မောင်နေခြည် (ပြည်)
ထောက်ရှာပင်တမံက ငါးစားသရဲ
တစ်ကောင်တလေဆို ပြောစရာမရှိ။ မိတဲ့ငါးတိုင်း ဒီလိုချည်းပဲဆိုတော့ စံဝင်းအနေနှင့် စဉ်းစားစရာ ဖြစ်နေသည်။
ငါးကိုင်းထောက်တဲ့အလုပ်ကို သူလုပ်လာတာ သုံးနှစ်ရှိပြီ။ တစ်ခါမျှ သည်လိုအဖြစ်မျိုး မကြုံဖူးခဲ့။ တစ်ခါတစ်ရံ မိသည့်ငါးကို ပုစွန်လုံး စားပစ်တာနှင့် ကြုံဖူး၏။
သို့သော် ပုစွန်လုံးစားသည်က ထိုသို့မဟုတ်။ ပုစွန်လုံးစားလျှင် ငါး၏ အချို့နေရာလောက်သာ ပွန်းပဲ့နေတတ်သည်။ အခုဟာက ပုစွန်လုံး စားသည်နှင့် လုံးဝမတူ။
ငါးတစ်ကောင်လုံးကို ခေါင်းနှင့်ကျောရိုးသာချန်၍ အသားမှန်သမျှ အကုန်စားပစ်ခြင်းဖြစ်သည်။
နောက်ပြီး တစ်ကောင်တလေ စားတာလည်းမဟုတ်။ ၁ဝ ကောင်မိလျှင် ၁ဝ ကောင်စလုံး၊ အကောင် ၂ဝ မိလျှင် အကောင် ၂ဝ စလုံး အရိုးချည်းကျန်အောင် စားပစ်သည့် သတ္တဝါကား အဘယ်နည်း။ ရိုးရိုး သူလိုကိုယ်လို သတ္တဝါတော့မဖြစ်နိုင်။
လေသည် တသိမ့်သိမ့် တိုက်ခတ်လာ၏။ မိုးသည် တဖွဲဖွဲ ရွာလာ၏။ တမံပတ်ဝန်းကျင်ရှိ သစ်ပင်များ အပေါ်တွင် မှိတ်တုတ်မှိတ်တုတ် ပိုးစုန်းကြူးများကိုတွေ့ရသည်ကလွဲ၍ ညသည် အလွန့်အလွန် မှောင် မည်းတိတ်ဆိတ်နေ၏။
စံဝင်းသည် တွေးရင်းနှင့်ပင် ရင်ထဲတထိတ်ထိတ် ဖြစ်လာ၏။ ကြောက်စိတ်ကြောင့် သူ၏ခေါင်းသည် ငါးထည့်သည့် ပလိုင်းကြီးတမျှ ကြီးမားလာသည်။ ကျောထဲကလည်း စိမ့်လာသည်။
သို့သော် မိုးအအေးဓာတ်ကြောင့် စိမ့်ခြင်းမျိုးမဟုတ်။ ကြောက်စိတ်ကြောင့် စိမ့်နေခြင်းဖြစ်သည်။ မိုးတဖြောက်ဖြောက် ကျနေသည့်ကြားကပင် စံဝင်း၏တစ်ကိုယ်လုံး၌ ဇောချွေးများရွှဲရွှဲစိုနေ၏။
အစကတည်းက သည်တမံကို သူက သွားရဲသူမဟုတ်။ ထောက်ရှာပင်တမံသည် တောကြီးတောင်ကြီးများနှင့် နီးသည့်အပြင် သရဲခြောက်သည်ဟုလည်း မကြာခဏ ပြောသံကြားဖူး၏။ မကြာသေးခင် ကပင် ဟိုဘက် ရေလျှံရွာမှ အောင်ကြည်သန်းတစ်ယောက် ညဘက် ငါးကိုင်းထောက်စဉ် မျက်လုံးရဲရဲကြီးနှစ်လုံးကို မြင်လိုက်ရသည်ဟု ပြောသံကြားဖူး၏။
ထို့ပြင် ငါးကိုင်းမှ ငါးနှင့် ငါးမျှားချိတ်ကိုလည်း ထိုသရဲက ကိုက်ချီသွားခဲ့သည် ဆို၏။ ထိုသို့ နာမည်ကြီးနေသော တမံကို သူက မသွားချင်သော်လည်း သူ့မိန်းမက
“တော် ယောက်ျားဖြစ်ပြီး ဒီလောက်တောင် ကြောက်ရသလား … ဟင် ကိုစံဝင်း။ အိမ်က ဆန်အိုးထဲမှာ ဆန်ပြတ်နေတာ ရှင်အသိနော်။ ဒီနေ့ ငါးရမလာလို့ကတော့ ထမင်းအိုးရေဆေးပြီး မှောက်ထားလိုက် မယ်”
ဟူသည့် မိန်းမ၏ တစ်ချက်လွတ်အမိန့်ကြောင့်သာ သည်လို နာမည်ကြီး ထောက်ရှာပင်တမံကို သူလာခဲ့ရခြင်းဖြစ်သည်။
စံဝင်းသည် ထောက်ရှာပင်တမံ၏ ကြောက်စရာကောင်းပုံများကို တစိမ့်စိမ့်တွေးရင်း ကြောက်သည် ထက် ကြောက်လာသည်။
ထိုအချိန်မှာပင် တမံကမ်းစပ်မှ တဖြောဖြောအသံတစ်သံကို ကြားလိုက်ရပြီး မကြာမီပင် ထိုအသံမှာ ပျောက်ကွယ်သွားသည်။ ထိုအခါ စံဝင်းသည် ဘာမျှစဉ်းစားမနေတော့ဘဲ ထောက်ထားသော ကိုင်းများကို အလျင်အမြန်ဖြုတ်ကာ ပလိုင်းနှင့် မီးအိမ်ကိုယူ လျက် ထောက်ရှာပင်တမံမှ သူ့အိမ်သို့ အလျင်အမြန် ပြန်ပြေးလေတော့သည်။
နောက်တစ်နေ့နံနက်သို့ ရောက်သောအခါ စံဝင်းတစ်ယောက် ထောက်ရှာပင်တမံ၌ ငါးကိုင်းထောက်နေစဉ် သူ့ငါးကိုင်းတွင်မိသော ငါးများကို သရဲက စားပစ်ကြောင်း၊ အရိုးသာချန်ထားခဲ့ကြောင်း သတင်းမှာ သူတို့ရွာတစ်ရွာလုံး ပျံ့နှံ့သွားလေတော့၏။
သို့သော် မိန်းမဖြစ်သူကတော့ သူပြောသည်ကို လုံးဝမယုံ။ ပျင်းသောကြောင့်သာ တောင်ပြောမြောက်ပြော ပြောနေသည်ဟု ထင်၏။ မိန်းမဖြစ်သူကို သူက ငါးစားသရဲအကြောင်းကို မည်သို့ပင် ရှင်းပြသော်လည်း ငါးမရလျှင် မည်သည့်အခါမျှ မျက်နှာသာယာလေ့မရှိသော သူ့မိန်းမသည် သူ့အားမျက်စောင်းတခဲခဲဖြင့် မကျေမနပ်သာဖြစ်နေခဲ့သည်။
ထိုသို့ မကျေနပ်ချက်ကို စံဝင်း သိစေရန်အလို့ငှာ ထမင်းအိုး၊ ဟင်းအိုးများကို လွှတ်ချသည်။ ငရုတ်သီးကို လိုသည်ထက်ပို၍ အသံမြည်အောင် ထောင်းသည်။ ဆန်အိုးဖင်ကို နို့ဆီဘူးဖြင့် အသံမြည်အောင် အချက်ပေးသည်။ ကြမ်းကို ဆောင့်နင်းသည်။
မိန်းမဖြစ်သူက မည်သို့ပင် ဆန္ဒပြနေသော်လည်း မိန်းမထက်ပို၍ ကြောက်ရသော ထောက်ရှာပင်သရဲ ကြောင့် စံဝင်းခမျာ ရေငုံနှုတ်ပိတ်၍သာ နေရလေ၏။
“နေပါအုံး၊ မင်းပြောတာ ဟုတ်ကောဟုတ်လို့လား စံဝင်းရဲ့”
ဦးလေးသာဂေါင်က သူ့ကို မယုံသလိုမျက်နှာထားဖြင့်မေး၏။
“ဟာဗျာ … ဦးလေးကလဲ၊ ကျွန်တော်က မဟုတ်ဘဲနဲ့ လိမ်ညာပြောပါ့မလား။ ငါးကတော့ ပေါတယ်ဗျ။ မိလဲ မိတယ်။ ဒါပေမဲ့ မိသမျှငါးတိုင်းကို အရိုးပဲချန်ခဲ့ပြီး အသားမှန်သမျှ စားပစ်တော့ ကျွန်တော်က ဘာယူတော့မလဲ”
သူ့စကားကြောင့် ဦးလေးသာဂေါင် စဉ်းစားရကျပ်နေသည်။ ထိုအချိန်မှာပင် သူ၏ဇနီးဖြစ်သူက မီးဖိုထဲမှနေ၍
“အလကားလျှောက်ပြောနေတာပါ ဦးလေးရယ်။ သူပြောတော့ရော ဘယ်သူက ယုံမှာလဲ”
ဟု မဲ့ကာရွဲ့ကာ ပြော၏။
“နင် တကယ်မသိဘဲနဲ့ အဲဒီလို ရမ်းသန်းမပြောနဲ့နော်။ မယုံရင် အဲဒီတမံကို နင်ကိုယ်တိုင် ကိုင်းသွား ထောက်ကြည့်”
“တော်ကြစမ်းပါကွာ၊ မင်းတို့လင်မယားကလဲ ရန်ပဲဖြစ်နေတယ်။ ဒီမှာ စဉ်းစားရကျပ်ရတဲ့အထဲ”
ဦးလေးသာဂေါင်ပြောလိုက်မှ သူတို့လင်မယားနှစ်ယောက်လည်း ငြိမ်သွားကြ၏။ ဦးလေးသာဂေါင်သည် ဆေးလိပ်ကို မီးခိုးထွက်အောင် ဖွာရှိုက်နေပြီးနောက်
“ကိုင်း … ဒီလိုလုပ်မယ်ကွာ၊ အခုည အဲဒီတမံကို မင်းရယ်၊ မင်းမိန်းမရယ်၊ ငါရယ် အတူတူ ကိုင်းသွားထောက်မယ်၊ ဘယ့်နှယ်လဲ”
ဟုပြော၏။
“ဦးလေးဘာသာ သွားချင်သွား၊ ကျွန်တော်ကတော့ မလိုက်ရဲဘူး။ အရင်တစ်ခါ ငါးကိုပဲ စားတာ။ ဒီတစ်ခါ လူပါ ကုပ်ချိုးစားရင် ဘယ်လိုလုပ်မတုံး”
“အမယ်လေးဟဲ့… အတောင်နှစ်ဆယ်ဝတ် မင်းယောက်ျားကြီးလုပ်နေပြီး သရဲကြောက်ရသတဲ့။ ကြားလို့မှ ကောင်းကြသေးရဲ့လား အရပ်ကတို့ရေ”
မိန်းမဖြစ်သူ၏ ကဲ့ရဲ့ရှုတ်ချမှုကြောင့် စံဝင်းမှာ စိတ်ဆိုးသွားပြီးလျှင်-
“မင်း ငါ့ကို အဲဒီလိုသိက္ခာ မချနဲ့နော်။ ကိုင်း … ဒီလောက်တောင် ဖြစ်နေတာ၊ ဦးလေးရေ … ကြာတယ်ဗျာ၊ ဦးလေးပြောသလို အခုည ကျွန်တော်တို့သုံးယောက် အဲဒီကိုသွားမယ်”
ဟု စိတ်လိုက်မာန်ပါ ပြောချလိုက်လေသည်။
(၂)
ငါးစာတပ်ရန် တီအိုးနှင့် ထမင်းထုပ်ကို မိန်းမဖြစ်သူကယူ၊ မီးပုံးကို ဦးလေးသာဂေါင်ကကိုင်၊ ငါးကိုင်းများနှင့် ပလိုင်းကို စံဝင်းက ထမ်းလျက် ညနေ ၄ နာရီလောက်ကတည်းကပင် သူတို့သုံးယောက်သည် ထောက်ရှာပင်တမံသို့ ထွက်လာခဲ့ကြသည်။
ရောက်လျှင်ရောက်ချင်းပင် ဦးလေးသာဂေါင်က –
“စံဝင်းရေ … မင်းက တမံပတ်ပတ်လည်ကို ငါးကိုင်းတွေ လိုက်ထောက်ကွာ။ ငါက တီတစ်မယ်။ မင်းမိန်းမကိုတော့ ခဏနားပါစေအုံး”
ဟု ပြော၏။
“ဟာဗျာ … ကျွန်တော်တစ်ယောက်တည်း မထောက်ရဲဘူးဗျ။ ဦးလေးလဲ လိုက်ခဲ့အုံး”
“စံဝင်းကလဲကွာ .. အခုမှ နေတောင် မဝင်သေးပါဘူးကွ။ မကြောက်ပါနဲ့”
“ဟာဗျာ … ကြောက်တာက ဆေးမရှိဘူးဗျ”
သူတို့ပြောနေသည်ကို ဘေးက စိတ်မရှည်သော စံဝင်းမိန်းမက-
“ပြောမနေပါနဲ့ ဦးလေးသာဂေါင်ရယ်။ တီကို အရင်ဖြတ်ကြမယ်။ တီဖြတ်ပြီးမှ သုံးယောက်စလုံး အတူသွားပြီး ကိုင်းထောက်မယ်”
ဟု သူ့ယောက်ျားအား မျက်စောင်းထိုးလျက် ပြောလေသည်။
သူတို့သုံးယောက်သည် တမံ၏ ကမ်းစပ်ပတ်ပတ်လည်တွင် ငါးကိုင်းများကို လိုက်ထောက်၏။ ထို့နောက် ငါးမျှားချိတ်တွင် တီတပ်၏။
အားလုံး ကိုင်းထောက်၊ တီတပ်ပြီးသောအခါ အနောက်ဘက်ကောင်းကင်ယံမှ နေလုံးကြီးလည်း ကွယ်ပျောက်သွားပြီဖြစ်သည်။ အလင်းရောင်ပျောက်၍ အမှောင်ထုရောက်လာပြီဆိုသည်နှင့် ငါးများသည် ငါးမျှားချိတ်တွင်တပ်ထားသော အစာကို ဟပ်မျိုကြလေ၏။
ငါးဟပ်သံ တဝုန်းဝုန်းကို ကြားရသောအခါ ဦးလေးသာဂေါင်က
“စံဝင်းရာ မင်းနှယ် ဖြစ်မှဖြစ်ရလေ။ ဒီလောက် ငါးပေါတဲ့နေရာကိုများ မသွားချင်ဘူးတဲ့။ ဒီနေ့ည ငါး သုံးလေးပိဿာတော့ အေးဆေးပဲ။ မင်း ပလိုင်းအပြည့် ရပြီလို့သာမှတ်ထား”
ဟု ဆို၏။ စံဝင်း မိန်းမကလည်း
“ငါးရမှဖြစ်မှာ ဦးလေးသာဂေါင်ရဲ့။ ကိုစံဝင်းက သရဲသာ ကြောက်တာ။ ထမင်းကျတော့ စားလိုက်တာ လက်ကလဲ မြန်သလား မမေးနဲ့။ နို့ဆီဘူး နှစ်လုံးချက်ကို ထမင်းပန်းကန် ယင်နားချိန်တောင် မရဘူး”
ဟု ဆို၏။
ထို့နောက် သူတို့သုံးယောက်သည် ပါလာသော ထမင်းထုပ်များကို ဖြေ၍ စားကြ၏။ ထမင်းစားပြီးနောက် ခဏမျှ ထမင်းလုံးစီကြ၏။
“ကိုင်း … စံဝင်းရေ၊ ငါးတွေ လိုက်ဖြုတ်ကြစို့ကွာ”
ဦးလေးသာဂေါင်က ပြောသော်လည်း စံဝင်းမှာ စိတ်ထဲလေးနေသည်။ ကြောက်လည်းကြောက် နေသည်။ သို့သော် သုံးယောက်ဖြစ်သဖြင့် အနည်းငယ်တော့ အားတက်မိ၏။
သူတို့သုံးယောက်သည် နေရာမှထကာ မိန်းမဖြစ်သူက မီးပုံးကိုင်၏။ စံဝင်းက ပလိုင်းကို လွယ်၏။ ဦးလေးသာဂေါင်က တီအိုးလေးကို ကိုင်၏။
“စံဝင်း … ငါးကိုင်းမှာမိတဲ့ ငါးကို မင်းဖြုတ်မလား၊ ငါဖြုတ်ရမလား”
“ဦးလေးပဲ ဖြုတ်ဗျာ”
“သူ့ကို မဖြုတ်ခိုင်းနဲ့ ဦးလေးရေ။ တော်ကြာ အကြောက်လွန်ပြီး လိပ်ပြာလွင့်သွားအုံးမယ်”
ဇနီးဖြစ်သူ၏ ခနဲ့စကားကို ကြားသော်လည်း စံဝင်းမှာ ပြန်လည်ချေပခြင်း မပြုတော့ဘဲ အသာလေး ငြိမ်နေလိုက်ရသည်။
ထို့နောက် ဦးလေးသာဂေါင်သည် ပထမဆုံး ငါးကိုင်းကိုဖြုတ်ရန် ငါးမျှားချိတ်ကို မကြည့်လိုက်ရာ –
“ဟာ”
“ဟင်”
“ကဲ… ကျွန်တော်မပြောဘူးလား၊ ဦးလေးတို့က ယုံမှ မယုံဘဲ”
“ဟုတ်တယ်ဟေ့ စံဝင်းရ။ တော်တော့်ကို ထူးဆန်းပါလားကွာ”
ငါးမျှားချိတ်တွင် ငါးကို တန်းလန်းကြီး တွေ့ရသော်လည်း အသား လုံးဝမရှိတော့ဘဲ ခေါင်းခွံနှင့် ကျောရိုးသာ ကျန်ရစ်သော အရိုးစုကြီးကိုသာ တွေ့လိုက်ရသဖြင့် ဦးလေးသာဂေါင်မှာ အလွန်အံ့သြ သွား၏။
စံဝင်း၏ မိန်းမသည်လည်း ထိုအခြင်းအရာကို
ကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်နေသည်။ ထို့ နောက် အသံတုန်တုန်ယင်ယင်ဖြင့်
“ဦး… ဦး… ဦးလေးသာဂေါင်၊ ကျွန်မတို့ ပြန်ကြမယ်။ဒါဟာ ရိုးရိုးသားသား မဖြစ်နိုင်တော့ဘူး”
ဟု ပြောလေသည်။ ထိုအခါ စံဝင်းက-
“ကိုင်း … ငါ မပြောဘူးလား။ အဲဒါကြောင့် ငါက မသွားချင်ဘူး ပြောတာ”
ဟု ဆို၏။
ထို့နောက် သူတို့သုံးယောက်သည် အခြားငါးကိုင်း များကို လိုက်လံကြည့်ရှုရာ ထိုနည်းအတိုင်းပင် တွေ့ရလေ၏။
“ကိုင်း… စံဝင်းရေ၊ ကိုင်းတွေကို ဖြုတ်တော့ကွာ။ ပြန်ကြမယ်”
ဦးလေးသာဂေါင်၏ အသံမှာ တုန်ယင်နေ၏။
သူတို့သုံးယောက် ငါးကိုင်းများကို ဖြုတ်နေစဉ်မှာပင် တမံကမ်းစပ်ချုံပုတ်များဆီမှ အကောင်တစ်ကောင်ကောင် တိုးသွားသံကို ကြားလိုက်ရသဖြင့် စံဝင်း မိန်းမက –
“အမယ်လေး … သရဲများလား မသိဘူး”
ဟု ဆိုကာ အသံကြားရာဘက်သို့ လက်တွင်ကိုင်ထားသော မီးအိမ်ကို မြှောက်ကြည့်၏။
“ဟင် … ဟိုဟာ ဘာကြီးပါလိမ့်။ နေပါအုံး … အလို … အမယ်လေး မျက်လုံးဝင်းဝင်းကြီးပါလား။ ပြေးကြ … ပြေးကြ”
သတ္တိခဲမကြီးသည် လက်ထဲက မီးအိမ်ကို အောက်သို့လွှတ်ချလိုက်ပြီးလျှင် မည်သူ့ကိုမျှ မစောင့်တော့ဘဲ ရွာဆီသို့ တစ်ဟုန်ထိုး ထွက်ပြေးလေတော့သည်။ ဦးလေးသာဂေါင်နှင့် စံဝင်းတို့လည်း သူ့နောက်က ပြေးလိုက်သွားကြသည်။
နောက်တစ်နေ့မနက်တွင် သူတို့သတင်းကမကြော်ငြာရဘဲ တစ်ရွာလုံးသို့ ပျံ့နှံ့သွား၏။
ထိုသတင်းကိုကြားသော အင်းလျှားရွာမှ တောမုဆိုးကျော်ခင်သည် ထိုအကြောင်းကို အထပ်ထပ်အခါခါစဉ်းစား၏။ သရဲဆိုသည်ကိုတော့ သူက မယုံ။ ဒါဖြင့် ငါးတွေကိုစားတာ ဘာကောင်ဖြစ်မလဲ။
မြွေပါလား။ မြွေပါက ညအခါတွင် ထွက်ရိုးထုံးစံမရှိ။
ဒါဖြင့် တောကြောင်ရော။ တောကြောင်လည်း သိပ်တော့ မဖြစ်နိုင်။ တောကြောင်က စားချင်းစား တစ်ကောင်လုံးကုန်အောင် စားရမည်။ ကြောင်တို့မည်သည် အရိုးကို အသားထက်ပင် ကြိုက်သေးသည်။
ထိုသို့ဆိုလျှင် သူတို့ပြောသလို တကယ့်သရဲများ ပေပဲလား။ သူ မဝေခွဲတတ် ဖြစ်နေသည်။
သို့သော် ဖြစ်နိုင်သည်များကို နှိုင်းယှဉ်ကြည့်ပါက အဖြစ်နိုင်ဆုံးမှာ တောကြောင်ဟု သူထင်သည်။ ထိုသို့ဆိုလျှင် အရိုးကို ဘာကြောင့် ချန်ထားခဲ့ရသနည်း။ ထို့နောက် သူသည် တစ်စုံတစ်ခုကို တွေးမိကာ စံဝင်းတို့အိမ်သို့ ထွက်လာခဲ့၏။
“ကိုင်း … ဦးလေးသာဂေါင်ရော၊ စံဝင်းရော ကျွန်တော်နဲ့အတူတူ တမံကို လိုက်ခဲ့ဗျာ”
“ဘာကွ … ငါ မလိုက်ရဲဘူးဟေ့။ ဘယ့်နှယ်ကွာ … သရဲခြောက်မှန်း သိရဲ့သားနဲ့ နောက်တစ်ခေါက် ထပ် လိုက်ရအောင် ငါက လူပေါမဟုတ်ဘူးကွ”
ဟုဆိုကာ ဦးလေးသာဂေါင်က အကျောက်အကန် ငြင်းနေ၏။
စံဝင်းကလည်း …
“ငါ တကယ်ကို မလိုက်ရဲလို့ပါကွာ”
ဟု တောင်းတောင်းပန်ပန် ပြော၏။
“ခက်ပါလားဗျာ၊ ကျုပ်တစ်ယောက်လုံး ရှိပါတယ်ဗျ။ အခုသွားမှာက ညမှ မဟုတ်ဘဲ။ နေ့ခင်းဘက် ကြီး ကြောက်စရာမရှိပါဘူး။ ကိုင်း… သေစရာရှိရင် ကျုပ်အရင်ဆုံး အသေခံမယ်ဗျာ။ လိုက်ပြရုံလေး လိုက်ပြပါ”
မုဆိုးကျော်ခင်၏စကားကို အားနာလွန်းသဖြင့် တစ်ကြောင်း၊ ညက သူတို့ထောက်ထားသော ငါးကိုင်းများကို ပြန်ရုပ်ချင်သောကြောင့် တစ်ကြောင်း သူတို့နှစ်ယောက်သည် ကြောက်ကြောက်နှင့်ပင် တမံသို့လိုက်ရန် သဘောတူလိုက်လေသည်။
ထိုအခါ ကျော်ခင်က-
“ကိုင်း… စံဝင်း၊ မင်းမှာ ပေါက်ပြားရှိတယ် မဟုတ်လား”
“တီတူးနေကျ ပေါက်ပြားရှိတယ်လေ”
“ယူခဲ့ကွာ”
ထို့နောက် ကျော်ခင်သည် ဦးလေးသာဂေါင်ဘက်သို့လှည့်၍
“ဦးလေးသာဂေါင်တို့အိမ်မှာ ကောက်ရိုးအခြောက် ရှိတယ်မဟုတ်လား”
“ရှိသားပဲ၊ ကောက်ရိုးစင်ထဲမှာ အောတိုက်လို့”
ဟု ဦးလေးသာဂေါင်က ပြော၏။
“ခြင်းနဲ့ ထည့်ခဲ့ဗျာ”
“ဟေ … ကောက်ရိုးအခြောက်ကို ဘာလုပ်မလို့လဲ”
“မီးမွှေးဖို့ပေါ့ဗျ။ မိုးရာသီဆိုတော့ သစ်ရွက်ခြောက်က ရှားတယ်။ ကောက်ရိုးအခြောက်ပဲ သုံးရမှာ”
ထို့နောက် သူတို့သုံးယောက်သည် တမံသို့ ထွက်လာခဲ့ကြ၏။
“အဲဒီနားမှာပဲကွ။ ဟောဒီမှာ တွေ့လား၊ ဒီငါးကိုင်းမှာ အရိုးပဲ ကျန်တော့တယ်”
စံဝင်းက ငါးမျှားချိတ်တွင် တန်းလန်းကြီးဖြစ်နေသည့် ငါးရံ့ဒိုင်းကြီး၏ အရိုးစုကို ပြသည်။
ဟုတ်သည်။ ငါးကိုင်းတွင်မိနေသည့် ငါးရံ့ဒိုင်းကြီးမှာ အနည်းဆုံး အစိတ်သားလောက် ရှိနိုင်၏။
နောက်တစ်ကိုင်းတွင်လည်း ထိုအတိုင်း။ နောက်တစ်ကိုင်းတွင်လည်း ထိုနည်းလည်းကောင်း။ နောက်တစ်ကိုင်း … နောက်တစ်ကိုင်း။
ကျော်ခင် စဉ်းစားနေ၏။ ရွှံ့ပျော့ပျော့ထဲတွင် ထင်ကျန်ရစ်မည့် ခြေရာကိုလည်း ကြည့်၏။ ခဏကြာသောအခါ –
“ခင်ဗျားတို့ ဒီနေရာမှာ ငါးကိုင်းတွေရုပ်ရင်း ခဏနေခဲ့အုံးဗျာ။ ကျုပ် ဟိုဘက်ချုံပုတ်တွေနားကို လျှောက်ကြည့်လိုက်အုံးမယ်”
ဟု ဆိုကာ ထွက်သွား၏။
သူတို့နှစ်ယောက် ငါးကိုင်းများ ရုပ်နေစဉ် ကျော်ခင်သည် တမံကမ်းစပ် ချုံပုတ်များကြားသို့ ဟိုတိုးသည်တိုးဖြင့် လျှောက်ကြည့်၏။ တစ်ခါတစ်ရံ လေးဖက်ထောက်ကြည့်၏။ တစ်ခါတလေ ဝမ်းလျားမှောက်၍ ကြည့်၏။ ထို့နောက် ခပ်လှမ်းလှမ်းတစ်နေရာ မှနေ၍ –
“လာကြည့်ကြစမ်းဗျို့၊ ဒီကို”
ဟု လှမ်းခေါ်သဖြင့် စံဝင်းနှင့် ဦးလေးသာဂေါင်တို့လည်း ကျော်ခင့်ဆီသို့ သွားကြ၏။
“ဘာလဲကွ”
ဦးလေးသာဂေါင်က မေး၏။
“ဟောဒီမှာတွေ့လား … တွင်းပေါက်ကြီး၊ တွင်းဝမှာလဲ အမွေးတွေနဲ့”
ကျော်ခင်ပြရာသို့ သူတို့နှစ်ယောက် ကြည့်လိုက်သောအခါ တမံ၏ ကမ်းပါးစောက် ထောက်ရှာပင် ကြီးအခြေ သစ်မြစ်များကြား တစ်နေရာတွင် ဓာတ်ဘူးလုံးသာသာလောက်ကျယ်သော တွင်းပေါက်ကြီးတစ်ခုကို တွေ့လိုက်ရသည်။ ထိုတွင်းပေါက်၏ အဝတွင် အမွေးများကိုလည်း တွေ့လိုက်ရ၏။
ထိုတွင်းကြီးကို မြင်လိုက်သည်နှင့် ဦးလေးသာဂေါင်နှင့် စံဝင်းတို့သည် မျက်နှာများ ဖြူဖပ်ဖြူရော်ဖြစ် ကာ ကြက်သေသေသွားကြ၏။ ခဏကြာတော့မှ−
“ဟာ … သေချာပါပြီကွာ၊ သရဲမဟုတ်ဘူးဟေ့၊ တွင်းဝင်ဘီလူးကွ။ လာ… လာ… ပြန်ကြမယ်”
စံဝင်းက ပြန်ရန် ခြေလှမ်းကို နောက်ပြန်လှည့်၏။
“ကြောက်စရာမရှိ ကြံဖန်ကြောက်နေပြန်ပြီ။ အသာနေစမ်းပါ။ ဒီလောက်တောင် ကြောက်နေရင် ခင်ဗျားတို့နှစ်ယောက် ဟောဟိုနား သွားထိုင်နေ”
“မင်းက ဘာလုပ်မလို့လဲ”
“ဒီမှာ ပေါက်ပြားပါတယ်လေဗျာ၊ တူးမလို့ပေါ့”
ကျော်ခင်က ထိုသို့ပြောလိုက်သောအခါ ဦးလေးသာဂေါင်က-
“ဘာကွ၊ တွင်းဝင်ဘီလူးကို တူးမလို့ ဟုတ်လား။ မင်းစိတ်မှ မှန်သေးရဲ့လား ကျော်ခင်”
ဟု ပြော၏။
“ဟုတ်ပါတယ် ကျော်ခင်ရာ။ လာပါကွာ၊ ငါကြောက်တယ်ကွ”
သူတို့နှစ်ယောက်က မည်သို့ပင်တားသော်လည်း ကျော်ခင်ကတော့မူ တွင်းကို စတူးနေပြီဖြစ်သည်။
သူတို့နှစ်ယောက်သည် ကျော်ခင် တူးနေသည်ကို ကြောက်ကြောက်နှင့်ပင် ထိုင်ကြည့်နေမိ၏။ ကျော်ခင်သည် ပေါက်ပြားကို တအားလွှဲကာ လွှဲကာဖြင့် အားရပါးရတူးနေခြင်း ဖြစ်၏။
မိုးရာသီဖြစ်သဖြင့် မြေမှာ အလွန်အမင်း မမာလှသော်လည်း သစ်မြစ်များကြားတွင် တူးရသည် ဖြစ်၍ ထင်သလောက် အလုပ်မဖြစ်ဘဲ ရှိနေသည်။
တွင်းဝမှ တစ်တောင်ခန့် တူးမိသောအခါ တွင်းထဲတွင် ကြွက်သေကောင်များနှင့် အရိုးများကို အပုံလိုက် တွေ့ရလေသည်။ ဆက်လက် ၍ တစ်လံခန့်တူးမိသောအခါ ကျော်ခင်သည် ဆက်မတူးတော့ဘဲ အသင့်ယူဆောင်လာသော ကောက်ရိုးအခြောက်များကို မီးရှို့၏။ ထို့နောက် မီးခိုးများကို တွင်းထဲဝင် အောင် အပြင်မှ ခမောက်ဖြင့် ယပ်ခတ်ပေး၏။
မီးခိုးများသည် တွင်းထဲသို့ အလုံးအရင်းနှင့် ဝင်ကြလေသည်။ တစ်အောင့်မျှကြာသောအခါ တွင်းထဲမှ မည်းမည်းကျားကျား အကောင်ကြီးတစ်ကောင်သည် တွင်းဝသို့ တစ်ဟုန်ထိုးပြေးထွက်လာလေရာ ကျော်ခင်က အသင့်ကိုင်ထားသော ပေါက်ပြားဖြင့်ထုချလိုက်လေသည်။
“ဟာ… ကျော်ခင် မင်းဘယ်လို လုပ်လိုက်တာလဲ။ တွင်းဝင်ဘီလူးကို သတ်လိုက်ပြီ ဟုတ်လား”
ဦးလေးသာဂေါင်က အပြစ်တင်သလိုပြော၏။ စံဝင်းကလည်း-
“တွင်းဝင်ဘီလူးဆိုတာ နာနာဘာဝကွ။ အဲဒါ တကယ်သေတာမဟုတ်ဘူး၊ သူ့ဝိညာဉ်က ငါတို့ကို ဒုက္ခပေးတော့မယ်”
ဟု ဆို၏။
“တွင်းဝင်ဘီလူးတွေ၊ နာနာဘာဝတွေ လုပ်မနေနဲ့။ ဟောဒါ တောကြောင်ကြီး။ ခင်ဗျားတို့ငါးတွေကို အရိုးပဲချန်ထားပြီး စားနေတာ ဒီအကောင်ကြီး”
ဟု ပြော၏။
“မဖြစ်နိုင်တာကွာ။ ကြောင် ပုစွန်စား ကျွတ်ကျွတ်ဝါးတဲ့ စကားပုံတောင် ရှိသေးတယ်။ ကြောင်က အရိုးကို ချန်ထားပါ့မလား”
ဟု ဦးလေးသာဂေါင်က ပြော၏။
ထိုအခါ ကျော်ခင်သည် တောကြောင်အသေကြီး၏ ပါးစပ်ကို ဖြဲပြလေရာ ကြောင်ကြီး၏ အာခေါင်တွင် ငါးမျှားချိတ်ကြီး တစ်ချိတ်သည် တန်းလန်းကြီး စူးလျက် ရှိသည်ကို တွေ့လိုက်ရလေ၏။
“ဒီကြောင်ကြီးလဲ ကြောင်တို့သဘာဝအတိုင်း အရိုးကို စားချင်ပေမဲ့ သူ့အာခေါင်ကို ငါးမျှားချိတ် စူးထားတော့ အရိုးကိုကြောက်ပြီး မဝါးရဲတော့ဘူးလေဗျာ။ ဒီတော့ သူ့ခမျာ အသားပဲ ရွေးစားရတာပေါ့။ အဲဒီမှာစူးနေတဲ့ ငါးမျှားချိတ်က ရေလျှံရွာက အောင်ကြည်သန်းရဲ့ငါးကိုင်းက ချိတ်ဖြစ်ရမယ်”
ဟု ရှင်းပြ၏။
ထို့နောက် သူတို့သုံးယောက်သည် ထောက်ရှာပင်တမံက ငါးစားသရဲ၊ သို့မဟုတ် တောကြောင်ကြီးကို ထမ်းကာ အိမ်သို့ ပြန်လာခဲ့ကြလေသည်။ ။
– ပြီး –
စာရေးသူ – မောင်နေခြည်(ပြည်)
Uncategorized