———————
ရွာတွင် အမည်တူတွေကို ဂုဏ်ပုဒ်လေးတွေ တစ်မျိုးမျိုးတွဲခေါ်လေ့ရှိကြသည်။

ထူးခြားစွာ ကျွန်တော်တို့ရွာတွင် သိန်းမောင် သုံးယောက်ရှိသည်။

အိုးသိန်းမောင်

ကြက်သိန်းမောင်

နွားသိန်းမောင်

အိုးသိန်းမောင်က အိုးဖုတ်သူဖြစ်သောကြောင့်၊ ကြက်သိန်းမောင်က ကြက်တိုက်သည်ကို ဝါသနာပါပြီး ကြက်မွေးသောကြောင့်၊ နွားသိန်းမောင်ကျတော့ ထူးခြားသည်၊။ နွားလည်းမမွေး ပြီးတော့ သူက သူဌေးတစ်ယောက်ဖြစ်သည်။

ဦးသိန်းမောင်ကတစ်နေ့ ကျွန်တော့်ကျောင်းကိုရောက်လာသည်။ သူက ကျောင်းကို ကတိရှိထားသည့်အတိုင်း အလှူငွေ လာထည့်ခြင်းဖြစ်သည်။

“ဘကြီး … တစ်ခုလောက် မေးပါရစေ”

“မေးပါဆရာ”

“ကန်တော့ပါခင်ဗျာ … ဘကြီး နာမည်ရှေ့မှာ ဘာကြောင့် နွားဆိုတာကြီး ထည့်ခေါ်ရသလဲ သိချင်လို့ပါ။ အိုးလုပ်တဲ့သူက အိုးသိန်းမောင်တဲ့၊ ကြက်တိုက်တဲ့ ကြက်မွေးတဲ့သူက ကြက်သိန်းမောင်တဲ့၊ ဘကြီးက ဘာဖြစ်လို့ နွားသိန်းမောင် ဖြစ်နေရသလဲခင်ဗျာ … အရင်က နွားမွေးဖူးလို့လား”

“မမွေးဖူးပါဘူး ဆရာရယ်”

“ဒါဆို ဘကြီးကို ဘာကြောင့် နွားသိန်းမောင်လို့ ခေါ်ကြသလဲ”

“ဒီလိုဗျ … ဟိုးက မြင်နေရတဲ့ ဘုရားကို ဘယ်သူတည်သလဲ သိလားဆရာ”

“ရွာသားတွေလား”

“မဟုတ်ဘူးဗျ … ကျုပ်ပထမဆုံး မတည်ငွေနဲ့ တည်ထားတာ … အဲဒီဘုရားကို ဘာကြောင့် တည်သလဲ ဆရာ သိလား”

“မသိပါဘူးဘကြီးရယ်”

“ကျုပ်က သိန်းမောင်တည်တဲ့ဘုရား … ဘုရားဒကာ သိန်းမောင်လို့ ရွာသားတွေ ခေါ်စေချင်လို့ပဲ … ဒါပေမဲ့ လူတွေက ခု ဘယ်လိုခေါ်နေကြသလဲ”

“မကြည်ဘုရားတဲ့”

“ဟုတ်တယ် … မကြည်နာမည်ပဲထွက်တယ် … ကျုပ်ကို တစ်ရွာလုံး ဘယ်သူမှ အသိအမှတ် မပြုကြဘူး”

“ဘကြီးရယ် … ကြီးမေဒေါ်ကြည်က ဘကြီးမိန်းမပဲ မဟုတ်လား”

“ဆရာ့ကျောင်း အုတ်တံတိုင်းအားလုံးကို ဘယ်သူခတ်ပေးသလဲ”

“ဘကြီးတို့ မိသားစုပဲလေ”

“ဒါပေမဲ့ အုတ်တံတိုင်းအလှူရှင်နေရာမှာ ထွင်းထားတာ ဘယ်သူလဲ”

“ဒေါ်ကြည်မိသားစုကောင်းမှု နတ်လူသာဓုခေါ်စေသော်”

“ကျုပ်နာမည်ပါလား”

“အေးနော် … အဲဒါ ကျွန်တော်လည်း မေးချင်တာ … ဘကြီးနာမည်က ဘာကြောင့် မပါရတာလဲ”

“မကြည်ကရှက်လို့တဲ့ … ကျုပ်နာမည်ပါမှာ ရှက်လို့တဲ့”

“ဟာဗျာ … အဲဒါတော့ ကြီးမေက မတရားဘူး”

“ဟိုက မြင်နေရတဲ့ ချောင်းကူးတံတားကိုရော ဘယ်သူဆောက်ပေးခဲ့သလဲ”

“အင်း … ဘကြီး ကျွန်တော်သဘောပေါက်စပြုလာပြီ … အဲဒီတံတားကိုပါ တစ်ရွာလုံးက အမေကြည်တံတားလို့ ခေါ်နေကြတာ”

“အဲဒါ … အဲဒါ … ကျုပ်ပြောချင်တာ အဲဒါ … ကျုပ် သေအောင်လုပ်၊ အပင်ပန်းခံလုပ် … ဘယ်လောက်လုပ်လုပ် ကျုပ်နာမည်ကို တစ်စက်မှ ထည့်မပြောကြဘူး”

“ဟုတ်တယ်ဘကြီး … ဘကြီးနေရာက ကျွန်တော်ခံစားရတယ် … ဒါနဲ့ ဘာဖြစ်လို့ နွားသိန်းမောင် ဖြစ်ရသလဲဗျာ … တောက်”

“ကျုပ်လည်း အဲဒါကိုပြောချင်လို့ … ဘာဆောက်ဆောက် … ဘာတည်တည် … နောက်ဆုံး မကြည်ပဲ ကောင်းစား … မကြည်ပဲနာမည်ရ … ဒီလောက်တောင် ဖြစ်လှဆိုပြီး နာမည်ဆိုးထွက်အောင် ကျုပ်လုပ်မယ် ဆိုပြီး လယ်ထဲက နွားမလေးတစ်ကောင်ကို မဟားတရားကျင့်လိုက်တာ”

“ဟာဗျာ … ဘကြီးရယ်”

“အဲဒီတော့မှ တစ်ရွာလုံးက ကျုပ်ကို နွားသိန်းမောင်လို့ခေါ်ကြတော့တာ”

“ဗျာ”

#တင်ညွန့်