————
ဆူး အရမ်းပျော်ရွှင်နေမိသည်။
ဒေါက်တာ က ပြောလိုက်တယ် ကိုယ်၀န် ၇ပတ်ရှိပြီတဲ့။ဆူး.. မထွက်လာသေးတဲ့ ဗိုက်ကလေးကို အသာကိုင်ကာ တစ်ယောက်ထဲ ကြိတ်ပြုံးနေမိလိုက်သည်။
“မမလေး..”
“ပြောလေ .. နွယ်မာ..”
“မမလေး ကိုယ်၀န် ၇ပတ် ရှိနေတယ်ဆိုတာ တကယ်လား ဟင်..”
“အင်း..။ဘာဖြစ်လို့ မေးတာလဲ နွယ်မာ..”
“သြော်.. ဒါမျိုးက နောက်စရာ မဟုတ်ဘူးလေ မမလေးရဲ့ ။ကိုကိုကြီးက မဟုတ်မဟတ်တွေ ပြောတာ မကြိုက်ဘူး..”
“ဘာ..”
ဆူး ဆက်ပြောစရာ စကားလုံး မရှိ။မသိလျှင် ဆူး ကပဲ လိမ်ညာပြီး ကိုယ်၀န် ရှိချင်ယောင် ဆောင်နေသည့် ပုံစံ။
“ပြီးတော့ နွယ်မာ ကြားဖူးတယ်.. မိန်းမ ကိုယ်၀န်ဆောင်တဲ့ အချိန် ယောကျာ်းသေရင် .. အဲ့ယောကျာ်းက သူ့အမျိုးသမီး မီးမဖွားမချင်း ဝိညာဉ်ဘ၀နဲ့ လိုက်ပြီး စောင့်ရှောက်ရတယ်တဲ့ မမလေး..”
ရုတ်တရက် ပြောလိုက်တဲ့ နွယ်မာ့ စကားကြောင့် စိတ်တိုသွားသည်။သူပြောပုံအရဆို မောင်ကပဲ သေပေးရ မလို။ဖွ.. လွဲပါစေ ဖယ်ပါစေ။
“နွယ်မာ စကားကို ဘယ်လိုတွေ ပြောနေတာလဲ..”
“မမလေး..ကလဲ နွယ်မာ ကြားဖူးတာ ပြောပြတာလေ..”
“တိတ်စမ်း..။နမိတ်မရှိ နမာမရှိ.. ”
ဆူး နွယ်မာကို စကားပြောလိုစိတ် မရှိတော့ပါ။ ပြောလျှင်လဲ ကတ်သီးကတ်သတ် ပြန်ပြောတတ်တဲ့ နွယ်မာ။ပါးစပ်ဆော့ လွန်းသည်။ဆူး သဘောအရဆိုလျှင် နွယ်မာ့ကို အိမ်မှာ မထားချင်ပါ။ယောက္ခမအိမ်မှာ မောင်နဲ့အတူ လိုက်နေတဲ့ ကျွန်မ .. အိမ်တွင်းရေးအထိ ၀င်ရောက် စွက်ဖက်ပိုင်ခွင့်မရှိ။ခု တလော မိသားစု၀င်တွေ မရှိတဲ့ အချိန် နွယ်မာ မောင့်ကို မျက်နှာချိုသွေးနေတာ ရိပ်မိသလို ရှိပါသည်။မသေချာပဲ စွပ်စွဲမိပါက ကိုယ့်ခင်ပွန်းရဲ့ သိက္ခာနဲ့ မိသားစု သိက္ခာ ကျဆင်းနိုင်သည်။တကယ်ဆို အိမ်ဖော်က အိမ်ဖော်နေရာ မှာပဲ ရှိနေသင့်သည် မဟုတ်လား။ဟူးးး .. ဆူး စားပွဲပေါ် တင်ထားသည့် သတင်းစာကို စိတ်မပါစွာ ကောက်ကိုင်လိုက်သည်။ထိုအခါ..
“ဆူး…”
“မောင် ပြန်လာပြီ..”
ဆူး ထိုင်နေရာကနေ .. ကားပေါ်ကနေ ဆင်းလာတဲ့ မောင့်ကို ပြေးကြိုလိုက်သည်။ဧည့်ခန်းကို ဖြတ်ပြီး အပေါ်ထပ်တက်ဖို့ .. လှေကားထစ်လေးတွေ နင်းနေတဲ့ မောင်နဲ့ဆူးကို နွယ်မာ ကြမ်းတိုက်ရင်း ခပ်စိမ်းစိမ်းကြည့်နေသည်။
“ဆူးလေ.. မောင်ရဲ့ ရင်သွေးလေးကို လွယ်ထားရပြီ..”
“တကယ်လား ဆူး..”
မောင် အံ့သြ၀မ်းသာစွာနဲ့ ကျွန်မကို ကြည့်လျှင် ခေါင်းကို အသာလေး ငြိမ့်ပြလိုက်သည်။ပျော်ရွှင်နေတဲ့ မောင့် ရဲ့ မျက်နှာကို ကြည့်ပြီး ဘာနဲ့ မှ မလဲနိုင်ပါ။
မောင်လိုချင်တဲ့ ရင်သွေးလေးက ဆူးတို့အတွက် ရတနာ တစ်ပါးပဲ မဟုတ်လား..။
ထိုနေ့ညက ဆူး အိပ်မပျော်ခဲ့ပါ။ဆူးတို့ မိသားစုထဲ ၀င်ရောက်လာတော့မည့် ရင်သွေးလေး အတွက် စိတ်ကူးတွေနဲ့ ရင်ခုန်နေမိသည်။
@@@@@@@@@
-( 2 )-
“သားဦး မွေးပေးရမယ်..”
ဟင်..။
မောင့် မေမေရဲ့ စကားသံ။
စားလက်စ ထမင်းပင် မ၀င်တော့..။
ဆူး ငိုချင်လာသည်။ သားပဲဖြစ်ဖြစ် သမီးပဲ ဖြစ်ဖြစ် ကိုယ့်သွေးသားပဲ ချစ်ပေးရမှာ မဟုတ်လား။
“မဟာ စံအိမ်ကြီးရဲ့ မြေးဦးဟာ.. သား ယောကျာ်းလေး ဖြစ်ရမယ်”
ဆူး နားမလည်နိုင်။အမိန့်ဆန်လွန်းတဲ့ အသံမျိုး။အတ္တကြီးလွန်းသည်ပဲ ပြောရမလား။မောင့် မေမေကို ဆူး နားမလည်ပါ။
မောင်က..ဆူးကို ပြုံးပြီး ကြည့်နေလျှင်.. ရင်ထဲ ဆိုစရာ စကားလုံး မရှိတော့..။ဆူး အတိုက်အခံပြောဖို့ ခွန်အားတွေ မရှိ..။ခံစားချက် တစ်ချို့ကို မျို့သိမ့်ပြီး အားယူ ပြုံးလိုက်သည်။
“ဟုတ်ကဲ့ပါ။မေမေကြီး .. မောင်ကလဲ သားဦးလေး လိုချင်တယ်လို့ အရင်က ပြောခဲ့ဖူးတယ်။ဆူးလဲ သားလေးပဲ လိုချင်တာပါ..”..လို့။
ဘယ်သူသိနိုင်မှာလဲ ဆူး ရင်ထဲက ခံစားချက်ကို..။
ဆူး ဗိုက်ထဲက ကလေးက သမီးလေးသာဆိုရင် မောင်တို့မိသားစုက မချစ်တော့ဘူးတဲ့လား။သားယောကျာ်းလေး မဟုတ်ဘဲ သမီးလေးကို မွေးခဲ့မယ် ဆိုရင်ဆိုတဲ့ အတွေးတွေက ခြောက်လှန့်နေသည်။
ဘယ်လိုရင်ဆိုင်ရမလဲ ကလေးရေ..
ဘယ်လိုပဲ ဖြစ်ဖြစ် တစ်မိသားစုလုံး ဆူး.. မောင့်ရဲ့ ရင်သွေးလေးကို လွယ်ထားရပြီဆိုတာ သိတဲ့ နေက စပြီး.. အရမ်းဂရုစိုက်ကြသည်။ဒီလိုလေးသာ တစ်သက်လုံး နေခွင့်ရရင် ဘယ်လောက်များ ကောင်းလိုက်မလဲ..။မေမေ့ ဗိုက်ထဲက ရင်သွေးလေးရေ.. သားသားလေးသာ ဖြစ်လိုက်ပါတော့နော်။ဆူး အတ္တတွေပဲ ကြီးလွန်းခဲ့လေ သလား မသိတေ့ာပါဘူးနော်..။
@@@@@@@
-( 3 )-
ထမင်းစားခန်းထဲ ၀င်မယ့် ဆူးရဲ့ ခြေလှမ်းတွေ နွယ်မာ့ စကားသံတွေကြောင့် တု့ံ့ခနဲ ရပ်သွားသည်။
“ကိုကိုကြီး..။နွယ်မာလေ ကိုကိုကြီး ကြိုက်တဲ့ ပုဇွန်ဆီပြန်ကိုလေ သေချာ ချက်ထားတာ။မမလေးကလဲ ကိုယ်၀န်ကြီးနဲ့ ဆိုတော့ ကိုကိုကြီးကို ဂရုစိုက်နိုင်မှာ မဟုတ်ဘူး။နွယ်မာ ကိုကိုကြီးကို ဂရုစိုက်ပါ့မယ်..” တဲ့..။
ကိုယ်၀န် ၆လထဲ ရောက်လာသည်နှင့် ဆူး..ကိုယ်လက်မအီမသာ ဖြစ်လာသည်။ မောင့်ကိုလဲ ဂရုမစိုက်နိုင်။အစားအသောက်လဲ အရင်လို ဟုတ်တိပတ်တိ စားမ၀င်တော့။ မောင်နှင့်အတူ ထမင်းလက်ဆုံ မစားဖြစ်တာပင် ရက်အနည်းငယ် ကြာခဲ့ပြီ။
“ကိုကိုကြီး.. ဒီနေ့ နွယ်မာ့ မွေးနေ့ ဆိုတော့လေ.. ညနေ ဘုရားသွားချင်လို့..။လိုက်ပို့ပါလားဟင်..”
မောင့်ဆီက ခွန်းတုံ့ပြန်စကား ဘာတစ်ခွန်းမှ မကြားရ။ဆူး ဟန်မပျက်စွာပင်.. ထမင်းစားခန်းထဲ ၀င်လာရင်း..
“မောင်.. ထမင်းစားနေပြီလား။ဆူး ကိုယ်လက်တွေ လေးနေတာနဲ့ မှေးခနဲ အိပ်ပျော်သွားတယ်။”
“အိပ်တော့ အားရှိတာပေါ့ ဆူးရဲ့..။ဒါမှ မောင်တို့ရဲ့ သားလေး ကျန်းမာမှာ..”
မောင်တို့ရဲ့ သားလေးတဲ့။
ရင်ထဲ အမျိုးအမည်မသိတဲ့ ဝေဒနာကြီးကို ခံစားလိုက်ရသည်။ပြောရမည့် စကားတွေပင် ဆွံ့အသွား သည်။ညနေ အာထရာဆောင်းရိုက်ဖို့ မောင့်ကို ပြောဖို့ပင် တွန့်ဆုတ်နေမိသည်။
“ဆူး.. ပြောစရာရှိတယ် မလား။ပြောလေ..”
“ဟို .. ဟိုလေ..။ဆူး ညနေ အာထရာဆောင်း သွားရိုက်ရမှာ..”
“အင်း..”
“အဲ့တာ..”
“ပြောလေ..ဆူးရဲ့။”
စကားလုံးတွေက ထွက်မလာတော့..။မျက်လုံးတွေကို စုံမှိတ်ပစ်လိုက်ပြီး…
“မောင်.. လိုက်ပို့မယ် မလား..”
ဆိုလျှင် မောင်က ဟက်ခနဲ ရယ်ကာ ဆူးရဲ့ ခေါင်းလေးကို အသာပုတ်သည်။
“ဘာများလဲလို့ ဆူးရယ်.. မောင်လိုက်ပို့မှာပေါ့။ဟုတ်ပြီလား..။”
ရင်ထဲက အပူလုံးကြီးကို မသိမသာ သက်ပြင်းချပြီး တစ်ဖက်သို့ လှည့်လိုက်မိလျှင် နွယ်မာ့ရဲ့ ခနိုးခနဲ့ အပြုံးကို တွေ့လိုက် သည်။
ဘယ်လို အပြုံးမျိုးပါလိမ့်။နွယ်မာ့ အကြည့်တွေက တစ်ဖက်သားရဲ့ စိတ်ကို သိမ်ငယ်အောင် စူးရှ တောက်ပလွန်းသည်။သာမန်လူတစ်ယောက်ရဲ့ အကြည့်မျိုး ဟုတ်မှ ဟုတ်ရဲ့လား..။
မောင့် ရဲ့ မျက်လုံးတွေက ဆူးနဲ့နွယ်မာဆီကို အကဲခတ်သလို..ကျရောက်လာလျှင်..
“ကိုကိုကြီး .. ညနေ နွယ်မာ ပြောတာလေး .. မမေ့ပါနဲ့နော်..”တဲ့..။
အပိုင်စကားချုပ်ကာ ပြောသွားသည့် နွယ်မာ။ ဆူး နွယ်မာ့ကို ကြည့်မရ မုန်းမိသည်။ဆူး သည်ပဲ မောင့်ကို ချစ်လွန်း၍ သ၀န်တိုမိလေသလား။ဟူးးးး.. ဆူး ကလေးမဆန်သင့်တော့ပါ ..။
@@@@@@
-( 4 )-
“သားသားလေးပါနော်..”
ဆူး မှိတ်ထားတဲ့ မျက်လုံးလေးတွေကို အသာဖွင့်ယူလိုက်သည်။သားလေး..တဲ့။
မောင့်က ဆူးရဲ့ လက်ကို ဆုပ်ကိုင်ထားပြီး ပျော်နေလိုက်တာ။ရင်ထဲ ပူလောင်နေတဲ့ အလုံးကြီးကလဲ ကျသွားသည်။
ဖန်သားပြင်ပေါ်က မပီပြင်သေးတဲ့ မောင်နဲ့ဆူးတို့ရဲ့ သားလေးကို ကြည့်ပြီး ဆူး ကျေနပ်နေမိသည်။
မေမေတို့ ဘ၀ထဲကို မြန်မြန်၀င်လာပါတော့ သားလေးရေ..။
အိမ်အပြန် တစ်လမ်းလုံး မောင် ဆူးရဲ့ လက်ကို ကိုင်ပြီး ကားမောင်းလာသည်။ဘယ်အရာနဲ့မှ လဲလို့ မရတဲ့ စိတ်ခံစားချက်မျိုး။မောင်ရယ်.. ဆူးလေ.. မောင့် အတွက်သာ ဆိုလျှင်..
“ဆူး..”
“ဟင်”
“ဘုရားရောက်ပြီလေ .. ဆင်းတော့..”တဲ့။
“ဆူး ဘုရားသွားချင်တယ်လို့ မပြောမိပါဘူး..”
“မဟုတ်ဘူးလေ.. ဆူးရဲ့။ဒီနေ့ နွယ်မာ့မွေးနေ့ ..။ဘုရားသွားချင်တယ်ဆိုလို့ ..”
“သြော်..”
ဆူး ဟန်မဆောင်နိုင်ပါ။မျက်နှာ ကွက်ခနဲ ပျက်သွားသည်။ မဟာစံအိမ်ကြီးရဲ့ ချွေးမ ဖြစ်သည့် ဆူးသည် နွယ်မာ့လောက် နေရာ မရ။ဆူး မနာလို ဖြစ်မိခြင်းတော့ မဟုတ်ပါ။အလာထဲက
“နွယ်မာ့ကို တစ်ခါထဲ ခေါ်သွား..”
မောင့် မေမေရဲ့ စကားသံကြောင့် ဆူး မပျော်ပါ။ဖြစ်နိုင်လျှင် ဆူး မောင့်လက်ကို ဆွဲပြီး အဝေးကိုသာ ထွက်သွားချင်မိသည်။မဟာစံအိမ်မှာ ငယ်ငယ်ထဲက နေခဲ့သည့် သံယောဇဉ်ကြောင့် ဆိုပြီး အိမ်မှာ အလုပ်သမားတွေ အများကြီး ရှိနေပါလျှက်နှင့် နွယ်မာ့ကို နေရာ တကာ ဦးစားပေးနေသည်ကို ဆူး မကြိုက်ပါ။
စို့နစ်လာသည့် မျက်ရည်စ တစ်ချို့ကို ထိန်းလိုက်ကာ ကားပေါ်က ဆင်းလိုက်သည်နှင့် ကျေနပ်သည့် မျက်လုံးတွေနှင့် ကြည့်နေသည့် နွယ်မာ့ကို တွေ့လိုက်ရသည်။အသားရည် ညိုစိမ့်စိမ့်နှင့် ရုပ်ရည်ပြေပြစ်လှသော နွယ်မာ မျက်လုံးတွေ က စူးရှ တောက်ပလွန်းသည်။ဆူး ချက်ခြင်း မျက်နှာ လွှဲကာ ဘုရားပေါ်တက်ဖို့သာ ခြေလှမ်းတွေကို ဦးတည်လိုက်သည်။
@@@@@@@@@@@@@@
-( 5 )-
အရာရာက ဘာမှ မပီပြင် ဝိုးတဝါး ။နွယ်မာ ဆူးကို ကြည့်ကာ အူလှိုက်သည်းလှိုက် ရယ်နေသည်။
နွယ်မာ့ နောက်မှာ အဖြူရောင်၀တ်စုံလေးနဲ့ ယောကျာ်း တစ်ယောက်.. ။နွယ်မာ့ ခါးကို ဖက်ထားသည်။
ဆူး ထို ယောကျားကို သိလိုဇောနှင့် တဖြည်းဖြည်း ရှေ့ကို တိုးလိုက်မိလျှင်..
“မောင်..”
ဆူး အိပ်ယာကနေ ထ ထိုင်မိသား ဖြစ်သွားသည်။
ဘုရားရေ..ဆူး ဘာတွေကို အိမ်မက် မက်နေတာလဲ..။ရင်ထဲ မောဟိုက်နေသည်။အိပ်ယာဘေးကို ကြည့်တော့လဲ မောင်က မရှိ။
ဆူး အိပ်မရတော့တာနှင့် မောင်ကို လိုက်ရှာဖို့ ဧည့်ခန်းထဲ ဆင်းလာခဲ့သည်။ဟင်.. ဘာသံတွေလဲ။
“%••×××”
“×× .. ××”
စကားပြောသံတွေက မသဲမကွဲ။
ဆူး ခြေသံ လုံအောင် နင်းပြီး အသံကြားရာကို နားစွင့်မိလျှင်…
“ဒီကိစ္စ ဆူး သိလို့ မဖြစ်ဘူး..”
“မရဘူး..။ ဘယ်လိုပဲ ဖြစ်ဖြစ် ကိုကိုကြီး.. နွယ်မာ့ကို တာ၀န်ယူရမယ်..”
ဟင်..
မောင်နဲ့ နွယ်မာ့ အသံ။ သူတို့ ဘာတွေ ပြောနေကြတာလဲ..။
“နွယ်မာ့ကို ကိုကိုကြီး လက်ထပ်ရမယ်..”
“ဝုန်း..”
ရုတ်တရက် ကြားလိုက် ရတဲ့ စကားကြောင့် ဆူး.. လှေကားအဆင်း ခြေချော်သွားသည်။
“ဘယ်သူလဲ..”
နာကျင်နေတဲ့ ဒဏ်ကြောင့် အသံပင် မထွက်နိုင် အသက်ရှူတွေ ကြပ်လာသည်။
“ဆူး..”
“ဆူး.. ဘယ်လိုဖြစ်တာလဲ ထ ထ..”
မောင် စိုးရိမ်စွာနဲ့ တွဲထူနေသည်ကို ဆူး မျက်ရည်တွေကြားက နာကျည်းစွာ စိုက်ကြည့်လိုက်သည်။မောင်နဲ့ နွယ်မာ ထိုက်သင့်တဲ့ အပြစ်ဒဏ်ကို ပေးဆပ်ရမည်..။ထိတွေ့လာတဲ့ မောင့်ရဲ့ လက်တွေကို ဆူး ရှိုက်ကြီးတငင်ငိုတာ ရိုက်ထုတ်နေမိသည်။
“သွား.. ငါ့နားမလာနဲ့..။နင်တို့ကို မုန်းတယ်..”
ကျေနပ်စွာ ပြုံးနေတဲ့ နွယ်မာ့ကို မြင်လျှင် မောင့် ကို သတ်ချင်စိတ်တွေ ပေါ်လာသည်။
“ဆူး.. မောင် ရှင်းပြတာ နားထောင်ပါဦး..”
“ဘာမှ လာရှင်းမပြနဲ့ ။ မကြားချင်ဘူး..”
ဆူး ရဲ့ အော်ငိုသံ အဆုံး တစ်အိမ်လုံး မီးတွေ လင်းလာပြီး မေမေကြီးတို့ ရောက်လာသည်။
“ဘာတွေ ဖြစ်နေကြတာလဲ..”
မောင် မျက်နှာတွေ အရမ်းပျက်နေသည်။ဆူး ငိုနေယုံက လွဲလို့ ဘာတစ်ခွန်းမှ မဆိုနိုင်။
နွယ်မာ က ဘာကိုမှ အကြောက်အလန့် မရှိ ခပ်တည်တည်ပင်..။
“မေးနေတယ်လေ..”
မေမေကြီးရဲ့ အမိန့်ဆန်သော အသံအဆုံး။
“နွယ်မာပြောမယ်..”
“နွယ်.. မာ ”
ဆူး ရင်တွေ တုန်သွားသည်။မောင် ဒီလောက်ထိ စိတ်တိုပြီး ပြောတဲ့ အသံ ဆူး ကြားဖူးတာ မဟုတ်။
“နွယ်မာနဲ့ကိုကိုကြီးနဲ့ မှားခဲ့ကြတယ်။ နွယ်မာ့ကို ကိုကိုကြီး တာ၀န်ယူပေးရမယ် မေမေကြီး..”
ဂရုမစိုက်စွာပင် ပြောသည့် နွယ်မာ့ စကားကြောင့် ဆူး ထိုနေရာတွင် ခွေကျ သွားသည်..။
@@@@@
-( 6 )-
“ဆူး..”
သတိရနေပေမယ့် မျက်လုံးတွေကို မဖွင့်ချင်သေး..။
ဖြစ်လာမည့် အရာ.. ရင်ဆိုင်ရမည့် အရာတွေကို ဆူး ကြောက်နေမိသည်။
မျက်ရည်တို့က တားဆီးလို့ မရ.. ဟင့် ခနဲ ရှိုက်ငိုမိလိုက်သည်။
“မငိုပါနဲ့.. ဆူးရယ်.. ။မငိုပါနဲ့။မောင် တောင်းပန်ပါတယ်နော်..။မောင်တို့ ရင်သွေးလေး ရှိသေးတယ်လေ ဆူးရဲ့..။မောင့်ကို ခွင့်လွှတ်ပေးပါနော်။ပြီးတော့ မောင် သူနဲ့ ဘာမှ မပတ်သတ်ဘူး။မောင့်ကို ယုံပါ..”
“မေမေကြီးတ်ို့က ဒီကလေးမကို သူ့ အဖိုးက ငယ်ငယ်ထဲက သေချာအပ်နှံထားလို့ မိသားစုလို စောင့်ရှောက်လာတာ။အခု လို ကိစ္စမျိုး မေမေကြီးလဲ လက်မခံဘူး..။မေမေကြီးချွေးမဟာ မေမေကြီးတို့ရဲ့ မျိုးဆက်သစ်လေးကို လွယ်ထားတဲ့ ဆူး ပဲ ဖြစ်ရမယ်။”
ဆူး အားရပါးရ ငိုချလိုက်သည်။တကယ်ဆို ဆူးနဲ မောင်နဲ့ မပြတ်သားနိုင်ပါ။မဟာ စံအိမ်ကြီးရဲ့ ချွေးမ အဖြစ် ဆက်လက်ပြီး တည်ရှိနေချင်ပါသေးသည်။
“မောင်.. ဆူး သူ့ကို ဒီ အိမ်မှာ မထားနိုင်တော့ဘူး။ဆူးတို့ အိမ်ထောင်ရေး သူ့ကြောင့် ပျက်စီးရလိမ့်မယ် မောင်ရဲ့..”
“အင်းပါ.. မောင် နားလည်တယ်။”
ဆူး မောင့် ရင်ခွင်ထဲ မျက်နှာအပ်ကာ ငိုမိလိုက်သည်။ဆူး ပိုင်သည့် ယောကျား ဆူး၏ ခင်ပွန်း ဘယ်သူ့ လက်ထဲမှ အရောက်မခံနိုင်ပါ။
“နွယ်မာ့ကို မေမေကြီးတို့ အခုပဲ နှင်ထုတ်ထားတယ်။သူနဲ့ ထိုက်တန်တဲ့ အပြစ် သူပြန်ပေးဆပ်ရမယ်.”
ဆိုလျှင်…
“မေမေကြီး ..နွယ်မာ မိုးရွာထဲ ထွက်မသွားသေးပဲ အိမ်ရှေ့မှာ ကျိန်စာ တိုက်နေတယ်..”
ဆိုပြီး ရေးကြီးသုတ်ပြာ ၀င်လာတဲ့ ထမင်းချက် ကြီးမေရဲ့ စကားသံ။
“ပြဿဿဿနာပဲနာပဲ အဲ့ကောင်မလေးက ၀မ်းတွင်းစုန်း..”
ဟင်..
ဆူး ခေါင်းတွေ ကြီးသွားသည်။မမြင်နိုင်တဲ့ ကံကြမ္မာဆိုးတွေ ၀င်လာမယ်ဆိုတာ ဘယ်သူက ကြိုသိမှာလဲ..။
@@@@
-( 7 )-
အပြင်မှာ မိုးတွေ သည်းသည်းမည်းမည်းရွာနေသည်။ဆူးတို့ ၀ရံတာကနေ ထွက်ကြည့်တာနှင့် နွယ်မာက ခြံတံခါး၀ကနေ လက်တွေကို ဓားနှင့်လှီးပြီး သွေးစက်လက်နှင့်..
“ကိုကိုကြီး.. နွယ်မာ့ကို နှင်ထုတ်တဲ့အတွက် .. ကိုကိုကြီး သားလေး မွေးပြီး ၁၀လပြည့်တာနဲ့ သွေးပွက်ပွက်အန်ပြီး အသေဆိုးနဲ့ သေပါစေ..”
ဆိုကာ အုတ်နံရံကို လက်နှင့် တစ်ချက်ရိုက်သည်။
လျှပ်စီးတွေ လက်ကာ မိုးခြိမ်းသံတွေပင် ကြားနေပြီ။ကံမကောင်းခြင်း နိမိတ်လေလား..။
ဆူးနဲ့မောင်ရဲ့ ရင်သွေးလေး..။
လူ့လောကထဲတောင် ရောက်မလာသေးဘူး။မကောင်းဆိုးဝါးမရဲ့ ကျိန်စာတွေ မိတော့မှာပါလား..။
“မဟာစံအိမ်တစ်ခုလုံးက လူတွေ အကုန် ကျိန်စာမိပြီး မဟာစံအိမ်မိသားစု မျိုးဆက် ပျောက်ကွယ်သွားပါစေ..”
မိုးတွေ သည်းသည်းမည်းမည်းရွာနေသည့် ကြားက ဆူးတို့ ခြံရှေ့ကနေ ကျိန်စာတွေ ရွတ်ဆိုနေသည်။နွယ်မာ့ကို မည်သူမှ မတားဆီးနိုင်။
ထိန့်လန့် အံ့သြခြင်း များစွာနှင့် တုန်လှုပ်နေမိကြသည်။
ဘုရား.. ဘုရား.. ။ ဘယ်သူမှ ဘာမှ မဖြစ်ပါစေနဲ့..။
×××××××××××××××××××××××××××××××××××
-( 8 )-
နောက်ရက် ကြားလိုက်ရသည့် သတင်းဆိုးက နွယ်မာ ဆုံးပြီတဲ့။ ထိုနေ့ညက မိုးရွာထဲ အရူးတစ်ယောက်လို အော်ဟစ်ပြေးရင်း ကားအက်စီးဒင့်ကြောင့် ပွဲချင်းပြီးဆိုပဲ။တစ်မိသားစုလုံး စိတ်မကောင်း ဖြစ်ကြပေမယ့် အချိန်အတိုင်းအတာ တစ်ခုထိ နွယ့်မာ့ကို ဆူး မေ့မရခဲ့။ခက်သည်မှာ မီးဖွားခါနီး ကိုယ်၀န် ရင့်လာတာနှင့် အမျှ..ဆူး နွယ်မာ့ကို မြင်နေရတာ နေ့စဉ် ရက်ဆက်လို ဖြစ်လာသည်။တစ်ခါတစ်ရံ ကြောက်စရာကောင်းတဲ့ အ်ိမ်မက်တွေ မက် သလို.. အိပ်ယာက လန့်နိုးတိုင်းလဲ ဆူး အနား ရှိသလို ခံစားရသည်။မြင်ရသည့် အခါတိုင်းလဲ…
“ထွက်သွား..ငါ့ဆီ မလာနဲ့…”
အော်ဟစ်နေပေမယ့် အသံက ထွက်မလာ လည်ချောင်းမှာ တစ်ဆို့နေသည်။မောင်နဲ့ မေမေကြီးတို့ကို ပြောပြလဲ စိတ်ကယောက် ကယက် ဖြစ်သည်ဟု ဆိုသည်။ဆူး ကို ယုံကြည်အောင် ဘယ်လိုပြောရမလဲ..။
ဆူး မောဟိုက်စွာ အော်ပစ်လိုက်မိသည်။
“အားး.. နွယ်မာ..”
“ဆူး.. အိမ်မက်တွေ မက်နေပြန်ပြီလား..”
“မောင်.. ဆူးတို့ နွယ်မာ့ရဲ့ ကျိန်စာတွေ မိနေပြီ ထင်တယ်။ ဆူး ကြောက်တယ်.. မောင် ”
ဆူး ..မောင့်ရင်ခွင်ထဲ တိုး၀င်လိုက်လျှင်.. သက်ပြင်းရှိုက်သံ သဲ့သဲ့ကို ကြားလိုက်ရသည်။
နွယ်မာရေ.. ဘယ်အချိန်ထိများ ခြောက်လှန့်နေဦးမှာလဲ။အိပ်မက်ဆိုးတွေကနေ အမြန်ဆုံး ရုန်းထွက်ပါရစေတော့။
@@@@@
-( 9 )-
မိုးတွေက နွယ်မာ ကျိန်စာ တိုက်ခဲ့တဲ့ အချိန်ကလို သည်းသည်းမည်းမည်း ရွာနေသည်။ ရင်ထဲ အထီးကျန်တာလိုလို ၀မ်းနည်းတာလိုလို ခံစားချက်မျိုး..။အေးစက်နေတဲ့ မိုးသက်ရဲ့ အထိအတွေ့တွေက ဆူးရဲ့ ရင်ကို မအေးမြနိုင်။
မောင်.. အလုပ်ကိစ္စနှင့် ခရီးထွက်သွားသည်။
ဆူး.. ဒီညကို ဘယ်လို ကျော်ဖြတ်ရမလဲ။
နွယ်မာ ဆူးဆီ ရောက်မလာပါစေနဲ့..။
ဆူး.. စောင်ကို ခေါင်းမြီးခြုံကာ မျက်လုံးတွေကို မှိတ်ပစ်လိုက်သည်။
အချိန်ဘယ်လောက် ကြာသွားသည် မသိ။
“မမလေး..”
“မမလေး..”
ကြက်သီးတွေက ဖြန်းဖြန်းထလာသည်။
နွယ်မာ့ ရဲ့ ခေါ်သံ။
ဆူး စောင်ထဲကနေ နားနှစ်ဖက်ကို ပိတ်ထားလိုက်သည်။
ထွက်သွားပါ.. နွယ်မာ။ နင် ငါတို့ မိသားစုနဲ့ ဝေးဝေး နေပါ။နွယ်မာ ဆူးခုတင်ဘေး လာထိုင်ပြီး တသိမ့်သိမ့်ငိုသည်။
“မမလေး.. နွယ်မာမကျွတ်သေးဘူး..”
အက်ကွဲသံကြီးနဲ့ ပြောလိုက်တဲ့ အသံ ။ကြောရိုးတစ်လျှောက် အေးစိမ့်သွားသည်။
“နွယ်မာ ကျွတ် ချင် တယ်..”
ဆူး အိပ်နေတဲ့ ခုတင် လေထဲမြောက်တက်သွားသလို ခံစားလိုက်ရသည်။
ဆူး ချက်ချင်းပင် ခုတင်ပေါ်က ခုန်ဆင်းကာ.. အခန်းထောင့်တစ်နေရာ ကပ်နေလိုက်သည်။
ကြောက်လန့်ပြီး ခုန်ဆင်း လိုက်သည့် ဒဏ်ကြောင့် ရက်စေ့ခါနီးပြီ ဖြစ်တဲ့ ကိုယ်၀န်က တစ်ဆစ်ဆစ် နာကျင်လာသည်။ပေါင်တံ တစ်လျှောက် စီးကပ်ကပ် ဖြစ်လာလျှင်.. ခေါင်းတွေ မိုက်ခနဲ ဖြစ်ပြီး ငို ချင်စိတ်တို့က ထိန်းမရ..။မျက်ရည်တွေက စီးကျလာသည်။
“မမလေး..”
“အားးးးး”
ူဆူး မျက်လုံး စုံမှိတ်ပြီး အော်ပစ်လိုက်သည်။ခံစားချက်တို့ မျိုသိမ့်မထားနိုင်တော့။
“ပြော.. နင် ဘာဖြစ်တာလဲ။ဘာလုပ်ချင်တာလဲ..”
ဆူး မျက်လုံးတွေ ဖွင့်ပြီး.. အခန်းထဲ တစ်ချက် ကြည့်လိုက်လျှင်.. ။ဘုရားရေ..နွယ်မာ မှန်တင်ခုံနားက ထိုင်ခုံပေါ် ထိုင်နေသည်။
“နွယ်မာ”
“နွယ်မာ ကျိန်စာမိနေတယ်။မမလေး အနားကနေ နွယ်မာ သွားလို့ မရဘူး။မမလေးတို့ရဲ့ ရင်သွေးလေးကို စောင့်ရှောက်နေရတယ်..”
“ဟင်း.. ခံလေ..။ခံပေါ့ ။နင်လုပ်တဲ့ အရာတွေပဲ နင်ပြန်ခံပေါ့..”
ဆူး နှုတ်ခမ်းကို မဲ့ကာ.. ပြောလိုက်လျှင် နွယ်မာ ငိုသည်။ပြီးလျှင် ကြောက်စရာကောင်းအောင် ရယ်လိုက်ပြီး..
“မမလေး.. နွယ်မာ့ကို မကူညီရင်.. မမလေးရဲ့ ရင်သွေးလဲ လူ့လောကကြီးကို ရောက်ပြီး မကြာဘူး.. နွယ်မာ့ ကျိန်စာတွေ မိပြီး အသေဆိုးနဲ့ သေရလ်ိမ့်မယ်။ နွယ်မာ အခု ဘာကြောင့် မမလေး အနားမှာ နေနေရတာလဲ သိလား။”
ဆူး အသက်ရှူတွေ ကြပ်လာသည်။နွယ်မာ့ စကားတွေကို နားထောင်နိုင်စွမ်း မရှိတော့ ။
“ကိုကိုကြီးနဲ့ မမလေးတို့ရဲ့ ရင်သွေးကို နွယ်မာ ×××ဖို့ စောင့်နေရတာ..။××××××”
ဟင်..။
ူနွယ်မာ့ရဲ့ စကားသံတွေကို ဆူး မကြားနိုင်တော့။
ထိုနေရာမှာတင် ခွေခေါက် လဲကျသွားသည်။
@@@@@@
-( 10 )-
ဆူး.. မျက်လုံးတွေ ဖွင့်လိုက်လျှင် အလင်းစူးစူးတစ်ချို့ကြောင့် မျက်လုံးတွေ ကြိမ်းစက်နေသည်။
“အားးးး”
ဗိုက်က နာကျင်မှုတို့ကြောင့် ရုန်းကာ အော်နေမိသည်။
“သတိရလာပြီလား.. ။မလှုပ်နဲ့ ညီမ.. ။အခု ဆေးရုံက ခွဲခန်းထဲ ရောက်နေတာ။ကလေးက ခွဲမွေးရမှာ ထုံဆေးပေးထားတယ်နော် ။မကြောက်နဲ့..”
ဆူး ငြိမ်လို့သာ ငြိမ်သွားသည်။သားလေးကို မွေးဖို့ ခွဲခန်းထဲ ရောက်နေတာတဲ့။ဘယ်လိုကြောင့် ရောက်နေမှန်းလည်း ဆူး မသိတော့ပါ။အစိမ်းရောင် ၀တ်စုံတွေနဲ့ maskအုပ်ထားတဲ့ လူတစ်ချို့ကို သာ မြင်ပြီး မျက်လုံးတွေကို စိတ်ချစွာ ပြန်မှိန်းထားလိုက်သည်။
ဒါတကယ်ဖြစ်နေလား အိမ်မက်ပဲ မက်လေသလား မသဲကွဲတော့။နှစ်ခြိုက်စွာ အိပ်ပျော်သွားသည်။
@@@@
-( 11 )-
ကျွန်မ နာမည် နွယ်မာ။ နွယ်မာက ဘိုးဘိုး မဟာစံအိမ်ကြီးမှာ ခြံစောင့်အဖြစ် ရှိခဲ့စဉ်ကတည်းက ကိုကိုကြီးတို့ မိသားစုနဲ့ အကျွမ်း၀င်ခဲ့သည်။နွယ်မာ ကိုကိုကြီးကို ငယ်စဉ်ကတည်းက ချစ်သည်။ကိုကိုကြီးက နွယ်မာ့ကို အစ်ကို တစ်ယောက်လို စောင့်ရှောက်သည်။တကယ်ဆို ကိုကိုကြီးက နွယ်မာ ငယ်ငယ်ကတည်းက တစ်ဖက်သတ် ချစ်ခဲ့ရတဲ့သူပါ။ဘိုးဘိုး အသက်ရှိစဉ် ၁၀နှစ်သမီး ကတည်းက မေမေကြီးတို့ဆီမှာ အပ်နှံထားသည်မို့ နွယ်မာ့ကို ချစ်ကြသည်။နွယ်မာ့ကို အိမ်ဖော်တစ်ယောက်လို မဆက်ဆံဘဲ မိသားစု အရာသွင်းပြီး အလေးပေးသည်။
တစ်နေ့..
ကိုကိုကြီး.. သူရဲ့ချစ်သူ ဆူးဆိုတဲ့ မမလေးကို ခေါ်လာပြီး မဟာစံအိမ်ကြီးနဲ့ မိတ်ဆက်ပေးသည်။မမလေးဆူးနဲ့ ကိုကိုကြီးတို့ရဲ့ မိဘတွေက မိတ်ရင်းဆွေရင်းတွေ ဖြစ်တာက တစ်ကြောင်း၊ မိန်းမ ပီသပြီး အရည်အချင်းရှိ သိမ်မွေ့လွန်းသည့် မမလေးကို မေမေကြီးတို့ သဘောကျကြသည်။နောက်ဆုံး ကိုကိုကြီးနဲ မမလေးတို့ လက်ထပ်ကြသည်ပေါ့။
နွယ်မာလေ မမလေးကို အားကျလိုက်တာ။နွယ်မာ့ဆီက ကိုကိုကြီးကို လုယူခဲ့တဲ့ မမလေးကို မုန်းမိသည်။နွယ်မာ ကိုကိုကြီးဆီက မေတ္တာရဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်။ ကိုကိုကြီးနဲ့ မမလေးကို ကွဲသွားစေချင်မိသည်။မမလေး ကိုကိုကြီး ရင်သွေးလေးကို လွယ်တဲ့ အချိန် မဟာစံအိမ် မိသားစုကြီးရဲ့ ချစ်ခြင်းမေတ္တာ အကုန်လုံး မမလေးဆီ ရောက်သွားည့် အချိန် နွယ်မာ မခံစားနိုင်။ဘယ်မလဲ နွယ်မာ့အတွက် နေရာ။ ဘေးကို ရောက်သွားခဲ့ပြီမလား။နွယ်မာ ကိုကိုကြီးကို အဆုံးရှုံးမခံနိုင်တော့ပါ။
ထိုနေ့…။
ိနွယ်မာ့ အတွက် နောက်ဆုံးနေ့။
ကိုကိုကြီးနဲ့ မမလေးကို အထင်မြင်လွဲစေပြီး ကြီးမားတဲ့ အပြစ်ကို နွယ်မာ ဖန်တီးခဲ့သည်။ကြံစည်ထားသလို မအောင်မြင်။နွယ်မာ မဟာစံအိမ်ကြီးကနေ ထွက်သွားရမည်တဲ့။မေမေကြီးနဲ့ ကိုကိုကြီးတို့ရဲ့ အမိန့်။နွယ်မာ အကုန်လုံးကို မုန်းသည်။ငယ်ငယ်ကတည်းက စောင့်ထိန်းခဲ့တဲ့ နှုတ်က ကျိန်စာ နွယ်မာ အသုံးချဖို့ ဆုံးဖြတ်ခဲ့သည်။
“ကိုကိုကြီး.. နွယ်မာ့ကို နှင်ထုတ်တဲ့အတွက် .. ကိုကိုကြီး သားလေး မွေးပြီး ၁၀လပြည့်တာနဲ့ သွေးပွက်ပွက်အန်ပြီး အသေဆိုးနဲ့ သေပါစေ..”
“မဟာစံအိမ်တစ်ခုလုံးက လူတွေ အကုန် ကျိန်စာမိပြီး မဟာစံအိမ်မိသားစု မျိုးဆက် ပျောက်ကွယ်သွားပါစေ..”
ဟင်း… ဒါ ..နွယ်မာကျိန်ခဲ့တဲ့ ကျိန်စာတွေလေ။နွယ်မာ့ရဲ့ သွေးနဲ့ ကျိန်ဆိုခဲ့တာ။
အဲ့ အချိန်မှာသိလိုက်ရတာက ကိုကိုကြီးနဲ့ မမလေးတို့ရင်သွေးလေးရဲ့ ဘုန်းကံကြောင့် နွယ်မာကိုယ်တိုင် ကျိန်စာသင့်ခဲ့ရသည် ဆိုတာ။နွယ်မာ ချက်ချင်း နောင်တရပြီး ကျိန်စာပြယ်ဖို့ သွေးရူးသွေးတန်း တောင်းဆိုပေမယ့်လဲ မမှီတော့ ။ထက်လွန်းသည့် ကျိန်စာကြောင့် နွယ်မာ အသေဆိုးနှင့် သေခဲ့ရသည်။အကယ်၍ မဟာစံအိမ် မျိုးဆက် နွယ်မာ့ကျိန်စာကြောင့် ပျောက်ကွယ်သွားခဲ့ပါက ဘယ်တော့မှ မကျွတ်လွတ်ပါစေနဲ့ ဆိုတဲ့ ကျိန်စာ ထပ်ပြီးသင့်ခဲ့သည်တဲ့။အခုလဲ-
“မိန်းမ ကိုယ်၀န်ဆောင်တဲ့ အချိန် ယောကျာ်းသေရင် .. အဲ့ယောကျာ်းက သူ့အမျိုးသမီး မီးမဖွားမချင်း ဝိညာဉ်ဘ၀နဲ့ လိုက်ပြီး စောင့်ရှောက်ရတယ်တဲ့ မမလေး..”
ဆိုပြီး မဆင်မခြင် ပြောခဲ့တဲ့ စကားကြောင့်လဲ ကိုကိုကြီးနဲ့ မမလေးတို့ ရင်သွေးလေးကို နွယ်မာ စောင့်ရှောက်နေရပြီ။နွယ်မာ ကျိန်စာတွေ ပျယ်ပြီး ဒီဘ၀ကနေ ကျွတ်လွတ်ချင်ပြီ..။နွယ်မာ စီးကျလာတဲ့ မျက်ရည်တွေကို သုတ်လိုက်ရင်း နှုတ်ခမ်းက မဖွင့်ဘဲ စကားတစ်ခွန်းဆိုလိုက်သည်။၀ဋ်ကြွေးရှိရင်လဲ ကျေပါစေတော့…။
@@@@
-( 12 )-
“မမလေး..”
ဟင်..
နွယ်မာ..။သားလေး မွေးပြီး၃လလောက်ထိ ပျောက်သွားသည့် နွယ်မာ အခုထိ မကျွတ်သေးဘူးလား။ဆူးတုိ့ ကုသိုလ်ကောင်းမှုတွေ လုပ်ပေးနေပါလျှက်နှင့်။နွယ်မာ သာဓု ခေါ်မရလို့လား..။
ဆူး မျက်လုံးတွေ ဖွင့်လိုက်တာနှင့် နွယ်မာ ကုတင်ဘေး လာရပ်နေတာ တွေ့လိုက်ရသည်။ဆူး မျက်လုံးတွေ မှိတ်ပစ်ပြီး ဘုရားစာ ရွတ်နေချိန် နွယ်မာ ခြင်ထောင်လှပ်ပြီး ၀င်လာပြီလို့ သိလိုက်ချိန်..
“အားးး”
“ဆူး.. ဘာဖြစ်တာလဲ”
“နွယ်မာ..”
“ဘယ်မလဲ နွယ်မာ..”
မောင် မီးခလုတ်တွေ ထဖွင့်သည်။ဆူး အော်လိုက်တာကြောင့် သားလေးလဲ လန့်ပြီး ငိုသည်။
“နွယ်မာ ဆူးကို ခေါ်နေတယ် ။ဟင့်..”
သားသားကို ဂရုမစိုက်နိုင်။ ဆူး ငိုချမိလိုက်သည်။
“ဆူးရယ် ဘာတွေ ပြောနေတာလဲ။အိမ်မက် မက်ပြန်ပြီလား..”
“မဟုတ်ဘူး မောင်ရဲ့ ဆူး မြင်နေရတယ်။ဆူး နွယ်မာ့ နောက် လိုက်ရတော့မယ် ထင်တယ်။ဆူး.. မောင်နဲ့သားလေးကို မခွဲချင်ဘူး..”
မောင် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ဖြစ်နေသည်။မောင် သားလေးကို ကောက်ချီပြီး ဆူး ဘက်လှည့်ချိန်တွင်.. နွယ်မာ့ မျက်နှာနှင့်.. မောင့်ကို တွေလိုက်ရသည်။
“အားး..”
ဆူး ချက်ချင်း ကုတင်ပေါ်က ခုန်ဆင်းပြီး မောင့်ကို နီးရာ ပစ္စည်းနှင့် ကောက်ပေါက်နေမိသည်။မောင် ကုတင်က ဆင်းလာပြီး ဆူး ပုခုံးတွေ ကိုင်ကာ..
“ဆူး.. ။ဆူး ဘာဖြစ်နေတာလဲ..”
သတိပေးရင်း လှုပ်ရမ်းနေပေမယ့်..
“မလာနဲ့… သွား.”။
နားနှစ်ဖက်ကို လက်ဖြင့်အုပ်ကာ အော်ဟစ်နေမိသည်။ ပြီးလျှင်.. တံခါးဆီပြေးပြီး လက်ကိုင်ကို အတင်းဆွဲလှည့်လိုက်သည်။တံခါးက ဖွင့်မရ..။ဆူး ခေါင်းတွေ ကြီးလာသည်။
“မောင်..။မောင်ရေ.. ဆူးကို ကယ်ပါဦး..”
သွေးရူးသွေးတန်း ဖြစ်နေတဲ့ ဆူးကို မောင် မှိုင်တွေကျကာ ကြည့်နေသည်။ပတ်၀န်းကျင်ကို သတိမထားမိ။အခန်းထဲက ထွက်ပြေးဖို့ကိုသာ ဆူး အာရုံ စိုက်နေမိသည်။ထိုစဉ် အခန်းတံခါး ပွင့်သွားပြီးတံခါး၀မှာ ရပ်နေသည့် မောင့်ကိုတွေ့လျှင်..
“မောင်..”
ဆူး မောင့်ကို ဖက်ထားပြီး ငိုကာ စကားတွေပြောနေမိသည်။ မောင်က တုတ်တုတ်မလှုပ်။တစ်ကိုယ်လုံး အေးစက်တောင့်တင်းနေသည်။ဆူး မျက်ရည်တွေ သုတ်ပြီး မော့ကြည့်လျှင် မောင်က မျက်နှာသေကြီးနှင့် ဆူးကို ကြည့်နေသည်ကို ကြက်သီးထဖွယ် တွေ့လိုက်ရသည်။အခန်းထဲ လှည့်ကြည့်တော့လဲ မောင်နဲ့ သားလေးက ခုတင်ပေါ်မှာ။ဟင်..။မဟုတ်သေးပါဘူး..။မောင်က ဆူး ရဲ့ဘေးနား အိပ်နေတာပါ။စောစောက ဆူး လန့်ပြီး အော်လို့ မောင်နဲ့သားလေး နိုးသွားတာ မလား။
အခု ဆူး ဖက်ထားတဲ့ မောင်က….။
“အား…..”
@@@@@@
-( 13 )-
ထိုနေ့က စပြီး..
ဆူး ကို ယဉ်ယဉ်လေး ရူးသွားပြီတဲ့…။
မဟာစံအိမ်ကြီးက လူတွေက ပြောတယ်။ဆူး နွယ်မာ့ရဲ့ ကျိန်စာတွေ သင့်နေတာတဲ့။ဟင်း.။
ဘယ်သူ ယုံနိုင်မှာလဲ.. နွယ်မာ ဆူးဘေးနား ရှိနေခခဲ့တယ်ဆိုတာ..။
ဆူး.. ကြောက်စိတ်ကို ထိန်းထားနိုင်ခဲ့သည်။ဆူး နွယ်မာ့ကို မကြောက်တော့။အခုဆို မဟာစံအိမ်ကြီးထဲ လူတွေနှင့် စည်ကားသိုက် မြိုက်နေသည် မဟုတ်လား..။
ဒီနေ့…
သားလေး ရက်တစ်ရာပြည့် မွေးနေ့။သားလေးက မျက်နှာရွှင်သည်။အခုဆို ရယ်တတ်ပြုံးတတ်နေပြီ ။မောင်က သားသားကို လက်ကနေမချ ။ မဟာစံအိမ်ကြီးရဲ့ ချစ်ခြင်းမေတ္တာတွေ အကုန်လုံး သားသားက သိမ်းပိုက်ထားသည်ဆိုတာ ငြင်းနိုင်ဖွယ်ရာ မရှိ။ဆူးလေ ဒီလိုမျိုး တစ်သက်လုံး အရမ်း နေချင်တာပဲ။ခြံထဲ ဧည့်သည်တွေ ပြန်သွားသည်နှင့် အလုပ်သမားတွေကို ပစ္စည်းတွေ သိမ်းဆည်းရန် ညွှန်ကြားပြီး အိမ်ထဲ ၀င်လာခဲ့သည်။
“သမီး..”
“ဟုတ် မေမေကြီး”
ဧည့်ခန်းထဲ မောင်နဲ့မေမေကြီး မျက်နှာချင်းဆိုင်မှာ တည်ကြည်ခန့်ညားသော ဦးလေးကြီး တစ်ယောက်နှင့် ၇နှစ်အရွယ် သမီးလေးတစ်ယောက်ကို တွေ့လိုက်ရသည်။ဆူး အပြုံးလေးတစ်ပွင့်ကို ပန်ဆင်ပြီး မောင့်ဘေးနား ၀င်ထိုင်လိုက်လျှင်ပဲ ထိုသမီးငယ်လေးက ကြောက်ရွဲ့တဲ့ မျက်လုံးတွေနှင့် ဆူးကို ကြည့်သည်။
“ဒီသမီးက မဟာစံအိမ်ကြီးရဲ့ ချွေးမလား..”
“ဟုတ်ပါတယ် ဆရာကြီး..”
ဆရာကြီးတဲ့ မေမေကြီးက ခေါ်လိုက်တာပါလား။
ဆူး နားမလည်သလို ကြည့်နေလျှင် မောင်က..
“ဒါက မောင်တို့ မိသားစုကိုးကွယ်တဲ့ ဆရာကြီးလေ။မဟာစံအိမ်ကြီးရဲ့ ပြသနာ အခက်အခဲ မှန်သမျှဆရာကြီးက ဖြေရှင်းပေးတာ။ဆရာကြီးက မောင်တို့ မိသားစုကို စောင့်ရှောက်ပေးတာ”
“မမ.. မမ နောက်မှာ သရဲ..”
ဟင်..
ဆူး ကြက်သီးတွေ ဖြန်းဖြန်ထ သွားသည်။၇နှစ်အရွယ် သမီးလေးက မောင် စကားပြောနေစဉ် ဖြတ်ပြောခြင်းပင်။
“မမနောက်မှာ သရဲမ ရပ်နေတယ်..”
ဘုရားရေ..။နွယ်မာ ဆူးနောက်မှာ ရှိနေသည်တဲ့လား။ဆူး တုန်လှုပ်စွာ မောင့်ကို ကြည့်နေမိသည်။
“ဒီသမီးလေးက အကြားအမြင်ရှိတော့ နာနာဘာ၀ မှန်သမျှ အကုန်မြင်နေတတ်တယ်။အင်း.. ကျိန်စာတွေ ရှိနေတုန်းပဲ။ကျိန်စာပျယ်မှ ရမယ်..”
ဆရာကြီးက သားလေးကို မေမေကြီးဆီက ယူကာ မျက်လုံးတွေမှိတ်ပြီး ပါးစပ်ကနေ ဂါထာ တစ်ခုကို ရွတ်ဆိုသည်။ထိုအခါ သားသားက အသံတွေပေးပြီး
ဆူးဘက်လှည့်ကာ ရယ်ပြနေလျှင် ရင်ထဲ တစ်မျိုးတစ်မည် ဖြစ်လာသည်။
“မောင်လေးကို ခေါ်သွားလို့မရဘူး..”
ဆရာကြီးနှင့် ပါလာသည့် သမီးလေးရဲ့ အသံ။
“ကျိန်စာက တစ်ဖက်လူက ဘုန်းကံ မြင့်နေရင် ဘာမှ လုပ်လို့မရဘူး။ကျိန်စာ အစွမ်းထက်လွန်းရင် တိုက်တဲ့သူကိုယ်တိုင် ကျိန်စာ ပြန်သင့်တတ်တယ်။တခြားသူတွေ မထိခိုက်အောင် ကျိန်စာပြယ်မှ ဖြစ်မယ်..”
ဆရာကြီးက ဆူးကို ကြည့်ပြီး ပြောလိုက်ခြင်းပင်..။
“ကျိန်စာတွေ ပြယ်အောင် လမ်းညွှန်ပေးပါဆရာ။ဆူးတို့ အစွမ်းကုန်ကြိုးစားပါ့မယ်..”
“ဒီ သမီးငယ်လေးက ဘယ်သူလဲ သိလား”..တဲ့။
ဆရာကြီးက သူနှင့်ပါလာသည့် ၇နှစ်အရွယ် သမီးလေးကို ကြည့်ပြီး ပြောလိုက်ခြင်းပင်..။ဆူး တို့အကုန် ခေါင်းကို ရမ်းလိုက်သည်။ထိုအခါ ဆရာကြီးက သက်ပြင်းတစ်ချက်ချကာ..
“ဒီသမီးလေးက .. သေဆုံးသွားတဲ့ နွယ်မာရဲ့ ညီမ အငယ်ဆုံး..။နွယ်မာတို့ရဲ့ နောက်ဆုံး မျိုးဆက်ပဲ..”
တဲ့..။
“နွယ်မာ တစ်ယောက်ပဲ ကျန်ခဲ့တာဆို။အငယ်ဆုံး ညီမဆိုတော့ နွယ်မာနဲ့ ဒီကလေးကြား မောင်နှမတွေ ရှိသေးတယ်ပေါ့”
“မရှိပါဘူး။နွယ်မာ့ကို မဟာစံအိမ်ကြီးကို ပို့ပြီး နှစ်အတန်ကြာမှ ဒီသမီးလေး မမျှော်ပဲ မွေးခဲ့တာ။ဒီသမီးလေးမွေးပြီး မိဘ၂ပါးလုံး ရှေ့ဆင့် နောက်ဆင့် ကွယ်လွန်သွားကြတော့ ဒီကိစ္စကို ဘယ်သူမှ မသိဘူး။ဘယ်သူ့ကိုမှလဲ မပြောပြဘူး။ သူတို့ မဟာစံအိမ်ကြီးရဲ့ ဆွေစဉ်၇ဆက် ကျွန်သက်ရှည်ရမည်ဆိုတဲ့ ကျိန်စာ မိခဲ့ကြဖူးတယ်။ဒါကြောင့် နွယ်မာက နောက်ဆုံးမျိုးဆက် လို့ပဲ သိစေခဲ့ကြတာ။နွယ်မာတောင် သူ့မှာ ညီမလေး တစ်ယောက် ရှိမှန်း သိမှာတောင် မဟုတ်ဘူး..”
ဆရာကြီးနဲ့ မေမေကြီး မေးခွန်းတွေနှင့် စကားတွေဆိုနေပေမယ့် ဆူး စိတ်မ၀င်စား။စိတ်ညစ်လာတာပဲ သိသည်။ရှုပ်ထွေးလွန်းသည့် လောကကြီးကိုလဲ စိတ်ကုန်မိသည်။ဘာတွေ ဖြစ်နေပြီလဲဆိုတာ ဆူး နားမလည်နိုင်တော့။
“သမီး နာမည်က ဘယ်သူလဲ..”
မောင့် မေးခွန်းမေးလိုက်တာနှင့် ဆူး ထိုသမီးလေးကို သေချာကြည့်လိုက်မိသည်။နွယ်မာ့လိုတော့ အသားအရည် ညိုသည့်ဘက် မသွား။အသားအရည် ၀င်းမွတ်ကာ ချစ်စရာကောင်းသည့် မျက်နှာလေးကို ပိုင်ဆိုင်ထားသည်။ထူးခြားသည်က နွယ်မာ့လို တောက်ပသည့် မျက်လုံးတစ်စုံကို ပိုင်ဆိုင်ထားသည်။ဆူး ကြည့်နေစဉ်မှာပင် ထိုသမီးလေးက ဆူးဘက်လှည့်ကာ..
“နွယ်ပင်..။သမီးနာမည်က နွယ်ပင်..”
ဆိုပြီး အရွယ်နဲ့မလိုက်အောင် အေးစက်စွာ ပြုံးပြသည်။စကားပြောဟန် အကြည့် အမူအယာ အကုန်လုံး နွယ်မာနှင့် တစ်ပုံစံတည်း ပါလား..။
“ကဲ.. ကျိန်စာပြယ်ဖို့ အခုထဲက လုပ်ရလိမ့်မယ်။အချိန်ကလဲ မ ရှိတော့ဘူး..။ဒီသမီးလေးမှာလဲ အချိန်တစ်လပဲ ရှိတော့တာ။သူ့ရဲ့ မွေးရာပါ ပညာတွေကို ကောင်းတဲ့ဘက်မှာ အကျိုးရှိစေချင်ခဲ့တယ်တဲ့။ဘုရားခန်းကို သွားလိုက်ကြရအောင်..”Ĵ
ထိုအခါ..ဆူး ရဲ့နောက်ကနေ ဟင့် ခနဲ ရှိုက်သံ တစ်ချက် ကြားလိုက်ရသည်။ နွယ်မာ ငိုနေတာ များလား..။
@@@@@@@@@
-( 14 )-
(ဇာတ်သိမ်းပိုင်း)
ဘုရားခန်းထဲမှာ ဆရာကြီးက နွယ်ပင်ဆိုတဲ့ သမီးလေးဘေးမှာ ဖယောင်းတိုင်တွေ ပတ်ပတ်လည်ထွန်းပြီး လက်အုပ်ချီခိုင်းထားသည်။ခဏကြာတော့..
“အီး.. ဟီး.. ဟီး”
ပထမ ညီးသံ.. ပြီးတော့ ငိုနေတဲ့ အသံ။
” ရောက်ပြီလား သမီး..”
“ဆရာကြီး သမီး နွယ်မာပါ”..တဲ့။
“ဘာဖြစ်လို့ မဟုတ်တာတွေ လျှောက်လုပ်ခဲ့တာလဲ..”
“သမီး ကိုကိုကြီးကို ချစ်မိလို့ပါ။သမီးကို ကယ်ပါဆရာ။နွယ်မာ ကျွတ်ချင်ပြီ။ကျိန်စာပြယ်ဖို့ ဘယ်လိုလုပ်ရမယ်ဆိုတာ သမီးကိုယ်တိုင် မသိတော့ဘူး။သမီးရဲ့ ကျိန်စာကြောင့် ကိုယ်တိုင်ချုပ်မိနေပြီ။သမီး ကိုကိုကြီးတို့ မိသားစုကိုလဲ ဒုက္ခမပေးတော့ပါဘူး ”
ဆိုပြီး ငိုသည်။
“သမီး အခု ၀င်ထားတာ သမီးရဲ့ညီမလေး နွယ်ပင်ပဲ။နွယ်ပင်က ထူးခြားတဲ့ ရောဂါတစ်မျိုးကို ခံစားနေရတယ်။သူ့အသက်ရှင်ဖို့ တစ်လပဲ ကျန်တော့တယ်။အရွယ်နဲ့မလိုက်အောင် သိတတ်တဲ့ကလေး။သမီးကျိန်စာတွေ ပြယ်ဖို့ သူက စတေးခံရလိမ့်မယ်..”
ဟင်..
ဆူးတို့ အကုန် အံ့အားသင့်သွားသည်။၇နှစ်အရွယ် သမီးငယ်လေးက နွယ်မာ့ ကျိန်စာတွေ ပြယ်ဖို့ စတေးမည်တဲ့။
“နွယ်မာ အပြစ်တွေကြောင့် ညီမလေးက စတေးရမယ်တဲ့လား ဆရာ အီး..ဟီး..ဟီး။နွယ်မာ မလုပ်ပါရစေနဲ့..”
ဆူး မျက်ရည်တွေ စီးကျလာသည်။ရင်ထဲ မခံစားနိုင်။နွယ်မာ့ကို မုန်းခဲ့တဲ့ အမုန်းတရားတွေလဲ မရှိတော့။အကောင်းဆုံးဆိုတဲ့ အရာတွေပဲ ဖြစ်စေချင်မိသည်။
“သမီး ကျိန်ဆိုခဲ့တာက မဟာစံအိမ်မိသားစု ပျောက်ကွယ်သွားပါစေဆိုပြီး ကျိန်ဆိုခဲ့တယ် မဟုတ်လား။ကျိန်စာကို ပြယ်စေဖို့ အခု တစ်နည်းပဲ ရှိတယ်။နွယ်ပင်လေးက မဟာစံအိမ် ကျွန်ဆက်ရဲ့ နောက်ဆုံး မျိုးဆက်။သူ့ကျန်းမာရေးအရလဲ အချိန်က မရှိဘူးဆိုတော့။ နွယ်ပင်လေးကိုယ်တိုင် အခုလို လုပ်ဖို့ တောင်းဆိုတာ။မဟာစံအိမ်ကြီးရဲ့ ကျိန်စာတွေ အကုန်လုံး နွယ်ပင်လေး အပေါ် သက်ရောက်ပါစေ ဆိုပြီးတော့…”
ပြောရင်း ဆရာကြီးရဲ့ ဆို့နစ်နေတဲ့ အသံက သိမ်၀င်သွားသည်။အကုန်လုံး စိတ်မကောင်းဖြစ်မိကြသည်။
“ကဲ လက်အုပ်လေး ချီပြီး ဘုရားကို ကန်တော့လိုက်။ကျိန်စာတွေ အားလုံး ပြယ်ပါစေသား..”တဲ့။
အားလုံး ပြီးဆုံး သွားပြီလား မပြောတတ် အရာရာ အေးချမ်းသွားသည်။
@@@@@@
နွယ်မာ့ အတွက် ရည်စူးပြီး မဟာစံအိမ်ကြီးမှာ ဆွမ်းကပ်သည့်နေ့ မိုးတွေ သည်းသည်းမည်းမည်းရွာသည်။
အထူးခြားဆုံးက အမျှဝေ သာဓု ခေါ်စဉ်မှာ လျှပ်စီးတွေလက် မိုးကြိုးတွေ ပစ်နေခြင်းပင်။
ထိုနေ့..။
မောင်နဲ့ဆူး သားလေးကို ချီပြီး အိမ်အပေါ် ၀ရန်တာကနေ နွယ်မာ ကျိန်စာ ဆိုခဲ့သည့် နေရာကို ကြည့်နေမိကြသည်။
မဟာစံအိမ်ကြီးကပဲ ကျိန်စာဆိုခဲ့သလား ကျိန်စာသင့်ခဲ့လေသလား.. ဝေခွဲ မရတော့..။
ကျိန်စာတွေ ပျယ် မပျယ် ဆိုတာတော့ သားသား ၁၀လ ပြည့်တဲ့နေ့လေးက သက်သေ ဖြစ်ပါလိမ့်မည်။
နွယ်မာရေ…
၀ဋ်ကြွေးရှိရင်လဲ ကျေပါစေတော့နော်..။
လေးစားစွာဖြင့်
နွေရွက်လွှာ