#ဗိုလ်လုံ
ဒေါင်းတစ်ဖ ချေတစ်မ
“ဗိုလ်တာယာတို့အဖွဲ့ တောတက်ကြတော့မယ်၊လိုတာမှာကြဟေ့”
“ဗိုလ်ကြီး ကျွန်တော်အတွက် တောကြောင်ကင်တစ်ကောင်”
“ကျွန်တော့်အတွက် တစ်ကောင်”
“ကျွန်တော့်အတွက်တော့ တောကောင်သားဆို ဘာပဲဖြစ်ဖြစ်ရတယ်”
အထက်ပါ တစ်ယောက်တစ်ခွန်းပြောဆိုသံများသည် ကျွန်တော်တို့အဖွဲ့ မော်တော်ယာဉ်ဖြင့် ပြည်ဘက်သို့ ခရီးထွက်ခါနီးအချိန်တွင် မော်တော်ယာဉ် တပ်ကြပ်ကြီးဆရာတင့်လွင်မှ သတိပေးပြောကြားလိုက်ရာမှ တစ်ယောက်တစ်ခွန်း ပြောလာကြသည့် စကားသံများပင် ဖြစ်ပါသည်။
ပန်းနာရင်ကျပ်ရောဂါရှိသည့် အရာခံဗိုလ်သိန်းစိန်အတွက် တောကြောင်ကင်တစ်ကောင်ကတော့ အခေါက်တိုင်းလိုလို ပါလာတတ်ပြီး၊ ကျန်အဖွဲ့သားများ အတွက်ကတော့ အသားအစို အခြောက် အကင် တစ်ခုခု ပါမြဲဖြစ်ပါသည်။ တပည့်ကျော်များ ကျွန်တော်အမဲပစ်သည်ကို အားပေးကြသလို ကျွန်တော်ကလည်း သူတို့၏လိုအင်ဆန္ဒကို ဖြည့်ဆည်းပေးလေ့ရှိပါသည်။
ကာကွယ်ရေးပစ္စည်းစက်ရုံများ ဆောက်လုပ်ရေးအတွက် ကျွန်တော်တို့ဆောက်လုပ်ရေးတပ်ခွဲကို အမြန်ဖွဲ့လိုက်ရသဖြင့် အရပ်သားဝန်ထမ်းများက အများစုဖြစ်နေပါသည်။ အရာရှိသုံးဦးရှိသည့်အနက် တပ်မှူးနှင့် ကျွန်တော်သာ စစ်သားဖြစ်ပြီး ကျန်အင်နီယာအရာရှိမှာ ဦးယုတိန်ဆိုသည့်အရပ်သားတစ်ဦးဖြစ်ပါသည်။ လူတစ်ရာခန့်ရှိသည့် ကျွန်တော်တို့၏ ဆောက်လုပ်ရေးတပ်ခွဲတွင် စစ်သည်တစ်ဒါဇင်ခန့်သာရှိပြီး ကျန် ဝန်ထမ်းများမှာ အရပ်သားဝန်ထမ်းများသာဖြစ်ကြပါသည်။
ထိုစဉ်က ဗိုလ်ပေါက်စဖြစ်သည့် ကျွန်တော်သည် တပ်ရေး၊ တပ်ထောက်နှင့် ဒုတပ်မှူးတာဝန်များကို ယူထားရပြီး ပြည်တစ်ဖက်ကမ်း ဆင်တဲဘက်ရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ လုပ်ငန်းများကိုပါ တာဝန်ယူရပါသည်။ ထို့ကြောင့် ကျွန်တော်သည် တစ်လလျှင် နှစ်ခေါက်ခန့် တာဝန်ဖြင့် ပြည်ဘက်သို့ ခရီးထွက်ရပါသည်။
ဂျစ်ကားဖြင့်သွားရာတွင် ထိုစဉ်က ရန်ကုန်နှင့် ပြည်ကိုမောင်းရာတွင် လမ်းများ သိပ်မကောင်းလှသဖြင့် ခြောက်နာရီခန့် ခပ်ပြင်းပြင်းမောင်းရပါသည်ါ ကျွန်တော်သည် မှော်ဘီမြို့ အလွန်မှစပြီး လမ်းဘေးရှိ ခိုများကို ပွိုင့်တူးတူးဖြင့် ပစ်လေ့ရှိပါသည်။
“ဗိုလ်ကြီး တော်လောက်ပြီထင်တယ်၊ ကျည်ဆံတွေ နှမျောစရာကြီး”
“ဟုတ်ပါတယ် ဗိုလ်ကြီး၊ ဆယ့်ငါးကောင်လောက်ရပြီ”
ယာဉ်မောင်းသန်းဝင်းနှင့် တပ်ကြပ်ဝင်းရွှေတို့သည် အတိုင် အဖောက်ညီညီ ပြောလိုက်ကြသဖြင့် ကျွန်တော်သည်မနေသာတော့ဘဲ …
“အေး အေး … ကောင်းပါပြီကွာ၊ မင်းတို့လဲ ထမင်းဆာနေကြပြီ ဟုတ်လား၊ ထမင်းဝင်စားကြတာပေါ့ကွာ”
ဟု ပြောပြီး လက်ပံတန်းရှိ ထမင်းဆိုင်တစ်ဆိုင်တွင် ဝင်ပြီး နေ့လယ်စာ စားကြပါသည်။
နေ့လယ်စာစားပြီး ခပ်မှန်မှန်မောင်းလာရာ ပြည်မြို့အဝင် သရက်နှစ်ပင်ဆိပ်ကမ်းရှိ တပ်ဆွယ်သို့ ရောက်ရှိကြပါသည်။ တပ်ဆွယ်စောင့် ဦးစံဖြိုးအား (၉ဝ၃) စစ်မြေပြင်တပ်ခွဲ (အင်ဂျင်နီယာမှ) ဗိုလ်ကြီးသန်းနိုင်နှင့် ဗိုလ်ကြီးသာဒိုးတို့ တပ်တွင်ရှိ မရှိ မေးရာ …
“ဗိုလ်ကြီးနှစ်ယောက်စလုံး မရှိကြဘူး၊ တစ်ယောက်က စစ်ဆင်ရေးနဲ့ တစ်ယောက်က လမ်းဖောက်လုပ်ရေး တာဝန်ထမ်းဆောင်နေကြပါတယ်။ တပ်မှာ တပ်မှူးလဲ မရှိဘူး”
ဟု ပြန်ဖြေပါသည်။
“ဒီလိုဆိုလဲ သူတို့အိမ်ကို ခိုသုံးကောင်စီပေးလိုက်ပါ”
ဟု ကျွန်တော်က ပြောလိုက်ပါသည်။
ထိုနေ့က ညနေစာစားပြီး ကျွန်တော်သည် စကားပြောဖော်မရှိသဖြင့် ဓာတ်ခဲသုံးရေဒီယိုကလေးဖြင့် မြန်မာ့သတင်း၊ ကမ္ဘာ့သတင်းများကို နားထောင်နေပါသည်။ ထိုနေ့ညကိုးနာရီကျော်ကျော်ခန့်တွင် တပည့်ကျော်သန်းဝင်းမှ
“ဗိုလ်ကြီး အားလုံးအဆင့်သင့် ဖြစ်ပါပြီ”
ဟု လာရောက်သတင်းပို့ပါသည်။ သူပြောသည့် အဓိပ္ပာယ်မှာ ညအခါတွင် လမ်းဘေးဝဲယာဘက်ရှိ တောကောင်များအား ကားပေါ်မှနေပြီး ဆလိုက်မီးဖြင့်ထိုးပြီး အမဲပစ်သည့် လုပ်ငန်းအတွက် အဆင့်သင့်ဖြစ်နေပြီဟု ဆိုလိုပါသည်။
အင်အားကောင်းသည့် ဘက္ထရီသုံး ဆလိုက်မီး၊ ဓာတ်ခဲရှစ်လုံးသုံး လက်နှိပ်ဓာတ်မီး၊ ဓာတ်ခဲလေးလုံးသုံး နဖူးတွင်တပ်ဆင်ပြီး သားကောင်ကိုချိန်ပစ်ရသည့် လက်နှိပ်ဓာတ်မီးတစ်မျိုး စသည့် ညအခါတွင် သားကောင်များအား ရှာဖွေပစ်ခတ်ရာတွင် အသုံးပြုသည့် မုဆိုးသုံးပစ္စည်းများပင် ဖြစ်ပါသည်။
ပြည်မြို့ကိုအခြေပြုပြီး အောက်ဘက်သို့ အင်းမမြို့ အနီးအထိ လည်းကောင်း၊ အထက်ဘက်သို့ အောင်လံမြို့အကျော်အထိလည်းကောင်း၊ ထိုစဉ်က ကျွန်တော်တို့အဖွဲ့သည် ညအချိန်တွင် မီးထိုးပြီး အမဲပစ်လေ့ ရှိပါသည်။
အောက်ဘက်သို့ သွားရသည့်ခရီးမှာ မိုင်သုံးဆယ်ခန့်သာရှိပြီး အချိန်သုံးနာရီခန့်သာ ကြာတတ်ပြီး အထက်ဘက်သို့ သွားရမည့်ခရီးမှာ မိုင်ခြောက်ဆယ်ကျော်သဖြင့် တစ်ညလုံးအချိန် ကုန်တတ်ပါသည်။
ဤနည်းဖြင့် အမဲပစ်ခြင်းသည် ယုန်နှင့် တောကြောင်သာ အရများပြီး ချေ, ဝက်, သမင် စသည့်အမဲများကိုလည်း ရတတ်ပါသည်။
နှစ်လုံးပူးပြောင်းများထဲတွင် ညာဘက်၌ စရိတ်ကျည်၊ ဘယ်ဘက်၌ ကိုးလုံးကျည်များထည့်ပြီး လမ်းတစ်လျှောက် ပစ်ခတ်သွားရာ ယုန်နှင့် ကြောင်များသာ တွေ့ရသဖြင့် ညာဘက်ပြောင်းမှ အတော်ပစ်လိုက်ရပါသည်။
“တောင်ကြီးကွေ့”(ယခု ရေနံမြေ)သို့ ရောက်သည့်အခါ ယုန်နှင့် ကြောင် ဆယ်ကောင်ခန့် ရရှိနေပါသည်။
တောင်ကြီးကွေ့တွင် ထိုစဉ်က ဓားပြများသောင်းကျန်းနေသောကြောင့် လမ်းဘေး ပေနှစ်ဆယ်ခန့်မြင့်သည့် ကုန်းကလေးပေါ်တွင် “ရဲကင်း” လေးတစ်ခု ထားရပါသည်။ ရဲကင်းရှေ့တွင် ဂျစ်ကားကိုခေတ္တရပ်ပြီး တပ်ကြပ်ဝင်းရွှေမှ “ရဲဘော်တို့ ဘာများထူးသေးလဲ” မေးရာ ရဲကင်းမှ “မထူးပါဘူးခင်ဗျ” ဟု ပြန်ဖြေပါသည်။
“ကောင်းကောင်းစောင့်ကြပါ၊ အပြန်ရဲဘော်တို့အတွက် ဟင်းစားပေးမယ်”
ဟု ပြန်ပြောပြီး ဆက်ထွက်ကြပါသည်။
အင်းမတောစပ်အရောက်တွင် ဆလိုက်မီးနှင့် တပ်ကြပ်ကြီးဝင်းရွှေမှ ထိုးကြည့်ရာ ကိုက်တစ်ရာခန့်တွင် မျက်လုံးအစိမ်းနှစ်လုံးကို မြင်လိုက်ရပြီး ရုတ်တရက်ပျောက်ကွယ်သွားပါသည်။
ကားကိုရပ်စေပြီး ကျွန်တော်သည် နှစ်လုံးပူးနှင့် နဖူးစည်းဓာတ်မီးဖြင့် ရှေ့မှလည်းကောင်း၊ တပ်ကြပ်ကြီး ဝင်းရွှေသည် ကာဘိုင်ကိုလွယ်လျက် ရှစ်ခဲထိုးလက်နှိပ်ဓာတ်မီးဖြင့်လည်းကောင်း နောက်ခပ်ခွာခွာမှ လိုက်လာပါသည်။
သန်းဝင်းထံတွင် စစ်သုံးရိုင်ဖယ်ကျန်ခဲ့ပါသည်။ ရိုင်ဖယ်နှင့်ကာဘိုင်တို့သည် ရန်သူအားကာကွယ်ရန် လိုအပ်ပါက အမဲပစ်ရန်ယူလာခဲ့ခြင်း ဖြစ်ပါသည်။
တဖြည်းဖြည်းချဉ်းကပ်သွားရာ မိနစ်အနည်းငယ်အကြာတွင် ကွက်လပ်ကလေးတစ်ခု၏ အစပ်တွင် ချေတစ်ကောင် မြက်စားနေသည်ကို တွေ့ ရပါသည်။
ချေ၏ဘယ်ဘက်လက်ပြင်ကိုချိန်ပြီး ဘယ်ဘက်ပြောင်းမှ ကိုးလုံးကျည်ဖြင့် ပစ်လိုက်ရာ ချေသည် နေရာတွင် လဲကျသွားပါသည်။
ကျွန်တော်နှင့် တပ်ကြပ်ကြီးဝင်းရွှေတို့ လဲကျနေသည့် ချေအနားသို့ ရောက်သွားသည့်အခါ ချေမကလေးဖြစ်ကြောင်း တွေ့ရပါသည်။
ချေ၊ ဒရယ်၊ သမင်နှင့် ဆတ်တို့တွင် အထီးများတွင်သာချိုပါပြီး အမများတွင် ချိုမပါသောကြောင့် ထိုအကောင်များ၏ ဦးခေါင်းကိုကြည့်ခြင်းအားဖြင့် အထီးအမ ခွဲခြားလို့ရပါသည်။
ကျွန်တော်တို့သည် ချေကိုရပြီး နောက်ကြောင်းကို ပြန်လှည့်လာကြပါသည်။ တောင်ကြီးကွေ့အရောက်တွင် ကတိပေးထားခဲ့သည့်အတိုင်း ရဲကင်းမှရဲဘော်များအား ကြောင်တစ်ကောင်နှင့် ယုန်တစ်ကောင် ဟင်းစားပေးခဲ့သဖြင့် သူတို့ပျော်ရွှင်သွားကြပါသည်။
နောက်နေ့နံနက်တွင် စခန်းစောင့် ဦးစံဖြိုးအား ချေဝမ်းတွင်းသား၊ ချေဦးခေါင်းနှင့် ယုန်တစ်ကောင်၊ ကြောင်တစ်ကောင်တို့အား သူတို့အတွက် ဟင်းစားယူရန်ပြောပြီး ချေသားရသလောက်ကို အခြောက်လှမ်းထားရန်နှင့် ယုန်နှင့် ကြောင်များကို အကောင်လိုက်ကင်ထားရန်မှာခဲ့ပြီး ဇက်ရေယာဉ်ဖြင့် ဂျစ်ကားပါတင်ပြီး ကျွန်တော်တို့အဖွဲ့ ဆင်တဲဘက်ကမ်းသို့ ကူးသွားကြပါသည်။
ဆင်တဲတပ်ဆွယ်တွင် နှစ်ရက်ခန့်နေပြီး လုပ်ငန်းကိစ္စများ ဆောင်ရွက်ပါသည်။ လက်အောက်ငယ်သားများနှင့်အတူ လုပ်ငန်းများအား သွားရောက်စစ်ဆေးပြီး လုပ်ငန်းများပြီးစီးအောင်မြင်ရေးအတွက် တွန်းအားပေးပါသည်။
ထိုခေတ်က လုပ်ငန်းများကို ကန်ထရိုက်ပေးပြီး လုပ်ဆောင်စေသည့်စနစ်ကို သုံးသဖြင့် ကံထရိုက်တာများ၏ ကိုယ်စားလှယ်များကိုပါ ခေါ်ယူဆွေးနွေးရပါသည်။
တပ်ရေးဗိုလ်ကြီး၊ တပ်ထောက်ဗိုလ်ကြီးနှင့် တပ်မှူးတို့ကိုပါ တွေ့ဆုံညှိနှိုင်းပြီး လုပ်ငန်းလိုအပ်ချက်များကိုပါ ဆောင်ရွက်ပေးရပါသည်။
စနေနေ့နေလယ်ပိုင်းတွင် လေးရာလေးရာငါးဆယ်ဗို့ နှစ်လုံးပူးရိုင်ဖယ်ကြီးကိုပါ ထပ်ဆောင်းယူသွားပြီး ညောင်ကျိုးသို့ တက်သွားကြပါသည်။
ထို့နေ့က မုဆိုးကျော် စိန်ညိုဖျားနေသဖြင့် မလိုက်နိုင်သောကြောင့် အားလျော့နေပါသည်။ သို့သော်လည်း ညောင်ကျိုးရောက်လျှင် ရိုးမမုဆိုးကြီး ဦးဘိုးစနှင့် တိုင်ပင်ညှိနှိုင်းပြီး အမဲကြီးများပစ်ရန် စိတ်ကူးမိပါသည်။
(၁၉၆၃ ခုနှစ်) မိုးတွင်းပိုင်းဖြစ်နေသောကြောင့် မိုးတဖွဲဖွဲရွာနေသဖြင့် လမ်းတွင်အမဲမပစ်တော့ဘဲ ညောင်ကျိုးသို့ တောက်လျှောက်မောင်းတက်သွားပါသည်။
ကျွန်တော်တို့ ညောင်ကျိုးရောက်ပြီး မရှေးမနှောင်းမှာပင် မော်တော်ဆိုင်ကယ်ဖြင့် ကိုစံသိန်းရောက်ရှိလာပြီး သတင်းပို့ပါသည်။
“ဗိုလ်ကြီး တပ်မှူးက အရေးကြီးတဲ့ကိစ္စရှိလို့ ဖုန်းဆက်ပါတယ်”
“ကောင်းပါပြီဗျာ … ကိုစံသိန်းအရင်ပြန်နှင့်ပါ၊ ကျွန်တော်ဦးဘိုးစကို နှုတ်ဆက်ပြီး ပြန်ဆင်းလာပါ့မယ်”
ကျွန်တော်သည် ဒီတစ်ခေါက်တော့ အမဲကြီးပစ်ရတော့မှာ မဟုတ်ဟု စိတ်ပျက်လက်ပျက်တွေးတောရင်း ဦးဘိုးစ လမ်းလုပ်ငန်းမှအပြန်ကို စောင့်နေပါသည်။ လေးနာရီကျော်ကျော်ခန့်တွင် ဦးဘိုးစသည် အလုပ်သမားများနှင့်အတူ ပြန်ရောက်လာပြီး ကျွန်တော့်အား နှုတ်ဆက်ပါသည်။
“ဗိုလ်ကြီးရောက်နေမှကိုး”
“ဟုတ်တယ်ဗျာ၊ ဒီတစ်ခေါက်တော့ မုဆိုးချိန်သီး လွဲတော့မယ်နဲ့ တူတယ်။ တပ်ကအရေးကြီးလို့ ပြန်ခေါ်နေတယ်။ ကျွန်တော် အခုဘဲ ပြန်ဆင်းရမယ်။ ဦးဘိုးစကို နှုတ်ဆက်ဖို့ ခဏစောင့်နေတာပါ”
ဟုပြောပြီး ဦးဘိုးစအား လက်ဆောင်ပစ္စည်းများပေးပြီး နှုတ်ဆက်ကာ ပြန်ဆင်းလာပါသည်။
အပြန်ခရီးတွင် မိုးတိတ်သွားပြီး နေသာနေသောကြောင့် တောကောင်ငယ်များ ထွက်နိုင်သည်ဟုယူဆကာ နှစ်လုံးပူးသေနတ်ပြောင်းများထဲတွင် ကျည်ကြီးတစ်ထောင့်နှင့် စရိတ်ကျည်တစ်ထောင့်ထိုးပြီး ဂျစ်ကားကို အမိုးများဖြုတ်ကာ ဖြည်းဖြည်းချင်း မောင်းစေပါသည်။
စမ်းပက်လက်စခန်း အလွန်တွင် ကားလမ်းပေါ်တွင် အစာကောက်စားနေသည့် ဧရာမငှက်မြီးတိုကြီးတစ်ကောင်ကို တွေ့လိုက်ရာ ကျွန်တော်သည် အလွန်အံ့သြသွားပြီး
“ဘာကောင်ကြီးလဲဟ တောင်ငုံးကြီးလား”
ဟု အော်လိုက်ရာ ယာဉ်မောင်းသန်းဝင်းမှ …
“ဒေါင်းအထီးကြီးဗျ၊ ပစ်ပါဗိုလ်ကြီး”
ဟု ပြောသဖြင့် ဘယ်ဘက်ချောက်ထဲပြန်ဆင်းရန် ဟန်ပြင်နေသည့် ဒေါင်းကြီးအား ပစ်လိုက်ရာ ချောက်ထဲသို့ လွင့်ကျသွားပါသည်။
တပ်ကြပ်ကြီးဝင်းရွှေက စတင်းဂန်းသေနတ်ကိုယူပြီး ချောက်ထဲသို့လိုက်ရန် ဟန်ပြင်နေသောကြောင့်
“မလိုက်နဲ့တော့ ချောက်က သိပ်နက်တယ်၊ ဒေါင်းကိုရှာတွေ့မှာမဟုတ်ဘူး၊ အချိန်လဲ မရှိတော့ဘူး”
ဟု ပြောကာ ဟန့်ထားလိုက်ရပါသည်။
ရှေ့တွင် ဒေါင်းများကို တွေ့နိုင်သေးသည်ဟု ယူဆပြီး နှလုံးပူးသေနတ်ပြောင်းများထဲသို့ စရိတ်ကျည်များဖြစ်သည့် အေအေ၊ ဘီဘီနှင့် နံပါတ်တစ် ကျည်များကိုသာထည့်ပြီး မောင်းထိုးထားလိုက်ပါသည်။
ထင်သည့်အတိုင်း ဒေါင်းအထီးကြီးငါးကောင်ကို သုံးဖာလုံခန့်စီအကွာတွင် ပစ်ခတ်ရရှိပါသည်။
ကားလမ်းပေါ်တွင် တစ်ချက်နှင့် ထပြီးခုန်လိုက်ရာတွင် ခြောက်ပေခန့်မြင့်တက်သွားသဖြင့် လေထဲတွင် တစ်ချက် စုစုပေါင်း နှစ်ချက်စီ ပစ်ရပါသည်။
“ဒေါင်းတစ်ဖ ချေတစ်မ” ဆိုသည့်မုဆိုးစကားပုံကို သတိရမိပါသည်။
ဒေါင်းအထီးကြီးများသည် အလေးချိန်အားဖြင့် လေးပိဿာနှင့် ငါးပိဿာအကြားတွင်ရှိပြီး အတက်ကြီးများမှာ နှစ်လက်မခန့်ရှည်ပါသည်။
စကားပုံ၏ ဆိုလိုရင်းအဓိပ္ပာယ်မှာ ဒေါင်းအထီးတစ်ကောင်မှထွက်သည့် အသားအလေးချိန်နှင့် ချေအမမှတစ်ကောင်မှထွက်သည့် အသားအလေးချိန်
သည် တူညီကြသည်ဟုပင် ဖြစ်ပါသည်။
ချေသည် ဦးခေါင်းနှင့် အရိုးများမှအလေးချိန်စီးနေသောကြောင့် ၎င်းတို့ကို ထုတ်နှုတ်လိုက်ပါက ဒေါင်းအထီးနှင့်ချေအမတို့၏ အသားထွက်အလေးချိန်မှာ အတူတူပင် ဖြစ်ပါသည်။
တိုက်တိုက်ဆိုင်ဆိုင် ဒီတစ်ခေါက် ပြည်ဘက်ကမ်း အင်းမတောထဲ ချေအမတစ်ကောင်ရပြီး၊ အနောက်ရိုးမပေါ်မှ ဒေါင်းအထီး ငါးကောင် ရရှိခဲ့ပါသည်။
ဒေါင်းများသည် မိုးတွင်းကာလ၌ အမြီးများ ချတတ်ပါသည်။ ထို့ကြောင့် ရသည့် ဒေါင်းအထီးကြီးငါးကောင်စလုံးသည် အမြီးတိုကြီးများ ဖြစ်ကြပါသည်။
ကျွန်တော်ကိုယ်တိုင်လည်း ဒေါင်းအဖနှင့် ချေအတို့၏ အသားထွက်အလေးချိန်ကို စိတ်ထဲတွင် တွက်ကြည့်မိပါသည်။
ဒေါင်းတစ်ဖ ချေတစ်မ ။ ။
လျှို့ဝှက်ဆန်းကြယ်၊ တွဲ ၄ မှတ် ၂ (နို ၂၀၀၀)
– ပြီး –
စာရေးသူ – ဗိုလ်လုံ
Uncategorized