နှာပူနေ၍ နှောင့်နှေးရခြင်းဖြစ်သည်။
“ဟိုတုန်းက သမီး ငယ်ပါသေးတယ်လို့ မယုတ်မလွန်ပြောခဲ့တာပဲ။ သဘောမတူဘူးလို့ ပြောခဲ့တာမှမဟုတ်တာ။ ရှင် နေ့ရွှေ့ညရွှေ့ လုပ်နေလို့ လွတ်သွားရတာ သိလား။ မဥများတော် အပျိုဖြစ်တာမှ မနေ့တစ်နေ့က၊ ရုပ်ကလည်း ရွက်ကြမ်းရေကြို၊ ပစ္စည်းရင်းဆိုတာ ခုနောက်ပိုင်းမှ တိုက်ဆောက်နိုင်တာပါ။ ပန်းထိမ်အပြင် စျေးထဲမှာ ရွှေဆိုင်ကလေး ဖွင့်နိုင်တာနဲ့”
ဒေါ်ဖြူဖြူနု စကားမဆုံးမီ ဦးမောင်မောင်စိန်က ၀င်ရောက်ပြောသည်။
“စျေးထဲ ရွှေဆိုင်ကလေးဖွင့်တာလောက် လို့ အထင်မသေးနဲ့ဗျ။ ရွှေဆိုင်က တစ်လတစ်လကို ဘယ်လောက် ငွေ၀င်ကောင်းတယ် ထင်သလဲ။ ပန်းထိမ်လက်ရာကလည်း သူ့ဆီမှာ အထက်တန်းလွှာ တစ်ပြုံလုံးက အပ်ကြရတာ၊ ခင်ဗျားတို့လည်း ဦးလူကလေးမှ ဦးလူကလေးပဲ မဟုတ်လား။ ဦးလူကလေး မိန်းမရွှေဆိုင်မှာ ဘာမဆို လုပ်ပြီးသား အဆင်သင့်ရအောင် လက်ရာကောင်းကောင်းနဲ့ လုပ်ရောင်းတော့ ရောင်းလိုက်ရတာမှ တစ်နေ့တစ်နေ့ ငါးရာ၊ တစ်ထောင် မြတ်နေတာ တိုက်မဆောက်ဘဲ နေနိုင်ပါ့မလား။ မုန့်ဖက်ထုပ် ရှေးစိန်ကြီးတွေ ခပ်ပေါ့ပေါ့နဲ့၀ယ်၊ အပါးဝိုင်းပြန်သွေးပြီး ရောင်းနေတာလည်း ငွေ၀င်လိုက်တာမှ ကျိကျိတက်လို့”
နိုင်လွန်အထည်စက်ကြီး ပြည်သူပိုင် အသိမ်းခံရပြီးနောက် သံရုံးတစ်ရုံးကို ငှားထားသော ပြည်လမ်းမှ တိုက်၏ တိုက်လခ၀င်ငွေဖြင့် ခပ်ကုတ်ကုတ်ကလေး နေသော ဒေါ်ဖြူဖြူနုသည် သူတို့မှာ ပြည်သူပိုင် အသိမ်းခံရ၍ ပစ္စည်းရော၊ ဂုဏ်ရော အ,သွား၍သာ အက်ဖ်အာရ်စီအက်စ်က ရှောင်ရှားသွားခြင်းဟု စိတ်ထိခိုက်သွားသည်။
နိုင်လွန်စက်ကြီး လည်ပတ်နေစဉ်က ကိုလေးအောင်အဖေက သူ့သား အမ်ဘီဘီအက်စ် အောင်အောင်ချင်း မြောင်းပေါက်မတတ် သမီးနှင့် စပ်ဟပ်ခဲ့ပုံကို ပြန်ပြောင်း၍ မြင်ယောင်မိသည်။
တိုက်တွေနှင့်၊ ခြံနှင့်၊ ကားနှင့် မိမိတို့ တစ်သက်ထိုင်စား၍ မကုန်အောင် အခြေအနေ မပျက်ပါဘဲလျက် အိမ်၌ ပိုလျှံနေသော စိန်ရွှေတွေကို အဆမတန် စျေးကောင်းရတိုင်း ထုတ်ရောင်းခဲ့သည့်အခါတွင် ဒေါ်ဖြူဖြူနုသည် အမြတ်ကြီးရ၍ ရောင်းခြင်းမျိုးမဖြစ်အောင် ဆိုရှယ်လစ်စီးပွားရေးခေတ်၌ ပုဂ္ဂလိက အလုပ်အကိုင်မရှိ၍ အတွင်းပစ္စည်းတွေ ထုခွဲရောင်းချစားရသယောင်ယောင် ပါးစပ်မောင်းထုခဲ့သည်။
သူ ပါးစပ်မောင်းထုခဲ့မှုသည် လူအထင်သေးစေခြင်း တစ်ရပ်ဟု အက်ဖ်အာရ်စီအက်စ်နှင့် လွဲတော့မှ ကိုယ့်ချို့ယွင်းချက် ကိုယ်ပြန်မြင်သည်။
စိန်ပိုတွေ ထုတ်ရောင်းတိုင်း ဦးလူကလေးကို အပ်နှံကာ ရောင်းပေးရန် နားပူတိုက်ခဲ့သည်။ စိန်တွေ ထုတ်ရောင်းတာ ဦးလူကလေးမှတစ်ဆင့် ကိုလေးအောင့်အမေများ ကြားသိသွားရော့သလားဟု ခုမှ ပြန်ရှက်နေသည်။ သူ့ပါးစပ်မောင်းက သူ့ပြန်ထိမှန်းလည်း ခုမှ သိသွားသည်။
“ဖိတ်စာက ကိုလူကလေးက ဖိတ်တာလား၊ မောင်လေးအောင်တို့ဘက်က ဖိတ်တာလား”
ဇနီးရော သမီးပါ မျက်နှာပုပ်လျက် ငြိမ်သက်စွာ ရှိနေကြ၍ ဦးမောင်မောင်စိန်က မေးလိုက်သည်။
“ကိုလေးအောင်က ဖိတ်တာ၊ ဖေဖေနဲ့မေမေတင် မကဘူး၊ သမီးနာမည်ပါ ပါတယ်။ သူ့လက်ရေးနဲ့ သုံးယောက်စလုံးနာမည် ရေးပြီးမှ တမင်ဖိတ်တာလေ”
ဖြူဖြူလင်းစိန်က ပြောပြီး မျက်နှာနီနီဖြင့် နှုတ်ခမ်းကို ကိုက်ထားသည်။
ဖြူဖြူလင်းစိန် ဘီကွမ်းအောင်သည့် နှစ်၌ပင် ကိုလေးအောင် အမ်ဘီဘီအက်စ် ဘွဲ့ယူခဲ့သည်။ ကိုလေးအောင်ကို ဖြူဖြူလင်းစိန်က သဘောကျပေမယ့် မိမိတို့ ပစ္စည်းဂုဏ်ရှိန်နှင့် ဤဘွဲ့ကလေးနှင့် သေးနေသည်ဟု ထင်ခဲ့သည်။ ဘိလပ်ပြန် ဘွဲ့ထူးကြီးကြီးနဲ့မှ နိုင်လွန်စက်သူဌေးသမီး ဂုဏ်ရှိန်နှင့် လိုက်ဖက်မည် အထင်ရောက်ခဲ့၍ ငြင်းခဲ့မိသည်။ ဤနေရာတွင် အမေနှင့် သမီး တကြောတည်း သဘောထားချင်း တူညီခဲ့ကြသည်။ ယခုတော့ တက်တက်စင် လွဲချေပြီ။
“မင်္ဂလာဆောင်မှာက ဘယ်မှာတဲ့လဲ”
ဖြူဖြူလင်းစိန်သည် ဖိတ်စာကို မဖတ်ရသေး။ ပန်းထိမ်ဆရာ ရွှေကုန်သည် ဦးလူကလေး၏ သမီး ယဉ်ယဉ်ဥဟူသော စာလုံးကို မြင်တာနှင့် လွှတ်ချလိုက်၍ မင်္ဂလာဆောင်မည့် နေရာကို မသိလိုက်ပေ။ ဦးမောင်မောင်စိန် မေးတော့မှ ဖိတ်စာကို ယူကြည့်ပြီး ခုံပေါ်သို့ ပြန်ပစ်ချလိုက်သည်။
“အင်းလျားလိပ်မှာတဲ့”
“ဘယ်နေ့လဲ”
ဖြူဖြူလင်းစိန်သည် ဖိတ်စာကို ကောက်ယူ၍ ပြန်ဖွင့်ကြည့်ရပြန်သည်။
“အောက်တိုဘာ ၂၀ ရက်နေ့။ ဟုတ်ပါဘူး ၂၁ ရက်နေ့။ အင်းဟုတ်တယ်၊ ၂၀ ရက်နေ့”
မခံချင်စိတ်တွေ မွှန်ကဲနေခြင်းကြောင့် ဖြူဖြူလင်းစိန်၏ အသံသည် တိုတောင်းကျွတ်ဆတ်နေသည်။
“မသွားလို့တော့ မကောင်းဘူး မဖြူ၊ သွားမှကောင်းမယ်”
“ဖေဖေတို့ မေမေတို့ သွားကြ၊ သမီး မလိုက်ဘူး”
အို..မဟုတ်တာ၊ သမီးလိုက်ရမယ်။ သမီးမလိုက်ဘူးဆိုတာ ဒီနေရာမှာ သမီးမှားသွားပြီ။ သူတို့ဘက်က တမင် နာမည်ရေး ဖိတ်ပြမှ ဒီကလည်း ဂရုမစိုက်တဲ့အနေနဲ့ သွားကို သွားပြရမယ်”
ဒေါ်ဖြူဖြူနုသည် တစ်စခန်းထကာ လက်သီးလက်မောင်းတန်းလျက် အော်ဟစ်ပြောဆိုသည်။
“သမီးလိုက်မှ ဒီပွဲမှာ ဘဲဥနဲ့ ကျီးးကန်းကို ယှဉ်ပြနိုင်မယ် မဟုတ်လား သမီးရဲ့။ လိုက်ရမှာပေါ့၊ ညွှတ်နေအောင် ပြင်ဆင်သွားရမှာပေါ့”
ညွှတ်နေအောင် ပြင်ဆင်သွားရမယ် ဆိုခြင်းကိုတော့ ဖြူဖြူလင်းစိန် လက်ခံစဉ်းစားသည်။ သူ့အလှနှင့် မဥအလှမှာ သူ့အမေပြောသကဲ့သို့ ဘဲဥနှင့် ကျီးကန်းလို ကွာခြားမှန်း ပြချင်သည့်စိတ်သည် တစ်ထိုင်တည်း ပေါက်သွားသည်။
“သမီးလိုက်ရမယ်ဆိုရင်တော့ စိန်တွေကို သီးနေအောင်၀တ်ပြီး သမီးစိတ်ကြိုက် ပြင်ချင်သလိုပြင်မယ်။ ဖေဖေတို့၊ မေမေတို့ ပိုက်ဆံကုန်တယ်လို့သာ မညည်းကြနဲ့”
ဖြူဖြူလင်းစိန်သည် ပြောပြီး ဒေါနှင့်မောနှင့် အခန်းထဲသို့ ဆောင့်အောင့်ပြီး ၀င်သွားသည်။
ဦးမောင်မောင်စိန်ကို ဒေါ်ဖြူဖြူနုက မျက်စိတစ်ဖက် မှိတ်ပြလျက် သမီးနောက်မှ ထက်ကြပ်အော်ပြောလိုက်သွားသည်။
“ပြင် ပြင်၊ သမီး ကြိုက်သလောက်ပြင်။ ကုန်ပေ့စေ၊ ဘယ်လောက်ကုန်ကုန်”
“ဘုရား…ဘုရား”
ဦးမောင်မောင်စိန်သည် စိတ်ထဲက ဘုရားကို ရွတ်တလျက် တရားဆက်ထိုင်ရန် ဘုရားဆောင်သို့ ပြန်၀င်သွားသည်။
(၂)
ဖြူဖြူလင်းစိန်သည် အ၀တ်ဗီရိုကြီးကို ဆွဲဖွင့်လှစ်လိုက်သည်။ ဗီရိုကြီးတစ်ခုလုံး ပြည့်လျှံမို့မောက်နေသော အ၀တ်အထည်တွေထဲမှ မင်္ဂလာပွဲအတွက် ၀တ်မည့်အ၀တ်ကို ရွေးချယ်ရန် ဤအချိန်က အလုပ်စလေသည်။
“ဟင် မေမေရယ်၊ ဘာ၀တ်ရမှန်းလည်း မသိဘူး”
“သမီးမှာ ပြည့်လို့ပါ သမီးရယ်၊ အကောင်းဆုံး ရွေး၀တ်စမ်း။ အင်္ဂလန်က၊ အီတလီက၊ စင်ကာပူက၊ ဟောင်ကောင်က၊ ဂျပန်က ကြိုက်တာရွေး” ဒေါ်ဖြူဖြူနုတို့ နိုင်လွန်စက်ကြီး မတည်မီ မိသားစု ကမ္ဘာတစ်ပတ် လှည့်ခဲ့ကြစဉ်က ရောက်သမျှ နိုင်ငံအသီးသီးမှ သိမ်းကြုံး၀ယ်ချလာခဲ့သော ပထမတန်း ပွဲထိုင်အထည်တွေကို ကြိုက်တာရွေး၀တ်ရန် ရည်ညွှန်းပြောဆိုနေသည်။
ဖြူဖြူလင်းစိန်သည် ဖျာတစ်ချပ် ကြမ်းပြင်ပေါ်၌ခင်းကာ ဗီရိုထဲမှ ကောင်းပေ့၊ ဆန်းပေ့ဆိုသည့် အထည်များကို တစ်ထည်ပြီးတစ်ထည် ရွေးပုံချနေသည်။
“ဒါတွေက ၀တ်ရလွန်းလို့ ထပ်နေပြီ”
ဖျာပေါ်မှ အ၀တ်ပုံကြီးကို ကြည့်လျက် စိတ်ပျက်စွာ ညည်းညူလျက်ရှိသည်။ ပွဲတစ်ကာ ပွဲထက် ဤလက်ထပ်ပွဲတွင် သတို့သမီးထက် အဆတစ်ရာသာအောင် ဆန်းချင်သာချင်သော စိတ်တွေ ဖြိုးဝေလွန်မောက်နေမှုကြောင့် ဗီရိုထဲမှ အ၀တ်တွေကို တစ်ထည်မှမကြိုက်။
တစ်ထည်မှမကြိုက်တော့၍ အဆန်းဘာ၀တ်သွားရမည်ကို ခေါင်းပူချွေးပြန်အောင် ထိုင်စဉ်းစားသည်။ ဒေါ်ဖြူဖြူနုက သမီးလေး မသက်မသာဖြစ်နေခြင်းကို မကြည့်ရက်ကာ ကောင်းနိုးရာရာတွေကို ရွေးချယ်၍ အကြံပေးသည်။
“အီတလီက ပိုးစိမ်းလေး ၀တ်ပါလား သမီး။ မြဆက် (မြနှင်စိန်)ကလေးနဲ့လေ၊ သိပ်လိုက်တာပဲပေါ့”
“ဒါလည်း ၀တ်ပြီးပြီမေမေ၊ ထပ်ကာ ထပ်ကာ ၀တ်ရလို့ ရိုးနေပြီ မေမေ”
“ဒါဖြင့် ဂျပန်က ကီမိုနိုဖြူလွလွကလေး၀တ် သမီး။ ပုလဲဆက် (ပုလဲနှင့်စိန်)နဲ့ သမီး၀တ်ရင် သိပ်လှတယ်”
“မေမေကလည်း အဲဒါ၀တ်တာ ဘာကြာသေးလို့လဲ။ ပင်စီတို့ လက်ထပ်ပွဲသွားတုန်းက ၀တ်သွားတာ၊ မ၀တ်ချင်ဘူး”
ဖြူဖြူလင်းစိန်သာမက ဒေါ်ဖြူဖြူနုပါ ပွဲထိုင်အ၀တ်ကို အရွေးရကျပ်လွန်း၍ ခေါင်းမူးလာသည်။ ဗီရိုထဲမှ တစ်ထည်ပြီးတစ်ထည် ဆွဲ၍ဆွဲ၍ ဖြန့်ကြည့်ကြသည်မှာ အိမ်ဖော်မကလေး လှအေးတော့ လက်မောင်းပြုတ်အောင် ပြန်ခေါက်ရဦးတော့မည်။
“ကိုင်း.. ပတ္တမြားဆက် (စိန်နှင့် ပတ္တမြား)နဲ့ ဘနားရီ့(စ်)က ဆာရီ ရွှေချည်ထိုးအနီကို၀တ် သမီး။ ဒီထဘီ မ၀တ်တာ ကြာလှပြီ၊ မကောင်းဘူးလား”
ဖြူဖြူလင်းစိန်က ခေါင်းကုတ်လျက် စိတ်ရှုပ်စွာ ပြန်ပြောသည်။
“ည ပါတီပွဲမှ မဟုတ်တာ၊ နီရဲရဲကြီး ဘယ်ကောင်းမလဲ”
“ဒါကော၊ ဒါကော၊ ဒါကော”
ဒေါ်ဖြူဖြူနုသည် ပန်းရောင်၊ ခရမ်းရောင်၊ စိမ်းပြာ၊ ငုဝါ၊ မရမ်း၊ အဆင်အသွေး အမျိုးမျိုး၊ လှပေ့ဆန်းပေ့ဆိုသော ထဘီတွေကို တစ်ထည်ပြီးတစ်ထည် ဆွဲဖြန့်၍ သူ့ကိုယ်မှာ ကပ်ပြသည်။
“မကြိုက်ဘူး၊ မကြိုက်ဘူး၊ မကြိုက်ဘူး”
ဖြူဖြူလင်းစိန်သည် တစ်ထည်ပြီးတစ်ထည် လှည့်ကြည့်ကာ တစ်ထည်ပြီးတစ်ထည် ခေါင်းခါ၍ ပြောသည်။
ဒေါ်ဖြူဖြူနု ကိုယ်၌ကပ်ပြသမျှ လုံချည်တွေမှာ မြန်မာပြည်၌ မရှိသော ပစ္စည်းတော့မှန်သည်။ သူ့၌ ရှိတာတွေထက် ဆန်းရမည်၊ လှရမည်၊ သာရမည်ဆိုသော အာရုံက ခုံမင်ဖမ်းစားထား၍ ဘယ်ဒင်းမှ သစ်သည်၊ ဆန်းသည် မထင်တော့။
ဖိတ်စာရောက်ပြီး သားအမိနှစ်ယောက် အခန်းထဲသို့ ၀င်၍ အ၀တ်ရွေးကြသည်မှာ သုံးနာရီခန့်ကြာအောင် အချိန်သာ ကုန်သွားသည်။ မင်္ဂလာပွဲ၀တ်မည့်အ၀တ်ကို ရည်စူးသတ်မှတ်ချက် မချနိုင်ကြသေး။
ဖြူဖြူလင်းစိန်သည် မောပန်းစွာဖြင့် စီးကရက်ကို မီးညှိဖွာရှိုက်လိုက်သည်။ မှုတ်၍ထုတ်လိုက်သော မီးခိုးငွေ့များနောက်သို့ စိတ်ရောက်ပါသွားတော့မှ မီးခိုးတန်းကို ငေးကြည့်ရင်း စိတ်ကူးသစ် ရသွားတော့သည်။
“မေမေရေ”
ဖြူဖြူလင်းစိန် ထခုန်လိုက်သည်။
“ဘာတုန်း သမီး၊ ဘာတုန်း”
“အကြံရပြီမေမေ။ သမီး မီးခိုးနဲ့အပြာနဲ့ ရောဖက်ထားတဲ့ ဖော့တို့၊ ခရစ်တို့ လိုက်ရှာ၀ယ်မယ်။ ၀ယ်ပြီးတော့ ဒီဇိုင်းဆွဲတဲ့ ဆရာဆီမှာ ကိုယ်လိုချင်တဲ့ ဒီဇိုင်းကို ဆွဲခိုင်းပြီး ဆီးကွင့်စ်(ငွေချည်ပွင့် ရောင်စုံပြောက်) ထိုးခိုင်းမယ်။ အင်္ကျီက ပြာနုနုကလေးဆိုရင် သိပ်လှမှာပဲ”
ထခုန်ပျော်မြူး ပြောဆိုနေသော သမီးကိုကြည့်လျက် ဒေါ်ဖြူဖြူနု ရင်ခုန်လာသည်။
သမီးကြိုက်သည့် အရောင်အသွေးအထည်ကို ရအောင်ရှာ၀ယ်ရန် ခုနေအခါ၌ မလွယ်ကူကြောင်း လူတိုင်းအသိ။ သူလိုချင်သော ပစ္စည်း မရမချင်း ကိစ္စပြီးတော့မှာ မဟုတ်ခြင်းကြောင့် မင်္ဂလာပွဲသွားမည့် အလုပ်က စရုံပင်ရှိသေး စိတ်မောရလေပြီ။
“သမီးရယ်၊ သမီးလိုချင်တဲ့ အသွေးအရောင် ရပါ့မလား”
“ရအောင်ရှာမယ် မေမေ။ ဘယ်နေရာမှာ ရှိနိုင်တယ်ဆိုတာ ရအောင် စုံစမ်းပြီး လိုက်သွားမယ်။ ရရင် လုံချည်စက ၁၅၀ ကျပ်လောက် ပေးရမယ်။ ဆီးကွင့်စ်ထိုးတာက လက်ခရော ပစ္စည်းဖိုးရောဆိုရင် လေး ငါး ခြောက်ရာလောက် ကျမယ်”
ဒေါ်ဖြူဖြူနု၏ စိတ်ထဲ၌ မင်္ဂလာပွဲသွားမည့်အတွက် သူ့သမီး၀တ်မည့် အ၀တ်အစားမှာ သတို့သမီးထက် ကုန်ကျလိမ့်မည်ကို ခန့်မှန်းကြည့်သည်။ သံရုံးငှားထားတဲ့ တိုက်လခ တစ်လစာတော့ အချောပဲဟု တွက်လိုက်သည်။
ဖြူဖြူလင်းစိန်သည် အခန်းထဲ၌ ပုံဖွထားခဲ့သော အထည်ပုံကြီးကို အိမ်ဖော်များအား ပြန်ခေါက်ရန် ညွှန်ကြားလျက် အခန်းပြင်ဘက်တွင် တယ်လီဖုန်းနှင့် အလုပ်ရှုပ်ပြန်သည်။
နံပါတ် တစ်ခုပြီးတစ်ခု တယ်လီဖုန်းကို လှည့်ကာ လှည့်ကာဖြင့် ဖော့ခရစ်ရောင်စုံ ရနိုင်မည့်နေရာကို သူငယ်ချင်းတွေထံ စုံစမ်းမေးမြန်းနေသည်။
တယ်လီဖုန်းပြောနေရင်း ဖုန်းခွက်ကို လက်ဝါးနှင့်အုပ်လျက် ‘မေမေရယ်၊ မောင်ထွန်းကို ကားထုတ်ခိုင်းစမ်းပါ’ ဟု လှမ်းပြောပြီးနောက် တယ်လီဖုန်းခွက်ကို လှည့်ကာ ပြန်ဆက်ပြောနေသည်။
သမီးတယ်လီဖုန်းပြောနေတုန်းမှာပင် ဆင်၀င်အောက်၌ ကားအဆင်သင့်ရှိရန် ဒေါ်ဖြူဖြူနုက စေခိုင်းထားပြီးဖြစ်သည်။
ဖြူဖြူလင်းစိန်သည် ကားတစ်စီးဖြင့် သူငယ်ချင်းများ ပေးလိုက်သော လိပ်စာအတိုင်း ဖော့ခရစ် ရှာပုံတော်ထွက်သည်။ တစ်နေရာမှ တစ်နေရာ၊ နောက်တစ်နေရာ တစ်နေရာ။ ငါးနေရာ ရောက်ပြီးမှ သူလိုချင်သော အရောင်အသွေးနှင့် မတိမ်းမယိမ်းလောက်သာ ကွာသော ဖော့ခရစ်ထည်ကို ရသည်။ လုံချည်၀ယ်ပြီး အပြန်တွင် ပန်းချီဒီဇိုင်းဆွဲပေးသည့် ဒီဇိုင်းဆရာအိမ်သို့ တန်းသွားသည်။ ဒီဇီုင်းဆရာအိမ်၌ တိုင်ပင်ဆွေးနွေးခြင်းသည် အချိန်ကြာလွန်း၍ နေကုန်မှ အိမ်ပြန်ရောက်လာသည်။
နောက်တစ်နေ့၌ ဒီဇိုင်းဆရာ အားချင်း ပုံစံထုတ်၍ ဆေးရောင်ခြယ်ဆွဲပေးလိုက်သော ဒီဇိုင်းအတိုင်း ဆီးကွင့်စ်ရောင်စုံ ကြယ်ပွင့်များ ၀ယ်ရန် မြို့လုံးပတ်လည် ရှာပုံတော်ထွက်ရသည်ကလည်း မသက်သာလှ။ ရောင်စုံငွေပွင့်များကို အလေးချိန် ပေါင်နှင့်ချီ၍ ၀ယ်ရမှာဖြစ်ခြင်းကြောင့် အင်တိုက်အားတိုက် နေရာအနှံ့ လူဖြန့်၍ ရှာ၀ယ်ရသည်။
မင်္ဂလာဆောင်သွားရန်အတွက် သားအမိ အလုပ်ရှုပ်နေကြပုံကို ကြည့်၍ ဦးမောင်မောင်စိန် မျက်စိနောက်နေသည်။ စက်ရုံကြီး ပြည်သူပိုင်သိမ်းပြီးမှ တရားမြဲသွားသော ဦးမောင်မောင်စိန်မှာ စီးပွားရေးလုပ်ငန်းများ မရှိ၍ အချိန်အားအားရှိတိုင်း ပုတီးပဲ ဖိစိတ်သည်။ အလုပ်များနေကြသော သားအမိနှင့် လွတ်ကင်းရာ ဝေးရာ ကုန်းတော်ပေါ်တွင် မျက်စိအေးအောင် ပုတီးတက်စိပ်နေရသည်။
ဖြူဖြူလင်းစိန်မှာ လိုချင်သော အထည်ရအောင် ရှာရသည့်အခက်အခဲ၊ ဒီဇီုင်း၊ အချိန်မီမှု၊ ဆီးကွင့်စ် ငွေကြယ်ပြောက် ရှာဖွေရရေး အခက်အခဲတွေထက် ဆီးကွင့်စ်ထိုးပေးမည့် နေရာက အချိန်မီ ထိုးမပေးနိုင် ဆိုခြင်းကြောင့် ဒီနေရာရောက်မှ လာ၍ အခက်ကြီးခက်နေသည်။
“နှစ်ဆယ့်တစ်ရက်နေ့အမီ ဆယ့်ငါးရက်နဲ့အပြီး ထိုးပေးရမှာ၊ ဘယ်လိုမှ မပြီးနိုင်ဘူး။ ဒီ ဒီဇိုင်းပန်းအတိုင်းဆိုရင် ရှေ့ဖုံးနောက်ဖုံး အပြည့်ထိုးရမှာ။ တစ်လလောက် အချိန်ရမှ နေ့ရောညပါ ထိုးနိုင်မယ်။ ရောင်စုံဆိုတော့ အင်မတန် လက်၀င်ပါတယ်”
နောက်ဆုံးလာ၍ ခက်ထစ်နေသော အခက်အခဲကြောင့် လက်ခ ၂၅၀ ကျပ်ကို နှစ်ဆပေး၍ မခက်ခဲအောင် ဖြေရှင်းခဲ့ရသည်။ ထိုးခ ငါးရာမကလို့ ကိုးရာ၊ တစ်ထောင်ပဲ ကုန်ကုန် ကုန်စမ်းပါစေ။ ဒီပွဲမှာတော့ မကုန်လို့မဖြစ်။
လက်ထပ်ပွဲနေ့ကို စောင့်ဆိုင်းရသည့် ရက်များတွင် တစ်ရက်မှ စိတ်အားလူနား မရ။ လက်ထပ်ပွဲ လာကြမည့် ပရိသတ်ကြီးသာမက သတို့သားမြင်အောင်၊ သူ့ သတို့သမီးနှင့် နှိုင်းယှဉ်တုဖက်၍ မရနိုင်သော အလှသရဖူကို ဆောင်းပြလိုက်မည့် ရည်မှန်းချက်ကြောင့် နေ့ရှိသရွေ့၊ အချိန်ရှိသရွေ့ လှရာရာတွေ ရွေးကြည့်နေသော စိတ်ဖြင့် မအားလပ်အောင် စိတ်များနေသည်။
ပွဲမ၀င်ခင် ပြင်က ကျင်းပဆိုသည့်အတိုင်း တစ်မြို့လုံး ဖွင့်လှစ်ထားသော အလှပြင်ဆိုင်မှန်သမျှ အကုန်ရောက်သည်။ မျက်နှာနှင့် လိုက်ဖက်မည့် ဆံထုံးပုံစံ အမျိုးမျိုးကို နေရာအနှံ့အပြားသွား၍ စမ်းထုံးကြည့်သည်။
ရက်ခြား ရက်ခြား၍ လေးငါးကြိမ် ဆံပင်ပြင်ပြီးမှ နောက်ဆုံးသော လှကလျာဆိုင်က ထုံးပေးသည် ခေတ်ပေါ် မြန်မာဆံထုံးပုံကလေးကို စိတ်ကြိုက်ဖြစ်သွားသည်။
လက်ထပ်ပွဲသွားမည့်နေ့အတွက် ဆံထုံးထုံး၊ မျက်နှာအကြောအချင်ပြေအောင် ဓာတ်ခွက်နှင့် အချောကိုင်၊ မိတ်ကပ်လိမ်း၊ လက်သည်းဆိုးရန်အတွက် အစုစု တစ်ရာ့ငါးဆယ်နှင့် စျေးတည့်သွားသည်။
မင်္ဂလာပွဲသို့ ၀တ်ဆင်သွားမည့် ရတနာပစ္စည်းတွေကို ပန်းထိမ်တွင် အရောင်တင် ဆေးသည့်အခါတွင်မှ စိန်ချည်းမ၀တ်ချင်ပဲ အင်္ကျီ၊ လုံချည်နှင့် လိုက်ဖက်မည့် နီလာနှင့်စိန်ကို ၀တ်ချင်သည်။ သူ့တွင် မြ၊ ပတ္တမြား၊ ပုလဲနှင့် စိန်သာ တစ်ဆင် တစ်ဆက်စီရှိသည်။ နီလာမရှိ၍ အခက်ကြုံရပြန်သည်။
ဒေါ်ဖြူဖြူနုသည် သမီးက စိန်လက်ကောက်၊ စိန်ဘယက် မ၀တ်ချင်ဘူးဆို၍ သမီး၀တ်ချင်သော စိန်နှင့်နီလာ ရံထားသည့် လက်ကောက်၊ လည်ကပ်တို့ကို ငှား၀တ်ရန်အတွက် အပေါင်းအသင်းတွေထံတွင် အဆင့်ဆင့် စုံစမ်းရှာဖွေ၍ နေရတုန်းပင်။
တစ်ရက်ပြီးတစ်ရက် နီးကပ်၍လာသည်။ စိန်နှင့်နီလာဘယက်ကို မရသေး။ ရှမ်းစော်ဘွားကတော်တစ်ဦးထံ၌ ဤပစ္စည်းမျိုးရှိကြောင်း အခိုင်အလုံသတင်းရထားသော်လည်း စော်ဘွားကတော် ရှမ်းပြည်နယ်တက်သွားခြင်းကြောင့် စိတ်တထင့်ထင့်နှင့် ပြန်ရက်ကို စောင့်ဆိုင်းနေကြရသည်။
စိန်ဘီးစိုက်သည့်ခေတ် ကုန်၍ သမီးက စိန်ဘီးမစိုက်ချင်ဘူးဆိုခြင်းကြောင့် စိန်စျေးတွေ ငါးဆတက်နေခိုက် သမီးစိန်ဘီးကို ထုတ်ရောင်းခဲ့သည်။ ယခုတော့ သမီးက မြန်မာဆံထုံးကလေး ထုံးမည်ဆိုပြန်သဖြင့် စိန်ဘီးလိုလာပြန်သည်။
ရင်းချာသော မိတ်ဆွေတစ်ဦးကို အချိန်မီ စိန်ဘီးရှာပေးရန် တောင်းပန်ထားရသည်။ စိန်ဘီးကလည်း ကိစ္စတစ်မှောင့်။
ဖြူဖြူလင်းစိန်မှာ တစ်နေ့တစ်နေ့ မှန်ရှေ့ကမခွာ၊ ဖီးလိမ်း၀တ်စားပြင်ဆင်ပြီး ပေါ်လွင်လာမည့် သူ့အလှ၊ သူ့ရုပ်ရည်ကို စိတ်မှန်းဖြင့် လှ၍လှ၍ ကြည့်လျက် သတို့သမီး မဥထက် အပြန်တစ်ရာ သာရမည်ဟု စိတ်ထဲ၌ ကြိမ်းဝါးထားသည်။
နိုင်ငံခြားပြန်တစ်ဦးထံမှ အလှပြင်သေတ္တာတစ်လုံးနှင့် အတွင်းခံပိုးကောဆက် ဘောင်းဘီတစ်စုံ ရနိုင်မည်ဟု သတင်းပေး၍ လက်မလွတ်အောင် ပြေး၀ယ်ရခြင်းကြောင့် သည်ကြားထဲ သည်အတွက် ငွေ လေးငါးရာ ချောသွားသေးသည်။
“သမီးအဖေမသိစေနဲ့နော်၊ သိရင် ဖအေကြီး ပုတီးစိပ်ဖြောင့်မှာမဟုတ်ဘူး”
လက်ထပ်ပွဲသွားရန် သမီးအတွက် ကုန်ကျစရိတ် ထောင့်ငါးရာလောက် ချောနေ၍ ဦးမောင်မောင်စိန် မသိအောင် သမီးကို ပိတ်ဆို့နေသည်။ နိုင်လွန်စက်ရှိစဉ်က ဤငွေလောက်ကို စကားထဲ ထည့်ပြောနေစရာပင် မလိုဘဲ ယခုမှ စကားထဲ ထည့်ပြောနေရသည်။
လက်ထပ်ပွဲမသွားမီ တစ်နေ့ ရှမ်းစော်ဘွားကတော်ထံမှ နီလာနှင့် စိန်ဘယက်ကို ငှားရမ်းရရှိခဲ့ကြ၍ စိတ်သက်သာရာ ရသွားကြသည်။ စိန်ဘီးကတော့ ရှာတုန်းဖွေတုန်း။
(၃)
ဖြူဖြူလင်းစိန် အလှပြင်ဆိုင်က ပြန်ရောက်သည့်အချိန်မှာ နေ့လည် ၁၂ နာရီ။ လက်ထပ်ပွဲသို့ သွားရမည့်အချိန်က ညနေ ၃ နာရီ။
ဖြူဖြူလင်းစိန်တို့အိမ်၌ အိမ်ရှိလူကုန် ပျားပန်းခတ် အလုပ်ရှုပ်နေကြသည်။ အလှပြင်ဆိုင်မှ တစ်တန်၊ အိပ်ခန်းထဲတွင် ဆက်လက်၍ အလှပြင်ဆင်နေသော ဖြူဖြူလင်းစိန်အနီး၌ ဆွေမျိုးအချို့ပါ ရောက်ရှိပြီး ဝိုင်းအုံပြင်ဆင်ပေးနေကြသည်။
“လက်ထပ်မှာက ကိုလူကလေးရဲ့သမီး၊ သတို့သမီးထက် ကိစ္စများနေတာက ငါ့သမီး အင်း.. အင်း..”
ဦးမောင်မောင်စိန်သည် တစ်မနက်စာလုံး ယောက်ယက်ခတ်နေသော အိမ်ရှိလူကုန်ကို ကြည့်လျက် စိတ်ထဲက ညည်းကာ လွတ်ရာကျွတ်ရာ ဘုရားခန်းထဲ ၀င်နေရသည်။ ‘လက်ထပ်ပွဲသွားတာ သူတို့ကိုယ်သူတို့ သတို့သမီးများ မှတ်နေကြသလား’ ဟု စိတ်ထဲ၌ အောက်မေ့မိသည်။
“စိန်ဘီး မေမေ စိန်ဘီး”
အလှပြင်နေရင်း ဖြူဖြူလင်းစိန်က သူ့အမေကြားအောင် သံကုန်ဟစ်လေသည်။
“ရမယ်သမီး ရမယ်၊ အခုပဲ တယ်လီဖုန်းလာပြီ။ အခုပဲ လာပို့မတဲ့။ စိန်ဘီးတွေက ဘယ်သူမှ မဆောင်ကြတော့လို့ သူ့ခမျာ ကားတစ်စီးနဲ့ ရှာရတာ ဘယ်နှစ်ရက်ရှိပြီလဲ”
ဖြူဖြူလင်းစိန်အနား၌ လက်၀တ်လက်စား ဆင်ပေးသူက တစ်ယောက်၊ အင်္ကျီလုံချည် ၀တ်နည်း၀တ်ဟန် နေရာကျမကျ ကြည့်ရှုပေးရသူက တစ်ယောက်၊ ရေမွှေးဆွတ်ပေးရသူက တစ်ယောက်၊ ပန်းစိုက်ပန်ပေးသူက တစ်ယောက်၊ နောက်မှန် ဘေးမှန် ပြပေးသူကတစ်ယောက်။
အလှပြင်သည့် အနားတွင် ဤသို့ လေးငါးဦး ဝိုင်းကူကြရခြင်းသည် ပြည့်စုံလုံလောက်ပြီဟု မဆိုသာ။ ဒေါ်ဖြူဖြူနုသည် ဘေးကကြည့်လိုက်၊ နောက်ကကြည့်လိုက်၊ ဟိုနေရာကဟိုလို၊ သည်နေရာက လိုမည်ဟု လိုအပ်လေရာရာတွင် ပါ၀င်ပြောဆိုနေရခြင်းဖြင့်လည်း လုံလောက်သေးသည်မဟုတ်သေး။
“အမယ်လေး ဖအေကြီးရယ်၊ လာစမ်းပါ ထ,စမ်းပါ၊ ရှင့်သမီးကလေး ဘယ်လောက်များ လှသလဲဆိုတာ လာကြည့်စမ်းပါရှင်။ လာကြည့်စမ်းပါ”
ဒေါ်ဖြူဖြူနုသည် သူ့မျက်စိနှင့် အားမရ၍ ဘုရားခန်းထဲမှ ဦးမောင်မောင်စိန်ကို အတင်းဆွဲခေါ်ကာ သမီးအခန်းထဲသို့ ပို့သည်။
ဦးမောင်မောင်စိန်၏ မျက်လုံးများ ကျိန်းစူးသွားမတတ် ဖိတ်ဖိတ်တောက် လက်နေသော အရာတွေထဲမှ လက်စွမ်းကုန်အလှပြင် ချယ်သထားသော သမီးမျက်နှာကလေးကို စိုက်ကြည့်မိသည်။
ဆေးရောင်ခြယ်ထားသော ကြွေရုပ်နှင့်မခြား နုညက် ချောမွတ်လှပနေသော သမီးမျက်နှာလေးကို စေ့စေ့ကြည့်ကာ ဦးမောင်မောင်စိန် ကြိတ်၍ ၀မ်းနည်းသွားသည်။ သမီးမှာ တကယ့်ကို ကြည့်ရက်စရာမရှိအောင် လှသည်ဟု ထင်မိသည်။ မျက်နှာပူစွာဖြင့် သူအပြောနှေးလို့သာ အက်ဖ်အာရ်စီအက်စ်နှင့် လွဲခဲ့ရ၍ သမီးအတွက် များစွာ ယူကြုံးမရဖြစ်ရသည်။
ခရစ်လုံချည်၏ ပြာမလိုညိုမလို အရောင်တွေထဲတွင် နှစ်ဆယ့်လေးမျိုးသော အရောင်များ သွင်းထားသည့် ဆီးကွင့်စ် ငွေကြယ်ပြောက်တို့ဖြင့် ရှေ့ဖုံးနောက်ဖုံး စီခြယ်ဖန်တီး ချုပ်လုပ်ထားသော ထဘီကလည်း လူတကာ ငေး၍ ကြည့်ရမတတ်။
ငှက်ခါးတောင် အရောင်ပြာပြာနှမ်းနှမ်း နီလာလုံးတိုင်းတွင် စိန်လုံးတွေ ဝိုင်းဆင့်ရံထားလျက် သုံးသွယ်သော စိန်နီလာ ဘယက်လည်ဆွဲသည် ကိုယ်၌၀တ်ဆင်ထားသော ပြာနုနုခရစ်အင်္ကျီပေါ်တွင် ဖိတ်လက်လှပ ပေါ်လွင်ထင်ရှားလှပါဘိ။
စိန်ဘီး၊ စိန်ဆံထိုး၊ စိန်ပန်းခိုင်၊ စိန်နားကပ်၊ စိန်ပန်းလက်စွပ်တွေမှာ အဖိုးမည်မျှ ထိုက်ထိုက် ငှက်ခါးရောင် စိန်နီလာဘယက် လည်ဆွဲကို မလွှမ်းလေနိုင်။
“ကျွန်မသမီးကို သတို့သမီးနဲ့ ယှဉ်ပြိုင်ပြလိုက်မယ်၊ ဘဲဥနဲ့ကျီးကန်းကို သူတို့မြင်ရတော့မယ်”
“ဒါတွေ ပြောမနေပါနဲ့၊ အချိန်နီးနေပြီ မဖြူ၊ မင်းလည်းပြင်တော့ ဆင်တော့၊ နောက်ကျနေမယ်။ တို့သမီးက အလှဆုံးပါကွာ၊ အက်ဖ်အာရ်စီအက်စ်ထက် သာတာ တွေ့ဦးမှာပါ”
အိမ်မှအထွက် ဖိတ်ဖိတ်လက်နေသော မာစီဒီးကားထဲတွင် ဒေါ်ဖြူဖြူနုက သမီးအလှကို တတွတ်တွတ် သင်ကြားလာသည်။
“မောင်လေးအောင်ဖေဖေနဲ့ သမီးသေသေချာချာ နှုတ်ဆက်စမ်း ကြားလား။ မင်္ဂလာပွဲအပြီး မောင်လေးအောင်တို့ စုံတွဲကို နှုတ်ဆက်တဲ့အခါမှာလည်း လူတွေထဲကို တိုးဝှေ့ပြီး နှုတ်မဆက်ရဘူး။ လူတွေ မထခင်မှာ ဖြစ်ဖြစ်၊ စောစောသွားနှုတ်ဆက်။ ဒါမှမဟုတ်ရင်လည်း လူတွေရှင်းမှ ပေါ်ပေါ်ထင်ထင် သွားပြီးနှုတ်ဆက်လိုက် ကြားလား”
ယနေ့မင်္ဂလာပွဲမှာ သမီး မင်္ဂလာပွဲ ဖြစ်ရမည့်အစား မဥ၏ မင်္ဂလာပွဲဖြစ်နေ၍ ဒေါ်ဖြူဖြူနု၏ ရင်ထဲမှာ တနုံ့နုံ့နာခြင်းဖြင့် အသက်ရှူမမှန်။
ဖြူဖြူလင်းစိန်မှာ ဒေါက်တာလေးအောင်နှင့် လက်ဆွဲနှုတ်ဆက်ရမည့်အချိန်ကို တစ်လမ်းလုံး အာရုံစိုက်လာ၍ ရင်တလှပ်လှပ်ဖိုလျက်။
“ဟ.. အချိန်များစောနေသလား၊ ကားတွေတောင် တယ်မတွေ့ရသေးဘူး”
“စောတာကောင်းတာပေါ့ ဖအေကြီးရဲ့၊ ဒါမှ ရှေ့ဆုံးက နေရာရမယ်။ သတို့သား သတို့သမီးနဲ့ ကပ်လေလေ ကြိုက်လေလေပဲ”
အင်းလျားလိပ် ခန်းမဆောင်ကြီးထဲ ၀င်လိုက်မိမှ အပြင်က အိုက်စပ်လာလာသမျှ အေးမြသွားကြသည်။
ခေါင်းပေါင်းစ တလူလူနှင့် ဦးမောင်မောင်စိန်က ရှေ့က၊ ဒေါ်ဖြူဖြူနုနှင့် ဖြူဖြူလင်းစိန်တို့က နောက်မှ ဖြောင့်ဖြူးရှည်လျားစွာ ခင်းထားသော ကော်ဇောအိအိပေါ်တွင် တငြိမ့်ငြိမ့် လျှောက်လာကြသည်။
မင်္ဂလာခန်းမဆောင်သို့ မရောက်မီ ဖြတ်ကျော်ရာ စားသောက်ခန်းမှ စားပွဲထိုး လုလင်များသည် ဖြူဖြူလင်းစိန်တို့အား စားပွဲနေရာချပေးရန် လေးလေးစားစား ဆီးကြိုကြသည်။ ကြိုက်ရာစားပွဲကို ထိုင်ရန် ညွှန်ပြကြသည်။
“မင်္ဂလာဆောင် လာတာကွယ်၊ မင်္ဂလာဆောင်က စောနေသေးလား”
ဦးမောင်မောင်စိန်သည် ရှေ့က ခန်းမကျယ်ကြီးကို လှမ်းမျှော်ကြည့်ရင်းက ပြောသည်။
“ဘယ်မင်္ဂလာဆောင်ပါလဲခင်ဗျ”
“ဒေါက်တာလေးအောင် မင်္ဂလာဆောင်လေ”
“မနေ့က ပြီးသွားပါပြီခင်ဗျာ”
“နို့ ၂၁ ရက်နေ့ဆို”
အင်းလျားလိပ်မှ စားပွဲထိုးလုလင်များသည် လူမှုရေးရာကိစ္စများကို နားလည်ယဉ်ကျေးကြသည်။ ဒေါ်ဖြူဖြူနုနှင့် ဖြူဖြူလင်းစိန်တို့ သားအမိကို အားနာစွာဖြင့် မကြည့်ကြလေဘဲ ဦးမောင်မောင်စိန်၏ မျက်နှာကိုသာလျှင် ကွက်ကြည့်ကာ ယဉ်ကျေးစွာ ဖြေကြားသည်။
“မဟုတ်ပါဘူးခင်ဗျာ၊ ၂၀ ရက်နေ့ပါ”
ဤတွင် ဦးမောင်မောင်စိန်သည် ဒေါ်ဖြူဖြူနု၏ မျက်နှာကို မကြည့်ရဲ။ ဦးမောင်မောင်စိန် မကြည့်ရဲသကဲ့သို့ပင် ဒေါ်ဖြူဖြူနုကလည်း ဖြူဖြူလင်းစိန်၏ မျက်နှာကို သာ၍ မကြည့်ရဲ။
အင်းလျားလိပ်၏ အအေးဓာတ်သည် ဖြူဖြူလင်းစိန်တို့ မိသားစုအတွက် မအေးမြနိုင်တော့ဘဲ ခြစ်ခြစ်တောက် ပူပြင်းသွားလေသည်။
ဂျာနယ်ကျော်မမလေး
ဖြူနီညိုပြာမဂ္ဂဇင်း၊ နို၀င်ဘာလ၊ ၁၉၇၀