ပန်းတနော်ဝင်းသိန်း
နွားတိုက်ပွဲ
(၁)
“ အောက်… အီး… အွတ် ”
အဘ အမြတ်တနိုးရှိလှသော “ကံကောင်း” သည် ခြေရင်းဘက်အဖီတွင် ဆောက်ထားသည့် ကြိတ်ဆုံ လက်တန်းပေါ်မှနေ၍ နီရဲသော တောင်ပံနှစ်ဘက်ကို ခပ်ပြင်းပြင်း ရိုက်ခတ်လိုက်ပြီးနောက် အားပါးတရ တွန်လိုက်လေသည်။
အဘသည် ခေါင်းရင်းဘက် ဝါးကွပ်ပျစ်ပေါ်တွင် နှီးထိုးနေရာမှ သူ့ကြက်ဖကြီးကို မရောင့်ရဲနိုင်သော ပီတိအဟုန်ဖြင့် ကြည့်နေ၏။ အဘ၏ မျက်လုံးများသည် ကျေနပ်လွန်းလှသဖြင့် တဝင်းဝင်း တောက်ပနေလေသည်။
“အောက်… အီ… အီး… အွတ်”
အဘ၏ အမူအယာကို သိမည်မဟုတ်သော်လည်း ကံကောင်းသည် အောင်မြင်၍ ပြတ်သားကြည်လင်သောအသံကို ထပ်မံပြုပြန်သည်။ အဘမူကား ခေါင်းတညိတ်ညိတ်ဖြင့် ကြည်နူးနေတော့၏။
ထိုစဉ်တွင် ကြခတ်ဝါးခက်များဖြင့် ကာရံထားသည့် ခြံစည်းရိုးစပ်ဆီမှ ကြက်တအုပ်သည် တကော်ကော် အော်မြည်ကြလျက် အစာရှာနေကြသည်။
ကြည်မြ၍ ပီလှသလှသည့် ကံကောင်း၏ တွန်သံကို ကြားလေတိုင်းလည်း ထိုကြက်အုပ်သည် နေရာတွင် စုံရပ်ကြကာ လည်တိုင်ကြီးများ ဆန့်ထုတ်ရင်း နားစွင့်နေတတ်ကြသည်။
အဘသည် ကြက်တို့၏ သဘာဝကို ကြည့်ရင်း စိတ်ကြည်လန်းနေလေ၏။
“အဘရေ နွားတွေ လွတ်ကုန်ဘီတော့”
အသံကို ကြားရုံမျှဖြင့် လုံမလေးမှန်း အဘသိသည်။
အဘ၏ မြင်ကွင်းထဲဝယ် ဆံတောက်ကြီး တဝေဝေ တဖါးဖါးနှင့် ကတိုက်ကရိုက် ပြေးဝင်လာရင်း စိုးရိမ် တကြီးအော်ဟစ်၍ ပြောလိုက်သော လုံမလေးသည် အိမ်ရှေ့ ဗူးစင်တိုင်ကိုကိုင်လျက် အဘအား မျက်နှာငယ်လေးဖြင့် ကြည့်နေလေ၏။ လုံမလေး၏ ရင်မှာ အပြေး အလွှားလာခဲ့ရသဖြင့် လှိုင်းထနေလေသည်။ အဘသည် လုံမလေးကို ခပ်ကြောင်ကြောင် တွေကြည့်နေရာမှ
“ဟဲ့… လုံမလေးရဲ့၊ နွားတွေကို လှန်မထားလို့လား”
“ထားဘီကော အဘရဲ့”
လုံမလေးသည် ဖျင်ကြမ်းအင်္ကျီပေါ်မှ သိုင်းချည်ထားသည့် အဘ၏ ပုဆိုးကိုဖြုတ်ကာ နဖူးဆံစပေါ်မှ ချွေးသီးတွေကို သုတ်ရင်း ဖြေလိုက်သည်။
“လှန်ထားသမို့ဟာ ဘယ့်နှာကြောင့် လွတ်ရသတုန်းကွဲ့”
“မှုတ်ဖူး အဘရဲ့၊ နွားတွေ လှန်ထားတုန်း တောင်ပိုင်းက စံထူးရယ် သူ့ကြာလေးဆွဲပီး ရောက်လာတယ်”
“တယ်လဲ ခက်သကိုး၊ လှန်ထားတဲ့ နွားတွေ ကြိုးဖြုတ်လွှတ်ပြန်ဘီထင်တယ်။ ဒီကောင် ဒီလိုချည်းဘဲ”
အဘသည် လုံမလေးထံမှ စကားကို ဆုံးအောင် နားမထောင်သေးဘဲ ထင်မြင်ချက် ပေးလိုက်သည်။
လုံမလေးသည် ဗူးစင်အောက်မှ ထွက်လာရင်း စိတ်မရှည်နိုင်ဟန်ဖြင့် ခေါင်းပေါ်မှ ဆံပင်တွေကို တဗျင်းဗျင်း ကုတ်ပစ်လိုက်၏။
“ကျုပ်ပြောမဲ့စကားလဲ ဆုံးအောင် နားထောင်စမ်းပါအုံး အဘရဲ့။ ကျုပ် နွားတွေလှန်ထားတဲ့ နေရာကို စံထူးရယ်ရောက်လာပြီး၊ ဟဲ့-လုံမလေးတဲ့ နင့်နွားတွေထဲမှာတဲ့ ကြာလေးနဲ့ တိုက်ဖက်ဆိုလို့ တကောင်မှ မရှိဘူးတဲ့၊ ကြာလေးက ဒီရွာမှာ ဒိတ်တဲ့ အဘရဲ့။ အဲဒါ…”
အဘသည် လုံမလေး၏ စကားကို ကြားရသောအခါ မျက်လုံးကျယ်သွားတော့သည်။
“ ဒီတော့ ကြာလေးနဲ့ တိုက်ရောလားဟ လုံမလေးရဲ့”
လုံမလေးသည် ဦးခေါင်းကို ဖြည်းဖြည်းညိတ်ရင်း…
“အင်း… အဲဒါ ဒိပြင်နွားတွေပါ ကြိုးပြုတ်ပီး ကစင့်ကလျား ထွက်ပြေးကုန်တာဘဲ”
လုံမလေးသည် အဘ၏ ကွပ်ပျစ်နှုန်းတွင် ဝင်၍ တင်ပလွှဲထိုက်လိုက်သည်။
“မိုက်လိုက်ပါဘိတော့ လုံမလေးရာ”
အဘသည် နှီးထိုးနေရာမှ ဓါးကို ဘေးချကာ ညည်းညည်းညူညူဖြင့် ကွပ်ပျစ်ပေါ် မှ ဆင်းလိုက်သည်။ လုံမလေးသည် အဘကို ကြင်နာစွာ ကြည့်နေသည်မှအပ ဘာမျှလည်း မတတ်နိုင်တော့ပြီ။
အဘမှာမူ ရိုးသားလှသော လုံမလေး ခမျာကို မဆူရက် မပူရက်သော်လည်း
“တော်ကြာ ရွာထဲက ဟင်းခင်းတွေ ဝင်စားလို့ ခွန်းကြီးခွန်းငယ် ပြောရဆိုရမှာ မြင်ချည်သေးတယ် လုံမလေးရယ် ”
ဟု ညည်းတွားလိုက်မိသည်အထိ စိတ်ထိခိုက်သွားရှာသည်။
ခြေရင်းဘက်အဖီရှိ ကြိတ်ဆုံ ဆုံလက်တန်းပေါ်မှနေ၍ စောစောက အားပါးတရ တွန်လိုက်သော ကံကောင်းကိုပင် တဒင်္ဂ မေ့သွားမိသည်။
ဟုတ်ပေသည်။ တလောတုန်းကလည်း နွားတွေ လွတ်သွားဘူးသည်။ ရွာလည်မှ မယ်ခ၏ ကိုင်းကို ဝင်ဆွဲသဖြင့် ဆယ်အိမ်ခေါင်း ဖိုးသာဆင်နှင့် ကတောက်ကဆ ဖြစ်ခဲ့ရဘူးပြီ။ သည့်အတွက် အဘခမျာမှာ စိတ်ထဲက ထင့်သွားရှာသည်။
လုံမလေးသည် တညည်းညည်း တညူညူနှင့် ထွက်သွားသည့် အဘ၏ ကျောပြင်ကြီးကို ကြည့်ကာ ရင်ထဲက ဖိုနေမိလေ၏။
(၂)
လုံမလေး ငယ်ငယ်က ဖြစ်လေသည်။ လုံမလေးတို့ နေထိုင်ကြသည့် အုတ်ဖိုရွာသည် ပန်းတနော်မြို့နှင့် မဝေးကွာလှပေမင့် မြို့စရိုက်နှင့် အတန်ငယ်အလှမ်းဝေးလေသည်။ ထိုစဉ်က ပန်းတနော်သည်ပင် ‘မြို့’ ဟု ဆိုရသော်လည်း ‘ရွာကြီး’ တရွာနှင့် မခြားပေ။
ပန်းတနော်မြို့ကလေး၏ အရှေ့ဖျား ငရစ်ချောင်းပိုင်းတွင် နွားတိုက်ပွဲ လုပ်လေ့လုပ်ထလည်းရှိရာ အနီးပတ်ဝန်းကျင်ရှိ အုတ်ဖို၊ ကစင်းငူ၊ ဆယ့်နှစ်ရွာ၊ ဂုံမင်း၊ ပြလင်း၊ မယ်လမ်းပျော် စသော ရွာများမှပင် အဆိုပါ နွားတိုက်ပွဲသို့ လောင်းကစားရန် စုဝေး လာလေ့ရှိကြလေ၏။
မှတ်မှတ်ရရ ဆိုရလျှင် ထိုနေ့သည် ကဆုန်လဆန်း ၇ ရက်နေ့ဖြစ်ပေ၏။
အဘသည် အုတ်ဖိုရွာတွင်သာမက၊ ရွာနီးချုပ်စပ်ကိုပင် အဘ၏ ခြံပေါက် ‘ထိပ်ကွက်’ ကြောင့် ကျော်ကြားနေသူ ဖြစ်လေသည်။ ထိပ်ကွက်သည် တကိုယ်လုံး ပိန်းပိန်းနက်နေသော်လည်း ထိပ်ကွက် အဖြူလေးက ထင်ရှားလှသည်။
တနယ်လုံးတွင် ‘ထိပ်ကွက်ဟေ့’ ဟု ဆိုလျှင် နွားတိုက်သူများ ဖိန့်ဖိန့်တုန်သွားကြစမြဲ ဖြစ်သည်။
ထိပ်ကွက်၏ ဦးချိုသည် တုတ်ခိုင်သည်။ လည်တိုင်က ခတ်အား ဝှေ့အားကို လိုသလိုပေးနိုင်စွမ်းသည်။ နွားပေါက်ပင် ဖြစ်သော်လည်း ဒေါက်ကောင်းသည်။ အလုံးအဖန် တောင့်တင်းသည်။ တိုက်ပြီဆိုလျှင် သက်လုံကလည်း ကောင်းလှပေသည်။ ထို့ကြောင့် အဘသည် ထိပ်ကွက်အတွက်ဖြင့် ရွာနီးချုပ်စပ်၌ ထင်ရှားနေတော့သည်။
“ငထွန်း … မိဖေါ့တို့ မိကျော့တို့ကို သွားခေါ်စမ်း။ ငါ့မလဲ သူတို့ကျေးဇူးရှိတယ်။ လက်ရင်းကြေးထည့်ချင်ထည့်ပါစေ”
ကဆုန်လဆန်း ၆ ရက် လမင်းကြီးသည် အုတ်ဖိုရွာ၏ သရက်တောပေါ်တွင် မေးတင်လျက် ရှိလေသည်။ အဘသည် ကွပ်ပျစ်ပေါ်၌ လက်ဘက်ရည်ကြမ်းတအိုးနှင့် ထိုင်နေရာမှ ညီဝမ်းကွဲ ကိုထွန်းအား ဒေါ် ဖေါ့၊ ဒေါ်ကျော့ အပျိုကြီးညီအစ်မကို ခေါ်ခိုင်းလိုက်၏။
အဘသည် နွားတိုက်ပွဲ၌ သူ့နွား ထိပ်ကွက်နှင့်သာ တိုက်ရမည်ဆိုပါက မည်သူကိုမျှ လက်ရင်းကြေးထည့်ခွင့် မပြုချေ။ ထိပ်ကွက်ကို အလွန်ယုံကြည် စိတ်ချသည်ဖြစ်၍ အဘတဦးတည်းသာ လက်ရင်းကြေး လောင်းလေ့ရှိလေ၏။
သို့ရာတွင် နောက်တနေ့ ကဆုန်လဆန်း ၇ ရက်နေ့တွင် ငရစ်ချောင်းပိုင်း၌ တိုက်မည့်ပွဲအတွက်မူ လက် ရင်းကြေးက များပေရာ အပျိုကြီးညီအစ်မကိုလည်း ကျေးဇူးဆပ်သည့်အနေဖြင့် လက်ရင်းကြေးထဲ ထည့်ပေးချင်သည်။ နက်ဖြန်တိုက်မည့်ပွဲ၌ ထိပ်ကွက်ပင် နိုင်မည်ဟု ကံသေကံမ ယုံကြည်သော အဘအဖို့မူ ဒေါ် ဖေါ့နှင့် ဒေါ်ကျော့အား လက်ရင်း ကြေး ထည့်ခွင့်ပေးသည်မှာ တော်ရုံစေတနာ မဟုတ်ပေ။
နွားတိုက်ပွဲ၊ ကျွဲတိုက်ပွဲနှင့် ကြက်တိုက်ပွဲတို့တွင် လက်ရင်းကြေး၊ လက်ဖျားကြေး ဟူ၍ရှိ၏။ ပွဲမစမီ ကြိုတင်လောင်းထားသော ကြေးသည် လက်ရင်းကြေး ဖြစ်လျက်၊ ပွဲ၏ အခြေအနေကို အကဲခတ်ပြီး မှ လောင်းသောကြေးမှာ လက်ဖျားကြေး ဖြစ်လေသည်။
“လာကြဟဲ့… လာကြ။ နက်ဖြန်တော့ ကျွန်းထိပ်က ဖိုးထယ် ငါ့ကို ငွေပေးရအောင် လာလိမ့်မယ်။ အဲဒါ နင်တို့ ညီအစ်မကိုလဲ ဝေစုပေးချင်လို့ ငထွန်းလွှတ်လိုက်တာဘဲ။ လက်ရင်းကြေးထဲ လေးငါးရာလောက်တော့ ပါချင်ပါပေါ့”
ကိုထွန်း၏ နောက်မှ ရှေ့ဆင့်နောက်ဆင့် ဝင်လာကြသည့် ဒေါ်ဖေါ့၊ ဒေါ်ကျော့ အပျိုကြီး ညီအစ်မကို အဘက ခရီးရောက်မဆိုက် ပြောလိုက်၏။
အဘ၏ လဘက်ရည်ကြမ်းဝိုင်းကလေးသည် စောစောကထက် စိုပြေနေလေပြီ။ ရွာထည်းမှ ဝါသနာအိုးတွေ့နှင့် သိုက်သိုက်ဝန်းဝန်း ရှိလှသည်။
“ကျုပ်တော့… အဘက လက်ရင်းကြေး အ၀င်မခံတာနဲ့ လက်ဖျားကြေးဘဲ လောင်းရမှာဘဲ။ ငွေတောင် နဲနေလို့ ကျီထဲက စပါးနက်တွေ မတန့်တဆေးနဲ့ ရောင်းပီး ကမန်းကတန်း ငွေရှာထားရတယ်။
ကရင်ကြီး ဖသာထောသည် ဆေးဖတ်ကြီး ပါးချောင်ငုံလျက် အားရပါးရပြောရှာသည်။
အုတ်ဖိုရွာ တရွာလုံးပင် နက်ဖြန် နွားတိုက်ပွဲသို့ မီးခိုးတိတ် သွားကြမည် ဖြစ်သည်။ ကျွန်းထိပ်မှ ဖိုးထယ်၏ “ဆင်ပေါက် ” နှင့် အုတ်ဖိုမှ အဘ၏ “ထိပ်ကွက်” တို့ တိုက်ကြမည့်ပွဲမှာ ပွဲကြီးပွဲကောင်းပင်။
သို့ရာတွင် နယ်တုန်အောင် ဟိုးလေးတကျော် ဖြစ်နေသော ထိပ်ကွက်၏ ရွာခံ အုတ်ဖိုရွာသားတို့မှာမူ ရှင်အဇ္ဇဂေါဏခေတ်ကကဲ့သို့ ကြေးရှိ ကြေးကျို၊ ခဲရှိခဲကျို ဖြစ်နေကြတော့၏။ ငွေကို ရနိုင်သမျှ စုနေကြ တော့၏။
“ငထွန်း… နက်ဖြန်တော့ ပွဲကြီး ပွဲကောင်းဘဲကွ။ ဒို့ရွာကလဲ မီးခိုးတိတ် သွားကြမှာဘဲ။ ကျွန်းထိပ်သား တွေကလဲ ဒို့လိုဘဲ နေမှာဘဲ။ ရန်တွေ ဘာတွေ မဖြစ် အောင်တော့ ထိန်းရမယ်။ ငရစ်ချောင်းပိုင်းက စံအောင်ကြီးတို့ကိုလဲ ကူညီညာထိန်းပေးဘို့ ပြောထား@
အားလုံး ပြန်သွားကြသောအခါ၌ အဘသည် ညီဝမ်းကွဲ ကိုထွန်းအား နက်ဖြန်အတွက် စီစဉ်စရာ ရှိသည်များကို အသေးစိတ် မှာကြားနေလေသည်။ ခြောက်နှစ်ရွယ် လုံမလေးခမျာမူ အဘ၏ ပေါင်ပေါ်၌ အိပ်ပျော်နေပေပြီ။
“မနှစ်ကတဲက ခင်ဗျားရဲ့ နွားနဲ့ ကျုပ်နွား တိုက်သင့် မတိုက်သင့် စဉ်းစားလာတာ။ ဒီနှစ်တော့ ကမ္မသကာ ထားပီး ထိပ်ကွက်နဲ့ ဆင်ပေါက် တိုက်တော့မယ်လို့ ဆုံးဖြတ်ထားတယ်။
ဘာဖြစ်လို့ ဒီလောက် စဉ်းစဉ်းစားစား လုပ်ရသလဲ ဆိုတော့ ခင်ဗျားရဲ့ ထိပ်ကွက်က ကျုပ်တို့ တနယ်လုံးမှာ ဖိန့်ဖိန့် တုန်နေတာလဲ တကြောင်း၊ ကျုပ်မှာ ငွေမတတ်နိုင်တာလဲ တကြောင်းပေါ့ဗျာ။
ဒီနှစ်မှာတော့ ကျုပ်တို့ ရွာမှာ စပါးကလေး ကောင်းကြတော့ လက်ရင်းကြေးဘဲဖြစ်ဖြစ်၊ လက်ဖျားကြေးဘဲဖြစ်ဖြစ် သူတို့ လောင်းပါရစေလို့ ဆိုလာကြ တာကိုဗျ။ ဒါကြောင့် ဆင်ပေါက်နဲ့ ထိပ်ကွက်ကို ကဆုန်လဆန်း ၇ ရက်နေ့ကျရင် ငရစ်ချောင်းမှာ တိုက်ချင်လို့”
အဘသည် တညလုံး အိပ်၍ မပျော်နိုင်ပေ။ နက်ဖြန်တွင် မိမိ၏ ထိပ်ကွက်က ဆင်ပေါက်ကို ကံသေကံမ နိုင်ရမည်ဟု အကြွင်းမဲ့ ယုံကြည်သဖြင့်၎င်း၊ မိမိတို့ ပန်းတနော် တနယ်လုံး လျှမ်းလျှမ်းတောက်နေသော ထိပ်ကွက်အား အံတုမည့် ရန်သူ တော် ပေါ်လာရဲသဖြင်၎င်း၊ အုတ်ဖိုက ထိပ်ကွက်ကော ဘာမို့လဲ၊ မူစရာလား၊ ကျုပ်တို့ ကျွန်းထိပ်က ဆင်ပေါက်နဲ့တွေ့ရင် ခံခိုင်ရိုးလား။ ကျုပ်တို့ ကျွန်းထိပ်ရွာမှာလဲ နွားကောင်းရှိတယ်ဆိုတာ ပြချင်လို့ ပါ၊ ချလို့ပါနဲ့ ကျုပ်ရွာသားတွေကလဲ မခံချင်စကား ပြောကြတယ်ဗျ”
ဆိုသော ဖိုးထယ်၏ ပြောစကားအရ၎င်း၊ အဘမှာ တော်တော်နှင့် အိပ်၍မရခဲ့ချေ။ အဘ အိပ်ယာမှ နိုးသောအခါ ဆွမ်းခံဝင်ပေပြီ။
ကိုထွန်းသည် ထိပ်ကွက်အတွက် လိုလေသေး မရှိအောင် ပြုစုလျက်ရှိသည်။
အဘ၏ အိမ်၌လည်း တရွာလုံးမှ ဝါသနာအိုးတွေ စုပြုံလျက် ရှိကြပြီ။ ဒေါ်ဖေါ့နှင့် ဒေါ်ကျော့တို့လည်း ငွေအိတ်ပိုက်လျက် အမြိုင့်သား ရှိနေကြလေပြီ။
အုတ်ဖိုတရွာလုံး နွားတိုက်ပွဲအတွက် လှုပ်လှုပ်ရွရွ ဖြစ်နေကာ ယခင့်ယခင်ရက်များထက် စည်ကား နေသရောင် ထင်မှတ်ရလေ၏ ။
နွားတိုက်ပွဲမှာ မွန်းလွဲ သုံးနာရီတွင် စမည် ဖြစ်သော်လည်း အဘဦးဆောင်သော အုတ်ဖိုရွာသားများနှင့် ဖိုးထယ်ခေါင်းဆောင်သော ကျွန်းထိပ်ရွာသားများသည် မွန်းတည့်ချိန်ကတည်းက ငရစ်ချောင်းသို့ ရောက်နှင့်နေကြလေ၏။
နွားရှင်များဖြစ်သော အဘနှင့် ဖိုးထယ်တို့ကဲ့သို့ပင် ထိပ်ကွက်နှင့် ဆင်ပေါက် နွားကြီးနှစ်ကောင်မှာလည်း ကြွကြွရွရွ ရှိလှဘိသည်။
အလုံးအထည် ဒေါက် စသည်တို့မှာ မတိမ်းမယိမ်း ရှိသော်လည်း ဆင်ပေါက်ထက် ထိပ်ကွက်က တိုက်ရည်ရှိသည်။ အသားကျသည်၊ ပွဲတိုးပေါင်းများ သည်။ စင်စစ်တော့ ထိပ်ကွက်သည် ဆင်ပေါက်ထက် နိုင်ချေရှိလေသည်။ ထို့ကြောင့် အုတ်ဖိုရွာသားများသည် ဝင့်ဝင့်ဝါဝါ ရှိလှသည်။
ကျွန်းထိပ်ရွာသားများကလည်း အညံ့မခံပေ။ ခြေဖျား တထောက်ထောက်ပင်။
သို့နှင့်ပင် အချိန်သည် စေ့လာလေတော့၏။
အဘနှင့် ဖိုးထယ်တို့သည် နှစ်ဦးသဘောတူ ဒိုင်လူကြီးနှစ်ဦး ရွေးချယ်ပြီးလေပြီ။ နွားတိုက်ကွင်းအဖြစ် သတ်မှတ်ထားသည့် လယ်ကွက်ငယ်တခု၌ ဘေးပတ်လည်တွင် နွားတိုက်ပွဲကြည့်ရန် နေရာယူထားကြသူများနှင့် ပြည့်နှက်နေပေတော့သည်။
ထိုအချိန်တွင် ကိုထွန်းသည် ထိပ်ကွက်ကို ဆွဲလျက်၊ ကျော်ဇံသည် ဆင်ပေါက်ကို ဆွဲလျက်၊ မြစ်ဆိပ်ဆီမှ အသီးသီး တက်လာကြ၏။
အဘနှင့် ဖိုးထယ်တို့သည် ကြေးကြီးလောင်းသူများနှင့် နွားရှင်များ ဖြစ်ကြသည့်အားလျော်စွာ လက်ရင်းကြေး တထောင့် နှစ်ရာစီကို ဒိုင်လူကြီးတို့၏ လက် ဝယ်သို့ အပ်လိုက်ကြလေသည်။
ဒိုင်လူကြီးများက အချက်ပေးလိုက်သည်နှင့် တပြိုင်နက် ဖိုးထယ်၏ ဆင်ပေါက်ကြီးကို ကျော်ဇံက တိုက်ကွင်းထဲသို့ ထုတ်သွားလေတော့သည်။ ထိုစဉ် ကျွန်းထိပ်ရွာသားတို့သည် တခဲနက် အားပေးလိုက် ကြလေ၏။
မကြာမီ ဒိုင်လူကြီးများက ထိပ်ကွက်ကို ကွင်းထဲထုတ်သွားရန် အချက်ပေးလိုက်သဖြင့် ကိုထွန်းသည် ထိပ်ကွက်၏ နဖါးကို မြဲမြဲကိုင်ပြီး ကွင်းထဲ ဆွဲထုတ်သွားလေသည်။ ထိုသရောအခါ၌လည်း အုတ်ဖို ရွာသားများ၏ ဩဘာသံကြီးသည် မိုးပေါ် သို့ လျှံတက် သွားပြန်လေတော့သည်။
နွားကြီးနှစ်ကောင်မှာမူ တကောင့်ကို တကောင် မြင်လိုက်ကြသည်နှင့် တပြိုင်နက်၊ ဂဏာမငြိမ် ကြတော့ဘဲ ရိုးတိုးရွတ ဖြစ်လာကြလေတော့၏။
“လွှတ်တော့”
ဒိုင်လူကြီးက နောက်ဆုံး အချက်ပေးလိုက်သောအခါ ကိုထွန်းနှင့် ကျော်ဇံ တို့သည် မိမိတို့ ကိုင်ထားသော နွားများကို လွှတ်ကာ ကွင်းဘေးဘက်သို့ လျင်မြန်စွာ ပြေးရှောင်သွားကြလေ၏။
ချုပ်ကိုင်ထားရာမှ လွှတ်ပေးလိုက်သော ခဏ၌ ထိပ်ကွက်နှင့် ဆင်ပေါက်သည် တကောင့်တကောင် ရန်စောင်မနေကြတော့ဘဲ တအားပြေးဆောင့်ကာ ထိပ်ချင်းတေ့ထားပြီး ဒလကြမ်း ဝှေ့ကြလေတော့ သည်။
ပွဲကြည့်ပရိသတ်တို့မှာလည်း ငြိမ်ဆိမ်ကာ နွားနှစ်ကောင်တွင် အာရုံစိုက်နေတော့၏။
နွားနှစ်ကောင်သည် သူနိုင် ငါနိုင်သဘောမျိုး မဟုတ်ဘဲ သူသေ ငါသေ သဲသဲမဲမဲကြီး ဝှေ့နေကြသည်။
ထိပ်ကွက်သည် လည်တိုင်တုတ်ခြင်း၊ ချိုခင် ကျခြင်းတို့ကြောင့် ပြေး၍ပြေး၍ ဆောင့်တိုက်လိုက် တိုင်း၊ ပင့်ကော် ကော်လိုက်တိုင်း အသဲယားစရာ အားရစရာ ကောင်းလှသော်လည်း၊ ဆင်ပေါက်မူ လည်လုံးမတောင့်လှဘဲ၊ ချိုရင်း အနည်းငယ် လှီသဖြင့် အားမရစရာ ဖြစ်နေ၏။
နွားနှစ်ကောင်သည် ဆယ်မိနစ်ခန့် ဒလကြမ်း ခပ်ရမ်းရမ်း ခပ်ကြမ်းကြမ်း ဝှေ့ဆောင့်ကြပြီးနောက် စောစောကလောက် မသက်ကြတော့ဘဲ ထိပ်ချင်းတေ့ထားကာ အကွက်ကို ချောင်းမြောင်းလာကြတော့သည်။ ဤသို့ တကောင့် တကောင် ပညာသားပါပါ ချက်ကောင်း စောင့်ကြရာ၌ ဖိုးထယ်၏ ဆင်ပေါက်သည် အဘ၏ ထိပ်ကွက်ကို မမှီပေ။ တိုက်ရည်ဝသော ထိပ်ကွက်တွင် တပန်းသာနေလေသည်။
ထိပ်ကွက်နှင့် ဆင်ပေါက်သည် ခေါင်းချင်းတေ့ဆိုင်ကာ အကြံယူနေကြစဉ်၌ ဆင်ပေါက်သည် ထိပ်ကွက်ထက် အမောဖေါက်နေလေသည်။
အုတ်ဖိုရွာသားတို့သည် အမောဖေါက်နေသော ကျွန်းထိပ်ရွာမှ ဆင်ပေါက်အား သရော်သောအနေဖြင့် ထိပ်ကွက်ကို မြှောက်နေတော့သည်။ စင်စစ်တော့ ဆင်ပေါက်သည် သက်လုံမကောင်းချေ။ နှစ်ကောင် စလုံး ခေါင်းချင်းတေ့ထားရာမှ ထိပ်ကွက်က ရှေ့သို့ အားယူလိုက်တိုင်း ဆင်ပေါက်မှာ နောက်သို့ တရွေ့ရွေ့လဆုတ်၍ဆုတ်၍ သွားလေသည်။
ဤသို့ ဆင်ပေါက် နောက်ဆုတ်သည်မှာ အကွက်ရှာရန်နှင့် အားယူရန် နောက်ဆုတ်ခြင်း ဖြစ်လိမ့်မည်ဟု ထင်ရသော်လည်း ဆင်ပေါက် ဆုတ်လာသည်မှာ တဘက်ကင်းစပ်သို့ပင် နီးကပ်လာပြီဖြစ်ရာ မကြာမီတွင် ဆင်ပေါက်ပြေးတော့မည်မှာ သေချာနေတော့သည်။
အုတ်ဖိုရွာသားတို့သည် တဘက်လူ မခံချင်ဖြစ်လာအောင်
“ထိပ်ကွက်ဘက်က နှစ်လေး တလေးဟေ့ … လောင်းရဲရင် ထွက်ခဲ့ကြ”
ဟု အော်ဟစ်ကာ လက်ဖျားကြေး ခေါ်ကြလေ၏။ ကျွန်းထိပ်ရွာသားတို့က အသက်ကိုမျှ ရဲရဲ မရှူကြတော့ဘဲ မီးကို ရေနှင့်သတ်ထားသကဲ့သို့ ငြိမ်နေ ကြတော့၏။
ဆင်ပေါက်သည် ကွင်းထိပ်နှင့် ကပ်သွားသောအခါ နောက်ခြေများကို တအားကန်ထားပြီး ထိပ်ကွက်ကို ကြံ့ကြံ့ပြန်ခံလေသည်။ အကယ်၍သာ ဆင်ပေါက်သည် သက်လုံကောင်းပါက ထိပ်ကွက်ကို တဟုန် တိုး တိုက်ခိုက်လိမ့်မည် ဖြစ်သော်လည်း၊ ယခုမူ ကြံကြံသာ ခံထားနိုင်တော့သည်။
ဤအချိန်၌ အုတ်ပုံရွာသားများသည် ညာသံပေးကာ တခဲနက် အော်ဟစ်လျက် ရှိနေကြသော်လည်း၊ ကျွန်းထိပ်ရွာသားတို့မှာမူ တုတ်တုတ်မျှ မလှုပ်ကြတော့ချေ။
ဤသို့အားဖြင့် ကျွန်းထိပ်မှ ဆင်ပေါက်နွားကြီးသည်ရှုံးခြေပေါ်လျက် ရှိနေရာမှ အခြေအနေ တမျိုးတဖုံ ပြောင်းလဲသွားပြန်တော့သည်။
တဘက်စည်းအနီးတွင် နိုင်ပေါက်ဖြင် ဖိ၍ ခတ်နေသည့် ထိပ်ကွက်သည် အသားများ တဆတ်ဆတ် တုန်ယင်၍လာကာ မစင် (ချေး)များ ဒလဟော ပန်းလေတော့သည်။
ဆင်ပေါက်လည်း ကြံ့ကြံ့ခံရုံမှတပါး ဘာမှ မတတ်နိုင်ပြီ။ သို့ရာတွင် ထိပ်ကွက်သည် ဆက်လက်၍ မဖိနိုင်တော့ဘဲ ချေးများသာ မရပ်တန်း ပန်းနေလေ တော့၏။
ဝမ်းမရပ်သည်နှင့်အမျှလည်း ထိပ်ကွက်မှာ ပိုမို၍ အသားများ တုန်နေရှာတော့သည်။ ထိပ်ကွက်သည် “တွေဝမ်း” ကဲ့သို့ ချေးပါမရပ်တော့သောအခါ၌ ကျွန်းထိပ်ရွာသားများသည် ဆူဆူညံညံ လှုပ်လှုပ်ရွရွ ဖြစ်လာပြန်လေ၏။
“ဟေ့ အုတ်ဖို့က ထိပ်ကွက်ကြီး ကြောက်ချေးတွေ ပါကုန်ပဟ။ ဆင်ပေါက်ကွ … တချက်ထဲ ကြုံးလိုက်ခမ်းဟေ့၊ ထိပ်ကွက်ပြေးတော့မယ်။
ကျွန်းထိပ်ရွာသားများသည် အားလျော့နေကြရာမှ ၎င်းတို့၏ ဆင်ပေါက်ကြီးကို အားပေးကြပြန်လေ၏။ ဆင်ပေါက်ကြီးသည် စည်းစပ်၌ ပေ၍တင်းခံနေရာမှ ကျွန်းထိပ်ရွာသားများ၏ ညာသံကို ကြားလိုက်ရသော ခဏတွင် သိသိသာသာ လှုပ်ရှားအားတက်လာဟန်ဖြင့် ပြန်လည်ခုခံစ ပြုလာတော့၏။
နွားတိုက်ပွဲသည် ကြည့်ကောင်းလာပြန်လေသည်။ ဆင်ပေါက်သည် စောစောကကဲ့သို့ ပေခံမနေရုံမျှမက ခုခံတိုက်ခိုက်စ ပြုလာချိန်တွင် ထိပ်ကွက် အဖို့မူ ဝမ်းများ တလဟောသွားလျက် အသားဆတ်ဆတ်တုန်နေရှာတော့သည်။
မကြာမီပင် ဆင်ပေါက်သည် ထိပ်ကွက်အား ရှိစုမဲ့စုအင်အားဖြင့် ပြေး၍ ဆောင့်လိုက်ရာ ပွဲကြည့်ပရိသတ်များ၏ နှုတ်ဖျားမှ “ ဟာ ” ကနဲ “ ဟင်” ကနဲ အာမေဋိတ်သံများ ပေါ်ထွက်လာသည်အထိပင် ဖြစ်တော့သည်။
ထိပ်ကွက်မှာ “တွေဝမ်း” တွေ ဒလဟော သွားနေရသည့်အထဲ ဆင်ပေါက်၏ တိုက်စစ်သို့ ပြောင်းလဲလာသောဒဏ်ကို မခံနိုင်တော့ဘဲ ယိမ်းယိုင်စ ပြုလာ တော့သည်။
အုတ်ဖိုရွာသားများမှာ စိတ်ဓါတ်ကျဆင်းကြလေပြီ။ အဘလည်း မျက်နှာပျက်လျက် ထိပ်ကွက်၏ အခြေအနေကို အံ့ဘွယ်သရဲ အကဲခတ်ကာ အမှားအယွင်းတခုခုတော့ ရှိနေပြီဟု ထင်မှတ်နေလေ၏။
နောက်ဆုံးတွင် ဝမ်းမရပ်သည့် ထိပ်ကွက်ခမျာသည် ဆင်ပေါက်၏ ဦးကင်းဖျားတွင် အသက်ပျောက်လျက် တိုက်ကွင်းအလည်မှာပင် တုံးလုံးလဲကျသွားခဲ့ရတော့သည်။
အုတ်ဖိုရွာသားများအဖို့ ရှိသမျှ ဝမ်းစာစပါးများကိုပါ မှောက်သွန်ရောင်းချလျက် လောင်းကစား ရသည်ဖြစ်ရာ ထိပ်ကွက်ရှုံးသွားလျှင်ပင် အားလုံး ချွတ်ခြုံကျကုန်ကြလေတော့၏။
အဘမှာလည်း ရှုံးသည်မျှမက ချစ်လှစွာသော နွားကြီး ထိပ်ကွက်ပါ ဆုံးပါးရသဖြင့် ရင်ထုမနာ အဖြစ်ကြီး ဖြစ်ရရှာတော့သည်။
ဤကဲ့သို့ အဘခမျာ စိတ်ထိခိုက်နေချိန်တွင် ကျွန်းထိပ်ရွာမှ ဆင်ပေါက်ကြီး၏သခင် ဖိုးထယ်တို့ လူစုနှင့် အဘ၏ ညီဝမ်းကွဲ ကိုထွန်းတို့မှာမူ ငရစ်ချောင်း၏ အရှေ့ဖျားမှ မအူပင်တန်းအောက်ဝယ်စကား အချီအချ ဆိုလျက်ရှိကြလေ၏။
“ ဒါတော့ ကျုပ်မတတ်နိုင်ဘူးလေ။ ခင်ဗျား ထည့်ထားတဲ့ လက်ရင်းကြေး နှစ်ရာအတွက်ဘဲ ရမှာပေါ့”
“ဒီလို မလုပ်ပါနဲ့ ကိုဖိုးထယ်။ ကျုပ်ဖက်ကလဲ ပြန်ကြည့်ပါအုံး။ နှစ်ရာလောင်းတာ နှစ်ရာဘဲ အနိုင် ပေါ်ချင်တယ်ဆိုရင် ကျုပ်အစ်ကိုရဲ့ ထိပ်ကွက်ဘက်က လောင်းမှာပေါ့။ နှစ်ဆလိုချင်လို့ ကျုပ်ဟာ ကျုပ်အစ်ကိုရဲ့ထိပ်ကွက်ကို အစာကျွေးရင်း ကနခို တွေ ရောကျွေးရတာကော ထည့်စဉ်းစားအုံးမှပေါ့ဗျ ။ ကျုပ်သာ ထိပ်ကွက်ကို ကနခိုမကျွေးရင် ခင်ဗျားတို့ ဆင်ပေါက် နိုင်မှာတဲ့လား။ ဒါ့ကြောင့် ကျုပ်ကိုတော့ ကတိအတိုင်း လေးရာပေးပါ ကိုဖိုးထယ်ရာ ။
“ခင်ဗျားဟာ တော်တော်ခက်တဲ့လူဘဲ။ ငွေချင်းလောင်းတာဗျ။ ကတိတွေ သစ္စာတွေ ထည့်မပြောစမ်းပါနဲ့”
“ခင်ဗျား အတည် ပြောနေတာလား ကိုဖိုးထယ်”
ကိုထွန်းသည် ဒေါသလည်းဖြစ် ခံလည်းခံပြင်းလွန်းသဖြင့် ခတ်ဆတ်ဆတ် မေးလိုက်၏။
“ကျုပ် ကလေးမမှတ်ဘဲ”
“ကိုင်း- ခင်ဗျားက ကလေး မဟုတ်ရင် ကျုပ်က ခုတ်တယ်ဗျာ”
ပြောပြောဆိုဆိုပင် ကိုထွန်းသည် အသင့်ယူလာသော ငှက်ကြီးတောင်ဓါးဖြင့် ဖိုးထယ်အား ဆင့်၍ဆင့်၍ ပိုင်းလေတော့၏။ ကျွန်းထိပ်ရွာသား များကလည်း ကိုထွန်းအား ချမ်းသာမပေးကြတော့ပေ။
နွားတိုက်ပွဲနှင့် ဆက်လျက် လူတိုက်ပွဲ ဖြစ်ခဲ့ပြန်ရာ နွားတိုက်ပွဲ၌ ထိပ်ကွက်တကောင်တည်းသာ သေဆုံး သော်လည်း လူတိုက်ပွဲ၌မူ ဖိုးထယ်နှင့် ကိုထွန်းတို့နှစ် ယောက် သေကြေရုံမျှမက ကျွန်းထိပ်ရွာမှ ကျော်ဇံ၊ ပုကြီးနှင့် အောင်ရတို့ သုံးဦးပင် အတွင်းလူနာ ဖြစ်ကြရလေ၏။
(၃)
အဘသည် စားကျက်တွင် လှန်ထားရာမှ လုံမလေး၏ မခံချင်စိတ်ကြောင့် လွတ်ထွက်သွားသော နွားများကိုဆွဲလျက် အုတ်ပိုရွာ နောက်ဘက်မှ သရက်တောကို ဖြတ်၍ ရွာဘက်သို့ ဝင်လာလေ၏။
ပင်စည်ကြီးမားသလောက် မြင့်လှသည့် နက်တဲ့ (ညို)ပင်ကြီးအောက်သို့ ဝင်မိသောခဏ၌ အဘသည် ပင်ခြေကုန်းမြင့်ကလေးကိုကြည့်ကာ စိတ်မကောင်းစွာ ညည်းလိုက်လေသည်။
“အော်… ထိပ်ကွက်ကြီး … ထိပ်ကွက်ကြီး”
မှန်ပေသည်။
တရံရောအခါက နွားတိုက်ပွဲတွင် ကျဆုံးခဲ့သည့် အဘ၏ရဲမက် ထိပ်ကွက်ကြီးအား ဤနက်တဲ့ သရက်ပင်ကြီးအောက်တွင် မြှုပ်နှံခဲ့သည် မဟုတ်ပါ လား။
အဘသည် နွားများကိုဆွဲကာ ရှေးဖြစ်ဟောင်းများကို အောက်မေ့ရင်း ရွာထဲသို့ ဝင်လာလေ၏။
အုတ်ဖိုရွာကား ယခင်တုန်းကလို မဟုတ်တော့ပေပြီ။
ဟိုတုန်းကဆိုလျှင် စပါးပေါ်ချိန်မှစ၍ နောက်ထပ် စိုက်ပျိုးရန် မပြင်ဆင်မီတောအတွင်း အားလပ်ချိန် ကလေးတွင် ကြက်တိုက်၊ နွားတိုက်ဖြင့်သာ အချိန် ကုန်ခဲ့ရသော်လည်း ယခုမူ စပါးပေါ်လျှင် ဂုံလျှော်၊ ဂုံလျှော်ပေါ်လျှင် မြေပဲ စသဖြင့် သုံးသီးစား သီးထပ် စိုက်ပျိုး နေကြပြီ ဖြစ်လေရာ အားလပ်ချိန်၌ လေချင်သော စိတ်၊ ပေချင်သော စိတ်များ ကုန်ခန်းနေပြီ ဖြစ်တော့သည်။
အဘသည် နွားများကို ဆွဲလျက် ခြံဝိုင်းအတွင်းသို့ လှမ်းဝင်လာသောအခါဝယ် အဘ အင်မတန်မြတ်နိုးလှသည့် ကံကောင်းသည် အိမ်ခေါင်ပေါ်မှနေ၍ နီရဲသော တောင်ပံနှစ်ဘက်ကို ပြင်းပြင်းရိုက်ကာ အားရပါးရ တွန်လိုက်လေသည်။
“ အောက်… အီး… အွတ်”
ကံကောင်းသည် အဘအား ဆီးကြိုနှုတ်ဆက် လေဟန်တကား။
ရှေ့သို့ဂျာနယ် ၊ အတွဲ(၃) အမှတ်(၉) ၊
၁၅ – ၉ – ၁၉၆၃
– ပြီး –
စာရေးသူ – ပန်းတနော်ဝင်းသိန်း။