July 30, 2025
Uncategorized

နေ့တွက်ကိုက်သောနေ့

မောင်သိက္ခာ
နေ့တွက်ကိုက်သောနေ့

(၁)

ယခုတလော အဘဉာဏ်တို့ရွာတွင် ကြွက်များ အလွန်ပေါနေ၏။

ကြွက်မှ မြေကြွက်လည်းမဟုတ်၊ ကြွက်ဖလောင်းများလည်း မဟုတ်။

မြေကြွက်နဲ့ ကြွက်ဖလောင်းများဆိုပါက ဟင်းချက်စား၍ ရသည်။ ကြွက်ဖလောင်းသည် မြေကြွက်လို မကြီး။ စပါးပေါ်ချိန် လယ်ပြင်တလင်းတွင် အလွန်ပေါတတ်သည်။ ဆီများများနှင့် ကြော်စားပါက သူ့အရိုးကလေးက တကျွတ်ကျွတ်ဝါး၍ စား၍ကောင်းလှ၏။

မြေကြွက်ဆိုပါကလည်း လယ်ကြွက် ကိုင်းကြွက် ဘယ်ကြွက်အမျိုးအစားမဆို သူ့နေရာနှင့်သူ ကြော်၍ ချက်၍ စားပါက အဆီတရွှဲရွှဲနှင့်။

ယခုတော့ ကြည့်ပါ။

အဘဉာဏ်တို့ဂေဟာ ‘ဇလွန်ဘက်တန်း’ ရွာတွင် ပေါနေသည်က ကြွက်ဝမ်းဖြူ။

ကြွက်ဝမ်းဖြူကြောင့် ပလိပ်ရောဂါဖြစ်တတ်သည်ဟု မြို့မှလူများ ကြောက်ကြသည်။

မနှစ်သက်ကြ၊ မလိုလားကြ။

သို့သော် အဘဉာဏ်တို့ တံငါများအတွက်မူ ကြွက်ဝမ်းဖြူကို နှစ်သက်ကြသည်။ လိုလားကြသည်။ ကြောက်ရွံ့ခြင်းလည်း မရှိ။

ထို့ကြောင့် အဘဉာဏ်တို့ရွာတွင် ဖြစ်လာရသော ကြွက်ဝမ်းဖြူများမှာ ကံဆိုးလှသည်ဟု ထင်သည်။

အဘဉာဏ်၏မြေး ကြွက်နီက ကြွက်အရှင်ထောင်ချောက်တစ်ခုလုပ်၍ နှစ်မဖြစ်သူ ပူတူးမအား ပေးထား၏။

ကြွက်အရှင်ထောင်ချောက် လုပ်ရသည်မှာလည်း ဘာမျှမခက်။ တစ်ဖက်တွင် အဖွင့်အပိတ် တံခါးပါသော အလျားတစ်တောင်၊ အနံနှင့် အမြင့် တစ်ထွာခန့်စီရှိသော သေတ္တာရှည်ကြီးတစ်လုံးနှင့် သေတ္တာငယ်ကလေး တစ်လုံးမျှသာ။

သေတ္တာကြီးအလယ်လောက်တွင် ရေဆွဲမောင်းလက်တံကဲ့သို့သော မောင်းလက်တံတစ်ခုတပ်၍ ကြွက်မည်မျှဝင်ဝင် အလိုအလျောက် ပြန်၍ထောင်သောစနစ်ဖြင့် ပြုလုပ်ထားသော ထောင်ချောက်ဖြစ်သည်။

တစ်ခါမိပြီးလျှင် တစ်ခါထပ်ထောင်ရန် မလို။

သေတ္တာကလေးထဲတွင် ကြွက်ကြိုက်တတ်သော အစာများ ထည့်ထား၏။ ကြွက်က အစာကို သေတ္တာကလေးအတွင်းသို့ ဝင်စားလိုက်သည်နှင့် တစ်ပြိုင်နက် ကြွက်၏ ကိုယ်အလေးချိန်ကြောင့် သေတ္တာကလေးမှာ သေတ္တာကြီးထဲသို့ ရောက်သွားသည်။ ကြွက်မှာ ထွက်ပေါက်မရှိတော့။

သေတ္တာကြီး၏ တစ်ဖက်ခန်းသို့ ကြွက်ကလေးရောက်သွားသည်နှင့်တစ်ပြိုင်နက် သေတ္တာကလေးမှာ မောင်းတံဖြင့် မူလနေရာဟောင်းသို့ မြောက်တက် သွားစေသည်။

တစ်ဖက်ခန်းမှာလည်း အပေါက်ချင်းအံချော်သွားပြီဖြစ်သဖြင့် ပိတ်သွားသည်။ နောက်ကြွက်တစ်ကောင်ကို ထောင်ရန် အဆင်သင့် ဖြစ်နေတော့သည်။

ဤသို့သောနည်းဖြင့် တစ်ညလုံးထောင်ပါက ကြွက် လေးငါးရှစ်ကောင်ကို အလွယ်တကူ ရနိုင်သည်။

မီးဖိုဆောင်ထဲတွင် ထမင်းချက်နေရသော ပူတူးမ၏ ခြေကြားကို ပင်တိုးမတတ်၊ ဟိုမှ သည်မှ ရဲတင်းစွာ သွားလာနေသည့် ကြွက်ဝမ်းဖြူများကြောင့် ပူတူးမ အလုပ်ပျက်လှ၏။ သည်မျှလောက် သောင်းကျန်းနေသော ကြွက်များကို သည်အတိုင်း ကြည့်နေ၍တော့ မဖြစ်။ ပူတူးမ နှိမ်နင်းရပေတော့မည်။

(၂)

“ဟေ့ ပူတူးမ၊ ဟိုဘက်အိမ်က နင့်အစ်ကို ဖိုးဆောင်းကို ဒီနေ့ည ခေါ်အိပ်။ ငါနဲ့ ကြွက်နီ ပိုက်ချသွားတော့မယ်”

အဘဉာဏ်တို့ မြေးအဘိုးမှာ ငါးသလောက်ပိုက်ထုပ်ကြီးနှင့် ရေနံဆီမီးခွက်၊ ဓားမ၊ မှိန်း၊ လှော်တက် စသည့် ငါးဖမ်းကိရိယာများကို စုဆောင်းရင်း အဘဉာဏ်က ပူတူးမအား လှမ်း၍ပြောလိုက်၏။

ဟုတ်သည်။ ယနေ့ည အဘဉာဏ်တို့ မြေးအဘိုးနှစ်ယောက် ငါးသလောက်ပိုက်ချရန် အထက်ပိုက်ချက်ရှိရာ ကျုံရှရွာသို့ လှေတစ်စင်းဖြင့် သွားကြတော့ မည်။

ငါးသလောက်ပိုက်ချရန် မိမိအလှည့်ကို ကျဖို့ စောင့်ရန် ယခုလိုအချိန်လောက် ကြိုတင်သွားမှဖြစ်သည်။

အိမ်မှာ ပူတူးမတစ်ယောက်တည်း ညအိပ်၍ ကိစ္စမရှိပါ။ သူတို့အရပ်မှာ တံငါသည်များသာ နေထိုင်ကြသော်လည်း ဟော့ဟော့ရမ်းရမ်းတော့ မရှိ။ သို့သော် အရေးကိစ္စရှိလျှင် ကူညီနိုင်ရေးအတွက် အစ်ကိုဝမ်းကွဲတော်သည့် ဖိုးဆောင်းကို ခေါ်အိပ်ရန် အဘဉာဏ်က ပြောရခြင်းဖြစ်သည်။

ပူတူးမအဖို့မှာမူ ဖိုးဆောင်း အိမ်သို့ လာအိပ်သည် မအိပ်သည်ကို လောလောဆယ် ဂရုမပြုနိုင်။ မီးဖိုဆောင်ထဲတွင် တကုပ်ကုပ်နှင့် အလုပ်ရှုပ်နေ၏။ နောက်မှ အိမ်ရှေ့သို့ ထွက်ခဲ့သည်။

ရဲရဲနီသော နေလုံးကြီးသည် ဧရာဝတီအနောက်ဘက်ကမ်းဆီသို့ တရွေ့ရွေ့ နိမ့်ဆင်းလျက်ရှိ၏။ ကမ်းနားရေချိုးဆိပ်၌ပင် လူအတော်ကလေး နည်းသွားပြီ။

အနောက်ဘက်ဆီမှ ခရုစုပ်ငှက်အုပ်တစ်အုပ်သည် တဂစ်ဂစ်အော်မြည်ရင်း သူတို့၏ အတောင်များကို ညီညီညာညာဖြန့်၍ သူတို့၏ အိပ်တန်းရှိရာသို့ ပျံလျက်သွားကြပြီ။

ခရုစုပ်ငှက်အုပ်ကြီး အိပ်တန်းပြန်ချိန်မှာ အဘဉာဏ်တို့ မြေးအဘိုးနှစ်ယောက်မှာမူ လှော်တက်ကိုလှော်ရင်း ငါးသလောက်ဖမ်းမည့် လုပ်ငန်းခွင်ရှိရာသို့ သွားကြရသည်။

အဘဉာဏ်တို့ မြေးအဘိုး၏လှေ ဧရာဝတီမြစ်အလယ်သို့ ရောက်သွားသည့်အချိန်တွင် ပူတူးမမှာလည်း အိမ်နောက်ဖေးမီးဖိုဆောင်သို့ ရောက်နေချေပြီ။

ပူတူးမသည် ထမင်းအိုးဘေးတွင် စောစောက ထောင်ထားသော ကြွက်ထောင်ချောက်ကို အသာကလေးကြည့်လိုက်၏။

ဟယ် … နေမှမဝင်သေး၊ ကြွက်ငါးကောင် ထောင်ချောက်ထဲ၌ မိနေပါချေပြီကော။ အတော်အတင့်ရဲသည့် ကြွက်များပါပေ။

ပူတူးမ စောစောကတည်းက တစ်ဦးတည်း တိတ်တဆိတ် ကြံစည်ထားသောလုပ်ငန်းကို အကောင်အထည် ဖော်နိုင်ပေတော့မည်။

အိမ်တွင် အဆင်သင့်ရှိနေသော တစ်ဖက်ပိတ်ဝါးပိုးဘူးရှည်ကြီးတစ်ခုကို ယူလိုက်သည်။ ဝါးဘူးအဝကို ကြွက်နီ၏ ပုဆိုးဟောင်းတစ်ထည်နှင့် ရစ်ပတ်ပြီး ကြွက်ထောင်ချောက်အဝနှင့် ဆက်လိုက်သည်။

ပြီးတော့ ကြွက်ထောင်ချောက်သေတ္တာမှ တံခါးကို အသာကလေး မ၍ဖွင့်လိုက်သည်။ ထို့နောက် ဖမ်းမိထားသော ကြွက်ငါးကောင်ကို ဝါးဆစ်ဘူးထဲရောက်အောင် ခေါက်၍ ခေါက်၍ ချလိုက်၏။

သိပ်တော့မကြာလှ။ ကြွက်ငါးကောင် တစ်ကောင်ပေါ်တစ်ကောင်ထပ်၍ ဝါးဆစ်ဘူးထဲသို့ ရောက်သွားချေပြီ။

ဝါးဆစ်ဘူးဝကို ကြွက်နီ၏ ပုဆိုးဖြင့်ပင် ပိတ်ဆို့ထားလိုက်၏။ ထို့နောက် ပူတူးမသည် အိမ်ရှေ့ဝါးစင်ကလေးပေါ်တွင် တင်ထားသော အစီကြိုးတပ်ပြီး ကိုင်းတံနှင့် ငါးမျှားကိုင်း ငါးခုကို ရွေးယူလိုက်၏။

လက်တစ်ဖက်တွင် ကြွက်ငါးကောင်ကိုထည့်ထားသော ဝါးဘူးကြီးနှင့် ကျန်လက်တစ်ဖက်က ငါးမျှားကိုင်းငါးခုကို ပူး၍ကိုင်ကာ ကမ်းနားရေစပ်သို့ ဆင်းလာသည်။

နေကား လုံးလုံးမဝင်သေး။ အနောက်ဘက်တောစပ်အပေါ်မှ တစ်ပိုင်းဖော်ကာ ဧရာဝတီမြစ်ပြင်ကို ချောင်းကြည့်နေသည်။

အလင်းရောင်ရှိနေသေး၏။

ဝင်ခါနီးနေရောင်သည် လှိုင်းရိုက်ပုတ်မှုနှင့် ရေစီးအရှိန်ကြောင့် ပြိုကျနေသော ဧရာဝတီမြစ်၏ ကမ်းပါးစောက်ကြီးအပေါ်သို့ ပြန့်ကြဲ၍ ကျနေသည်။

ဤနေရာ၌ မြစ်ကွေ့ကြီး ဖြစ်နေ၏။

မြစ်လယ်၌ လှိုင်းတံပိုးများ မည်မျှပင် ထန်နေပါစေ။ မြစ်ကွေ့တစ်ဝိုက်မှ ရေပြင်မှာမူ ငြိမ်သက်နေ၏။ ကမ်းပါးမှ မြေစိုင်ခဲကြီးများကို ရေစီးက ယူဆောင်သွားပြီဖြစ်သဖြင့် ဤနေရာ၌ ရေကလည်း အတော်ကလေး နက်သည်။

သည်နေရာတွင် ဇာတ်တူသားကိုမှ စားလေ့ရှိသော ငါးပတ်များ၊ ငါးမြင်းရင်းများ ကျက်စားလေ့ရှိသည်ကို ပူတူးမ အသိ။

ကံကောင်းလျှင် ငါးကြီးကြီးမားမား မိနိုင်သည်။ ငါးပတ်ကို “ရေချိုငါးမန်း” ဟူ၍လည်း ခေါ်ဝေါ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ငါးမန်းကဲ့သို့ပင် ဇာတ်တူသားငါးကို အလွန်အမင်းစားတတ်သော အလေ့ ရှိခြင်းကြောင့် ဖြစ်၏။ အသားကိုအလွန်ကြိုက်သည့် ငါးမျိုး။

ငါးပတ်၏ အထက်ပိုင်းမှာ မွဲပြာရောင်ရှိ၍ အောက်ပိုင်းက အနည်းငယ် အရောင်ဖျော့သည်။ သူ့တစ်ကိုယ်လုံး၌ ရှည်လျားသော အထက်နှုတ်ခမ်းမွေးနှစ်ပင်နှင့် တိုသော အောက်နှုတ်ခမ်းမွေးနှစ်ပင်၊ စုစုပေါင်း နှုတ်ခမ်းမွေး လေးပင်သာ ထိုးထိုးထောင်ထောင်နှင့် ရှိလေသည်။ အမြီးရင်းနား၌ ဆုံးသည့် ကျောဆူးတောင်တစ်ခုသာ ရှိသော်လည်း အခြားငါးများကဲ့သို့ ဆူးတောင်ထဲ၌ မာသောဆူးရိုး မပါရှိချေ။

ငါးမြင်းရင်းမှာမူ ငါးပတ်နှင့် မတူ။ ဆူဖြိုးသောငါးဖြစ်ပြီး ဤလို ရေငြိမ်သော ကွေ့မျိုးတွင် အချိန် သုံးပိဿာ လေးပိဿာ စီးသော ငါးများပင် ရှိနေတတ်သည်။

သူတို့ကြိုက်သော အစာမှာ ရေထဲ၌ရှိနေသော ဇာတ်တူသားငါးများသာလျှင် မဟုတ်ပါ။ ကုန်းပေါ်တွင်သာနေသော ပုရစ်ကိုလည်း ကြိုက်သည်။ ထူးထူးဆန်းဆန်း ယခု ပူတူးမဖမ်းယူခဲ့သော ကြွက်ကိုလည်း တော်ကလေးနှစ်သက်သော ငါးများပါပေ။

ကြွက်ကို အစဉ်ဖမ်းစားလေ့ရှိသည့် ကြောင်ပင်လျှင် သူ့အနံ့ကြောင့် ရှောင်ကွင်းသွားတတ်သည့် ကြွက်စုတ်ကိုပင် သည်ငါးများက မရှောင်။ လယ်ကွင်းမှ ရတတ်သော ကြွက်ဖလောင်းကလေးများဆိုလျှင် ပိုမိုနှစ်သက်၏။

ထိုငါးများကိုမိရန် ငါးမျှားချိတ်တွင် အစာတပ်၍ ကမ်းပါးတစ်လျှောက် ငါးမျှားတံများ အစီအရီတန်းပြီး ဖမ်းခြင်းကို တံငါအခေါ် ကိုင်းထောက်သည်ဟု ခေါ်သည်။

ကိုင်းထောက်လျှင် အစာကို အမျိုးမျိုးတပ်သည်။ ငါးဖျင်းသလက်အရှင်ကလေးများ၊ ငါးခူအရှင်ကလေးများကို ကျောမှ ငါးမျှားချိတ်ဖြင့် ဖောက်၍လည်း ထောင်လေ့ရှိသည်။

ပုရစ်ဖြင့်ထောင်လျှင်မူ ကျောကို ငါးမျှားချိတ်ဖြင့်မဖောက်၊ အပ်ချည်မျှင်ကလေးဖြင့် ပုရစ်ကိုချည်ပြီး ငါးမျှားချိတ်၌တွဲထားသည်။

ကြွက်ဆိုလျှင်တော့ ကျောမှအရေပြားကိုဖောက်၍ ငါးမျှားချိတ်တွင် တပ်ထားတတ်သည်။

အဲထောင်နည်းမှာမူ ပညာပါ၏။

ရေအတက်အကျအချိန်ကိုကြည့်၍ ကြိုးအတိုအရှည်ချင့်ချိန်ပြီး တပ်ရသည်။ ကိုင်းတံကို မြေပြင်တွင် မြဲမြဲစိုက်ရသည်။ သို့မဟုတ်ပါက ငါးကြီးကြီးမိ၍ ရုန်းလိုက်ပါလျှင် ငါးမျှားတံပါ မြေကြီးမှကျွတ်၍ ငါးနောက်သို့ ပါသွားတတ်သည်။

ငါးအစာကို ရေအတက်အကျ မချင့်ချိန်ဘဲ တပ်ထားပါက ရေတက် ရေကျချိန်တွင် ကြွက်လို ပုရစ်လိုအကောင်များ ကြိုးရှည်လျှင် ရေနစ်သွားနိုင်သည်။ ကြိုးတိုလျှင်ရေပြင်နှင့် လွတ်နေတတ်သည်။ငါးစာသည် ရေပေါ်တွင် ရှပ်တိုက်ပြေးနေရုံမျှဆိုလျှင် အကောင်းဆုံးဖြစ်၏။

ပုရစ်လိုအကောင်မျိုး ရေပေါ်တွင် အတောင်ဖြင့် တဖတ်ဖတ်ခတ်နေလျှင် ငါးကို မြူဆွယ်ခေါ်ယူသကဲ့သို့ ဖြစ်နေ၏။

ကြွက်မှာလည်း ရေသတ္တဝါမဟုတ်သောကြောင့် ရေပေါ်တွင် ကြိုးအရှည် ရှိသလောက် ဝှေ့၍ ဝိုက်၍ ကြောက်အားလန့်အားဖြင့် အငြိမ်မနေ ကူးခပ်တတ်သဖြင့် ငါးပတ်ကြီးများ၊ ငါးမြင်းရင်းကြီးများကို လာလှည့်ပါကုန်၊ စားလှည့်ပါကုန်ဟူ၍ ဖိတ်ခေါ်နေသကဲ့သို့ ရှိတတ်သည်။

ငါးကြီးများမှာ သူတို့အတွက် ရှားပါးလှသော ကုန်းသတ္တဝါ ကြွက်ကို ပို၍ နှစ်သက်ခုံမင်သည်ဟု ထင်သည်။

ကိုင်းထောက်မတတ်ပါမူ မနက်မိုးလင်း၍ လာကြည့်လျှင် တစ်ခါတစ်ရံ ဘယ်သို့ဘယ်ပုံရောက်နေသည်မသိ။ ကြွက်မှာ ကိုင်းတံအဖျား၌ မျက်လုံးအကြောင်သားနှင့် ငုတ်တုပ်ထိုင်နေသည်ကိုလည်း တွေ့ရတတ်သေးသည်။

ပူတူးမသည် ဝါးဆစ်ဘူးထဲမှ ကြွက်များကို တစ်ကောင်ပြီးတစ်ကောင် ကျင်လည်စွာဖမ်း၍ ငါးမျှားချိတ်၌ တပ်လိုက်၏။ မြို့ကြီးသူများသာဆိုလျှင် ကြွက်ကိုကိုင်ဖို့ရန် မဆိုထားဘိ မြင်ရုံနှင့်ပင် လန့်တတ်သည်။

ပူတူးမတို့လိုလူများနှင့် တွေ့ကြုံရသော ကံဆိုးလှသည့် ကြွက်များမှာ သူ့ရန်သူအား ပြန်လည်ခုခံချိန်ပင် မရလိုက်ဘဲ ငါးမျှားချိတ်၌ အချိတ်ခံလိုက်ရရှာသည်။

ပူတူးမသည် ကြွက်ကို အစာအဖြစ်တပ်ထားသော ငါးမျှားကိုင်းကို တစ်ခုနှင့်တစ်ခု အလှမ်းကွာကွာ ကမ်းပါးစပ်တစ်လျှောက် မြေပြင် ရွှံ့ပျော့ပျော့တွင် ခိုင်ခိုင်မြဲမြဲစိုက်ပြီး ကိုင်းထောက်၍ အိမ်သို့ ပြန်ခဲ့၏။

ပူတူးမတစ်ယောက် ကြွက်ငါးကောင်ကို အရင်းပြု၍ ကိုင်းထောက်ထီ ထိုးခဲ့ပြီးပြီ။ ထီပေါက်မည် မပေါက်မည်ကတော့ မသိ။ မနက်တွင် ကိုင်းထောက်ထီ ဖွင့်မည်။

မိုးလင်းလျှင် အဘဉာဏ်တို့မြေးအဘိုးအား ကြိုဆိုရင်း သူထီထိုးထားသော ငါးမျှားတံငါးခုကို ကြည့်ရပေဦးမည်။

အိမ်သို့ပြန်ရောက်သောအခါ အစ်ကိုဝမ်းကွဲတော်သူ ဖိုးဆောင်းပင် ညအိပ်ရန် ရောက်နေပါချေပြီ။

(၃)

ပူတူးမ အစောကြီးပင် အိပ်ရာမှနိုးနေ၏။ ရေနွေးအိုးတစ်လုံးတည်ရန် မီးမွှေးလိုက်သည်။

ဖိုးဆောင်းမှာမူ အိမ်ရှေ့၌ အိပ်မောကျ၍ကောင်းဆဲ။

အရှေ့ဘက်ဆီမှ လင်းရောင်နှင့်အတူ ကြက်တွန်သံများ။ ပြီးတော့ ကျီးအော်သံများ။

အုန္နဲပင်အောက်မှ သပိတ်လွယ်ငှက်ကလေး၏ တီတီ တာတာ တေးဆိုသံပင် ကြားနေရပြီ။

ပူတူးမလည်း အဘဉာဏ်နှင့် ကြွက်နီတို့လာလျှင် သောက်ရန် ရေနွေးအိုးတစ်လုံးလည်း ကျိုပြီးပြီ။

ရင်တထိတ်ထိတ်နှင့် ပူတူးမ ကမ်းပါးစပ်သို့ ဆင်းလာ၏။

မျှော်လင့်ချက်ကြီးစွာဖြင့် ညနေက ကိုင်းထောက်ထားသော ငါးမျှားကိုင်းငါးခုကို တစ်ခုချင်းလိုက်လံကြည့်လိုက်၏။

ဟယ် … ကိုင်းထောက်ထီ ပေါက်နေပါချေပြီကော။

ပူတူးမ ဝမ်းသာလိုက်ပါဘိ။ ငါးမျှားတံတစ်ချောင်းတွင် နှစ်ပိဿာထက်မနည်းသော ငါးမြင်းရင်းကြီးတစ်ကောင် မိနေ၏။

အခြား ငါးမျှားတံတစ်ခုတွင်လည်း ငါးပတ်ပေါက်တစ်ကောင်။ ငါးပတ်ပေါက်ဆိုသော်လည်း ရှစ်ဆယ်သားခန့်တော့ ရှိမည်။

ကျန် ငါးမျှားချိတ်သုံးခုတွင်မူ ကြွက်သုံးကောင်မှာ နွမ်းနယ်စွာဖြင့် တဖြည်းဖြည်းချင်း ရေပြင်ပေါ်တွင် ဝေ့ကာဝိုက်ကာသာ ကူးခပ်နေနိုင်ရှာတော့၏။ တစ်ညလုံး ရေကူးနေကြရသည်မို့ မောနေကြပြီထင်သည်။

“ဟေ့ ပူတူးမ … နင် ဆင်းကြိုနေသလားဟေ့”

ကြွက်နီ၏ ခေါ်သံကြားလျှင် ငါးမြင်းရင်းကြီးနှင့် ငါးပတ်ပေါက်ကို ငါးမျှားချိတ်မှ ဖြုတ်နေရာက ပူတူးမလိုက်ကြည့်လိုက်သည်။

“အစ်ကိုကြွက်နီ ဒီမှာကြည့်စမ်းပါဦး”

ပူတူးမသည် ဝမ်းသာအားရ ဖမ်းမိသောငါးများကို မြှောက်၍ပြလိုက်၏။

“ဟဲ့ … ပူတူးမ နင်ဘယ်တုန်းကများ ကိုင်းထောက်ထားသလဲဟ”

အဘဉာဏ်၏အမေးကို ပူတူးမက-

“ကျုပ် ညက မီးဖိုဆောင်ထဲမှာ ဖမ်းလို့ရတဲ့ ကြွက်ငါးကောင်နဲ့ ကိုင်းထောက်တာတော့်”

“ဟယ် ဒီလိုဆိုရင် တို့တော့ ဒီနေ့အတွက် နေ့တွက်ကိုက်သွားပြီဟေ့။ ငါတို့လည်း ငါးသလောက်သုံးကောင်တောင် ရလာတယ်ဟ။ နင်ရတဲ့ ငါးမြင်းရင်းနဲ့ ငါးပတ်ကော တို့ရတဲ့ ငါးသလောက်တွေကော ဆကာကြီးဈေးအမီ သွားပို့ရမဟေ့”

ဟု ကြွက်နီက ဝမ်းသာအားရ ပြန်ပြောလိုက်၏။

“ကဲ … ကဲ နေ့တွက်ကိုက်ရင်တော့ ငါ့မြေးပူတူးမ ဘာလိုချင်သလဲဟေ့။ အဘ ဝယ်ပေးပါ့မယ်ကွာ။”

အဘဉာဏ်ကလည်း ဝမ်းသာအားရ ပြန်ပြောလိုက်သည်။ သည်အခါကျမှ ပူတူးမ တွေးမိတော့၏။

သူ့တွင် တစ်ထည်တည်းသော အတွင်းခံဘော်လီအင်္ကျီ သို့မဟုတ် ချွေးခံအင်္ကျီကလေးမှာ အတော်ပင် စုတ်ပြဲနေချေပြီ။

ကြာလျှင် အပျိုပေါက်ကလေးဖြစ်စ ပူတူးမ အရှက်မှ လုံအောင် ဖုံးနိုင်ပါ့မလား။

အဘိုးဖြစ်သူနှင့် အကိုဖြစ်သူ ယောက်ျားများအကြားတွင် နေရသူမို့ သည်အကြောင်းကို မပြောရဲခဲ့ပါ။ ချွေးခံအင်္ကျီကလေး စုတ်ပြဲနေသည်မှာ အချိန်အတော်ကလေး ကြာချေပြီ။

သူ့ကိုလည်း အဘဉာဏ်က လူလားမမြောက်သေးသော ကလေးအရွယ်ဟူ၍ပင် ထင်နေသေးသည်ကတစ်ခက်။

ဟော ယခုတော့ အဘဉာဏ်က-

“ပူတူးမ ဘာလိုချင်သလဲ၊ အဘဉာဏ်ဝယ်ပေးမယ်” တဲ့။

“အဘရာ ကျုပ်ဝယ်ချင်တာ ဝယ်ဖို့ ငွေတစ်ဆယ်လောက်သာ ပေးပါ။ ဆကာကြီးဈေးကို ကျုပ်ဘာသာကျုပ် သွားဝယ်ပါ့မယ်”

ဟုသာ ပူတူမက အဘဉာဏ်အား ပြန်ပြောလိုက်နိုင်သည်။

မိန်းမအတွင်းခံ ဘော်လီအင်္ကျီကို ပူတူးမတို့ ဇလွန်ဘက်တန်းရွာတွင် “ရှင်မီး” ဟူ၍သာ သူတို့ဒေသအလိုက် ခေါ်ဝေါ်ကြသည်။

ထို့ကြောင့် ပူတူးမတကယ်ပြောချင်သည်က-

“အဘရေ၊ ကျုပ်မှာ အတွင်းခံရှင်မီးအင်္ကျီလည်း စုတ်နေပြီ။ ကျုပ်ရှက်တယ်။ ရှင်မီးအင်္ကျီကလေးတစ်ထည်လောက် ကျုပ်ကို ဝယ်ပေးပါလားတော့်”

ဟူ၍သာ။ ။

(ရူမဝရုပ်စုံမဂ္ဂဇင်း၊ အတွဲ ၃၅၊ အမှတ် ၄၁၀
ဇူလိုင်၊ ၁၉၈၁)

– ပြီး –

စာရေးသူ – မောင်သိက္ခာ

Leave a Reply

Your email address will not be published. Required fields are marked *