ပိတောက်ပင်ပျိုတို့အောက်မှ သစ်ရွက်ခြောက်များကို နင်းလျှောက်လျက် “ဒရယ်” လေးသည် အေးအေးလူလူ ဆော့ကစားနေလေ၏။

မိခင်ဒရယ်မကြီးသည် တောင်ကမူအစွန်းလေးမှ အဝေးသို့လှမ်းကဲကြည့်နေ၏။
နားရွက်အစုံသည် ရံခါဆိုသလို တစ်ဆတ်ဆတ် တုန်ခါသွား၏။

သို့နှယ် မိခင် ဒရယ်မကြီးသည် ဘေးဘီတစ်ဝိုက် လှည့်ပတ်ကြည့်လိုက်၊ “ဒရယ်” လေးကို ကြည့်လိုက်ဖြင့် ရှိနေစဉ် ..

“ဒိန်း”

ပြင်းထန်သော ယမ်းအားပေါက်ကွဲသံ ထွက်လာသည်နှင့် တပြိုင်နက် သူ၏ ခါးရိုးသည် ပူခနဲ ဖြစ်သွားကာ သွေးတို့ စီးကျလာတော့သည်။

မိခင် ဒရယ်မကြီးသည် ဖျတ်ခနဲ မြေပြင်မှ ခြေအစုံကို မြှောက်လိုက်ပြီး “ဘီးလ်” ရယ်လို့ အသံပြုလျက် “ဒရယ်” လေးထံ ပြေးလွှားသွားလေတော့၏၊

“ဒရယ်” လေးသည်လည်း မိခင်ဒရယ်မကြီးကို ငေးကြည့်နေရင်း သူ့အနားမှ ဖြတ်ကျော် ပြေးလွှားသွားသည်ကြောင့် သူသည်လည်းနောက်မှ ကဆုန်ပေါက် ပြေးလွှားလိုက်ပါသွားတော့၏။

ဂနာမငြိမ်သော မိခင်ဒရယ်မကြီးကို ကြည့်ရင်း သူသည်လည်းဘာလုပ်ရမည်မသိ။ “ဘိုးလ်” “ဘီးလ်” ရယ် အော်ဟစ်နေရုံမှလွဲ၍
အခြား မရှိချေပြီ။

ကြောက်လန်ကြား ပြေးထွက်လာခဲ့သော ဒရယ်မကြီးသည်သူမ၏ သားငယ် သူနှင့်အတူ တပ်ပါလာသည်ကို သိလိုက်ရခြင်းကြောင့်အပြေးနှုန်းကိုလျှော့လိုက်၏၊

ဒရယ်လေးသည် မိခင် ဒရယ်မကြီးနား ကပ်ကာ ပွတ်သီးပွတ်သပ်လုပ်နေလေ၏၊

နို့ချိုသောက်လိုပြီ ဖြစ်ချိမ့်မည်။ သို့ကြောင့် မိခင်ဒရယ်မကြီးသည် သွားနေရာမှ ရပ်တန့်လိုက်၏။

ဒရယ်လေးသည် သူမ၏ နို့ချိုကို အသာငမ်းငမ်း စုပ်ယူနေတော့၏။ရှေ့လျှောက် သူမ၏ နို့ချိုကို သားဒရယ်လေး မည်မျှကြာကြာစုပ်ယူနိုင်ပါမည်နည်း။ သို့စဉ်းစားလိုက်သည်နှင့် မျက်ဝန်းမှ မျက်ရည်တို့စီးကျလာတော့၏၊ခါးရိုးသည် နာကျင်လာ၏။ ကြာကြာ မရပ်နိုင်၊ အားတင်းနေ ချက်ကြားမှ လဲကျသွားတော့၏၊

သူ သတိလစ်မသွားစေရန် အားတင်းထား၏။ သည်ကြားမှပင် အမြင်တို့ မှုန်ဝါးလာသည်။ သို့ကြောင့်-

မျက်ဝန်းအစုံကို စုံမှိတ်လိုက်သည်။ သူ မှိတ်လိုက်ခြင်းသည်နားနေလို၍ ခဏတာမျှ မှိတ်လိုက်ခြင်းဖြစ်ငြား ဘယ်သောအခါမှ သူပြန်ပွင့်လာမည် မဟုတ်တော့ပါချေ။

ထိုစဉ်တွင် မရမ်မြောင်ရွာသား မုဆိုးအားသယ်သည် မုဆိုးဒူးထောက်ထိုင်လိုက်ကာ လက်စွဲတော် သေနတ် ရိုင်ဖယ်အိုကြီး၏ ပြောင်းဝကို ဒရယ်ပေါက်လေးထံ ထိုးချိန်လိုက်သည်။

သူ ခြေရာခံလိုက်ရကျိုးနပ်သည်ဟု ထင်လိုက်၏။ သူ၏ ချိန်မှတ်ကို စိတ်ချလေပြီဟု မှတ်လိုက်ပြီး သေနတ်မောင်းထိန်း ခလုတ်ပေါ်မှသူ၏ လက်ညှိုးလေးကို ကွေးညွတ်ဖို့သာ ကျန်တော့သည့် စက္ကန့်ပိုင်းအချိန်လေးတွင်-

“ဒိန်း”

သူ့နောက်ကျောမှ ပေါ်လာသော သေနတ်သံကြောင့် လှည့်ကြည့်လိုက်သည်။
“မုဆိုးစည်းဖောက် မလုပ်ချင်ပါနဲ့ကွာ”
သို့နှယ် ကျွန်တော်က သူ့အနားသွားရင်း ပြောလိုက်၏။ အားသယ်တစ်ယောက် မျက်စိမျက်နှာ ပျက်သွားပြီးလျှင်

“ကျွန်တော် ဘာလုပ်မိလို့လဲဗျာ”

“မင်းဘာလုပ်လို့လဲဆိုတာ မင်းတကယ် မသိလျှင်ဖြင့် ပြောရတာပေါ့”

လင်းမြင့်လှိုင်က ကျွန်တော်တို့အနား ရောက်လာသည်နှင့် သို့ပြောလိုက်၏။

ပြီးနောက် စီးကရက် တစ်လိပ်ကို ထုတ်ကာ မီးညှိဖွာရှိုက်လိုက်ပြီး..

“သားပေါက်လေးရှိတဲ့ မိခင်ဒရယ်မကြီးကို သတ်ဖြတ်တာတောင် အားမရဘဲ သားပေါက်အကောင်လေးကိုလဲ မညှာမတာ ပစ်ခတ်နေ ချင်ပြန်ပြီ မဟုတ်လား။ ဒီတောက သားကောင် ပေါပါတယ်ကွာ။အခြားအကောင်တွေ ရှာပစ်စမ်းပါ။ စည်းမရှိ၊ ကမ်းမရှိ မလုပ်ချင်ပါနဲ့။

ကဲ……. သားပေါက်ကောင်လေးကို ငါ ခြောက်ထုတ်လိုက်လို့ လွတ်ရာကျွတ်ရာ ပြေးပြီ၊ အမေမကြီးကတော့ သေပြီ။ အဲဒီ သားကောင်အသားကိုငါတို့ ဘယ်တော့မှ မစားဘူး။ မြေမြှုပ်လိုက်တော့။ ငါပစ်ရလာတဲ့ (ချေ)သား စခန်းမှာ ရှိတယ်။ ကဲ. . . အချိန်လဲ မရှိတော့ဘူး။ စခန်းပြန်ကြမယ်၊ မင်း. . . ဒီကောင်မကြီးကို မြေမြှုပ်ပြီး ပြန်ခဲ့။ တို့သွားနှင့်
မယ်. . . ဟုတ်လား”

သို့ အားသယ်ကိုမှာပြီး စခန်းသို့ ပြန်ခဲ့ကြသည်။အားသယ်သည် ကျွန်တော်တို့နှင့် ပါလာသော လမ်းပြမုဆိုးဖြစ်၏။ ကျွန်တော်တို့၏ မိတ်ဆွေကြီး၊ မီးလောင်ကုန်း ကျေးရွာသူကြီး ဦးဇာ..ဏီ၏ တူတော်သူလည်း ဖြစ်၏။

“ဒီတောင် မရမ်မြောင် ရွာသားပဲ။ ငါ့နှမက မွေးတာ။ မိန်းမရပြီးကလေးတောင် နို့စို့အရွယ် ရှိပြီ။ သူ့ မိန်းမလေးက မီးတွင်းထဲမှာ ဆုံးသွားတယ်လေ။ အလုပ်ကိုလဲ မယ်မယ်ရရ မလုပ်ဘူး။ ရံဖန်ရံခါဆိုသလို အမဲပစ်ထွက်တာပဲ ရှိတယ်။ သူ့တွက် အလုပ်လေးဘာလေး ရှိလျှင်ဖြင့် ခိုင်းစမ်းပါကွာ”

သို့နှယ် ဦးဇာမဏီက ပြောလာသည်ကြောင့်-

“အတော်ပဲ ဖထီ၊ ကျွန်တော်တို့ “စဉ့်အိုး” ဘက် အမဲပစ်သွား မလို့။ အရင်တုန်းက အဲဒီတောဘက်ကို သွားဖူးလာဖူးပေမင့် ကောင်း ကောင်း မမှတ်မိနိုင်တော့ဘူး။ ဒီတော့ ဖထီးတူကို လမ်းပြအဖြစ်ခေါ် သွားမယ်။ သူ့တွက် ဈေးဖိုးရတာပေါ့”

သို့နှယ် လမ်းပြအဖြစ် ခေါ်လာခြင်းဖြစ်၏။ အားသယ်သည်အမှန်တကယ်လည်း တောကျွမ်းသူ ဖြစ်ငြား လက်မှန်းတည့်သူမဟုတ်။ပြီး တော့ လုံးဝစည်းကမ်းရှိသူ မဟုတ်၊

ကျွန်တော်တို့ ပစ်မည်ဟု ရည်ရွယ်ကာ ပစ်မှတ်ချိန်ရွယ်ထားသော အကောင်ကိုလည်း ဝင်ရောက် လုပစ်တတ်၏။

ဆိုးသည်ကား ကျွန်တော်တို့ကို လမ်းပြဖို့ထက် သူသားကောင်ပစ်ဖို့သာလျှင် စိတ်ရှိသူ ဖြစ်၏။

လင်းမြင့်လှိုင်သည် သူနှင့်ပတ်သက်၍ လွန်စွာ စိတ်ညစ်နေပေပြီ။ သို့ကြောင့်လည်း သို့နှယ် ပြောခဲ့ခြင်းဖြစ်၏။

စခန်းသို့ ပြန်ရောက်သည်တွင် နားနေ အမောအပန်းဖြေပြီးရေမိုးချိုးလိုက်ကြ၏။

သို့တိုင် အားသယ် ပြန်ရောက်မလာသေးချေ။ ဘယ့်တွက်ရောက်မလာရပါသနည်း။ တကယ်ဆိုလျှင် ထိုနေရာနှင့် ဤစခန်းနေရာသည် နာရီဝက်ခရီးပင် မရှိပါချေးသို့ဖြင့် စားရင်းသောက်ရင်း မိုးမှောင်သွားသည်။ အားသယ် ကား ပြန်ရောက်မလာ။

“ဟိုနား ဒီနား လမ်းမှားသွားစရာ အကြောင်းမရှိပါဘူးဗျာ။ဒီလမ်းက သူ့တွက် မျက်စိမှိတ်သွားတောင် ရတယ်။ ကျွန်တော်တို့တောင်သူ့ ကို လမ်းပြအဖြစ် ခေါ်လာရတာပဲ”

“ဟုတ်တယ် ကိုလင်း၊ သည့်တွက်တော့ ပုစရာ မလိုပါဘူး၊သားကောင် ထပ်ရှာနေလို့ ဖြစ်မှာပေါ့”

“အင်း. . . ဒါလဲ ဖြစ်နိုင်တယ်။ ကျွန်တော်က အဲဒီ ဒရယ်မကြီးကို မြေမြှုပ်လိုက်ပြောခဲ့တော့ မြေမြှုပ်နေလို့ ကြာတာရယ်၊ နောက်ထပ် သားကောင် ထပ်ရှာနေလို့ရယ်ကြောင့် ပြန်မရောက်နိုင် ဖြစ်မှာပေါ့”

လင်းမြင့်လှိုင်က ပြောသည်လည်း ဖြစ်နိုင်ချေရှိ၏။ သို့ဖြစ်၍ကျွန်တော်တို့သည် သူ့တွက် လုံးဝစိုးရိမ်ပူပင်မှု မရှိကြတော့ဘဲ စားသောက်ပြီးသည်နှင့် အိပ်ရာထက်တွင် လဲလျောင်းလိုက်ကြ၏။စကားစမြည် ပြောရင်းမှ အိပ်ပျော်သွားတော့၏။

တကယ်တော့ အားသယ်သည် သူ့သဘောနှင့်သူ စခန်းသို့ပြန်မလာတော့ခြင်း ဖြစ်၏။
သူပစ်ခတ်ရရှိထားသည့် ဒရယ်မကြီးကို မြေမြှုပ်ပစ်လိုက်ရမည်ဆိုတော့ သူနှမြောသွားမိ၏။

ကိစ္စမရှိချေပြီ။ သူရရှိမည့် လမ်းပြအခကြေးငွေသည် ဒရယ်မကြီးနှင့် ဆိုပါလျှင် မပြောပလောက် ငွေဖြစ်၏။သို့ကြောင့် သူဆုံးဖြတ်လိုက်သည်မှာ သူတို့နှင့် လမ်းခွဲတော့မည်။ ဒရယ်မကြီးကို သူ အရေဆုတ်၊ အသားကို မီးကျပ်တိုက်ပြီး ရွာနှင့်ရွာနီးချုပ်စပ်တွင် ပြန်ရောင်းလျှင် သူတို့ပေးမည့် လမ်းပြခစရိတ်ငွေထက်မနည်း ရရှိမည်ဖြစ်၏။ အပြန်လမ်းတစ်လျှောက် ကံကောင်းလျှင် သားကောင်များ ရနိုင်သေး၏။

သို့ သူတွက်ကာ စခန်းသို့ ပြန်လိုက်မသွားတော့ဘဲ ဒရယ်မကြီးကို ထမ်းကာ အပြန်လမ်းသို့ လှမ်းခဲ့တော့၏။အလေးအပင်ကို ထမ်းပိုးလာရခြင်းကြောင့် ခရီး မတွင်လှချေ။လျှောက်ခဲ့သော ခရီးတစ်မိုင်ခန့်တွင် မှောင်လုမှောင်ခင် ဖြစ်လာသည်ကြောင့် စခန်းသာသည့် ဝါးတောတွင်းသာ ညအိပ်စခန်းချရန် ဆုံးဖြတ်လိုက်၏။သို့ ဆုံးဖြတ်လိုက်ပြီးသည်နှင့် သူသည် မီးဖိုရန် သစ်တုံးခြောက်၊သစ်ကိုင်းခြောက်များကိုစုဆောင်းလိုက်၏။ အသားဖျက်ရန် မီးကျပ်တိုက်ရန်များ လုပ်ဆောင်ရမည် ဖြစ်ခြင်းကြောင့် အိပ်ချိန်လည်း သိပ်ရှိမည် မဟုတ်သဖြင့် ဝါးတောအတွင်း ပေါက်ရောက်နေသည့် ကျွန်းပင်ကြီးတစ်ပင် ခြေရင်းတွင် ရှင်းလင်းလိုက်၏။

ထိုသစ်ပင်ကြီးကို ကျောမှီ၍ အိပ်လျှင် အဆင်ပြေနိုင်သည်ကို တွက်မိပြီးဖြစ်၏။ မီးပုံကြီးကိုလည်းထိုနေရာလေးတွင် လုပ်လိုက်၏။

နေရာထိုင်ခင်းနှင့် မီးပုံလုပ်ပြီးသည်နှင့် ချောင်းစပ်သို့သွားကာ.. ဒရယ်မကြီးကို အရေဆုတ်လိုက်၏။
အသားဖျက်လိုက်၏။

အသားဖျက်ရာမှ ရရှိသော အသည်း၊ အမြစ်၊ ကလီဇာတို့ကိုမီးကင်လိုက်၏။
ညစာအလို့ငှာ သူစားဖို့ဖြစ်၏။ အသားများကို မီးကျပ်တိုက်ထားလိုက်၏။ ဦးခေါင်းနှင့် အရေကိုလည်း မီးပုံနားတွင် ဖြန့်ကျက်၍မီးကင်လိုက်၏။

သားကောင်ကို ထမ်းပိုးလာရခြင်း၊ အရေဆုတ်ရခြင်း၊ အသားဖျက်ရခြင်းကြောင့် သူကိုယ်လက် ညောင်းညာကိုက်ခဲလေပြီ။ သို့ကြောင့်
ကျွန်းပင် ကျောမှီမှိန်းလျက် အနားယူလိုက်တော့၏၊အတန်ကြာတွင် သူ အိပ်ပျော်သွားတော့၏။သို့အိပ်ပျော်နေဆဲ အိပ်ပျော်စတွင်

“ခွေးအ” တို့၏ အူသံကြောင့် ဖျတ်ခနဲ နိုးလာရသည်။

“ခွေးအ” တို့ အူသံသည် ချောင်းဘက်မှ လာခြင်းဖြစ်၏။ သို့ကြောင့် သူသည် နံဘေးတွင်ရှိ ရိုင်ဖယ်အိုကြီးကို ယူလိုက်ပြီး ချောင်းစပ်သို့ မှောင်ရိပ်ခို ချောင်းမြောင်းသွား လေတော့၏၊

“ခွေးအ” သားကို အခြောက်လှန်း တောင်ဆိတ်သားဟု ပြောရောင်းလျှင် သူ့အတွက်ငွေရပေါက်တစ်ခုဟု တွက်လိုက်ခြင်ဖြစ်သည်။

”အူး…”

“အူး”

“အူး” “အူး”

ချောင်းစပ်တစ်ဝိုက် အစာရှာရင်း အူနေကြသည့် “ခွေးအ” တို့သည် ခြောက်ကောင်ခန့် ရှိချေ၏။သူသည် အမှောင်ရိပ်မှပုန်းလျှိုးကွယ်လျှိုးဖြင့် ပစ်ခွင့်ရလျှင်အနည်းလေး နှစ်ကောင်တော့ဖြင့် ပြေးမလွတ်ဟု တွက်လိုက်၏။

သည်သို့ဖြင့် သူသည် ချောင်းမြောင်းပစ်ခတ်ရန် အသင့်လျော်ဆုံးနေရာကို ကြည့်လိုက်၏။
ချောင်းစပ်နှင့် မဝေးလှသော နေရာလေးတွင် ကျွန်းတစ်ပင်ရှိနေ၏။ ထိုကျွန်းပင်နောက်ကွယ်မှ ချောင်းမြောင်းပစ်ပါက အဆင်ပြေနိုင်သည်ဟု တွက်ကာ မှောင်ရိပ်ခိုတွားသွားလေ တော့၏။

ထိုကျွန်းပင်နား ရောက်လုတွင် သူသည် တွားသွားနေရာမှကပျာကသီထကာ ကျွန်းပင်နောက်ကွယ်သို့ ပြေးကပ်လိုက်၏။

“ဟင်”

ကြက်သီးမွေးညင်း ထသွားသည်။
“အား” ရယ်လို့ အော်လိုက်မိသည်။
ကျွန်းပင်နောက်ကွယ်သို့ ပြေးအကပ်တွင် ပျော့စိစိ အရာတစ်ခုကို နင်းမိလျက် ဖြစ်သွားသည်ကြောင့် ဖြစ်၏။သို့ဖြစ်၍ ကပျာကယာသူ ထိုခြေကို မ,လိုက်ငြား နောက်ကျသွားချေပြီဖြစ်သည်။

* * *

“ကိုလင်း. . .” ထစမ်းပါဦးဗျာ။ ညက အားသယ် ပြန်မှလာဘူးထင်တယ်”

ကျွန်တော်က နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည်။ အိပ်ရာမှ နိုးသည်တွင် မိုးစင်စင်လင်းနေပြီ ဖြစ်၏။

“အားသယ်” ကို သတိရလိုက်သည်ဖြစ်၍ စခန်း ပတ်ဝန်းကျင်တွင် ရှာကြည့်လိုက်သေး၏။ ညက ပြန်ရောက်လာပုံမပေါ်။ သို့ကြောင့်သူတွက် စိုးရိမ်သွားမိသည်။

သို့ဖြစ်၍ အိပ်ပျော်နေဆဲ ဖြစ်သည့် လင်းမြင့်လှိုင်ကိုနှိုးပြောလိုက်သည်။

“အင်. . . တစ်ညလုံး ပြန်မလာပုံထောက်တော့ အားသယ်စခန်းပျောက်နေလို့လား မသိဘူး။ အေးလေ. . . ခဏတဖြုတ် စောင့်ကြည့်ကြသေးတာပေါ့။ အချိန်တန်လို့မှ ပြန်ရောက်မလာလျှင်ဖြင့် လိုက်ရှာကြမယ်လေ”

သို့ပြောကာ လင်းမြင့်လှိုင်သည် မျက်နှာသစ် ခြေလက်ဆေးရန် ရေအိုင်လေးရှိရာသို့ ထွက်သွားလေ၏။အတန်ကြာတွင် ကျွန်တော်တို့နှစ်ယောက်သည် မီးပုံနံဘေးတွင်ပြန်ဆုံကြပြီး ညက အကျန် အသားကင်များကို နံနက်စာ အလို့ငှာ စားလိုက်ကြ၏။

နံနက် ၈နာရီ ထိုးလုတိုင် အားသယ် ပြန်ရောက်မလာသဖြင့်ကျွန်တော်တို့သည် အားသယ်ကို ရှာရန် စခန်းမှ အပြီးတိုင် ထွက်ခဲ့တော့သည်။

အားသယ်နှင့်တွေ့လျှင်လည်း ဤစခန်းသို့ ပြန်လာကြမည်မဟုတ်။ ခရီးဆက်ကြမည် ဖြစ်၏။ကျွန်တော်တို့ ဦးတည်ရာသည် မနေ့က အားသယ်နှင့် လမ်းခွဲလာခဲ့သည့်နေရာ ဖြစ်၏၊ထိုနေရာတွင် သဲလွန်စ ရှာရမည် ဖြစ်သည်။ကျွန်တော်နှင့် လင်းမြင့်လှိုင်သည် စကားတပြောပြောဖြင့်လျှောက်ခဲ့ကြရာမှ နာရီဝက်ပင် မကြာလိုက်၊ မနေ့က အားသယ်နှင့် လမ်းခွဲခဲ့သော နေရာကို ရောက်လာတော့၏။

ထိုနေရာသို့ ရောက်သည်တွင် မြေတူးထားသော နေရာကိုလိုက်ရှာခဲ့ကြ၏။

ထိုနေရာတစ်ဝိုက် မြေကျင်းတူးထားပုံမရ။ သို့ဆိုပါလျှင်သယ်သည် လင်းမြင့်လှိုင်ပြောခဲ့သည့်အတိုင်း ဒရယ်မကြီးကို မည်သည့်နေရာတွင် မြေမြှုပ်လိုက်ပါသနည်း။

ပြီးတော့ ကျွန်တော်တို့ထံ ဘာကြောင့် ပြန်ရောက်မလာရပါသနည်း။

“လာဗျာ. . . ကိုပိုက် ရှေ့နားမယ် တစ်ချက် သွားကြည့်ကြတာပေါ့”

သို့ဖြင့် ကျွန်တော်တို့ နှစ်ယောက်သည် ထိုနေရာလေးမှ ခွာခဲ့ကြပြန်၏။
“ဟာ… သည်မယ် အားသယ်ခြေရာဗျ”

“အင်း ဟုတ်ပြီ။ ကျွန်တော် သဘောပေါက်ပြီ။ အားသယ်ကခိုင်းတဲ့အတိုင်း မလုပ်ဘဲ ဒရယ်မကြီးကို တစ်နေရာ ထမ်းသွားပုံရတယ်ဗျ။
ဒါကြောင့် သူ့ခြေရာက မြေပျော့ထဲကို အတော် နစ်ဝင်ထင်ကျန်ခဲ့တာပေါ့”

“အင်း. .. ဟုတ်လိမ့်မယ်ပျို့ လာဗျာ. . . သူ့ခြေရာနောက်လိုက်ကြမယ်”

“ဟုတ်ပြီလေ”
အားသယ်၏ခြေရာ ဦးတည်သွားရာဘက် လိုက်ခဲ့ကြပြန်သည်။

“သားကောင်ကို ထမ်းသွားတယ်ဆိုတော့ ခရီးသိပ်တွင်မည့်ပုံမပေါ်ဘူး။ တစ်ညလုံးတော့ လျှောက်သွားနေမှာ မဟုတ်ဘူး။ တစ်နေရာ
မှာ စခန်းချမယ်။ ညမမှောင်ခင် စခန်းနေရာ ရှာရမယ်ဆိုတော့ သူညအိပ်စခန်းချမယ့် နေရာက ဝေးဝေးမှာ ရှိလိမ့်မယ် မဟုတ်ဘူး”

ကျွန်တော်တို့ မှန်းဆထားသည့်အတိုင်း ဝါးတောလေးတစ်ခုအတွင်း သူစခန်းချခဲ့သည့် နေရာကို ရောက်ခဲ့ကြ၏၊မီးရှိန်ငွေ့ငွေ့ သာရှိသည့် ထင်းမီးပုံကို တွေ့ ရ၏၊ ထင်းမီးအနား
တစ်ဝိုက် အသားကျပ်တိုက်အချို့ ပြန် ကျဲနေသည်ကို တွေ့ ရ၏။သားကောင် ခြေရာများလည်း တွေ့ရသည်ကြောင့်ဘာကောင်
ရယ် သိရန်အလို့ငှာ ထိုခြေရာများကို သေချာ စူးစမ်းကြည့်လိုက်ကြ၏။

“ခွေးအခြေရာတွေ”

“အင်း. . . ဟုတ်တယ်။ ခွေးအ ခြေရာတွေဗျ”
“အားသယ် မီးကင်ထားတဲ့ အသားကင်တွေကို ခွေးအတွေ လာဆွဲသွားကြတာ ဖြစ်မယ်”

ကျွန်တော်က သို့ ကောက်ချက်ချလိုက်၏။

”နို့ဖြင့် အားသယ် တစ်စုံတစ်ရာ အန္တရာယ်နဲ့ ရင်ဆိုင်လိုက်ရသည်လား မသိဘူးဗျ”

“ဖြစ်နိုင်လောက်တယ်” ဆိုကာ ကျွန်တော်တို့သည် ဝါးတောအတွင်း လှည့်ပတ် လှမ်းကဲကြည့်လိုက်၏။

“ကိုလင်း. . . ဟိုချောင်းစပ်နားက ကျွန်းပင်ကြီးအောက်မယ်ယင်မည်းကောင်ကြီးတွေ ရှိနေသဗျ။ သွားကြည့်ရအောင်”
ကျွန်တော်တို့ နှစ်ယောက် ထိုကျွန်းပင်ရှိရာသို့ ခြေလှမ်း သွက်သွက်ဖြင့် လျှောက်ခဲ့ကြသည်။

“ဟာ”

“ဘုရားရေ”

ထိုကျွန်းပင်အောက် ရောက်သည်တွင် ရင်ဆို့သွားရတော့၏၊ခွေခွေလေး လဲကျနေသော အားသယ်ကို တွေ့လိုက်ကြရသည်။သူ၏ ပါးစပ်မှ အဖြူမြှုပ်များ ထွက်နေ၏။ တစ်ကိုယ်လုံးလည်း ပြာနှမ်းလို့နေ၏။

ဘယ်လို ဖြစ်ပါလိမ့်၊ အသတ်နှင့် ခန္ဓာ တွဲလျက် ရှိမနေပါတော့ချေ။

သူ၏ တစ်ကိုယ်လုံး ညှီစို့စို့ အနံ့အသက် ထွက်နေ၏။ အသားများ အူနေပြီ ဖြစ်သည်။ သို့ကြောင့်လည်း ယင်ကြီးများ အုံခဲနေကြခြင်း
ဖြစ်သည်။ပုရွက်ဆိတ်နီတို့သည် နှာခေါင်း၊ နားတို့မှ ဝင်ထွက်သွားလာနေကြသည်။

သူ့ တစ်တိုယ်လုံးကို လှည့်ပတ်ကြည့်ရာတွင် မည်သည့် ဒဏ်ရာဒဏ်ချက်မျှ မရှိချေ။
သို့ငြား သူ၏ ခြေကျင်းဝတ်သည် ယောင်ကိုင်းနေသည်ဖြစ်၏။သေချာကြည့်လိုက်သည်။

“ဟင်”

ကျွန်တော်သည် အားသယ်၏ ခြေထောက်ကို အံ့သြတုန်လှုပ်စွာဖြင့် ကြည့်နေစဉ်-
..
“ကိုပိုက် . . လာဗျို့၊ ကျွန်တော် တွေ့ပြီ” ဆိုကာ လင်းမြင့်လှိုင်က လက်ကိုဆွဲ၍ ချောင်းစပ် မြက်ရိုင်းတောဘက် ဆွဲခေါ်သွားလေသဖြင့် ကျွန်တော်လည်း ဘာရယ်မသိ သူဆွဲခေါ်ရာနောက် ပါသွားရတော့၏။

မြက်ရိုင်းတော အစပ်တွင် မြွေကြီးတစ်တောင် ငြိမ်သက်စွာဖြင့်ဆန့်ဆန့်ကြီး ရှိနေ၏။ လင်းမြင့်လှိုင်က သေနတ်ဒင်ဖြင့် ထုရိုတ်သတ်လိုက်၏။သူ့ထံ ပြေးလွှားလာသံ ကြားသော်ငြား ရွေ့လျား သွားနိုင်ခြင်းမရှိသည်ကြောင့် အသတ်ခံလိုက်ရသော မြွေကြီးသည် အဆိပ်ပြင်းလွန်းလှသောတောကြီးမြွေဟောက်ပင် ဖြစ်သည်။ခန့်မှန်း လက်ကောက်ဝတ်ခန့် လုံးပတ်ရှိပြီး အရှည်အားဖြင့်ငါးပေထက်တော့ဖြင့် မလျော့နိုင်။

အားသယ်ကို ကိုက်ခဲသွားသော တရားခံ အမှန်ပင်ဖြစ်ပေသည်။ကြောက်စရာကောင်းသော ဝဋ်ကြွေးဟုပင် ပြောရမလို ဖြစ်၏။အားသယ်သည် မုဆိုးစည်းကမ်းဖောက်ကာ နို့စို့အရွယ်
ငယ်ရှိသည့် ဒရယ်မကြီးကို သတ်ဖြတ်ခဲ့၏။

နေ့ပင်မကူး ထိုဝဋ်ကြွေးကို သူဆပ်လိုက်ရခြင်းပင်။ သူ့တွင်လည်း နို့စို့အရွယ် အမိမဲ့သားငယ် ကျန်ခဲ့ရပေပြီ ဖြစ်သည်။

၂၅-၁၂-၂၀၀၂
မှုခင်းရှုထောင့်မဂ္ဂဇင်း
မတ်လ (၂၀ဝ၃ခုနှစ်)

#စာရေးဆရာ – ကိုပိုက်