နယ်ခြားမှ တောရိုင်းကောင်ကြီးများ
(၁)
၁၉၄၄ ခုနှစ်၊ လားရှိုး လုံလော့ကျေးရွာတွင် ကျွန်ုပ်တို့ စစ်မြင်းတပ်ကလေး စခန်းချထားစဉ် နန်းမော ကျေးရွာအုပ်စု ဂေါ်ရခါးရွာများမှ လာရောက် အကူအညီ တောင်းခံခဲ့ပါသည်။
ဂေါ်ရခါးလူကြီး ချန်မားထံမှ လူလွှတ်၍ စာဖြင့် မျောက်ဝံကြီးများနှင့် ကျွဲရိုင်းများအပြင် ကျားအုပ်စုရန်ကြောင့် ရွာပျက်ခမန်း ဖြစ်နေပါ၍ လာရောက်နှိမ်နင်းပေးရန် ရေးလိုက်သည့် စာပင်ဖြစ်၏။
တပ်ခွဲမှူး ဗိုလ်ကြီးစိုးသိမ်းက ကျွန်ုပ်နှင့် လက်ဖြောင့်တပ်ကြပ် ကိုကြီးနှင့်အတူ ရဲဘော်ငါးဦးအားခေါ်ဆောင်သွားရန်အတွက် တာဝန်ပေးလိုက်ပါသည်။
ထို့ပြင် ကျွန်ုပ်စိတ်ကြိုက် သားကောင်ကြီးများကို ပစ်ခတ်ရန်အတွက် ဒသမ ၃၇၅ မဂ္ဂနမ်ရိုင်ဖယ်နှင့် လိုအပ်သော ဆေးဝါးရိက္ခာများကို ယူသွားရန် ခွင့်ပြုလိုက်ပါသည်။
ကျွန်ုပ်တို့အဖွဲ့တွင် တပ်ကြပ် ကိုကြီးနှင့် တပ်ကြပ်ကလေး ကိုမြင့်က ဒသမ ၄ဝ၅ ရိုင်ဖယ်တလက် အပြင် တော်မီဂန်းတလက်၊ ကျန်ရဲဘော်နှစ်ဦးဖြစ်သော တပ်သားကျော် မောင်ဖြူကြီးနှင့် မောင်ဟန်တို့က ဗြိတိသျှရိုင်ဖယ် ဒသမ ၃ဝ၃ ကို ကိုင်ဆောင်ကာ ချက်ချင်းပင် ခရီးထွက်ခဲ့ကြပါသည်။
နန်းမောတောင်တန်းကြီးတွင် ရှမ်းတရုတ်ရွာများ၊ ရှမ်းရွာအချို့ ရှိနေသည့်အပြင် ဂေါ်ရခါးကျေးရွာများလည်း ရှိနေကြပါသည်။
ကျွန်ုပ်တို့အား လာရောက်ခေါ်သော ဂေါ် ရခါးအမျိုးသားမှာ အသက် ၃ဝ ခန့် လူထွားကြီးတဦးဖြစ်ပြီး တောကျွမ်းသော လမ်းပြတဦးပင်။ အမည်မှာ ရာဂျန်ဗဟာဒူး ဟူ၍ မှတ်မိပါသည်။
သူက ကျားသစ်တကောင်အား မှိန်းဖြင့် ထိုးသတ်ခဲ့ဖူးကြောင်းကို ဂုဏ်ယူကြွားဝင့်စွာ ပြောဆိုခဲ့ပါသည်။
ကျွန်ုပ်က မျောက်ဝံအုပ်ကြီးများအကြောင်း မေးရာ မျောက်ဝံအုပ်များမှာ တအုပ် လျှင် အကောင် လေးငါးဆယ် ရှိပြီး ညအခါတွင် လာရောက်တတ်ပြီး အချင်းချင်းလည်း တိုက်ခိုက်တတ်သည့်အကြောင်း ပြောပြ၏။
ကျွဲရိုင်းအုပ်မှာမူ ကောင်ရေ တစ်ရာမှ နှစ်ရာခန့်ပင် ရှိနေပြီး အလွန်ကြောက်စရာကောင်းလှကြောင်း ပြောပြပါသည်။
နံနက် ၁ဝ နာရီအချိန်မှ ထွက်ခဲ့ရာ နေ့လယ် တစ်နာရီ ခန့်တွင် ဆာဖရီကျေးရွာကလေးသို့ ရောက်ခဲ့ပါသည်။
ကျွန်ုပ်တို့အား ရွာလူကြီး ချန်မားက သူ၏ အိမ်ကြီးတွင် ဆိတ်သားနှင့် နွားနို့ ချက်ထားသည့် အသီးအရွက်ဟင်းများ ဧည့်ခံကျွေးမွေးခဲ့ပါသည်။
ကျွန်ုပ်တို့ နံနက်စာ စားပြီးသောအခါတွင် ပျက်စီးနေသော ပြောင်းခင်း၊ သခွားခင်း၊ သီးနှံပင်များကို လိုက်လံ ပြသပါသည်။ တောင်ခြေ၊ တောင်စောင်းတွင် ယာခင်းများရှိရာ အာလူးနှင့် ကန်စွန်းခင်းများကို စိုက်ပျိုးထားသော စပါးခင်းများလည်း ရှိနေ၏။
နေ့လယ်တွင် ကျွဲနွားများကို လွှတ်၍ ကျောင်းနေသည့် ဂေါ်ရခါးအမျိုးသမီးများအပြင် ဆစ်ခ်လူငယ်အချို့ကိုပါ တွေ့ရ၏။ အချို့ကလေးများသည် ဆိတ်များနှင့် သိုးများအား တောင်ခြေတွင် ကျောင်းနေသည်ကို တွေ့ရ၏။
ကျွန်ုပ်တို့ အမဲပစ် မုဆိုးအဖွဲ့သည် ရွာ့အပြင် တောင်စောင်း ယာတဲတလုံးတွင် စခန်းချမည်ဟု ပြောလိုက်ပါသည်။
သူမှ ညအခါဝင်လာသော မျောက်ဝံအုပ်များနှင့် ကျွဲရိုင်းများကို နှင်ထုတ်နိုင်မည်ဟု ပြောသဖြင့် ရွာလူကြီး ချန်မားမှာ များစွာ ကျေနပ်သွားပါသည်။
ချက်ချင်းပင် တောင်စောင်းရှိ ယာတဲတလုံးအား ကျွန်ုပ်တို့အတွက် အမြန်ဆုံး ပြင်ဆင်စေပါသည်။ ကျွန်ုပ်တို့ အမဲပစ်ရဲဘော်များအတွက် ပြုစုရန် ဂေါ်ရခါးလူငယ်သုံးဦး ပေးထားမည်ဟု ပြောပါသည်။
ကျားရန်ကြောင့် ကျွဲ၊ နွားနှင့် သိုး၊ ဆိတ်အုပ်များကို နေမဝင်မီ ရွာတွင်းသို့ မောင်းယူသွားကြသည်ကို တွေ့ရလေသည်။
ညနေစာကို ခပ်စောစော စားလိုက်ပြီးလျှင် မျောက်အုပ်များ ဝင်လာတတ်သော ယာခင်းများနှင့် ပစ်ကွင်းကောင်းမည့်နေရာကို ရွေးချယ်ထားလိုက်ပါသည်။
ဂေါ်ရခါးလူငယ်များက မီးဖိုကြီးကို ဖိုထားကာ ကျွန်ုင်တို့အတွက် နွားနို့ နှင့် ဆိတ်နို့များကို ကျို၍ တိုက်ခြင်း၊ ဆိတ်နို့များကို နွေးကြမ်းအိုးတည်ကာ ဆိတ်သားများကို ကင်၍ ဧည့်ခံပါလေသည်။
နေဝင်သည်နှင့် အအေးဓာတ်က ဝင်လာပြီဖြစ်ကာ တဲကြီးအလယ် မီးဖိုမှာ မီးတရဲရဲဖြင့် အလင်းရောင် ပိုရကာ အပူဓာတ် ရလာပါ၏။
ကျွန်ုပ်တို့မှာ အနွေးထည် ဆွယ်တာနှင့် ခေါင်းစွပ် ဦးထုပ်များ ဆောင်းထားကြပြီး လက်နက်များကို အဆင်သင့်ပြင်ထားလိုက်ကြ၏။
(၂)
ညဉ့် ဆယ်နာရီထိုးပြီးသည်နှင့် တောင်ကြောပေါ်မှ သစ်ကိုင်း လှုပ်ရှားသံများကို ကြားလိုက်ရသည်။
“လာပြီ … လာပြီ”
ဂေါ်ရခါး လူငယ်ကလေးတဦး အားရဝမ်းသာ လာ၍ ပြောပါသည်။
ကျွန်ုပ်တို့ တဲအပြင်ထွက်၍ အမှောင်ရိပ်ထဲ ထိုင်ကာ စောင့်နေလိုက်၏။ အေးစိမ့်သော လေက တသိမ့်သိမ့်နေအောင် တိုက်ခတ်နေသလို နှင်းပွင့်များ အထပ်လိုက် ကြွေဆင်းနေပြီဖြစ်၏။
ခပ်စောစောက သစ်ကိုင်းများ လှုပ်ရှားသံများသည် ပို၍ ကျယ်လောင်လာ၏။ အသံများလည်း ကြားနေရ၏။
ကျွန်ုပ်တို့ အသံလာရာဆီသို့အာရုံစိုက်ကာ လက်နက်များ အသင့်ပြင်ထားကြသည်။
ကျွန်ုပ်က အကြီးဆုံး မျောက်သင်းအုပ်တကောင်အပြင် မျောက်ထီးသုံးကောင်လောက်သာ ရွေးပစ်ရန်နှင့် ကလေးရှိသော မျောက်မကြီးများကို လုံးဝမပစ်ရန် မှာကြားထားရသည်။
“ကွိကွိ … ကွိကွိ”
“ကွိကွိ … ကွိကွိ”
နှင်းမှုန်မှုန် နှင်းတံတိုင်းကိုဖောက်၍ မည်းနက်သော သတ္တဝါများသည် တောင်စောင်း တောင်ကြောမှ လျင်မြန်သောအဟုန်ဖြင့် ခုန်ဆင်းလာကြသည်ကို တွေလိုက်ရ၏။
“တုံတုံ… တုံတုံ”
“တုံတုံ… တုံတုံ”
ရုတ်တရက် ဆာဖရီရွာထိပ် ကင်းတဲများဆီမှ အုန်းမောင်းခေါက် အချက်ပေးသံ ပေါ်ထွက်လာပါသည်။ ထိန်လင်းသော မီးပုံကြီးများကို ရွာခြံစည်းရိုးပတ်လည်တွင် တွေ့လိုက်ရသည်။
ကျွန်ုပ်၏ စိတ်ထဲတွင် မျောက်ဝံများ လာသဖြင့် ခြောက်လှန့်ခေါက်သည်ဟု ပထမ ထင်မိသည်။
နောက်မှ ဂေါ်ရခါးတဦးက “ဗီး(လ်) …. ဗီး(လ်)” ဟု ထိတ်လန့်တကြား အော်လိုက်သည်။
ဂေါ်ရခါး လူငယ်ကလေးတဦးက…
“ဗိုလ်ကြီး … ဒါဟာ ရွာထဲကို ကျားဝင်လို့ ခြောက်လှန့်တာပါ”
ထိုအခါမှ ကျွန်ုပ်တိုမှာ ရွာထဲသို ကျားဝင်ကြောင်းသိရတော့၏၊ မျောက်ဝံများကို နှိမ်နင်းရသည်မှာ လွယ်ပါသည်။ ကျားကို ရုတ်တရက် နှိမ်နင်း၍ရမည် မဟုတ်သဖြင့် ကျွန်ုပ်မှာ ရွာထဲတွင် ရဲဘော်များ ချမထားမိသဖြင့် စိတ်မကောင်း ဖြစ်မိတော့၏။
ရွာနှင့် ကျွန်ုပ်တို့ တောင်စောင်းယာတဲကြီးမှာ ကိုက် ၂ဝဝ ခန့် ဝေးပါမည်၊ ကျွန်ုပ်က မျောက်ဝံကြီးများကို တပ်ကြပ် ကိုကြီး ဦးဆောင်သော တပ်သားကျော် မောင်ဖြူနှင့် မောင်ဟန်တို့က နှိမ်နင်းစေပြီး၊ ကျွန်ုပ်က တပ်ကြပ်ကလေး ကိုမြင့် ခေါ်ကာ ရွာဆီ ဂေါ်ရခါးလူငယ်နှစ်ဦးနှင့်အတူ အမြန်ပြေးလာပါသည်။
ကျွန်ုပ်က လေးတောင့်ထိုး လက်နှိပ်ဓာတ်မီးကို ဂေါ်ရခါး လူငယ်ကလေးအား ပေးထားပြီး ကျားနှင့် ရင်ဆိုင်မိသောအခါမှ ထိုးရန် ပြောလိုက်ပါသည်။
နန်းမောတောင် ကျားများသည် အတင့်ရဲလှပါတကား။
ရွာနှင့် ကိုက်ငါးဆယ်ခန့် ရောက်ချိန်တွင် ရွာသားများ၏ အော်ဟစ်သံ၊ အုန်းမောင်းသံတို ဆူညံနေပါသည်။
ဂေါ်ရခါး လူငယ်ကလေးက သူတို့စကားဖြင့် လှမ်း၍ ကင်းသမားများကို မေးလိုက်ပါသည်။
“ကျားဘယ်မှာလဲ … ကျားဘယ်မှာလဲ”
ကင်းသမားက ဒူးလေးကိုင်ယင်း ရွာတောင်ဘက်ကို လက်ညှိုးထိုးပြသည်။
“အဲဒီဘက် ခြံစည်းရိုးက နိမ့်တယ်။ ဒီက ဝင်လာပြီး နွားတကောင် အတင်းဝင်ဆွဲနေတယ်”
“ကျား ဘယ်နှစ်ကောင်လဲ”
“နှစ်ကောင်”
ကျွန်ုပ်တို့သည် ရွာတောင်ဘက်သို့ ခြံစည်းရိုးပတ်ကာ ပြေးခဲ့စဉ် ကျွန်ုပ်တို့ စခန်းချထားသော ယာယီတဲဆီမှ သေနတ်သံများကို ဆူညံစွာ ကြားလိုက်ရပါသည်။
ရွာတောင်ဘက် တံခါးပေါက်သို့ မရောက်မီ မည်းမှောင်သော သတ္တဝါကြီးတကောင်သည် ခြံစည်းရိုးမှ ခုန်ထွက်လာသည်ကို တွေ့လိုက်ရပါသည်။ သူ၏ ပါးစပ်တွင် သတ္တဝါတကောင် ဆွဲချီလာသည်ကို တွေ့ရ၏။
ကျွန်ုပ်က လက်နှိပ်ဓာတ်မီးကိုင် ဂေါ်ရခါး အမျိုးသားကလေးအား “မြန်မြန်မီးထိုး” ဟု ပြောလိုက်မှ ကောင်လေးမှာ အထိတ်ဘလန့်ဖြင့် လက်နှိပ် ဓာတ်မီးကို ဖွင့်လိုက်ပါသည်။
အမြီးမှတိုင်းလျှင် ဦးခေါင်းအထိ ကိုးတောင်နီးပါး ရှိသော “ကျွန်းပတ်” တောင်စဉ်ခုနစ်ခရိုင် ကျားများအရွယ်ရှိသော တရုတ်မြန်မာ နယ်ခြားရှိ “အန်းလီ” ခေါ် ကျားကြီးသည် နွားပေါက်တကောင်အား ကိုက်ချီလျက် တွေ့ရခြင်းပင်။
“အန်းလီ” မှာ လောအမျိုးသားနှင့် ဝအမျိုးသား အချို့ခေါ်သော စကားပင် ဖြစ်သည်။
ဂေါ်ရခါး အမျိုးသားကလေးက လက်နှိပ်ဓာတ်မီး ဖွင့်လိုက်သောအခါတွင် လက်နှိပ်ဓာတ်မီးရောင်တွင် နယ်ခြားကျားသည် သားကောင်ကိုချလျက် ကျွန်ုပ်တို့ ဘက်သို့ မျက်နှာမူကာ “ဝေါင်း” ကနဲ ဟိန်းလိုက်သည်။
အတော်ပင်။
ကျွန်ုပ်သည် ဆိုင်းမနေပါ။ ဒသမ (၃၇၅) ရိုင်ဖယ်ဖြင့် နှာခေါင်းနှင့် မျက်စိအကြား ချိန်ရွယ်၍ ပစ်ထည့်လိုက်သည်။
ကျွန်ုပ်၏ ကျည်တတောင့်တည်းဖြင့် တုံးကနဲ လဲကျကာ အသက်ပျောက်သွားတော့၏။
“မေးစမ်းဟေ့ … ရွာထဲမှာ ကျား ဘယ်နှစ်ကောင် ရှိသေးသလဲ”
ကျွန်ုပ်က ပြောလိုက်သဖြင့် ဂေါ်ရခါးလေးက မေးလိုက်ရာ တကောင်ရှိသေးကြောင်း ပြန်၍ပြော၏။
အထူးသဖြင့် ဂေါ်ရခါးနှင့် ဟိန္ဒူအမျိုးသား အစရှိသော အမျိုးသားများမှာ ရိုးသားလှသလို ဗြိတိသျှတပ်မတော်တွင် ထင်ရှားသော စစ်သူရဲကောင်းများလည်း ဖြစ်ပါ၏။
တောင်ဘက်ရွာတံခါးမှ ကျွန်ုပ်တို့အား ဖွင့်ပေးသဖြင့် ဝင်ခဲ့စဉ် ကျားဟိန်းသံကြီး တသံကို ကြားလိုက်ရ၏။
ကျွန်ုပ်သည် အနောက်ရိုးမ၌ ငယ်စဉ်ကတည်းကပင် ကြီးပြင်းခဲ့ရသူဖြစ်၍ ယင်းကျားသည် ကျားအိုတကောင်ဟုသာ ဆုံးဖြတ်ကာ လမ်းပြရွာသားအချို့နှင့် အတူ ပြေးလာခဲ့ကြပါသည်။
ရွာခြံစည်ရိုးအချို့မှာကား ပျက်စီးနေသဖြင့် ကျားများ ဝင်နိုင်ခြင်းပင် ဖြစ်၏။ ကျွန်ုပ်သည် တပ်ကြပ်ကလေး မောင်မြင့်နှင့်အတူ ကျန်နေသော ကျားရှိရာသို့ ထွက်လာစဉ် ရွာသားသုံးဦးလည်း ပါလာကြ၏။
“အာဝု … ဝေါင်း”
ဂေါ်ရခါး လူငယ်ကလေးက လက်နှိပ်ဓာတ်မီးဖြင့် ထိုးကာ ထိုးကာ ကြည့်လိုက်စဉ် ကျွန်ုပ်တို့သွားရာ လမ်းမှာပင် တဲအိမ်ကြီးတအိမ်မှ ပြေးထွက်လာသော အဝါတွင် အနက်အစင်းကြီးများနှင့် ရင်တွင် အဖြူရောင်အမွေးများရှိသော အသက်ကြီးသည့် ကျားအိုကြီးတကောင်နှင့် ရင်ဆိုင်မိကြ၏။
ဂေါ်ရခါးရွာသားများသည် ခပ်ဝေးဝေး မလှမ်းမကမ်းမှ မီးတုတ်များကိုင်ကာ ဆူညံနေကြ၏။ ယင်းကျားကြီး၏ ပါးစပ်တွင် အမျိုးသမီးတဦးအား ကိုက်ချီထားပါလေသည်။ မီးရောင်တွင် ကျားအိုကြီး၏ မျက်လုံးများက တဝင်းဝင်း လင်းနေ၏။
အကိုက်ခံရသော အမျိုးသမီးမှာ အော်လျက် ရှိနေ၏။
ကျားအိုများမှာ အစွယ်တုံးနေပြီဖြစ်၍ လူကို သေအောင် မကိုက်နိုင်ကြပါ။ သို့သော် လက်ဖြင့် ပုတ်ပါက တချက်တည်းဖြင့် အသက်ပျောက်သွားနိုင်ပါသည်။
အိပ်နေစဉ် ဆွဲသွားကြောင်း ထင်ရှားလှ၏။
ကျွန်ုပ်တို့၏ လက်နှိပ်ဓာတ်မီးရောင်တွင် ကျားအိုကြီးသည် မိန်းကလေးကို ချကာ ဝေါင်းကနဲ မာန်ဖီကာ ဟိန်းလိုက်သည်။
ကျွန်ုပ်က သူ၏ နှာရောင်နှင့် မျက်စိအကြားကို ဒသမ ( ၃၇၅) ရိုင်ဖယ် ကျည်ဆံဖြင့် ချိန်ရွယ်ပစ်လိုက်၏။
“ဒိုင်း”
ကျည်ဆံပေါက်ကွဲအားသည် ပြင်းထန်သလောက် ကျားအိုကြီးမှာလည်း တုံးကနဲ လဲကျကာ အသက်ပျောက်သွားလေတော့သည်။
ဂေါ်ရခါး မိန်းကလေးမှာ အသတ် ၁၈ နှစ်ခန့် လုံးကြီးပေါက်လှတည်း။ သူ၏ လည်ကုပ်တွင် ပွန်းပဲ့သောဒဏ်ရာမှလွဲ၍ အခြားဒဏ်ရာ မတွေ့ရပါ။ အသက်ချမ်းသာရာ ရသွားတော့သည်။
ဂေါ်ရခါးလူကြီး ချန်မားနှင့် ရွာသားများ၊ မိန်းကလေး၏ မိဘများက ကျေးဇူးတင်လှကြောင်း ပြောဆိုကြ၏။
ဤအချိန်မှာပင် ရွာအပြင် တောင်စောင်းဘက်မှ တပ်သားကျော် မောင်ဟန်နှင့် ဂေါ်ရခါးလူငယ်ကလေးက လာရောက်သတင်းပို့ပါသည်။ ကြီးမားလှသော မျောက်ဝံကြီးနှစ်ကောင်အပြင် မျောက်ဝံမ သုံးကောင်၊ မျောက်ညို တကောင်ကို ပစ်ခတ်ရလိုက်
ကြောင်းပင် ဖြစ်သည်။
ရွာလူကြီးချန်မားအား …
“ခင်ဗျားတို့ ရွာကို နောက်ထပ် ကျားရော မျောက်ဝံတွေပါ မလာတော့ပါဘူး”
ချန်မားက-
“အလွန် ကျေးဇူးတင်ပါတယ် စစ်ဗိုလ်ကြီး။ ဒီနေ့ညမှာ ဂုဏ်ပြုပါရစေဦး”
ကျွန်ုပ်က လက်မခံပါ။ မနက်ဖြန်တွင်ကျွဲရိုင်းများကို လိုက်လံပစ်ခတ်လိုသေးကြောင်း ပြောလိုက်ပါသည်။
ကျွန်ုပ်တို့အတွက် ကျားသားရေနှင့် ကျားစွယ်များလာပို့ရန် မှာကြားလိုက်ရ၏။
(၃)
ထိုညတွင် လေက တဖြူးဖြူး တိုက်ခတ်နေသလောက် အအေးဓာတ်ကလည်း လွန်ကဲနေပါ၏။ ရွာလူကြီး ချန်မားက ကျွန်ုပ်တို့အတွက် ဂုဏ်ပြုသောအားဖြင့် အစားအသောက်နှင့် ဆတ်ချိုနှင့် ချက်ထားသည့် အရက်များကို လာ၍ ပို့ကြ၏။
ညဉ့်သုံးနာရီလောက်တွင် အိပ်ရာသို့ဝင်ကာ အိပ်ပျော်သွားစဉ် ဂေါ်ရခါးလူငယ်တဦးနှင့် ရဲဘော် မောင်ဟန်တို့က လာ၍ နှိုးကြ၏။
ကျွဲရိုင်းနှင့် နွားရိုင်းများသည် နန်းမောတောင်တန်း “နန့်မား” တောင်ကြောတွင် ရောက်နေကြောင်း သတင်းပို့လာပါသည်။
ကျွန်ုပ် အိပ်ရာမှ ထသောအချိန်တွင် နံနက် (၆) နာရီ ရှိနေပြီဖြစ်၍ အလင်းရောင်များ သမ်းစပြုနေ၏၊
နှင်းများကမူ ထုံးစံအတိုင်း တဖွဲဖွဲ ကျဆင်းနေလျက် နှင်းပွင့်များမှာ လေထဲတွင် လွင့်မျောနေကြလေသည်။
ကျွန်ုပ်နှင့် ရဲဘော်များသည် လိုအပ်သော ရိက္ခာအခြောက်နှင့် အသားဗူး၊ ဆေးဝါးများယူကာ လမ်းပြရွာသား ဂေါ်ရခါး အမျိုးသားတဦး ခေါ်၍ လာခဲ့ကြ၏။
ထိုလူငယ်မှာ ညက “ဖီး(လ်) … ဖီး(လ်)”ဟု အော်သော“ဆာရာမိ” အမည်ရှိ လူငယ်တဦးတည်း။
သူသည် ဂေါ်ရခါးရွာတွင် ကလယ်အမျိုးသားမိသားစုမှ ပေါက်ပွားသော လူငယ်ဖြစ်၍ ကလယ်စကားဖြင့် အော်လိုက်ခြင်း ဖြစ်သည်။
ကျွန်ုပ်သည် သုံးမိုင်ခန့် သွားမိသောအခါတွင် ထိုနေရာမှာ တောင်ကတုံးများနှင့် မြက်ရိုင်းကြီးများ ထူထဲလှသည့် ကြမ်းတမ်းသော မြေနေရာဖြစ်ကြောင်း သိလာရ၏။
နောက်ဆုံး ကျွန်ုပ်တို့သည် လမ်းပြကလေး ဆာရာမီ၏ ညွှန်ပြချက်ဖြင့် အရှေ့ဘက် တောင်တန်းများ ဘက်သို ၂မိုင်ခန့် ဆက်၍ လာခဲ့ကြပါသည်။ မြက်ရိုင်းတောကြီးမှသည် မြက်နုများနှင့် သစ်ပင်ချုံပိတ်ပေါင်းထူထဲသည့် ဒေသသို့ ရောက်ရှိလာကြ၏။
နန့်မားတောင်ကြော “ဗွေ” “အလယ်” သို့ ကျွန်ုပ်တို့ ရောက်လာစဉ် ချောင်းကြီးတချောင်းကို တွေ့လိုက်ရသည်။ ကျွဲရိုင်းခြေရာများကို စတင်တွေ့ရပါလေပြီ။ သို့သော် ကျွဲရိုင်းများကို မမြင်ရသေး။
“ဗိုလ်ကြီး … ဟိုဘက်ကို ကြည့်ပါဦး”
ကျွန်ုပ်က လမ်း ပြကလေး ညွှန်ပြသော မြောက်ဘက်ဆီ ကြည့်လိုက်ရာ မြက်ရိုင်းတောဘက်မှ မြက်ရိုင်းများ လေတိုက်သကဲ့သိ ယိမ်းခါကာ တဝုန်းဝုန်း ရှိနေသည်ကို တွေ့ရ၏။
မကြာမီ မည်းမှောင်သော ကိုယ်လုံးကြီးများနှင့် ဦးချိုကားကား သတ္တဝါများသည် မြက်ရိုင်းတောကြီးမှ ပေါ်ထွက်လာကာ မြက်နုခင်းများပေါ်သို့ ရောက်လာကြလေသည်။
“ဪ … ဒီအကောင်တွေဟာ မြက်ရိုင်းတောထဲမှာ ဝင်ခိုနေပြီး မြက်နု စားကြမှာကိုး။ ပြီးမှ ရေသောက် ဆင်းကြမယ်”
ကျွန်ုပ် ထင်သည့်အတိုင်းလည်း မမှားပါ။
မြက်နုခင်းထဲသို့ ရောက်လာသောအခါတွင် ကောင်ရေ တစ်ရာကျော်ခန့်ရှိသော ကျွဲရိုင်းနှင့် နွားရိုင်းများသည် မြက်နုများကို စားသောက်လျက် နေကြတော့၏။
သတ္တဝါတို့၏ သဘာဝအလျောက် နွားရိုင်းနှင့် ကျွဲရိုင်းများ သဟဇာတဖြစ်ပြီး တွဲနေသည်မှာ မဆန်းတော့ချေ။
“ဗိုလ်ကြီး … မြန်မြန်လာပါ။ အလွန်ကြောက်စရာ ကောင်းပါတယ်”
လမ်းပြသူက သစ်ပင်ကြီးတပင် ညွှန်ပြကာ အမြန်ဆုံး ပြေးတက်သွားတော့ကာ ခွဆုံတွင် ထိုင်၍ ကျွန်ုပ်တို့ကို ခေါ်လျက်ရှိပါသည်။
တနာရီခန့် ကြာသောအခါတွင် အလွန်ကြီးမားသော ကျွဲရိုင်းထီးကြီးက ခေါင်းဆောင်လျက် ချောင်းဆီသို့ ဆင်းသွားလေသည်။
သူတို့၏ ခြေသံမှာ ဆူညံနေပြီး တောချုံများလည်း ပြားထွက်သွား၏။
ကျွဲရိုင်းများကား ရန်သူမြင်လျှင် အုပ်စုလိုက်ချီ၍ တိုက်ခိုက်ကြသည်မှာ ကြောက်စရာကောင်းလှတော့သည်။
“ဗိုလ်ကြီး … ဟိုဘက် ကြည့်ပါဦး”
လမ်းပြကလေးက တောင်ဘက်သို ညွှန်ပြလိုက်ရာ ကောင်ရေ ငါးဆယ်ကျော် ခန့်ရှိသော ကျွဲရိုင်းနှင့် နွားရိုင်းအုပ်ကြီးသည် ချောင်းဆီသို့ လာနေကြသည်ကို တွေ့ရသဖြင့် ကျွန်ုပ်နှင့် ရဲဘော်များသည် အန္တရာယ် အငွေ့အသက်ကို ရှူမိကြလေပြီ။
ထို့ကြောင့် လမ်းပြကလေးရှိသော သစ်ပင်အောက် ချုံကြီးကို အကာအကွယ်ယူကာ ရဲဘော်များကို သစ်ပင်ပေါ်သို့ အမြန်ဆုံး တက်စေပြီး ကျွန်ုပ်က သစ်ပင်ကို အကာအကွယ်ယူကာ နေခဲ့၏။
ပထမဝကျွဲရိုင်းအုပ်ကြီးသည် ချောင်းထဲသို့ ဆင်းပြီး ရေသောက်ကာ ရေစိမ်ကာ မြူးနေကြ၏။
ကျွန်ုပ်က ကျွဲ ရိုင်းအုပ် ခေါင်းကြီးအား ဒသမ ၃၇၅ ရိုင်ဖယ်ဖြင့် ပစ်ခတ်ရန် ပြောင်းဝ ညွှန်လိုက်စဉ်မှာပင် ဒုတိယကျွဲရိုင်းများနှင့် နွားရိုင်းများ ချောင်းထဲသို့ ရောက်လာကြပြီဖြစ်၏။
သူတို့သည် တောင်ယာသမားများ စိုက်ပျိုးခင်းများအား ဝင်ရောက်ဖျက်ဆီး စားသောက်နေကြသည်မှာ ကြာလေပြီ။
ကျွန်ုပ်က ရိုင်ဖယ်မောင်းကို ဆွဲချလိုက်၏။ ဒိုင်းကနဲ မြည်သံနှင့်အတူ ယမ်းခိုးများ ထောင်းကနဲ လွင့်ထွက်လာသည်။
ကျွဲရိုင်းကြီးသည် ရေစပ်မှာပင် တုံးကနဲ လဲကျသေသွား၏။
ရုတ်တရက် ကျွဲရိုင်းများ ခေါင်းထောင်၍ လှုပ်လှုပ်ရှားရှား ဖြစ်သွားစဉ် တပ်ကြပ်ကလေး မောင်မြင့်နှင့် တပ်ကြပ် ကိုကြီးတို့၏ ရိုင်ဖယ်ပစ်သံများ ဆက်တိုက် ပေါ်ထွက်လာသည်။
ကျွန်ုပ်တို့၏ ရိုင်ဖယ်အသံများ ဆူညံသွားပြီးနောက် ကျွဲရိုင်းများနှင့် နွားရိုင်းများသည် ဝရုန်းသုံးကားဖြင့် ကျွန်ုပ်တို့ဆီသို့ တဝုန်းဝုန်း ပြေးလာသည်မှာ မြေမှုန့်များ တထောင်းထောင်း ဖြစ်နေတော့၏။
“ဗိုလ်လေး … မြန်မြန်လာပါ”
တပ်ကြပ်ကိုကြီးက ကျွန်ုပ်အား လက်ကမ်း၍ ခေါ်နေသဖြင့် ကျွန်ုပ်မှာ မနေသာတော့ပဲ သစ်ပင်ပေါ် တက်လိုက်ရပြီး ခွဆုံတွင် ထိုင်လိုက်ရ၏။
ကျွဲရိုင်းများသည် ဒေါသတကြီးဖြင့် တောချုံများနင်း၍ တရကြမ်း တိုးလာကြသည်မှာ ကြောက်စရာကောင်းလှတော့သည်။
ကျွန်ုပ်တို့၏ သစ်ပင်နှင့် ဆယ်ပေကွာမှ ဖြတ်သန်းပြေးသွားစဉ် ကျွန်ုပ်က ရိုင်ဖယ်ကျည်များကို တတောင့်ပြီးတတောင့် ပစ်လွှတ်ခဲ့ရာ ကျွန်ုပ် လက်ချက်ကြောင့် ကျွဲရိုင်းကြီးငါးကောင် လက်ပြင်ထိကာ လဲကျသွားတော့၏။
ကျွန်ုပ်၏ ရဲဘော်များ ပစ်လိုက်သော ကောင်ရေနှင့် ပါဆိုမှု ဆယ့်နှစ် ကောင်တိတိပင် ဖြစ်သည်။
ကျွဲရိုင်း ဆယ်ကောင်နှင့် နွားရိုင်း နှစ်ကောင်ပင် ဖြစ်တော့သည်။
တဝုန်းဝုန်းနှင့် ပြေးလွှားသွားကြသည်မှာ မြေပြင် သိမ့်သိမ့်တုန်ခါလျက်။
မြက်ရိုင်းတောကြီးမှာ လှိုင်းလုံးများသဖွယ် ဖြစ်နေတော့သည်။
ထို့နောက် တောင်ပေါ်သို့ တက်သွားကြလေတော့၏။
ကျွန်ုပ်က အနီးဝန်းကျင်ရွာများသို့ အကြောင်းကြားကာ အသားများကို ဝေငှယူရန်နှင့် ကျွန်ုပ်တို့ တပ်များအတွက် နွားရိုင်းနှစ်ကောင်ကို လှည်းဖြင့်ပို့ရန် လမ်းပြကလေးအား ပြောဆိုပြီး တပ်သားနှစ်ဦးထည့်၍ ပြန်လွှတ်လိုက်ရပါသည်။
ကျွန်ုပ်နှင့် တပ်ကြပ်နှစ်ဦးတို့သည် သစ်ပင်အောက်တွင် အနားယူကာ ရိက္ခာခြောက်နှင့် အသားဗူးများ ထုတ်ကာ စားသောက်ယင်း အပန်းဖြေနေလိုက်ကြပါသည်။
နေ့လယ်ချိန်တွင် ဂေါ်ရခါးလူကြီး ချန်မား ခေါင်းဆောင်သော ရွာသားများအပြင် ရှမ်းတရုတ် ရွာသားများ တရာကျော်ခန့် ရောက်လာကြ၏။ သူတို့နှင့်အတူ ဝန်တင်မြင်းပုကလေးများ၊ နွားများကိုပါ ဆွဲယူလာကြသည်။
ဂေါ်ရခါးလူကြီး ချန်မားက ကျေးဇူးတင်လှကြောင်း ပြောပြပါသည်။
မိန်းမနှင့် ကလေးများသည် ကျွဲရိုင်းနှင့် နွားရိုင်း အသေကောင်များ ကိုင်ကာ ဝမ်းသာနေကြသည်။
သူတို့ရွာများကို ဒုက္ခပေးခဲ့သော သတ္တဝါများကို သူတို့ တဝ စားသောက်ကြရတော့မည် မဟုတ် ပါလား။
ကျွန်ုပ်တို့ အမဲပစ်အဖွဲ့မှာ ရွာသားများ ဖျက်နေသည်ကို ခဏမျှ စောင့်ကြည့်လျက် ဂေါ်ရခါး လူကြီးနှင့်အတူ ဆာဖရီရွာသို့ ပြန်ခဲ့ကြ၏။
ထိုနေ့ညတွင် ဂေါ်ရခါးလူကြီးက ကျွန်ုပ်တို့ မုဆိုး အဖွဲကို ဂုဏ်ပြညစာ ကျွေးခဲ့ပါသည်။ နောက်တနေ့နံနက်တွင် ကျွန်ုပ်တို့ထံသို့ ကျွဲရိုင်း ဦးချိုများကို လာ၍ ပို့ကြသည့်အပြင် လှည်းသုံးစီးဖြင့် လိုက်၍ ပို့ကြ၏။
လှည်းနှစ်စီးတွင် နွားရိုင်းသားများနှင့်အတူ ကျွဲရိုင်း ဦးချိုများကို တင်ဆောင်လာခဲ့ပါသတည်း။
စပယ်ဦး မြန်မာဝတ္ထုတိုမဂ္ဂဇင်း
၁၉၈၆-ခုနှစ်၊ ဧပြီလ
စာအုပ်အမှတ် ( ၂ဝ )
– ပြီး –
စာရေးသူ – မြဝဇီ
စာစီစာရိုက် – မုဆိုး တံငါ စာပေများ