• July 2, 2025
  • admin
  • 0

ကိုပိုက်
နိုင့်ထက်စီးနင်း

ကမ်းပါးယံစောင်းတွင် ပေါက်နေသည့် ကြက်ခြမ်းသီးနီရဲရဲအုံကို ရစ်ဖကြီးတစ်ကောင်သည် သူ့နှုတ်သီး ချွန်မြမြဖြင့် အာသာငမ်းငမ်း ပေါက်ဆိတ်လိုက်သည်။

“ဖောက်”

သူ၏ ဦးခေါင်းကို ခါယမ်းရင်း တစ်ပိုင်းတစ်စ ကြက်ခြမ်းသီးကို မြုံဝါးနေဆဲမှာပင် . . .

“ဒိန်း”

နှစ်ပေခန့် လွင့်ထွက်သွား၏။ မျက်လှည့်ပြသလိုနှယ် ခန္ဓာကိုယ်ချည်းသာ ရှိတော့၏။ ဦးခေါင်းနှင့် လည်တိုင်သည် ဖွာလန်ကျဲ တစ်စစီ ဖြစ်သွားသည်။

“ဖြောင်း. . . ဖြောင်း. . . ဖြောင်း”

“ကိုလင်း သိပ်တော်တယ်ဗျာ”

သို့နှယ် လက်ခုပ်တီးရင်း ဝန်ထောက်လေး မျိုးဝင်းက ပြော၏။ သူ့အား လင်းမြင့်လှိုင်က ပြုံးပြခဲ့ပြီး ထိုရစ်ကောင်ကို သွားရောက်ကောက်ယူလိုက်သည်။

ရစ်ကောင်ကို ကုန်းကောက်လိုက်ပြီး ပြန်အထတွင်

“ကိုလင်း. . . ထိုင်ချလိုက်ဗျို့”

ရယ်လို့ ကျွန်တော်က လှမ်းအော်လိုက်သည်နှင့် လင်းမြင့်လှိုင်သည် ရုတ်ခြည်း ထိုင်ချလိုက်သည်။

တစ်ပြိုင်နက်ဆိုသလိုပင် ကျွန်တော်သည် လက်တွင်းရှိ သေနတ်ဖြင့် ပစ်မှတ်တစ်ခုသို့ လှမ်းပစ်လိုက်သည်။

“ဒိန်း”

ငန်းမြွေကြီးတစ်ကောင်သည် ထိုင်လျက်ရှိသော လင်းမြင့်လှိုင် နံဘေးသို့ ဖုတ်ခနဲ ပြုတ်ကျလာတော့၏။ ထိုငန်းမြွေကြီးသည်လည်း ရစ်ကောင်ကဲ့သို့ပင် ခေါင်းမရှိပါလေတော့ချေ။

“ဒါကြောင့်လဲ ကိုလင်းနဲ့ ကိုပိုက် မုဆိုးလောကမှာ နာမည်ကြီးနေတာကိုး”

မျိုးဝင်းက သို့နှယ်ပြောရင်း လင်းမြင့်လှိုင်ရှိရာ အနီးသို့သွားကာ ငန်းမြွေအသေကောင်ကို ကောက်ယူလျက် လည်တိုင်တွင် ပန်းကုံးကဲ့သို့ စွပ်ကာထားလိုက်သည်။

“ကျေးဇူးကမ္ဘာပါပဲ ကိုပိုက်ရေ. . .”

ရယ်လို့ လင်းမြင့်လှိုင်က ပြောလေသည်။

သူ ကျေးဇူးတင်စကား ပြောသင့်ပေသည်။

ဘယ့်တွက်မူ ကြက်ခြမ်းသီးပင်အထက်နား နည်းနည်းကျနေရာလောက်မှ ကပ်ပေါက်နေသည့် ကြိမ်အုံပင်ကြားမှ သူ့အား အန္တရာယ်ပြုရန် ပါးပျဉ်းခွက်နေသည့် ငန်းမြွေကြီးကို ကျွန်တော်က လျှပ်တစ်ပြက် ပစ်သတ်နိုင်လိုက်ခြင်းကြောင့်ပင် ဖြစ်၏။

“ကဲ. . . ကျွန်တော်တို့အတွက် ရိက္ခာရပြီ၊ စခန်းပြန်ကြမယ်”

သို့နှယ်ပြောရင်း ကျွန်တော်ကပင် ဦးဆောင်၍ ထိုနေရာလေးမှ ထွက်ခဲ့တော့သည်။ စခန်းပြန်ရောက်သည့်လမ်း တစ်နေရာတွင် မထင်မှတ်လေဘဲ ဆတ်ဖိုကြီးတစ်ကောင်နှင့် ပက်ပင်းတိုးလေတော့၏။

ကျွန်တော်တို့သည် ချောင်းမကြီးနံဘေးမှ လျှောက်လာခဲ့ကြရာ ဆတ်ဖိုကြီးသည်လည်း ချောင်းနံဘေးကမ်းစပ် ကုန်းမြင့်လေး၏ လမ်းမြှောင်လေးမှ အဆင်းတွင် ဖြစ်သည်။

ဆတ်ဖိုကြီးသည်လည်း ကျွန်တော်တို့ကို ရုတ်တရက် တွေ့လိုက်သည်နှင့် ပြန်လှည့်တက်ပြေးဖို့ရာလည်း မဖြစ်နိုင်တော့သည်ကြောင့် သူ့အား ပစ်ခတ်ရန် မေ့လျော့နေဆဲမှာပင် ကျွန်တော်တို့ ဦးခေါင်းထက်မှ နေ၍ ခုန်လွှားလိုက်သည်မှာ ချောင်းရေထဲသို့ပင် ဖြစ်ချေ၏။

“ဗွမ်း …”

ထိုရေစီးစမ်းချောင်းရေအတွင်းမှ တစ်ဖက်ကမ်းသို့ ကူးခတ်ပြေးတက်သွားတော့၏။

“နည်းတဲ့ကောင်ကြီး မဟုတ်ဘူးဗျာ”

ရယ်လို့ လင်းမြင့်လှိုင်က ပြောရင်း သူ့သေနတ်ဖြင့် ထိုးချိန်ပစ်ရန် ကြိုးစားလိုက်လေ၏။

သို့ငြား ဆတ်ဖိုကြီးသည် ချောင်းတစ်ဖက် တောအုပ်အတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။

“လှလိုက်တဲ့ ဦးချိုကြီးဗျာ”

မျိုးဝင်းက သို့နှယ်ပြောသလို လင်းမြင့်လှိုင်သည်လည်း . . .

“တောက်. . . . ရုတ်တရက်မို့ ကြောင်နေတုန်း ဒီကောင်ကြီး ထွက်ပြေးသွားတာ။ ဒီအခွင့်အရေးမျိုး ရခဲတယ်ဗျာ”

ဟု ကျွန်တော့်ကို ပြောလာပေ၏။

“အကောင်ကြီးရဲ့ ဦးချိုက လှတယ်ဗျာ။ ကျွန်တော်တော့ အတော်လေး သဘောကျနေပြီ”

“ဒါဖြင့် ကျွန်တော်တို့ အဲဒီကောင်ကြီးနောက်ကို လိုက်ကြမယ်”

ဆိုကာ လင်းမြင့်လှိုင်က မျိုးဝင်းကို ပြန်ပြောလိုက်ရင်း သူကပင် ဦးဆောင်ပြီး ချောင်းအတိုင်း နည်းနည်းဆန်တက်ကာ ရေတိမ်နေရာကို ရွှေ့၍ တစ်ဖက်ကမ်းသို့ ဖြတ်လျှောက်သွားတော့၏။ ဒါတောင်မှ ရေ ခါး လယ်လောက် ရှိနေ၏။

တစ်ဖက်ကမ်းသို့ ရောက်သည်တွင် ဆတ်ဖိုကြီးတက်သွားသည့် နေရာဆီသို့ ပြန်စုန်ဆင်းကာ လိုက်သွားကြ၏။ ကံအားလျော်စွာပင် ဆတ်ဖိုကြီး၏ ခြေရာထင်းထင်းကြီး တွေ့လိုက်ရသည်။

ထိုခြေရာအတိုင်း လိုက်ခဲ့ကြသည်တွင် ခပ်ဝေးဝေးနေရာလောက်မှ ကျားကောင်၏ မာန်ဖီသံ ကြားလိုက်ရသည် ဖြစ်၍ . . . .

“ကိုလင်း. . . ဟင်းကောင်ကြီး အစာရလို့ မာန်ဖီနေတာ ဖြစ်မယ်။ ဘယ်လိုလုပ်မလဲ”

သို့နှယ် ကျွန်တော်က ပြောလိုက်သည်။

“မဟုတ်မှလွဲဗျာ… ကျွန်တော်တို့ ခြေရာခံလိုက်နေတဲ့ ဆတ်ဖိုကြီးကို ရသွားတာဖြစ်မယ်”

“ဟာ… ဒါဆိုရင်ဖြင့် အခန့်သင့်ပေပဲပေါ့။ ဟင်းကောင်ကြီးကို မောင်းထုတ်ပြီး ဦးချို ယူကြရင်ဖြင့် မကောင်းပေးဘူးလား”

လင်းမြင့်လှိုင်၏ ယူဆချက်ကို မျိုးဝင်းက အားရဝမ်းသာ ပြောလာသည်ကြောင့် ကျွန်တော်သည်

“မကောင်းဘူး ထင်တယ် ကိုမျိုးဝင်း။ မုဆိုးချင်း စည်းမဖောက်ချင်ဘူး”

“ဒါတော့ ဒါပေါ့ဗျာ၊ နို့ပေမင့် သူ့အစာကို လုယူတာမှ မဟုတ်တာ။ သူ့ကို ခဏခြောက်ထုတ်ပြီး ဦးချိုတင် ဖြတ်ယူမှာပါ”

“ကျွန်တော်တော့ မလုပ်ချင်ဘူးဗျာ”

သို့နှယ် ငြင်းပယ်လိုက်ငြား လင်းမြင့်လှိုင်ကပါ မျိုးဝင်းဘက်က လိုက်လိုက်လျောလျော ပြောလာသည်ကြောင့် မတတ်သာ၍ ခေါင်းညိတ်လိုက်ရတော့သည်။

သည်တော့ကား ကျားမာန်ဖီသံကို ကြားသည်နှင့် ထိုနေရာသို့ မှန်းဆကာ သေနတ်ပစ်ဖောက်လိုက်ကြသည်။

“ဒိန်း”

“ဒိန်း”

“ဒိန်း … ဒိန်း”

သေနတ်သံများကြောင့် ကျားကောင် ဝရုန်းသုန်းကား ပြေးထွက်သွားပြီဖြစ်၍ ထိုနေရာဆီသို့ သတိကြီးစွာဖြင့် တိုးကပ်သွားလိုက်ကြသည်။ လင်းမြင့်လှိုင် တွက်ဆထားသည့်အတိုင်း ဗိုက်ပေါက်ကာ အူများ အထွေးလိုက် လျှံထွက်ကျ သေဆုံးနေသည့် ဆတ်ဖိုကြီးကို တွေ့လိုက်ကြသည်။

“ကဲ. . . မြန်မြန်လုပ်ကြဗျာ”

ရယ်လို့ ကျွန်တော်က ပြောလိုက်ရင်း ပတ်ဝန်းကျင်တစ်ဝိုက် သတိကြီးစွာ လှည့်ပတ်ကြည့်ရှုနေလိုက်၏။ ကျားကောင် ပြန်လှည့်လာမည်စိုး၍ ဖြစ်သည်။

မျိုးဝင်းနှင့် လင်းမြင့်လှိုင်သည် ဆတ်ကောင်ကြီး၏ လွန်စွာမျှ လှပသော ဆတ်ချိုကြီးကို ရလိုက်ကြပြီ ဖြစ်သောကြောင့် . . .

“ကဲ. . . ရပြီ ဟုတ်လားသွားကြစို့ဗျာ”

ရယ်လို့ ကျွန်တော်က လောဆော်လိုက်သည်။

“နေဦးဗျ. . . အရက်နဲ့မြည်းဖို့ ပေါင်တစ်ချောင်းလောက် ယူသွားချင်သေးဗျာ”

“မလုပ်ပါနဲ့ဗျာ”

ကျွန်တော်က တားသော်လည်း . . .

“ဒီလောက်လေးနဲ့တော့ ဟင်းကောင်ကြီးက ကျွန်တော်တို့အပေါ် စိတ်ကွက်မယ် မထင်ပါဘူးဗျာ။ ဟဲ. . . ဟဲ. . . ဟဲ”

ရယ်လို့ လှောင်ပြောင်စကားပြောရင်း ဆတ်ပေါင်တစ်ချောင်းကို ခုတ်ဖြတ်နေလေတော့၏။

ကျွန်တော် မည်သို့ ပြောရပါလိမ့်မည်နည်း။

အတန်ကြာတွင် ဦးချိုနှင့် ပေါင်တစ်ချောင်း ရလိုက်သည်နှင့် ကျွန်တော်တို့သည် ထိုနေရာမှ ထွက်ခဲ့ ကြတော့၏။

စခန်းပြန်ရောက်ရန် ခရီးအတန်ငယ် လှမ်းသေးသဖြင့် . . .

“ကိုလင်းရေ. . . မမှောင်ခင် စခန်းပြန်ရောက်မှ ဖြစ်မယ်ဗျ”

ရယ်လို့ ကျွန်တော်က ပြောရင်း ရှေ့မှ သုတ်ခြေတင်ခဲ့သည်။ လင်းမြင့်လှိုင်နှင့် မျိုးဝင်းသည် အလေးအပင်များ ထမ်းပိုးလာရသည်ဖြစ်သဖြင့် ကျွန်တော့် နောက် အတော်လှမ်းလှမ်းတွင် ကျန်ခဲ့၏။

သို့ကြောင့် ကျွန်တော်သည် သူတို့နှစ်ယောက်ကို လှည့်၍ ရပ်ကြည့်နေလိုက်သည်။

ထိုစဉ်မှာပင် ဆတ်ပေါင်ကြီးထမ်းလာသည့် လင်းမြင့်လှိုင်ကို သတ္တဝါတစ်ကောင်က နံဘေးတောင်ကမ်းပါးယံလေးပေါ်မှ ခုန်အုပ်လိုက်ခြင်းကြောင့် လင်းမြင့်လှိုင်သည် မြေပြင်သို့ လဲကျသွားတော့၏။

“ဟာ”

ကျွန်တော်သည် ထိုမြင်ကွင်းကြောင့် အံ့ဩထိတ်လန့်နေရသည့်ကြားမှ လက်တွင်းရှိ သေနတ်ဖြင့် ကပျာကသီ ထိုးချိန်လိုက်သည်။

ကျားသစ်ကောင်ဖြစ်သည် လင်းမြင့်လှိုင် လဲကျသွားသည်နှင့် လက်တွင်းမှ လွတ်ကျသွားသော ဆတ်ပေါင်ကြီးကို လျင်မြန်စွာ ကိုက်ချီလှည့်ပြေးသွားတော့သည်။

“ဒိန်း”

လက်တွင်းမှ သေနတ်ဖြင့် လှမ်းပစ်လိုက်သည်။ နှစ်ချက်စလုံး လွဲချော်သွားတော့၏။

သည့်နောက် လဲကျနေရာမှ လူးလဲထလာသော လင်းမြင့်လှိုင်ထံသို့ ကျွန်တော် ပြေးသွားလိုက်သည်။ နှုတ်မှလည်း တဖွဖွ

“ဘာဖြစ်သွားသေးလဲ … ဘာဖြစ်သွားသေးလဲ”

ဟု မေးလိုက်သည်။

လက်ဖျံနှင့် ကျောကုန်းတို့တွင် ကျားသစ်ကောင်၏ လက်သည်းချွန်ကြီးများဖြင့် ကုတ်ခြစ်ဒဏ်ရာ အနည်းငယ် ရသွားသည်မှလွဲ၍ အထွေအထူး ဒဏ်ရာမရသဖြင့် တော်သေးတော့သည်။

“ကဲ ကိုလင်း … မုဆိုးစည်းဖောက်လို့ ခံရပြီမဟုတ်လား။ ဒီလောက်လေးနဲ့ ပြီးသွားတာ တော်သေးတယ်မှတ်”

ကျွန်တော်က သို့နှယ် လင်းမြင့်လှိုင်ကိုပြောလိုက်ပေမင့် သူသည် ပြုံးစစဖြင့်သာ ကျွန်တော့်ကို ပြန်ကြည့်နေလေတော့၏။

တကယ်တော့ ကျွန်တော်တို့သည် တစ်ဦးနှင့်တစ်ဦး နိုင့်ထက်စီးနင်းပြုကာ အစာလုနေကြခြင်း ဖြစ်တော့သည်။

“ကျွန်တော့်လက်ထဲက အစာလုသွားတဲ့ကောင်ကို ကျွန်တော် မကျေနပ်ဘူးဗျာ”

သို့နှယ် လင်းမြင့်လှိုင်က ပြောလေသည်။

“ကိုယ်လဲ သူများဆီက အစာကို လုတာပဲ မဟုတ်လား”

ကျွန်တော့်အမေးစကားကြောင့် လင်းမြင့်လှိုင်သည် တစ်ချက်တွေ ဝေသွားသည်။ ပြီးလေမှ နှုတ်ခမ်းလေးကို အတန်ငယ် ရွဲ့စောင်းလျက်. . .

“ဒါတော့. . . ဒါပေါ့ ကိုပိုက်ရာ။ နို့ပေမင့်လို့ သူက တိရစ္ဆာန် … ကျွန်တော်က လူသားလေဗျာ။ ဒါ မဖြစ်သင့်တဲ့ ကိစ္စပေပဲ”

ဟု ပြောလေသည်။

“အင်း. . . ဒါလဲဟုတ်ပါ့။ နို့ဖြင့် ကိုလင်း ဘာဖြစ်ချင်လဲ”

“ဒီကောင် အစာရသွားတော့ကာ ဝေးဝေးလံလံ သွားမှာတော့ မဟုတ်ဘူး။ ခြေရာခံလိုက်မယ်ဗျာ။ ကျွန်တော် လုံးဝ မကျေနပ်နိုင်ဘူး”

သည်သို့ဖြင့် ကျွန်တော်တို့သည် အစာလုထွက်ပြေးသွားသော ကျားသစ်နောက်သို့ လိုက်ခဲ့ကြတော့သည်။ လမ်းတွင် မျိုးဝင်းတစ်ယောက် သေနတ်က တစ်ဖက်၊ ဆတ်ချိုကြီး တစ်ဖက်ဖြင့် ဒုက္ခရောက်နေချေသေးသဖြင့် ကျွန်တော်က …

“ကိုယ့်ဒုက္ခ ကိုယ်ရှာတော့လဲ ဘာပြောလို့ရမှာတုံး”

ဟု နောက်ပြောင်လိုက်သည်။

နာရီဝက်ခန့်အကြာ ခရီးအရောက်တွင် “ခွီးစ်… ခွီးစ်… ခွီးစ်” ရယ်လို့ ကျားသစ်မာန်ဖီသံ ကြားလိုက်ရသည်ကြောင့် ကျွန်တော်က နောက်မှ ကပ်ပါလာသော မျိုးဝင်းနှင့် လင်းမြင့်လှိုင်တို့နှစ်ယောက်ကို လက်ကာပြရင်း ရှေ့ခပ်လှမ်းလှမ်းရှိ ကြိမ်တောအတွင်း စူးစိုက်နားထောင် ကဲကြည့်လိုက်သည်။

ကြိမ်တောနောက်ကွယ်မှ တလှုပ်လှုပ်ဖြင့် ကြိမ်နွယ်သစ်ခက်ရွက်တို့ဖြင့် ဖြစ်နေခြင်းကား ကျားသစ်ကောင်သည် ရရှိထားသော ဆတ်ပေါင်ကြီးကို မြေပြင်တွင် ခြေဖြင့် ဖိနင်းထားလျက် ကိုက်ခဲဆွဲဖဲ့နေသည်ဖြစ်ကြောင်း အတပ်သိလိုက်သည်ကြောင့် ကျွန်တော့်နောက် ခပ်လှမ်းလှမ်းတွင် ရပ်စောင့်နေသော လင်းမြင့်လှိုင်ကို လက်ယပ်ခေါ်လိုက်ပြီး ကြိမ်တောနောက်ကွယ်သို့ လက်ညှိုးထိုး အချက်ပြလိုက်၏။

လင်းမြင့်လှိုင်သည် ကျွန်တော့်အနီး တိုးကပ်လာပြီး ထိုကြိမ်တောနောက်ကွယ်တွင် ရှိနေသည့် ကျားသစ်ကောင်ကို ပစ်ခတ်နိုင်ရန်အလို့ငှာ လှည့်ပတ်ကြည့်လိုက်၏။

“သစ်ဆိမ့်ပင်ကြီးနောက်ဘက်ကနေ သွားပစ်ရင် အဆင်ပြေလိမ့်မယ်ဗျ”

သို့နှယ် ကျွန်တော်က အကြံပြုလိုက်သည်။

ကျွန်တော် ပြောသည့်အတိုင်း လင်းမြင့်လှိုင်သည် ရှေ့ဓားလွယ်ခုတ်တွင်ရှိ သစ်ဆိမ့်ပင်ကြီးနောက်သို့ ပုန်းလျှိုးသွားလိုက်သည်။

ထိုနေရာသို့ ရောက်သည်နှင့် ကျားသစ်ကောင်ရှိရာသို့ လှည့်ကြည့်လိုက်ပြီး ကျွန်တော့်ဘက် ပြန်လှည့်ကာ ပြုံးလျက် လက်မ,ထောင်ကာ ခေါင်းညိတ်ပြလေ၏။ ပစ်မှတ် အဆင်ပြေသည့် သဘောပင် ဖြစ်သည်။

ကျွန်တော်နှင့် မျိုးဝင်းက နေရင်းနေရာများမှပင် ဆိတ်ငြိမ်စွာဖြင့် လင်းမြင့်လှိုင်၏ လုပ်ရပ်ကိုသာ ငေးကြည့်နေလိုက်ကြသည်။ လင်းမြင့်လှိုင်သည် သူ၏ ဝင်ချက်စတာရိုင်ဖယ်ပြောင်းဝကို ကျားသစ်ကောင်ရှိရာ ကြိမ်တောနောက်ကွယ်သို့ ထိုးချိန်လိုက်၏။

ကျွန်တော်တို့နေရာမှ ကြည့်လျှင် ကျားသစ်ကောင်ကို ပစ်ခတ်ရန် မလွယ်။ ကြိမ်ပင်ကြီး ခံနေ၏။ သူ့နေရာမှ ကြည့်လျှင်မူ ရှင်းလင်းစွာ မြင်ရပေလိမ့်မည်။

လင်းမြင့်လှိုင်ကို ကျွန်တော်တို့ ငေးကြည့်နေဆဲမှာပင် “ဒိန်း” ရယ်လို့ သေနတ်သံ ထွက်ပေါ်လာ၏။

ကျွန်တော်သည် ကပျာကသီ ကြိမ်တောနောက်ကွယ်သို့ လှမ်းကြည့်လိုက်စဉ်မှာပင် “ဒိန်း” ရယ်လို့ သေနတ်သံတစ်ချက် ကြားလိုက်ရပြန်၏။

လင်းမြင့်လှိုင်ပင် ထပ်ပစ်လိုက်ခြင်း ဖြစ်သည်။

ကြိမ်တောနောက်ကွယ်တွင် မည်သည့်လှုပ်ရှားမှုမျှ မရှိပါလေတော့။ သစ်ဆိမ့်ပင်ကြီးနောက်ကွယ်မှ ကြိမ်တောနေရာသို့ သွက်လက်သောခြေလှမ်းများဖြင့် သွားနေသော လင်းမြင့်လှိုင်နောက်သို့ ကျွန်တော်နှင့် မျိုးဝင်းသည် ကပ်လိုက်ပါသွားကြသည်။

“တကယ်ဆိုရင်ဖြင့် အသေမပစ်သင့်ဘူး ကိုလင်းရဲ့”

သို့နှယ် ကျွန်တော်က ပြောလိုက်သည်တွင် . . .

“ကိုပိုက်ရယ် … သူ့ကိုမှ ကျွန်တော် အသေမပစ်ရင်ဖြင့် ပင်ပန်းရကျိုး ဘယ်နပ်ပါ့မလဲဗျာ။ သူ့ကို ခြောက်ပစ်ရင်ဖြင့် လူပင်ပန်းရုံအပြင် ကျည် တစ်တောင့်လဲ ကုန်မယ်။ ဘာလို့လဲဆိုတော့ ဒီမယ်ကြည့်”

ဆိုကာ သူ၏ သေနတ်ပြောင်းဖြင့် ကျွန်တော်တို့ထံမှ ကျားသစ်ကောင် လုယူသွားသော ဆတ်ပေါင်ကြီးကို ထိုးကော်ပြလေ၏။

“ဟာ”

“ကိုလင်း လုပ်ရပ် မှန်ပါပေတယ်ဗျာ … ဟဲ ဟဲ”

“ဘာလို့ လုပ်ရပ်မှန်တယ် ပြောတာတုံး”

သို့နှယ် . . . ကျွန်တော်က မေးလိုက်သည်တွင် မျိုးဝင်းက ပြုံးစစဖြင့် . . .

“ကျွန်တော်တို့ထံက လုယူသွားတဲ့ ဆတ်ပေါင်ကို ကျားသစ်ကောင် စားထားလို့ အရိုးချည်း ကျန်တော့တယ်။ ဒီတော့ ကိုလင်းက ကျားသစ်ကောင်ကို အသေသတ်ပြီး အသားအစားထိုး ပြန်ယူတယ် ဟဲ. . . ဟဲ”

“ဘာ ဟဲဟဲလဲ။ အဲဒါ ဘာဖြစ်တုံး”

“ဘာ ဟဲဟဲရမှာတုံး၊ ဘာဖြစ်ရမှာတုံးဗျာ။ ကျွန်တော် သယ်လာတဲ့ ဆတ်ချိုကြီးကို တစ်လမ်းလုံး တောက်လျှောက် ဘယ်သူမှ ကူသယ်မပေးဘူး။ ဟော. . . ခု ကျားသစ်ကောင်ကို စခန်းပြန်ယူသွားကြမယ်ဆိုတော့ လက်အားနေတဲ့ ကိုပိုက်နဲ့ ကိုလင်းတို့ပဲ ထမ်းရတော့မှာ မဟုတ်လား။ ဒီတော့မှ သုံးယောက်စလုံး သာတူညီမျှ ဖြစ်သွားတော့မပေါ့ဗျာ”

သို့နှယ် မျိုးဝင်းက ပြောလာသလို အမှန်တကယ်လည်း ထို ကျားသစ်ကောင်ကို ကျွန်တော်နှင့် လင်းမြင့်လှိုင်သည် ဝါးလုံးလျှိုထမ်း စခန်းသို့ ပြန်ခဲ့ကြရလေသည်။

လပြည့်ဝန်း၊ ၂ဝဝ၂ ခုနှစ်၊ နိုဝင်ဘာလ

– ပြီး –

စာရေးသူ – ကိုပိုက်

Leave a Reply

Your email address will not be published. Required fields are marked *