နန္ဒာစိုး(ဆင်ဖြူကျွန်း)
(၁)
သည်နေ့ကျမှ ကျွန်တော့်သူငယ်ချင်း ဖေခင်ကို သတိရလိုက်တာ အရမ်းပါပဲ။ သည်ကောင်က ကျွန်တော်နဲ့ ကျောင်းနေဘက်။ ငယ်ငယ်ကတည်းက ကျွန်တော် တွဲလာတဲ့ကောင်။
သူက ဗေဒင်လက္ခဏာရူး။ အဲသည်ပညာကို အရမ်းလိုက်စားတယ်။ စာသင်ခန်းထဲမှာ ဆရာက ရှေ့က စာသင်နေတုန်း နောက်ကနေပြီး ဗေဒင်လက္ခဏာ စာအုပ်ကြီး ခိုးခိုးဖတ်နေတတ်လို မကြာခဏ အရိုက်ခံရတဲ့ ကောင်မျိုးပေါ့။ ရောက်လေရာအတန်းတိုင်း စာသင်ခန်းတိုင်းမှာ သူ မဟောဖူးတဲ့သူ မရှိတော့ဘူး ဆိုရလောက်အောင်ပါပဲ။ ယောက်ျားလေး မိန်းကလေးမရွေး ဗေဒင်ဟောပေးတယ်။ လက္ခဏာကြည့်ပေးတယ်။
ကျွန်တော်ကလဲ ဖေခင်နဲ့ တတွဲတွဲဆိုတော့ ဖေခင်ရဲ့ အဟောအကြည့် စက်ကွင်းက ဘယ်ပြေးလွတ်မလဲ။ ဗေဒင်ဟောပေးတာလဲ ခံဖူးတယ်။ လက္ခဏာဟောတာလဲ နားထောင်ရဖူးတယ်။
ဒါပေမယ့် မွေးနေ့မွေးရက်သာ ပြောလိုက်တာ။ လက် ဖဝါးသာ ထိုးပေးလိုက်တာ။ စိတ်ထဲမှာ သိပ်အလေးအနက် မထားမိပါဘူး။သူဟောတဲ့အတိုင်း ဖြစ်လာလိမ့်မယ်လို့ မယုံကြည်လှပါဘူး။
ဒါပေမယ့် ခုမှ ပြန်တွေးတော့ သူဟောတဲ့အထဲမှာ နှစ်ချက်ကတော့ဖြင့် ကွက်တိကို မှန်နေတော့တာပါပဲ။
ပထမဟောချက်က “မင်း ဆယ်တန်းမအောင်တော့ဘူး ငတိုး။ အိမ်ထောင်ပဲကျမယ်” တဲ့….။
ကျွန်တော် ဆယ်တန်းစရောက်တဲ့နှစ်မှာ ဟောတာ။
“ဟုတ်လား … ကောင်းတာပေါ့၊ ဇိမ်ပဲ။ မင်္ဂလာဆောင်ရင်လဲ မင်းပဲ ရက်ရွေးပေးရမယ်နော်”
လို့တောင် ကျွန်တော်က ပြန်နောက်ခဲ့ ရယ်ခဲ့သေးတယ်။
အောင်မယ် … အဲဒီဟောချက်က မှန်နေသဗျ။
ဆယ်တန်း ပထမနှစ်မှာ ကျွန်တော် ကျပါလေရော။ ဒုတိယနှစ် ပြန်တက်မယ် ကြံတုန်းရှိသေး။ ငြိမ်းငြိမ်းကို ခိုးပြေးရဖို့ ဖန်လာတော့တာပါပဲ။
အဓိကအကြောင်းရင်းကတော့ ငြိမ်းငြိမ်းတို့မိသားစုက ကျွန်တော်တို့မြိုက ပြောင်းရွှေ့သွားဖို့ ဖြစ်လာတယ်။ အဲသည်အချိန်မှာ ကျွန်ုတော်နဲ့ ငြိမ်းငြိမ်းက ချစ်စ ခင်စ ကြင်နာစ။
သည်းဆိုင်ညှာထက်ဝယ်၊ မခွဲနိုင်မခွာရက်ကွယ် ဆိုလောက်အောင် အချစ်နတ်ပူးနေကြချိန်။
ကျွန်တော်ကလဲ ငြိမ်းငြိမ်းကို သူ့မိသားစုနဲ့ မထည့်လိုက်ချင်ဘူး။ စိတ်မှလို့။ ငြိမ်းငြိမ်းကလဲ ကျွန်တော့်ကို ထားခဲ့ပြီး သူ့မိသားစုနဲ့ လိုက်မသွားချင်တော့ဘူး။ တစ်ချုံကွယ် တစ်မယ်မေ့မှာစိုးလို့။
အဲ့သည်မှာတင် သူတော်ချင်းချင်း သတင်းလွေ့လွေ့။ အဲ …. ညားကြရော ဆိုပါတော့ဗျာ။
သူတို့သမီးကို ခိုးပြေးရကောင်းလားလို့ ငြိမ်းငြိမ်း မိဘတွေကလဲ ပြဿနာမရှာကြပါဘူး။ ကျွန်တော်က အသောက်အစား လောင်းကစားမရှိ၊ ဟော့ဟော့ရမ်းရမ်း မရှိ၊ အကျင့်စာရိတ္တလဲ နာမည်ပျက်မရှိ ဆိုတဲ့ လူစားပါ။ အဲ … ဆင်းရဲတာတော့ မတတ်နိုင်ဘူးလေ။ မကြိုက်စရာအဖြစ် ကြံကြံဖန်ဖန် အပြစ်ရှာမယ်ဆိုရင် စာရူးပေရူးထတာ တစ်ချက်တော့ ရှိတာပေါ့။
စာဖတ်တယ်။ စာလေးပေလေး တောင်စမ်းစမ်း မြောက်စမ်းစမ်း ရေးကြည့်တယ်။ ဒီလောက်ပဲ။ ဒါကလဲ လူကြားမကောင်းအောင် ဆိုးရွားတဲ့အပြစ် မဟုတ်တော့ နှစ်ဘက်မိဘ ပြေပြလည်လည်နဲ့ပဲ မင်္ဂလာကိစ္စ ထမြောက်ခဲ့ပါတယ်။
အဲဒါက ကျွန်တော်နဲ့ ပတ်သက်လို့ ဖေခင့်ဟောချက်တွေထဲက ပထမမှန်တဲ့တစ်ချက်။
ဒုတိယမှန်တဲ့အချက်က “မင်းပိုင်းနဲ့ ပတ်သက်ရမယ်။ အချုပ်အနှောင် ခံရလိမ့်မယ်။ ဒါပေမယ့် ဘဝပျက်လောက်အောင် ကြီးလေးတဲ့ပြစ်မှုမျိုးနဲ တော့ မဟုတ်ဘူး” ဆိုတဲ့အချက်ပဲ။
“ဖေခင်ရာ … ငါ ဘယ်သူ့အပေါ်မှာမှ မတရားမလုပ်တတ်တာ မင်းသိလျက်သားနဲ့ … မဟုတ်တာ”
လို့ ကျွန်တော်ကငြင်းတော့ ဖေခင်က လက်မခံဘူး။ ကျွန်တော့် လက်ဖဝါးပေါ် မှာ တွေ့နေသတဲ့။ ကျွန်တော် မယုံခဲ့ပါဘူး။
ဒါပေမယ့် အဲဒါကလဲ မှန်နေပြန်တယ်။ ဒါ့ကြောင့်မို့ ဖေခင့်ကို သတိရမိတယ်လို့ ပြောတာပါ။ သတိမရကာမှ နေလေရော။ သည်နေ့ပဲ ကျွန်တော် အချုပ်ခန်းထဲ ဝင်ရတော့မယ် မဟုတ်လား။
ဘာကြောင့်လို့ ထင်သလဲ။ ဘာမှုလို့ ထင်သလဲ။ ပြောရရင် ငိုရကောင်းနိုးနိုး ရယ်ရကောင်းနိူးနိုး။
(၂)
ကျွန်တော် အိမ်ထောင်ကျတော့ ပညာရေးက ဟိုမ ရောက် သည်မရောက်။ ပညာရေးအားကိုးပြီး ထမင်းအိုးတည်နိုင်တဲ့ အနေအထား မရှိဘူး။ သည်တော့ အဖေ့အမွေကိုပဲ ဆက်ခံလိုက်ရတယ်။ အဖေက လက်သမားဆရာ ဆိုပါတော့။ အိမ်ထောင် ပရိဘောဂတွေလုပ်တဲ့ လက်သမားမျိုးတော့ မဟုတ်ဘူး။ အိမ်ဆောက်တာ၊ အမိုးမိုးတာ၊ အိမ်ဝိုင်း ဝင်းထရံရက်တာတို့လိုဟာတွေ လိုက်လုပ်တဲ့လက် သမား။
ကျွန်တော် အိမ်ထောင်ကျပြီး တစ်နှစ်လောက်ရှိမှ အဖေ ဆုံးပါးသွားတာ။ ဆိုပါတော့ အဖေနဲ့ တစ်နှစ် လောက်တွဲပြီး အလုပ်လုပ် ပညာသင်ခွင့် ရလိုက်တယ်။ အဖေမရှိတော့တဲ့အချိန် ကျတော့လဲ သည်အလုပ်ကိုပဲ ကျွန်တော် ဆက်လုပ်ခဲ့တယ်။
ငြိမ်းငြိမ်းကလဲ တစ်ဘက်က အင်္ကျီကြယ်သီးတံ တပ်တာတို့၊ လက်ချုပ်ချုပ်တာတို့လို တစ်နိုင်အလုပ်ကလေးတွေ ဝင်ငွေရှာတယ်။ လင်မယားနှစ်ယောက် ဒိုးတူပေါင်ဖက် အလုပ်လုပ်၊ ရိုးရိုးကုပ်ကုပ်နေ၊အပိုမသုံးဖြစ်အောင် ဂရုစိုက်ဆိုတော့ ကျွန်တော်တို့နှစ်ယောက်ရယ်၊ ကျွန်ုတော့်အမေရယ် ၃ ယောက် တည်းရှိတဲ့ အိမ်မှာ မီးခိုးမတိတ်ဘူး ဆိုပါတော့။
သိပ်ချောင်လည်လှတယ် မဟုတ်ပေမယ့် သိပ်မကျပ်တည်းခဲ့ပါဘူး။ ကျွန်တော်က အဖေ့လိုပဲ လက်သမားပညာကလေးနဲ့ ရပ်တည်တယ်ဆိုပေမယ့် အဖေ့ဆီက အဲသည်လက်သမားပညာကလေးတင် အမွေရလိုက်တာမျိုးတော့ မဟုတ်ဘူး။ အဖေ့စိတ်ဓာတ်ကိုပါ အမွေရလိုက်တာလို့ ထင်တယ်။
အဖေနဲ့ အမေတို့ အိမ်ထောင်ရေးက အံ့ဩစရာပဲ။ ကျွန်တော့်အဖေက ငယ်ငယ်တုန်းက ရပ်ရေးရွာရေး နိုင်ငံရေးလောက် လျှောက်လုပ်နေတဲ့သူ ဆိုပဲ။ အမေက အလုပ်စာရယ်လို့ သတ်သတ်မှတ်မှတ် စားခဲ့ရတာ မဟုတ်ဘူး။ သူ့ဟာသူ ရှာဖွေစားခဲ့ရတာတဲ့။ အဖေက လှည့်ကြည့်တာမဟုတ်ဘူးတဲ့။
အမေ့ကိုသာ လှည့်မကြည့်ပေမယ့် ရပ်ရွာလုံခြုံရေးစစ်သင်တန်းပေးဖို့ဆိုလဲ အဖေပါသတဲ့။ သခင်အသင်းထောင်ဖို့ဆိုတော့လဲ သူရှေ့ ဆုံးကတဲ့။ မဲရွေးကောက်ပွဲလုပ်တာတို့၊ ဂျပန်ကို တော်လှန်ဖို့ စည်းရုံးရေးလုပ်တာတို့ အို…. အဖေလုပ်ခဲ့တာတွေကတော့ အများကြီးပေါ့။ တစ်ခါတလေ စိတ်လိုလက်ရရှိလို့များ အဖေက ပြန်ပြောပြရင် သိပ်နားထောင်လို့ ကောင်းတာပဲ။
အတိုးကြီး ချေးငွေပြန်မဆပ်နိုင်လို့ဆိုပြီး လယ်နဲ့ နွားကို အတင်းသိမ်းတဲ့ ချစ်တီးတစ်ယောက်ကိုလဲ ဝင်ရိုက်ခဲ့ဖူးသတဲ့။ အသိမ်းခံရတဲ့ လယ်သမားက အဖေ သိတဲ့လူလဲ မဟုတ်ပါဘူး။ ချစ်တီးက နွားတွေဆွဲသွားတော့ အဲသည်လယ်သမားက နောက်ကပါသတဲ့။ နွားကလေးတွေ ပြန်ပေးဖို ချစ်တီးရဲ့ ခြေထောက်ကိုဖက်ပြီး ငိုကြီးချက်မ ပြောတာကို ချစ်တီးနောက်လိုက် မြန်မာကောင်တွေက လယ်သမားကို ရိုက်တာဆိုပဲ။
အဲသည်မှာ အဖေက ဝါးရင်းတုတ်တစ်ချောင်းနဲ့ ဝင်ကြမ်းပစ်သတဲ့လေ။
“ငါ့ကွာ… အဲသည်တုန်းကများ ခွမ်းခနဲ တစ်ချက်ဆော်လိုက်တာ ချစ်တီးလဲ ပုံကျသွားတယ်။ နောက်လိုက်တွေက နှစ်ယောက်ကွ။ ကျီးကန်းတောင်မှ သူ့အမျိုးထိတော့ နာသေးတယ်။ ဝိုင်းအာတတ်သေးတယ်။ မင်းတို့က တိရစ္ဆာန်လောက်မှ မသိတတ်ဘူး။ ချစ်တီးထက်တောင် ကဲနေသေးတယ်။ သေပေတော့ဆိုပြီး ပါးစပ်ကလဲ အော်၊ လက်ကလဲ ရိုက်နဲ့ တွယ်ပစ်လိုက်တာ တစ်ချိုးတည်း ပြေးကြရော။
ဟုတ်တယ်ကွာ၊ ခုပြောရင် ခု စိတ်ပေါက်တယ်။ ပြဿနာဖြစ်လာရင် နောက်ပိုင်းကျမှ မှန်တဲ့ဘက်က ရပ်တည်ရမှာ။ ပထမဆုံးအနေနဲ့ကတော့ ကိုယ့်လူမျိုးဘက်က ဝင်ရမှာပဲ။ ကိုယ့်ဘက်ကကို တစ်ဖက် သတ်မှားနေတယ်၊ လွန်နေတယ်ဆိုမှ အမှန်တရားနဲ့ ညှိပြီး လျှော့တန်လျှော့ပေါ့။ ခုတော့ သူတို့ထမင်းအိုး အတွက် ကြည့်တာက အရင်။
လူဆိုတာ ပညာမတတ်ချင်နေ၊ မချမ်းသာချင်နေ၊ အ နည်းဆုံး မျိုးချစ်စိတ်လောက်တော့ ရှိမှကွ။ နို့မို့ရင် နွားပဲ။ နွားချင်းအတူတူတောင် အဲလိုကောင်တွေကျ နဖားကြိုး အထိုးခံထားရတဲ့ နွား။ ငါလဲ သူတို့ကိုရိုက်ပြီး ဝရမ်းပြေးလုပ်လိုက်ရသေးတယ်။ ဒါပေမယ့် မကြာလိုက်ပါဘူး။ ဂျပန်ဝင်လာတော့ အင်္ဂလိပ်တွေလဲပြေး၊ ချစ်တီးတွေလဲ ပြေး … ပြီးသွားတာပါပဲ”
လို ကွမ်းတမြုံ့မြို့နဲ့ အားပါးတရ ပြန်ပြောလေ့ရှိတယ်။
ကျွန်တော့်ကိုမွေးတဲ့ ၁၉၆ဝ ခုနှစ် နောက်ပိုင်းကျမှ ကျွန်တော့်သံယောဇဉ်နဲ့ အဖေ အဲ့သည်ဘက်မှာ လျှော့တော့တာလို့ အမေက ပြောပြတယ်။
ကျွန်တော် စာတွေ နင်းကန်ဖတ်နေတော့ အမေက ကျောင်းစာထိခိုက်မှာစိုးလို တားခဲ့ပေမယ့် အဖေကတော့ အားပေးခဲ့တယ်။ စာရေးချင်စိတ်ရှိမှန်း သိတော့လဲ မြှောက်ပေးခဲ့တာ အဖေပဲ။ ဖတ်သင့် ဖတ်ထိုက်တယ်ထင်တဲ့ စာအုပ်မျိုးတွေကို သူနဲ့ လုပ်ဖော်ကိုင်ဘက် အပေါင်းအသင်းတွေဆီက ငှားရမ်းပေးပြီး ဖတ်ခိုင်းတတ်သေးတယ်။
ဦးသိန်းဖေမြင့်ရဲ့ အရှေ့က နေဝန်းထွက်သည့်ပမာတို့၊ သခင်တင်မြရဲ့ ဘုံဘဝမှာဖြင့်တို့လို စာအုပ်မျိုးတွေပေါ့။
သည်လိုနဲ့ ကျွန်တော်ဟာ အဖေ့ဆီက စိတ်ဓာတ်အမွေကိုပါ ရလာခဲ့တယ်ပဲ ပြောပါတော့လေ။ အဖေ သွင်းပေးခဲ့တဲ့ ပုံစံခွက်ထဲမှာ အံဝင်ခွင်ကျ ဖြစ် မဖြစ် ဆိုတာတော့ အဖေမှပဲ သိနိုင်မှာပါ။
ကျွန်တော့်မှာ စာရေးချင်စိတ်ရှိတယ် ဆိုပေမယ့် အိမ်ထောင်ကျသွားပြီးတော့ အဲသည်ဘက်ကို လှည့်မကြည့်နိုင်တော့ဘူး။ ခေါင်းထဲမှာကလဲ မိသားစု စားဝတ်နေရေးက ရှေ့တန်းက နေရာယူလာတာကိုး။ ဒါပေမယ့် စာဖတ်တော့ သည်နေ့အထိ မပျက်ဘူး။
ကျွန်တော့် အနေအထားကို ကျွန်တော်သိနေတယ်လေ။
ဆယ်တန်းတောင် မအောင်လိုက်ရတဲ့ ကျွန်တော့်လို လူတစ်ယောက်အဖို့ စာဖတ်ခြင်းနဲ့ပဲ ကိုယ့်ကိုယ်ကို အဖတ်ဆယ်ရလိမ့်မယ်။ စာအုပ်တွေက ပို့ချမယ့် ဘာသာရပ်မျိုးစုံကို စုဆောင်းမွေးမြူနိုင်မှ လူ ချင်းတူတူ ဘဝမှာ ရပ်တည်နိုင်လိမ့်မယ်လို့ ယုံကြည်မိတယ်။
အဖေ မျှော်လင့်သလို ကျွန်တော် စာရေးသမားတစ်ယောက် ဖြစ်မလာခဲ့တာတော့ မတတ်နိုင်တော့ဘူး ပေါ့လေ။
သည်နေ့ ကျွန်တော်ဖြစ်လာခဲ့တဲ့ အမှုနဲ့ ပတ်သက်လို့အဖေ့ကိုလဲ သတိရမိပြန်တယ်။ အဖေသာ ရှိနေသေးရင် ဘယ်လိုဝေဖန်မလဲလို့ စဉ်းစားနေမိသေးတယ်။ ကျွန်တော့်အနေနဲ့ကတော့ အချုပ်ခန်းထဲကို ကျေကျေနပ်နပ် ဝင်ဖို့ပါပဲ။ ဖြစ်ခဲ့ပြီးပြီလေ။ ဖြစ်ပြီးမှတော့ ဥပဒေနဲ့အညီ ကိုယ့်ပြစ်ဒဏ် ကိုယ်ခံရုံပေါ့။
ငြိမ်းငြိမ်းကတော့ ကျွန်တော့်ကို အပြစ်တင်လေရဲ့။
“အစ်ကိုရယ် … ပိုက်ဆံကလေး မဖြစ်စလောက်အတွက်နဲ့များ ပွဲဆူအောင် လုပ်လာခဲ့ရသလား….” တဲ့။
အဲသည်စကားသံကြားရတော့ ကျွန်တော် ဦးစိမ်းမောင်တို့ လူစုရဲ့ မျက်နှာတွေကို ပြန်မြင်ယောင်လာတယ်။
(၃)
“ဦးစိမ်းမောင်”လို့ ပြောလိုက်ရင် ကျွန်တော်တို့မြို့မှာ မသိသူ မရှိပါဘူး။ မြိုပေါ်က ရှိသမျှ သူဌေး သူကြွယ်တွေ စာရင်းကောက်မယ်ဆိုရင် ဦးစိမ်းမောင်ဆိုတဲ့ နာမည်ကို ချန်ထားခဲ့လို့ မရဘူး။ မျက်စိပေါက် မှေးမှေး၊ ပါးစုံ့ နီနီ၊ ကုပ်ပိုးတက်တက်၊ ဝဝဖိုင့်ဖိုင့်၊ အသားဝါဝါ၊ မြန်မာစကားသံဝဲဝဲနဲ့ ဦးစိမ်းမောင်ကို တစ်မြို့လုံး သိကြတာပါပဲ။
ဆီစက်ချည်းပဲ သုံးလုံးပိုင်တယ်။ နေတာကလဲ တိုက်နဲ့ ကားနဲ့ တီဗွီနဲ့။
မြင်သာထင်သာ အလုပ်ကတော့ ဆီစက်သုံးလုံးပေါ့ ဓလ။ ဒါပေမယ့် ရွှေပေါင်ခံတာတို့၊ ငွေတိုးချေးတာတို့၊ အို… လုပ်ငန်းတွေမှ မွလို့။
အဲလိုဆိုတော့ သည်လူတော့ တစ်နေ့တစ်နေ့ ဂျင်ခြေလည်နေမှာပဲလို့ ထင်စရာရှိတယ်။
မဟုတ်ဘူး။ သူက တိုက်ထဲမှာပဲ နေတာ။ တစ်လီဖုန်း တစ်လုံး၊ တွက်ဖို့ချက်ဖို့ ပေသီးဇယားကွက်က တစ်ခု၊ ဘောက်ချာ တစ်အုပ်၊ ဘောလ်ပင် တစ်ချောင်းနဲ့ လေအေးစက်နားမှာပဲ ထိုင်နေတာ။ အဲဒီစားပွဲမှာတင် အလုပ်လုပ်နေတာ။
ဆီကလဲ နှစ်ကျပ်ခွဲသားကနေ ပီပါလိုက်အထိ ရောင်းတယ်။ ဝယ်တဲ့ဘက်က ဝယ်နိုင်ဖို့ပဲ လိုတယ်။ သူ့ဘက်ကတော့ ဝယ်အားရှိသလောက် ရောင်းပေးနိုင်တယ် ဆိုပါတော့။ ကျွန်တော်တို့လဲ သူ့ဆိုင်မှာပဲ ဝယ်ဖြစ်တာက များပါတယ်။
ပတ်သက်လာပုံက တစ်နေ့ သူ့တိုက်က အခိုင်းအစေ ကောင်လေးတစ်ယောက် လာခေါ်လို့ ကျွန်တော်လိုက်သွားပြီး ဦးစိမ်းမောင်နဲ့ တွေ့တယ်။ ကိစ္စက သူ့ ဆီစက် တစ်လုံးရဲ့ ဝင်းထရံတစ်ဘက်ကို ပြန်ကာပေးဖို့။ လိုအပ်မယ့် ပစ္စည်းတွေ သူဝယ်ပေးမယ်။ကျွန်တော်က လုပ်အားစိုက်ရမယ်။ ဘယ်လောက်ကြာမလဲ။ ဘယ်လောက် ကျမလဲပေါ့။ အဲ့ဒီကိုခေါ် စုံစမ်းတာ။
သည်တော့ ကျွန်တော်က ပြန်ပြောတယ်။ အတတ်နိုင်ဆုံး မြန်အောင် ပြီးစီးအောင် လုပ်ပေးမယ်။ နေ့စား သဘောမျိုး တစ်နေ့ကို ဆယ့်နှစ်ကျပ်ခွဲ ထုံးစံရှိတယ်ပေါ့။ သူကလဲ ခေါင်းညိတ်တယ်။ သည်လိုနဲ့ အလုပ်ကိစ္စ ပြောပြီးဆိုပြီး ဖြစ်သွားကြတယ်။
ဝင်းထရံက တစ်ဘက်တည်းဆိုပေမယ့် ပေငါးဆယ်လောက် အလျားရှည်တယ်။ အဟောင်းကို ဖျက်တာ၊ အသစ်ပြန်ကာဖို့ ဝါးခြမ်းပြား သပ်တာ၊ ကျင်းတူးတိုင်မြှုပ်တာ၊ အခံတန်းရှည်ရိုက်တာ၊ ရိုက်ပြီးသား ဝါးခြမ်းတန်းရှည်တွေပေါ်ကမှ ဒေါင်လိုက်ခြံရက်တာတို့အားလုံး ကျွန်တော်တစ်ယောက်တည်း လုပ်ရတာဆိုတော့ သုံးရက်လောက် လုပ်ရတယ်။
အလုပ်ပြီးသွားတဲ့နေ့ ညနေပဲ ဦးစိမ်းမောင်ရဲ့တိုက်ကို လုပ်အားခရှင်းဖို ကျွန်တော် သွားရတယ်။ ဦးစိမ်းမောင်ကတော့ ထုံးစံအတိုင်းပဲ သူ့စားပွဲမှာ ထိုင်လိုပေါ့။ ပေသီး ဂျောက်ဂျက် တွက်လိုက်၊ ထမင်းစားလိုက်နဲ့။ ပန်းကန်လုံးငယ်ငယ်ကလေးထဲက ထမင်းကို တူတစ်စုံနဲ့ ကျွမ်းကျွမ်းကျင်ကျင် စားနေတာ။
သူ ထမင်းစားလို့ပြီးအောင်၊ ပေသီးဂျောက်ဂျက် တွက်လို့ ပြီးအောင် ထိုင်စောင့်နေရသေးတယ်။ သူ့ကိစ္စတွေပြီးတော့မှ ကျွန်တော်ဘက်လှည့်ပြီး စကားသံဝဲဝဲနဲ့ ဘယ်လောက်ကျသလဲ… လို့ မေးတယ်။
အမှန်က သူ သိပြီးသားပါ။ ဒါပေမယ့် သူဌေးတွေဟာ ပိုက်ဆံကိစ္စမှာ တိကျတတ်ကြတယ်လို့ ကြားဖူး တော့ သိပေမယ့် မေးချင်မေးမှာပဲ။ စာရင်းမှတ်ချင်လို့လားမှ မသိတာလို အောက်မေ့မိတယ်။ ဒါကြောင့် တစ်ရက်ကို ဆယ့်နှစ်ကျပ်ခွဲနှုန်းနဲ့ သုံးရက်တွက် သုံးဆယ့်ခုနစ်ကျပ်ခွဲကျတယ်လို့ ပြောလိုက်တယ်။
သည်တော့ ဦးစိမ်းမောင်က သူ့ပါးနီနီကြီးတွေ မြင့်တက်သွားအောင် ပြုံးတယ်။ နောက်…. စားပွဲအောက်က အံဆွဲကို ဆွဲဖွင့်လိုက်ပြီး ပိုက်ဆံထုတ်ပေး တယ်။ တစ်ဆယ်တန်သုံးရွက်၊ ငါးကျပ်တန်တစ်ရက်။ ပြီးတာနဲ့ အံဆွဲကို ပြန်ပိတ်ရင်း ပြုံးစစပြောတယ်။ အစွန်းတွက် နှစ်ကျပ်ခွဲကိုတော့ ခင်မင်မှုအရ လျှော့ပါတဲ့။မသိတဲ့သူတွေလဲ မဟုတ်ပါဘူးတဲ့။ သိပ်အလျှော့ခိုင်းတာလဲ မဟုတ်ပါဘူးတဲ့။ ပြောပြီးတော့ ရယ်နေတယ်။
ကျွန်တော် ဘာမှ ပြန်မပြောလိုက်ပါဘူး။ လေးရက်တွက်ဆိုရင်လဲ ငါးဆယ်ကွက်တိမို့ လျှော့စရာ မရှိဘူး။ ခုဟာက သုံးရက်တွက်ဆိုတော့ ပိုက်ဆံက ဟိုမရောက် သည်မရောက်။သုံးဆယ်ခုနစ်ကျပ်ခွဲ။
ဆယ်တန် ငါးကျပ်တန်နဲ့ တွက်ရင် နှစ်ကျပ်ခွဲက အ စွန်းထွက်သလို ဖြစ်နေတယ်။ သည်တော့ မြင်တတ်တဲ့သူတွေအဖို့ မြင်ချင်စရာ လျှော့ချင်စရာပဲ တွေးလိုက်မိတယ်။ ဒါနဲ့ သူပေးသလို သုံးဆယ်ငါးကျပ်ပဲ ယူပြီး ပြန်လာခဲ့တယ်။ နေ့စဉ်သာ အလုပ်မှန်မှန် လုပ်နေရစမ်းပါစေ။ နှစ်ကျပ်ခွဲလောက် ဈေး ဆစ်တာကိုတော့ဖြင့် လူမှုရေး ခင်မင်မှုနဲ့တင် လျှော့ ပေးလိုက်ရှိ အဆင်သင့်ပါပဲ။ ကျွန်တော်က အားနာတတ်တဲ့ မြန်မာလူမျိုး မဟုတ်လား။
(၄)
အကုသိုလ်များ ဝင်ချင်လာတော့ သိပ်မကြာလိုက်ပါ ဘူးဗျာ။ နောက်တစ်နေ့မှာပဲ ဖြုန်းစားကြီး ပြဿနာတက်ကြတော့တာပါပဲ။ နောက်တစ်နေ့ဆိုတာက ဦးစိမ်းမောင်ဆီက ကျွန်တော့်လုပ်အားခ သုံးဆယ့်ခုနစ်ကျပ်ခွဲကို နှစ်ကျပ်ခွဲလျှော့ယူ ပြန်လာခဲ့တဲ့နေ့ရဲ့ နောက်တစ်နေ့ကို ပြောတာပါ။
ကျွန်တော် အလုပ်သွားဖို ဟန်ပြင်တုန်းပေါ့။ မနက် ခုနစ်နာရီလောက်ပဲ ရှိသေးတယ်။ ငြိမ်းငြိမ်းက ဆီလက်ကျန်နည်းနေလို့ ဆီဝယ်ပေးသွားပါဦးဆိုပြီး ပုလင်းလွတ်ကလေးတစ်လုံး ကျပ်တန်သုံးရွက် လာပေးတယ်။ ဒါနဲ့ ဦးစိမ်းမောင်တို့ဆိုင်ကို ကျွန်တော် ထွက်လာခဲ့တယ်။
ကျွန်တော်တို့ကလဲ ဆီကို များများဝယ်လေ့ မရှိဘူး။ ဆီဈေးချိုလာနိုး ချိုလာနိုးနဲ့ တစ်ဆယ်သား နှစ်ဆယ် သားလောက်ပဲ ဝယ်ဝယ်သုံးရာကနေ အကျင့်ပါသွားတော့ နေ့စဉ်လိုလိုပဲ ဆီဝယ်ရတတ်တယ်။
ဦးစိမ်းမောင်တို့ဆိုင်ကို ရောက်တော့ ထုံးစံအတိုင်းပဲ အကူကောင်လေး တစ်ယောက်က ဆီခြင်ထည့်ပေး တယ်။ ငွေကိုတော့ ဦးစိမ်းမောင်ရဲ့ စားပွဲကို သွားရှင်းရတယ်။ ဆီဈေးက ပိဿာလုံး ငါးဆယ့်တစ်ကျပ်၊ လက်လီ ငါးဆယ့်နှစ်ကျပ်ခွဲတဲ့။ တစ်ဆယ်သားကို ငါးကျပ် တစ်မတ်နှုန်း။
ကျွန်တော် ဝယ်ဘာက ငါးကျပ်သားဆိုတော့ တွက် ကြစတမ်းဆိုရင် နှစ်ကျပ် ပြားခြောက်ဆယ် ဖြစ်င်ရင် ဖြစ်မယ်။ နှစ်ကျပ် ခြောက်ဆယ့်ငါးပြား ဖြစ်ရင် ဖြစ်မယ်။ တစ်ဘက်ဘက်ကတော့ နှစ်ပြားခွဲ အ နာခံမှ ရှင်းလို့ရမယ်။
တိုတို ပြောပါစို့။ ဦးစိမ်းမောင်ရဲ့ ရှေ့ကို ကျပ်တန်သုံးရွက် ထိုးပေးလိုက်ရင်း ကျွန်တော်က ငါးကျပ်သားလို့ ပြောလိုက်တယ်။ ဦးစိမ်းမောင်က ခေါင်းညိတ်ဘယ်။ ကျပ်တန်သုံးရွက်ကို သိမ်းတယ်။ ပြီးတော့ အကြွေခွက်ထဲကနေ နှိုက်ယူပြီး အမ်းတယ်။
ဘယ်လောက် အမ်းတယ် ထင်သလဲ။ ဆယ်ပြားစေ့ သုံးစေ့၊ ငါးပြားစေ့ တစ်စေ့ စုစုပေါင်း သုံးဆယ့်ငါးပြား။
“အစ်ကိုရယ်…. ပိုက်ဆံကလေး မဖြစ်စလောက်အ တွက်နဲ့များ ပွဲဆူအောင် လုပ်လာခဲ့ရသလား”
လို့ ငြိမ်းငြိမ်း ပြောမယ်ဆိုရင်လဲ ပြောစရာပဲ။
ကျွန်တော်ကလဲ ကျွန်တော်….။ ကျွန်တော့်စိတ်ထဲမှာ မျက်ခနဲ ဖြစ်သွားမိတာကိုး။
“ဟ…. တယ်ဟုတ်နေပါလား။ ခပ်တည်တည်ပဲ… သူ့ဘက်ကျတော့ အားနာတယ်ဆိုတာ မရှိပါလား။ နှစ်ပြားခွဲကအစ အနာမခံပါလား” ဆိုတဲ့ အတွေးက ခေါင်းထဲကို ဒိုင်းခနဲ ရောက်လာတာကိုး။
ကျွန်တော်ကိုယ်နှိုက်က မိန်းမဆန်လွန်းလှလို့၊ ဇယားကျေလွန်းလှလို့၊ မြင်တတ်လွန်းလို့ မဟုတ်ပါဘူး။ ဒါကို ကျမ်းကျိန်ပြောဝံ့ပါတယ်။ တခြားအချိန်ဆို ကျွန်ုတော် အဲလို တွေးချင်မှ တွေးမိမယ်။ အားမနာတတ်တာ၊ ကိုယ့်ဘက်ကျ သည်းသည်းလှုပ် အထိမခံတတ်တာကို မြင်ချင်မှ မြင်မယ်။ တွေးမိတယ် မြင်မိတယ်ထားဦး။ နှစ်ပြားခွဲနဲ့တော့ ကျွန်တော် ပြောနေမှာ မဟုတ်ပါဘူး။
ဒါပေမယ့်… သူ့ဆီက ကျွန်တော့်လုပ်အားခ နှစ်ကျပ်ခွဲ လျှော့ယူခဲ့ရတာက ပူပူနွေးနွေးရယ်။ နှစ်ဆယ့်လေးနာရီ မပြည့်သေးဘူး။
ပေါက်ကွဲမှုတစ်ခု ဖြစ်လာဖို့ အခြေအနေကိုက တိုက်ဆိုင်လာပုံကို ပြောပါတယ်။
နေပူစပ်ခါးထဲမှာ နဖူးကချွေး ခြေမကျအောင် ကျွန်တော် အလုပ်လုပ်ပေးပြီးမှ ရတဲ့ လုပ်အားခထဲက နှစ်ကျပ်ခွဲကို သူ လွယ်လွယ်ကလေးပဲ ဈေးဆစ်ခဲ့တယ်။ သည်တုန်းက ကျွန်တော် စောဒကမတက်ခဲ့ဘူး။ အားနာမှုနဲ့ သူပေးသလောက်ပဲ ယူပြီး ပြန်လာခဲ့တာ။အဲဒါက မနေ့ညနေက…။
ဟော… သည်နေ့မနက်ကျတော့ သူ့ဘက်က နှစ်ပြားခွဲကို သူ လျှော့မပေးတော့ဘူး။ လျှော့မပေးတဲ့အပြင် သူ့နှစ်ပြားခွဲ နာမှာစိုးလို့ ကျွန်တော့်ဆီက နှစ်ပြားခွဲကိုပါ မဆီမဆိုင် ခပ်ပါးပါး လှီးလိုက်ပြန်ပြီ။
ကျွန်တော် လက်ဖျားခါသွားတယ်။ နှစ်ပြားခွဲနဲ့ နှစ်ကျပ်ခွဲ တန်ဖိုးချင်းယှဉ်လိုက်ရင် အဆပေါင်း တစ်ရာ မကွာဘူးလား။ ကျွန်တော့်ခေါင်းထဲမှာ တွက်ပြီးချက်ပြီး ဖြစ်သွားတယ်။ အဆတစ်ရာလောက် ကျွန်တော့်အပေါ် မှာ ခေါင်းပုံဖြတ်လိုက်တယ်လို့ မြင်လာတယ်။ ငွေတန်ဖိုးကို ပြောတာ မဟုတ်ဘူးနော်။ လုပ်ရပ်ကို ပြောတာ။
သည်လိုကတော့ ဘယ်ရလိမ့်မလဲ။ ကျွန်တော်ကလဲ ကျွန်တော့်ရပိုင်ခွင့်ကို ပြန် တောင်းရလိမ့်မယ်လို့ ချက်ချင်း ဆုံးဖြတ်မိပြီး ဖြစ်သွားတယ်။ သူ့ဆီက ပိုယူတာ မဟုတ်ဘူး။ အမြတ်ထုတ်တာ မဟုတ်ဘူး။ ကျွန်တော့်ရဲ့ ထိုက်သင့်တဲ့ ခံစားခွင့်ကို အပြည့်ရဖို့ တောင်းတာ။ တောင်းကို တောင်းရမယ်လို့လဲ ကိုယ့်ကိုယ်ကို အားပေးမိလျက်သား ဖြစ်သွားတယ်။
ပြီးတော့ ဘာမှကြာသေးတဲ့ အကြောင်းကိစ္စလဲ မဟုတ်ဘူး မဟုတ်လား။
“မနေ့က ကျွန်တော့်လုပ်အားခ သုံးဆယ့် ခုနစ်ကျပ်ခွဲ ကျတာကို သုံးဆယ့်ငါးကျပ်ပဲ ဦးစိမ်းမောင် ပေးလိုက်ပါတယ်။ ကျွန်တော်လဲ အားနာလို့ တစ်ကြောင်း၊ အိမ်က အလုပ်ကိစ္စလေးတွေ အရေးကြီးတာကတစ်ကြောင်းမို့ မပြောတော့ဘဲ ပြန်သွားတာပါ။ ဈေးလျှော့ပေးခဲ့တာ မဟုတ်ပါဘူး။ လျှော့ရိုးထုံးစံလဲ မရှိပါဘူး။ ဒါကြောင့် လက်ကျန်ငွေ နှစ်ကျပ်ခွဲကိုလဲ တောင်းရင်း၊ ဆီလဲဝယ်ရင်း လာခဲ့တာပါ”
လို့ ကျွန်တော် ပြောလိုက်တယ်။
ဟား…. သိပ်အံ့ဩဖို့ ကောင်းတယ်ဗျာ။ ကျွန်တော့်စကားကြောင့် ဦးစိမ်းမောင်ရဲ့ မျက်လုံးမှေးမှေးကလေးတွေ ပြူးကျယ်သွားတယ်။သူ စိတ်အနှောင့်အယှက် ဖြစ်သွားတယ် ဆိုတာကို သူ့ မျက်နှာပေါ်မှာ ရုတ်ခနဲ ပေါ်လာတဲ့ အရေးအကြောင်းတွေက သက်သေပြလိုက်သလိုပဲ။ ဒါ ပေမယ့် ချက်ချင်းပဲ ဦးစိမ်းမောင် ပြုံးတယ်။ ပြီးတော့ …
“ကိုတိုးကလဲဗျာ၊ မနေ့ကပဲ ကောင်းပြီကောင်းလျက်နဲ့၊ ခုမှ ထပ်တောင်း နေပြန်ပြီ။ တော်တော်နောက်တဲ့လူ” တဲ့။
ကျွန်တော် ရယ်ပစ်လိုက်တယ်။
“မနောက်ရပါဘူးဗျာ။ ကျွန်တော် တကယ်တောင်းနေတာပါ”
လို့လဲ ထပ်ပြောပစ်လိုက်တယ်။
သည်လိုနဲ့ သူကလဲ ကျွန်တော့်ကို ကျန်ငွေ ထပ်မပေးရရေး၊ ကျွန်ုတော်ကလဲ အဲသည်ကျန်ငွေ ရရှိရေးနဲ့ အတော်လေး အချေအတင် ပြောကြရတယ်။
သူကတော့ ဘယ်ပေးချင်မလဲ။ ပြီးခဲ့ပြီးပြီပေါ့။ နောက်တော့ ဆစ်လိုရကောင်းရငြားဆိုတဲ့ သဘောနဲ့ နေမှာပေါ့လေ။ အပျော့ဆွဲကလေးနဲ့ ဆက်ငြင်းတယ်။
သည်အချိန်မှာဘဲ ကျော်ဒင်ဆိုတဲ့အကောင်က ကြားဖြတ်ဝင်လာတယ်။ သူက ကျွန် တော်နဲ့ တစ်ရပ်ကွက်တည်းသားပါပဲ။ အဲ… ကျွန်တော်တို့ထက်တော့ ချောင်လည်တာပေါ့။
ဦးစိမ်းမောင်ဆီမှာ မြေပဲ၊ နှမ်း၊ နေကြာ အဝယ် တော်လုပ်ရင်း ကြီးပွားနေတဲ့ကောင်ပေါ့။ ဦးစိမ်းမောင် လက်သပ်မွေးထားတဲ့ လူယုံတော် ဆိုပါတော့။
ကျွန်တော်နဲ့ ဦးစိမ်းမောင်တို့ရဲ့ အခြေအနေကို ဘေးကနေထိုင်ကြည့်နေရင်းက ဝင်ပါလာတာ။
“ကိုတိုးကလဲဗျာ၊ ကတ်စရာမရှိ ကတ်နေပြန်ပြီ။ စကတည်းက မလျှော့နိုင်ရင်လဲ တစ်ခါတည်း ပြောခဲ့တာ မဟုတ်ဘူး။ ခုမှ ချေးခြောက်ရေနှူး လုပ်နေ”တဲ့။
ကျွန်တော် ဘာမှ မပြောလိုက်ပါဘူး။ ဦးစိမ်းမောင်နဲ့ပဲ ဆက်ပြောနေလိုက်တယ်။ ကြာလာတော့ ကျွန်တော်ဘက်က ဘယ်လိုမှ အလျှော့ပေးလိမ့်မယ် မဟုတ်ဘူးဆိုတာကို ဦးစိမ်းမောင်လဲ သဘောပေါက်လာဟန် တူပါတယ်။ ကျပ်တန်နှစ်ရွက်နဲ့ ငါးမူးစေ့ တစ်စေ့ကို ထုတ်ပေးတယ်။
နဂိုကမှ နီစုတ်စုတ် မျက်နှာဟာ အဲသည်အချိန်မှာ နီသထက် နီနေပြီ။ အသက်ရှူသံတွေကလဲ ပြင်းနေပြီ။ သိတာပေါ့။ဦးစိမ်းမောင် ဒေါသထွက်နေပြီဆိုတာ။
ဘယ်တတ်နိုင်မလဲဗျာ။ နော့ … မဟုတ်ဘူးလား။ ကျွန်တော်ကလဲ မတရားလုပ်တာမှ မဟုတ်တာဘဲ။
ပိုက်ဆံနှစ်ကျပ်ခွဲကို အိတ်ကပ်ထဲထည့်၊ ဆီပုလင်းလေးကို လက်ကဆွဲ၊ ပြန်လိုက်ပါဦးမယ်ခင်ဗျာလို့ နှုတ်ဆက်ပြီး ကျွန်တော် ပြန်ထွက်လာခဲ့တယ်။
အဲ… ကျွန်တော် တိုက်ထဲကထွက်ခဲ့လို ခြံတံခါးဝကနေ အပြင်ဘက် တစ်လှမ်းလား ရောက်ပါသေးတယ်။ တိုက်ထဲက တက်ခေါက်သံတစ်ချက်နဲ့ ကျော်ဒင့်စကားသံက ကျွန်တော့်နောက် အပြေးလိုက်လာတယ်။
“စောစောကတည်းက ပေးလိုက်ရင် ပြီးတာပဲဆရာ ရယ်။ သက်သက် နားပူခံလို့။ ဒီကောင်တွေက ကိုယ့်ကိုယ်ကို နှစ်ကျပ်ခွဲလောက်မှ တန်ဖိုးထားချင်တဲ့ကောင်တွေ မဟုတ်ဘူး။ အရှက်မရှိ သူတောင်းစားများချွဲသလို ချွဲပြီး တောင်းနေတာ”
ဒါဟာ ကျော်ဒင် ပြောလိုက်တာမှ ဟုတ်ပါလေစလို့ ကိုယ့်နားတွေ ကိုယ်တောင် ပြန်သံသယဖြစ်မိတယ်။ ကျွန်တော့် တစ်ကိုယ်လုံး ထူပူသွားတယ်။ မျက်လုံးတွေလဲ ပြာဝေသွားတယ်။ ခြေကလဲ ရှေ့ဆက် မလှမ်းမိတော့ဘူး။
“ကျော်ဒင် ခဏလာပါဦးကွ”
ဆိုတဲ့ စကားကလဲ ဘယ်လိုက ဘယ်လို ပြောဖြစ်သွားမှန်း မသိတော့ဘူး။
ကျော်ဒင်က ရှုသိုးသိုးမျက်နှာပေးနဲ့ တိုက်ထဲက လှမ်းထွက်လာတယ်။ သူ့မျက်နှာကို မြင်တော့မှ ကျွန်တော့်သွေးတွေ ပွက်ပွက်ဆူလာသလိုပဲ။ သူလဲ ကျွန်တော့်အနား ရောက်လာရော ဘာမပြော ညာမပြော လက်ထဲက ဆီပုလင်းနဲ့ ခေါင်းကို ဆီးရိုက်ပစ်လိုက်မိတယ်။
ခွမ်းခနဲ အသံနဲ့အတူ သွေးစတွေ ဖြာခနဲ လွင့်တက် သွားတယ်။ သည်ကောင်လဲ သူ့ခေါင်း သူ့လက်နဲ့အုပ်ပြီး ငိုက်ကျသွားတယ်။
“ငါက ငါ့ရပိုင်ခွင့်ကို ငါ တောင်းတာကွ။ သက်သက်မဲ့ ခေါင်းပုံဖြတ်တာ မဟုတ်ဘူး။ နားလည်လား”
အော်ဟစ်ပြောချလိုက်တဲ့ ကျွန်တော့်အသံတွေကလဲ ဒေါသကြောင့် တုန်နေတယ်။ အဲသည်အချိန်ကျမှ တိုက်ထဲကလူတွေ ပြေးထွက်လာကြတယ်။
အဖြစ်အပျက်က ရုတ်တရက်ကြီးဆိုတော့ အားလုံးပဲ ကြောင်ကြည့်နေကြတာပေါ့။ ကျွန်တော့်ဆီက စကားသံ ကျယ်ကျယ် ကျယ်ကျယ် ထွက်လာခါမှ သတိဝင်လာကြတာ။ ကျွန်တော့်ကိုဝင်ဆွဲတဲ့သူက ဆွဲပေါ့လေ။
သည်တော့မှ ဝရုန်းသုန်းကား ဖြစ်လာတယ်။
ကျွန်တော် လှည့်ထွက်ခဲ့ချိန်မှာ ဦးစိမ်းမောင်ကတော့
“စော်ကားတယ်။ ရဲစခန်းကိုတိုင်မယ်၊ အခုတိုင် မယ်”
နဲ့ အော်ဟစ်ကျန်နေခဲ့လေ၍။
တစ်သက်လုံးက ရိုးရိုးအေးအေး နေထိုင်လာခဲ့သရွေ့ သည်တစ်ခါတော့ ပြစ်မှုတစ်ခုကို ကျူးလွန်လိုက်မိပြီဆိုတာ ကျွန်တော်ကိုယ်ကျွန်တော် သိလိုက်ပါတယ်။ အိမ်ပြန်ရောက်တာနဲ့ အမေနဲ့ ငြိမ်းငြိမ်းကို ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်တယ်။
အမေက ပြုံးနေပေမယ့် ငြိမ်းငြိမ်းကတော့ အပြစ်တင်တော့တာပါပဲ။ ဒါပေါ့လေ အမေနဲ့ ငြိမ်းငြိမ်းက အသက်အရွယ်ချင်း၊ အတွေအကြုံချင်းမှ မတူ ကြတာကလား။ သည်တော့ ပြောမှာပေါ့။
“အစ်ကိုရယ် …… ပိုက်ဆံကလေး မဖြစ် စ,လောက် အတွက်နဲ့များ ပွဲဆူအောင် လုပ်လာခဲ့ရသလား” တဲ့။
ပိုက်ဆံ နှစ်ပြားခွဲကို နှမြောလွန်းလို့၊ ပိုက်ဆံ နှစ်ကျပ်ခွဲကို မက်လွန်းလို့ သည်ပြစ်မှုကို ကျူးလွန်ခဲ့မိတာ မဟုတ်ကြောင်း ငြိမ်းငြိမ်း နားလည်အောင် ကျွန်တော် ဘယ်လိုများ ရှင်းပြရပါ့မလဲဗျာ။
(၅)
“ခုအချိန်ရောက်မှတော့ ကျွန်တော်လဲ ဘာမှမတတ် နိုင်တော့ဘူးလေ။ တရားဥပဒေ ရှိတဲ့အတိုင်းပဲပေါ့။ ဒါပေမယ့် ခင်ဗျားကို ကျွန်တော် နားလည်ပါတယ် ကိုတိုးရာ”တဲ့။
စခန်းမှူးက ကျွန်တော့်ပခုံးကို ခပ်ဖွဖွပုတ်ရင်း တိုး တိုးပြောတယ်။ ကျွန်တော် ခေါင်းညိတ်ပြလိုက်ပါတယ်။ ကျွန်တော့်ကို သူ နားလည်သလို ကျွန်တော်ကလဲ သူ့တာဝန်ဝတ္တရားနဲ့ ပတ်သက်ပြီး သဘောပေါက်နေတာပဲ မဟုတ်လား။
သူကတော့ ခင်မင်ရင်းနှီးသူ မျက်နှာသိတစ်ယောက်မို့ ကျွန်တော့်ကို အချုပ်ခန်းထဲ သွင်းရမှာ အားနာနေဟန် တူပါတယ်။ ပြီးတော့ သူနဲ့ ကျွန်တော် ခင်မင်ပုံကလဲ စီးပွားရေးကိစ္စ၊ လူမှုရေးကိစ္စမျိုးတွေနဲ့ မဟုတ်ဘူး။ ဝါသနာချင်းတူလို့ ခင်မင်ကြတာ။ သူကလဲ စာသိပ်ဖတ်တာကိုး။ ကျွန်တော်ကလဲ စာကြမ်းပိုးဆိုတော့ စာအုပ်အငှားဆိုင်မှာ အမြဲဆုံဖြစ်ကြတယ်။ မျက်မှန်းတန်းမိကြတယ်။
ကြာလာတော့ ဟိုစာအုပ်ကလေး ဖတ်ပြီးပြီလား၊ သည်စာအုပ်ကလေး ဖတ်ကြည့်စမ်းဗျာ ဆိုတာမျိုး ကိုယ်ကြိုက်တဲ့ စာအုပ်ကလေးတွေကို တစ်ယောက် တစ်ယောက် ညွှန်းကြ၊ ဖတ်ကြ၊ ဖတ်ပြီးရင်လဲ ဆွေးနွေးကြနဲ့ ရင်းနှီးခင်မင်လာတာမျိုးပါ။
သည်ကနေ့လဲ သည်ကို တရားခံတစ်ယောက်အနေနဲ့ ကျွန်တော် ရောက်လာတော့ သူ တော်တော်အံ့ဩသွားဟန်ရှိတယ်။ တရားလို စစ်ချက်၊ တရားခံ စစ်ချက်တွေ ယူပြီးလို့ ဦးစိမ်းမောင်တို့လူစု ပြန်သွားတာနဲ့ ကျွန်တော့်ကို မေးတော့တာပဲ။ ဘယ်လိုဖြစ်တာလဲ ကိုတိုးရာတဲ့။
ကျွန်တော်က အဖြစ်အပျက် အစအဆုံး ရှင်းပြလိုက် တယ်။ ကျွန်တော်ရှင်းပြတာဆိုတော့ ကျွန်တော့်ဘက်က ပုဂ္ဂိုလ်ရေး အယူအဆတွေ၊ ခံစားချက်တွေလဲမလွှဲမကင်းသာ ပါတော့မှာပေါ့လေ။
သူက အစအဆုံး ဆိတ်ဆိတ်ငြိမ်ငြိမ် နားထောင်တယ်။ ကျွန်တော့်စကား ဆုံးသွားတော့မှ စောစောတုန်းက ပြောတဲ့စကားကို ပြန်ပြောတာ။ ခုအချိန်ရောက်မှတော့ မတတ်နိုင်တော့ဘူး… တဲ့ ။ ဒါပေမယ့် ကျွန်တော့်ကို သူ နားလည်ပါတယ်တဲ့။
ပြောပြီးတော့ ကျွန်တော့်ကို မျက်လုံးမှိုင်းမှိုင်းတွေ ငေးရီကြည့်တယ်။ ကျွန်တော့်ကို သူ အမှန်တကယ် နားလည်တယ်ဆိုတာကို သူ့မျက်လုံးတွေက ပြောနေသလိုပါပဲ။
ကျွန်တော် ပြုံးလိုက်တယ်။ နေရာက ထရပ်လိုက်တယ်။
“ဒါပေါ့ဗျာ၊ ကိစ္စမရှိပါဘူး။ ခင်ဗျားအလုပ် ခင်ဗျား လုပ်ပေါ့။ ကဲ… ထဗျာ၊ ကျွန်တော့်ကို အချုပ်ခန်းထဲ သွင်းတော့”
သည်တော့ သူ ပင့်သက်ရှိူက်ချတယ်။ ပြီးတော့ သူ ကိုယ်တိုင်ပဲ ကျွန်တော့်ကို အချုပ်ခန်းဝင်ပေါက်ကလေး ဖွင့်ပေးတယ်။ မလွယ်ပေါက်ကလေးဆိုတော့ ကျွန်တော့်ခါးလောက်ပဲ ရှိတာ။ ခေါင်းငုံ့ပြီး အဝင်မှာ ဖြောင်းခနဲ အသံတစ်ချက်နဲ့အတူ ကျွန်တော့်မျက်လုံးတွေထဲ ဝင်းခနဲ ဖြစ်သွားတယ်။
အချုပ်ခန်းထဲမှာ ကြိုတင်ရောက်နှင့်နေတဲ့ အချုပ်သားဟောင်းတွေထဲက တစ်ယောက်က ကျွန်တော် နားရင်းကို ဆီးအုပ်လိုက်တာပေါ့။
“ဟေ့… မလုပ်နဲ့”
သူက နောက်က အလောတကြီး ပြန်အော်ပြောလိုက်တော့မှ ကျွန်တော် သက်သာသွားတယ်။ နို့မဟုတ်ရင် ဘယ်လောက်များ ဆော်ကြဦးမလဲ မသိဘူး။
အချုပ်ခန်းထဲကို ကျွန်တော် တစ်ကိုယ်လုံး ရောက်သွားချိန်ကျ မှ မလွယ်ပေါက်တံခါးကို အပြင်ကနေ သော့ပြန်ခတ်ရင်း သူ လှမ်းတောင်းပန်တယ်။ သိပ်ကိုအားနာနေတဲ့ မျက်နှာထားနဲ့ ဆောရီးပဲ ကိုတိုးတဲ့။ ရပါတယ်လို့ ပြန်ပြောလိုက်တော့မှ သူ လှည့်ထွက်သွားတယ်။
“ကိုယ့်လူက ဘာမှုနဲ့ ရောက်လာတာလဲ”
ကျွန်တော့်ရှေ့တည့်တည့်က အချုပ်သားဟောင်းဆီက စကားသံထွက်လာတယ်။ လုံချည်ကွက်ကို ကြည့် ရုံနဲ့တင် စောစောက ကျွန်တော့်ကို ဆီးအုပ်လိုက်တဲ့သူ ဆိုတာ သိလိုက်ပါတယ်။ မျက်နှာက ပြုံးဖြဲဖြဲနဲ့ ကျွန်တော့်ကို ချလိုက်ရတဲ့ အတွက်ကိုပဲ သူ့ မှာ အောင်ပွဲရစစ်သူကြီးတစ်ယောက်လို ဂုဏ်ယူချင်ဟန် ရှိတယ်။ လောလောဆယ် ကျွန်တော့်မှာ စကားပြောချင်စိတ်မရှိဘူး ဆိုတာကိုလဲ အကဲခတ်တတ်ဟန် မတူပါဘူး။
“လူရိုက်မှု”
ကျွန်တော် ခပ်တိုတိုပဲ ဖြေလိုက်တယ်။ ပြီးတော့ စကားလဲ ဆက်မရှည်ချင်တော့တာနဲ့ တခြား တစ်ဘက်ကို လျှောက်သွားလိုက်ပြီး အချုပ်ခန်းနံရံ သံတိုင်တွေကြားကနေ အပြင်ဘက်ကို လှမ်းကြည့်နေလိုက်တယ်။
တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ စခန်း အပြင်ဘက်က လှည်းလမ်းကြောင်းပေါ်မှာ နွားလှည်းတစ်စီးကို မြင်ရတယ်။ လှည်းဆရာက ပေကတ်ကတ်လုပ်နေတဲ့ နွားတစ်ကောင်ကို နှင်တံနဲ့တို့လိုက် ရိုက်လိုက် လုပ်နေတယ်။ လှည်းဆွဲတဲ့ နွား ဆိုတော့ နဖားကြိုး အထိုးခံထားရတဲ့ နွားပဲ မဟုတ်လား။ လှည်းပေါ်ကလူကို သူ ဘယ်လိုလုပ် ဖီဆန်နိုင်ပါ့မလဲ။
အသိထဲမှာ လက်ခနဲ ဖြစ်သွားတဲ့ အတွေးတစ်စကြောင့် ကျွန်တော် ပြုံးလိုက်မိတယ်။ စောစောက လူကိုလဲ လှည့်ပြောမိလျက်သား ဖြစ်သွားတယ်။
“လူရိုက်မှုလိုသာ ပြောတာပါဗျာ။ တကယ်တမ်းကျတော့ လူရိုက်မှုလား၊ နွားရိုက်မှုလားတောင် မပြောတတ်ပါဘူး။
ဟိုမှာ မြင်တယ်မဟုတ်လား။ နဖားကြိုး အထိုးခံထားရတဲ့ နွားမျိုးကို ရိုက်ပြီး ဆုံးမတတ်ကြတာပဲ မဟုတ်လား။ ကျုပ်လဲ အဲလို ရိုက်လာမှုကြောင့် သည်အထဲ ရောက်လာတာပဲ။ ဒါပေမယ့် ကျုပ်ရိုက်ခဲ့တာက ခြေလေးချောင်းနဲ့ နွားတော့ မဟုတ်ဘူးဗျ”
ကျွန်တော့်စကား ဆုံးသွားတော့ “ရူးများနေသလား” ဆိုတဲ့ မျက်လုံးမျိုးတွေနဲ့ အချုပ်သားတွေက ဝိုင်းကြည့်ကြတယ်။ ကျွန်တော်ကတော့ စောစောက လှည်း လမ်းကိုပဲ ပြန်ကြည့်လိုက်တယ်။
တဝုန်းဝုန်း ပြေးသွားတဲ့ လှည်းအိမ်ရဲ့နောက်မှာ ဖုန်တွေကလဲ တလုံးလုံး ကျန်ရစ်နေခဲ့လေ၍။
စိတ်ညစ်ပါတယ်ဗျာ။ တကယ်လိုများ လေသင့်ရင် အဲသည်ဖုန်တွေက အချုပ်ခန်းထဲ ဝင်လာဦးမယ်။ အသက်ရှူကျပ်အောင် မွှန်ဦးမယ်။
သိတဲ့ အတိုင်းပဲလေ။ ဖုန်ဆိုတာ ဘယ်တုန်းက ကောင်းကျိုးပေးခဲ့ဖူးလို့လဲ။ သူ ပေးနိုင်တာက ရောဂါပဲ မဟုတ်လား။
ဒါပေမယ့် ဘယ်တတ်နိုင်မလဲဗျာ။ ကျွန်တော်တို့ တိုင်းပြည်မှာကိုက နွားလှည်းတွေ ခေတ်မကုန်သေးဘဲကိုး။
သာရ မဂ္ဂဇင်း
၁၉၈၈
– ပြီး –
စာရေးသူ – နန္ဒာစိုး(ဆင်ဖြူကျွန်း)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ 2.0