ငွေစိုး (ရွှေကြန့်မြေ)
နယ်လွှဲဘသော်နှင့် ညှို့ချက်မိသောကျား
“အောက် … အီး … အီး … အွတ်”
ပေါက်ကိုင်းရွာ ဘုန်းတော်ကြီးကျောင်းဝိုင်းအတွင်း ကပ္ပိယကြီး နယ်လွှဲဘသော် မွေးထားသော ကြက်ဖကြီး ခြောက်လုံးပြူး၏ တွန်သံပင် ဖြစ်သည်။ ခြောက်လုံးပြူး၏ ကြက်ဦးတွန်သံကြောင့် ပေါက်ကိုင်းတစ်ရွာလုံးရှိ ကြက်ဖတွန်သံများသည် ဆင့်ကဲဆင့်ကဲဆိုသလို ဆက်ကာ တစ်ရွာလုံး ဖုံးသွားလေတော့သည်။
ဦးသူတော် ဆက်အိပ်၍ဝမရတော့။ ကြက်ဦးတွန်ပြီဆိုတော့ စက်နာရီအားဖြင့် နံနက် (၃) နာရီ။
ဦးသူတော်တစ်ယောက် အိပ်ရာမှထကာ သောက်လက်စ လက်နှစ်ဆစ်ခန့်သာ ကျန်တော့သည့် ဆေးပြင်းလိပ်ကြီးကို မီးညှိဖွာရှိုက်လိုက်သည်။ ဆင့်ကာဆင့်ကာ ဖွာရှိုက်လိုက်သည့်အတွက် ခံတွင်းချဉ်ပြေသွားတော့မှ ရေနံဆီမီးခွက်ကြီးကို မီးညှိ ကိုင်ဆွဲကာ ဆွမ်းချက်ဆောင်ဘက်သို့ ကူးလိုက်လေ၏။ ဆွမ်းချက်ဆောင်တွင် တည်ထားသည့် ရာဝင်စဉ့်အိုးကြီးအတွင်းမှ ရေကို အိုးမှုတ်ခွက်လက်ကိုင်ရိုး တပ်ထားသော ရေမှုတ်ဖြင့် ခပ်ကာ မျက်နှာသစ်လိုက်သည်။
ပြီးနောက် အပေါ့အပါး ခေတ္တသွားကာ ရေနွေးအိုးတည်ရန် ထင်းမီးကူးလိုက်သည်။ တစ်ဆက်တည်း ဆိုသလို ဆန်ပြုတ်အိုးနွှေးရန်အတွက်လည်း ထင်းကိုမီးကူးလိုက်လေ၏။ ဖိုခုံလောက်နှစ်ခုပေါ်တွင် အသင့်ရှိနေသည့် ရေနွေးအိုးနှင့် ဆန်ပြုတ်အိုးနှစ်လုံးတို့ကို နယ်လွှဲဘသော်က နေ့စဉ်ဆိုသလို ထင်း များကိုပါထိုး၍ ပြင်ဆင်ပေးထားသောကြောင့် ဦးသူတော် သက်သာနေခြင်း ဖြစ်၏။
ထို့ကြောင့် ဦးသူတော်၏ တာဝန်က မီးကူးပေးရုံသာရှိသည်။ ရေနွေးအိုးဆူချိန်နှင့် ဆန်ပြုတ်အိုးပွက်ချိန်သည် နယ်လွှဲဘသော်အိပ်ရာနိုးချိန်ပင်ဖြစ်၍ ကျောင်းနေသံဃာတော်များ၏ အရုဏ်ဆွမ်းကိစ္စတို့ကို ကျောင်းသားများနှင့် ဆက်လက်ဆောင်ရွက်သွားပေတော့မည်။
ယခင်က ဤနိစ္စဓူဝအမှုများသည် ဦးသူတော်၏ တာဝန်များ ဖြစ်သည်။ သို့သော် နယ်လွှဲဘသော် ကျောင်းသို့ ကပ္ပိယအဖြစ် ရောက်ရှိလာခဲ့ပြီး နောက်ပိုင်းတွင် ဦးသူတော်အဖို့ ထိုကိစ္စများ ငြိမ်းသွားခဲ့၏။ ဤအကြောင်းကို တွေးမိတိုင်း နယ်လွှဲဘသော်ကို ဦးသူတော် ကျေးဇူးတင်မိသည်။
မှန်သည်။ ဦးသူတော်အသက်က ခြောက်ဆယ်ကို လေး ငါးနှစ် စွန်းနေချေပြီ။ ယခင်ကလို စိတ်သွားတိုင်း ကိုယ်မပါချင်တော့။ စာပေကျမ်းဂန်လေးဖတ်ကာ ဘာသာရေးနှင့် မွေ့ပျော်၍ အေးအေးလူလူ အနားယူချင်နေပြီဖြစ်၏။ အခုတော့ ဦးသူတော်ဆန္ဒ ပြည့်ဝနေပြီဖြစ်၏။
ထို့ကြောင့်လည်း ထင်းမီးကူးပြီးသည်နှင့် တစ်ပြိုင်နက် ဘုရားဝတ်ပြုရန်အတွက် ဓမ္မာရုံအတွင်းသို့ ဦးသူတော် လှမ်းလိုက်လေတော့သတည်း။
xxx xxx xxx
ဘသော်တစ်ယောက် ပေါက်ကိုင်း ဘုန်းတော်ကြီးကျောင်းကို ရောက်လာပုံက ခပ်ဆန်းဆန်း။ စင်စစ် ပေါက်ကိုင်းသူကြီး ဦးသောင်း၏ ကောင်းမှုကြောင့် ရောက်လာခြင်းဟုဆိုနိုင်သည်။
မှန်သည်။ ဘသော်တစ်ယောက် ကပ္ပိယအဖြစ် ပေါက်ကိုင်းဘုန်းတော်ကြီးကျောင်းသို့ ရောက်လာခဲ့သည်မှာ တစ်နှစ်ပင် မပြည့်တတ်သေး။ ဘသော်၏ မွေးမြေမှာ မိုးညို ဖြစ်သည်။ ဘသော်၏မိဘနှစ်ပါးသည် မရှိမရှား လယ်သမားများ ဖြစ်သည်။ တစ်ဦးတည်းသောသားမို့ ဘသော်ကို မိဘနှစ်ပါးက အလွန်ချစ်ကြသည်။
ဘသော် လူပျိုပေါက်အရွယ်တွင် ဖခင်ဖြစ်သူ ပိုးထိ၍ဆုံးပါးခဲ့သည်။ ဖခင်ဖြစ်သူ ဆုံးတော့ ဘသော်တစ်ယောက် ပညာသင်ကြားခြင်းကို ရပ်နားကာ လယ်ယာလုပ်ငန်းခွင်ကို ဆင်းခဲ့သည်။
ဘသော် အသက်(၂၀)ပြည့်သောနှစ်တွင် ပန်းနာရောဂါဖြင့် မိခင်ဖြစ်သူ ဆုံးပါးပြန်သည်။
ဘသော်၏ မိဘနှစ်ပါးသည် မိုးညိုနယ်သားများဖြစ်ကြသောကြောင့် မိဘနှစ်ပါးစလုံး ဆုံးပါးသွားသော်လည်း တစ်ကောင်ကြွက်မဖြစ်ခဲ့ဘဲ ဆွေမျိုးများ၏ စောင့်ရှောက်မှုအောက်တွင် အခြေမပျက် နေခဲ့ရသည်။ မိဘများ၏ လက်ငုတ်လက်ရင်းလယ်မြေများ ရှိသော်ကြောင့် ဘသော်ဘဝ မချို့တဲ့ခဲ့။
ဦးကြီး၊ ဘကြီး၊ ဝရီးများ၏ ဆုံးမမှုကြောင့် ဘသော်၏ အနေအထိုင်က ဟော့ဟော့ရမ်းရမ်း မရှိခဲ့ဘဲ အမည်ကောင်းထွက်ခဲ့သည်။ ဦးကြီး၊ ဘကြီးများကလည်း ဘသော်ကို ပညာစုံ သင်ပေးသည်။ လယ်လုပ်ငန်း၊ ယာလုပ်ငန်း၊ ထန်းတက်၊ တောလည်၊ တံငါလုပ်ငန်း၊ လက်သမားအစ အောက်ခြေသိမ်းအလုပ်မှန်သမျှ ဘသော် ကျွမ်းကျင်နိုင်နင်းစွာ လုပ်ကိုင်တတ်သည်။
သို့သော် ဘသော်၏ အားနည်းချက်က မဟုတ်လျှင် မခံတတ်။ မတရားသည်ကိုမြင်လျှင် စိမ်းစိမ်းကျက်ကျက် ဝင်ရောက်ကူညီတတ်သည်။ ထိုကဲ့သို့ စိတ်မြန်လက်မြန်ခြင်းကြောင့် သူတစ်ပါးအရေးကိစ္စကို ဝင်ရောက်ဖြေရှင်းမိ၍ အကြိမ်ကြိမ် ရုံးရောက်ဂါတ်ရောက် ဖြစ်ခဲ့လေသည်။
ဤသို့ဖြင့် ဘသော်တစ်ယောက် ဗြိတိသျှအစိုးရမင်းများ၏ ဥပဒေအတိုင်း နယ်လွှဲခံရတော့၏။ နယ်လွှဲသည်ဆိုသည်မှာ လူဆိုးလူမိုက်ဟု သတ်မှတ်ထားခြင်းခံ ထားရသည့်သူအား ဥပဒေအရ ထောင်ချရန်အတွက် သက်သေသက္ကာယလည်း ရှာမရ၊ ပုဒ်မလည်းမည်မည်ရရမတပ်နိုင်လျှင် ထိုသူအား ကျော်စောမှုလုပ်ရန် မိမိရပ်ရွာတွင် မနေစေဘဲ တခြားတစ်နယ် သို့ ပို့ထားခြင်းကို ခေါ်သည်။
နယ်လွှဲခံထားရသူသည် သက်ဆိုင်ရာသူကြီးထံတွင် နေ့စဉ် လက်မှတ်ထိုးရသည်။ ကန့်သတ်ထားသောနယ်မှတစ်ပါး အခြားနယ်သို့ မကူးပြောင်းရ။ ကူးပြောင်းလျှင် နယ်ကျွံမိပြီး ထောင်ကျခံရသည်။
အထက်ဆိုသည့်အတိုင်း ဘသော်သည် မိုးညိုမှ တောင်တွင်းကြီးသို့ နယ်လွှဲခံရပြီး တောင်တွင်းကြီးမြို့နှင့် ခုနစ်မိုင်ခန့်ဝေးသည့် ပဲခူးရိုးမ တောင်ခြေအစပ်တွင်ရှိသော ပေါက်ကိုင်းရွာသို့ ရောက်ရှိလာ ခြင်း ဖြစ်၏။
နယ်လွှဲခံရသူသည် သားမယားရှိက မိမိနှင့်အတူ လိုက်ပါနေထိုင်ခွင့်ရှိ၏။ တစ်ယောက်တည်းသမား ဘသော်ကတော့ အိမ်ထောင်မရှိသူမို့ လွတ်လပ်စွာပင် ပေါက်ကိုင်းရွာသို့ ရောက်လာခဲ့၏။ ပေါက်ကိုင်းရွာတွင် ဘသော်၏ ဦးလေး မိသားစုရှိသည်။
သို့သော် ဘသော် ပေါက်ကိုင်းရွာရောက်ပြီး မကြာမီမှာပင် ဦးလေးဖြစ်သူ ဆုံးပါးခဲ့သည့်အတွက် ကျန်ရစ်သူ မုဆိုးမနှင့် ဆက်နေရန် မသင့်တော်သောကြောင့် သူကြီးဦးသောင်းက အာမခံကာ ကပ္ပိယအဖြစ် ဘုန်းကြီးကျောင်းသို့ လာရောက်အပ်နှံထားခြင်း ဖြစ်၏။
ပေါက်ကိုင်းရွာသည် အိမ်ခြေခုနစ်ဆယ်ခန့်ရှိသော ရွာငယ်လေးတစ်ရွာ ဖြစ်၏။ လယ်ယာနှင့် ပဲခူးရိုးမကို အမှီပြုပြီး ရိုးသားစွာ အသက်မွေးဝမ်းကျောင်းပြုနေသော ရွာငယ်လေးဖြစ်သောကြောင့် အေးချမ်းလှသည်။ ထို့ကြောင့် စိတ်ရင်းဖြူသော ဘသော်တစ်ယောက် မည်သူနှင့်မျှ ပြဿနာမတက်ခဲ့။
ဘသော်၏ အပြောအဆို လိမ္မာမှု၊ ကူညီရိုင်းပင်းမှုကြောင့် ပေါက်ကိုင်းတစ်ရွာလုံး သူ၏ စားအိမ်သောက်အိမ် ဖြစ်လာလေသည်။
ဆရာတော် ဦးပညာကပင် ဘသော်ကို မိုးညိုသို့ မပြန်စေချင်တော့။ အကြောင်းမဲ့မဟုတ်။ ဘသော် ရောက်ကတည်းက ဆရာတော်ဦးပညာ၏ကျောင်း ဆွမ်းကွမ်း ယခင်ကထက် ပြည့်စုံလာသည်။
ဘသော်ကလည်း ဆိုးပေဆိုသည့် ကျောင်းသားများကို ချော့တစ်ခါ ခြောက်တစ်လှည့်ဖြင့် နိုင်အောင် အုပ်ချုပ်သည်။ ဘုန်းကြီးကျောင်းတွင် ကျောင်းသား (၁၅)ယောက်ခန့် ရှိသည်။ ထို့ကြောင့် သံဃာများ၏ အရုဏ်ဆွမ်းနှင့် ဆွမ်းခံခြင်းကို ဘသော်က ဦးဆောင်၍ စည်းစနစ်ကျအောင် လုပ်ဆောင်ပေးသည်။
သို့သာမက ဘုန်းတော်ကြီးများနှင့် ဦးပဉ္စင်းများ၏ ဝတ်ကြီးဝတ်ငယ်ကိုလည်း ဘသော်က လိုအပ်သလို ဖြည့်ဆည်းပေးသည်။
အင်္ဂလိပ် – မြန်မာ ခုနစ်တန်းအထိ ပညာသင်ခဲ့ရသောကြောင့် ဘုန်းကြီးကျောင်းသားများကို ဘသော် စာသင်ပေးသေး၏။
ထိုအခြေအနေများကြောင့် ကပ္ပိယ နယ်လွှဲဘသော်ကို ဆရာတော် ဦးပညာက လက်မလွှတ်နိုင်ဖြစ်နေခြင်း ဖြစ်လေတော့သည်။
xxx xxx xxx xxx
“မောင်ဘသော်ရေ … ဒီနေ့ တို့ ကိုယ်တော်တွေ ဆွမ်းဘုဉ်းပေးတာ အတော်နည်းတယ်ဟေ့။ ဆွမ်းတွေ အများကြီး ပိုနေတယ်ဟ”
ဦးသူတော်၏ စကားကြောင့် ကြက်ဖကြီး ခြောက်လုံးပြူးနှင့် အလုပ်ရှုပ်နေသော နယ်လွှဲဘသော်တစ်ယောက် စဉ်းစားခန်းဝင်မိသွားသည်။
မှန်သည်။ သည်ရက်ပိုင်းအတွင်း ကျောင်းသားများကို စာပြနေရသည့်အလုပ်၊ သူကြီးဦးသောင်း ယာကို ကူပြီး ထယ်ထိုးပေးနေရသော ဗာဟီရများကြောင့် ဆွမ်းကွမ်းကိစ္စကို ဘသော် လှည့်မကြည့်နိုင်ခဲ့။ ထိုကြောင့် ဆရာတော်နှင့် ဦးပဉ္စင်းများ ဆွမ်းရေး ကွမ်းရေး ချို့တဲ့နေပေလိမ့်မည်။
ယခင်က ကျောင်းသားတစ်သိုက်ကို ဦးဆောင်၍ ချောင်းထဲတွင် ငါးဖမ်း၊ ပုစွန်တုပ်ငုပ်၊ ရိုးအတွင်းသို့ဝင်ကာ တောလည် ပုံမှန်ထွက်ခဲ့သောကြောင့် သားငါး ဖူလုံခဲ့သည်။ အရုဏ်ဆွမ်းဆန်ပြုတ်ကိုပင် ကြက်သား၊ ဘဲသားနှင့် လည်းကောင်း၊ ဝက်သားနှင့်တစ်သွယ်၊ ပုစွန်တုပ်၊ ငါးရံ့ခြောက်ဖြင့်တစ်ဖုံ မရိုးအောင် ရောနှော၍ ဆက်ကပ်ခဲ့လေ၏။
ရွာငယ်လေးဖြစ်သောကြောင့် ဆွမ်းခံထွက်ရာတွင် ပဲ၊ ဟင်းချို၊ ငရုတ်သီးထောင်း၊ အရွက်ကြော်များသာ လှိုင်လှိုင်ရတတ်ပြီး အသားဟင်းလျာကား နည်းပါးလှသည်။
“ဟုတ်တယ် ဦးသူတော်၊ ဒါကိုသိလို့ ကျွန်တော် ဟင်းစားအတွက် တောလည်ထွက်ဖို့ ခြောက်လုံးပြူးကြီးကို ပြုစုနေတာ ဦးသူတော်ရဲ့”
မှန်သည်။ ခြောက်လုံးပြူးသည် နယ်လွှဲဘသော် မွေးထားသည့် တောကြက်များကို တည်ဖမ်းသည့် ကြက်တိန်ညင်ကြီး ဖြစ်သည်။ ထို့ကြောင့် နယ်လွှဲ ဘသော်တစ်ယောက် ခြောက်လုံးပြူး တောသို့ဝင်ရာတွင် အသင့်ဖြစ်နေစေရန်အတွက် အစာနှင့် ရေ အဝကျွေးခြင်း၊ ဒူးအထိ ရေစိမ်ကာ ရင်အုပ်နှင့် ပေါင်တံကို ရေဆွတ်ဆုပ်နယ်ပေးခြင်းတို့ကို ပြုနေခြင်း ဖြစ်၏။ ဤသည်ကို ကြက်ရေဆေးသည်ဟု ခေါ်သည်။
“ဒါဆိုရင် မောင်ဘသော်ကို သတိပေးရဦးမယ်။ မောင်ဘသော် တောလည်ရင် ဒိုးနွယ်မြောင်ဘက်ကို သွားမှာမဟုတ်လား။ အဲဒီမြောင်ထဲကို တောကောင်ကြီး တစ်ကောင် ဝင်မွှေနေတယ်လို့ မိုးစွေရွာသားတွေဆီက သတင်းရထားတယ်။ အဲဒါ သွားရင် သတိထားပြီး သွားဦးနော်”
“သေချာရဲ့လား ဦးသူတော်ရဲ့။ ဒီသတင်း ကျွန်တော် မကြားမိပါလား”
ဦးသူတော်၏ သတိပေးစကားကို နယ်လွှဲဘသော်က မျက်မှောင်ကြုတ်၍ မေးခွန်းပြန်ထုတ်လိုက်၏။ သူတို့ဒေသတွင် ကျားကို နာမ်နှိမ်သောသဘောဖြင့် တောကောင်၊ ဟင်းမျိုး၊ ခေါင်းကြီး၊ မျက်ကွင်းဖြူ၊ ငပြောက် စသည်ဖြင့် အမျိုးမျိုးခေါ်ဝေါ်ကြသည်။
“ဟိုရက်က ရိုးထဲ ထင်းဝင်ခုတ်တဲ့ မိုးစွေရွာသားတွေ ကျောင်းထဲကို ရေဝင်သောက်ရင်း ပြောသွားတာပဲ။ မင်းက ရွာထဲဆင်းနေလို့ မသိလိုက်တာဖြစ်မယ်”
မိုးစွေရွာသည် ပေါက်ကိုင်းရွာ အနောက်ဘက်တွင်ရှိသော ရွာဖြစ်ပြီး ရိုးမတောသို့ ဝင်ပြီး ထင်းခုတ်ပြန်တိုင်း ရွာဦးဘုန်းတော်ကြီးကျောင်းသို့ ဝင်၍ ခေတ္တနားတတ်လေ၏။
“အင်း ဒါဆိုရင်တော့ သတိထား ရမှာပေါ့ ဦးသူတော်။ ကျွန်တော်တို့လည်း ကြက်တည်မှာဆိုတော့ ဒိုးနွယ်မြောင်မှာပဲ ခရီးဆုံးမှာပါ။ ရိုးအတွင်းထဲကိုဝင်ဖို့ အစီအစဉ်မရှိပါဘူး”
နယ်လွှဲဘသော်က ဦးသူတော်ကို အဖြေပြန်ပေးကာ ခြောက်လုံးပြူး၏ ခြေထောက်တွင် ချည်ထားသောကြိုးကို ယူ၍ မြေကြီးပေါ် စိုက်ထားသည့် ငုတ်တိုင်တွင် ချည်လိုက်လေ၏။
မှန်သည် … ကြက်ကောင်း ကြိုးမကွာဟု အဆိုရှိသည် မဟုတ်ပါလား။
xxx xxx xxx xxx
နယ်လွှဲဘသော် ဒိုးနွယ်မြောင်ကိုရောက်တော့ နေမွန်းတည့်နေချေပြီ။ သူနှင့်အတူ ဘုန်းကြီးကျောင်းသားများဖြစ်သော ငမဲ၊ ဖြူလုံးနှင့် သူကြီးဦးသောင်း ၏ သူရင်းငှား ဘိုးပိန်တို့ (၃) ယောက် အဖော်အဖြစ် ပါလာသည်။
ပေါက်ကိုင်းရွာမှ ဒိုးနွယ်မြောင်သို့ ရောက်ရန် ရိုးမ အတွင်းသို့ သုံးမိုင်ခန့် တစ်တောင်ကျော် တစ်လျှိုဆင်း တစ်ကုန်းတက်ဖြင့် တောစဉ်အတိုင်း ဖြတ်ကျော်ခဲ့ကြသည်။ ထမင်းကိုပင် ကျောင်းတွင်မစားခဲ့ဘဲ သူကြီးဦးသောင်း၏အိမ်တွင် ဝင်စားကာ တောသို့ဝင်မည့်အကြောင်း အသိပေးခဲ့သေးသည်။
သူကြီးကတော် ဒေါ်အုံးမြကပင် သူ့အတွက် တောထွင်းထွက် ပရဆေးပင်များ နုတ်ခဲ့ရန် မှာလိုက်သေးသည်။
ဒိုးနွယ်မြောင်သည် သစ်ရိပ်ဝါးရိပ် ထူသည်။ စိမ့်စမ်းလေးများလည်း ရှိသည်။ တောမုဆိုးများသာ ဒိုးနွယ်မြောင်သို့ ရောက်လေ့ရှိပြီး သာမန်တောတိုး၍ သစ်ခုတ်သူများ ဒိုးနွယ်မြောင်သို့ သွားလေ့မရှိ။ ဒိုးနွယ်မြောင်သည် သစ်ပင်ပိတ်ပေါင်း ထူထပ်အုပ်ဆိုင်းနေသောကြောင့် တောကောင်ငယ်ကလေးများ ကျင်လည်ကျက်စားရာ နေရာတစ်ခု ဖြစ်လေသည်။
အထူးသဖြင့် သစ်ပင်များပေါ်မှ တွဲလွဲခိုကာ ကျနေသည့် ဒိုးနွယ်တန်းများ၊ အခြားနွယ်ပင်၊ ကြိမ်နွယ်တောကြီးများကြောင့် တောကြက်၊ ခါ၊ ရစ်၊ ချိုး၊ ငုံးတို့ ပေါများသည်။
ထို့ကြောင့် ကြက်တည်ရန် ရိုးအတွင်းသို့ဝင်တိုင်း ဒိုးနွယ်မြောင်ကိုသာ နယ်လွှဲဘသော် ခြေချသည်။ ဒိုးနွယ်မြောင်သို့ရောက်သည်နှင့် ချုံနွယ်ပိတ်ပေါင်းများထူသောနေရာနှင့် ကြိမ်တောများအနီးတွင် ညွှတ်ကွင်းများ၊ ကိုယ်ရံညွှတ်များကို ပတ်လည်ထောင်ကာ ညွှတ်များအလယ်၌ တည်ကြက် ခြောက်လုံးပြူးကြီးကို ချည်တိုင်ခိုင်ခိုင်စိုက်၍ ချည်ထားလိုက်ပြီး ချုံနွယ်များအတွင်းသို့ ဘသော်တို့လေးယောက် ဝင်ပုန်းနေလိုက်သည်။
တည်ကြက် ခြောက်လုံးပြူးကြီးကား တောင်ပံပြင်းစွာရိုက်၍ ငါဗိုလ် ငါမင်း ဆိုသောသဘောဖြင့် ခပ်ပြင်းပြင်းတွန်လေသည်။
တောကြက်၊ ခါ၊ ရစ်တို့၏ သဘာဝကား ဆန်းကြယ်လှသည်။ တစ်တောတွင် တစ်ဖသာ နယ်သတ်မှတ်၍ မင်းမူလေ့ရှိသည်။ မိမိနယ်သို့ အခြားမှ အဖများ ဝင်လာသည်ကို လက်မခံတတ်ဘဲ ငါ၏နယ်ပယ်သို့ ဘယ်ကြက်လာရသနည်းဟု ဒေါသမာန်ပါပါ တွန်ကြွေးကာ ကြက်မအခြွေအရံ၊ မြီးကောင်ပေါက်ကြက်မကလေးအခြွေအရံများစွာဖြင့် နယ်ကျူးလာသော တည်ကြက်ကို ရင်ဆိုင်တိုက်ခိုက်လေ့ရှိသည်။
ယခုလည်း နယ်လွှဲဘသော် လက်သပ်မွေးထားသည့် ခြောက်လုံးပြူးကြီးသည် တောရည်ဝနေပြီဖြစ်သော ကြောင့် တောကြက်များကို တွန်သံရဲဝံ့စွာပေးနေပြီ ဖြစ်လေသည်။
မှန်သည်။ တိန်ညင်ကြက်တိုင်း တည်ကြက်လုပ်၍ မရပါ။ အချို့ တိန်ညင်ကြက်များသည် တောသို့ရောက်သည်နှင့် နယ်မြေစိမ်းဟူသော အသိကြောင့် မတွန်ဝံ့တော့ပေ။
တည်ကြက်တိန်ညင်များ အစွမ်းကလည်း တစ်ကောင်နှင့်တစ်ကောင် မတူပေ။ တည်ကြက်ချင်းတူသော်လည်း အစွမ်းသတ္တိချင်းကွဲပြား၏။ တချို့တည်ကြက်တိန်ညင်၏ တွန်သံကိုကြားသည်နှင့် တောကြက်ဖများ မလာတော့။ အချို့မှာမူ တောကြက်များသာ လာတတ်သည်။ အချို့လည်း ချေ၊ ယုန်၊ မြွေ စသည့် တောတွင်းတိရစ္ဆာန်ငယ်များ တည်ကြက်ထံသို့ ဝင်လာတတ်လေ့ရှိသည်။
ခြောက်လုံးပြူးကြီးကတော့ ထူးသည့်ကြက်တိန်ညင်အမျိုးအစား ဖြစ်သည်။ ခြောက်လုံးပြူးကြီးကို အကြောင်းပြုပြီး တောကောင်ငယ်လေးများကို ဟင်းစားအဖြစ် နယ်လွှဲဘသော်တို့အဖွဲ့ အကြိမ်ကြိမ် ရခဲ့ဖူးသည်။ ထို့ကြောင့် ခြောက်လုံးပြူးကို နယ်လွှဲဘသော်အဖို့ မျက်စိရှေ့မှ အပျောက်မခံနိုင်ခြင်းဖြစ်၏။ ခြောက်လုံးပြူး၏ အိပ်တန်းကိုပင် သူ၏ အိပ်ရာအနီးတွင် ပြုလုပ်ပေးထား၏။
ခြောက်လုံးပြူးကလည်း တောသို့ဝင်ရသည်ဆိုသည်နှင့် မာန်တဝင့်ဝင့် အမောက်တထောင်ထောင် တောင်ပံတဖြန်းဖြန်းခတ်ကာ ရွှင်မြူးနေတတ်စမြဲ။
ယခုသည်ပင် ခြောက်လုံးပြူး၏ တွန်ကျူးသံက ဒိုးနွယ်မြောင်တစ်ကြောကို ဖုံးလွှမ်းနေလျက်။
သူတို့လူစု ခြောက်လုံးပြူး၏ မာန်ပါပါနှင့် တွန်ကျူးနေမှုကို မျက်စိဒေါက်ထောက် ကြည့်ရှုနေကြလေသည်။
ကွမ်းတစ်ယာညက်ခန့် ကြာသည်အထိ ထူးခြားမှုမရှိသေး။
ယခင် သည်လိုမဟုတ်။ ခြောက်လုံးပြူးသည်ပင် ဒေါသထွက်လာဟန်ဖြင့် တောင်ပံခတ်သံနှင့် တွန်ကျူးသံတို့ ပို၍ပို၍ပြင်းထန်လာ၏။
မှန်သည်။ ဒိုးနွယ်မြောင်တစ်ကြော ယခင်ကထက် ပိုမိုတိတ်ဆိတ်နေသည်။
“ကိုဘသော်ကြီး … ဒီနေ့ ထူးနေသလိုပဲ။ ဘာသံမှမကြားအောင် ငြိမ်နေပါလားဗျ”
“အေး ဟုတ်တယ် ငမဲရ။ ငါစိတ်ထဲလည်း မသိုးမသန့်နဲ့ တစ်မျိုးကြီး ခံစားနေရတယ်”
ငမဲ၏ တီးတိုးစကားကို နယ်လွှဲဘသော်က ပြန်ဖြေရင်း ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။
“ကို … ကိုဘသော် ဟို … ဟိုမှာ င … ငပြောက်ကြီး”
ဖြူလုံး၏ လေသံက အထစ်ထစ် အငေါ့ငေါ့။ အမူအရာက ထိတ်လန့် ချောက်ချားနေသည့်ဟန်။
နယ်လွှဲဘသော်တစ်ယောက် ဖြူလုံးညွှန်ပြသည့် နေရာသို့ အလန့်တကြား ကြည့်လိုက်သည်။ မမျှော်လင့်ထားသော မြင်ကွင်းကို နယ်လွှဲဘသော် တွေ့လိုက်ရသည့်အတွက် ခေါင်း ပုတ်လောက်ကြီးသွားသည်။
မှန်သည်။ ကျားကြီးတစ်ကောင် ခြောက်လုံးပြူး၏ အနီးသို့ ခေါင်းငိုက်စိုက်ချကာ လေးတွဲသောခြေလှမ်းတို့ဖြင့် တဖြည်းဖြည်း တိုးဝင်လျှောက်လှမ်းလာ နေသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။
ဘသော်တို့ (၄) ယောက်မှာ တုတ်တုတ်ပင်မလှုပ်ဝံ့။ ကျားကြီးကို ခုခံရန် လက်နက်ဆိုလို့ ဘိုးပိန်ယူလာ သော လေးခွတစ်ချောင်းသာ သူတို့ထံ ပါသည်။ ကျားကြီး၏ ပုံစံက သူတို့ထံတွင် ဓား၊ လှံများ ပါလာလျှင်ပင် ခုခံရန်မလွယ်သည့် အနေအထား။
အဝါရင့်ပေါ်တွင် အနက်စင်းကြီးများ ရှိနေသည့် ကျားကြီး၏ ဦးခေါင်းသည် ခွဲတောင်းခန့်ပင် ကြီးမားကာ နားရွက်ဝိုင်းဝိုင်ကလေးများအဖျား၌ အဖြူရောင်အမွေးရှည်ကလေးများ ထိုးထိုးထောင်ထောင်ရှိနေသည်။
ကျား၏ကြောက်မက်ဖွယ်သဏ္ဌာန်ကြောင့် ဘသော်တို့(၄)ယောက် တဆတ်ဆတ်တုန်ကာ အသက်ပင် ရဲရဲမရှူရဲတော့။
ကျားကြီးကား ခြောက်လုံးပြူး၏ ငါးလံခန့်အကွာသို့အရောက်တွင် တုန့်ခနဲ ငေါင်စင်းစင်းအမူအရာနှင့်ရပ်ကာ ဦးခေါင်းကို ဘယ် ညာ လေးကန်စွာ ယမ်း ၍ မအီမသာဟန် ဖြစ်နေ၏။
ထိုအချိန်မှာပင် ခြောက်လုံးပြူးက သူ၏ တွန်ကျူးမှု ကို ရုတ်ခြည်းဆိုသလို ရပ်လိုက်သည်။ ခြောက်လုံးပြူး၏တွန်သံ ရပ်သွားသည်နှင့်တစ်ပြိုင်နက် ကျားကြီးသည် အိပ်ရာမှ လန့်နိုးလာသည့်အမူအရာဖြင့် နောက်သို့ တစ်လှမ်းချင်းပြန်လှည့်ကာ တောအတွင်းသို့ ဝင်ရန်ပြင်လေသည်။
ခြောက်လုံးပြူးက တောင်ပံပြင်းပြင်းခတ်ကာ ပြန်တွန်ပြန်သောကြောင့် ကျားကြီးသည် နဖားကြိုးထိုးထားသောနွားကို ဆွဲခေါ် လိုက်သကဲ့သို့ နောက်ပြန်လှည့်၍ ပြန်လာပြန်သည်။
ဤနည်းဖြင့် ခြောက်လုံးပြူးထံမှ တွန်သံပျောက်သည်နှင့် ကျားကြီးက ပြန်လှည့်သွားလိုက်၊ တွန်သံပြန် ထွက်လာသည်နှင့် ကျားကြီးသည် ခြောက်လုံးပြူးအနီးသို့ ပြန်ရောက်လာလိုက်ဖြင့် စပါးကြီးညှို့ချက်မိထားသော သားကောင်သဖွယ်ဖြစ်နေလေသည်။
မှန်သည်။ ခြောက်လုံးပြူး၏ တွန်သံကလည်း တောလုံးဟိန်းနေသည်။ ထို့ကြောင့် ကျားကြီးသည်လည်း ခြောက်လုံးပြူး အနီးမှ ဝေးရာသို့ ဖယ်မသွားနိုင်ဘဲ တဝဲလည်လည် ဖြစ်နေသည်။
နယ်လွှဲဘသော်တို့ (၄)ယောက်သည်ပင် ကျားကြီးနှင့် ခြောက်လုံးပြူး၏ ထူးဆန်းသည့်အဖြစ်ကို ကြည့်ကာ မှင်တက်နေလေ၏။
သို့နှယ် အဖြစ်မျိုး သူတို့ တစ်ခါမှ မမြင်ဘူး။
ထိုအခိုက်မှာပင် တောဝက်ကြီးတစ်ကောင် တစ်လှမ်းချင်း လှမ်း၍ ဝင်လာသည်ကို ထပ်မံတွေ့လိုက်ရပြန်သည်။
သာမန်တောဝက်တစ်ကောင်မဟုတ်။ ခါးပတ်လည်တွင် အမွှေးဖြူများရှိလျက် အစွယ်နှစ်ချောင်း ပြူးနေကာ အလွန်ကြီးမားသည့် ထီးပို့အမျိုးအစား တောဝက်ကြီးပင်ဖြစ်၏။
ထီးပို့ကြီးသည် ကျားကြီးကို တွေ့လိုက်သည်နှင့် နောက်ပြန်မပြေးဘဲ ဇောင်းမွေးထောင်ကာ မာန်စောင်နေသည်။
ထူးခြားနေသည်က ကျားကြီးပင် ဖြစ်၏။ သူ၏ အစာဖြစ်သော တောဝက်ကြီးကို တွေ့သော်လည်း မာန်ပင်မဖီဘဲ ခွေးတစ်ကောင်ကဲ့သို့ ဆောင့်ကြောင့်ထိုင်ကာ နှုတ်ခမ်းမွေးသပ် ငိုင်နေလေ၏။
ခြောက်လုံးပြူးကလည်း မရပ်မနား တောင်ပံခတ်၍ ပြင်းထန်စွာ တွန်နေသည်။ ခြောက်လုံးပြူးတွန်လေလေ ကျားကြီးသည် ငေါင်စင်းစင်းနှင့် ငိုင်လာလေလေ ဖြစ်နေသည်။
ထိုအခြေအနေကို အခွင့်ကောင်းယူကာ ထီးပို့တောဝက်ကြီးသည် ကျားကြီးကို အရှိန်ဟုန်ပြင်းစွာဖြင့် မီးခိုးတောက်လျှောက် အားကုန်ထိုး ကော်ပက်လိုက်လေသည်။ ထီးပို့ကြီး ပက်လိုက်သည့်အရှိန်ကြောင့် ကျားကြီး အပေါ်သို့ (၅) ပေခန့် မြောက်တက်သွားပြီး မြေပြင်ပေါ်သို့ အရုပ်ကြိုးပျက်ပြုတ်ကျကာ ငြိမ်သက်သွားသည်။
တောဝက်ကြီးလည်း ကျားကြီးကို ပက်ပြီးသည်နှင့် ကြိမ်နွယ်တောအတွင်းသို့ လျင်မြန်စွာ ပြေးဝင်ပျောက်ကွယ်သွားသည်။
အံ့ဖွယ်ရာဖြစ်ရပ်တို့က လျှပ်ပြက်သည့်နှယ် ဖြစ်ပွားကာ ပွဲသိမ်းသွားပြီ ဖြစ်သည်။ ခြောက်လုံးပြူးသည်ပင် တွန်သံပျောက်သွားပြီဖြစ်၏။ တောအလုံးကား ပကတိအနေအထားဖြင့် ပြန်လည်တိတ်ဆိတ် နေသည်။
ထိုအခါမှ နယ်လွှဲဘသော်တို့ (၄) ယောက် သက်ပြင်းကိုယ်စီချကာ ချုံအတွင်းမှထွက်၍ ကျားကြီးထံသို့ ချဉ်းကပ်ပြီး စူးစမ်းလိုက်သည်။
ကျားကြီးကား ရင်အစုံပွင့်ကာ ဇီဝိန်ကြွေနေပြီ ဖြစ်၏။ ကျားကြီးသေနေပြီဖြစ်သောကြောင့် နယ်လွှဲဘသော်တို့ (၄)ယောက် စိတ်အေးသွားသည်။ ထို့ကြောင့် ညွှတ်ကွင်းများဖြုတ်၊ ခြောက်လုံးပြူးကိုပြန် သိမ်းပြီး ကျားသေကြီးကို ဝါးလုံးဖြင့်လျှိုထမ်း၍ ရွာသို့ အမြန်သုတ်ခြေတင်ဝင်ခဲ့တော့သတည်း။
ကြက်တည်ရာမှ ဟင်းမျိုးကြီးရလာသော နယ်လွှဲဘသော်တို့၏ ဖြစ်ရပ်ဆန်းကြောင့် ပေါက်ကိုင်းတစ်ရွာလုံးသာမက ရိုးမတောင်ခြေတွင်ရှိသော ရွာနီးချုပ်စပ်ရွာများကပါ အုတ်အော်သောင်းတင်း ဖြစ်သွားသည်။
မှန်သည်။ ကြက်ထောင် ကျားမိသည့် ဖြစ်ရပ်က တကယ့် အံ့ဩဘနန်း။ ထိုရက်ပိုင်းအတွင်း ဘုန်းတော်ကြီးကျောင်းမှ သံဃာတော်များသည် အမျိုးအမည်မသိသော ဟင်းလျာတစ်မျိုးဖြင့် ဆွမ်းဘုဉ်းပေးခွင့်နှင့် ကြုံရတော့သည်။
သူကြီးဦးသောင်းက ဟင်းမျိုးကြီး၏ သားရေ၊ အရိုး၊ အစွယ်၊ ခြေသည်း၊ လက်သည်းတို့ကို သိမ်းယူကာ နယ်လွှဲဘသော်တို့ (၄) ယောက်အား ပိုးလုံချည်တစ်ကွင်းစီအပြင် ငွေသား (၅၀) ကို ဆုချလိုက်သည်။
ထိုနောက်ပိုင်းအတွင်း နယ်လွှဲဘသော်၏ တည်ကြက် ခြောက်လုံးပြူး၏ အစွမ်းသတ္တိထူးပုံကို ပြောမဆုံးနိုင် ဖြစ်ကုန်သည်။ သို့သော် ခြောက်လုံးပြူးထံ၌ မည်သို့သောအစွမ်းထူးရှိနေသည်ကိုတော့ မည်သူမျှ တိတိပပ မသိကြ။
သို့တစေ ထိုအဖြေကို ဖော်ထုတ်ပေးသူ ပေါ်လာသည်။ တခြားသူမဟုတ် ဦးသူတော်ပင်ဖြစ်သည်။
မှန်သည်။ ဦးသူတော်သည် လောကီကျမ်းကြီး ကျမ်းငယ်များကို နှံ့စပ်အောင် လေ့လာထားသူဖြစ်သည်။ ဦးသူတော် အဖြေပေးပုံက တကယ့်ရိုးရိုးစင်းစင်း။
“ဟေ့ မောင်ဘသော်၊ မင်းရဲ့ ခြောက်လုံးပြူး ပြောက်ကြီးကို ညှို့နိုင်တာ သူ့ချိုင်းအောက်မှာ ကျားမွေးပါနေလို့ကွယ့်။ ဒီလိုကြက်တိန်ညင်မျိုးဟာ တစ်သောင်း တစ်ကောင်တောင် တွေ့နိုင်ခဲတယ်ကွယ့်။ မင်း မယုံရင် အတောင်အောက်မှာ သေသေချာချာရှာကြည့်”
ဦးသူတော်၏ဟောကိန်း ဒက်ထိ မှန်နေသည်။ ခြောက်လုံးပြူး၏အတောင် ခြေချိုင်း၌ ကျားဝါအမွေးငယ်များကို နယ်လွှဲဘသော် တွေ့လိုက်ရသည်။ ကျား ဝါမွေးပါသော ကြက်တို့ အတောင်ပံရိုက်၍ တွန်သော် ထိုပတ်ဝန်းကျင်၌ ကျားရှိနေလျှင် ကြားရာအရပ်က ထိုကြက်ထံသို့ လာရလေ၏။ ညှို့ဓာတ်မိကာ မလာဘဲမနေနိုင်။
သို့နှယ်အစွမ်းကြောင့် ဟင်းမျိုးကြီး တွန်သံပေးနေသည့် ခြောက်လုံးပြူးအနီးတွင် တဝဲလည်လည် မှိုင်းမိနေခြင်း ဖြစ်သည်။ ကံဆိုးချင်တော့ ထီးပို့တော ဝက်ကြီးနှင့်တိုးကာ တောမုဆိုးဘဝမှ သားကောင်အသွင် သက်ဆင်းသွားခြင်း ဖြစ်သည်။
မည်သို့ဆိုစေ နယ်လွှဲဘသော်အဖို့ ဒိုးနွယ်မြောင်အတွင်း ကြုံတွေ့ ခဲ့ရသည့် ဖြစ်ရပ်ဆန်းက ပြောမယုံကြုံဖူးမှသိ ဆိုသောစကားအတိုင်း ကြက်ထောင် ကျားမိခဲ့ပါတကား။
(သဒိသံ ပါကံ ဇနေတိ)
– ပြီး –
စာရေးသူ – ငွေစိုး (ရွှေကြန့်မြေ)