ကိုပိုက်
နောက်ဆုံးသင်ခန်းစာ
တောလမ်းခရီးတစ်လျှောက်လုံးတွင် စိန်မောင်သည် ဖိုးစန်းကြည်အား အားမနာတမ်း ဆူပူကြိမ်းမောင်း နေခြင်းကို ကျွန်တော်တို့နှစ်ယောက်သည် မသိကျိုးကျွံ ပြုလာခဲ့ကြသည်။ ပညာတတ်တစ်ယောက်၏ ညာဉ်ပဲလား၊ သို့မဟုတ် သူ၏ ဝသီပဲလားတော့ မသိ။ သူသိ သူတတ်သည်ချည်းသာ ဖြစ်၏။
သည်ခရီးလမ်းကို သူပါလာရခြင်းသည် လင်းမြင့်လှိုင်နှင့် ပတ်သက်နေခြင်းကြောင့် ဖြစ်သည်။
လင်းမြင့်လှိုင်နှင့် သူသည် တက္ကသိုလ်တုန်းက ကျောင်းနေဖက်များ ဖြစ်ကြသည်။ အရာရှိကြီးတစ်ယောက်မှ ပေါက်ဖွားလာပြီး အရာရှိငယ်တစ်ယောက်ဖြစ်သောကြောင့် လောကကြီးအကြောင်း၊ လူတွေအကြောင်း ဘာမှ မသိသေးသူ တစ်ယောက်ပါလားဟု ကျွန်တော် မှတ်ချက်ချလိုက်မိသည်။
သူသည် မြင်မြင်သမျှ လူအားလုံးကို အထင်သေးသော မျက်လုံးများဖြင့် ကြည့်တတ်၏။ သူတစ်ပါးကို နှိမ့်ချလိုသည်။ တင်စီးလိုသည်။ သူ့ကိုယ်သူ အထင်ကြီးကာ ဘဝင်မြင့်နေသူတစ်ဦး ဖြစ်ပေသည်။
လမ်းတစ်လျှောက် ဖိုးစန်းကြည်ကို အမျိုးမျိုးပြစ်တင်ဝေဖန် ဩဇာပေးနေတတ်သည်။
တကယ်တော့ ဖိုးစန်းကြည်သည် တောကျွမ်းသော အမဲလိုက်တော်သော မုဆိုးကောင်းတစ်ယောက်ဖြစ်သည်။
ကျွန်တော်တို့ အမဲလိုက်ထွက်လျှင် သူ့ကို အပါခေါ်ရခြင်းကြောင့် တောကောင်မရဘဲ ပြန်လာခဲ့ရသော ခရီးဟူ၍ မရှိသလောက်ပင် ဖြစ်၏။
စိန်မောင်သည် လင်းမြင့်လှိုင်နှင့် ပတ်သက်နေခြင်းကြောင့် ကျွန်တော်သည်ပင် သည်းညည်းခံနေရသည့်အပြင် ဖိုးစန်းကြည်ကိုလည်း သဘောပေါက်နားလည်အောင် ပြောပြထားရသည်။ နို့မဟုတ်လျှင် မလွယ်။
ဖိုးစန်းကြည်သည် လူအေး။ လူရိုးလူဖြောင့် တစ်ယောက် ဖြစ်သော်လည်း လူငယ်တစ်ယောက် ဖြစ်သောကြောင့် ကြာရှည်သည်းညည်းမခံနိုင်ဘဲ တစ်ချိန်ချိန်တွင် ပြဿနာဖြစ်သွားနိုင်သောကြောင့် ကျွန်တော်သည် လမ်းတစ်လျှောက်လုံး ထိန်းထိန်းသိမ်းသိမ်း လုပ်နေရသည်။
“ကောင်လေးရာ … သည်းညည်းခံလိုက်စမ်းပါ။ ကိုလင်းနဲ့ ပတ်သက်နေတယ် မဟုတ်လား”
“ဒါကြောင့်ပေါ့ ဆရာရယ်၊ နို့မဟုတ်ရင် ဒီလူ ကျုပ်လက်သီးနဲ့ စောစောပိုင်းကတည်းက မိတ်ဖွဲ့ဖြစ်သွားပြီပေါ့”
တကယ်တော့ လင်းမြင့်လှိုင်သည် အရာရှိငယ်တစ်ဦးဖြစ်သော်လည်း သူ့ကဲ့သို့ မာန်မာန မရှိ။ လူတိုင်းအပေါ် နားလည်သူတစ်ယောက် ဖြစ်၏။ ဘာပြောပြော လင်းမြင့်လှိုင်သည် စိန်မောင်ထက် အစစအရာရာ သာသူဖြစ်သည်။
အရာရှိညာဉ် မရှိ။ ပညာတတ်ညာဉ် မရှိ။ မိမိကိုယ်ကို မိမိ နှိမ့်ချစွာ နေထိုင်တတ်သူ ဖြစ်သည်။ ဝါကြွားခြင်းမရှိ၊ လူချစ်လူခင် ပေါသူဖြစ်သည်။
စိန်မောင်ကို ကြည့်၍ သုံးသပ်ရမည်ဆိုပါလျှင် ထိုသူသည် သူ၏ လက်အောက်ငယ်သား အမှုထမ်းများအပေါ် မည်ကဲ့သို့ မောက်မာ၍ နိုင့်ထက်စီးနင်း လုပ်လေမည် မသိ။
ယခုကြည့်. . .။
သူ့လက်အောက်ဝန်ထမ်းမဟုတ်သည့် ဖိုးစန်းကြည်အပေါ်တွင် မောက်မာစွာ ဆက်ဆံတတ်သည့်အပြင် အထင်သေးဟန်ဖြင့် နှိမ့်ချတတ်သည်။
“ဟကောင်ရ. . . မင်းဝတ်ထားတဲ့ စပို့ရှပ်က တယ်ကောင်းပါလား။ ဘယ်သူပေးတာလဲ။ မင်းအနေနဲ့ ဝယ်ဝတ်နိုင်လိမ့်မယ် မထင်ဘူး။ ငါ့မှာလဲပဲ ဒါမျိုးတစ်ထည် ရှိတယ်။ မင်းမှာလဲ ရှိနေတယ်ဆိုတော့ ငါ ဝတ်လို့ ဘယ်ဖြစ်တော့မလဲ”
ဆိုကာ သူ့အင်္ကျီကို ယူ၍ ချောင်းထဲသို့ လွှင့်ပစ်လိုက် လေသည်။
သူလို အရာရှိတစ်ယောက်က ဘာမှမဟုတ်သည့် အညတြလူတစ်ယောက်နှင့် အင်္ကျီဆင်တူ မဝတ်လိုသည့်သဘောပင် ဖြစ်သည်။
လာလမ်းတစ်လျှောက်လုံးတွင်လည်း ကိုယ်ရည်သွေးစကားတို့ကိုသာ တတွတ်တွတ် ထပ်တလဲလဲ ပြောလာသည်။
တောင်ဥက္ကလာပ သေနတ်ပစ်ကွင်းတွင်လည်း အမြဲသွားရောက် လေ့ကျင့်ပစ်ခတ်တတ်ကြောင်း၊ စာရေးဆရာကြီး ဆာရိုက်ဒါဟတ်ဂတ်၏ အလန်ကွာတာမိန်း ဝတ္ထုများကိုသာ သူ နှစ်သက်ကြောင်း၊ တစ်အုပ်မကျန် သူ့တွင် ဝယ်ထားတာရှိကြောင်း၊ နိုင်ငံခြားမှလာသော အခြား အမဲလိုက်ဝတ္ထုများဆိုပါလျှင်လည်း မပြတ်တမ်း လေ့လာဖတ်ရှုတတ်ကြောင်း။
သည်တော့ ကျွန်တော်က ဆရာဗိုလ်တာရာတို့၊ ဆရာခင်မောင်အေး (မန္တလေး)တို့၊ ဆရာမြဝဇီတို့၊ ဆရာဖိုးကျော့တို့၏ တောဝတ္ထုများကိုလည်း ဗဟုသုတအနေဖြင့် ဖတ်ရှုသင့်ကြောင်း ဆွေးနွေးသည့်အခါတွင် သူက …
“ကမ္ဘာ့စာပေတွေ ကျွန်တော့်မှာ အစုံရှိနေတာပဲ၊ မလိုအပ်ပါဘူးဗျာ။ ဘာပြောပြော သူတို့စာပေတွေ ဆိုတာကလဲ ကမ္ဘာ့စာပေတွေကို မှီငြမ်းထားတာတွေပဲ ဖြစ်မှာပေါ့”
ဆိုပြီး စော်ကားမော်ကား ပြောလာကြသဖြင့် သူ့အပေါ် အတော်ကလေး ချဉ်သွားမိလေသည်။ ထို့ကြောင့် သည့်နောက်ပိုင်း သူ့ကို စကားမပြောဖြစ်ကြတော့ချေ။
မြန်မာ့တောတောင်အနေအထားနှင့် တောကောင်တို့၏ဓလေ့စရိုက်များအကြောင်းကို သူ မသိ။
သည်လမ်းခရီးမှာတော့ သူ သင်ခန်းစာတွေ ရလိုက်ပေသည်။
ကြည့်… ဝက်သိုက်ဆိုတာကို သူ မသိချေ။ သူ့ကို မည်သူကမျှလည်း အန္တရာယ်ရှိကြောင်း အသိမပေး။
သို့ကြောင့် ဝက်သိုက်ကို ဖြတ်ကျော်မိသဖြင့် မွှားကောင်ငယ်လေးများ၏ ဒုက္ခပေးခြင်းကို ခံသွားရရှာလေသည်။
ဝက်သိုက်ဆိုသည်မှာလည်း တောဝက်တို့၏ ဝပ်ကျင်း (သားပေါက်သွားသော နေရာဖြစ်သည်။) ဝက်သိုက်ပျက်ဟု ဆိုရပေမည်။ ၎င်း ဝက်သိုက်တွင် မွှားကောင်ကလေးများ ရှိကြသည်။ ထိုမွှားကောင်ကလေးများသည် လူ့အသားအတွင်း ခေါင်းမြုပ်သွားအောင် ကိုက်တတ်သည်။ ထိုအကောင် အကိုက်ခံရလျှင် လွန်စွာမှ ယားယံလာသည်။ ထိုခေါင်းပြတ်လေးများသည် ပြည်တည်ပြီးမှ ထွက်တတ်ပေသည်။
မှတ်ကရော. . .။
ခရီးဆက်လာကြရင်း ရေငတ်သည် ဟုဆိုပြီး စိန်မောင်သည် ကျောက်ရေအိုင်လေးတစ်ခုတွင်းမှ ရေကို ကြည်သည်ဟုဆိုကာ ဒူးထောက်ချလိုက်ပြီး လက်ခုပ်ဖြင့်ခပ်၍ သောက်မည် ကြံနေသဖြင့် ဖိုးစန်းကြည်သည် ကမန်းကတန်း …
“မသောက်နဲ့ဦး ဆရာ၊ အဲဒီရေကို မသောက်နဲ့။ တွေ့လား … ရေအိုင်ထဲမှာ ဖက်ရွက်ပုပ်တွေ ရှိတယ်။ ရေကြည်ပေမယ့် မသန့်ဘူး၊ ငှက်ဖျားပိုးတွေ ရှိနိုင်တယ်။ လာ … ဟိုမယ် ရေစီးနေတဲ့ ရေကြည်လေးက အိုင်ထဲမှာရှိတဲ့ ရေကြည်လေးထက် အများကြီးသန့်တယ်ဆိုတာ ဆရာဖတ်ဖူးတဲ့ ကမ္ဘာ့စာပေတွေထဲမယ် မပါပေမယ့် ကျွန်တော့်လို အညတြမုဆိုးလေးရဲ့ အသိဉာဏ်ထဲမှာတော့ ရှိပါသေးတယ် ဆရာရယ်”
ဖိုးစန်းကြည်၏ ရိသဲ့သဲ့စကားကြောင့် ထို့နောက်ပိုင်းတွင် စိန်မောင်သည် ဖိုးစန်းကြည်၏အမှား အပြစ်အနာအဆာတို့ကို ရှာလေတော့၏။
ဖိုးစန်းကြည်သည် ရှေ့မှသွားကာ ဓားတစ်ချောင်းဖြင့် ချုံနွယ်တို့ကိုရှင်းရင်း သစ်ပင်ကြီးငယ်တို့ကို ခုတ်နေသောကြောင့် စိန်မောင်သည် သူ့အတွက် ပြောစရာတွေ့ပြီဆိုကာ ဆရာကြီးလေသံဖြင့် …
“ဟိတ်ကောင်. . . မင်းက ဘာလို့ သစ်ပင်တွေကို သက်သက်မဲ့ ဓားနဲ့ လျှောက်ခုတ်နေတာတုံး။ သစ်ပင်တွေ နာတယ်၊ ပျက်စီးတယ်။ သစ်ပင်တစ်ပင်ရဲ့ တန်ဖိုးကို ဘာမှ မသိတဲ့ကောင်ပဲ”
ဟုဆိုကာ အငြိုးကြီးကြီး ကြိမ်းတော့၏။ သည်တော့ ဖိုးစန်းကြည်က ..
“အို. . . ဆရာက ဘာသိလို့လဲ။ ခု ကျွန်တော်တို့က စာရေးဆရာကြီး ဆာရိုက်ဒါဟတ်ဂတ်ရဲ့ဇာတ်ကောင် အလန်ကွာတာမိန်း မဟုတ်ဘူးဗျ။ သူက တောထဲမယ် လမ်းမှားသွားခဲ့ရင် သူ့စာရေးဆရာကြီးက လာလမ်းမှန်ကို ဖြစ်တဲ့နည်းနဲ့ ပြန်ပို့ပေးနိုင်ပေမယ့် ကျွန်တော်တို့ လမ်းမှားရင် ဘယ်သူမှ လမ်းမှန်ကို ပြန်ရောက်အောင် လုပ်ပေးနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ကိုယ့်အသိဉာဏ်၊ ကိုယ့်အမှတ်အသားနဲ့ မှတ်ရတာပေါ့”
“ဟား … ဟား … ဟား … မင်းကတော့ ပြောရော့မယ်”
လင်းမြင့်လှိုင်သည် ဖိုးစန်းကြည်ကို ချီးမွမ်းလိုက်ရင်း စိန်မောင်ဘက်သို့ လှည့်ကာ …
“ဟုတ်တယ် သူငယ်ချင်း၊ တောထဲသွားရင်း ကိုယ့်အမှတ်အသားနဲ့ ကိုယ် လမ်းမှတ်သွားရတယ်ကွ။ ဒါမှ လမ်းမမှားနိုင်တော့မှာပေါ့။ တောတောင်ထဲရောက်ရင် လက်အငြိမ်မနေတာ အကောင်းဆုံးပဲ”
လင်းမြင့်လှိုင်၏ ထပ်ကွန့်စကားကြောင့် စိန်မောင်သည် အောင့်သက်သက်ဖြင့် ရှေ့သို့ ဆက်လျှောက်သွားလေတော့သည်။
လျှောက်ခဲ့သော လမ်းတစ်လျှောက်တွင် ဖိုးစန်းကြည်၏ အစွမ်းဖြင့် ချေ (ဂျီ) ပေါက် တစ်ကောင်နှင့် တောကြောင်တစ်ကောင် ရခဲ့ပြီး ဖြစ်သောကြောင့် တောင်ဥက္ကလာပ သေနတ်ပစ်ကွင်း၌ အမြဲတမ်း လေ့ကျင့်မှု မပြတ်ခဲ့သည့် စိန်မောင်တစ်ယောက် မခံချိမခံသာဖြစ်ကာ ကျေနပ်ဟန် မပြဘဲ မဖြစ် ဖြစ်သည့်နည်းဖြင့် သားကောင်တစ်ကောင်ကို ပစ်ခတ်နိုင်ရန် စဉ်းစားကြံစည်နေတော့၏။
“ဒီမှာကြည့်စမ်း … စန်းကြည်လို အကောင်မျိုးထင်တယ်။ လမ်းမှတ်တာကလည်း တစ်ပင်လုံး ပျက်စီးအောင် မွကျဲနေတာပဲ။ တော်သင့်ရုံ မှတ်ရင်လဲ ရသားနဲ့”
ရှေ့မှ ဦးဆောင်သွားနေရာမှ ကျွန်တော်တို့ဘက် လှည့်၍ ဖိုးစန်းကြည်ကို ချိုးချိုးနှိမ်နှိမ် ပြောလိုဇောဖြင့် ပေါက်စိန်ဖြင့် မွှန်းထားသကဲ့သို့ ပင်စည်တွင် မွရာကျဲနေသည့် လုံးပတ်ခြောက်ပေခန့်ရှိ ကျွန်းပင်ကို မေးငေါ့ပြလေသည်။
ထိုအခါ ဖိုးစန်းကြည်သည် ဟက်ဟက်ပက်ပက် ရယ် မောရင်း …
“ဟား… ဟား… ဟီး… ဟီး၊ ဆရာကလဲ ပြောရော့မယ်ဗျာ။ အဲဒါ ဓားနဲ့ခုတ်ထစ်ပြီး အမှတ်အသားလုပ်သွားတာ မဟုတ်ဘူး။ ဝက်ဝံ ကုတ်ဖဲ့ ကိုက်ဖြတ်သွားတာဗျ။ ဟား… ဟား… ဟား”
ပြောပြောဆိုဆို ရယ်မောရင်း ထိုကျွန်းပင်အနားသို့ သွားကာ လက်ဖြင့်ပုတ်ပြရင်း . . .
“သည်အပင်မယ် သစ်ခေါင်းပျား စွဲနေလို့ ဝက်ဝံ ကိုက်ဖဲ့ခွာပြီး ပျားအုံကို ထုတ်ယူစားသွားတာဗျ”
ဖိုးစန်းကြည်၏ စကားကြောင့် စိန်မောင်သည် ဘာမှ ပြန်မပြောသာတော့ဘဲ ရှက်ရှက်ဖြင့် ရှေ့ဆက်လျှောက်သွားသည်ကိုကြည့်ရင်း ကျွန်တော်နှင့် လင်းမြင့်လှိုင်သည် အဓိပ္ပာယ်ပါပါ ပြုံးလိုက်မိသည်။
ရှေ့တစ်ဖာလုံလောက် အရောက်တွင် ဗွက်ထနေသည့် ရေအိုင်တစ်ခုကို တွေ့လိုက်ကြသည်။ ထိုအိုင်မှ ရေများ နောက်နေသည်ကို ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့သည် ဒီနေရာ ရောက်မလာမီ အချိန်လေးတွင် တိရစ္ဆာန်တစ်ကောင်ကောင် ရေသောက်ဆင်းသွားကြောင်း သိရလေသည်။ မည်သည့်သတ္တဝါမှန်း သိရန်အတွက် ရေအိုင်ဝန်းကျင်ရှိ ခြေရာများကို စမ်းကြည့်လိုက်ကြသည်။
ဟင်းကောင် (ကျား)ခြေရာ၊ ချေ (ဂျီ) ခြေရာနှင့် တောဝက်ခြေရာတို့ကို တွေ့ရ၏။
ကျွန်တော်တို့ ရှေ့လေးတွင် လာသွားသော တိရစ္ဆာန်မှာ ကျားနှင့် ဂျီ (ချေ) မဟုတ်။ သေသေချာချာ ကြည့်လိုက်တော့ တောဝက်ပင် ဖြစ်ပေသည်။ အဘယ့်ကြောင့်ဆိုသော် ကျားနှင့် ဂျီ (ချေ) ခြေရာများမှာ ဟောင်းနွမ်းနေပြီး တောဝက်၏ခြေရာမှ လတ်ဆတ်နေသောကြောင့် ဖြစ်သည်။
ခြေရာသစ်နှင့် ခြေရာဟောင်း ခွဲခြားနိုင်သည်မှာ ခြေရာများပေါ်ရှိ ဖက်ရွက်များကို ကြည့်၍ ပြောခြင်းဖြစ်၏။ လဲနေသော မြက်ပင်ငယ်လေးများကို ကြည့်၍ ဆုံးဖြတ်နိုင်သေးသည်။
နင်းခြေသွားသော မြက်ပင်ငယ်လေးများနှင့် ရွက်ကြွေကလေးများ၏ ပုံသဏ္ဌာန်ကို ကြည့်ခြင်းအားဖြင့် သိနိုင်ပေသည်။
ယခုကြည့် …။
လတ်ဆတ်သော သစ်ရွက်နှင့် မြက်ပင်တို့သည် တောဝက်ခြေရာအောက်တွင် ပိပြားနေကြသည်ကို တွေ့ရသည်။ ထို့ကြောင့် ကျွန်တော်တို့သည် ထိုဝက်ခြေရာ လတ်လတ်ဆတ်ဆတ်နောက်သို့ ခြေရာခံ လိုက်ကြတော့၏။
သည်ကောင်ကြီး ဒီနားတစ်ဝိုက်တွင်သာ ရှိပေလိမ့်မည်။
“ခြေရာ ကြည့်ရတာ ဒီကောင်ကြီး ဟိုဘက်တကြောမှာ ရှိဖို့များတယ်။ ကဲ… လာ… သည်တောင်ကြောကို ဖြတ်တက်ပြီး တစ်ဖက်ကို ဆင်းကြမယ်။ အဲဒီဘက်မှာရှိဖို့ သေချာတယ်”
လင်းမြင့်လှိုင်သည် ပြောပြောဆိုဆို မတ်စောက်စောက် တောင်ကြောပေါ်သို့ ရေစီးမြောင်းကလေးမှ ဖက်တွယ်တက်သွားတော့၏။ သူ့နောက်မှ ကျွန်တော်၊ ပြီးတော့ စိန်မောင်၊ နောက်ဆုံးက ဖိုးစန်း ကြည်။
တောင်ကြောကလေးက အတော်တော့မြင့်သားကလား။ ကျွန်တော်သည် တောင်ကြောပေါ်သို့ ရောက်သည့်အခါတွင် လင်းမြင့်လှိုင် ရပ်နေသည့် နံဘေးတွင် ယှဉ်တွဲရပ်လိုက်ပြီး သူ လှမ်းကြည့်နေသည့် မြေပြန့်သို့ ကြည့်နေမိသည်။
ထိုစဉ်…
“ဝရော… ဝုန်း… ဝုန်း… ဗြုန်း”
ဟူသော အသံကို ကြားရ၏။
ကျွန်တော်ကော လင်းမြင့်လှိုင်ပါ တက်လာခဲ့ကြသည့် ရေစီးမြောင်းကလေးသို့ ပြေး၍ ကြည့်လိုက်ကြသည်။
“ ဟာ… ဒုက္ခပါပဲ”
“သစ်ပင်ကြီးဘေး ကပ်နေ … ကပ်နေ”
ကျွန်တော်သည် အသံကုန်ဟစ်၍ အော်ကာသတိပေးလိုက်သည်။
မြင်လိုက်ရသည့် မြင်ကွင်းသည် ရင်ထိတ်စရာပင် ဖြစ်တော့သည်။
ကုန်းကုန်းကွကွဖြင့် ဖက်တွယ်တက်လာသည့် ဖိုးစန်းကြည်ထံသို့ ကြီးမားသော ကျောက်တုံးကြီးတစ်လုံးသည် အရှိန်ပြင်းစွာဖြင့် လိမ့်ဆင်းသွားနေလေသည်။
တောင်ကြောထိပ်သို့ ရောက်လုပြီဖြစ်သည့် စိန်မောင်မှာတော့ အေးအေးဆေးဆေးပင် ဖြစ်သည်။ သူ ဘာမှ မသိသလို မစိုးရိမ်သလို။
ဖိုးစန်းကြည်အတွက် ကံကောင်းသည်မှာ သူရောက်နေသည့် နေရာတွင် သစ်ပင်ကြီးတစ်ပင် ရှိနေခြင်းကြောင့်ပင် ဖြစ်တော့သည်။
ကျွန်တော်၏ သတိပေးသံကြောင့် သူသည် ၎င်းသစ်ပင်ကြီး၏ အနောက်သို့ ဖက်တွယ်၍ ကပ်လိုက်သည်။
ထိုကျောက်တုံးကြီးသည် အရှိန်ပြင်းစွာ ၎င်းသစ်ပင်နံဘေးမှနေ၍ လိမ့်ဆင်းကျသွားတော့သည်။
“ဝုန်း… “
“ဟူး… တော်ပါသေးရဲ့”
ယင်းကိစ္စနှင့် ပတ်သက်၍ စိန်မောင်ကို ကျွန်တော် မသင်္ကာ ဖြစ်မိသည်။ ကျွန်တော် ဖက်တွယ်တက်လာတုန်းက ထိုကျောက်တုံးကြီးနံဘေးမှ ကပ်တက်လာခဲ့ခြင်း ဖြစ်သည်။ ထိုကျောက်တုံးကြီးသည် တွန်းမချဘဲနှင့် အောက်သို့ လိမ့်ဆင်းသွားစရာအကြောင်း မရှိ။ ယခုတော့ စဉ်းစားရကျပ်သွားသည်။ မျက်မြင်ကိုယ်တွေ့ မဟုတ်တော့လည်း စွပ်စွဲရခက်သည် မဟုတ်ပါလား။
ကျွန်တော်တို့ လေးယောက်သား တောင်ကြောမကြီးပေါ်မှနေ၍ တစ်ဖက်မြေပြင်ပေါ်သို့ လှမ်းကြည့်နေကြစဉ် တောဝက်တစ်ကောင် ချုံတိုးကာ ပြေးထွက်သွားသည်ကို တွေ့လိုက်ကြသည်။ နည်းနည်းနောနောကောင်ကြီး မဟုတ်။
“ကဲ. . . ဒီကောင်ကြီးကို လိုက်ရင် ရနိုင်တယ်။ ဒီတစ်ဝိုက်မှာပဲ ရှိလိမ့်မယ်။ လူခွဲပြီး ဖြန့်လိုက်တာပေါ့”
ကျွန်တော်၏ စကားဆုံးသည်နှင့် စိန်မောင်သည် မြေပြန့်သို့ ဦးစွာ ဆင်းသွားလေတော့သည်။
“ဒီဝက်ကြီးကို သူ ရအောင် ပစ်ချင်နေပြီထင်တယ်ဗျ”
လင်းမြင့်လှိုင်က ကျွန်တော့်အနားကပ်၍ တိုးတိုးပြောလေသည်။
ကျွန်တော်သည် လင်းမြင့်လှိုင်၏ စကားကို အသိအမှတ်ပြုသည့်ဟန်ဖြင့် ပြုံးပြလိုက်ကာ သူ့နောက် ဆင်းလိုက်သွားသည်။
မြေပြန်သို့ ရောက်ကြ သည့်အခါ ထိုဝက်ကို မလွတ်တမ်း ပစ်နိုင်ရန်အတွက် လူဖြန့်၍ လိုက်ကြ သည်။
အစွန်ဆုံးက စိန်မောင်၊ သူ့ညာလက်က ဖိုးစန်းကြည်နှင့် ကျွန်တော့်ညာဘက်မှနေ၍ ပန်းတက်သူက လင်းမြင့်လှိုင်။
အားလုံးသည် ခြေသံလုံစွာဖြင့် တောတိုးနေကြသည်။ မည်သူက ထိုတောဝက်ကို စတွေ့ပြီး ပစ်နိုင်ကြမည် မသိ။
ဘာပြောပြော သတိတော့ထားရမည်။ တောဝက်ပစ်ရတာ လွယ်တာမှတ်လို့၊ အန္တရာယ်များပါဘိ။
ဟော, ရှေ့ကိုက်နှစ်ဆယ်လောက်က ချုံတိုးသံကြားရသဖြင့် ရပ်လိုက်ကာ နားစွင့်လိုက်သည်။
“ကွီ … ကွီ … ကွီ”
ဟုတ်ပြီ။ သည်ဘက်ကို လာနေပြီ။ တောဝက် အသံပဲ။
ရှေ့သို့ မမှိတ်မသုန် ကြည့်နေစဉ် ထိုတောဝက်သည် ကျွန်တော်၏ ဘယ်ဘက်သို့ ပန်းတက်သွားကာ စိန်မောင်နှင့် ဖိုးစန်းကြည်တို့ဘက်သို့ ဦးတည်သွားနေသဖြင့် ကျွန်တော်သည်လည်း နောက်မှ အသာလိုက်သွားမိသည်။
စိန်မောင်နှင့် ဖိုးစန်းကြည်တို့သည် တစ်ဦးနှင့်တစ်ဦး နှစ်လံလောက်အကွာတွင် ရပ်နေကြသည်။
သူတို့ရှေ့သို့ ငိုက်စိုက်ငိုက်စိုက်ဖြင့် တကွီကွီ အော်မြည်ကာ လာနေသည့် တောဝက်ကို ချက်ကောင်းကို ပစ်ရန်အတွက် ချောင်းနေကြပေသည်။
စိန်မောင်သည် ဖိုးစန်းကြည်ကို တစ်ချက်စောင်းငဲ့ကြည့်လိုက်ပြီး သူ့အရင် ပတ်ခတ်နိုင်ရန်အတွက် ရှေ့သို့ လှမ်းထွက်လိုက်ကာ မုဆိုးဒူးထောက် ထိုင်ချလိုက်သည်။
ဖိုးစန်းကြည်သည် သူ့လုပ်ရပ်ကို မျက်မှောင်ကုပ်၍ စိုက်ကြည့်နေလေသည်။
စိန်မောင်၏ လှုပ်ရှားမှုကြောင့် တောဝက်ကြီးသည် ရုတ်တရက် ရပ်တန့်လိုက်ပြီး သူ့အတွက် မမျှော်လင့်ဘဲ တွေ့လိုက်ရသည့် ရန်သူကို ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ရန်အတွက် မမှိတ်မသုန် စိုက်ကြည့်နေသည်။
စိန်မောင်သည် တောဝက်ကြီးထံသို့ သူ၏သေနတ်ကို ထိုးချိန်လိုက်ကာ ချက်ကောင်း ရွေးချယ်ပစ်နိုင်ရန် ချိန်နေစဉ် မမျှော်လင့်သော လှုပ်ရှားမှုတစ်ခုကို ဖိုးစန်းကြည်သည် လျှပ်တစ်ပြက်အတွင်း လှုပ်ရှားလိုက် တော့သည်။
ကျွန်တော် တားဆီးချိန် မရလိုက်။
မုဆိုးဒူးထောက်ထိုင်နေသည့် စိန်မောင်နောက်သို့ ဖိုးစန်းကြည်သည် ပြေးသွားကာ တောဝက်ကြီးအား သူ၏ လက်တွင်းမှ သေနတ်ဖြင့် လှမ်းပစ်လိုက်ပြီး နံဘေးရှိ ပျဉ်းမပင်ကြီးနောက်သို့ ပြေးကပ်လိုက်လေ သည်။
လျှပ်တစ်ပြက် မြန်လိုက်သည့်ဖြစ်ခြင်း။ မီးခိုးငွေ့မပြယ်မီ ထိုတောဝက်ကြီးသည် တစ်ရှူးထိုး ပြေး၍ဝင်ကာ စိန်မောင်ကို ပြင်းထန်သော အရှိန်နှုန်းဖြင့် တိုးဝင်ပက်ထုတ်လိုက်လေတော့သည်။
“အား”
စိန်မောင့်ထံမှ အသံနက်ကြီးဖြင့် ထိတ်လန့်တုန်လှုပ်ချောက်ချားသံ ပေါ်ထွက်လာပြီး နံဘေးသို့ သူ၏ ခန္ဓာကိုယ်ကြီး ပစ်လဲကျသွားတော့သည်။
ကျွန်တော်သည် စိန်မောင်ကို ပြေးပွေ့လိုက်သည်။
ပြီးနောက် ဖိုးစန်းကြည်ကို ခက်ထန်မာကျောစွာဖြင့် ကြည့်လိုက်ကာ …
“မင်း … မင်း တော်တော်ရက်စက်ပါလား။ မလုပ်သင့် မလုပ်ထိုက်တဲ့အလုပ်ကို မင်း လုပ်လိုက်တာပဲ မဟုတ်လား”
ဖိုးစန်းကြည်သည် ကျွန်တော့်စကားကို ပြန်လည်ချေပခြင်းမရှိ။ တွေဝေငေးမောစွာဖြင့် အဝေးသို့ လှမ်းကြည့်နေလေတော့သည်။
တကယ်တော့ စိန်မောင်သည် သူ့ကိုယ်သူ အထင်ကြီးပြီး သူသာတတ်၊ သူသာသိဟု ထင်ကာ ဘဝင်တွေမြင့်ပြီး ပညာတတ်ညာဉ်ဖြင့် မာနတွေ ထောင်လွှားနေသူတစ်ဦး ဖြစ်သည်။
သို့ရာတွင် . . .
သူမသိသေးသော မတတ်သေးသော ပညာရပ်များ ရှိနေသေးသည်ကိုတော့ သူ မသိ။
သူ့ကိုယ်သူ ပညာတတ် အရာရှိတစ်ယောက်ဆိုကာ ကျောင်းပညာ ဘာမှ မတတ်သည့် ဖိုးစန်းကြည်ကို အထင်သေးစွာဖြင့် နှိမ်သည်။ မောက်မာရိုင်းစိုင်းစွာဖြင့် အောက်တန်းကျကျ အတွေးအခေါ်ဖြင့် ဖိုးစန်းကြည်ကို လုပ်ကြံသတ်ဖြတ်ရန် ကြံစည်ခဲ့သူ ဖြစ်သည်။
သို့ရာတွင် ဖိုးစန်းကြည်မှာမူ ကျောင်းပညာကို မတတ်သော်လည်း တောတောင်အကြောင်း၊ တောတိရစ္ဆာန်တို့၏ အမူအကျင့်၊ ဓလေ့စရိုက်တို့ကို နောကျေနေသူ ဖြစ်သည်။
တောဝက်တို့သည် သူ၏ရန်သူကို မည်းမည်းမြင်ရာ မိုက်မိုက်ရိုင်းရိုင်း တစ်ရှူးထိုး အသေခံ တိုက်ခိုက်တတ်သည့် သတ္တဝါကြမ်းကြီးဖြစ်ကြောင်း ဖိုးစန်းကြည် မသိဘဲ နေပါ့မလား။
တောဝက်ပစ်လျှင် မိမိအတွက် အကာအကွယ်ကောင်းကောင်း ယူထားပြီးမှ ပစ်ရကြောင်းကိုလည်း သူ ကောင်းကောင်းသိပေသည်။
ထို့ကြောင့်လည်း သူ့အား အထင်အမြင်သေးစွာ ချိုးနှိမ်ပစ်တင်ခဲ့သော ပညာတတ်ကြီး စိန်မောင်ကို ကျောင်းပညာ ဘာမှမတတ်သော်လည်း ဘဝကိုယ်တွေ့ အသိပညာများဖြင့် ဖိုးစန်းကြည်က လိမ္မာပါးနပ်စွာ သေတွင်းသို့ ပို့လိုက်ခြင်းဖြစ်ကြောင်းကို ကျွန်တော်နှင့် လင်းမြင့်လှိုင်တို့ သိလိုက်ကြသော်လည်း အချိန်မမီတော့ချေ။
အဖြစ်ကတော့ စိန်မောင် တောဝက်ပက်ခံလိုက်ရလို့ သေသည်။ စင်စစ်တော့ စိန်မောင်သည် သူတစ်ပါးကို မတရားအထင်အမြင်သေးတတ်ခြင်းနှင့် အကောက်ကြံတတ်ခြင်းတို့ကြောင့် အသက်ဆုံးရှုံးသွားရခြင်းသာ ဖြစ်ပေသည်။
စစ်ပြန်၊ ၁၉၉၄ ခုနှစ်၊ ဒီဇင်ဘာလ
(နောက်ပိုင်း Facebook က စာတင်လို့မရတော့လျှင် စာဆက်ဖတ်နိုင်ဖို့အတွက် အောက်က Telegram ကို Joint ထားကြပါဗျ)