ဖိုးကျော့
မိုးက နေ့ဆက်ရက်ဆက် ရွာသွန်းနေခဲ့သဖြင့် အပြောကျယ်လှသော ကပ္ပလီပင်လယ်ပြင်ထဲတွင် နေရောင်ခြည်ကို မမြင်ရသည်မှာ တစ်ပတ်ကျော်ခဲ့လေပြီ။
မိုးက သည်းထန်စွာ ရွာသွန်းနေသည့်အပြင် လှိုင်းက ကြီး၊ လေကထန် ဖြစ်နေသဖြင့် ပင်လယ်ထဲ ထွက်၍ လိပ်ထိုး၊ ပိုက်တန်း၊ ငါးမျှားတန်း ချသူတို့ကလည်း ပင်လယ်ပြင်ထဲတွင် ဆိတ်သုဉ်းနေခဲ့သည်။
ယနေ့တွင်မူ ပင်လယ်ရေပြင်ထက်၌ လှိုင်းလေတို့ ငြိမ်ကာ နေရောင်ခြည်မှာလည်း လျှမ်းလျှမ်းတောက်နေ၏။ ထို့ကြောင့် တံငါလှေ တစ်စင်းစ နှစ်စင်းစ ပင်လယ်ထဲ လိပ်ထိုး၊ ပိုက်တန်း၊ ငါးမျှားတန်းချရန် ထွက်စပြုနေကြလေပြီ။
မကြာမီအချိန်ကလေးအတွင်းမှာပင် ပင်လယ်ရေပြင်၌ တံငါလှေငယ်တို့ ရှုပ်ယှက်ခတ်လာကြပေတော့မည်။
ပင်လယ်ပြင်တွင် လျှမ်းလျှမ်းတောက်နေသော နေရောင်ခြည်ကို ငေးကြည့်ကာ မူဆာက လိပ်ထိုးထွက်ရန်အတွက် စိုင်းပြင်းနေသည်။
မိုးစဲ၍ လှိုင်းလေတို့ ငြိမ်သက်စ နေရောင်ခြည်ကို မြင်ရသော ဤလို အချိန်သမယမျိုးတွင် ပင်လယ်လိပ်တို့သည် ရေပြင်၌ ငုပ်ချည်ပေါ်ချည်နှင့် နေစာလှုံ မြူးတတ်ကြသည်။
နေ သုံးလေးရက် ဆက်၍ ပူလာပြန်ပြီဆိုတော့လည်း အပေါ်လွှာရေပြင်မှာ ပူပြင်းလာသဖြင့် ရေလိပ်ကြီးတို့မှာ ပင်လယ်နက်ထဲသို့ ထွက်သွားတတ်ကြသည်။
ထို့ကြောင့် မိုးကြီးစဲစ လှိုင်းလေတို့ငြိမ်ကာ နေရောင်ခြည်ကို မြင်ရသော ဤလိုအချိန်မျိုးကို လိပ်ထိုးသမားတိုင်းက လက်လွတ်မခံနိုင်ကြပေ။
မူဆာသည် မှိန်းရှည် သုံးလေးလက်ကိုဆွဲကာ လိပ်ထိုးရန်အတွက် ပင်လယ်ကမ်းခြေဘက်သို့ ရောက်လာသည်။
သူ ပင်လယ်ကမ်းခြေနားသို့ ရောက်လာချိန်မှာ ပင်လယ်ပြင်ထဲတွင် လိပ်ထိုး၊ ပိုက်တန်း၊ ငါးမျှား တန်းချနေကြသော တံငါလှေငယ်တွေမှာ ရှုပ်စပြုနေလေပြီ။
မူဆာသည် အများတကာနည်းတူ ရွာဆိပ်အောက် ပင်လယ်ရေပြင်ထဲတွင် လှေငယ်ကလေးတစ်စင်းနှင့် လိပ်ထိုးရန် လှည့်လည်နေလေသည်။
အချိန် တစ်နာရီလောက် ကြာသွားပြီဖြစ်သော်လည်း လိပ်ထိုး၍ကား တစ်ကောင်တလေမှ မိမိရရ မရှိသေး။ ဟင်းစားလာထိုးကြသော အချို့ဆိုလျှင် မူဆာနောက်မှ ပင်လယ်ထဲ ရောက်လာပြီး ယခုအခါ ဟင်းစားရ၍ ရွာဆိပ်သို့ပင် ပြန်ကြလေပြီ။
မူဆာမှာ ယနေ့အဖို့ ကံခေနေလေသည်။
မိုးကြီးစဲစ လေကလည်း ငြိမ်သက်၍ ပင်လယ်ပြင်တွင် နေရောင်ခြည်များ တလျှပ်လျှပ်ပြေးနေသည်ကို မြင်ရစဉ်က အခွံကို ဘီးလုပ်ရသော ကြက်တူရွေးလိပ်များကို မျက်စိထဲ၌ မြင်နေခဲ့သော မူဆာသည် ယခု လက်တွေ့မှာကား အခွံဈေးကောင်းရသော ကြက်တူရွေးလိပ်ကို မဆိုထားနှင့် ပြင်သာ အသားစားလိပ်များကိုပင် တစ်လုံးတလေ မမြင်ရသေး။
ကြာသော် စိတ်ပျက်စပင် ပြုလာတော့သည်။ ထို့ကြောင့် မူဆာသည် သူ၏ လှေငယ်ကို သဲချောင်းချိုင်ဘက်သို့ လှော်ခတ်လာသည်။
“ဟေး … မူဆာ ဘယ်လဲကွ၊ သုတ်လှချည်လား”
လမ်းတစ်ဝက်တွင် မျှားတန်းချနေကြသော တစ်ရွာတည်းသား အီလျှော့က လှမ်းမေးသည်။
“ကျုပ် သဲချောင်းချိုင်ဘက်ကိုဗျ။လိပ်ထိုးသွားမလို့”
“မင်းတစ်ယောက်တည်းလား”
“ဟုတ်တယ်၊ ခုတော့ တစ်ယောက်တည်းပဲ။ ဟိုမှာတော့ ဝါရင့် လိပ်ထိုးသမားတွေ တွေ့မှာပေါ့။ မင်းတို့ နတ်လိုက်ရဲ့လား”
မူဆာက သူ့မှာ လူငယ်ဖြစ်သော်လည်း ဝါရင့် လိပ်ထိုးသမားကြီးများနှင့် ပြိုင်၍ သဲချောင်းချိုင်သို့ လိပ်ထိုးသွားမည်ဖြစ်ကြောင်း သူငယ်ချင်းအား ကြွားလိုက်သည်။
“ဒီနေ့ နတ်ကို မလိုက်ပါဘူးကွာ။ ဟင်းစားလောက်ပဲ ရသေးတယ်”
“ဟင်းစားရတာ တော်သေးတာပေါ့ကွ။ ငါ ရွာအောက် ပင်လယ်ပြင်မှာ တစ်နာရီလောက် ကြာခဲ့သေးတယ်။ ဟင်းစားတောင် မရလို့ ခု သဲချောင်းချိုင်ဘက်ကို လစ်လာတာ”
ဤမျှသာပြောပြီး မူဆာက သဲချောင်းချိုင်ဘက်သို့ သူ၏ လှေငယ်ကို လှော်ခတ်လာသည်။
(နတ်လိုက်ရဲ့လား ဆိုသည်မှာ သူတို့ ရေမုဆိုးများစကားနှင့် “ငါး ရရဲ့လား”ဟု မေးခြင်းပင်။ နတ်မလိုက်ဘူးဆိုလျှင် ငါးမရ၊ အလုပ်မကောင်းဟု အဓိပ္ပာယ်ရလေသည်)
မူဆာ လှော်ခတ်လာသော သဲချောင်းချိုင်မှာ မူဆာတို့ သဲတန်းရွာနှင့် သုံးလေးခေါ်သာသာ ဝေးသည်။ သဲတန်းနှင့် ကြပ်တွင်းရွာကြားတွင် ရှိ၏။
မူဆာ ထင်သလို အမှန်ဈေးကောင်းသော ကြက်တူရွေးလိပ်များ သဲချောင်းချိုင်ဘက်၌ ပေါများလှသည်ကတော့ မှန်ပါသည်။ သို့သော် ရေအောက်တွင် ကျောက်ဆောင်၊ ကျောက်တန်း၊ ကျောက်လိုဏ်ခေါင်းကြီးများ ပေါများသဖြင့် လှိုင်းဂယက်တို့သည် သဲချောင်းချိုင်၌ ဘယ်တော့မျှ မငြိမ်သက်ပေ။ ရေဝဲကတော့နှင့် ရေပေါက် ရေစွယ်တို့ကလည်း ကြမ်းတမ်းလှသည်။
တစ်ခါတစ်ခါ ဒီရေတက်ချိန်တွင် လိပ်ထိုးလှေငယ် များ ဝဲကတော့ထဲ ဝင်ပါသွား၍ လှေရော လူပါ စုံးစုံးနစ်မြုပ်သွားသည်လည်း ရှိခဲ့ဖူးသည်။ သဲချောင်းချိုင်၌ လေ မည်မျှ ငြိမ်နေသည်ဖြစ်စေ ရေဝဲကတော့မှာ အမြဲထိုးနေသဖြင့် လှိုင်းကတော့ ကြီးစမြဲပင်တည်း။
ရေပြင်တွင် ရေဝဲကတော့ထိုး၍ လှိုင်းကြီးနေလျှင် လိပ်ထိုး လှေငယ်ပက်ပက်ကလေးမှာ ဘယ်လိုမှ မငြိမ်သက်နိုင်သဖြင့် လက်မဖြောင့်သူ၊ ထိုးအားမသန်သူ၊ ရေဝဲကတော့၏ အလှည့်အပတ် အကွေ့အဝိုက်ကို နားမလည်သူ လူငယ်လှေထိုးသမားတွေက သဲချောင်းချိုင်ကို ရင်းနှီးသော ဝါရင့်တံငါသည် တစ်ဦးဦး မပါဘဲ မသွားရဲကြပေ။
သဲချောင်းချိုင်ကို လိပ်ထိုးသွားရင်း သေဖူး၊ ပျောက်ဖူးသူများကလည်း ယခင်က ၁ဝ ယောက်ထက်မနည်း ရှိခဲ့ဖူးသည်။ ဝါရင့်လိပ်ထိုးသမား မဟုတ်လျှင် သဲချောင်းချိုင်ကို မည်သူမျှ လိပ်ထိုးမသွားရဲကြချေ။
လိပ်ထိုးရာ၌ ရွာနီးချုပ်စပ်တစ်ဝိုက်တွင် နာမည်ကြီးနေသူ မူဆာကတော့ ဤသည်တို့ကို လုံးဝမမှုပေ။ လေထန်၍ လှိုင်းမည်မျှကြီးပါစေ။ ရေဝဲကတော့ ထိုး၍ လှေငယ်က မည်မျှ မငြိမ်မသက် လှုပ်ခါနေ ပါစေ။ လှေငယ်ပေါ်မှ သူ တအားပစ်လွှတ်လိုက်သော မှိန်းတံရှည်သည် လေတံလျှပ်ကို ဝှီခနဲ ထိုးဖြတ်ကာ ရေပေါ်မှ ပေါ်လာသော လိပ်ကိုယ်ကို ဒက်ခနဲ သွားစိုက်နေမည်သာ ဖြစ်သည်။
သူ့လက်ကိုသူ ယုံကြည်စိတ်ချထားသူ ဖြစ်သည်။
ရေပေါက် ရေစွယ် ရေဝဲကတော့ထဲ ဝင်မိ၍ ပင်လယ်ပြင်ထဲ ရေဝဲကတော့က ဆွဲမြှုပ်သွားမှာကိုလည်း မူဆာက စိုးစဉ်းမျှ မကြောက်။
သူသည် ရေပေါ်လှေအိမ်ထဲတွင် မွေးပြီး ဆားငန်ရည်နှင့် အချင်းဆေးလာသူမို့ ရေပြင်ကို ဆတ်ခနဲ တစ်ချက်လှမ်းကြည့်လိုက်ရုံနှင့် နက်ရှိုင်းသော ရေအောက်တွင် ကျောက်ဆောင် ကျောက်လိုဏ်ခေါင်းကြီးများ မည်မျှရှိနိုင်သည်၊ ဒီရေအတက်အကျတွင် ရေပေါက်ရေစွယ်များ ဖြစ်လာနိုင်သည်၊ ရေဝဲကတော့၏ ပတ်လည်ပမာဏမှာ စက္ကန့်ပိုင်းအတွင်း မည်မျှထိ ကျယ်ပြန့်လာနိုင်ပြီး ရေဝဲကတော့၏ ဆွဲအားစုပ်အားမှာ မည်မျှထိ အင်အားကောင်းလာနိုင်သည်ကို မူဆာက နောကျေနေပြီးသားဖြစ်သည်။
ထို့ကြောင့်လည်း သူသည် သဲချောင်းချိုင်ဘက်သို့ လိပ်ထိုးရန် ရဲရဲဝံ့ဝံ့ပင် တစ်ယောက်တည်း ထွက်လာလေသည်။
သဲချောင်းချိုင်မှာ ကျယ်ပြောလွန်းလှသဖြင့် တစ်ဖက်ကမ်းနှင့် တစ်ဖက်ကမ်းမှာ ပျပျသာ မြင်ရသည်။ အကယ်၍ ယခုလို နေရောင်ခြည်များကို မမြင်ရသော နေ့များသာဆိုလျှင် မှိုင်းချုပ်၍ မိုးကုတ်နေတတ်သဖြင့် ချိုင်ဝတစ်ဖက်ကမ်းခြေကိုပင် လှမ်းမမြင်နိုင်ပေ။
ယနေ့တော့ ချိုင်ထဲတွင် နေရောင်ခြည်များက လျှမ်းလျှမ်းတောက်နေသဖြင့် တစ်ဖက်ကမ်းစတွင် လိပ်ထိုးနေကြသော တံငါလှေ တစ်စင်း နှစ်စင်းကို မူဆာ လှမ်းမြင်နေရသည်။
တစ်ဖက်ကမ်းနားရှိ လိပ်ထိုးလှေငယ်ပက်ပက် ကလေးပေါ်မှ မတ်တတ်ရပ်နေသော လူကို တစ်ခါတစ်ခါတွင် ရေထဲ၌ ငုတ်တိုင်စိုက်ထူထားသလိုသာ မြင်ရပြီး လှေငယ်ကိုကား လုံးဝ မမြင်ရပေ။ မြင့်တက်လာသော လှိုင်းလုံးတို့က ကွယ်သွားခြင်းဖြစ်လေသည်။
သဲချောင်းချိုင်ထဲ ဝင်လာသော မူဆာမှာ ဦးစွာပထမ ရေကြောင်းကို ဂရုစိုက်ကြည့်ရသည်။ ရေပြင်တစ်ခုလုံးမှာ နေရောင်ခြည်များဖြင့် လျှမ်းလျှမ်းတောက်နေသော်လည်း ရေတိမ်ရေနက် ရေအောက်တွင် ရေပေါက်ရေစွယ်များရှိသော ရေပြင်မှာ အရောင်အဆင်း အနေအထားချင်း မတူကြပေ။
ရေနက်လျှင် အရောင်မှေးမှိန် ညိုပုပ်၍ ရေတိမ်လျှင် ရေရောင်က တောက်ပစူးရှလွန်းသည်။ ရေအောက်၌ ရေပေါက်ရေစွယ်တို့ ရှိနေလျှင် အပေါ်ယံ ရေပြင်လှိုင်းတို့မှာ ဂနာမငြိမ် ရှိတတ်သည်။
နောက် ဒီရေတက်လာချိန်၌ ဝဲကတော့ဆင်တတ်သော ရေရဟတ် ရေတဂျင်တို့ကိုလည်း မူဆာက အကဲခတ်ရသည်။ ပြီးမှ သူ၏ လှေငယ်ကို စိတ်ချရမည်ထင်သော ရေလမ်းကြောတစ်ခုမှ သဲချောင်းချိုင် အလယ်လောက်သို့ အရောက်လှော်ခတ်လာသည်။
ရေလှိုင်းပေါ် ရှပ်ပြေးနေသော နေရောင်ခြည်ထဲတွင် ရှူးခနဲ ရှဲခနဲ ပေါ်လာမည့် ကြက်တူရွေးလိပ်များကို ရှာကြည့်ရ၊ ရေပေါက်ရေစွယ် ရေဝဲကတော့တွေကို သတိထားရနှင့် မူဆာမှာ ချွေးပြန်လာသည်။
လိပ်ဆို၍ကား တစ်ကောင်တစ်မြီးမှ မထိုးရသေး။
ဝေးဝေးလှမ်းလှမ်းက ရေပေါ် ပြေးသွားသော လိပ်များကိုပင် ယနေ့အဖို့ တစ်လုံးတလေမျှ မမြင်ရ။
ယခင်က သဲချောင်းချိုင်သို့ လာလျှင် အနည်းဆုံး လိပ် ကိုးလုံး ဆယ်လုံးတော့ ထိုးရစမြဲပင်။
လက်ရှော်၍ လည်းကောင်း၊ လှိုင်းမငြိမ်၍ လည်းကောင်း မည်မျှ ကတိမ်းကပါး ဖြစ်ရသော်လည်း ဆယ်ကြိမ်၊ ဆယ့်နှစ်ကြိမ်လောက် ထိုးရလျှင် အနည်းဆုံး လိပ်တစ်လုံး နှစ်လုံးတော့ ရစမြဲဖြစ်၏။
ကြက်တူရွေးလိပ်မှာ လိပ်ခွံဈေးကောင်းသဖြင့် တစ်လုံး နှစ်လုံး ရရုံနှင့် နေ့တွက်ကိုက်လေသည်။
လိပ်ပေါများလှပါသည်ဆိုသော သဲချောင်းချိုင်၌ပင် ယနေ့ ဤမျှ လိပ်ပါးရှားနေခြင်းမှာ အဘယ်အကြောင်းကြောင့် ဆိုသည်ကို မူဆာက လုံးဝ ဂရုမပြုမိသေး။
အကယ်၍ ဝါရင့်လိပ်ထိုးသမားကြီးတစ်ယောက် သာဆိုလျှင်တော့ ပင်လယ်လိပ်များ ကြောက်ရွံ့တတ်သည့် ရေသတ္တဝါကြီး တစ်ကောင်ကောင် ရေအောက်သို့ ရောက်နေလေပြီဆိုသည်ကို အတပ်သိပေမည်။
ဤမှာဘက်တွင် လိပ်များကို အန္တရာယ်ပြုတတ်သော ရေသတ္တဝါကြီး တစ်ကောင်ကောင် ရှိနေပါလျှင် ဤမှာဘက်မှ လိပ်များသည် ရေစွယ် ရေပေါက်တွေကို အပြင်းဖြတ်ပြေးကာ ဟိုမှာဘက် ချိုင်ခြေသို့ လစ်သွားတတ်ကြသည်။
ဤသည်ကို လုံးဝ မတွေးမိဘဲ နတ်မလိုက်သေး၍သာဟု ထင်နေသော မူဆာက ရေလှိုင်းများထဲတွင် ရှူးကနဲ ရှဲခနဲ ပေါ်လာမည့် လိပ်များကို စောင့်စားငေးမျှော်လျက်ပင်တည်း။
နေ့လယ်လောက်ကပင် သဲချောင်းချိုင်သို့ ရောက်လာနှင့်သော မူဆာသည် နေမွန်းစောင်းကြီးအချိန်သို့သာ ရောက်လာသည်။ လိပ်ဆို၍ကား တစ်ကောင်တစ်မြီးမှ မထိုးရသေး။
တစ်ဖက်ကမ်းခြေသို့ ဖြတ်သွားရအောင်ကလည်း နေအချိန် မရှိတော့ပေ။
မူဆာသည် ရေလှိုင်းထဲတွင် သူ၏ လှေငယ်ကို မျှောထားကာ လိပ် တစ်လုံးတလေ ပေါ်လာလျှင် ချက်ချင်းထိုးနိုင်အောင် မှိန်းကို အသင့်ချိန်ရွယ် ကိုင်တွယ်ထားသည်။
သူ၏ နောက်မှ ရှူးခနဲ ရေမှုတ်သံတစ်ခုကို ကြားလိုက်ရသဖြင့် မူဆာက နောက်သို့ ဆတ်ခနဲ ဦးခေါင်း လှည့်ကြည့်လိုက်သည်။ ရေလိပ်တစ်ကောင်ကောင် ပေါ်လာပြီး ရုတ်ခြည်း ပြန်ငုပ်သွားသော အရိပ်အခြည်ကို ရေပြင်ထဲ၌ မြင်လိုက်ရသည်။
ရေပြင်၌ ပလုံစီသွားသည်ကို ကြည့်၍ မူဆာစိတ်ထဲက အတိုင်းမသိ မြူးကြွလာသည်။
ပင်လယ်လိပ်များ နေရောင်ခြည်တွင် မြူးစပြုလာကြလေပြီ။ ရုတ်တရက် ပေါ်လာပြီး ချက်ချင်း ပြန်ငုပ်သွားသော လိပ်သည် မကြာခင် သူ၏ လှေဝန်း ကျင်၌ ပြန်၍ ပေါ်လာမည်မှာ မုချပင်ဖြစ်၏။
ထို့ကြောင့် သူက မှိန်းကို လေထဲတွင် တဆဆ ဝှေ့ယမ်း၍ လိပ်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ချက်ပိုင်ပိုင်ထိုးနိုင်ရန် အသင့်ပြင်ထားလေသည်။
သူ၏ခါးတွင် ချည်ထားသော မှိန်းကြိုးကိုလည်း ခိုင်ခိုင်မြဲမြဲဖြစ်အောင် ထပ်၍ချည်လိုက်သေး၏။
မူဆာထင်သလိုပင် ရေမှုတ်သံကြီးတစ်ခုနှင့်အတူ ရေပြင်ထဲမှ လိပ်ကြီးတစ်လုံး၏ ဦးခေါင်းသည် မူဆာ၏ လှေငယ်နှင့် သုံးလံကွာလောက်မှ ရှူးခနဲ ပေါ်လာတော့သည်။
အခွင့်ကောင်းကို စောင့်နေသော မူဆာသည် လက်ထဲမှ မှိန်းကို တအားပစ်လွှတ်လိုက်၏။
လိပ်လမိုင်း ကပ်နေသော မူဆာ၏မှိန်းသည် ရေထဲမှ ခေါင်းပေါ်လာသော ရေသတ္တဝါကြီး၏ လည်ကုပ်ဆက်ကို ချက်ချင်း ဒက်ခနဲ သွားမှန်တော့သည်။
လိပ်ထိုးလှေငယ်ပေါ်တွင် မတ်တတ်ရပ်နေသော မူဆာသည် စက္ကန့်ပိုင်းအတွင်းမှာပင် လှေငယ်ပေါ်သို့ ဝမ်းလျားမှောက် လဲကျသွားသည်။ မူဆာ၏ ခါးမှ မှိန်းကြိုးသည် ခါးပြတ်ထွက်လုမတတ် တင်းလာ သဖြင့် လက်တစ်ဖက်နှင့်ပင် မှိန်းကြိုးကို အတင်းဆွဲထားရ၏။ လက်တစ်ဖက်ကမူ လှေဝမ်းကို ကန့်လန့်ဖြတ်တပ်ထားသော သစ်သားတန်းကို မိမိရရ ဆုပ်ကိုင်ထားရသည်။
မူဆာ မှိန်းနှင့် တအားလှမ်းထိုးလိုက်သော ရေသတ္တဝါကြီးသည် မှိန်းကြိုးကို တအားဆွဲပြေး၏။
မူဆာမှာ သူ၏ လှေငယ်နှင့်အတူ ရေသတ္တဝါကြီး ဆွဲပြေးရာသို့ ဆောက်တည်ရာမရ လွင့်ပါနေရသည်။
လှေဦးမှ ဆားငန်ရည်များ စဉ်လွန်းသဖြင့် သူ မှိန်းနှင့် လှမ်းထိုးမိသော ရေသတ္တဝါမှာ ဘာအကောင်ဖြစ်မှန်းကိုပင် လှမ်းမကြည့်နိုင်တော့ပေ။ လှေဝမ်းထဲမှာသာ မျက်နှာအပ်ကာ ခေါင်းမဖော်နိုင်အောင် ဖြစ်နေသည်။
သို့သော် သူ မှိန်းနှင့်လှမ်းထိုးမိသော ရေသတ္တဝါမှာ လိပ်မဟုတ်မှန်းကိုတော့ သူ ချက်ချင်း ခန့်မှန်းမိလေပြီ။
လိပ်ဆိုလျှင် လူတစ်ယောက်နှင့် လှေငယ်တစ်စင်းကို ဘယ်နည်းနှင့်မျှ ဆွဲပြေးနိုင်အား မရှိပေ။
မကြာခင် မိနစ်ပိုင်းအတွင်းမှာပင် မူဆာနှင့် လှေငယ်မှာ ရေထဲ မြုပ်ပါသွားသည်။ ရေအောက်ထဲတွင် ရေသတ္တဝါကြီး ဆွဲပြေးရာသို့ လိုက်ပါနေရသော မူဆာက သူ၏ လှေငယ်သစ်သားတန်းကိုသာ တအား ဖက်တွယ်ထားသည်။
သူ့အား ယခု ဆွဲပြေးနေသော ရေသတ္တဝါမှာ ရေဝက်
သာ ဖြစ်ရမည်ဟု သူက ထင်သည်။ ပင်လယ်လိပ်နှင့် ရေဝက်တို့မှာ ရေထဲ၌ နေကြသော်လည်း ရေပေါ်တက်၍ ၁ဝ မိနစ် တစ်ကြိမ်ကျလောက် အသက်ရှူတတ်ကြသည်။ ယခု ရေဝက်ကြီး ရေပေါ်တက်၍ အသက်ရှူသည်ကို သူက လိပ်ထင်၍ မှိန်းနှင့် ထိုးမိလေပြီ။
ရေဝက်ဆိုလျှင်တော့ မကြာခင် ရေပေါ်သို့ ပြန်ပေါ်လာမည်မှာ မုချပင်။ ရေပေါ်သို့ ပြန်ပေါ်လာသော ရေဝက်ကို သူက နောက်ထပ် မှိန်းအကူထိုး၍ ဖမ်းဆီးနိုင်သည်။ နောက် လိပ်ထိုးလှေငယ်များကို အကူအညီတောင်း၍ ဝိုင်းဖမ်းနိုင်သည်။
ရေဝက်တစ်ကောင်သာ ရပါက အရိုးအရင်းတွေမှာ ဆေးဖက်ဝင်၍ အသားမှာ ဈေးကောင်းရနိုင်သဖြင့် ငွေ ၄ဝ၊ ၅ဝ ကို တစ်နေ့တည်းနှင့် ရနိုင်လေသည်။
ထို့ကြောင့် မူဆာက ရေအောက်ထဲတွင် လှေငယ်နှင့် လူလွတ်မသွားအောင် တအားဖက်ထားသည်။
မူဆာက လိပ်ထင်၍ မှိန်းနှင့် လှမ်းထိုးလိုက်သော ရေသတ္တဝါကြီးမှာ အမှန်က မူဆာထင်သလို ရေဝက် မဟုတ်ပြန်ပါချေ။
ပင်လယ် လင်းပိုင်ကြီးတစ်ကောင်သာ ဖြစ်သည်။
ပင်လယ်ပြင်၌ လှိုင်းထန်လေထန် မုန်တိုင်းထန်နေသည်မှာ တစ်ပတ်ကျော်လောက် ကြာပြီဖြစ်သဖြင့် လင်းပိုင်ကြီးက သဲချောင်းချိုင်သို့ ဝင်ကာ တစ်ရက်၊ နှစ်ရက် ခိုနားနေသည်။
လင်းပိုင်ကြီးရှိနေလျှင် သူ၏ အနားတွင် မည်သည့်ရေသတ္တဝါမှ မနေရဲကြချေ။ အဘယ့်ကြောင့်ဆိုသော် သူ၏နှာခေါင်းမှ မှုတ်ထုတ်လိုက်သော နှာရေကြည်ထဲတွင် အဆိပ်ငွေ့များပါသဖြင့် ထိမိသော ငါး၊ လိပ်၊ မိကျောင်းများမှာ ချက်ချင်း မျက်စိကန်းသွားနိုင်သည်။
ထို့ကြောင့် ပင်လယ်ပြင်တွင် လင်းပိုင်ငါး၏ အနားကို မည်သည့် ရေသတ္တဝါမှ မကပ်ရဲကြချေ။
ပင်လယ်ပြင်ထဲတွင် လှိုင်းလေတို့ ထန်လွန်းသဖြင့် သဲချောင်းချိုင်တွင် တစ်ရက်၊ နှစ်ရက် ခိုနားနေသော လင်းပိုင်ကြီးမှာ ယနေ့အဖို့ လှိုင်းလေတို့ ငြိမ်သက်စပြုကာ နေရောင်ခြည်များကိုလည်း မြင်ရပြီဖြစ်သဖြင့် ပင်လယ်ပြင်သို့ ပြန်သွားရန် ငုပ်ချည်ပေါ်ချည်နှင့် မိုးလေဝသ အခြေအနေကို အကဲခတ်ရင်း သဲချောင်းချိုင်ဝသို့ ထွက်လာသည်။
ဤသည်ကို လိပ်လမိုင်းကပ်နေသော မူဆာက လိပ်ကြီးတစ်ကောင် ပေါ်လာပြီထင်၍ လပိုင်ကြီး၏ ကုပ်ဆက်ကို မှိန်းနှင့် လှမ်းထိုးလိုက်ခြင်း ဖြစ်သည်။
ဤသို့လျှင် ရေထဲ နစ်သွားလိုက်၊ ရေပေါ် ပြန်ပေါ်လာလိုက်နှင့် လင်းပိုင်ကြီး ဆွဲခေါ်ရာသို့ ဆောက်တည်ရာမရ လွင့်ပါနေရသော မူဆာမှာ သူ၏လှေဦးက ပင်လယ်ပြင်ထဲရှိ ကျောက်ဆောင်တစ်ခုနှင့် ဒုန်းခနဲ တိုက်မိသောအခါ လှေပေါ်မှ လွင့်စဉ်သွားသည်။
လှေငယ်မှာလည်း ထက်ပိုင်းကျိုးကာ အစိတ်စိတ်အမြွှာမြွှာ ကွဲသွား၏။
လှေငယ်ပေါ်မှ လွင့်စဉ်သွားသော မူဆာသည် ခါးလယ်လောက်သာ နက်သော ရေပြင်အောက်တွင် ကျောက်ဆောင်တစ်ခုကို နင်းမိသဖြင့် ကမန်းကတန်း မတ်တတ်ထရပ်လိုက်သည်။
ထို့နောက် သူ၏ ခါးမှ မှိန်းကြိုးကို ဆွဲကြည့်၏။
လင်းပိုင်ကြီး၏ ကုပ်ဆက်ကို စူးဝင်နေသော မှိန်းမှာ ယခုအခါ ကျွတ်သွားလေပြီ။
လင်းပိုင်ငါးမှာ အဆီအရွဲများလွန်းသဖြင့် မှိန်းနှင့် မည်မျှ တအားထိုးသော်လည်း မှိန်းမမြဲပေ။ မကြာခင် ကျွတ်ထွက်သွားတတ်သည်။
ယခုမှ မူဆာက သူ့မှိန်းနှင့် လှမ်းထိုးမိသော ရေသတ္တဝါမှာ လင်းပိုင်ငါးသာ ဖြစ်ရမည်ဟု တွေးမိသည်။ အခြား ရေသတ္တဝါ တစ်ကောင်ကောင်သာဆိုလျှင် အဟက်ပါသော သူ့မှိန်းက ဘယ်နည်းနှင့်မျှ ကျွတ်ထွက်သွားနိုင်စရာ အကြောင်းမရှိပေ။
အစိတ်စိတ် အမြွှာမြွှာ ကွဲကာ လှိုင်းပေါ်တွင် ပေါလောမျောပါသွားကြသော လှေငယ်၏ အပိုင်းအစများကို စိုက်ကြည့်ကာ မူဆာက ကျယ်ကျယ်လောင်လောင်ပင် ရေရွတ်လိုက်သည်။
“တကယ် နတ်မလိုက်တဲ့ နေ့ပဲ”
မြဝတီမဂ္ဂဇင်း
အောက်တိုဘာ၊ ၁၉၇ဝ
– ပြီး –
စာရေးသူ – ဖိုးကျော့
စာစီစာရိုက် – မုဆိုး တံငါ စာပေများ