အခုတစ်ပတ်အတွက် ပထမဆုံးတင်ဆက်ပေးဖို့ ရွေးချယ်ထားတာကတော့ “ဘေဒါရီ” ဆိုတဲ့ အမျိုးသမီးတစ်ယောက်အကြောင်းပဲ ဖြစ်ပါတယ်။ ✨✨✨

“ဘေဒါရီ” ဆိုတဲ့ သူမရဲ့ နာမည်ကိုတော့ သမိုင်းရာဇဝင်တွေ၊ ပုံပြင်ဇာတ်ကြောင်းတွေကို စိတ်ဝင်စားသူတွေနဲ့ လေ့လာတီးခေါက်ဖူးသူတွေက ရင်းနှီးကြမှာပါ။ ဘေဒါရီဟာ သရေခေတ္တရာပြည်ကိုတည်ထောင်ခဲ့သူ ဒွတ္တဘောင်မင်းကြီးရဲ့ မယ်တော်ဖြစ်ပြီး ဒွတ္တဘောင်မင်းကြီးကိုတော့ ဗိဿနိုးဘုရင်မရဲ့ သမိုင်းအကြောင်း ဖတ်ရှုလေ့လာဖူးသူတိုင်း သိရှိထားပြီးဖြစ်ကြမှာပါ။ ဘေဒါရီရဲ့ ဘ၀ဖြစ်စဉ်ဟာ အလွန်တရာမှကိုဆန်းကြယ်ပြီး စိတ်ဝင်စားစရာကောင်းသလို ဒဏ္ဍာရီလည်းဆန်လွန်းလှတာကြောင့် ရှေးလူကြီးတွေက သူမရဲ့အကြောင်းကို ပုံပြင်တစ်ပုဒ်သဖွယ်နဲ့ ပြောပြခဲ့ကြဖူးပါတယ်။

ရာဇဝင်သမိုင်းတွေမှာတော့ ဘေဒါရီဟာ လူအချင်းချင်းပေါင်းစပ်ပြီး မွေးဖွားလာသူမဟုတ်ဘဲ သမင်မမှ မွေးဖွားတဲ့ မိန်းကလေးဖြစ်တယ်လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီးနောက် သာသနာသက္ကရာဇ် ၄၀ ကိုရောက်ရှိတဲ့အချိန်မှာ ဒုတိယအကြိမ် တကောင်းပြည်ကြီးကိုတည်ထောင်ခဲ့တဲ့ ဒုတိယမြောက် သာကီဝင်မင်းမျိုးရဲ့ (၁၇) ဆက်မြောက်ဖြစ်တဲ့ “သတိုးမဟာရာဇာမင်းကြီး” လက်ထက်မှာ အရပ် ၁၂ တောင်မျှရှိတဲ့ တောဝက်ကြီးတစ်ကောင်က တကောင်းပြည်ရဲ့ အစွန်အဖျားကို ဝင်ရောက်ဖျက်ဆီးခဲ့ပါတယ်။

ဒီအခါမှာတော့ မင်းကြီးက မိဖုရားကြီးရဲ့ မောင်တော်စပ်သူ အိမ်ရှေ့စံ “ခေပဒူတမင်းသား” ကို ဝက်ကြီးရဲ့ ရန်ကို နှိမ်နှင်းဖို့ စေလွှတ်တော်မူခဲ့ပါတယ်။ ခေပဒူတမင်းသားကလည်း မင်းကြီးရဲ့ အမိန့်ကိုနာခံပြီး “ဒီဝက်ကြီးကို မနှိမ်နှင်းနိုင်ပါက နေပြည်တော်ကိုပြန်မလာပါ” လို့လျှောက်တင်ကာ လက်နက်ငါးပါးနဲ့အတူ ဝက်ကြီးကို လိုက်လံနှိမ်နှင်းခဲ့ပါတယ်။ ဝက်ကြီးကလည်း သူ့ကို နှိမ်နှင်းဖို့လာရောက်သူက ဘုန်းကံကြီးမားသူဖြစ်တာကြောင့် ပြန်လည်ရန်မူခြင်းမရှိဘဲ တောတောင်ထူထပ်တဲ့နေရာဆီကို ထွက်ပြေးခဲ့တယ်လို့ ဆိုပါတယ်။

ဒီလိုနဲ့ အိမ်ရှေ့စံမင်းက တောဝက်ကြီးကို မရမကခြေရာခံပြီး လိုက်လံနှိမ်နှင်းခဲ့တာကြောင့် ဝက်ကြီးကလည်း သူ သေရမဲ့ဘေးကို ကြောက်ရွံ့စွာနဲ့ တောတွင်းတောင်ကြားကို ဝင်ပြေးခဲ့ပါတယ်။ ဝက်ကြီးဝင်ပြေးခဲ့တဲ့ အဆိုပါနေရာဒေသကိုတော့ ယနေ့ခေတ်ကာလမှာ “ဝက်ဝင်” လို့ အမည်ခေါ်တွင်လျက်ရှိတယ်လို့ သိရပါတယ်။ အဲဒီနောက်မှာတော့ ဝက်ကြီးက အနောက်တောင်ဘက်အရပ်ရှိ ဧရာ၀တီမြစ်ဆီကို ဦးတည်ထွက်ပြေးသွားခဲ့ပြီး မြစ်ရဲ့ တစ်ဘက်ကမ်းကို ကူးနိုင်ဖို့ကြိုးစားပါတော့တယ်။ ဒါပေမဲ့လည်း ဝက်ကြီးရဲ့ ခန္ဓာကိုယ်က အလွန်တရာမှာကို ကြီးမားလှတာကြောင့် မြစ်ထဲကိုဆင်းရာမှာ ဗိုက်ကိုတောင်မှ ရေမစွတ်နိုင်ခဲ့ပါဘူး။ ဒါကြောင့်လည်း ဒီအရပ်ဒေသကို လက်ရှိအချိန်မှာ “ဝက်မစွတ်” အဖြစ်ခေါ်တွင်လျက်ရှိနေပါတယ်။

ဒီနောက်မှာတော့ ဝက်ကြီးဟာ ဧရာ၀တီမြစ်အရှေ့ဘက်ကမ်းဆီရောက်ခဲ့ပြီး အဲဒီကနေမှ အစဉ်တိုင်းဆက်လက် ပြေးနှင်လေရာ သရေခေတ္တရာပြည်အနီးက ကျွန်းတစ်ကျွန်းကိုရောက်ရှိခဲ့ပါတယ်။ ဒီကျွန်းကိုရောက်ကာမှ အိမ်ရှေ့စံကလည်း ဝက်ကြီးကိုနှိမ်နှင်းနိုင်ခဲ့တာကြောင့် နောင်ခေတ်ကာလများမှာ အဆိုပါဒေသကို “ဝက်ထိုးကျွန်း” ရယ်လို့ အမည်ခေါ်တွင်ခဲ့တာကို တွေ့ရပါတယ်။ ဝက်ကြီးကိုနှိမ်နှင်းပြီးချိန်မှာတော့ အိမ်ရှေ့စံ “ခေပဒူတမင်းသား” ကလည်း သူရောက်ရှိနေတဲ့နေရာဟာ နေပြည်တော်တည်ရှိတဲ့ တကောင်းပြည်နဲ့ အလွန်ဝေးကွာနေပြီဖြစ်တဲ့အပြင် ပစ္စုပ္ပန်အရေးကို ထည့်သွင်းမစဉ်းစားလိုတော့ဘဲ သံသရာဘ၀အရေးကို ရှေးရှုလိုက်တာကြောင့် အဲဒီအရပ်ဒေသမှာပဲ ရသေ့ရဟန်းပြုပြီး တရားအားထုတ်ခဲ့ပါတော့တယ်။

အိမ်ရှေ့စံ ရှင်ရသေ့ဟာ တရားအားထုတ်ပြီးနောက် မကြာမီအချိန်မှာပဲ ဈာန်အဘိညာဉ်ရရှိတော်မူခဲ့ပြီး အဲဒီတုန်းက ရှင်ရသေ့ နေထိုင်ခဲ့တဲ့အရပ်ကတော့ လက်ရှိ ပြည်မြို့၊ ရွှေဆံတော်ဘုရား တောင်ဘက်အနီးရှိ တောင်ကုန်းမှာ ဖြစ်တယ်လို့သိရပါတယ်။ အဆိုပါတောင်ကုန်းမှာ လှိုဏ်ဂူသုံးခုရှိပြီး အလယ်လှိုဏ်ဂူမှာဆိုရင် အိမ်ရှေ့စံ ရှင်ရသေ့နေထိုင်ကာ တောင်ဘက်လှိုဏ်ဂူမှာတော့ ဘုရားစင်ထားရှိတာဖြစ်ပါတယ်လို့ဆိုပါတယ်။ အိမ်ရှေ့စံ ရှင်ရသေ့ သီတင်းသုံး‌ နေထိုင်ခဲ့တဲ့တောင်ကိုတော့ ယခုအခါမှာ “မင်းကြီးတောင်” လို့ သတ်မှတ်ခေါ်ဆိုကြပြီး ဒီတောင်ဟာ ဒွတ္တဘောင်မင်းကြီးကို မွေးဖွားသန့်စင်ခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။

အဲဒီအချိန်ကာလအတွင်းမှာပဲ “သမ္ဘူလ” လို့အမည်တွင်တဲ့ ပျူမင်းကို ဓညဝတီက နှောင့်ယှက်သိမ်းယူခဲ့တာကြောင့် ပျူမင်းရဲ့ မိဖုရား နန်းခမ်းကလည်း နောက်လိုက်လူအင်အားအလုံးအရင်းနဲ့ မြို့တော်မှ ထွက်ခွာလာခဲ့ကာ သကျအင်းအရပ်မှာ နေထိုင်ခဲ့ပါတယ်။ ဒီလိုနေထိုင်စဉ်မှာတော့ မိဖုရားမှ အစပြုပြီး အဲဒီအရပ်မှာ နေထိုင်ကြတဲ့သူတွေဟာ ခေပဒူတရှင် ရသေ့ကို ဆည်းကပ်ကိုးကွယ်ခဲ့ကြပါတယ်။

ခေပဒူတ ရှင်ရသေ့ဟာ သူ ကျင်ငယ်စွန့်ရာ ကျောက်ခွက်ကို အမြဲမပြတ် ရေထည့်ထားပြီး သန့်စင်ခြင်းရှိတာကြောင့် တောအုပ်ထဲမှ သမင်မတစ်ကောင်ကလည်း ထိုကျောက်ခွက်ထဲမှ ရေကို အမြဲတစေဆိုသလို လာရောက်သောက်သုံးလေ့ရှိပါတယ်။ ကာလကြာရှည်လာတဲ့အခါမှာတော့ သမင်မငယ်ရဲ့ဝမ်းမှာ သန္ဓေတည်လာပြီး နေ့လစေ့လို့မွေးဖွားတဲ့အချိန်မှာ ကလေးငယ်က သမင်မဟုတ်ဘဲ လူသားမိန်းကလေးဖြစ်နေခဲ့ပါတယ်။ ကလေးငယ်ဟာ မွေးဖွားကာစအချိန်မှာတင် အော်ဟစ်ငိုခဲ့တာကြောင့် ကလေးရဲ့ငိုသံကိုကြားတဲ့အခါမှာ အမိဖြစ်တဲ့ သမင်မကလည်း အထိတ်တလန့်ဖြစ်ပြီး ထွက်ပြေးသွားခဲ့ပါတယ်။ ဒီအခါမှာတော့ ခေပဒူတ ရှင်ရသေ့က ကလေးငယ်ရဲ့ငိုသံကိုကြားတာကြောင့် သွားရောက်ကြည့်ရှုလိုက်တဲ့အခါမှာ အဆင်း၊ အင်္ဂါနဲ့ပြည့်စုံတဲ့ ကလေးငယ်ကိုတွေ့ရှိခဲ့ပြီး ဒီကလေးဟာ သူ့ကလေးဖြစ်နိုင်တယ်ဆိုတာကို အကျိုးအကြောင်းဆင်ခြင်မိပါတော့တယ်။ အဲဒီနောက်မှာတော့ “ဒီကလေးငယ်ဟာ သူ့ကလေးမှန်ကန်ပါက သူ့ရဲ့လက်ညှိုးနဲ့ လက်ခလယ်တို့မှ နို့ရည်ထွက်ပါစေ” လို့ဆိုကာ အဓိဌာန်ပြုပြီး ထွက်ရှိလာတဲ့နို့ရည်တို့ကို ကလေးငယ်အား တိုက်ကျွေးခဲ့ပါတယ်။

ဒီလိုနဲ့ ကလေးကိုပြုစုကျွေးမွေးလာခဲ့ပြီး နာမည်ကိုလည်း “ဘေဒါရီ” လို့မှည့်တွင်စေခဲ့ကာ ဘေဒါရီအတွင် အဝတ်တန်ဆာတို့ကိုတော့ ရှင်ရသေ့အနားမှာ မပြတ်ခစားကြတဲ့ နတ်အပေါင်းတို့က အဆက်မပြတ်ဖန်တီးဆင်ယင်ပေးခဲ့တယ်လို့ အဆိုရှိပါတယ်။ ဘေဒါရီလေး အသက် ၁၇ နှစ်အရွယ်ကို ရောက်ရှိချိန်မှာတော့ “ရသေ့ရဟန်းတို့သည် အမျိုးသမီးတို့နှင့်အတူ နေထိုင်ရန်မသင့်အပ်၊ သူတစ်ပါး၏ အမြင်တွင်မသင့်လျော်” လို့ဆိုကာ ရှင်ရသေ့က တွေးတောဆင်ခြင်မိတာကြောင့် တစ်နေ့လုံးမြစ်ရေကမ်းစပ်မှာနေပြီး ညဉ့်နက်ချိန်မှ ပြန်လာနိုင်ဖို့အတွက် ဘေဒါရီကို မြစ်ဆိပ်မှာရေခပ်ခိုင်းခဲ့ပါတယ်။ ရေထည့်ဖို့အတွက်ပေးလိုက်တဲ့ ဘူးခြောက်မှာတော့ အပ်ပေါက်အရာမျှသာရှိသော အပေါက်ကိုဖောက်ပြီး စေခိုင်းခဲ့တာကြောင့် ဘေဒါရီလေးမှာ အဖတော်စပ်သူ ရှင်ရသေ့ရဲ့အကြံအတိုင်း တစ်နေကုန်လုံးမြစ်ဆိပ်မှာ အချိန်ကုန်ခံပြီးခပ်ရသလို ရေဗူးခြောက်ထဲရေပြည့်တဲ့ ညဉ့်နက်အချိန်ရောက်တော့မှသာ ကျောင်းသင်္ခမ်းဆီ ပြန်လာနိုင်ပါတယ်။

တစ်ဖက် တကောင်းပြည်မှာလည်း ဝက်ကြီးကို ခေပဒူတမင်းသားနှိမ်နှင်းတဲ့ သာသနာသက္ကရာဇ် ၄၀ ပြည့်နှစ်မှာပင် တကောင်းမင်းရဲ့ မိဖုရားခေါင်ကြီးက “မဟာသမ္ဘ၀နဲ့ စူဠာသမ္ဘ၀” လို့အမည်တွင်တဲ့ မျက်မမြင်အမြွှာညီနောင်နှစ်ပါးကို ဖွားမြင်ခဲ့ပါတယ်။ ဒီအခါမှာ တကောင်းမင်းကြီးက ရှက်ရွံ့တာကြောင့် အများသူငှာမသိရှိအောင် စွန့်ပစ်လိုက်ဖို့ မိန့်ကြားခဲ့ပေမဲ့ ဝမ်းနဲ့လွယ်ပြီး မွေးဖွားခဲ့ရတဲ့ မိဖုရားခေါင်ကြီးက သားငယ်တို့ကို လွယ်လင့်တကူ မစွန့်လွှတ်နိုင်ခဲ့ကြောင့် မင်းကြီးမသိရှိအောင် ဖွက်ထားပါတယ်။ ဒါပေမဲ့လည်း သာသနာသက္ကရာဇ် ၅၉ ခုနှစ်ကိုရောက်ရှိချိန်မှာတော့ သားတော်တို့ဟာ သက်ရှိထင်ရှားရှိနေဆဲဖြစ်ကြောင်းနဲ့ သားတော်တို့ကို ဖွက်ထားကြောင်း မင်းကြီးသိရှိသွားခဲ့တာကြောင့် အသက်ဇီဝိန်ချုပ်ပစ်လိုက်ဖို့ ထပ်မံအမိန့်ပေးခဲ့ပါတယ်။ ဒီအခါမှာတော့ မိဖုရားကြီးက သားတော်တို့ကို သူမရဲ့ အနီးအနားမှာမထားရှိတော့ဘဲ ခိုင်ခံ့စွာဆောက်လုပ်ထားတဲ့ လှေဖောင်ပေါ်မှာ စားနပ်ရိက္ခာအပြည့်အစုံနဲ့အတူတင်ပြီး ရေမျောလိုက်လေရာ ဖောင်က ဧရာ၀တီမြစ်ကြောင်းတစ်လျှောက် စုန်လာခဲ့ပါတယ်။

မင်းသားတို့ကလည်း မယ်တော် ပြင်ဆင်ပေးလိုက်တဲ့ စားနပ်ရိက္ခာတို့ကို စားသုံးပြီးလှေဖောင်စုန်ရာအတိုင်း လိုက်ပါလာခဲ့ပြီး စစ်ကိုင်းအရပ်ကိုရောက်ရှိတဲ့အခါမှာတော့ ဖောင်ဟာ စစ်ပင်ကြီးရဲ့အကိုင်းနဲ့ တိုက်မိခဲ့ပါတယ်။ ဒီလိုတိုက်မိတဲ့အချိန်မှာတော့ အဲဒီအရပ်မှာနေတဲ့ “စန္ဒမုခိ” ဘီလူးမက မင်းသားတို့ရဲ့ စားမြိန်စာထုတ်တွေကို ဝင်ရောက်စားသောက်ခဲ့ပြီး ဒီအချင်းအရာကို မျက်မမြင်မင်းသားနှစ်ပါးက သတိပြုမိခဲ့ပါတယ်။

ဒါကြောင့် စိတ်မှန်းနဲ့ လက်လှမ်းစမ်းကြည့်လိုက်တဲ့အခါမှာ ညီနောင်နှစ်ပါးလုံးက ဘီလူးမရဲ့လက်ကို ဆွဲမိခဲ့တာကြောင့် သန်လျက်နဲ့ခုတ်ဖို့ ကြံစည်ခဲ့ပါတယ်။ ဒီအခါမှာ ဘီလူးမက ဘုန်းကံကြီးမားတဲ့ မင်းသားတို့ရဲ့ လက်ကနေရုန်းထွက်နိုင်စွမ်းမရှိဘဲ “အရှင့်သားတို့ အကျွန်ုပ်အသက်ကို မသေရပါစေနှင့်၊ အရှင့်သားတို့အလိုရှိသော အမှုကိုထမ်းပါမည်” လို့ပြောဆိုလိုက်တာကြောင့် ညီနောင်နှစ်ပါးကလည်း သူတို့ရဲ့မျက်စိအလင်းရရှိအောင် ကုသခိုင်းခဲ့ပါတယ်။

အဲဒီနောက်မှာ ဘီလူးမက သူ့ထက် တန်ခိုးပိုမိုကြီးမားတဲ့ နတ်ဘီလူးတို့ကို ဒီအကြောင်းပြန်လည်လျှောက်တင်ခဲ့လေရာ နတ်ဘီလူးတို့ကလည်း ဒီမင်းသားတို့ရဲ့ နောင်လာမဲ့ အဆက်ဆက်သောမင်းတို့ဟာ ဘုရားရှင်ရဲ့သာသနာတော်ကို အစဉ်ဆောက်ရွက်လတ္တံဆိုတဲ့ အကြောင်းအရာကိုမြင်လေတာကြောင့် မျက်စိအလင်းပြန်ရနိုင်မဲ့ ဆေးတော်တို့ကို ပေးသနားလိုက်ပါတော့တယ်။ ဆေးတော်ရရှိပြီးချိန်မှာတော့ “စန္ဒမုခိ” ဘီလူးမက ဖောင်ပေါ်မှာလိုက်ပါပြီး မင်းသားတို့ရဲ့ မျက်စိနှစ်စုံကို အလင်းရရှိအောင်ကုသပေးခဲ့ပြီး မျက်စိ စတင်ကုသတဲ့အရပ်ကို “စကုမြို့” ဟု အမည်တွင်စေကာ မင်းသားတို့ မျက်စိအလင်းပြန်ရတဲ့အရပ်ကိုတော့ “စလင်း” လို့ ဒီနေ့အချိန်မှာ အမည်တွင်စေပါတယ်။

ဘီလူးမရဲ့ကုသပေးမှုကြောင့် မျက်စိအလင်းပြန်လည်ရရှိသွားတဲ့ မင်းသားတို့ကလည်း လှေဖောင်နဲ့ ခရီးဆက်လက်သွားလေရာ ဘေဒါရီရေခပ်ဆင်းတဲ့ ရေဆိပ်ကိုရောက်ရှိလာခဲ့ပြီး အပ်ပေါက်အရာမျှသာ အပေါက်ပါတဲ့ရေဗူးခြောက်နဲ့ ရေခပ်နေတဲ့ ဘေဒါရီလေးကို မြင်တွေ့ခဲ့ပါတယ်။ ဘေဒါရီရဲ့ ရေခပ်ပုံကိုမြင်တွေ့ချိန်မှာတော့ ဘူးရဲ့မျက်နှာ၀ကို သန်လျက်နဲ့လှီးလိုက်ပြီး အစေ့ကိုသွန်ကာ ရေပြန်ခပ်စေခဲ့ပါတယ်။ ဘေဒါရီကလည်း ရေဘူးထဲရေပြည့်သွားတဲ့အခါမှာ ခမည်းတော် ရှင်ရသေ့ရှိရာ ကျောင်းသင်္ခမ်းဆီကိုပြန်လာခဲ့ပြီး မဟာသမ္ဘ၀နဲ့ စူဠာသမ္ဘ၀ ညီနောင်နှစ်ပါးကိုလည်း တစ်ပါးတည်းခေါ်ဆောင်လာခဲ့ပါတယ်။

ကျောင်းဆီကိုပြန်ရောက်ချိန်မှာတော့ ဖြစ်စဉ်အစုံအလင်ကိုပြောပြခဲ့ပြီး ညီနောင်နှစ်ပါးတို့ကလည်း သူတို့ဟာ တကောင်းမင်းကြီးနဲ့ ကိန္ဒရီမိဖုရားကြီးတို့မှမွေးဖွားတဲ့ သားတော်တွေဖြစ်ကြကြောင်း၊ မွေးဖွားစဉ်အချိန်တုန်းက နဂါးငွေ့သင့်ခဲ့တာကြောင့် မျက်စိမမြင်ခဲ့ကြောင်း၊ စန္ဒမုခိ ဘီလူးမရဲ့ကုစားမှုကြောင့်သာ မျက်စိအလင်းရရှိတာဖြစ်ကြောင်းတို့ကို လျှောက်တင်ခဲ့ပါတယ်။ ဒီတော့မှ ခေပဒူတ ရှင်ရသေ့ကလည်း ဒီညီနောင်နှစ်ပါးဟာ သူ့ညီမရဲ့သားတော်တွေဖြစ်တာကြောင့် သူနဲ့ဆို တူ၀ရီးတွေ တော်စပ်ကြောင်းကိုသိရှိခဲ့ပြီး မဟာသမ္ဘ၀နဲ့ သမီးဖြစ်သူ ဘေဒါရီတို့ကို လက်ဆက်ပေးခဲ့ပါတယ်။ အချိန်ကာလအားဖြင့်ကတော့ အဲဒီတုန်းက သာသနာသက္ကရာဇ် နှစ် ၆၀ ရှိလို့နေပြီဖြစ်တယ်လို့ ဆိုပါတယ်။

ရှင်ရသေ့သည် ဘုန်းကံကြီးမားရုံသာမက အဋ္ဌာရသပညာကိုလည်း အပြီးတိုင်တတ်မြောက်သလို ရာဇပရိယာယ်ပိုင်းမှာလည်း ကျွမ်းကျင်လိမ္မာသူဖြစ်ပါတယ်။ ဒါကြောင့် သူ့ကို ဆည်းကပ်ကိုးကွယ်လျက်ရှိတဲ့ ပျူမိဖုရားနဲ့ နောက်လိုက်အပေါင်းအပါတို့ကို တူတော် “မဟာသမ္ဘာ၀” အား မင်းအဖြစ် တင်မြှောက်ပေးရန် အကြံပေးမိန့်ကြားခဲ့ပါတယ်။ ပျူမိဖုရားကလည်း မဟာသမ္ဘာ၀မင်းသားဟာ မင်းသားတို့ရဲ့ ဘုန်းလက်ရုံးနဲ့ပြည့်စုံတယ်ဆိုတာကိုသိရှိတာကြောင့် ရှင်ရသေ့အကြံကို သဘောတူပြီး မင်းသားကို ဘုရင်အဖြစ် တင်မြှောက်ပေးခဲ့ပါတယ်။ ဒီလိုနဲ့ မဟာသမ္ဘာ၀မင်းသားဟာ သကျအင်းအရပ်မှာ မင်းအဖြစ်အုပ်စိုးခဲ့ပြီး ဘေဒါရီကို မိဖုရားမြှောက်ခဲ့အပြင် ပျူမိဖုရားကိုလည်း မိဖုရားအဖြစ် ထပ်မံတင်မြှောက်ခဲ့ပါတယ်။ ဒါပေမဲ့ ပျူမိဖုရားဟာ သမီးတော်တစ်ပါးကို မွေးဖွားပြီး သိပ်မကြာမီအချိန်မှာပဲ ကွယ်လွန်အနိစ္စရောက်ခဲ့သလို မဟာသမ္ဘာ၀မင်းဟာလည်း သက်တော် ၂၆ နှစ်အရွယ်မှာ နတ်ပြည်စံခဲ့ပါတယ်။

မဟာသမ္ဘာ၀မင်း နတ်ပြည်စံချိန်မှာတော့ ဘေဒါရီမိဖုရားမှာ ဒွတ္တဘောင်းမင်းကို ကိုယ်ဝန်သုံးလလွယ်ထားရပြီဖြစ်ပါတယ်။ သာသနာသက္ကရာဇ် ၆၆ နှစ်ကိုရောက်ရှိချိန်မှာတော့ ညီတော် စူဠာသမ္ဘ၀က နောင်တော်ရဲ့အရိုက်အရာကိုဆက်ခံပြီး မင်းပြုခဲ့ကာ မရီးတော်စပ်သူ ဘေဒါရီကိုပဲ မိဖုရားအဖြစ် ဆက်လက်မြှောက်စားခဲ့ပါတယ်။ ဘေဒါရီမိဖုရားရဲ့သားတော်ဖြစ်တဲ့ ဒွတ္တဘောင်ကတော့ နောင်အခါမှာ သူမြတ် ၇ ဦးတို့ရဲ့ အစောင့်အရှောက်၊ အကူအညီတို့နဲ့ သရေခေတ္တရာမြို့ကိုတည်ထောင်ခဲ့ပြီး ဘေဒါရီမိဖုရား ကွယ်လွန်အနိစ္စရောက်တဲ့ ခုနှစ်သက္ကရာဇ်တို့ကိုတော့ သမိုင်းမှတ်တမ်းတွေမှာ ဖော်ပြရေးသားခဲ့ခြင်းမရှိပါဘူး။

#crd… ZLann