“ကိုပိုက်ရေ. . . ဒီမယ်ကြည့်စမ်းပါဦး၊ ရှည့်လေးတစ်ကောင်ခေါင်းပြတ် သေနေပြန်လေရဲ့”
အိပ်ရာထက်တွင် ဇိမ်ကျကျ မှိန်းနေဆဲ လင်းမြင့်လှိုင်၏ အော်ဟစ် ပြောဆိုသံကြောင့် ကျွန်တော်သည် လူးလဲထကာ စခန်းတဲပေါ်မှဆင်း၍ ရှေ့သို့ ခပ်လှမ်းလှမ်း ချောင်းစပ်ရှိ သစ်ပုပ်ပင်အောက်တွင်ရပ်နေသည့် လင်းမြင့်လှိုင်ထံသို့ သွားလိုက်သည်။
ထိုနေရာသို့ ရောက်သည်နှင့် လင်းမြင့်လှိုင်က…ရှဉ့်ကောင်သေလေးကို သေချာကိုင်တွယ်ကြည့်ရှုရင်း…
”ရော့. . . ကြည့်စမ်းပါဦးဗျာ။ ဘာကောင် ကိုက်သွားပြန်တုန်းမသိ ” ဆိုကာ ကျွန်တော့်ကို လှမ်းပေး၏၊ဒေါင်းပြတ်လျက် သွေးသံရဲရဲ ရှိနေဆဲဖြစ်သော ရှဉ့်သေကောင်လေးကို လှမ်းယူလိုက်ကာ သေချာကြည့်လိုက်သည်။”
“အေးဗျာ . . ဒါပါနဲ့ဆို ကျွန်တော်တို့တွေ့တာ လေးကောင်ရှိပြီဗျ။ ခေါင်းပြတ်ပြီး သေနေတဲ့ပုံစံက တစ်ထေရာတည်းပဲ၊ အံ့ဩစရာပဲနော်။ ဘာကောင် ကိုက်တာလဲ မသိဘူး”
ကျွန်တော်တို့နှစ်ယောက် မနေ့မနက်က အမဲပစ်ထွက်ကြပြီးအပြန်တွင် စခန်းတဲပတ်ဝန်းကျင်တွင် ခေါင်းပြတ်သေနေသော ရှဉ့်ငယ်တစ်ကောင်ကို တွေ့ ရ၏၊ ညနေစောင်း ရေချိုးအပြန်တွင် တစ်ကောင်တွေ့၏။ ညဉ့်နက်ပိုင်းတွင် တဲအမိုးပေါ်သို့ “ဘုတ်” ကနဲ တစ်စုံတစ်ရာပြုတ်ကျသံကြောင့် ထကြည့်သည့်အခါတွင်လည်း ခေါင်းပြတ်ရှဉ့်တစ်ကောင်ကို တွေ့ကြပြန်၏။ ဘယ်လို ဖြစ်ပါလိမ့်။
စဉ်းစားမရ။ မည်သို့ဖြစ်ရသည်မသိ။ ခေါင်းချည်းသက်သက်ကိုက်ဖြတ်စားသောက်သည့် ကြောင်ရယ်လို့လည်း မကြားဖူး မမြင်ဖူး။
သိန်းငှက် လက်ချက်လည်း မဖြစ်နိုင်၊ မြွေဆိုပါလျှင်လည်း တစ်ကောင်လုံး မျိုးသွားမည် ဖြစ်၏။ သို့ဆိုပါလျှင် ယခု ကျွန်တော်တို့ ရောက်နေသည့်တောတွင် လင်းမြင့်လှိုင်ကဲ့သို့ သတ္တဝါနှင့် လက်နက်မမျှသော်ငြားစားသောက်ရန် အသားချည်းကျန်အောင် ပစ်ခတ်တတ်သော သေနတ်သမားတစ်ယောက် ရှိနေပြီလား။ ဒါလည်း မဖြစ်နိုင်၊ မည်သည့် သေနတ်
သံမျှ မကြားရသည်ကိုး။ ခုတော့စဉ်းစားစရာ ဖြစ်ချေပြီ။
“ကိုလင်းရေ ဘာကောင်လက်ချက်လဲတော့ မသိဘူး။ ဒီကိစ္စကို ပေါ့ပေါ့တန်တန် ထားလို့တော့ မဖြစ်ဘူးနော်။ သတိဝီရိယ ရှိကြမှဖြစ်မယ်။ နို့မဟုတ် ကျွန်တော်တို့ဘက် မြားဦးလှည့်လာနိုင်တယ်ဗျ”
သို့နှယ် ကျွန်တော်က ပြောလိုက်သည်တွင် လင်းမြင့်လှိုင်ကတစ်ချက် တွေဝေစဉ်းစားလိုက်ပြီး. .
နို့ဖြင့်. . . ဒီလိုလုပ်မယ်ဗျာ။ အခု ကျွန်တော်တို့တွေ တွေ့ နေတဲ့ ရှဉ့်ခေါင်းပြတ်လေးတွေက စခန်းတစ်ဝိုက်မှာပဲ တွေ့တာဆိုတော့အန္တရာယ်ကောင်ဟာ စခန်းတစ်ဝိုက်မှာပဲ ရှိနိုင်တယ် ဆိုတော့ကာတော်တို့နှစ်ယောက် စခန်းက အထွက်ပြပြီး ပြန်ချောင်း ကြံလျှင်ဖြင့်မကောင်းဘူးလား”
သို့ပြောလာသည်ကို ကျွန်တော်က လက်ခံလိုက်ပြီး နှစ်ယောက်သား ခေါင်းချင်းဆိုင် တိုင်ပင်လိုက်ကြသည်။သို့ဖြစ်၍ မနေ့ညနေစောင်းက ရလိုက်သော ရှစ်ကောင် မီးကင်သားကို စားလိုက်ကြပြီး သေနတ်ကိုယ်စီ ဆွဲကိုင်ကာ အမဲလိုက်ရန် အလို့
ငှာ တဲမှခွာခဲ့ကြသည်။
စခန်းနှင့် အတော်လှမ်းလှမ်း အရောင်တွင် ကျွန်တော်တို့သည်ခေတ္တခဏထိုင်ကာ ဆေးလိပ်သောက်ကြပြီး အချိန်အနည်းငယ်ကို ဖြုန်းပစ်လိုက်ကြ၏။ ဘယ့်အတွက်မူကျွန်တော်တို့သည် စခန်းသို့ ပြန်ချောင်းကြမည်ဖြစ်သည်ကြောင့် ရှေ့ဆက် ခရီးဆန့်ရန် အကြောင်းမရှိတော့၍ဖြစ်၏။
“ကိုလင်းရေ. . . ခင်ဗျားဘယ်လို ထင်သလဲ”
“ကိုပိုက် ဘာဆိုလိုတာတုန်း၊ ရှဉ့်လေးတွေ ကိစ္စကို ရည်ရွယ်တာလား”
“အဲဒီ အကြောင်းကလွဲလို့ ဘာရှိရမှာတုန်း
သို့နှယ် ပြောလိုက်ပြီး ကျွန်တော်သည် ဆေးလိပ်ကို မီးညှိရန်မီးခြစ်ဘီးလုံးကို လက်မနှင့် ဖိလှိမ့်ဆွဲချလိုက်၏။”
“ရှိစ်”
“ဒိန်း”
“ဘုတ်”
“ဟာ”
ကျွန်တော် မီးခြစ်ဘီးလုံးကို လှိမ့်လိုက်သည်နှင့် တပြိုင်နက်ဆိုသလို သေနတ်သံ တစ်ချက်ကြားလိုက်ရပြီးနောက် မြေပြင်ပေါ်သို့တစ် စုံတစ်ခုသည် ဘုတ်ကနဲ မြည်ကာ ကျလာသည်ကြောင့်မီးတောက်နေဆဲ မီးခြစ်ကို ကိုင်လျက် အံ့အားသင့်သွားမိတော့၏။
မိုးပေါ်မှ ပြုတ်ကျလာ သည်မှာ သွေးသံရဲရဲဖြင့် ခေါင်းပြတ်သေနေသည့်ရှဉ့်လေးတစ်ကောင် ဖြစ်သည်။
သို့နှယ် နှစ်ယောက်သား တဒင်္ဂ တွေဝေနေကြဆဲပင် သေနတ်ကို ပခုံးထက်ထမ်းလျက် ကျွန်တော်တို့ထံ လျှောက်လှမ်းလာနေသော လူငယ်တစ်ယောက်ကို တွေ့လိုက်သည်။ ဤအရပ်၊ ဤဒေသမှ ဖြစ်ဟန်မတူ။ မြို့ပြကြီးမှ လာရောက် တောပစ်ထွက်ခဲ့ဟန်တူ၏။ အဖော်အပေါင်းနှင့်လာရင်း လမ်းခွဲထွက်လာသူ (သို့မဟုတ်) လူစုကွဲလာသူ ဖြစ်ပေလိမ့်မည်။ အသက်အားဖြင့် အစိတ်သုံးဆယ်ခန့်ပင် ရှိပေမည်။ သို့ငြားအရပ်အမောင်း ကောင်းခြင်း၊ ဗလကောင်းခြင်း၊ မျက်နှာတည်ကြည်လေးနက်ခြင်းနှင့် “ဒီကောင်လေးကို ကျွန်တော် ပစ်လိုက်တာပါ” လို့ ပြောလာသည့် သူ့အသံသည် အသံဩဇာကောင်းသောကြောင့် လေးဆယ်ကျော်ဟု ထင်ရ၏။ သို့ပေမင့် ထိုအရပ်အမောင်း၊ ထိုအသံနှင့် မလိုက်ဖတ်မညီသော နုနုနယ်နယ် အသားအရေ၊မျက်နှာပေါက်တို့ကြောင့်အစိတ် သုံးဆယ်ဟု ခန့်မှန်းလိုက်ခြင်း ဖြစ်သည်။
“နို့ဆိုလျှင်ဖြင့် ဒီရှဉ့်ကို မင်းပစ်တာပေါ့”
လင်းမြင့်လှိုင်က မေးလိုက်သည်။
“ဟုတ်တယ်”
ပြုံးစစ မျက်နှာပေးဖြစ်ငြား တိုပြတ်ပြတ်ပင် အဖြေပေး၏။
“နို့ဖြင့် ကျုပ်တို့ စခန်းတစ်ဝိုက်မှာ တွေ့ တွေ့ နေရတဲ့ ရှဉ့်ခေါင်းပြတ်လေးတွေကကော မောင်ရင် ပစ်တာပဲလား”
ကျွန်တော်က သို့နှယ် မေးလိုက်သည်တွင် သူကခေါင်းကိုခါယမ်းလိုက်ပြီး…
“ကျွန်တော် ဒီကောင်ကိုပဲ ပစ်တာ”
ရယ်လို့ကာ ပြောလာ၏။
“နို့ဆိုလျှင်ဖြင့် မောင်ရင်လေးအပြင် ဒီတောထဲမှာ ..လက်ဖြောင့်သေနတ်သမားတစ်ဦး ရှိဦးမှာပေါ့”
လင်းမြင့်လှိုင်က မေးလိုက်ပြန်သည်။
“မသိဘူး။ ကျွန်တော်ကတော့ တစ်ယောက်တည်းပဲ”
“ဘာပြောတယ်. . . မဖြစ်နိုင်တာချည်းကွာ”
လင်းမြင့်လှိုင်က သူ့စကားကို မယုံကြောင်း ပြောလိုက်၏။သူ့စကားကို ယုံလောက်စရာလည်း မရှိပေဘဲကိုး ကြည့်လေ။
“အသားလတ်လတ်” “ရုပ်ရည် သန့်သန့်ပြန့်ပြန့်” ရန်ကုန်သားလေးတစ်ယောက်က ပဲခူးရိုးမတောနက်ကြီးထဲ တစ်ယောက်တည်း အဖော်မပါ ထွက်လာသည်ဆိုတော့ လက်ခံစရာအကြောင်း မည်သို့ရှိပါ လိမ့်မည်နည်း၊
“မောင်ရင်လေး ရန်ကုန်က လာတာ မဟုတ်လား”
“လာနောက်မနေပါနဲ့ဗျာ၊ ရန်ကုန်မြို့ကြီးဆိုတာ ကြားဖူးတာပဲရှိတယ်။ ဘယ်ရှိမှန်းတောင် မသိဘူး။ ကျွန်တော်က “မီးတွင်းကုန်း” ရွာသားပါ”
ထိုလူငယ်၏ စကားကြောင့် နှစ်ယောက်သား အံ့ဩသွားကြသည်။ မီးတွင်းကုန်းရွာသည် ပဲခူးရိုးမတောင်ပေါ်ရွာများတွင် တစ်ရွာအပါအဝင်ဖြစ်၏။ မည်သို့ကြောင့် ထိုသူငယ်သည် မီးတွင်းကုန်း ရွာသားဖြစ်နေရပါသနည်း။
မီးတွင်းကုန်းရွာသို့ ကျွန်တော် ရောက်ဖူးသည်။ တောင်ပေါ်ကရင်များ ဖြစ်ကြသည်။ တောခုတ်၊ သစ်ခုတ် လုပ်ငန်းများဖြင့် ဝမ်းစာရှာဖွေနေကြသူများ ဖြစ်သည်ကြောင့် အရွယ်ရောက်လာသည်နှင့် ပင်ပင်ပန်းပန်း ကြမ်းကြမ်းတမ်းတမ်း လုပ်ကိုင်ကြရသူများ ဖြစ်သည်။ သို့ဖြစ်
ခြင်းကြောင့် သူတို့၏ အသားအရေသည် ကြမ်းတမ်းကြ၏။ ရုပ်သဏ္ဍာန်သည် အရွယ်နှင့်မလိုက်အောင် ရင့်ရော်ကြ၏။ ထိုသူငယ်ကား သို့နှယ်မဟုတ် အသားအရေ စိုပြေ ဝင်းဝါနူးညံ့၏။ ရုပ်ရည်သန့်ပြန့်၏။ ထိုသူငယ်နှင့် ထိုရွာ လုံးဝဆက်စပ်၍ မရနိုင်ချေ။ သို့ငြား သူကိုယ်နှိုက်ကထိုရွာသားပါဟု ပြောလာသည်ကြောင့် စောဒက မတက်ကြတော့ပါချေ။
“ကဲပါလေ. . . ငါတို့ စခန်းတစ်ဝိုက်မှာရှိတဲ့ ခေါင်းပြတ် ရှဉ့်လေးတွေက မောင်ရင်နဲ့ မပတ်သက်ဘူးဆိုတော့. . . “
ကျွန်တော့်စကား မဆုံးမီ ထိုသူငယ်က “မပတ်သက်လည်း ပတ်သက်ရလိမ့်မယ်” ဟု ပြောလာသဖြင့် သူ့ကို သေချာကြည့်မိလိုက်၏။ထိုအခါသူသည် ကျွန်တော်တို့နှစ်ယောက်ကို ပြုံးပြလျက်-
“ကျွန်တော်လည်း အမဲပစ်ထွက်ရင်း ဦးကြီးတို့စခန်းနားမှာခေါင်းပြတ်သေနေတဲ့ ရှဉ့်လေးတွေ တွေ့တယ်။ ထူးဆန်းလို့ သေချာကြည့်မိတဲ့အခါ ခေါင်းပြတ်နေပုံခြင်းက တစ်ထပ်တည်း ဖြစ်နေတယ်။ခေါင်းပြတ်နေပုံက ထက်မြက်တဲ့ ဓားနဲ့လှီးဖြတ်ထားတာမျိုး မဟုတ်ဘူး၊အသားစတွေ ဖွာလံကျဲနေတော့ကာ လက်အမှန်းအဆကောင်းတဲ့ မုဆိုးတစ်ယောက် လက်ချက်ပေလားလို့ သိချင်တာနဲ့ ခုလို ရှဉ့်လေး တစ်ကောင်ကို ပစ်ကြည့်တာလေ။ အဲဒီ ရှဉ့်သေလေး ပေးပါဦးဗျာ၊ ကြည့်ချင်လို့”
ကျွန်တော်သည် လက်တွင်းကိုင်ထားဆဲ ရှိနေသည့် ခေါင်းပြတ်ရှဉ့်လေးကို ကမ်းပေးလိုက်သည်။
“မောင်ရင်လေး ပစ်တဲ့အကောင်၊ မောင်ရင်လေးပဲ ရသင့်တာပေါ့” ဟုလည်း ပြောလိုက်၏။ထိုသူငယ်သည် ရှဉ့်ခေါင်းပြတ်လေးကို သေချာစူးစိုက်ကြည့်၎င်း ခေါင်းကို ခါယမ်းလိုက်သည်။ ပြီးနောက်-
“ဦးကြီးတို့ စခန်းတစ်ဝိုက်မှာတွေ့တဲ့ ခေါင်းပြတ်ရှည့် လေးတွေဟာဆိုရင် သေနတ်ကျည်ထိမှန်လို့ ခေါင်းပြတ်ထွက်တာ မဟုတ်လောက်ဘူးဗျ၊ အကောင်တစ်ကောင်က ကိုက်ဝါးဆွဲဖဲ့ထားတာပဲဖြစ်မယ်။
”အေး…အဲ့ဒါအဖြေပဲ…. ဘာကောင်ဖြစ်နိုင်လဲ”
ကျွန်တော်က မေးလိုက်သည်။
သူငယ်သည် လွန်စွာ စေ့စပ်သေချာသူ ဖြစ်၍ ထိုသူငယ်လေးအပြောမမှား မရှိပါချေ။ ခေါင်းပြတ်ပုံခြင်း မတူပါ။ သေနတ်မှန်ထားသောဦးခေါင်းပြတ် ရှဉ့်လေးတွင် ဦးခေါင်းပိုင်း၏ အရိုးစတို့ ကျန်နေဆဲ ဖြစ်၏။
စခန်းတဝိုက် ရှိနေသည့် ရှဉ့်ခေါင်းပြတ်တို့တွင် ဦးခေါင်းပိုင်း လုံးဝပျောက်၍ လည်တိုင်တစ်ဝိုက် အသားစတို့သာလျှင် ဖွာလန်ကျဲနေခြင်းဖြစ်သည်၊
“မောင်ရင်လေးပြောတာ မှန်ပါတယ်။ ငါတို့လည်း အဲဒီကိစ္စသိချင်တာနဲ့ ခဏရှောင်ထွက်လာတာ။ တော်ကြာနေ စခန်းဘက် ပြန်
သွားချောင်းမလို့”
ကျွန်တော်က အစီအစဉ်ကို ပြောလိုက်သည်တွင် သူသည်အားရဝမ်းသာ ဖြစ်သွားကာ. .
“နို့ဖြင့် အတော်ပဲပေါ့။ ကျွန်တော်လည်း ဦးကြီးတို့နဲ့ ပြန်လိုက်ခဲ့မယ်။ ကျွန်တော်လည်း သိချင်တယ်ဗျာ” ဟု ပြောလာတော့သည်။
“ကောင်းပြီလေ”
သို့ဖြင့် ကျွန်တော်တို့သည် ထိုနေရာလေးမှ ထွက်ခဲ့ကြတော့သည်။ လမ်းတစ်လျှောက် စကားစမြည်ပြောခဲ့ကြရာမှ သူ့ကို သူတို့ရွာသားများနှင့် ပတ်ဝန်းကျင်များမှ ရွာသူရွာသားများသည် မင်းသားဟုချစ်စနိုး ခေါ်ကြကြောင်း၊ သို့ဖြစ်၍ သူ့ကို “မင်းသား” ဟုသာ သိထားဖို့လိုကြောင်း ပြောလာသည်။
ကျောင်းပညာဆို၍ လုံးဝမတတ်ကြောင်း၊ သင်လည်း မသင်ခဲ့ရကြောင်း၊ သို့ပေမင့် သူ ့ဆရာလည်းဟုတ်၊ မိတ်ဆွေကောင်း ဟူ၍လည်း
ပြောရလေမည့် မုဆိုးကြီးက သူ့ကို မုဆိုးပညာသာမက၊ သဘာဝနှင့်ကိုက်ညီအောင် အနီးစပ်ဆုံးဖြစ်အောင် တွေးခေါ်ကြံဆတတ်ဖို့ရာ သင်ပြညွှန်ပြခဲ့သည်ဟု ပြောပြန်၏။
ကျွန်တော်သည် ထိုသူငယ်နှင့် စကားအတော်များများ ပြောဖြစ်လေမှ ပို၍ ခင်မင်သွားမိသည်။
သို့ဖြင့် ကျွန်တော်တို့ စခန်းနားရောက်လုတွင် စခန်းတဲရှိရာသို့ချောင်းမြောင်းသွားလိုက်ကြ၏။ ထူးခြားမှုဆို၍ သစ်ပုပ်ပင်ကြီးအောက်
တွင် ပဉ္စမမြောက် ရှဉ့်ခေါင်းပြတ်လေးကို တွေ့ ရခြင်းသာ ဖြစ်၏။ အခြားထူးခြားမှု မရှိပါချေ။
သို့ဆိုပါလျှင် ထိုတရားခံသည် ဤနားတစ်ဝိုက်တွင်သာ ရှိချိမ့်မည်။ အဖြစ်နိုင်ဆုံးသည် သစ်ပုပ်ပင်ကြီးတွင်သာ ဖြစ်နိုင်ချေများပေ၏၊
“ကဲ…မောင်ရင်လေး တွေ့တယ် မဟုတ်လား။ အဲလိုပဲရှဉ့်လေးတွေ ခေါင်းပြတ်သေနေရတာကွ။ ဘာကောင်ရဲ့ လက်ချက်လည်းမသိဘူး။ တစ်ခေါင်းလုံးစားပြီး ခေါင်းပြတ်ကိုယ်ကို ထားခဲ့တာနဲ့ တူပါတယ်”
သစ်ပုတ်ပင်အောက်မှ ထပ်မံရရှိသည့် ခေါင်းပြတ်မှဉ့်လေးနှင့်သူငယ်လေး ပစ်ခတ်သတ်ဖြတ်လိုက်သော ရှဉ့်သေလေးကို ယှဉ်တွဲလေ့လာ သုံးသပ်ကြည့်နေရင်း သို့နှယ် ပြောလိုက်၏။
ခေါင်းမရှိတာခြင်း တူပေမင့် ခေါင်းပြတ်ပုံခြင်းမတူ၊ ခြားနားနေပေ၏၊
“ဒီည ကျွန်တော် ဦးကြီးနဲ့ နေမယ်ဗျာ။ တရားခံအစစ်ကို အရဖော်မယ်၊ ဒီည မအိပ်ဘဲ စောင့်ကို ဖမ်းမယ်”
“ကောင်းတာပေါ့ကွာ”
သို့ဖြင့် ကျွန်တော်တို့သည် စခန်းတဲပေါ်သို့ တက်လိုက်ကြပြီးကျောဆန့်လိုသည်ဖြစ်၍ ကြမ်းခင်းပေါ် လှဲချလိုက်တော့၏၊
ထိုသူငယ်ကား သူ့လွယ်ပုလိုင်းတွင်းမှ တောကြောင်သေကောင်ကို ဆွဲထုတ်လိုက်ပြီး …
“ကြောင်တော့ ရှိတယ်” ဆိုကာ ကြမ်းခင်းပေါ် ဘုတ်ကနဲ-ပစ်ချလိုက်၏၊လင်းမြင့်လှိုင်က သူ့အပြုအမူကို သဘောကျသွားဟန်ဖြင့်…ပြုံးစစဖြင့် ကြည့်ရင်း သူ ဖီးဂျက်ကက် ဘေးအိတ်တွင်းမှ “ဂျော်နီ လမ်းလျှောက်” ဝီစကီပုလင်းကို တော့ကြောင်သေပေါ် လှဲချလိုက်ရင်း “ငါ့မှာတော့ ဒါပဲ ရှိတယ်” ပြောလိုက်သဖြင့် သုံးယောက်သား အဓိပ္ပာယ်ပါပါ ရယ်မောလိုက်ကြတော့သည်။
”ဟာ:… .ဟား..ဟား… ဟား”
သို့ရယ်မောနေရင်း ကြောင်သေကြီးကိုကြည့်လိုက်သည်တွင်ဦးခေါင်းတစ်ခြမ်း မရှိသည်ကို သိလိုက်သဖြင့်….
မောင် ရင်လေးက သားကောင်ပစ်ရင် ဦးခေါင်းကိုပဲ ချိန်တွယ်ပစ်ခတ်တတ်တယ်နော်” ဟု ပြောလိုက်၏။
ထိုသူငယ်က ပြုံးလျက် ခေါင်းညိတ်ပြ၍ ကြောင်သေကိုကောက်ယူကာ ထင်းမီးဖိုရှိရာသို့ သွားပြီး အမွေးများကို မီးမြှိုက်နေလေတော့၏။
“ချာတိတ် ညှော်တယ်ကွာ။ အရေခွံ ဆုတ်လိုက်ပါကလား”
လင်းမြင့်လှိုင်က သို့ပြောလိုက်သည်တွင်-
“ကြောင်တို့ ရှဉ့်တို့ဆိုတာ အရေခွံပါမှ စားကောင်းတာလေ။တလက်စတည်း ကျွန်တော် ပစ်ထားတဲ့ ရှဉ့်လေး ပေးပါဦး” ဟု ပြောလေ
၏။
သို့ဖြစ်၍ ကျွန်တော်သည် သူ့ထံသို့ ရှဉ့်သေလေးတို လှမ်းပစ်ပေးလိုက်သည်။
တစ်ဆက်တည်း ဆိုသလို ခန္ဓာကိုယ်ပေါ်မှ အင်္ကျီ အဝတ်အစားတို့ကို ချွတ်ကာ “ကဲ. . . ကိုလင်း. . . ရေသွားချိုးကြစို့” ဟုပြောလိုက်၏။ လင်းမြင့်လှိုင်က “ကောင်းတယ်။ ကဲ မောင်ရင်လေး ငါတို့ရေသွားချိုးဦးမယ်။ လိုက်ဦးမလား” ဟု ထိုသူငယ်လေးကို မေးလိုက်
သည်။
ထိုသူငယ်လေးက အမွေးများ မီးမြိုက်ပြီး ကြောင်သေကို ဖျက်နေရင်းမှ ခေါင်းခါပြ၏၊
ကျွန်တော်နှင့် လင်းမြင့်လှိုင်သည် စခန်းနှင့် မဝေးလှသော ရေကြည်ချောင်းကလေးတွင် ရေဆင်းချိုးလိုက်ကြသည်။
ကျွန်တော်တို့ ရေချိုးပြီး စခန်းပြန်အရောက်တွင် ကြောင်သားချက် ကျက်လုချေပြီး ရှဉ့်ကမူ အမြည်းသက်သက်အလို့ငှာ ကောင်လုံး
လိုက်ကြော် ထားပြီးဖြစ်သည်။
“ကဲ. . . မောင်ရင်လေး၊ ဟင်းအိုးကို ကြည့်ထားပေးမယ်။ ရေသွားချိုးလေ။ ပြီးရင် တို့တွေ့ ဆုံတဲ့ အထိမ်းအမှတ် မိတ်ဆက်ပွဲလေး လုပ်
ကြတာပေါ့”
လင်းမြင့်လှိုင်က ပြောလိုက်သည်တွင် သူက ခေါင်းခါပြရင်း..
“မချိုးတော့ပါဘူး။ ဘာထူးမှာတုန်း၊ အရက်နဲ့ ကြောင်သားစားပြီးပြန်ပူမှာပဲလေ၊ တစ်အောင့်ဆို ဟင်းကျက်ပြီပဲ”
တစ်အောင့်အကြာတွင် ကြောင်သားချက် ကျက်ပြီဖြစ်၍ ဝိုင်းစလိုက်ကြသည်။
“ကဲ. . . ချီးယား. . . ချီးယားစ်”
ကျွန်တော်က စတင် အရက်ခွက်ကို ကောက်ကိုင်မြှောက်လိုက်ပြီး ချီးယားစ် လုပ်လိုက်၏၊ လင်းမြင့်လှိုင်နှင့် ထိုသူငယ်သည် သူတို့ခွက်
ကို ကိုင်မြှောက်ကာ ခွက်ချင်း ထိခတ်လိုက်ပြီး ချီးယားစ် ပြန်လုပ်ကြသည်။
ထိုသူငယ်ကို လျှော့တွက်၍ မရချေ။ အံ့ဩစရာ ကောင်းသည့်သူတစ်ယောက် ဖြစ်သည်။ မြို့ပြဆိုတာ ကြားပင်မကြားဖူး။ ကျောင်းပညာဆို၍ နကန်းတစ်လုံးမျှ မတတ်သူကအနောက်တိုင်း ယဉ်ကျေးမှုကိုသိနားလည်ပါကလား။
နောက်တစ်ခွက် ထပ်ငှဲ့ကြပြီးနောက် “ဒါကတော့ အကြိုအောင်ပွဲအတွက်” ဆိုကာ ချီးယားစ် လုပ်လိုက်ကြပြန်၏။
ရေမရောဘဲ နှစ်ပက်ခန့်လောက် သောက်ပြီးဖြစ်၍ ရင်ထဲတွင်ထူပူသွားတော့၏။ သို့ဖြစ်၍ အမြည်းတစ်ဖတ် ကောက်ယူဝါးစားမည်ဟုတွက်ကာ ကြောင်သားတစ်ဖတ်ကို လှမ်းအနှိုက်တွင်. . .
“နေဦး. . . ဦးကြီး” ဟုဆိုကာ ထိုသူငယ်လေးသည် အရက်တစ်ပက်ခန့်စီ ခွက်များအတွင်းသို့ ထပ်ထည့်ကာ သူ့ခွက်ကို ကိုင်မြောက်လိုက်ရင်း-
“ဒါကတော့ ကျွန်တော့်ရဲ့ အကြိုနှုတ်ဆက်ပွဲ” ဟု ပြောလာသဖြင့် လင်းမြင့်လှိုင်နှင့်ကျွန်တော် သူ့ကို အံ့ဩစွာ ကြောင်ငေးကြည့်နေမိကြတော့သည်။
“ချီးယား”
သို့နှယ်ပြောရင်း လင်းမြင့်လှိုင်နှင့် ကျွန်တော်ကိုင်ထားသည့်ခွက်ကို လာရောက် ထိခတ်လိုက်ပြီး “ဂွပ်”ခနဲ သောက်ချလိုက်၏။ ပြီးတော့…
“ကဲ. . . ဦးကြီးတို့ ကျွန်တော့် လက်ရာလေး မြည်းကြည့်စမ်းပါ” ဆိုကာ သူက ကျွန်တော်နှင့် လင်းမြင့်လှိုင်ကို ကြောင်သားတစ်ဖတ်စီ
ကမ်းလင့်ပေးလာ၏။
“ဟာ… အချက်ကောင်းပဲဟေ့.. . ဒါနဲ့ နေပါဦး ဘာလို့အကြိုနှုတ်ဆက်ပွဲရယ်လို့ ပြောတာတုန်း၊ မောင်ရင်လေးနဲ့ ငါတို့က ဒီမှာညအိပ်ပြီး သားကောင်ချောင်းမှာ မဟုတ်လား”
သို့နှယ် ကျွန်တော်က မကျေမနပ် မေးလိုက်၏။
“ဟုတ်တယ်လေ”
လင်းမြင့်လှိုင်ကလည်း “နက်ဖြန် ဘယ်သွားမှာမို့တုန်း” မေးပြန်၏။
“ဘယ်မှ မသွားဘူး။ မီးတွင်းကုန်း ပြန်မှာပဲပေါ့”
“အေးလေ၊ မီးတွင်းကုန်းရွာဆိုတော့ မီးလောင်ကုန်းရွာ ရောက်ရင် ရောက်ပြီပဲ။ မီးတွင်းကုန်းနဲ့ မီးလောင်ကုန်းက နီးနီးလေးရယ်။ ငါးမိုင်တောင် ရှိလိမ့်မယ် မထင်ဘူးနော့်”
“ဟုတ်တယ် လေးမိုင်သာသာပဲ ရှိတယ်” ဟု ကျွန်တော့်စကားကို သူကဖြတ်၍ ပြောသည်။ ကျွန်တော်ကပင် ဆက်၍ ပြောလိုက်ပြန်
၏။
“မီးလောင်ကုန်းကို ငါတို့အမြဲရောက်တတ်တယ်။ သည်တော့မီးလောင်ကုန်း ရောက်တိုင်း မောင်ရင်လေးဆီ လာရတော့မှာပေါ့။ ဘာ
လို့လဲ ဆိုတော့ မင်းကို ငါတို့နှစ်ယောက်က ခင်နေပြီလေကွာ”
လူငယ်လေးသည် ကျွန်တော့်စကား နားထောင်ရင်း အဝေးသို့ငေးမျှော်ကြည့်ကာ လေးတွဲ စွာဖြင့်. . .
“ကျွန်တော့်စိတ်ထဲမှာ နောင် ပြန်ကြုံကြပါ့မလားရယ်လို့တွေးမိနေတယ်”
သူသည်လည်း ကျွန်တော်တို့နှစ်ယောက်ကို သံယောဇဉ်ဖြစ်ခင်မင်လိုဟန်ရှိ၏။
“မောင်ရင်လေးက မြို့ပြကို မရောက်နိုင်ပေမင့် ငါတို့က အမြဲတောတောင်ထဲ ရောက်တတ်ကြပါတယ်။ နောင်. . . တို့လာတိုင်း မောင်ရင်လေးရှိတဲ့ မီးတွင်းကုန်းကို လာခဲ့မယ်”
သို့ လင်းမြင့်လှိုင်က ပြောလိုက်သည်တွင် ထိုသူငယ်လေး၏မျက်နှာသည် ဝင်းလက်သွားတော့၏။ကျွန်တော်တို့သည် စကားပြောလိုက်၊ သောက်လိုက်၊ အမြည်းစားလိုက်နှင့် တစ်လုံး ကုန်လုချေပြီ။ မူးလည်း မူးချေပြီ။ သည်တော့. . .
“ကဲ ကိုလင်းနဲ့ မောင်ရင်လေးရေ ငါတော့ တိုက်ပွဲ ကျပြီဟေ့”
ဆိုကာ ကြမ်းခင်းပေါ် လှဲချ အိပ်လိုက်မည်အလုပ်တွင်…
“ကွီစ် ကွီစ် ကို ကျလွီ”
သတ္တဝါငယ်တစ်ကောင်၏ ထိတ်လန့်တကြား သံကြောင့် မျက်လုံးပြူးကျယ်လာပြီး ထိုအသံလာရာဘက်သို့ လှမ်းကြည့်လိုက်သည်။
“ဟင်”
ကျွန်တော်တို့ စခန်းတဲရှေ့ ထင်းမီးဖိုနံဘေး ကွက်လပ်လေးတွင် ရှဥ့်ငယ်နှစ်ကောင်ကို တွေ့ လိုက်ကြသည်။ တစ်ကောင်က ခပ်သေးသေး။
တစ်ကောင်က ခပ်ကြီးကြီး။ ရုန်းရင်းဆန်ခတ် သတ်ပုတ်နေကြသည်ဟု ထင်ရငြား တကယ်တော့မူ ငယ်သောအကောင်က ကြီးသောအကောင်ကို ကိုက်ခဲဆွဲယမ်းနေခြင်းသာ ဖြစ်တော့သည်။ သို့ဖြစ်၍ အကြီးကောင်သည် အော်ဟစ် ရုန်းကန်နေခြင်း ဖြစ်သည်။
“ဒီကောင်လေး အတော်စွာတဲ့ကောင်ပဲ” ဆိုကာ လင်းမြင့်လှိုင်သည် သူ့သေနတ်ကို ဆွဲယူကာ ပစ်ခတ်ရန် အလို့ငှာ မောင်းတင်လိုက်သည်။
“ချောက်”
“မပစ်ပါနဲ့ဦးဗျာ. . . ကျွန်တော်တို့ သိလိုတဲ့ အဖြေ သိရတော့မယ်ထင်ပါ့”
ထိုသူငယ်လေးက သို့နှယ် ပြောလာသဖြင့်. . .
“ဟုတ်တယ်။ မောင်ရင်လေး ပြောသလို ဒီစွာတာတာ ကောင်လေးက ဇာတ်တူသား စားနေတာ ဖြစ်မယ်။ ကိုလင်း ခဏလေးစောင့်ဗျား ကျွန်တော်လည်း ဒီကောင်လေးကို သံသယဖြစ်မိတယ်။ သာမန်တိုက်ခိုက်သတ်ဖြတ်နေကြတာ မဟုတ်ဘူးဗျ။ တစ်ဖက်စီးနင်း နိုင်ထက်ကလူ ပြုမူနေပုံပဲဗျ” ရယ်လို့ ကျွန်တော်က ပြောလိုက်၏။
ထိုသူငယ်က မြင်ကွင်းကို စူးစိုက်ကြည့်ရင်း လင်းမြင့်လှိုင်၏သေနတ်ပြောင်းကို သူ့လက်ဖြင့် အသာအယာ ဘေးဖယ်ထုတ်လိုက်ပြီး-
“မရေရာ၊ မသေချာတဲ့ အဖြေနဲ့ ဆုံးဖြတ်ချက်ချတာနဲ့ တိကျသေချာတဲ့ အဖြေကို စောင့်ကြည့်တာပိုကောင်း ပါလိမ့်မယ်” ဟု ပြော
လေသည်။
ကျွန်တော်တို့ ထိုမြင်ကွင်းကို ကြည့်နေဆဲမှာပင် အငယ်ကောင်သည် အကြီးကောင်၏ မျက်နှာပြင်ကို ကိုက်ခဲဆွဲယမ်း နေတော့၏။ သည်တွင် အကြီးကောင်သည်အားသွန်ခွန်စိုက် ရုန်းကန်ရင်းကြားမှပင် သူ၏လှုပ်ရှားမှုသည် တဖြည်းဖြည်း နှေးကွေးလာတော့၏။
နောက်ဆုံး လုံးဝငြိမ်ကျသွားသည်တွင် အငယ်ကောင်က အကြီးကောင်၏ ဦးခေါင်းကိုကိုက်ခဲ ခါယမ်းဆွဲဖဲ့ကာ တကျွတ်ကျွတ် ဝါးစာနေသည်မှာ အသည်းယားစရာပင် ဖြစ်နေတော့သည်။ ကြက်သီးမွေးညင်းပင် ထမိသည်။
“ဘယ်လို သတ္တဝါပါလိမ့်” ရယ်လို့ ကျွန်တော့် နှုတ်မှ ထွက်သွား၏။
“ရှဉ့်စုန်းပေါ့ဗျာ”
“ဘာရယ်”
“ရှဉ့်စုန်းလေ သားပေါက်လေးတွေရဲ့ ဦးခေါင်းကို ကိုက်ဝါးစားတတ်တဲ့ ကြောင်စုန်းလိုမျိုးပေါ့”
ထိုသူငယ်သည် ပြောပြောဆိုဆို သူ့သေနတ်ကို ကောက်ယူပြီးကျည်တစ်တောင့် ထည့်လိုက်၏။ သို့ပေမင့် လင်းမြင့်လှိုင်က ထိုရှဉ့်စုန်းကို လှမ်းပစ်လိုက်ပြီး ဖြစ်တော့သည်။
“ဒိန်း”
မူးနေသည်ကြောင့်ထင့်။ ပစ်မှတ်နှင့်တစ်ထွာလောက်နေရာမှကျည်ဖြတ်သွားသည်။ သေနတ်သံကြောင့် ရှဉ့်စုန်းကောင်သည် ဖျတ်ခနဲထိုနေရာမှ ပြေးထွက်သွားတော့၏။ ပြီးနောက် သစ်ပုပ်ပင်ပေါ်သို့ တွယ်ဖက်တက်သွားတော့၏။
“ဒိန်း”
ကျွန်တော်က တစ်ချက် ပစ်လိုက်သည်တွင် ထိုရှဉ့်စုန်းသည်သစ်ပင်ကိုင်းဖျား တစ်ခုသို့ ရောက်သွားချေပြီ ဖြစ်သည်။ သူ ဦးတည်ခု…
လမ်းကြောင်းသည် သစ်ပုပ်ပင်နှင့် ကိုင်းလက်ချင်းနီးနီး ရှိနေသည့် ပျဉ်းကတိုးပင်ကိုင်းဖျားသို့ ကူးပြေးသွားရန် ဖြစ်သည်။
သို့ တွေးလိုက်မိချိန်မှာပင် ရှဉ့်စုန်းသည် သစ်ပုပ်ပင်ကိုင်းဖျားမှသည် ပျဉ်းကတိုးကိုင်းဖျားသို့ အားစိုက်လှမ်းခုန်လိုက်ပြီး ဖြစ်သလို ထိုသူငယ်လက်တွင်းရှိ သေနတ်မှလည်း ကျည်တစ်တောင့်ကို တွန်းထိုးရိုက်ခတ်ထုတ်လိုက်ပြီး ဖြစ်တော့၏။
“ဒိန်း”
ရှဉ့်စုန်းကောင်သည် သစ်ပုပ်ပင်ကိုင်းဖျားမှသည် ပျဉ်းကတိုးပင်ကိုင်းဖျားသို့ မရောက်မီ လမ်းခုလတ်မှာပင် မြေပြင်သို့ အရုပ်ကြိုးပြတ်
ကျသွားချေတော့သည်။ကျွန်တော်နှင့် လင်းမြင့်လှိုင်သည် ထိုသူငယ်ကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်ကြသည်။ ထိုသူငယ်ကား ရီဝေစွာ မူးနေဆဲဖြစ်သည်။
သို့ကြောင့်-
ကြက်ကန်း ဆန်အိုးတိုးလေသည့် ကိန်းလေလား၊ အမှန်တကယ် ထူးချွန်ထက်မြက် သူလေလား သူကိုယ်နှိုက်ပင် သိနိုင်ပါလိမ့်မည်။ သို့ဖြစ်၍…
“ဘယ်လိုပဲဖြစ်ဖြစ် ချီးကျူးပါတယ်ဗျာ”
သို့နှယ် လင်းမြင့်လှိုင်က ပြောလိုက်ခြင်းကို ထိုသူငယ်က ပြုံးစစဖြင့်-
“ကြိုက်သလို ဆုံးဖြတ် ပြောလို့ရတယ်။ ကျွန်တော့် လုပ်ရပ်အပေါ်မှာ ချီးမွမ်းသည်ဖြစ်စေ၊ ကဲ့ရဲ့ သည်ဖြစ်စေ ကျွန်တော် စိတ်ဝင်စား
မှု မရှိဘူး။ ကျွန်တော် စိတ်ဝင်စားတာ ကိုယ့်အလုပ်အပေါ်မှာပဲ”
သို့နှယ်ပြောရင်း ရှဉ့်ကောင် ပြုတ်ကျရာသို့ သွက်လက်သောခြေလှမ်းများဖြင့် သွားကောက်ယူပြီး ကျွန်တော်တို့ရှေ့ ပစ်ချပေးလေ၏၊
“ဘုတ်”
“ဟင်”
“ဟာ”
ထိုရှဉ့်စုန်းကောင် အသေးလေးကို တွေ့လိုက်သည်နှင့် လွန်စွာမျှ အံ့အားသင့်ခဲ့ရတော့၏။ ဘယ့်တွက်မူ ရှဉ့်စုန်းကောင် ဦးခေါင်းသည်
သေနတ်ကျည် ထိမှန်ထားသဖြင့် ကြေမွ ပြတ်ထွက်နေခြင်း ဖြစ်တော့၏။လင်းမြင့်လှိုင်က ထိုသူငယ်ကို အဓိပ္ပာယ်ပါပါ တစ်ချက်ကြည့်
လိုက်ပြီး လက်ကျန်အရက်ကို သုံးခွက်မျှထည့်ပြီး…
“မောင်ရင်လေးကို လေးလေးစားစား ဂုဏ်ပြုပါတယ်” ဟုဆိုတာ သူ ခွက်ကို ကိုင်မြှောက်လာသည်ကြောင့် ကျွန်တော်နှင့် ထိုသူငယ်သည်လည်း အပြီးသတ် ချီးယားစ် လုပ်ကပြန်သည်။
နောက်တစ်နေ့ နံနက်တွင် သစ်ပုပ်ပင်ကြီးပေါ်မှ ဇီးကွက်ကောင်အသံကို ထူးထူးခြားခြားမင်္ဂလာရှိစွာ ကြားလိုက်ရသည်။ စခန်းပတ်ဝန်းကျင်တစ်ဝိုက် ရှဉ့်ကောင်ငယ်များ ဆော့ကစားနေကြသည်ကိုကြည်နူးစွာ မြင်ကြရသည်။
ထိုနေ့မှာပင် ကျွန်တော်တို့နှစ်ယောက်နှင့် ထိုသူငယ် လမ်းခွဲထွက်သွားတော့၏။
“မီးတွင်းကုန်း” ကိုဝင်ပါရယ်လို့ သူက ဖိတ်မန္တက မပြုငြားကျွန်တော်တို့က “မီးလောင်ကုန်း” ရောက်လျှင် မီးတွင်းကုန်းကို လာမှာနော်ဟု အားတက်သရော ထပ်ပြန်တလဲ ပြောလိုက်ကြသည်။
သည့်နောက် သုံးလခန့် ကြာပြီးနောက် သစ်တောဝန်ထမ်းလေး မျိုးဝင်းနိုင်နှင့်အတူ ကျွန်တော်တို့သည် မီးတွင်းကုန်းကျေးရွာသို့သွားရန်အကြောင်း ဖန်တီးလာပေတော့၏။
ကျွန်တော့် မိတ်ဆွေတစ်ယောက်နှင့်ပတ်သက်၍ သစ်တောဝန်ထမ်းလေး မျိုးဝင်းနိုင်ဆိုသော သူငယ်တစ်ယောက်နှင့် ဆုံခဲ့ကြသည်တွင် လွန်စွာမျှ အံ့ဩခဲ့ကြရသည်။ ဘယ့်တွက်မူ တောတောင်သူငယ်လေးနှင့် ချွတ်စွပ်တူနေခြင်းကြောင့်ပင်။ သို့ဖြစ်၍
“မျိုးဝင်းနိုင်မယ် အမြွှာညီအစ်ကိုများ ရှိသလား” ဟု မေးလိုက်သည်။ ဤတွင် မျိုးဝင်းနိုင်ဆိုသော သူငယ်လေးက…
“ရှိတယ်။ နို့ပေမင့် (၂)နှစ်သားကတည်းက ကွဲသွားကြတယ်”
“ဘယ်လိုကြောင့်များလဲကွယ့်” ဟု စပ်စပ်စုစု မေးလိုက်ပြန်၏။
“အဖေနဲ့ အမေ စိတ်သဘောထားချင်း မတိုက်ဆိုင်လို့ လမ်းခွဲသွားကြတော့ အဖေနဲ့အတူ ကျွန်တော့်ထက် ဆယ့်ငါးမိနစ်လောက်ကြီးတဲ့ အမြွှာအစ်ကို ပါသွားတယ်လေ။ အမေပြောပြလို့ သိရတာ”
“နို့ဖြင့် အဖေက ခုဘယ်မှာလဲ”
လင်းမြင့်လှိုင်က အလျင်စလို မေးလိုက်ပြန်၏။
“ကျွန်တော် နှစ်နှစ်သားကတည်းက ကွဲသွားကြတာဆိုတော့ဘယ်သိပါ့မလဲ။ နို့ပေမင့် အဖေက အဲဒီအချိန်တုန်းက သစ်တောဌာနမှာလုပ်တယ်ဆိုတာပဲ အမေပြောပြထာဖူးလို့ သိတာ”
သို့သာလျှင် သိလိုက်ရပေမင့် မျိုးဝင်းနိုင် မှတ်မိနေတာ တစ်ခုကျန်သေးသည်မှာ သူ့အစ်ကို၏ ဘယ်ဘက် ရင်အုံပေါ်တွင် ကျပ်ပြား
ဝိုင်းခန့် အမှတ်နီပါရှိသည်ကို သူ့အမေ ပြောပြဖူးသဖြင့် သိနေခြင်းဟုပြောလာပြန်၏။ သို့ဆိုပါလျှင် တောထဲတွင် ဆုံခဲ့သော သူငယ်နှင့် မျိုးဝင်းနိုင် အမြွှာညီအစ်ကို ဖြစ်နိုင်ရန်အလားအလာ အများကြီး ရှိပေသည်။
အကယ်၍များ ထိုသူငယ်နှင့် ဆုံခဲ့စဉ်က သူ့ကို ရေချိုးခိုင်းရာတွင် သူရေချိုးဖြစ်ခဲ့ပါမူ ထိုအမှတ် ရှိမရှိ ကျွန်တော်တို့ သိခဲ့နိုင်မည် ဖြစ်သည်။
ထိုစဉ်က သူရေမချိုးခဲ့ပေ။ လူတူမရှား၊ နာမည်တူမရှား ဖြစ်နိုင်သေး၏၊
သို့ငြား မျိုးဝင်းနိုင်က ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ထိုသူငယ်နှင့် တွေ့ ဆုံလိုသည်။ စရိတ်စက သူခံမည် ပြောလာသည်ကြောင့် မီးတွင်းကုန်းရွာသို့ ထွက်ခဲ့ကြတော့သည်။ရန်ကုန်မှ ဥက္ကံမှ မီးလောင်ကုန်းကျေးရွာ၊ ထိုမှတဆင့် မီးတွင်းကုန်းကျေးရွာသို့ ကူးခဲ့ကြသည်။
အခါနှောင်းသော်ငြား အလာကောင်းခြင်းဟု ဆိုရလေမလား မသိချေ။ မီးတွင်းကုန်းရွာသို့ နံနက်စောစော ရောက်သွားပြီး ကျွန်တော်တို့ မီးတွင်းကုန်းရွာ ရောက်သည်နှင့် အသုဘတစ်ခုဖြင့် တိုးခဲ့သည်။ ကျွန်တော်တို့ တွေ့ လိုသော သူငယ်လေး၏ အသုဘ ဖြစ်ချေတော့သည်။
“ဘယ်လို ဖြစ်ရတာတုန်းဗျာ”
ဆို့နင့် ကြေကွဲသံဖြင့် ကျွန်တော်က ထိုရွာသူကြီးကို မေးလိုက်သည်။
“အမဲပစ်ထွက်ရင်း ဝံကောင်ရဲ့ အလစ်အငိုက် တိုက်ခိုက်ခံရတာ”
“ဖြစ်မှဖြစ်ရလေဗျာ” ဟုသာ ညည်းညူရုံမျှတစ်ပါး အခြားမရှိချေပြီ”
“နို့ဖြင့် ဒီသူငယ်လေး ရင်ဘတ်မယ် ကျပ်ပြားဝိုင်းခန့်ရှိတဲ့အမှတ်နီနီ ရှိတာ သတိထားမိလေလား” ဟု မေးကြည့်လိုက်၏။
သည်တွင် သူကြီးက “ဒီလူငယ်ကတစ်ယောက်တည်း နေတာ။ကျန်ခဲ့တဲ့ ဆယ်နှစ်လောက်က တို့ရွာကို ရောက်လာတာ။ ရွာခံမုဆိုးလှကြည်နဲ့ တူတူနေ၊ တူတူစား တပည့်ခံလေ၊ ရွာသူရွာသားတွေနဲ့ အရောတဝင် သိပ်မရှိဘူး။ သို့ပေမင့် ဖော်ဖော်ရွေရွေ ရှိပါတယ်။ မုဆိုးလှကြည်ဖျားနာသေတော့ သူအဲဒီအိမ်မှာပဲ ဆက်နေတယ်။ သူရှာရလာသမျှ အမဲမှန်သမျှ ရွာသားတွေကို ပေးစားတယ်။ ရောင်းတာ မဟုတ်ဘူးနော်။ ဒီသူငယ် အင်မတန် လက်ဖြောင့်သူပဲ။ သူ ပစ်လိုက်တိုင်း ခေါင်းကိုချည်းဝဲလေ။ သူ့ကို ရွာက မင်းသားလို့ ခေါ်ကြတယ်။ ဒါကြောင့် သူ့ဘာသာသီးသန့်နေတာကို တစ်မျိုး မထင်ကြတော့ဘူး။
နေတတ်သလို နေတာပဲလို့ တွက်လိုက်ကြတယ်။ သူ့ကို ခင်ကြတယ်။ ခု သူဝံကိုက်လို့ ဆုံးပြီ ဆိုတော့ တစ်ရွာလုံးက ဝမ်းနည်း ပူဆွေးကြတာပေါ့”
သူကြီးက သို့နှယ် ရှင်းပြနေဆဲ တစ်စုံတစ်ရာကို သတိရလိုက်သည်ဖြစ်၍ ကျွန်တော်က. . .
“ဟာ. . . ဟုတ်ပြီ သူ့ကို ကနေ့ ဘယ်အချိန် မြေမြှုပ် သင်္ဂြိုဟ်မလဲ” ကပျာတသိ မေးလိုက်၏။
“ကနေ့. . . နေစောင်းလုမှာ သင်္ဂြိုဟ်မယ်လေ”
“ဟုတ်ပြီ။ နို့ဖြင့် ကျွန်တော်တို့ သူ့အလောင်းကို ကြည့်ခွင့်ရနိုင်မလား”
“ဘာကြောင့်များလဲ” ဟု သူကြီးက မေးလာသဖြင့် လင်းမြင့်လှိုင်ကအကြောင်းစုံကို ရှင်းပြလိုက်သည်။မျိုးဝင်းနိုင်တစ်ယောက် စိတ်လှုပ်ရှားနေချေပြီ။ သို့နှယ်ကျွန်တော်နှင့် လင်းမြင့်လှိုင်သည်လည်း စိတ်လှုပ်ရှားမိလေ၏။
ကျွန်တော်တို့ကို သူကြီးက ရွာစပ်သုသာန် ဇရပ်သို့ ခေါ်သွားခြင်းဖြစ်၏။ ထိုဇရပ်ပေါ်တွင်ရှိ ထိုသူငယ်၏ ရုပ်အလောင်းနား ရောက်
သည်နှင့် ရင်ထဲတွင် ဆို့နင့်သွားရသည်။
ကျွန်တော်တို့နှင့် ပြန်မဆုံနိုင်မည်ကို. ကြိုသိနေ၍ ကြုံခဲ့စဉ်က အကြိုနှုတ်ဆက်ချီးယားစ် လုပ်ခဲ့လေသည်လား မသိပါချေ။
ဇရပ်ပေါ်မှာ ပြင်ဆင်ထားသည့် သူ့ ရုပ်လောင်းကို ဖုံးလွှမ်းထားသည့် ခပ်နွမ်းနွမ်း မုဒုံစောင်ပါးလေးကို လှပ်ဟ၍ ကြည့်လိုက်သည်။
”ဟာ”
“ဟင်”
ဝံကောင်၏ ကုတ်ဖဲ့ခြင်းခံရသဖြင့် သူ့မျက်နှာသည် ရုပ်ပျက်ဆင်းပျက် ဖြစ်နေတော့၏။ သူ၏ဦးခေါင်း မျက်နှာကို အဓိကထား တိုက်ခိုက်ခံရခြင်း ဖြစ်သည်။မျိုးဝင်းနိုင်ကို သူနှင့် ချွတ်စွပ်တူပါသည်ဟု ပြောခဲ့သော စကားကို မည်သို့ သက်သေပြ၍ ရပါတော့မည်နည်း။ သို့ငြား ရင်ဘတ်ပေါ်မှအမှတ်နီသည် မျိုးဝင်းနိုင်၏အစ်ကို ဟုတ်မဟုတ် သက်သေပြဖို့ရာသာရှိတော့၏။ သို့ဖြစ်၍ ရင်အုံပိုင်းကိုစိတ်ပျက်စရာနှင့် ကြုံတော့ပြန်၏၊
ဖွင့်ဟကြည့်လိုက်ပြန်သည်တွင်လည်း
ရင်ဘတ်တစ်ပြင်လုံးသည်လည်း ဝံ၏ ကုတ်ခြစ်ထားခံရခြင်းကြောင့် အသားစတို့ ဖွာလံကျဲနေသဖြင့် အမှတ်နီ ရှိမရှိ မသိနိုင်ပြန်
ချေ။
သူငယ်၏ ရုပ်ပျက် ဆင်းပျက် ရုပ်န္နာအား ငေးမောကြည့်ရင်းစိတ်မကောင်း ဖြစ်နေကြဆဲမှာပင် သူကြီးပြောလာသော စကားတစ်ခွန်းသည် ကျွန်တော်နှင့် လင်းမြင့်လှိုင်ကို ယောက်ျာတန်မဲ့ မျက်ရည်ကျစေတော့သည်။
“သူ ရဲ့ သေနတ်ကို သူ့ မိတ်ဆွေတွေ ရောက်လာလျှင်ဖြင့် ပေးဖြစ်အောင် ပေးပါရယ်လို့ မသေခင်မှာ မှာသွားသေးတယ်လေ”
လွန်စွာမျှ အမျှော်အမြင် ကြီးသော သူငယ် ဖြစ်သည်။ ကျွန် ‘တော်တို့ သူ့ထံ တစ်နေ့နေ့ တစ်ချိန်ချိန် ရောက်လာမည်ကို သိထား
ပုံရလေသည်။
ကျွန်တော်တို့ အပြန်လမ်းတွင် သူ၏ လက်စွဲတော် တူမီးသေနတ်ကလေးသည် ညှိုးငယ်စွာ ပါလာချေတော့သည်။
မှုခင်းရှုထောင့် မဂ္ဂဇင်း
ဇွန်လ (၂၀၀၂ခုနှစ်)