နှမြောချစ်ကြင်နာ –
ခင်နှင်းယု

“သဘောသက်ဝင်ကာလေတည့်မှ နှမြောချစ်ကြင်နာ…”

စင်စစ်အထက်ပါသီချင်းမှာ ရွာသစ်ကြီးရွာ ကွမ်းခြံကုန်းကျောင်း ကျောင်းထိုင် ဆရာတော်ဘုရားကြီး ပျံလွန်တော်မူစဉ်က အေးယဉ်ကျူး ရာတွင် သီဆိုသော သီချင်းတစ်ပုဒ်၏ အဆုံးသတ် ဖြစ်လေသည်။ ထိုစဉ်က ထိုသီချင်းကို ရင့်ကျူးသီဆိုသူမှာ ရွာသစ်အလယ်တန်း ကျောင်းသူများ ဖြစ်၏။ ကျောင်းသူများမှာ လှပတုန်း၊ ပျိုရွယ်တုန်း၊ နုနယ်တုန်းအရွယ် ၁၆ နှစ်သော်မှ မကျော်ကြသေးသူများ ဖြစ်သည်။

ဆရာတော်ဘုရားကြီး ပျံလွန်တော်မူသည့်အတွက် ဝမ်းနည်းကြေကွဲစရာကောင်းသည်၊ မကောင်းသည်ကို မည်သူမျှ လေးလေးနက်နက် မတွေးနိုင်။ အထူးသဖြင့် ကျောင်းသူလေးတွေမှာ မြူးပျံ့ရွှင်ပျ၍ ပျော် တောင်ပျော်ကြသေးသည်။ ဆရာတော်ဘုရား စံကျောင်းမချမီ မြစ်ထဲတွင် အလောင်းတော်ကို ကရဝိတ်ဖောင် ပြာဿဒ်မှာ တင်၍ မြစ်အစုန်အဆန် ဆွဲကြ၏။ တက်ခုတ်ယိမ်းသူမတွေက သီချင်းတကျော်ကျော် သီဆိုကြရသည်မှာ ပျော်စရာပင်တည်း။

အထူးသဖြင့် အလယ်တန်းကျောင်းရှိ ကျောင်းသူကျောင်းသားများမှာ များသောအားဖြင့် ဓမ္မစကြာဝတ်အသင်း၊ ပရိတ်အသင်းတို့ဖြင့်သာ ကုန်လွန်ခဲ့သည်။ ပျော်ပွဲရွှင်ပွဲ ကျောင်းကပွဲများ လုပ်ခဲ့ကြဖူးသူများ မဟုတ်ကြပေ။

ကျောင်းအုပ်ဆရာကြီး ဦးဘဇံ ကိုယ်တိုင်က လောကီကြောင်းထက် လောကုတ္တရာတွင် စိတ်သန်သူဖြစ်၏။ အဖိတ်နေ့များတိုင်းတွင် ကျောင်းကြီး၏ အလယ်ဆောင်တွင် အားလုံး ကျောင်းသူကျောင်းသားများ စုဝေးကာ ဆရာကြီးပြောပြသော ငါးရာ့ငါးဆယ်နိပါတ်တော်၊ ပုံပြင်များ၊ ဇာတ်ကြီးဆယ်ဘွဲ့များကို တစ်ပတ်တစ်မျိုး နားထောင်ကြရသည်။ တစ်လတွင် တစ်ခေါက်လောက် မင်္ဂလာတရားတော်ကို ဖြစ်ဖြစ်၊ လောက နီတိကျမ်းမှ တချို့ အပိုဒ်များကိုဖြစ်ဖြစ် သံပြိုင်ဟစ်၍ တစ်ကျောင်းလုံး ဆိုကြရလေသည်။

ရွာသစ်ကြီးရွာရှိ ကျောင်းသားမိဘများကမူ လောကကြောင်းဓမ္မ ကြောင်းဖြင့် မိမိတို့သားသမီးများကို ဆုံးမသွန်သင်၍ ကျောင်းအုပ်ဆရာကြီး ဦးဘဇံကို အထူးကြည်ညိုကြသည်၊ လေးစားကြသည်။

ကျောင်းသူကျောင်းသားလေးများ အဖို့တော့ တစ်ခါတစ်ရံ သူတို့ ကျောင်းနေရသောဘဝကို ငြီးငွေ့ လာတတ်ကြသည်။ သူတို့သည် အစဉ် လိုလို ပရိတ်များ၊ ဆုံးမစာများကို ရွတ်ဖတ်နေကြရသည်က သီလရှင်လေးများ၊ ကိုရင်လေးများနှင့် တူသည်ဟု သူတို့ကိုယ်သူတို့ ထင်ကြသည်။ အထူးသဖြင့် သူတို့ ပိုမိုမုန်းတီးသည်က ဆရာကြီးကတော် ဒေါ်မမကို ဖြစ်၏။

“မိန်းကလေးတွေနော်….မထနဲ့၊ မရွနဲ့၊ ကောင်းကောင်းနေကြ”

တစ်ခါတစ်ရံ ကျောင်းသူများဟားတိုက်၍ ရယ်နေသည်ကိုတွေ့ လျှင် ဆရာမကြီးသည် လမ်းလျှောက်ရင်းက ကြိမ်းမောင်းသွားတတ်သည်။ ကျောင်းရှေ့တွင် မာလကာပင်များ ရှိလေသည်။ ကျောင်းသူများသည် မာလကာပင်များကို ဒုံတိုင်လုပ်၍လည်းကောင်း၊ ခွေးရူးတိုင်လုပ်၍ လည်းကောင်း ကစားကြသည်။ ကစားတိုင်း မာလကာပင်များ၊ အရှိန်နှင့် ပြေး၍ ဖက်ကြ၏။ မာလကာပင်များမှာ သိမ့်သိမ့်တုန်အောင်ပင် ယိမ်းယိုင် ကုန်ကြသည်။ ဝေးဝေးမှ ဆရာမကြီး အရိပ်ကိုမြင်လျှင် ကျောင်းသူတွေ တစ်ယောက်မှ မာလကာပင်အောက်တွင် မတွေ့ကြရပေ။

“တွေ့လား တွေ့လား၊ သူ့ မာလကာသီးတွေကို ‘ရေ’ နေပြီ၊ နင်တို့ခူးသေးလား…”

ခပ်လှမ်းလှမ်းတွင် ပုန်းခို၍ထိုင်နေသော ကျောင်းသူများသည် တိုးတိုးတိုးတိုးနှင့် တစ်ယောက်ကိုတစ်ယောက် လက်တို့မေး၏။

“ကပ်စေးနှဲမကြီး၊ သူ့ မာလကာသီးလက်ဖျားနဲ့မတို့ပါဘူး၊ ကစားရင်သာအပင်ကို ထိမိတာ”

မဒေါင်းစိန်သည် အစွာဆုံး၊ အဆော့ဆုံးဖြစ်၍ မကျေနပ်သံနှင့် ခပ်အုပ်အုပ်ပြော၏။

အမှန်စင်စစ် ကျောင်းသူကျောင်းသားလေးများသည် ကစားကွင်း ကျယ်ကျယ်လေး လိုချင်ကြ၏။ ထိုအလယ်တန်းကျောင်းမှာ မြူနီစီပယ် အထောက်အပံ့ခံဖြစ်၍ ကျောင်းဆရာလခမှ တပါး မြူနီစပယ်က မပေးပေ။ အားလုံးစရိတ်ကို ကျောင်းအုပ်ဆရာကြီးသည် ကိုယ်ပိုင်ကျောင်းပီပီ မိမိအိတ်ထဲမှ ကုန်ကျစိုက်ထုတ်ရလေသည်။

ဆရာမကြီးသည် ကျောင်းသူများ မျက်စိအမြင်ကပ်ချင်စရာတည်း။ မာလကာသီးများ အပင်တွင် မပျောက်စေရ။ မှည့်၍လာတိုင်း ခူးကာ ကျောင်းသားများကို ပြန်၍ရောင်း၏။ ကျောင်းနောက်တွင် သူတို့ စိုက်ပျိုးထားသော ခြံထဲမှ နှင်းဆီတစ်ပွင့်၊ နှင်းပန်းတစ်ခိုင်သော်မှ အလကား ကြွေကျမသွားစေရ။ ကျောင်းသူများကို ပြန်ရောင်း၍ ပိုလျှင် ရွာထဲတွင် ခြံစောင့်ဘအေးက လှည့်၍ ရောင်းရပေသည်။

နေ့လယ်ကျောင်းဆင်းချိန်တွင် ရွာထဲမှ ဈေးသည်များနှင့်အတူ ဆရာမကြီးတူမမစိန်အေးက ထန်းလျက်ချောင်း၊ ကုလားပဲဆူးပေါက်၊ ဆီးပြား၊ ချိုချဉ်များကို ကျောင်းသားများအား ရောင်းရသည်။ ခြံမှရသည့် ပိုက်ဆံ၊ သရေစာရောင်း၍ ရသော ပိုက်ဆံများနှင့် အိမ်စရိတ်ကာမိအောင် သုံးသည်။ ကျောင်းသားများထံမှ ကျောင်းလခမှာ ကျောင်းသားအသုံး အဆောင် ပရိဘောဂဝယ်သည်။ အပျက်အစီး ပြင်သည်။ ဆရာကြီးနှင့် ဆရာမကြီးလခမှာ သပိတ်ဝင်အိတ်ဝင် စုငွေဖြစ်လေသည်။

သူတို့ရွာတွင် ကျောင်းတစ်ကျောင်းတည်း မဟုတ်။ ကျောင်းအုပ် ဆရာမကြီး ဒေါ်စိန်ပု ဦးစီးသော ခရစ်ယာန်သာသနာပြု ကျောင်းတစ်ကျောင်းကလည်း ရွာဦးတွင် ရှိလေသည်။ ကျောင်းသူကျောင်းသားများသည် ဘုရားရှိခိုးကျောင်းတွင် ဓမ္မသီချင်းများကို သီဆိုကြရပြီး ခရစ်စမတ် ချိန်များတွင် ကျောင်းကပွဲလုပ်ကြသည်။ မစ်ရှင်မှ အထောက်အပံ့ရ၍ ကစားကွင်းတွင်လည်း ကြက်တောင်ရိုက်ကစားခြင်း၊ ဘောလုံးကစားခြင်း၊ လုပ်ကြရ၍ ပျော်စရာပင်တည်း။

ဦးဘဇံ၏အလယ်တန်းကျောင်းမှာမူ လောကီရေးထက် လောကုတ္တရာကို ဦးစားပေးလွန်း၍ ကျောင်းသားများအနေနှင့် ပျင်းရှိကြသည်။ သို့သော် စာမေးပွဲရောက်လျှင် အောင်ချက်ကောင်းသည်က ဦးဘဇံကျောင်း ဖြစ်၍ ကျောင်းပြေးခုန်ကစားပွဲများတွင် ဆုအမြောက်အမြားရသည်က ဒေါ်စိန်ပု၏ ခရစ်ယာန်ကျောင်းဖြစ်၏။

ယခုတော့ ကွမ်းခြံကုန်းကျောင်း ဆရာတော် ပျံလွန်တော်မူသည့် ပွဲမှာ ဦးဘဇံကျောင်းအတွက် ပွဲတော်ကြီးပင်တည်း။ ကျောင်းသူလေးများရော ကျောင်းသားလေးများပါ အလွန်ပျော်ကြသည်။ ပျော်လည်းပျော်ကြပေမည်။ သူတို့ကျောင်းအတွက်က ပွဲဆိုသည်မှာ အိပ်မက်ပင် မက်ခဲ့ကြဖူးသည် မဟုတ်ပါပေ။ မိန်းကလေးများက တက်ခုပ်ယိမ်းအတွက် ယိမ်းတိုက်ရ၊ သီချင်းတိုက်ရ၏။ ယောက်ျားလေးများကလည်း ဘိုးသူတော် ယိမ်းအတွက် ပြင်ဆင်ကြရသည်။

ဧယဉ်ကျူးဖို့အတွက်မူ ခုနစ်တန်းမှ အသံကောင်း ရုပ်ချောသူ သူကြီးသမီးနှစ်ဦးကို ရွေးချယ်ထားသည်။ မမြသီနှင့် မမြကြည်သည် ရုပ်လည်းချော အသံလည်းကောင်းသည်။ သူတို့နှစ်ယောက်က အလောင်းတော်ကို ပန်းပုခက်တွင် တင်ဆွဲရင်း ဧယဉ်ကျူးသီချင်းပိုဒ်များကို ကရုဏာရသပေါ်အောင်ဆိုသော်လည်း ကျောင်းသားလေးတွေက မဏ္ဍပ်အပြင်တွင် ဧယဉ်ကျူးသီချင်းနှင့်ပင် ကွေးနေအောင် က,ကြသည်။

ထိုပွဲတွင် ဆရာကြီး ဦးဘဇံသည် ခေါင်းပေါင်းကြီး တလွင့်လွင့် နှင့် ကျက်သရေရှိလှသည်။ ဆရာမကြီး ဒေါ်မမကလည်း ဂျပန်ပုဝါကြီးစုံချ၍ တင့်တယ်လှသည်။ အိတွဲနေသော နားရွက်တွင် စိန်နားကပ်ကြီးမှာ တဖြတ်ဖြတ် တောက်ပနေ၍ ပုံ့ပုံ့ယုံ့ယုံ့ ထုံးထားသော ဆံထုံးမို့မို့မှာလည်း စိုက်ထိုးထားသော စိန်ဆံထိုးကြီးနှင့် ဝင်းပလှသည်။ ဖြူဖွေးသော နဖူးပေါ်တွင် မဟာနဖူးကျပုံသည် ကျက်သရေရှိလှ၏။ စကားပြောရာတွင် နှုတ်ခမ်းပါးပါးနှင့် သိမ်မွေ့၍ ကျောင်းသားမိဘများက ချစ်ကြသော်လည်း ကျောင်းသူများကမူ ဆရာမကြီးကို မြင်ပြင်းကတ်ကြသည်။

“ညက တို့ကျောင်းသူတွေ မဏ္ဍပ်ထဲမှာ ဟီးတိုက်နေကြတာပဲ။ ကြက်တညင်ကလာတဲ့ ကျောင်းသူတွေ မဏ္ဍပ်သွားကြည့်စမ်း၊ ဘယ်လောက်ဣန္ဒြေရလဲလို့”

ဆရာမကြီးက မနက်ကျောင်းတက်ချိန် ကျောင်းသူကြီးများစုမိလျှင် ခေါ်ကြိမ်းတတ်၏။ ကျောင်းသူကြီးတွေမှာ ဆရာမကြီး သူ့အခန်း သူပြန်သည်နှင့် တစ်ပြိုင်နက် ပွစိပွစီ အတင်းပြောကြတော့သည်။

ဆရာမကြီးသည် ရှေးမူလတန်း ဆရာဖြစ်အောင်လာသူဖြစ်၍ ကကြီးခခွေးတန်းကို သင်ပြသူ ဖြစ်သည်။ သို့သော် ကျောင်းသူကြီးတွေ ကိစ္စမှာမူ သူကိုယ်တိုင် ဆုံးမတတ်သူဖြစ်၏။ နှစ်တန်းသုံးတန်းပြဆရာမများမှာလည်း ပဒုမ္မာလက်ပွကားကြီးများနှင့် ဘီးဆံထုံးကြီးများ အိနေအောင် ထုံးထားသော အပျိုကြီးဆရာမများ ဖြစ်ကြသည်။ ကျန်ဆရာများမှာ ယောက်ျားဆရာများ ဖြစ်ကြလေသည်။

ကျောင်းသားများကလည်း မကျေနပ်ကြ၊ သူတို့ထံမှရသော လခကို ဆရာမကြီးက စိန်ကိုသာစုသည်။ သူတို့အတွက် ဘောလုံးကွင်းလေးမှ လုပ်ပေးဖော်မရဟူ၍ အပြစ်တင်လေသည်။ ရွာလမ်းဘေးတွင် ကျီးသား ရိုက်ရသည်။ ကျောင်းနှင့် အတော်လှမ်းသော ဘုရားကျောင်းဝင်းထဲတွင် ထွေခင်းရသည်။ ကျောင်းခေါင်းလောင်းသံကြားမှ အပြေးအလွှား အမောတကော ပြေးလာကြသည်ကိုလည်း မကျေနပ်ပေ။ သို့သော် နှစ်စဉ်နှစ်တိုင်း လိုလို ခုနှစ်တန်းအစိုးရစစ်တွင် ဦးဘဇံအလယ်တန်းကျောင်းမှ တန်းလုံး ကျွတ်လိုလိုအောင်၍ ကျောင်းသားမိဘများမှာ အားလုံးကျေနပ်ကြပေသည်။

ကျောင်းသူများ အုပ်စုက ပို၍မကျေနပ်သည်က ဆရာမကြီးသည် သူမျက်စိကျအောင် ငြိမ်ငြိမ်သက်သက်နေသော မစိန်မှန်လို ကျောင်းသူ မျိုးဆိုလျှင် လူရှေ့တွင် တဖွဖွနာမည်ဖော် ထုတ်၍ ချီးကျူးတတ်၏။ အထူးသဖြင့် အဆော့အကစားကွင် နံပါတ်တစ်စွဲသည့် မိပု၊ မိစုတို့ ရှေ့ ရောက်လျှင်မူ “စိန်မှန့်ကိုကြည့်ကြစမ်း၊ နင်တို့နဲ့များ မကွာဘူးလား။ နင်တို့ရုပ်များ ချွေးဒီးဒီးကျလို့ အင်္ကျီတွေလည်း ဖွတ်ဖွတ်ကြေ၊ ဖုတ်အလိမ်း လိမ်းနဲ့…” ဟူ၍ နှိုင်းယှဉ်ကာ ခဏခဏပြောတတ်သည်။

အမှန်တော့ မစိန်မှန်သည် တခြားကျောင်းသူများလို ဆော့ကစားနို အောင် ကျန်းမာသန်စွမ်းသူမဟုတ်သည်ကို နောက်မှ သိရသည်။ သူ့ခမျာ မနက်ဝတ်လာသော ပဒုမ္မာအကျိသည် ညနေကျောင်းဆင်းချိန်အထိ ခေါက်ရိုးမပျက်အောင်ကိုနေသော ကျောင်းသူတစ်ယောက် ဖြစ်လေသည်။

ဂျပန်တစ်ခေတ်ပြောင်းပြီးနောက် ကျောင်း၏ကံကြမ္မာလည်း တစ် မျိုးတစ်ဖုံ ပြောင်းလဲသွားလေသည်။ များသောအားဖြင့် ဦးဘဇံကျောင်းမှ ခုနစ်တန်းအောင်သူများသည် မြောင်းမြအထက်တန်းကျောင်းသို့ ပြောင်း ရွှေ့ နေကြသည်။

ငွေကြေး မတတ်နိုင်သူတို့သာ ရွာမှာ ပညာဆက်မသင်ဘဲ ကျန်ရစ်ကြလေသည်။ ဦးဘဇံကျောင်းမှာ လူတော်များများထွက်သော ကျောင်း ဟုဆိုလျှင် မမှားပေ။ သူ့ ကျောင်းမှ အခြေခံပညာရပ်များ သင်ကြားလာသော ကျောင်းသားအတော်များများသည် ကုန်သည်ပိုင်းသို့လည်း ရောက်လာကြ၏။ နယ်ဘက်စစ်ဘက်များတွင်လည်း ဝင်ရောက်အမှုထမ်းကြသည်။ အနုပညာသည်များအဖြစ်လည်း တွေ့ ရှိရသည်။ တချို့ကျတော့လည်း သမရိုးကျ မိဘလယ်ယာများကိုပင် ရတတ်သလောက် စိုက်ပျိုး စားကြသည်။

ကျောက်ဆစ်ထုဆရာ ကိုဘညွန့်ကမူ ကျောက်ဖြူများကို ပန်းပူ ထုရင်းမှ ရန်ကုန်တွင် နာမည်ကျော်ကြားလာသူ ဖြစ်သည်။ သူသည်လည်း ဦးဘဇံ ကျောင်ထွက်တစ်ယောက်ဖြစ်၍ ဘိုးသူတော်ယိမ်းတွင် ပါဝင်ခဲ့ဖူးသူတည်း။ သူသည် အနောက်တိုင်း ပန်းပုပညာများကိုလည်း သွားရောက်လေ့လာခဲ့ပြီး ဖြစ်လေသည်။

ကိုဘညွန့်သည် သစ်သားထက် ကျောက်ဖြူများကို ထုရာ၌ ပို၍ လက်မြောက်သည်။ တစ်ခါတစ်ရံ ရွာသစ်ကြီး အလယ်တန်းကျောင်းတွင် နေခဲ့ရသောအချိန်ကို ပြန်၍ အောက်မေ့သည်။ ကွမ်းခြံကုန်းဆရာတော် ပျံလွန်တော်မူသည့် ပွဲအကြောင်းတွေးမိလျှင် တစ်ယောက်တည်းပင် ရယ်မိပြုံးမိ၏။ ကျောင်းကိုလည်း လွမ်းသည်။ ရွာကိုလည်း အောက်မေ့သည်။ ရေကြည်ရာမြက်နုရာ အလုပ်အကိုင် အမျိုးမျိုးနှင့် ပြောင်းရွေ့သွားသော သူငယ်ချင်းများနှင့်လည်း ပြန်လည်၍ ဆုံချင်သည်။

သို့သော်….အတိတ်ဆိုသည်မှာ အသည်းတွင် ရေးထားသော ပန်းချီကားချပ်သာတည်း။ တွေးခေါ်တတ်သူမှ ပြန်လည်၍ ရှုမြင်တတ်၏။ ဖော်ထုတ်တတ်၏။ မေ့တတ်သူတို့၏ နှလုံးသားတွင်မူ တစ်ခါက ရေးခြယ်ခဲ့သော စုတ်ချက်ရာများသည် ရှိပင်ရှိခဲ့သော်လည်း ပြန်လည်၍ ပေါ်မလာတတ်ပေ။

ကိုဘညွန့်ကမူ သူအနှစ်သက်ဆုံး ကျောက်ဆစ်ရုပ် တစ်ခုထုလုပ်ရန် ရွာသစ်ကြီးသို့ ထွက်လာခဲ့သည်။ ရွာမှာ နားနားနေနေ နေရင်း ငယ် သူငယ်ချင်းများနှင့်တွေ့ကာ ကျောက်ဆစ်ထုမည်ဟုလည်း ရည်စူးလာခဲ့သည်။

သူ့ ကြီးဒေါ် ဒွေးလေးရွှေက သူ့ကို လက်ခံပြုစုသည်။ သူသည် ရောက်သည့်ညနေပင် ရွာလည်ပိုင်းသို့ ထွက်လာခဲ့၏။ သူတွေ့လိုသော ဦးဘဇံကျောင်းကြီးသည် မရှိကော့ပေ။ သူသည် ရင်ထဲမှာ ဟာသွား၏။ မဒေါင်းစိန်တို့ မမြသီတို့ ပြေးလွှားဆော့ခဲ့သော မာလကာပင်များလည်း မရှိကြ။ ထိုသစ်ပင်များ နေရာတွင် စပယ်ချုံများကိုသာ တွေ့ရသည်။

“အလို.….မောင်ဘညွန့်ပါလား”

တိုက်တိုက်ဆိုင်ဆိုင် ကွမ်းခြံကုန်းဆရာတော် ပျံလွန်တော်မူစဉ်က တက်ခုတ်သီချင်းများ စပ်ပေးသောဦးကျီးညိုနှင့် သွား၍ ဆုံတော့သည်။

“ဟုတ်ကဲ့ခင်ဗျာ… ကျွန်တော် မောင်ဘညွန့်ပါ… ကျွန်တော် ကျွန်တော်တို့ကျောင်းကြီး”

သူသည် တကယ်ပင် ထစ်အ,ထစ်အ ဖြစ်နေရှာသည်။ ရင်ထဲမှာလည်း ကျောင်းကြီးအစား တိတ်ဆိတ်ငြိမ်သက်နေသော အိမ်အိုကြီးကို မြင်ရသည်မှာ တုန်လှုပ်လှသည်။ ပြီးတော့ လွမ်းဆွက်လာသလို ငိုချင်သလို ဖြစ်လာမိသည်။

“အေးလေ…မင်းတို့ကျောင်းကြီးဟာ ဆရာမကြီး ဒေါ်မမ ကွယ်လွန်ကတည်းက ဘယ်မှာ ပြန်နာလန်ထူလို့လဲ”

“ဘာဗျ…၊ ဆရာမကြီးလည်း မရှိတော့ဘူလား”

“မရှိတော့ဘူး မောင်”

ဤကျောင်းကြီးကို အုပ်ချုပ်သူ ကျောင်းအုပ်ဆရာကြီးမှာ ဦးဘဇံ သာတည်း။ သို့သော် ဒေါ်မမဆုံးကတည်းက ဤကျောင်းမှာ ပြန်လည် မထူထောင်နိုင်ဆိုတော့ ဆန်းကြယ်လှ၏။

“ဒီလိုပေါ့ မောင်ရင်ရာ..၊ သူအသက်ရှိနေတုန်းက ကျုပ်တို့လည်း သူ့တန်ဖိုး မတွက်မိပါဘူး။ ကျုပ်သမီးတွေဖြင့်… ကွယ်ရာရောက်ရင် ဆရာမကြီးအတင်းပဲ ပြောနေကြလို့ ကျုပ်ငေါက်ရသေးတယ်။ သိပ်ပြီး ကုတ်ကပ်တယ်၊ ကပ်စေးနဲတယ်၊ စည်းကမ်းကြီးတယ်နဲ့၊ အင်း… ခု သူသေတော့ ဦးဘဇံနောက်မိန်းမယူသလေ၊ မိန်းမက ဆရာမကြီးလို ဦးထမ်းပဲ့ထမ်းရအောင် စာပေလည်းမတတ်၊ ကျောင်းကြီးတိုးတက်ဖို့ ပြင်ဖို့ နေနေသာသာ ဆရာမကြီးလက်ထက်က ကျန်ခဲ့တဲ့ စိန်တွေ ရွှေတွေလည်း ဖဲချပစ်တာနဲ့ ကုန်ပါလေရောမောင်”

ကိုဘညွှန့်မှာ ကြားရသောစကား မယုံကြည်နိုင်ပေ။

“မဟုတ်နိုင်တာဗျာ၊ ဆရာကြီးဟာ လောကကြောင်း၊ ဓမ္မကြောင်း နဲ့ ဟောပြောပြီး ‘မ’တရာသား အုပ်ထိန်းလာတာ၊ အစိုးရပိုင်းမှာ ကြည့်ကြည့်၊ စစ်ဖက်မှာရော ကုန်သည်ဘက်မှာရော သူ့တပည့်တွေထဲက ဟော့ဟော့ရမ်းရမ်း နည်းပါတယ်။ ဒါလောက်ထိန်းသိမ်းလာနိုင်တဲ့ ကျောင်းအုပ်ကြီးက ဒီမိန်းမတစ်ယောက်ကို မထိန်းနိုင်ဘူးရယ်လို့”

ကိုဘညွှန့်က မကျေမနပ်နှင့် ပြော၏။ ဦးကျီးညိုကမူ ရယ်ပင် ရယ်လိုက်သေး၏။

“ဒါပေါ့ …….မိန်းမ၏အလိုနိုင်ငံသို့ မလွန်ဆန်နိုင်၍ လိုက်လျောရ လေသတည်း… ဆိုတာမောင်ရင်လည်း မြန်မာကျောင်းသားပဲ၊ ဒီစကားလုံးတွေ နိပါတ်တော်တွေထဲပါတာ ရွတ်မိဖတ်မိမှာပေါ့၊ စင်စစ်မတော့ ဦးဘဇံကို ဒေါ်မမက အုပ်ထိန်းနေတာမောင်ရဲ့၊ ဦးဘဇံမှာ ထွက်နေတဲ့ အရောင်အလင်းတွေ ဒီကျောင်းရဲ့ ကျက်သရေတွေဆိုတာ ဦးဘဇံနောက်က ရှိနေတဲ့ ဒေါ်မမရဲ့ အရောင်အရှိန်တွေပေါ့ .….မောင်။ အင်း… ခုတော့ ကျောင်းကြီးလည်းပျက်၊ ရွာမှာလည်း ကိုယ့်ဘာသာတရားနဲ့ ကိုယ့်ရိုးရာ ထိန်းသိမ်းနိုင်အောင် မြန်မာဆန်ဆန် ကျောင်းရယ်လို့ မရှိလေတော့ သီတင်းနေ့တွေကျရင် ကွမ်းခြံကုန်းကျောင်းကို ကိုယ့်သားသမီးတွေ လွှတ်ပြီး မင်္ဂလသုတ်၊ ပရိတ်ကြီး၊ ရတနာရွှေချိုင့်၊ နမက္ကာရတို့ သင်ခိုင်းရတယ်။ သွားဦးမယ်”

“နို့ ဆရာကြီးကောခင်ဗျာ”

“မြောင်းမြ ပြောင်းသွားတယ်ကွယ်၊ ဟိုမှာ သူ့နောက်ဇနီးလည်း ကွယ်လွန်တယ် ဆိုလားပဲ၊ သူလည်း ရွာကို ပြန်မလာတော့ဘူး…”

ဦးကျီးညိုက လမ်းကို ဆက်၍ လျှောက်ရန် ရွာတောင်ဘက်သို် ဦးတည်လိုက်တော့သည်။ သူတစ်ယောက်တည်း ငြိမ်သက်စွာ ရပ်၍ နေမိ၏။

ပါးလျားသော နှုတ်ခမ်းတို့မှ ကိုဇံ…ကိုဇံနှင့် ဆရာကြီးအား ဆရာမကြီးက ခေါ်သံကိုပင် ကြားယောင်သလိုလို။ ဆရာကြီးက ပန်းရောင်ပဝါ ခေါင်းပေါင်း၍ ဆရာမကြီးက ဂျပန်ပဝါချကာ ပွဲလယ်တင့်ကြပုံ တစ်ခေတ်ကို သူပြန်၍ မြင်မိသည်။ သူသည် အိမ်သို့ပြန်လာခဲ့၏။ နောက်တစ်နေ့တွင် သူ၏ ကျောက်ဆစ်ထု ကိရိယာတန်ဆာပလာကို ယူကာ ရွာအနောက် သုဿန်မြေသို့ ထွက်လာခဲ့သည်။

ဆရာမကြီး၏ ဖြူဖွေးသော ဂူကို အလွယ်တကူပင် ရှာဖွေတွေ့ ရှိ၏။ သူသည် ကျောက်ဂူဘေးတွင် သူ့အလုပ်ကို စ၍လုပ်သည်။ သူ၏ ဆောက်သံမှာ ကျောက်သားကို ထိလိုက်တိုင်း တိတ်ဆိတ်သော ဤမြေ ပတ်ဝန်းကျင်ကို သက်ဝင်လှုပ်ရှားစေပေသည်။

နောက်တစ်ပတ် သုသာန်ကျောင်းဆရာတော်က ကျောင်းသားလေးများအား ဂူများမြေပုံများအကြားရှိ မြက်ပင်ပေါင်းပင်များကို သုတ်သင်ခိုင်းလေသည်။ ကျောင်းသားလေးများသည် ကျောင်းဆရာမကြီး ဒေါ်မမ၏ ဂူဘေးတွင် စာတမ်းသစ်တစ်ခုကို တွေ့ကြ၍ စာလုံးပေါင်း ဖတ်ကြ၏။ စာတမ်းမှာမူ …

“သဘောသက်ဝင်ကာလေတည့်မှ… နှမြောချစ်ကြင်နာ…” ဟူသော စာတမ်းပင်တည်း။ … ။

(ကျေးဇူးရှင် ဆရာမကြီးသို့)

🌸🌸🌸🌸🌸

ခင်နှင်းယု