—————————–

“ဟဲ့ မောင်ထွေး..မောင်ထွေး။ ဒီကောင် ဘယ်သွားလိုက်ပြန်ပြီတုံး။ ငါမသိအောင် ဒင်းမယားဆီကို ‌သွားပြန်ပြီလားမသိဘူး”
ကျုပ် အိပ်ရာထဲမှာ လှဲနေရင်းကနေ ကျုပ်သား မောင်ထွေးကို လှမ်းအော်လိုက်တယ်။ ကျုပ် အပေါ့အပါးသွားချင်ပြီလေ။

“တို့ အမေတို့ကတော့ လုပ်ပြီ။ လာပြီဗျို့”
အဲ့ဒီလို ပြောတဲ့အသံနဲ့အတူ လှေကားကနေ မောင်ထွေး တက်လာတဲ့ ခြေသံကို ကျုပ်ကြားလိုက်ရတယ်။ သူ့အမေဖြစ်တဲ့ ကျုပ် အော်ခေါ်နေတဲ့ အသံကို သူကြားလို့ “တို့အမေတို့ကတော့ လုပ်ပြီ” ဆိုတဲ့ စကားသံနဲ့ မျက်နှာမှာ အပြုံးတစ်ချို့နဲ့အတူ ကျုပ်ဆီကို လာနေတဲ့ မောင်ထွေး။ သူ့မျက်နှာကို ကျုပ် မြင်သာမမြင်ရပေမယ့် ဒီလေသံနဲ့ ဒီစကားမျိုးပြောတဲ့ပုံစံဟာ ထုံးစံအတိုင်း အပြုံးလေးနဲ့ ပြောနေတဲ့ ကျုပ်သား မောင်ထွေးဆိုတာ ကျုပ်အာရုံထဲကနေ အပီအပြင်ကို မြင်နေရတယ်။

“တို့အမေကလဲနော် ကျုပ်အသံ မကြားဘူးဆိုရင်ကို အော်မယ်၊ ဆဲမယ်ဆိုတာချည်းပဲ။ ကျုပ် အောက်မှာ အမေ ရေချိုးဖို့အတွက် ရေနှိပ်နေတာပါ”

“မသိဘူးအေ အသံမကြားတော့ ငါမသိအောင် မယားဆီကို တိတ်တိတ်လေး ထွက်သွားသလားလို့။ ငါ အပေါ့သွားချင်လို့ဟဲ့”

ကျုပ်က ဒီလိုပြောရုံရှိသေး။ မောင်ထွေးက ကျုပ်ကို အိပ်ရာထဲကနေ ပွေ့ထူလိုက်ပြီး သေးခံခွက်လေးပေါ်ကို ကျုပ်ကို ထိုင်စေတယ်။ နောက်ကနေ ကျုပ် လုံချည်စလေးကို ကိုင်ပေးရင်း

“အမေ ဗိုက်ဆာပြီလား။ ကျုပ် အမေ့အတွက် ဆန်ပြုတ်ကျိုထားတယ်။ ရေအရင်ချိုးမလား။ ဆံပြုတ်အရင်သောက်မလား အမေ”
သူ မေးနေကြအတိုင်း မေး‌လာတော့ ကျုပ်ကလည်း စကားကို နူးနူးညံ့ညံ့နဲ့ ပြောတတ်တဲ့သူမဟုတ်ဘူးလေ။

“ဟဲ့ ရေအရင်ချိုးမှပေါ့။ ရေချိုးပြီးမှ ဆန်ပြုတ်သောက်မယ်”

ကျုပ် အပေါ့သွားပြီးတော့ မောင်ထွေးက ကျုပ်ကို အိပ်ရာထဲ ခဏ ပြန်‌လှဲစေတယ်။ ပြီးတော့ ကျုပ်ရဲ့ သေးခွက်ကို ယူပြီး သူ အောက်ကို ဆင်းသွားတယ်။ ပြီးတော့ ကျုပ် ကို အိမ်ပေါ်မှာတင် ရေချိုးပေးဖို့အတွက် သူ့လုပ်ငန်းစတော့တယ်လေ။

********************************

ကျုပ်အသက်က အခု ပြာသိုဆိုရင် ကိုးဆယ့်လေး တင်တင်းပြည့်ပြီပေါ့တော်။ ကျုပ် မျက်လုံးမမြင်ရတာတောင် ငါးနှစ်လောက်ရှိရော့မယ်။ အစကတော့ ကျုပ်မျက်လုံးက မှုန်ဝါးဝါးနဲ့ ဝိုးတိုးဝါးတား မြင်ရပါသေးတယ်။ နောက်တော့ တစ်ဖြည်းဖြည်းနဲ့ ဘာကိုမှ မမြင်ရတော့တာ။ ကျုပ်က မျက်လုံးသာ မမြင်ရပေမယ့် လူတစ်ယောက်ရဲ့ အသံကို ကြားလိုက်တာနဲ့ ဘယ်အသက်အရွယ်၊ ဘယ်လို ရုပ်မျိုးလဲဆိုတာ ကျုပ်အာရုံထဲမှာ မြင်လိုက်ပြီးသား။ ကျုပ်ခန့်မှန်းတာလည်း လွဲခဲတယ်တော်ရေ့။ ဒီအသက် ဒီအရွယ် ရောက်‌ပြီဆိုပေမယ့် ကျုပ်စကားပြောတာ မာတုန်း၊ ချာတုန်းပဲ။ ကျုပ်က ငယ်ငယ်ကတည်းကနေ စိတ်ကလည်းဆတ်သလား မမေးနဲ့။ စိတ်ကလည်းဆတ်သလို၊ လုပ်ရင်လည်း ပြတ်တယ်။ အခု အရွယ်ထိ ကျုပ်ကို အပြင်မှာမမြင်ဘူးပဲ အသံပဲ ကြားဖူးတဲ့သူဆိုရင် အသက် ခြောက်ဆယ်ကျော်အရွယ်လောက်ပဲထင်ကြမှာ ကြိမ်းသေပြောရဲတယ်တော်။ အိမ်ကို လာလည်ကြတဲ့ လူတွေကလည်း ပြောပြောသွားကြတယ်။

“အမေကြီးမှဲ့က ဒီအသက်အရွယ်ရောက်တာတောင် အသံက မာတုန်း၊ သွက်တုန်း”တဲ့။ ကျုပ်က ငယ်ငယ်ကတည်းက စကားကို မာမာပဲ ပြောတတ်တာ အခုထိပဲ။

ကျုပ်မှာ သားသမီး တစ်ဒါဇင်တိတိရှိတယ်တော်ရေ့။ ကျုပ်တို့ငယ်ငယ်ကတော့ သိတဲ့အတိုင်းပဲလေ။ ခေတ်ကလည်း မထွန်းကားသေး၊ အခုခေတ်လို ဆေးဝါးတွေ အစုံအလင်လည်း မပေါ်သေးတော့ အိမ်ထောင်ရှင် မိန်းမတိုင်းလိုလို မွေးလိုက်တဲ့ ကလေးတွေ ဆိုတာကလည်း သောက်သောက်လဲ ၊တပြွတ်ပြွတ်ပဲ‌တော်ရေ့။ ရှေးအဖွားကြီးတွေတော်တော်များများ ကြည့် ကြည့်ပါ့လား။ သားသမီးဆိုတာ အနည်းဆုံး ခုနစ်ယောက်ပဲ။ ဒါတောင် တစ်ချို့ အဖက်မတင်လို့ သေသွားကြတာတွေ မပါသေးဘူး။ ကျုပ်လည်း ဘာထူးတုံး။ ရှေးအဖွားကြီးပဲလေ။ ကလေးတွေ မွေးကောင်းကောင်းနဲ့ မွေးလိုက်တာ တစ်ကျိတ်ကျော်လို့ တစ်ဒါဇင်ကို ပြည့်သွားတာပဲ။

ကျုပ်တို့‌ငယ်ငယ်က ခေတ်ကလည်း မကောင်းဘူးလေတော်။ ဂျပန်ခေတ်ကိုလည်း မမီခဲ့ရိုးလား။ bone တွေကို ကြောက်လို့ bone ခိုကျင်းထဲ ပြေးလိုက်၊ လွှားလိုက်၊ ကလေးကလည်း မွေးကောင်းလိုက်နဲ့ ကျုပ်ရဲ့ သားသမီး တစ်ဒါဇင်လုံး ကျန်းကျန်းမာမာနဲ့ လူတစ်လုံး၊ သူတစ်လုံးဖြစ်လာတာကလည်း ဘုရားရဲ့ ကျေးဇူးပဲလို့ ဆိုရလေမလား။

နေဦးတော်။ ဂျပန်ခေတ်ဆိုလို့ ကျုပ် မှတ်မိတာလေး တစ်ခု ပြောပြရဦးမယ်။ အဲဒီတုန်းက ကျုပ်တို့ရွာကို ဂျပန်တွေ ရောက်လာကြရော။ သူတို့တွေကလည်း ဘာသတင်းရတယ်လို့ မသိပါဘူးတော်။ ကျုပ်တို့အိမ်ဝိုင်းထဲအထိ သူတို့ ရောက်လာကြတော့ ကျုပ်မောင် နှစ်ဝမ်းကွဲ တစ်ယောက် ဘာရယ်ညာရယ်မသိ ကြောက်ကြောက်နဲ့ လူတစ်ရပ်ကျော်ကျော်ရှိတဲ့ ဝါးနဲ့လုပ်ထားတဲ့ ခြံစည်းရိုးကို လွှားကနဲ ခုန်သွားလိုက်တာများ အခုခေတ်မှာ ကြည့်ဖူးတဲ့ တရုတ်သိုင်းကားထဲက အတိုင်းပဲတော်ရေ့။ မယုံမရှိနဲ့။ ကျုပ်မျက်လုံးရှေ့တင် မျက်ဝါးထင်ထင်မြင်လိုက်ရလို့ကို ပြောပြတာပါဆိုတော်။ ထားပါတော့။ အဲဒီအကြောင်းကို တော်လိုက်တော့မယ်။ ဒါက ကြုံတုန်း ပြောပြတာပါ။ ကျုပ်မိသားစုအကြောင်းပဲ ဆက်ပြောပြတော့မယ်။

ကျုပ်မွေးထားတာက သားချည်းပဲ ခုနစ်ယောက်၊ သမီးက ငါးယောက်။ ပြောပြဦးမယ်။ ကျုပ် သားချည်းပဲ ငါးယောက်ဆက်တိုက်မွေးပြီး၊ သမီးလေးယောက် ဆက်တိုက်မွေးပစ်လိုက်တယ်တော်။ ဟော ဒါနဲ့ ပြီးမလားမှတ်တယ် မပြီးဘူးတော့။ သမီးလေးယောက်ပြီးတော့ သားနှစ်ယောက် ဆက်တိုက်မွေးပါလေရော။ ဒါနဲ့ အခု ကျုပ်ကိုပြုစုပြီး ကျုပ်အနားမှာနေတဲ့ နို့ညှာကောင် မောင်ထွေးကို မွေးတော့ ဒါက နောက်ဆုံးသားပဲ အထွေးဆုံးဟဲ့ဆိုပြီး မောင်ထွေးလို့ ပေးလိုက်ပါတယ်။ လား လား နောက်ထပ် အထွေးဆုံး သမီးလေး တစ်ယောက် ထပ်ပြီး ရလာပြန်သတော်။ ဒါနဲ့ ကျုပ်တို့လည်း အထွေးဆုံးသမီးလေးကို နာမည်ပေးမယ်ဆိုပြီး ပေးလိုက်တာ မယ်ထွေးတဲ့။ ဒီတော့ အငယ်ဆုံး နှစ်ယောက်က မောင်ထွေးနဲ့ မ‌ယ်ထွေးပေါ့။ မယ်ထွေးကလည်း အိမ်ထောင်ကျသွားပြီလေ။

အိမ်ထောင်မကျဘဲ ကျန်နေတာက အခု ကျုပ်ကို ပြုစုနေတဲ့ မောင်ထွေးနဲ့ သူ့အထက်ကကောင် မောင်အေးပဲ။ မောင်အေးက အရက်ကလွဲရင် ဘာမှကို စိတ်မဝင်စားတဲ့ကောင်ပေါ့။ ဒီကောင် မောင်အေးနဲ့ မောင်ထွေးကလည်း တည့်လိမ့်မထင်နဲ့။ တစ်ယောက်နဲ့ တစ်ယောက်က အကြိုက်ချင်းကလည်း လုံးဝ ဆန့်ကျင်ဘက်။ ဒီတော့ ကျုပ်မှာ သူတို့နှစ်ယောက်ကို ခွဲထားရတယ်။ မောင်အေးက သူ့အစ်မ အလတ်မနဲ့ တစ်ခြားမြို့မှာ လိုက်နေလေရဲ့။ ကျန်တဲ့ သားသမီးတွေကလည်း အားလုံး အိမ်ထောင်ကိုယ်စီနဲ့ ဆိုတော့ ဟောဒီအိမ်ကြီးမှာ ကျုပ်တို့ သားအမိနှစ်ယောက်ပဲ ရှိတော့တယ်။

**************************

နေဦး။ ကျုပ် ဒီကောင်မောင်ထွေးအကြောင်း ပြောပြဦးမယ်။ ‌သူ ကျုပ်ရေချိုးဖို့ ရေခပ်နေတာမပြီးခင်‌ပေါ့။ မောင်ထွေးက ငယ်ငယ်ကတည်းက အစ်မတွေကြားထဲမှာ နေခဲ့ရတော့ လူပုံက ခပ်နွဲ့နွဲ့ရယ်။ အစ်ကိုတွေနဲ့ နေလိမ့်မယ်မထင်နဲ့။ ပြောသာပြောရတာပါ။ ကျုပ်သား အကြီးကောင်တွေကလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျကုန်ကြတော့ အိမ်ခွဲသွားကြတယ်လေ။ မောင်ထွေး စကားပြောပုံက သူ့အစ်မတွေနဲ့ တစ်လေသံတည်း။ ကျုပ်သားကို အခြောက်လို့တော့ မထင်ကြနဲ့နော်။ ကျုပ်မကြိုက်ဘူး။ ကျုပ်မှာ ဒီကောင်ငယ်ငယ်ကတည်းက မိန်းကလေး
စိတ်ပေါက်မသွားအောင် ရိုက်နှက်ပြီး ဆုံးမခဲ့ရတာ။ ငယ်ငယ်ကဆို အစ်မတွေရဲ့ လုံချည်တွေကို ဝတ်ဝတ်ပြီး မင်းသမီးကတမ်း ဆော့ဆော့နေလို့ လိုက်ရိုက်ရတာ အကြိမ်ကြိမ်။ ဒါပေမယ့် အခုအချိန်မှာတော့ ကျုပ်သားမောင်ထွေးက ကျုပ်အတွက်တော့ သားတစ်ယောက်လိုရော၊ သမီးတစ်ယောက်လိုရော အားအကိုးရဆုံးပဲလေ။ ကျုပ်လေ ကျုပ်သား မောင်ထွေးကို ချစ်တာပေါ့။ ချစ်လိုက်တာမှ တုန်လို့တော်။ သူ့ခမျာ မိန်းမရပြီးတာတောင် မိန်းမနဲ့ မနေဘဲ ကျုပ်ကို ပြုစုဖို့ ကျုပ်နဲ့ပဲ နေနေတာ။ ကျန်တဲ့ သားသမီးတွေက အိမ်ထောင်ကိုယ်စီနဲ့ တစ်နယ်တစ်ကျေး‌မှာ များကြတယ်လေ။

ပြောပြဦးမယ်။ ဒီကောင် မောင်ထွေး အိမ်ထောင်ကျပုံကလည်း အဆန်းသားကလား။ ကျုပ်သားက လူပုံက နွဲ့တဲ့တဲ့ရယ်။ သူ့ပုံစံကို ကြည့်ရင် မိန်းမရမယ်လို့တောင် ထင်ကြမှာမဟုတ်ဘူးလေ။ ဒီကောင် မိန်းမ ဘယ်လို ရသလဲဆိုတာ ကျုပ် ပြောပြမယ်။ ဒီလို…

ကျုပ်တို့ အိမ်က ပျဉ်ထောင်၊ ပျဉ်ခင်း ငါးပင်အိမ် အမြင့်ဆောက်ထားတာ။ ခင်းထားတဲ့ ပျဉ်ခင်းကို အစိမခင်းဘဲ နည်းနည်း ခပ်ကျဲကျဲ ခင်းထားတာ။ ကျုပ်အိမ် တည်ဆောက်ပုံကို ပြောပြရတာက အကြောင်းရှိလို့ပါ။

အခု မောင်ထွေးနဲ့ ရတဲ့ ကောင်မလေးက ကျုပ်တို့အိမ်နဲ့ နှစ်အိမ်ကျော်မှာနေတာ။ တစ်ဦးတည်းသော သမီးပေါ့။ အမေအို အဖေအို နှစ်ယောက်ကို လုပ်ကြွေးနေတဲ့ သမီးပဲ။ အဲဒီကောင်မလေးက မောင်ထွေးကို ချစ်လိုက်သမှ အသေရရ၊ အရှင်ရရ ဆိုသလိုမျိုး။ သူက ကျုပ်ကိုတော့ အသေကြောက်တယ် ထင်တယ်။ ကျုပ်ကလည်း ကျုပ်သား မောင်ထွေးကို ဘယ်လို မိန်းကလေးမျိုးနဲ့မှကို သဘောမတူဘူး။ ကျုပ်သားကို အိမ်ထောင် မပြုစေချင်ဘူးလေ။

ကျုပ်သားက ရိုးသားတယ်။ စိတ်ထားကလည်း ဖြူစင်တယ်။ လူတွေကို သနားကြင်နာတတ်တဲ့နေရာမှလည်း နှစ်ယောက်မရှိဘူး။ အဲဒီလို ဖြူစင်ရိုးသားတဲ့ ကျုပ်သားကို ဘယ်မိန်းကလေးနဲ့မှကို သဘောမတူတာ။ မိန်းမလည်တွေနဲ့ တွေ့နယမှာစိုးတာလည်း ပါတာပေါ့လေ။

ကျုပ်တို့အိမ်အရှေ့ဘက်က ဗွီဒီယိုရုံရှိတယ်။ ညညဆို ဗွီဒီယိုရုံက သီချင်းသံတွေ၊ လူသံတွေနဲ့ ဆူညံလို့ပဲ။ ရွာထဲက ကာလသား၊ ကာလသမီးတွေဆို ဗွီဒီယိုရုံမစခင် ကျုပ်အိမ်ကို အလည်ဝင်ကြတာ။ ကျုပ်အိမ်ကလည်း ညဆို လူကိုမပြတ်ဘူး အမြဲစည်ကားလို့ရယ်။ အိမ်လာလည်တဲ့ သူတွေထဲမှာ အခုမောင်ထွေး မိန်းမဖြစ်လာမယ့် ကောင်မလေးကလည်း ပါတာပေါ့။ အစတုန်းကတော့ ကျုပ်မှာ မသိပေါင်။ ကျုပ်သားကို သူ ကြိုက်နေမှန်းလည်း မသိပေါင်တော်။ သူကတော့ ကျုပ်အိမ်လာလည်တိုင်း ကျုပ်အတွက် သူ့အိမ်က ထည့်ထည့်လာတဲ့ အစားအသောက် တစ်ခု မဟုတ် တစ်ခု ပါလာတယ်။ “အမေမှဲ့ အမေမှဲ့” နဲ့ နေတာပဲ။

နောက်တော့ သူ ကျုပ်သားကို ကြိုက်နေတယ်ဆိုတာ တစ်ခြားသူတွေဆီကနေ ကျုပ်ကြားရတော့ သူလည်း ကျုပ်ကို မျက်နှာချင်း မဆိုင်ရဲတော့ဘူး။ ကျုပ်က စကားပြောရင် နူးနူးညံ့ညံ့ ပြောတတ်သူမှ မဟုတ်ဘဲကိုး။

***************************

ကျုပ်တို့ရွာ လျှပ်စစ်မီးတွေ မရှိခင်တုန်းကတော့ ဗွီဒီယိုရုံတွေကပဲ တစ်လကို ဘယ်လောက်ဆိုပြီး အခကြေးငွေနဲ့ ပေးတဲ့မီးပဲ ရှိခဲ့တာ။ ည ၇ နာရီဆိုရင် ဗွီဒီယိုရုံက မီးစက်နှိုးပြီ။ ဒါဆိုရင် ကျုပ်တို့ အိမ်တွေလည်း မီးလင်းပြီပေါ့။ ဗွီဒီယို ပြီးရင်တော့ မီးက မှိတ်ပြီလေ။ ထားတော့။

တစ်ည။ ကျုပ်တို့တွေ အိမ်ပေါ်မှာ လူစုံစုံ စကားကောင်းနေတုန်း ကျုပ် ခြေဖဝါးကို အောက်ကနေ တစ်ခုခု ထိလာသလို ခံစားရတယ်။ ပထမတော့ နေရာ ရွှေ့ပြီး နေလိုက်တယ်။ နောက်တစ်ခါလည်း ကျုပ်ခြေဖဝါးကို အောက်ကနေ တုတ်နဲ့ ထိုးခံရလို ခံစားမိပြန်ရော။ ရော် ခက်ပြီ။ ဘာပါလိမ့်ပေါ့။ ဒါနဲ့ ကြမ်းပေါက်ကနေ အောက်ကို ငုံ့ကြည့်လိုက်တော့ အောက်မှာ မှောင်မည်းနေတော့ ဘာမှမမြင်ရဘူး။ မီးကလည်း အိမ်ပေါ်မှာပဲ ချိတ်ထားတာဆိုတော့ အပေါ်မှာ တအားလင်းပြီး အောက်မှာက မှောင်‌မည်းနေတာလေ။ ဒါနဲ့ ကျုပ်က

“ဟဲ့ အောက်ကနေ ငါ့ကိုခြေဖဝါးကို တုတ်နဲ့ ထိုးပြီး ဘယ်သူ စနေသလဲ မသိဘူး။ ငါ့မြေး ငပေါက် အောက်ဆင်းကြည့်စမ်း” လို့ ကျုပ်မြေးကိုပြောလိုက်တယ်ဆိုရင်ပဲ

“နေနေ ငါ့တူ ဦးထွေး သွားကြည့်လိုက်မယ်” ဆိုပြီး ကပျာကယာထပြီး အောက်ဆင်းသွားတာက မောင်ထွေးလေ။

အစတုန်းကတော့ ကျုပ်မှာ ဘယ်သိမတုံး။ တစ်ခြားသူတွေ ပြောပြချက်အရတော့ ကျုပ်သားက အဲဒီကောင်မလေးကို မကြိုက်ဘူးတဲ့။ နောက်ပိုင်းမှာ ကောင်မလေးဘက်က တအားကြီး ကပ်လွန်း၊ အခုလို အိမ်အောက်ကနေ တုတ်နဲ့ ထိုးထိုးပြီး ခေါ်ခေါ်နေတာကို ကျုပ်သိသွားရင် မလွယ်ဘူးဆိုပြီး သွားသွားတွေ့ရာက သနားသွားမိပုံ ရတယ်ဆိုပဲ။

နောက်ပိုင်း ကျုပ်သိသွားပြီး အော်ဟစ်သောင်းကျန်းရာက ကောင်မလေးက အထုပ်ပိုက်ပြီး ကျုပ်အိမ်ကို ရောက်လာပါရော။

“အမေမှဲ့ ကျုပ်ကတော့ မောင်ထွေးမှ မရရင် အိမ်မပြန်ဘူးတော်” ဆိုပြီး ပြောင်ပြောင်တင်းတင်းနဲ့ကို ပြောလာတော့တာပဲတော်ရေ့။

ကျုပ်လည်း ကောင်မလေးမိဘတွေနဲ့က ဆွေမျိုးမကင်းတာကတစ်ကြောင်း၊ ငါ့သားလေးကို ချစ်ရှာတာပါလေဆိုပြီး သားသမီးချင်း ကိုယ်ချင်းစာမိတာကလည်း တစ်ကြောင်းကြောင့် သူတို့နှစ်ယောက်ကို ပေးစားလိုက်ရတော့တာပါပဲတော်။

***************************

အဲဒီကောင်မလေး မိဘတွေကလည်း ဆုံးသွားကြပြီ။ အခုတော့ အဲဒီအိမ်ကြီးထဲမှာ အဲဒီကောင်မလေး တစ်ယောက်တည်း။ ကျုပ်အိမ်ကို လာနေပါလို့ ကျုပ်က ခေါ်ပါတယ်။ ဒါပေမယ့် သူ့အိမ်မှာပဲ သူ နေမယ်တဲ့။ သူက နေ့တိုင်းနီးပါးတော့ အိမ်ကို ရောက်ရောက်လာပါတယ်။ ကျုပ်သားကလည်း သူ့ကို ပြောတယ်။

“ငါက ငါ့အမေအိုကြီးကို ပစ်ထားပြီး နင်နဲ့တော့ လိုက်မနေနိုင်ဘူး။ ငါ့မှာ ဒီအမေတစ်ယောက်ပဲ ရှိတော့တာ။ နင် တစ်ယောက်တည်းအဆင်မပြေရင် ငါ့အိမ်မှာ လာနေ” လို့ ပြောတာ။ အဲဒီကောင်မလေးက

“ငါ နင့်ကို နေ့တိုင်းပဲ လာတွေ့ပါ့မယ်။ ငါ့အိမ်ကိုလည်း ပစ်မထားနိုင်ဘူး” တဲ့လေ။

ကလေးတွေရဲ့အဖေ ကျုပ်အဖိုးကြီးကလည်း ဆုံးသွားတာ နှစ်တွေ အတော်ကြာပြီကိုး။ ကလေးတွေရဲ့ အဖေကလည်း လူရိုး လူဖြောင့်။ သဘောကတော့ အင်မတန် ကောင်းတဲ့သူပေါ့။ အခု မောင်ထွေးက သူ့အဖေနဲ့ တူတာ။ စိတ်ဓါတ်ရော၊ ရုပ်ရော။ တစ်ခါ တစ်ခါ သွားလေသူ ကျုပ်အဖိုးကြီးကို လွမ်းမိတယ်။ ဒါပေမယ့်လည်း ကျုပ်မှာ အထီးမကျန်ရပါဘူး။ ကျုပ်အနားမှာ ကျုပ်သား နို့ညှာ မောင်ထွေး တစ်ယောက်လုံး ရှိသားပဲလေ။

ဒီကောင်က ကျုပ်သာ လူ့လောကမှာ မရှိတော့ရင် ရာသက်ပန် သင်္ကန်းဝတ်တော့မှာတဲ့။ ကျုပ်ရှိနေသေးလို့သာ တဲ့လေ။ ဟိုနေ့က သူ့အစ်မတွေနဲ့ စကားပြောနေတာ ကျုပ် ကြားတာပေါ့။ ကျုပ်က မျက်လုံးသာ မမြင်တာ။ နားက ပါးတယ်။

ကျုပ်သား နို့ညှာလေးအတွက်တော့ ကျုပ် စိတ်ချရပြီ။ သူ့အတွက်တော့ နောက်ဆံတင်းစရာကို မလိုတော့တာ။ ဒီဘဝအတွက်တင် မကဘူး။ နောက်ဘဝအတွက်ပါ သူ့အတွက် ကျုပ် စိတ်ချရပြီ။ သေချာတယ်။ ကျုပ်သား နို့ညှာလေးဟာ ဒီဘဝမက နောင်ဘဝမှာပါ ကောင်းစားဦးမယ့် ကလေးဆိုတာ ကျုပ် အတတ်ပြောနိုင်တယ်။

**************************

“ကဲ တို့အမေရေ ဘာတွေးများ တွေးလို့ ကောင်းနေတာတုန်း။ ဒီမှာ ကျွန်တော် ထေါ်နေတာ ကြာနေပြီပေါ့။ ရေခပ်လာပြီ။ အမေ့ကို ရေချိုးပေးတော့မယ်။ ကျွန်တော် အိမ်သာတက်နေလို့ နည်းနည်းကြာသွားတယ်။ ကျွန်တော် ကြာသွားလို့ ကျွန်တော့်ကို ဘယ်လို ဆူမလဲဆိုတာ စဉ်းစားနေတာ မဟုတ်လား ဟီး”

ကျုပ်လေ ကျုပ်။ ကျုပ်မျက်လုံးလေး တစ်ခဏလောက်လေးပဲ ဖြစ်ဖြစ် ပြန်မြင်ချင်လိုက်တာ။ အခုလောလောဆယ် ငါးစက္ကန့်လောက်ပဲ ဖြစ်ဖြစ်ပေါ့။ ကျုပ်သားလေး မောင်ထွေးရဲ့ အခု အပြုံးလေးကို ကျုပ် ခဏလေးဖြစ်ဖြစ် မြင်ချင်မိလို့ပါ။

ကျုပ်မသေခင်လေးတော့ ကျုပ်သား နို့ညှာလေး မောင်ထွေးကို ကျုပ် မြင်သွားခဲ့ချင်သေးလို့ပါ။

“ငါ့သားလေး မောင်ထွေး ကျန်းမာ ချမ်းသာ ပါစေတော်။ ဘုန်းကြီးလို့ သက်ရှည်ပါစေ။ အသံကြားသနားပါစေ။ မျက်နှာမြင် ချစ်ခင်ပါစေ။ မိဘကျေးဇူးကို သိတတ်တဲ့ ငါ့သားလေး အမေက ဆုမပေးတောင် ကောင်းခြင်းတွေအားလုံးက ငါ့သားအတွက် ပြည့်လို့နေမှာပါ”

ကျုပ် စိတ်ထဲကနေပဲ ကျုပ်သားကို ပေးနေကျ ဆုတွေပေါ့။
တစ်ချို့တွေက ကျုပ်ကို ပြောကြတယ်။

“ဒေါ်မှဲ့က အိုကံကောင်းလိုက်တာ။ သားသမီးကံလည်း ကောင်းလိုက်တာ။ အားကျတယ် တစ်ကယ်ပါ” တဲ့။ အဲဒီလို စကားသံတွေ ကြားရတဲ့အခါတိုင်း တစ်ကမ္ကာလုံးမှာ ကျုပ်လောက် ကျေနပ်ပြီး ပီတိဖြစ်ရတဲ့သူတောင် မရှိလောက်တော့ဘူးလို့ ထင််မိတာ။

“နင့်ကို ငါဆဲမလို့ စဉ်းစားနေတာ။ ဘယ်လိုဆဲရမှန်းတောင်မသိတော့ဘူး။ မယားဆီပဲ သွားနေသလားလို့ဟေ့။ ငါ ရေချိုးဖို့အချိန်တောင် နောက်ကျနေပြီဟဲ့”

ရုတ်တရက် ကျုပ်အပွေ့ချီ ခံလိုက်ရပြီး ကျုပ်ချိုးနေကျ ရေဇလုံကြီးထဲ ရောက်သွားတယ်။ ကျုပ်မှာရှိတဲ့ အပြုံးတွေအားကုန်ပြုံးပြီး ကျုပ် ရေချိုးခြင်းကို စလိုက်တယ်။ မောင်ထွေးက ကျုပ်ကို ရေလောင်းပေးပြီး ဆပ်ပြာတွေတောင် တိုက်ပေးနေပြီ။ ရေချိုးပြီးရင်တော့ ကျုပ်သား အဆင်သင့်သွေးထားတဲ့ သနပ်ခါး မွှေးမွှေးအေးအေးလေးက ကျုပ်မျက်နှာပေါ်ကို ရောက်လာတော့မယ်။ ကျုပ်သား နို့ညှာကောင်ရဲ့ လက်ဖဝါးကြမ်းကြမ်းလေးတွေနဲ့ပေါ့…။ ။

ပြီးပါပြီ။

အင်္ဂလိပ်စာလုံးနဲ့ ရေးထားတဲ့စာက တမင်ရေးထားတာပါရှင်။ အတည့်ရေးလိုက်ရင် Fb team က ပယ်လိုက်မှာ စိုးလို့ပါ။ နားလည်ပေးကြပါနော်။

အစအဆုံးဖတ်ရှုပေးကြတဲ့သူ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရပါတယ်ရှင်။

မွေခံထိုက်သူများ ဖြစ်ကြပါစေရှင်။

#ခိုင်ခိုင်တက်တိုး