• July 6, 2025
  • admin
  • 0

ဝန်းရံခ
ဒီးကလုတ်က ဖြူဖုတ်ပွဲ

လံထင်းသယ်ယူရေးအတွက် ရက်ချိန်းယူရန် ဒီးကလုတ်တောင်အနီးရှိ မြေနီကွင်းရွာသို့ ရောက်ရှိနေသော ကိုရဲလေးတစ်ယောက် ရွာလယ်ရှိ စောသာဦးအိမ်သို့ ဝင်လေရာ ကိုရဲလေးအား ခြေတံရှည် အိမ်ကလေးပေါ်မှ စောသာဦး မြင်သည်နှင့် ချက်ချင်းပင် အိမ်ပေါ်က ပြေးဆင်းလာပြီး ခရီးဦးကြိုလေသည်။

“ဝေ့ ကိုရဲလေး ဘယ်တုန်းကရောက်သလဲ ဟ”

“ဒီနေ့ပဲ ကိုကြီးစောရေ။ မြင်းခြံသားဆီက သီဟိုဠ်ကိုင်းခြောက်တွေ တစ်စီးစာရလို့ လာယူရင်း ခင်ဗျားတို့ အခြေအနေလေးလည်း သိချင်လို့ တမင်လာမေးရင်းပေါ့။ ဘယ်နေ့လောက် လုပ်ငန်းစနိုင်မလဲ”

“လုပ်ငန်းက စမယ်ဆို စနိုင်ပါပြီ။ မိုးလည်း ပြတ်ပြီပဲဟာ။ နင့်တော့ ပြောရမှာ အားနာတယ်ဟေ့။ မပြောလို့လည်း မဖြစ်ပြန်ဘူး။ လုပ်ငန်းစဖို့က ပိုက်ဆံနည်းနည်းလောက်ထပ်ပေးမှ အဆင်ပြေမလို ဖြစ်နေလို့”

စောသာဦး ပြောသည်ကလည်း မှန်ပေသည်။ ကိုရဲလေးတို့လို လံထင်းဝယ်သူတွေအနေဖြင့် မိုးဦးကာလကတည်းက စောသာဦးတို့လို လံထင်းခုတ်သမားတွေကို ငွေကြိုပေး၍ ခိုင်းထားရ၏။ ကြိုပေးငွေဆိုတော့လည်း ဆောင်းဦးပေါက်ကာလ ရောက်ကတည်းက ကုန်သလောက် ဖြစ်နေကြပြီဖြစ်၏။

လုပ်ငန်းစတော့မည်ဆိုလျှင် တောထဲသို့ ရက်ရှည်လများ သွားနေကြရမည်မို့ ဝယ်စရာ ခြမ်းစရာများကို အပြီးဝယ်သွားဖို့ လိုသည်။ အဓိက,က ဆန်ဖြစ်၏။ ဟင်းလျာက စောသာဦးတို့လို တောသူတောင်သားတွေအဖို့ တောထဲမှာ တွေ့သည့် သားကောင်တွေအပြင် တောတွင်းအသီးအနှံ၊ အသီးအရွက်ကအစ ရှာဖွေစားသောက်တတ်သည်။

ထို့ကြောင့် ကိုရဲလေးကပင် စောသာဦး၏ စကားကို ထောက်ခံပြောဆိုလိုက်သည်။

“မှန်တာပေါ့ ကိုကြီးစောရာ။ ဒါကိုလည်း ကျွန်တော်က ကြိုသိပြီးသားပါဗျ။ ခုလာတာလည်း အဲဒီကိစ္စအတွက် တစ်စိတ်တစ်ပိုင်း ပါပါတယ်။ ခင်ဗျားတို့ ဆန်၊ ဆီ၊ ဆားအတွက် မပူပါနဲ့။ အခုလာရင်း လှည်းကူးက ကျွန်တော် ဝင်ဝယ်လာတယ်။ ကျွန်တော့်ကားပေါ်မှာ ပါတယ်။ ပစ္စည်းတွေ လိုက်ချလေဗျာ။ ကိုဝင်းရွှေတို့ မနန်းတို့လည်း တစ်ပါတည်း ခေါ်ခဲ့လေ”

“အဲဒါတွေကြောင့် နင့်ကို အားနာရတာဝေ့။ နင်က လံထင်းဈေးကို သူများတွေထက်လည်း ဈေးပိုပေးတယ်ဆိုတာ ငါတို့သိတာပေါ့ဝေ။ ပြီးတော့ ဆန်၊ ဆီ၊ ဆားကအစ ထောက်ပံ့ပေးတော့ ငါတို့က နင် ထင်းပြန်ရောင်းရင် ဈေးမကိုက်မှာ စိုးရိမ်နေတာကွ။ နင့်စေတနာကြောင့် ငါတို့ ပိုကြိုးစားလုပ်ပေးပါ့မယ် ကိုရဲလေးရာ”

လံထင်းဆိုသည်မှာ လူပေါင်လုံးလောက်ခန့်ရှိသည့် သစ်ပင်နှင့် ၄င်းနှင့် ဆိုဒ်တူ သစ်ပင်ကြီးတို့၏ အကိုင်းအခက် အရွယ်ကောင်းတို့ကို ယောက်ျားလေးလက်တစ်တောင် (တစ်ပေခွဲ မရှိတတ် ရှိတတ်) လောက်စီ ပိုင်းဖြတ်ပြီး အမြင့်နှစ်ပေခွဲ၊ သုံးပေခန့်ထိ စုပုံကာ ဗြက်အကျယ်အားဖြင့် ယောက်ျားလက်နှစ်ဖက်ဆန့်တန်းထားသည့် အရှည် (တစ်လံ)ခန့်ရှိသော ထင်းပုံကို ဆိုလိုခြင်းဖြစ်သည်။

လောဘကြီးသော တချို့ပွဲစားများအနေဖြင့် အမြင့်သုံးပေနှင့် အကျယ်ခြောက်ပေ အတိအကျရမှသာ တစ်လံဟု သတ်မှတ်ပြီး ဝယ်ယူလေ့ရှိကြသည်။ ကိုရဲလေးကတော့ ထိုသို့ မဟုတ်ချေ။ လံထင်းခုတ် သမားတွေ၏ဘဝကို စာနာနားလည်သည်။ ညီအစ်ကို၊ ဦးလေး၊ သားချင်း မောင်နှမ၊ အဒေါ်အရင်းတွေလို သဘောထားကာ ပြောဆိုဆက်ဆံသည်။

မိုးဦးကာလရောက်ကတည်းက လံထင်းအတွက် ကြိုတင်ယူငွေ ပေါက်ဈေးမှာ တစ်လံကို ငွေသုံးထောင်ရှိ၍ ဆောင်းဦးပေါက် ခြေခင်းလက်ခင်းသာချိန်မှဆိုလျှင် တစ်လံကို ငါးထောင်၊ ခြောက်ထောင်ကျပ်အထိ ပေးရသည်။

ကိုရဲလေးတို့လို ရွှေပြည်သာမြို့ရှိ ငရုတ်ဖိုအထိ တက်၍ ပြန်ရောင်းနိုင်လျှင် ခေတ်ကာလပေါက်ဈေးမှာ တစ်လံကို နှစ်သောင်းခွဲကျပ်ရသဖြင့် ပွဲစားတွေအဖို့ များစွာ အကျိုးဖြစ်ထွန်းလေသည်။

ကိုရဲလေးကတော့ စောသာဦးတို့အဖွဲ့ကို တစ်ခါမျှပင် ဈေးမနှိမ်ခဲ့ပေ။ မိုးဦးကာလကြိုတင်ငွေယူကတည်းက တစ်လံကို ခြောက်ထောင်ကျပ်နှုန်းဖြင့် ဈေးဖြတ်ပေး၍ ဆောင်းဦးပေါက်ကာလမှ ငွေယူလျှင် တစ်လံကို တစ်သောင်းကျပ်နှုန်း သတ်မှတ်ပေးရာ လံထင်းပွဲစားလောကမှ လူတွေက ကိုရဲလေးကို ထင်းဈေးကွက်ဖျက်သူအဖြစ် အမြဲစွပ်စွဲတတ်ကြသည်။

တစ်ခါတစ်ရံ စောသာဦးတို့အဖွဲ့ကပင် ကိုရဲလေးကို ထိုကိစ္စအတွက် ပြန်အားနာရလေသည်။ ဒါပေမဲ့ ကိုရဲလေးကတော့ အပြုံးမပျက် အေးအေးဆေးဆေးပင်ဖြစ်သည်။

တချို့ လံထင်းရောင်းသူတို့သည် လံထင်းစီသည့်အခါ သစ်အမြစ်ဆုံကို ကန့်လန့်ထည့်၍ အတွင်း၌ ဂလိုဏ်ဖြစ်အောင်လုပ်ကာ အမြင့်နှစ်ပေခွဲ၊ အကျယ်ငါးပေလောက်သာရှိသဖြင့် ကားပေါ် ကောက်
တင်သောအခါ လံထင်းဆယ်ပုံ၊ ဆယ့်နှစ်ပုံခန့်တင်မှ ကားတစ်စီး ပြည့်သည်။

စောသာဦးတို့ ထင်းဆိုလျှင် ခုနစ်ပုံ ရှစ်ပုံလောက်ဖြင့် ကိုရဲလေးငှားထားသည့် ဟီးနိုးကားကြီး အပြည့်ရသည်။

ထို့ကြောင့် မှန်မှန်ကန်ကန်နှင့် ရိုးသားဖြူစင်မှုကို အလေးထားမြတ်နိုးတတ်သည့် ကိုရဲလေးက စောသာဦးတို့အဖွဲ့ကို သံယောဇဉ်ရှိကာ သဘောကျသည်။ ထို့ကြောင့် ယခုတစ်ခေါက် ကိုရဲလေးပြန်ခါနီးတွင် ရိက္ခာပစ္စည်းများ လိုက်ယူရန် ထပ်မံဆော်သြရသေး၏။

“ကိုကြီးစောရေ။ ကားပေါ်မှာ ယူလာတဲ့ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်တွေ လိုက်ယူထားဦးလေ”

“အေး အေး ကောင်းပြီဟ။ ဖိုးခွား … ဝင်းရွှေနဲ့ မိနန်းတို့ကို သွားအကြောင်းကြားချေ။ ဖထီး အရင်သွားနှင့်ပြီး ပစ္စည်းတွေ ချထားနှင့်မယ်။ ဝင်းရွှေတို့နဲ့အတူ ပစ္စည်းကူသယ်ဖို့ ဖိုးခွားတို့လည်း လိုက်ခဲ့ကြဦးဝေ့”

xxx xxx xxx

ဒီးကလုတ်တောင်မှာ သစ်ပင်ကြီးငယ်တို့နှင့် အုံ့အုံ့ဆိုင်းဆိုင်း မှိုင်းမှိုင်းပျပျ ရှိနေ၏။ တောင်ပေါ်၌လည်း ရာဇမာန် အသင့်ခံ မွန် မင်းသားနှစ်ပါး တည်ထားခဲ့သည့် ရန်ပြေမာန်ပြေဘုရားနှစ်ဆူတို့ဖြင့် သပ္ပာယ်ကြည်ညိုဖွယ်အတိ ဖြစ်၏။

ထိုတောင်ခြေရှိ ဖိုးသာထူးကုန်းပေါ်တွင် ကြို့ပင်ကြီးတစ်ပင်နှင့် ကြခတ်ဝါးရုံ၊ ဝါးနက်ဝါးရုံတို့၏ အလယ်၌ တဲကလေးတွေ အစီအရီထိုး၍ မြေနီကွင်းရွာသား လံထင်းခုတ်သမားတွေ စုပေါင်းနေထိုင်လေသည်။

ဤသို့ နေထိုင်ကြသည့် အချိန်မှာ မိုးလေကင်းလွတ်ပြီး ဆောင်းဦးပေါက်ကာလ၌ ဖြစ်သည်။ မိုးတွင်းကာလဆို ထိုနေရာတွင် မည်သူမျှ ရေရှည်မနေရဲကြချေ။ အကြောင်းမှာ တောဆင်ရိုင်းများ ဒီးကလုတ်တောင်ပေါ်ရှိ ရန်ပြေမာန်ပြေဘုရားကို လာဖူးချိန်မို့ဟု ဆိုသည့် ရှေးအစဉ်အဆက်စကား အဆိုအရကို နှောင်းလူများကပါ လက်ခံလာကြသည်။

ဆောင်းအကုန် နွေအကူး လေရူးတွေတသုန်သုန်တိုက်ချိန် လှည်းဝင်ရိုးဆီငတ်သံ တအီအီနှင့် ကျွဲလှည်းတစ်စီး တောင်ခြေဆီသို့ တရွေ့ရွေ့လာနေသည်ကို လှမ်းမြင်ရသည့် စောဖိုးခွားက

“ဖထီးရေ … ဦးရဲလေးတို့ လာပြီဗျို့”

ဟု လှမ်းအော်လိုက်သည်နှင့် စောသာဦးလည်း တဲကလေးပေါ်မှဆင်းကာ အတူစောင့်နေလိုက်သည်။ တဖြည်းဖြည်းနှင့် ကျွဲလှည်းတစ်ခေါ်လောက်ရောက်တော့ စောသာဦးက စတင်၍ လှမ်းနှုတ်ဆက်လိုက်သည်။

“ဟေ့ … ဖိုးနိုင်တို့ကတော့ လုပ်ရော့မယ်။ ကိုရဲလေးတို့ နားငြီးပြီပေါ့။ လှည်းဝင်ရိုးထဲ ဆီလေးဘာလေးထိုးပြီးမှ လာခဲ့ရောပေါ့”

“ဖိုးသာဦးရေ … ငါလည်း ဆီထိုးမလို့ပါပဲ။ ဒီမှာ ကိုရဲလေးက ရွာရောက်ပြီးလို့မှ ဒီးကလုတ်တောင်ကို မရောက်ရင် နေလို့ထိုင်လို့ မရဘူးဆိုလို့ကွ”

သည်လိုပြောတော့ ကိုရဲလေးလည်း မနေသာချေ။ ကျွဲလှည်းမောင်းပို့ပေးသည့် ဖိုးနိုင်ဘက်မှ ထောက်ခံစကားပြောလိုက်ရသည်။

“ဟုတ်တယ် ကိုကြီးစောရေ။ ကျွန်တော်တော့လေ သည် ဒီးကလုတ်တောင်နဲ့ ဘယ်လိုရေစက်မှန်းကို မသိဘူးဗျို့။ မြေနီကွင်းရွာ ရောက်လို့မှ ဒီးကလုတ်ရေ မသောက်ရရင် နေလို့ထိုင်လို့ကို မကောင်း ချင်ဘူးဗျ”

စောသာဦးက ကိုရဲလေးအပြောကို သဘောအကျကြီးကျကာ တပြုံးပြုံးနှင့် ခေါင်းတညိတ်ညိတ်လုပ်နေသည်။ စောဖိုးခွားက လမ်းကြောင်းပြသည့်အနေဖြင့် သူတို့သားအဖ ခုတ်ထွင်ရှင်းလင်းထားသည့် လမ်းကြောင်းအတိုင်း လှည်းရှေ့မှ ဦးဆောင်လျှောက်လှမ်းလာသည်။

စောသာဦးက လှည်းပေါ်တက်ရင်း ကွမ်းကြိုက်တတ်သည့် ကိုရဲလေးကို ကွမ်းယာလှမ်းပေးသည်။ ကိုရဲလေးကလည်း လှမ်းယူကာ ကောက်ဝါးပြီး လှည်းရန်တိုင် (ကပ်အိမ် လက်တန်း)ဘေးကို ကွမ်းတံတွေး ပျစ်ခနဲ တစ်ချက်ထွေးလိုက်သည်။ ပြီးမှ ရဲလေးက စောသာဦးဘက်လှည့်ကာ လှည်းပေါ်ရှိ စက္ကူပုံးတွေကို ပုတ်ပြရင်း မေးသည်။

“ကိုကြီးစော၊ ဒါက ဘာတွေမှတ်လဲ … သိလား”

“ငါသိပါတယ် ကိုရဲလေးရာ။ ကိုရဲလေးတို့အကြိုက် ဆေးဝါး မဟုတ်လား”

“ဟား … ဟား တော်ပါပေ့ကိုကြီးစောရယ်။ အမြည်းအတွက်တော့ ကိုကြီးစောရဲ့ တာဝန်နော်”

“ရပါတယ် ကိုရဲလေးရာ။ ဆေးတံသာ မီးခိုးဝေပစေ။ အမြည်းတစ်ခုမဟုတ် တစ်ခု ရစေရမယ် … ဟဲဟဲ”

“မပူပါနဲ့ ကိုကြီးစောရယ်။ ကျွန်တော်က ရိက္ခာအစုံအလင် မပါရင် လာချင်တာ မဟုတ်ဘူးဗျ။ ကိုကြီးစောသာ မနှစ်ကလို ရှာနိုင် ဖွေနိုင်ပါစေ”

“စိတ်ချပါကွ။ ခုညမှ ကိုရဲလေး လာမယ်ဆိုတာ ကြားထားလို့ အိမ်အထိလာလို့ရအောင် လမ်းလည်းရှင်းထားတယ်။ ပြီးတော့ ပွေးတူးထားတာ ငါးကောင်ရသဟ။ အိမ်မှာ မိသေး ချက်နေလေရဲ့။ မိသေးတို့များ ကိုရဲလေးအတွက်ဆို ငါ ပွေးမရကြည့်၊ သူမွေးထားတဲ့ ကြက်ဖ ချက်ကျွေးမတဲ့ဟ”

စောသာဦးပြောမယ်ဆိုလည်း ပြောစရာပင်။ စောသာဦး၏ မိန်းမ ဒေါ်မိသေးသည် ကိုရဲလေးကို တူသားမောင်ငယ်လို အလွန်ချစ်ခင်၏။ မနှစ်က တစ်နွေလုံး သည်ဒီးကလုတ်တောင်ခြေတွင် အတူတူ နေထိုင်လာခဲ့ရာ ကိုရဲလေးနဲ့ စောသာဦးတို့ ဆွေမျိုးသားချင်းတတွေမှာ မိသားစုပမာ များစွာချစ်ခင်ကြင်နာနေကြလေသည်။

ကိုရဲလေး၏ စိတ်ရင်းစေတနာကြောင့်လည်း ဖြစ်မည်။ ပို၍ အံ့သြစရာ ကောင်းသည်မှာ လူ့ဂွစာ လူ့ကန့်လန့် စောသာဦးမှာ သူကိုယ်တိုင် မသောက်မစားတတ်သလို၊ သောက်စားသူဆိုရင်လည်း အလွန်အမြင်ကပ်သူဖြစ်သည်။ ဒါပေမဲ့ ကိုရဲလေးနှင့် စောသာဦးတွေ့သောအခါ စောသာဦးက သူ့မိန်းမကို ပြောဖူးသည်။

“မိသေးရေ… ငါတော့ ရွာထဲက လူတွေကြားမှာ ကံကြီး (ဝဋ်)လိုက်ပြီ ထင်တယ်ကွာ။ လံထင်းပွဲစားသစ် ကိုရဲလေးဆိုတဲ့ကောင်က အရက်သောက်တတ်တယ်။ ငါက အရက်သမားဆို လုံးလုံး ကြည့်ရတာ မဟုတ်ဘူး။

စားဝတ်နေရေးအရ သူများခိုင်းတာ လုပ်စရာ ရှိ လုပ်တယ်။ အလုပ်ပြီးရင် ပြန်တာမဟုတ်လား။ အို… အရက်သမားဆို ငါက ခင်ဖို့မပြောနဲ့၊ စကားတောင် လှည့်ပြောခဲ့တာ မဟုတ်ဘူးဟ။

ဒါပေမဲ့ဟာ … ခုလာတဲ့ ရဲလေးကို ငါမြင်မြင်ချင်း မိသားစုလို ချစ်ခင်တယ်ဟ။ ဆွေဟောင်းမျိုးဟောင်းတွေ့ရသလိုပဲဟာ။ တန်တော့ ငါ… ဒီကောင်နဲ့ ကံကြီးလိုက်တာ နေမှာပါဟာ”

ဟုတ်လည်း ဟုတ်နိုင်ပါသည်။ စောသာဦးပြောသလိုပင် ထပ်မံကြုံတွေ့ရသည်မှာ ကိုရဲလေးကို စောသာဦးက ချစ်ခင်သလို စောသာဦး၏ မိန်းမ ဒေါ်မိသေးနှင့် သားနှစ်ယောက်ကပါ သူ့ထက် ပိုနေသဖြင့် အံ့သြဘနန်းဖြစ်ကာ သူ့အဘိုးပြောပြဖူးသော စကားကို ပြန်၍ သတိရမိလိုက်သည်။

“လူလေး သာဦး၊ မင်းအဘွားဆုံးပြီးနောက်ပိုင်း အဘိုးကို မကြာမကြာ အိပ်မက်ပေးတယ်။ သူ ဒီတောင်ပိုင် ဖြစ်နေတယ်တဲ့။ မင်းကို မွေးပြီးကတည်းက မင်းအဘွားက မင်းတို့ကို စောင့်ရှောက်နေ တာတဲ့။ မင်းတို့ ဆင်းရဲတာကို တောင်ပိုင်ဖြစ်နေတဲ့ မင်းတို့အဘွားက မကြည့်ရက်လို့ တစ်နေ့ကျရင် မင်းတို့ဆီကို သူ့လူတစ်ယောက် လွှတ်ပေးမယ်။ မိသားစုဝင်လို ချစ်ချစ်ခင်ခင် ပြန်လည်စောင့်ရှောက်ပါနော် ဝေ့”

ဤကဲ့သို့ စောသာဦးမှာ အတွေးတို့ ပျံ့လွင့်နေစဉ်ဝယ် လှည်းရှေ့မှ လမ်းပြသော သူ့သားစောဖိုးခွား၏ အသံ ထွက်ပေါ်လာလေသည်။

“တောင်လိပ်တွေဗျ။ မီးမရှို့ဘဲ ပြုတ်ကျရတယ်လို့။ ဧကန္တတော့ ဦးရဲလေးရေ ခင်ဗျားကံကတော့ လူမင်းဘုန်းကြီးတော့ နတ်မင်းမနေနိုင်သလို ဖြစ်နေပြီထင်တယ်ဗျ”

တောင်လိပ်များကို ကောက်ပြီး လှည်းပေါ်လာပေးနေသည့် စောဖိုးခွားကို စောသာဦး ပါးစပ်အဟောင်းသားဖြင့်ကြည့်ကာ လက်တုန်ခြေတုန်နှင့် တောင်လိပ်များအား လှမ်းယူလိုက်ရလေတော့သည်။

xxx xxx xxx

ကိုရဲလေးလည်း စောသာဦးမိန်းမ ဒေါ်မိသေးကိုယ်တိုင် ညစာအဖြစ် ချက်ကျွေးသည့် တောင်လိပ်သားနှင့် ရှောက်ပေါင်းအရက်တန်ခိုးကြောင့် မနက်ဆယ်နာရီကျော်မှ အိပ်ရာက ထနိုင်တော့သည်။

ကိုရဲလေး သွားတိုက်သွားပွတ်တံနှင့် ဆပ်ပြာခွက်ကိုင်ကာ အောက်ချိုင့် စမ်းချောင်းလေးကို ဆင်းသွားသည်။ ရေကြည်စေရန်အတွက် ရေငင်ကာ ရေကို ရေအိုးထဲထည့်ပြီး တိမ်နေသော ဒေါ်မိသေးက ကိုရဲလေးကို မြင်သည်နှင့် လှမ်း၍ သြဘာပေးလိုက်သည်။

“အလို… ကာလနဂါး နိုးတော်မူပြီကိုး။ ဒီမှာ ရေတိမ် ထားတာ အဆင်သင့်ပါတော်။ တော့်လူ ကိုစောက ကျုပ်ကို ရေတိမ်ဖို့ မေ့နေမှာစိုးလို့ဆိုပြီး ခုနကပဲ လံထင်းခုတ်ရာကနေ လာပြန်မှာသွားသေးတယ်ရှင်”

ကိုရဲလေးအကျင့်က မနက်အိပ်ရာကထသည်နှင့် ရေချိုးတတ်သည်။ အောက်ချိုင့်ရှိ လက်ယက်တွင်းမှာ ရေအခပ်များလျှင် ရေနောက်ကျိသွားလေ့ရှိသည်။ ရေနောက်ကိုခပ်၍ အသုံးပြုလိုလျှင် အိုးတစ်လုံးလုံး ဒါမှမဟုတ် ရေဇလားတစ်ခုခုထဲထည့်ပြီး အနည်ထိုင်အောင်ထားခြင်းကို ရေတိမ်ထားသည်ဟုခေါ်၏။

ထို့ကြောင့် ကိုရဲလေး အိပ်ရာကမနိုးခင် စောသာဦးက လံထင်းခုတ်ရာကနေ စခန်းရှိ အခြေအနေကို တစ်ခေါက်ပြန်လာကြည့်ရင်း သူ့မိန်းမ ဒေါ်မိသေးကို ခိုင်းသွားခြင်းဖြစ်သည်။

“ဟာ… မကြီးသေးရာ ကန်တော့ဗျာ။ အရင်တုန်းကလည်း ပြောဖူးပြီးသားပါ။ ကျွန်တော် ငရဲကြီးပါ့မယ်လို့။ မလုပ်ပါနဲ့ဗျာ။ ကျွန်တော့်ဘာသာ ရေငင်ချိုးလို့ ရပါတယ်”

“ဟဲ့ ငရဲကြီးစရာလား ရဲလေးရဲ့။ နင့်ကို ငါက ငါ့တူ ငါ့သား ငါ့မောင်လို သဘောထားပြီး လုပ်ပေးတာပဲ။ ဖိုးခွားတို့ကိုလည်း ဒီလိုပဲ ခုထိ ငါပဲ လုပ်ပေးနေကျလေ။

ဪ… ဒါနဲ့ ငါမေ့တော့မလို့ ရဲလေးရဲ့။ နင့်အစ်ကိုက ပြောသွားသေးတယ်။ သူ့ညီ ရဲလေးက အင်မတန်စားရကံကြုံတဲ့သူတဲ့ဟ”

“အိုး… ဒါဆို သေချာပြီ။ ကိုကြီးစော အိပ်တန်းတစ်ခုခု တွေ့လာပြီထင်တယ်”

“အိပ်တန်းပဲ ပြောပါတော့ ရဲလေးရယ်။ ဖြူတွင်းတွေ့လာတာတဲ့ဟဲ့။ ရဲလေး… နင် ဖြူသား မစားဖူးသေးဘူး မဟုတ်လား”

“အာ စားဖူးဖို့ နေနေသာသာ။ ဖြူဆို ဆူးတောင်ကလွဲရင် အကောင်တောင် မြင်ဖူးတာ မဟုတ်ဘူးဗျ”

“အေး … အေး ညနေ ဖြူသွားဖုတ်ရင် လိုက်ခဲ့ပေါ့။
ရဲလေးရေ ရေမြန်မြန်ချိုးဟေ့။ အပူရှပ်နေဦးမယ်။ နင် အိပ်ရာထကတည်းက နေဖင်ထိုးနေပြီ”

မကြီးသေး(မိသေး)က ပြောဆို၍ ထွက်သွားလေသည်။ ကိုရဲလေး မျက်နှာသစ်၊ သွားတိုက်၊ ရေမိုးချိုးပြီး ပြန်လာတော့ တဲပေါ်မှာ ထမင်းနှင့် ဟင်းတို့ အဆင်သင့်တင်ထားသည်ကို တွေ့လိုက်ရသည်။ ဟင်းက ပွေးကြော်ချက်နှင့် တောင်လိပ်သားတို့ ဖြစ်သည်။

ပွေးဆိုသော သတ္တဝါသည် မြေကြွက်တွေ ကဲ့သို့ပင် တွင်းတူး (ကျစ်)၍ နေထိုင်သည်။ ပွေးက နေ့ဘက်မထွက်၊ ညဘက်မှ အထွက်များသည်။ နေ့ဘက် မျက်စိမမြင်၊ အလင်းရောင်ဒဏ်ကိုမခံနိုင် မျက်စိမှုန်၍ ဖြစ်သည်။

ပွေးသတ္တဝါသည် တွင်းထဲတွင် နေထိုင်ရာ၌ အတော်စည်းကမ်းရှိသော သတ္တဝါဖြစ်သည်။ ပွေးတွင်းကို ခွေးနှင့် အနံ့ခံခိုင်းကာ လိုက်တူးလျှင် အစားအစာသိုလှောင်သောနေရာ၊ ညအိပ်သည့်အသိုက်နေရာနှင့် နောက်ဆုံး ရန်သူကို ပြန်လည်ခုခံမည့် နေရာဟူ၍ အဆင့်ဆင့် တွေ့ရပါသည်။

ပွေးဆိုသော သတ္တဝါသည် သစ်သီး၊ သစ်ဥ၊ သစ်ဖုသာ စားသဖြင့် ပွေးသားကို ချက်စားပါက ဆေးဘက်ဝင်သည်ဟု အယူရှိကြပါသည်။

ကိုရဲလေး ထမင်းစားရင်း ပွေးအကြောင်း စဉ်းစားနေရာ သူ့တဲရှေ့မှ ဦးထွန်းသန်းက နှုတ်ဆက်မှပင် ပတ်ဝန်းကျင်ကို သတိထားမိသည်။

“ဗျို့ … ကိုရဲလေး စားလှချည်လားဗျ။ ခင်ဗျား ရောက်တယ်ကြားလို့ မျောက်မောင်းမသား ဟင်းစားလာပေးတာရယ်”

“ဟာ… ဦးထွန်းသန်း လာဗျာ။ ကျွန်တော်လည်း ခင်ဗျားကို လက်ဆောင်ပေးစရာ ရှိတယ်ဗျ။ ဟင်းစားလာပေးတာတော့ ကျေးဇူးတင်သဗျာ။ ဒါပေမဲ့ မျောက်မောင်းမအသားကတော့ စားရကြပ်သဗျ”

“ဟား … ဟား ကိုရဲလေးကို တုတ်ပြီး ဓားပြီးအောင် ကျွန်တော်က ရေနိုင်နိုင်ထိုးပြီး ချက်ကျွေးဖို့ (မ)မိသေးကို ပြောခဲ့ပါတယ်ဗျာ”

တောကောင်သားတွေထဲတွင် မျောက်မောင်းမ၏ အသားသည် စားရသည်မှာ အကြပ်ဆုံးနှင့် အမာဆုံး ဖြစ်၏။ ရှေးလူကြီးသူမများ၏ အဆိုအရ မျောက်မောင်းမအသားနှင့် ဓားပြီးတုတ်ပြီးဆေးဖော်သည်ဟု ပြောစကားရှိထား၍ ကိုထွန်းသန်းက ကြားဖူးနားဝဖြင့် ပြောခြင်း ဖြစ်သည်။

တကယ်လည်း မျောက်မောင်းမကို ရရန်မလွယ်ကူချေ။ ဓား၊ တုတ်၊ လှံလက်နက်၊ လေးဂွလောက်ကတော့ မျောက်မောင်းမက မမှု၍ ဖြစ်သည်။ ဓား လှံဖြင့် ခုတ်၍မပြတ်၊ ထိုး၍မပေါက်။

မျောက်မောင်းမအသားကို ဟင်းချက်ရာတွင် အချိန်များများပေးရသဖြင့် တော်ရုံတန်ရုံလူတွေကလည်း မသတ်ကြပေ။ မျောက်မောင်းမကို တွေ့သူသည် သစ်ပင်ပေါ်မှ ပြုတ်ကျအောင် လှုပ်ချရ၏။ သစ်ပင် အောက်မှနေ၍ ဝါးချွန်အရှည်နှင့် လှမ်းထိုးကာ အောက်ပြုတ်ကျပြီး ခွေးကိုက်၍သာ အရများပါသည်။ တောလိုက်ဖူးသည့် ခွေးတွေက သူတို့ အတွေ့အကြုံအရ မျောက်မောင်းမဆိုပါက ဘယ်နေရာကို ကိုက်လျှင် သေသည်ကို အတပ်သိကြ၏။

ကိုရဲလေးက သူ့တဲပေါ်လာထိုင်သော ဦးထွန်းသန်းအား ရှောက်ပေါင်းတစ်လုံး ပေးလိုက်သည်။ ဦးထွန်းသန်း၏ မျက်နှာမှာ ဝင်းထိန်သွားပါသည်။

(၁၉၉၉-၂၀၀၀) ခုနှစ်လောက်က ရှောက်ပေါင်း အရက် နာမည်ကြီးသည်မှာ တစ်နိုင်ငံလုံးအတိုင်းအတာအထိ ရှိသည်။ အရက်သောက်သုံးသူလူတိုင်းလည်း ကြိုက်နှစ်သက်၍ ဖြစ်သည်။ ဦးထွန်းသန်းလိုလူအဖို့ ထိုအချိန်အခါ၌ ရှောက်ပေါင်းအရက်တစ်လုံး ရခြင်းသည် ရေငတ်တုန်း ရေတွင်းထဲကျသလို ဖြစ်လေ၏။

ထိုကဲ့သို့ ဦးထွန်းသန်းနှင့် ကိုရဲလေးတို့ အပေးအယူတည့်ကာ စကားကောင်းနေစဉ် စောသာဦးတို့ သားအဖတွေ အလုပ်ကနေ ထမင်းစားပြန်တက်လာချေပြီ။

စောသာဦးတို့ မြေနီကွင်းရွာသားတွေ၏ အစားအသောက်အလေ့အထသည် ပုံမှန်ထက် ထူးခြား၏။ မြန်မာနိုင်ငံ နေရာဒေသအတော်များများ၌ တစ်နေ့လျှင် ထမင်းသုံးနပ်နှင့်အထက် စားတတ်ကြသော်လည်း စောသာဦးတို့ မြေနီကွင်းရွာသားတို့သည် မနက်စာကို ကိုးနာရီလောက်၌ အဝစားပြီး ညနေ နှစ်ချက်ခွဲ သုံးနာရီလောက်တွင် ညစာအပြီးစားကြသည်။ ဤသို့ တစ်နေ့ နှစ်နပ်သာ စားကြသော်လည်း နှစ်နပ်ဆို ဆိုလောက်အောင်ပင် စားနိုင်ကြပေသည်။

ကိုရဲလေးနှင့် ဦးထွန်းသန်းတို့ မနှစ်ကအကြောင်း ရှေးဟောင်းနှောင်းဖြစ်တွေပြောရင်း စောသာဦးတို့တဲဘက် ထွက်ခဲ့ကြသည်။ စောသာဦးက နေရာထိုင်ခင်းပေးရင်းက စကားစလိုက်သည်။

“ကိုရဲလေးရေ။ ဒီညစာကတော့ ဦးထွန်းသန်းပေးတဲ့ မျောက်မောင်းမသားနဲ့ပဲ ကျေနပ်တော့ဗျို့။ မနက်ဖြန်စာအတွက်က ဒီည ထွက်ရှာရင် အဆင်ပြေတန်ကောင်းပါရဲ့”

“မပြေတော့လည်း ကိုကြီးစောရယ် … ဘာခက်တာမှတ်လို့။ ကြိမ်ဖူးခါးဟင်းနဲ့ ဖလံတောင်ဝှေးကြော် စားကြရုံပေါ့ဗျာ ဟား … ဟား”

““ဟား … ဟား”

““ဟား … ဟား”

xxx xxx xxx

“ကိုရဲလေးရေ … ဗျို့ … ကိုရဲလေး”

စောသာဦးအသံကြား၍ ကိုရဲလေး တဲထဲမှ ထွက်ကြည့်တော့ စောသာဦးနှင့် မကြီးသေးကို တွေ့လိုက်ရသည်။ ညနေ နေဝင်ရီတရောမို့ ထင်းခုတ်သွားဖို့တော့ မဖြစ်နိုင်ပေ။ ဒီလင်မယားနှစ်ယောက် ဘယ်သွားမလို့ပါလိမ့်ဟု သိချင်ဇောနှင့် ကိုရဲလေးက လှမ်းမေး လိုက်သည်။

“ဘယ်တုန်းဗျ … ကိုကြီးစောနဲ့ မကြီးသေးရ”

“ဟာ … ရဲလေး နင်က မေ့တတ်ရန်ကော။ ငါ မနက် ကတည်းက ပြောထားတယ်လေ။ နင့်အစ်ကို ဒီည ဖြူဖုတ်မှာပါဆို”

“ဪ… ဟုတ်သားပဲ။ ကျွန်တော် မေ့နေတာဗျ”

“ကိုရဲလေး မြင်ဖူးတယ်ရှိအောင် လိုက်ခဲ့ပါလား။ ငါကတော့ ကျိန်းသေရမယ့်တွင်းလို့ တွက်ထားတာဗျ”

“အေးဗျာ၊ လိုက်ခဲ့မယ် ကိုကြီးစော”

ကိုရဲလေးလည်း တဲထဲဝင်ကာ အဝတ်အစားလဲသည်။ ပြီးမှ ကိုရဲလေးက လှံရှည်တစ်ချောင်းကို လိုရမယ်ရကိုင်လျက် တဲထဲမှ ထွက်လာကာ စောသာဦးတို့ လင်မယားနှစ်ယောက်နှင့် လိုက်ခဲ့လေသည်။

သူတို့စခန်းနှင့် တော်တော်ဝေးဝေးအထိ လျှောက်ရသည်။ တောတောင်လမ်းတွေမို့ တချို့နေရာတွေက လမ်းကြမ်းသည်။

ညနေ နေဝင်ရီတရောမို့ တောငှက်သံ၊ တောကြက်သံတို့ စီစီညံညံ ရှိလှသည်။ ရှေ့မှသွားနေသည့် စောသာဦးက ရောက်ပြီဆိုတာ အချက်ပြသည်။ ကိုရဲလေး လှမ်းကြည့်လိုက်တော့ တောင်စောင်းတစ်ခုတွင် ပြောင်လက်နေသည့် လမ်းကြောင်းတစ်ခုကို တွေ့ရသည်။ ထိုလမ်းကြောင်းတစ်လျှောက် ဆက်လိုက်သွားမှ လူတစ်ကိုယ်စာ တွင်းကြီးတစ်တွင်းကို တွေ့လိုက်ရသည်။

ကိုရဲလေးစိတ်ထဲမှာ မြွေတွင်းကြီးထင်ကာ ကြက်သီး(သိမ်း)ဖြန်းခနဲ ထမိသည်။

စောသာဦးက ကိုရဲလေး အခြေအနေ ကိုသိသဖြင့် သူ့ဇနီးဒေါ်မိသေးအား လှမ်းစသည်။

“မိန်းမရေ နှင့်မောင်က မြွေတွင်းထင်နေပုံပေါက်တယ်။ တောငှက်ပျောရွက်တွေ နင်သွားခုတ်ချေ။ ငါနဲ့ ကိုရဲလေးက ဝါးရင်းသားတွေ ခုတ်ထားနှင့်မယ်”

ဒေါ်မိသေးလည်း တောငှက်ပျောရွက်ခုတ်ရန် ထွက်သွားလေသည်။ စောသာဦးက ကိုရဲလေးကိုခေါ်ပြီး အနီးအနားရှိ ဝါးရင်းသားတွေခုတ်ပြီး ချွန်လေသည်။ ဝါးရင်းသား အရှည်သုံးတောင် ကျော်ကျော် (၁၅)ချောင်းလောက်ခုတ်ပြီးမှ စောသာဦးနှင့် ကိုရဲလေးတို့ ဝါးရင်းသားချွန်တွေကိုထမ်းရင်း တောင်စောင်းရှိတွင်းကြီးဆီသို့ ပြန်လာကြသည်။

စောသာဦးက ပထမတွေ့ထားသည့် တွင်းအပြင် ဂယ်(ကယ်)ပေါက်တွင်းကို လိုက်ရှာကြည့်ရာ တစ်ပေါက်ထပ် တွေ့သည်။

တချို့ဖြူတွေက ကြွက်တွေ၊ ပွေးတွေကဲ့သို့ ဂယ်ပေါက် သုံးလေးပေါက်အထိ ထားလေ့ရှိ၍ဖြစ်၏။ စောသာဦး ဆက်လက်ရှာဖွေသော်လည်း နောက်ထပ်တွင်း မတွေ့ရမှ ပထမဆုံးတွင်းပေါက်ဝတွင် ဝါးရင်းသားချွန်ကို ရဲတင်းအနှောင့်ဖြင့်ထုကာ မြေကြီးထဲ ခပ်စိပ်စိပ်ရိုက်ထည့်သည်။ ဒုတိယတွင်း ဂယ်ပေါက်ဝတွင်လည်း ထိုနည်းတူစွာ ရိုက်ထည့်ပြန်သည်။

ပြီးမှ စောသာဦးက သစ်ကိုင်းခြောက်တွေရှာကာ ပထမတွင်းပေါက်ဝအနီး၌ စုပုံထားသည်။ သူ့မိန်းမ ဒေါ်မိသေး တောငှက်ပျောရွက်တွေရှာခုတ်ကာ ပြန်ရောက်လာမှ စောစောက စုပုံထားသည့် သစ်ကိုင်းခြောက်တွေကို မီးခြစ်ထုတ်၍ မီးမွှေးသည်။

ကိုရဲလေးကို ဂယ်ပေါက်ဝ၌ စောင့်ခိုင်းပြီး စောသာဦးနှင့် မိသေးတို့က မီးပုံ (ဖို)မှ မီးခိုးတွေကို တောငှက်ပျောရွက်ကိုယ်စီဖြင့် တွင်းထဲကို ရိုက် (ယပ်)ထည့်သည်။

ပထမပိုင်း မီးခိုးဝင်ဝင်ချင်း ဘာမှ မသိသာသေးသော်လည်း မီးခိုးယပ်ထည့်ရာ ကြာလာသည်နှင့် အမျှ တွင်းထဲမှာ လှိုဏ်သံကြောင့် ပြေးလွှားသံတွေ ဝုန်းဒိုင်းညံလာသည်။ စောသာဦးက ကိုရဲလေးကို လှမ်းသတိပေးလိုက်သည်။

“ကိုရဲလေး … တွင်းဝတည့်တည့် မနေနဲ့။ ဘေးတစ်ဘက်ဘက် ကပ်နေရတယ်။ ဖြူရှိတာ သေချာပြီ။ တောကြီးမြွေတွေပါ တစ်ခါတစ်ရံ နေတတ်တယ်။ သတိထားစောင့်နော်။ ကြောက်စရာတော့ မရှိဘူး။ ဝါးရင်းသားတွေက ခိုင်ပါတယ်။ ဖြူက တွင်းထဲမှာ ဆိုရင် သူတို့ဆူးတွေကို ခါလေ့မရှိဘူး”

“ဟုတ်ကဲ့ ကိုကြီးစော”

ထိုစဉ် ကိုရဲလေးစောင့်ရာတွင်းဝသို့ အကောင်တစ်ကောင် ပြေးထွက်လာပြီး ဝါးရင်းသားနှင့် ထိပ်ဆောင့်မိသည်။ “ဒုတ်”ခနဲ မြည်သံကြားတာနှင့် ကိုရဲလေးက ကြောက်ကြောက်လန့်လန့်ဖြင့် လှံရှည်နှင့် လှမ်းထိုးရာ ထိုးချက်လွဲချော်ကာ မမိချေ။ စောသာဦးက သိချင်ဇော၊ စိုးရိမ်ဇောနှင့် ကိုရဲလေးကို လှမ်းမေးပြန်သည်။

“ကိုရဲလေး… ဘာကောင်တွေ့လို့လဲ”

“ကြွက်မွေး ရှဉ့်မွေးနဲ့ တူသဗျ။ ယုန်လောက်ရှိတယ်။ မျက်နှာကလည်း ယုန်နဲ့ ဆင်သလိုလိုပဲ ကိုကြီးစောရ”

“ဟား သေချာပြီ။ အဲ့ဒါ ဖြူပဲ။ ရဲလေး လက်ချော်လို့။ နို့မို့ဆို ဒီည ဟင်းစားရမှာ။ ရဲလေး နင့်တွင်းဘက်က မီးခိုးထွက်ရင် ပြောဦး”

“ဟုတ်ကဲ့ မကြီးသေး”

ဒေါ်မိသေးကပါ လှမ်းအော်ပြောနေသဖြင့် ဂရုစိုက်၍ စောင့်ကြည့်ရာ တစ်အောင့်လောက်အကြာ၌ ဘာကောင်မှ ထပ်၍ထွက်မလာတော့ပေမယ့် ဂယ်ပေါက်က မီးခိုးတွေ အူထွက်လာသည်။

ကိုရဲလေးက မီးခိုးထွက်ကြောင်း အချက်ပြလိုက်သည်နှင့် စောသာဦးက ဝါးရင်းသားတိုင်တွေကို တောငှက်ရွက်ဖြင့် သေချာလုံအောင်ကာပြီး မိသေးက ပေါက်တူးတစ်လက်နှင့် မြေပေါက်ပေးသည်။ စောသာဦးက မြေကြီးခဲ တွေနှင့် တွင်းမြုပ်အောင် ဖို့သည်။

ကိုရဲလေး စောင့်နေသည့် တွင်းကိုလည်း ထိုနည်းအတိုင်း ဖို့ပြန်သည်။ ပြီးမှ သုံးဦးသား အမောဖြေပြီး လမ်းလျှောက်ရင်း စကားတပြောပြောနှင့် ပြန်လာခဲ့လေသည်။

ည အိပ်ရာဝင်တော့ ကိုရဲလေး ညနေက ဖြူဖုတ်သည့်အကြောင်း ပြန်စဉ်းစားကြည့်သည်။ အပြန်လမ်းလျှောက်ရင်း စောသာဦး ပြောသည်များကို ကြားယောင်လာပြန်သည်။

“ဒီမယ် ကိုရဲလေးရ။ တကယ်တော့ ဖြူဖုတ်တယ်ဆိုတာ တွင်းထဲမှာရှိတဲ့ ဖြူကောင်တွေကို မီးခိုးမှိုင်းတိုက်ပြီး သတ်တာပဲဗျ။ တချို့လူတွေက အခုဖြူဖုတ် အခုချက်ချင်း ဖြူသားစားချင်ကြတယ်။ အဲဒီတော့ ငရုတ်သီး အိုးကင်းပူတိုက်ပေးကြလေ့ရှိတယ်။ ညှော်နံ့ မခံနိုင်တော့ ဖြူတွေက တွင်းဝမှာ လာသေကြတယ်။ ဇွဲကောင်းတဲ့ အကောင်ကျ တွင်းထဲမှာသေတော့ ဖြူဖုတ်သူ ငတ်တာပေါ့ဗျ။

အငတ်မခံချင်ရင် တွင်းထဲ ဆင်းယူရတာပေါ့”

“ဘယ်လို ဆင်းယူရတာလဲ ကိုကြီးစောရဲ့”

“ဖြူတွင်းက အဝသာ လူတစ်ကိုယ်စာလောက် ရှိတာဗျ။ လေး ငါး ခြောက်တောင်လောက် တူးလိုက်ရင် လူကြီးတစ်ယောက် ငုတ်တုပ်ထိုင်လို့တောင် ရနိုင်တယ်။ ဒါကလည်း ငါ့အတွေ့အကြုံ အရပေါ့ဝေ။

တစ်ခါတုန်းက ငါ့ရဲ့ အမဲလိုက်ခွေးတစ်ကောင်ဟာ ဖြူလိုက်လည်း ကောင်းတယ်။ အဲဒီ ဖြူလိုက်ကောင်းတော့ ဖြူနောက် လိုက်သွားရင်း ဖြူတွင်းထဲဝင်သွားပြီး ပြန်မတက်လာဘူးဟ။ အော်သံကတော့ ကြားနေရတယ်။

ဒါနဲ့ ငါလည်း ငါ့ခွေးသံယောဇဉ်နဲ့ တွင်းကိုပေါက်တူးနဲ့ ပေါက်ပေါက်ပြီး ဖြိုလိုက်တာ လေး၊ ငါး၊ ခြောက်တောင်လောက်ရောက်ရော တွင်းက ပိုကျယ်ကျယ်လာတယ်။ ငါလည်း ဆက်တူးဖို့ ခက်ခဲလာတာနဲ့ ငါ့ခြေထောက်ပါကြိုးချည်ပြီး ဓာတ်မီးတစ်လက်မှိန်းတစ်ချောင်းနဲ့ ဇောက်ထိုးဝင်ရတာပေါ့။

အပြင်မှာ စောင့်နေတဲ့ နင့်အစ်မ မိသေးနဲ့ ဖိုးခွားကို ငါ ခြေထောက်လှုပ်ပြီး အချက်ပြရင် ဆွဲတင်ပါ။ အဲဒါဟာ ငါ အန္တရာယ်တွေ့လို့ပဲလို့ မှာခဲ့ရတာပေါ့။

ဖြူတွင်းထဲကို တကယ်ဝင်တော့မှ ဖြူတွေရဲ့ နေထိုင်မှု စည်းကမ်းရှိပုံကို ကိုယ်တိုင်တွေ့ခဲ့ရတယ်ကွ။ ဖြူတွင်းမှန်သမျှဟာ တွင်းဝကနေ အထဲကို ဆင်ခြေလျှောပုံစံ တူးထားတာရယ်။ သူတို့ အဝင်အထွက် တွင်းနဲ့ ဂယ်(ကယ်)ပေါက်တွင်းတို့ရဲ့ ဗဟိုကျကျမှာ တွင်းနက်ကြီးတစ်ခု တူးထားတယ်။

အဲဒီတွင်းနက်ဟာ သူတို့ မစင်စွန့်တဲ့ ချေးကျင်းပဲ။ ဘယ်နေရာက ချေးပါပါ သူတို့ချေးဟာ အလုံးကလေးတွေမို့ အဲဒီတွင်းထဲကို လိမ့်ပြီးကျအောင် တမင် စီစဉ်ထားတာပဲ။

သူတို့ကို အန္တရာယ်ပြုဖို့လိုက်လာတဲ့ သတ္တဝါမှန်သမျှဟာလည်း သူတို့တွင်းထဲကို ဝင်လိုက်လာတာနဲ့ အဲဒီချေးကျင်းထဲ ဇောက်ထိုးကျပြီး ပြန်မှ မတက်နိုင်ပဲဟ။ သေတာပေါ့။

အံမယ် သူတို့ နေထိုင်တာ၊ အိပ်တာကအစ ကျင်းသက်သက် အခန်းသဖွယ် လုပ်ထားသေးတယ်လေ။ ဖြူက ပွေးလိုသတ္တဝါထက်တောင် အဆင့်မြင့်တယ် လို့ ငါထင်တယ်။

ငါ အထဲကို ဆင်းရင်း သေချာလေ့လာခဲ့တာဟ။ ငါ့ခွေးဟာလည်း ချေးကျင်းထဲ ဇောက်ထိုးကျပြီး သေနေပြီလေ။ ငါက မြေကြီးတူးချိန် တွင်းထဲဆင်းချိန် ကြာသွားတာကိုး။ အဲဒီခွေးကို ငါတော်တော်လေး နှမြောတာပ။ သိပ်အားကိုးရရှာတာဝေ့။

ငါလေ ခွေးသေကို ပြန်ယူဖို့တောင် ကြိုးစားသေးတယ်။ ဖြစ်ချင်တော့ ခွေးဇောက်ထိုးကျသေနေတဲ့ ချေးကျင်းက အတော်နက်တယ်။ ဇောက်ထိုးကျသေနေတဲ့ ခွေးခြေကို ငါလှမ်းဆွဲတော့ ငါပါ ဇောက်ထိုးကျမလိုဖြစ်သွားတုန်း အပြင်က မိသေးတို့သားအမိက ငါ အချက်ပြတယ်ထင်ပြီး အားကုန်ဆွဲတင်ကြတာပေါ့။ ငါလည်း ဒရွတ်တိုက်ပါလာပြီး ဒူးတွေ တံတောင်တွေတောင် ပြဲရဲကုန်တာပေါ့။

သူတို့ ဆွဲတင်တာလည်း ခပ်ကောင်းကောင်းပဲ။ မတော်လို့ ချေးကျင်းထဲ ဇောက်ထိုးကျပြီး လူရောခွေးပါ ပြန်မတက်နိုင်ရင် အခက်သားလေဟ။ အဲဒီနောက်ပိုင်းကတည်းက ငါ ဖြူ မလိုက်၊ ဖြူ မဖုတ်တာ ကြာပြီဟ။

တော်တော့်ကို အကုသိုလ်ကြီးတဲ့ အလုပ်လေ။ သူတို့ခမျာ သေတာတောင်မှ မီးခိုးမှိုင်းတွေနဲ့ မွှန်ထွန်ပြီး မွန်းကြပ်သေရတာ မဟုတ်လား။ ဒါပေမဲ့ ငါတို့အပေါ် ကျေးဇူးရှိတဲ့ ကိုရဲလေးကို စားဖူးအောင်တော့ လိုက်လုပ်ပေးတာပ”

“ဪ… ကိုသာဦး။ နင်ဟယ် ရဲလေး မျိုမကျအောင် ပြောတော့မယ်။ ရဲလေး နင့်အစ်ကိုပြောတာ စိတ်ထဲမထားနဲ့။ မနက်စောစော ငါးနာရီခွဲလောက် ဖြူတွင်းသွားဖော်မယ်။ ဖြူသားက အပုပ်မြန်တယ်ဟ။ နင်လိုက်မယ် မဟုတ်လား”

“လိုက်မယ်လေ။ ကျွန်တော်အိပ်ပျော်နေလည်း မကြီးသေး နှိုးနော်”

“ အေး အေး”

ဖြူဖုတ်ပုံကို ကိုရဲလေး ပြန်စဉ်းစားတွေးတောရင်း ဘယ်အချိန် အိပ်ပျော်သွားမှန်းပင် မသိချေ။ တဲရှေ့မှ နာမည်ခေါ်သံကြားမှ အိပ်ရာမှ လူးလဲထကာ တဲရှေ့လှမ်းကြည့်တော့ စောသာဦးနှင့် မကြီးသေးတို့ ဖြစ်နေသည်။

ဖြူတွင်းသွားဖော်ကြမည်ကို သတိရပြီး မျက်နှာသစ်ကာ ထွက်ခဲ့လိုက်သည်။ ဖြူတွင်းကို ရောက်သော် ဖို့ထားသည့် မြေကြီးတွေကို ဖယ်ကာ ဝါးရင်းသားတိုင်တွေ ချွတ်ပြီးသော်လည်း တောင်ခါးစောင်းအထက် ခဏထိုင်စောင့်ရသေးသည်။

စပါးကြီးတို့ စပါးအုံးတို့က ဖြူနှင့်တည့်၍ ဖြူတွင်းထဲမှာပဲ တွင်းသပ်သပ်စီဖြင့် အတူတူ နေတတ်သည်။

အလင်းရောင်လေး ထွက်ပြူလာကာ တော်တော်လေးကြာမှ ဖြူတွင်းဝနဲ့ ဂယ်ပေါက်ကို သွားကြည့်တော့ ဟိုဘက်တစ်ကောင် ဒီဘက်တစ်ကောင် သေနေတာ တွေ့ရသည်။

လေးငါးခြောက်ကောင်အထိ တစ်တွင်းထဲတွင် အတူတူနေတတ်သဖြင့် စောသာဦးက ဓာတ်မီးထိုး၍ ကြည့်သေးသည်။ ဒါပေမဲ့ မတွေ့ရချေ။

နေထိုင်ရာတဲကို ပြန်ရောက်တော့ ဖြူ ဆူးတောင်တွေနှုတ် အကောင်ကို မီးမြှိုက်ကာ ဖြူမွေးတွေ ခြစ်ထုတ်ရသည်။ အမွေးအမျှင်အားလုံးကုန်မှ ရေဆေးကာ ရင်ခွဲကြသည်။

ဖြူအထီးတွင် ဘာမှ ပြဿနာမရှိပေမယ့် ဖြူအမတွင် ဝမ်းနည်းဖွယ်ရာတွေ့မြင်ရပေသည်။ ဗိုက်ထဲ၌ သားငယ်လေးတစ်ကောင်နှင့် ဖြစ်သည်။ စောသာဦးက သူ့မိန်းမ ဒေါ်မိသေးကို လှမ်းအော်ပြောသောစကားကို ကိုရဲလေးကြားတာ့ ကြက်သီး(သိမ်း) ဖြန်းဖြန်းထလျက် ခေါင်းနားပန်းပါ ကြီးသွားလေတော့၏။

စောသာဦး လှမ်းပြောလိုက်သည့် စကားသည်ကား…

“ဟဲ့ မိသေးရေ၊ ဖြူမဗိုက်ထဲမှာ ကလေးနဲ့ဟ။ ဖြူတွေဟာ တစ်ခါသားမွေးရင် နှစ်ကောင်ပါဟ။ ဒီဖြူ မကျမှ တစ်ကောင်တည်းဟ။ ဧကန္တ ဒီဖြူကောင်မိသားစုဟာ အရင်ဘဝက ကိုရဲလေးရယ်၊ နင်နဲ့ ငါရယ် တို့မိသားစုသုံးယောက်စလုံးကို ခုလို မှိုင်းတိုက်သတ်ခဲ့ပုံပေါ်တယ်ဟ။

ဒါကြောင့် ခုဒီဘဝမှာ သူတို့လည်း ကံကြီး ဝဋ်လိုက် တာ နေမှာပေါ့ဟာ”

ဟူ၍ ဖြစ်ပါသတည်း။ ။

လှသွေးစုံလင်စာဥယျာဉ်၊ အမှတ်(၁)
၂၀၁၉ ခုနှစ်၊ မတ်လ

– ပြီး –

စာရေးသူ – ဝန်းရံခ

Leave a Reply

Your email address will not be published. Required fields are marked *