“ နှုတ်ကြောင့် သေ ”(စ/ဆုံး) ဖြစ်ရပ်မှန်

ရေးသားသူ…မိုးစွေ


တစ်ချိန်တုန်းကပေါ့ရှင် … ။

ကျွန်မ ဘ၀တစ်ကွေ့မှာ အပြောင်းအလဲ
အသေးစားလေးတစ်ခုကြောင့် မွေးရပ်မြေကနေ ထွက်
လာပြီး ‘ ဘားအံ ’ ဆိုတဲ့ မြို့ငယ်လေးက
နေရာလေးတစ်ခုမှာ အဆောင် နေခဲ့ဖူးတယ် ။

အဲ့ဒီတုန်းက ကျွန်မ နေတဲ့ အဆောင်မှာ
အခန်းတွေ အများကြီးရှိတယ်လေ ၊ ဒီထဲကမှ
အခန်းလေးတစ်ခန်းမှာ ကျွန်မ နေခဲ့ရတယ် ၊
ကျွန်မနဲ့ ရွယ်တူ အခန်းဖော်ကောင်မလေးတစ်ယောက်က
ကျွန်မ မလာခင်ကတည်းက ရောက်နှင့်နေပုံရတယ် ။

သူက အတော်လေး ခင်ဖို့ကောင်းသလို
တော်တော်လည်း လိမ္မာတယ် ၊ တစ်နေကုန်တစ်နေခန်း
အလုပ်သွားလုပ်တယ် ညနေစောင်းမှ ပြန်လာတတ်တယ်
တစ်ခါတစ်လေလည်း အဆောင်ပြန်မအိပ်ဘူး
မြို့ထဲက သူတို့ အဒေါ်တွေအိမ်မှာ အိပ်တတ်တယ်လေ ။

အင်း….. ဘာလိုလိုနဲ့ ကျွန်မတောင်
ဒီအဆောင်လေးကို ရောက်နေတာ လအတော်ကြာခဲ့ပြီ ။

အဆောင်လေးက တစ်ခြားအဆောင်တွေနဲ့ မတူဘူး
သန့်ရှင်းသပ်ရပ်မှုကလည်းရှိ အဆောင်နေတဲ့ မိန်းကလေး
တွေကလည်း အကုန်လုံးနီးပါး သန့်သန့်ပြန့်ပြန့်နေကြပြီးတော့
စည်းကမ်းရှိကြတယ် ၊ အားလုံးနီးပါး ဖော်ရွေကြပြီးတော့
ကူညီတတ်ကြတယ် ။

ကျွန်မ နေရာကောင်းလေးမှာ ရောက်နေတယ်ပဲ
ဆိုရမလား… ။

ကျွန်မ ပုံစံက အရင်ကတည်းက ပေါ့ပေါ့ပါးပါး
အေးအေးဆေးဆေး နေတတ်တော့ ဒီလို ဆိတ်ငြိမ်တဲ့
အဆောင်လေးနဲ့ အံကိုက်ပေါ့ရှင် ။

အဆောင်က အဆောင်သူတွေအားလုံးနဲ့ ခင်ပေမယ့်
ကျွန်မ စကားတွေအများကြီးပြောဖြစ်ပြီး တစ်ခြားသူတွေထက်
ပိုခင်မိနေတဲ့ သူ နစ်ယောက်ရှိတယ် ၊ တစ်ယောက်က
ကျွန်မနဲ့ အခန်းဖော် ဖြစ်တဲ့ သက်တူ ရွယ်တူ ကောင်မလေး
‘ စံပယ် ’ နောက်တစ်ယောက်က ကျွန်မနဲ့ အခန်းချင်း
ကပ်လျက်မှာ နေတဲ့ အစ်မ ‘ မစိုး ’ … ။

အဲ့ဒီ အစ်မ က ကျွန်မနဲ့ တော်တော်လေးကွာတယ်
သူက အသက်ပိုကြီးတယ်ရှင့် ၊ နောက်ပြီး ဒီအဆောင်မှာလည်း
သူနေနေတာ အားလုံးထက် အကြာဆုံးပဲ
သူနေတာတင် (၅)နှစ်ကျော်လောက်ရှိပြီ ။

သူ့ပုံစံက အရမ်းတည်ငြိမ်တယ် သူများကိုလည်း
ဆရာကြီးမလုပ်တတ်ဘူး ၊ အကူအညီတောင်းရင်လည်း
သူတတ်နိုင်တဲ့ဘက်က အမြဲကူညီပေးတတ်တယ် ၊ ဒါ့ကြောင့်
ကျွန်မ အပါအ၀င် အဆောင်တစ်ခုလုံးက
သူ့ကိုပဲ အစ်မလို အမေလို ခင်ကြ ချစ်ကြ
အားကိုးကြတာပေါ့ ။

ဒီအဆောင်မှာတော့မသိဘူး …
ကျွန်မ အခန်းထဲမှာ တစ်ခုခု မူမမှန်တာကို
ကျွန်မ သတိထားမိနေတာ တော်တော်ကြာပြီ ၊
နေလာတာကြာလာလေလေ အဲ့ဒီအရာကြီးက
ပိုပိုသေချာလာတယ်လို့ ခံစားရတယ် … ။

ဖြစ်လိုက်ရင်လည်း အခန်းထဲမှာ မှောင်မဲနေတဲ့အခါ ၊
မီးပျက်နေတာတို့ ၊ မီးပိတ်ထားတာတို့ ၊ အိပ်နေတဲ့အချိန်တို့
မှာ ဖြစ်နေတာချည်း ကြုံနေရတယ် ။

ပြောရမှာလည်းမဝံ့ဘူး ၊ ဘာလိုလဲဆိုရင်
ဒီကိစ္စကြီးက အများလက်ခံထားတဲ့ ပရလောကနဲ့
ဆက်နွယ်နေလို့လေ ၊ ကျွန်မကိုယ်တိုင်က ပေတလောကကို
ဘုရားဟောအရလက်ခံထားပေမယ့် တစ်ကြိမ်မှ
ကိုယ်တိုင်မကြုံဖူးတော့ လက်မခံဘူးလို့
ကြွေးကြော်ထားခဲ့သူမို့ …. ၊ ကိုယ့်စကားနဲ့ကို
ဘယ်သူ့ကိုမှလည်း ဒီအဖြစ်အပျက်ကြီးကို
ဖွင့်မပြော ၊ မတိုင်ပင် ရဲခဲ့ဖူး… ။

ဖြစ်ပုံက ဒီလိုပါ … ။

ကြုံဖူးကြလားမသိဘူး ၊
ကျွန်မသေချာနားမလည်ပေမယ့် ၊ လူတွေမှာ မသိစိတ်
စိတ်စွမ်းအားတစ်ခုခုရှိနေတယ်ဆိုတာကိုတော့
ယုံကြည်တယ် ။

ဥပမာ ကိုယ့် နောက်ကျောကို တစ်ယောက်ယောက်က
စူးစူးစိုက်စိုက် ကြည့်နေရင် လှည့်မကြည့်ပေမယ့်
စိတ်ထဲကအလိုလို သိနေတာမျိုး ၊ ကိုယ် တစ်ယောက်တည်း
အခန်းလွတ်ထဲမှာ ရှိနေပေမယ့် ကိုယ်နဲ့ အတူတူ
မမြင်နိုင်တဲ့ အရာ… ဝိဥာဉ်လိုမျိုး တစ်ခုခုကပါ အတူ
ရှိနေတယ်ဆိုတာမျိုး ၊ စသဖြင့်ပေါ့ အဲ့ဒီလို ခံစားဖူးတဲ့သူတွေ
ရှိကြမှာပါ ။

ဟုတ်တယ် ကျွန်မလည်း အခု အဲ့ဒီလိုမျိုးတွေ
ခံစားနေရတယ် ၊ ဖြစ်နေတာကလည်း နေ့ခင်းဘက်ဆို
ဘာမှ မခံစားရဘူး ၊ ညမိုးချုပ်လို ကျွန်မ အခန်းမီးမှိတ်ပြီး
အိပ်ပြီဆိုရင်လေ ကျွန်မ ကုတင်ခြေရင်းနားမှာ
အမျိုးသမီးတစ်ယောက် လာထိုင်နေတယ်လို့
အမြဲခံစားနေရတယ် ၊ တစ်ခါတစ်လေ အိပ်ချင်မူးတူးနဲ့
ညရေးညတာ အပေါ့အပါးသွားဖို့ နိုးလာတဲ့အချိန်
အခန်းအမှောင်ထဲကို ကြည့်လိုက်ရင် မျက်လုံးထဲမှာ
၀ိုးတဝါးအရာတစ်ခုက အခန်းထဲလျောက်သွားနေတာတို့
ကျွန်မ ကုတင်မှာ လာထိုင်နေတာတို့ကို မြင်ရတတ်တယ် ၊
အစက ကျွန်မစိတ်ထင်တာက
ကျွန်မ အခန်းဖော်ကောင်မလေးပဲမှတ်တာ
ထူးဆန်းတာက မီးချက်ချင်းကောက်ဖွင့်လိုက်တာနဲ့
အဲ့ဒီအရာရော အဲ့ဒီလို ခံစားချက်ကပါ ချက်ချင်း
ပျောက်သွားတယ် ၊ နောက်ပြီး ကျွန်မအခန်းဖော်
ကောင်မလေးက သူ့ကုတင်မှာသူ အိပ်နေတာများ
သိုး…လို့ ။

ကျွန်မ အမှောင်ကြောက်တဲ့သူလည်းမဟုတ်ပါဘူး ။
တော်ရုံတန်ရုံတစ်ခါ နှစ်ခါဆို ငါစိတ်ထင်တာပါလေ
ဆိုပြီး မေ့လို့ရတယ် အခုဟာက ကျွန်မ စိတ်ထင်နေတယ်ဆိုတာ
မဟုတ်ဘူး ၊ လက်တွေ့ဖြစ်နေတယ်ဆိုတာ
သေချာသလောက်ရှိတယ်ရှင့် ။

ကျွန်မသိနေတာ တစ်ခုက
ဒီအခန်းထဲမှာ ကျွန်မနဲ့ ကျွန်မ အခန်းဖော်အပြင်
မမြင်နိုင်တဲ့ အရာ တစ်ခုခုကအတူတူ ရှိနေပြီးတော့
အမှောင်ထဲမှာ တစ်ခုခုကို လုပ်နေတယ်ဆိုတာပဲ ။

တစ်ခါတစ်လေ ကျွန်မ အပြင်ကနေ
အဆောင်ကို ညမိုးချုပ်လောက်မှ ပြန်လာဖြစ်တဲ့အခါမျိုး
အခန်းထဲမှာလည်း ကျွန်မနဲ့ အတူနေ အခန်းဖော်
ကောင်မလေးမရှိတဲ့ အခိုက်အတန့်ပေါ့ ။

အဲ့ဒီလိုနေ့တစ်နေ့မှာ ကျွန်မက
ပြန်နေကျ အချိန်မဟုတ်ပဲ့ အဆောင်က ကျွန်မ အခန်းကို
ပြန်လာဖြစ်ခဲ့တယ် ၊ ထုံးစံအတိုင်းကျွန်မ အခန်းတံခါးကို
ဖွင့်လိုက်ပြီး အခန်းမီးမဖွင့်ခင် အမှတ်တမဲ့ ကျွန်မ
ကုတင်နေရာကိုကြည့်လိုက်တော့ လူလိုလို
အရိပ်တစ်ခုကို တွေ့လိုက်ရတယ် …
အဲ့ဒီ အရိပ်က ကျွန်မ အိပ်တဲ့နေရာမှာ
ထိုင်နေသလိုလို ၊ တစ်ခုခုလုပ်နေသလိုလိုပဲ
ကျွန်မမျက်စိနဲ့ သေသေချာချာကို မြင်လိုက်ရတာ… ၊
ကျွန်မလည်း အခန်းဖော် ကောင်မလေးပြန်မလာဘူးဆိုပြီး
ပြန်ရောက်နေတာများလားဆိုပြီး..

“ ဘယ်သူလဲ..စံပယ်လား.. ”
လို့လည်း အသံပြုလိုက်ရော ချက်ချင်း ပျောက်သွားတယ်
ကျွန်မလည်း ချက်ချင်း မီးခလုတ်ကို ဖွင့်ပြီး
အခန်းထဲကို လိုက်ကြည့်တော့
ဘယ်သူမှ မရှိနေဘူး… အခန်းထဲမှာ ကျွန်မ တစ်ယောက်တည်း
ပြတင်းပေါက်တွေကလည်း ပိတ်ထားတယ် …၊
သူခိုးလို့ပြောရအောင်လည်း ဘာပစ္စည်းမှ
မပျောက်ဘူး ၊ လက်ရာခြေရာလည်း ပျက်မနေဘူးလေ ၊
ဒါကကျွန်မ မျက်စိရှေ့တင်ဖြစ်သွားခဲ့တဲ့ အဖြစ်အပျက်
တစ်ခုတစ်လေလည်း ဒီလိုမျိုးပဲ
မကြာခဏ ကျွန်မ ပြန်နေကျ အချိန်မဟုတ်ပဲ
အခန်းကိုပြန်ဖြစ်တဲ့အခါ အမှောင်ထဲကုတင်နားမှာ
တစ်ယောက်ယောက် တစ်ခုခုလုပ်နေတာကို
မြင်ရတယ် ၊ အသံပေးလိုက်တာပဲဖြစ်ဖြစ် ၊
မီးဖွင့်လိုက်ရင်ပဲဖြစ်ဖြစ် ပျောက်ပျောက်သွားပြန်ရော ။

ဒါက အရမ်းကြီးဆိုးရွားတာတော့မဟုတ်ပါဘူး…
ပြောရရင် သရဲခြောက်တယ်လို့ပြောလို့ရမလားပဲ
ဒီအဖြစ်အပျက်က ဒီလောက်နဲ့ မပြီးသွားဘူးနော်.. ။

တစ်ည…. ။

လကွယ်ည ထင်တယ် အပြင်မှာလည်း
လမ်းမီးလေးမှိတ်တုတ် မှိတ်တုတ်နဲ့ ပတ်၀န်းကျင်မှာ
အရာရာ မှောင်မဲ နေတယ် ။

ဖြစ်ချင်တော့ အဲ့ဒီနေ့ညက ကျွန်မ အခန်းဖော်
‘ စံပယ် ’ လည်း ညနက်တဲ့အထိ အဆောင်ကို
ပြန်မလာသေးဘူး ။

ခါတိုင်းလည်း သူနောက်ကျနေကျဆိုတော့
သိပ်တော့လည်းမထူးခြားပါဘူး ၊ အဲ့ဒါနဲ့ ကျွန်မ
တစ်နေ့တာ ပင်ပန်းနွမ်းနွယ်သမျှကို ကျွန်မရဲ့
အိပ်ယာလေးပေါ်မှာ ဖြေဖျောက်ပစ်လိုက်တယ် ။

လူက ပင်ပန်းထားတဲ့ အပြင် ပူလွန်းတဲ့
နေ့ခင်းအချိန်အခါ ရာသီဥတု အောက်မှာ
လမ်းတွေ အကြာကြီးလျှောက်လာခဲ့ရတာတွေ
ကြောင့် ကျွန်မ ခေါင်းက ခေါင်းအုံးလေးပေါ်မှာ
လှဲချလိုက်ရုံနဲ့တင် တစ်ခါတည်း အိပ်ပျော်သွားခဲ့တယ် ။

အဲ့ဒီအချိန်မှာပဲ ကျွန်မအိပ်နေတဲ့ ကုတင်ကြီးပေါ်
တစ်ယောက်ယောက်လာထိုင်နေသလို အိကျသွားတာကို
ခံစားလိုက်ရတယ် … ၊ ကျွန်မ ကိုယ်တိုင်က အအိပ်ဆတ်
တဲ့သူဆိုတော့ ချက်ချင်း သတိ၀င်လာပြီး မျက်လုံးနှစ်ဖက်
ကပွင့်လာတယ် လူကလည်း လန့်ပြီးရင်တွေပါတုန်သွားရော ။

ကျွန်မ ဘ၀မှာ အဲ့ဒီည အချိန်က
ရင်တွေအတုန်ရဆုံးနဲ့ စိတ်ထဲ အကြောက်ရဆုံးအခိုက်အတန့်
ဖြစ်ခဲ့ရပါတယ် ။

ကျွန်မ လည်း သတိ၀င်လာတာနဲ့ ချက်ချင်း
မှောင်မဲနေတဲ့ အခန်းတစ်ဝိုက်နဲ့ ကျွန်မ
ကုတင်ပတ်ပတ်လည်ကိုကြည့်လိုက်မိတယ်…
ထူးထူးခြားခြားဘာမှမမြင်ရဘူး…ဒါပေမယ့်
ကျွန်မစိတ်ထဲမသိုးမသန့်ဖြစ်နေတုန်းပဲ
အဲ့ဒါနဲ့ ကျွန်မလည်း အမှတ်မထင် ကုတင်ခြေရင်းကို
လှမ်းအကြည့် ကျွန်မကုတင်ခြေရင်းမှာ
မိန်းမတစ်ယောက် ဆံပင်အရှည်ဖားလျားချပြီး
ထိုင်နေတာကို တွေ့လိုက်ရတယ်… ။
ကျွန်မဘက်ကို ကျောပေးထားတာလား ၊
ဆံပင်တွေက သူမျက်နာကိုဖုံးထားပြီး မျက်နာမူထားတာလား
သေချာမသဲကွဲတဲ့ ပုံရိပ်ကိုမြင်လိုက်ရတယ်.. ။

အခန်းက မှောင်နေတော့
သိပ်မသဲကွဲပေမယ့် … ဆံပင်အရှည် နဲ့
အမျိုးသမီးတစ်ယောက် ဆိုတာတော့
ကျွန်မသိလိုက်တယ်.. ။

ကျွန်မလေ ကြောက်လွန်းလို့
တစ်ကိုယ်လုံးမလှုပ်ရဲဘူး.. ၊
အသံတောင် ပြင်းပြင်းမရှူရဲဘူး … ၊
အဲ့ဒီအချိန်မှာ ကျွန်မ နှလုံးခုန်သံကို
နာရီတစ်လုံးရဲ့ တစ်ချက်ချက်မြည်သံလိုမျိုး
စည်းချက်ညီညီ ကြားနေရတယ်…
တော်တော်လည်း မြန်နေတယ် ။

အဲ့ဒီအရာကြီးကို ကျွန်မ ကြောက်လန့်တကြား
ဂရုတစိုက် ကြည့်နေတုန်းမှာပျောက်သွားတယ်
သူပျောက်သွားလို့
ကျွန်မ ကြောက်စိတ်တွေ လျော့သွားတယ်မမှတ်လေနဲ့
ပိုပြီးကို ကြောက်လာတာ လူက ဇောချွေးတွေပါ
ပြန်လာတာ ၊
ဟုတ်တယ်လေ သူက ပျောက်သွားပြီးရင် ဘယ်နားက
ပြန်ပေါ်လာမလဲ တွေးကြောက်နေမိတာ…
ဘာမှန်းမသိပေမယ့် ကျွန်မသူငယ်ချင်းမဟုတ်မှန်းတော့
သိနေတယ်… သူက ဆံပင်အရှည်မှမထားတာ ၊
တစ်ချိန်တည်းမှာပဲ ကျွန်မ ဆုတောင်းတွေ
မပြည့်ခဲ့သလိုမျိုးပဲ ကျွန်မရဲ့ ကုတင်ဘေး
ခန္ဓာကိုယ် အနေအထားအရ ဆို
ကျွန်မ မျက်နာ ဘေးဘက် ခြင်ထောင်
အပြင်ဘက် (နံရံဘက်မဟုတ်တဲ့ဘက်)
ကနေ လူတစ်ယောက် လေနဲ့ အားရပါးရ
မှုတ်လိုက်သလို “ ဖူး…. ” ဆိုတဲ့ အသံနဲ့ကြားပြီး
ကျွန်မ မျက်နာတစ်ခုလုံးကို အေးစက်ပြီး
အော်ကလီစရာ အနံ့တမျိုးရတဲ့ လေတစ်ချက်
တိုက်သွားတယ် …. ၊
အဲ့ဒီအချိန်မှာ ကျွန်မ ကြောက်စိတ်ကို
လုံး၀ထိန္းထားလို့မရေတာ့ပဲ
ကြောက်ကန်ကန်ပြီး အော်လဲအော်
လူကလည်း အိပ်နေရာကနေ ကုန်းရုန်းထပြီး
ကုတင်နဲ့ နံရံကပ်နေတဲ့ ထောင့်ဘက်နားမှာ
ထိုင်လျက်သားအနေအထားနဲ့
ကပ်ကပ်လေးနေပြီးတော့
တုန်တုန်ရင်ရင်အသံနဲ့ …

“ ဘယ်သူလဲ….
ဘယ်..ဘ..ဘယ်သူ..လဲ လို့ မေးနေတယ်လေ ”

“ သ..သူ..သူငယ်ချင်း
စံပယ် …. နင်လား.. ”

“ ဘယ်..ဘ.ဘ..ဘယ်သူလည်း ”
လို့ အော်လည်းအော် ငိုလည်းငိုရင်း
အမှောင်ထဲက မကောင်းတဲ့ အရာတစ်ခုခုကို
မေးလိုက်မိတယ် ။

အဲ့ဒီလိုလည်းမေးပြီးရော
ကျွန်မအခန်းထဲမှာ ခုနက တွေ့ထားရတဲ့
အမျိုးသမီးတစ်ယောက် ပုံစံ
ီမျိုးနဲ့ မဲမဲကြီးက
ပျောက်သွားတယ်…
အခန်းတစ်ခုလုံးလည်း ဟိုနေရာ ဖျက်ခနဲ
ဒီနေရာ ဖျက်ခနဲ မဲမဲ အရိပ်တွေ မြင်နေရတယ် ၊
အဲ့ချိန်တုန်းက ကျွန်မလေ
ဘယ်လောက်ထိ ကြောက်လန့်နေတယ်
ဆိုတာကို နှိုင်းယှဉ်ပြစရာ စကားလုံးမတွေ့သေးဘူး ။

ပြီးတော့ မျက်နာကျက်ကနေ
ထုတ်တန်းပေါ်က ကြွက်ကြီးတစ်ကောင်
သစ်သားကို လက်သည်းနဲ့ ကုပ်တဲ့ အသံလိုမျိုး

“ ချွတ်ချွတ်ချွတ် ဂျစ်ဂျစ်ဂျစ် ”
ဆိုပြီးတစ်ချက်ချင်းကြားနေရတယ်…
အဲ့ဒီအသံတွေက ကျွန်မ ခေါင်းတည့်တည့်နားက
မျက်နာကျက်ကို တဖြည်းဖြည်း ရောက်လာသလိုပဲ
နောက်တော့ အဲ့ဒီအသံတွေရပ်သွားပြီးတော့
ကျွန်မ ကျောကပ်ထားတဲ့ နံရံကို မျက်နာကျက်နားကနေ
စပြီးတော့ ကုတ်ချစ်သံကြားနေရတယ်
အဲ့ဒီအသံက ကျွန်မနဲ့ တော်တော်လေးနီးကပ်လာနေပြီ..

“ ဂျစ်….. ဂျစ် … ”

ကျွန်မ ရိပ်စားမိလိုက်ပြီ….
လူမဟုတ်တဲ့ အရာတစ်ခု….
မကောင်းတဲ့ အရာတစ်ခုခု…
တစ်ကောင်ကောင် က
မျက်နာကျက်ကနေ ကုပ်တွယ်လာပြီး
ကျွန်မ ကျောမှီထားတဲ့ နံရံ ကနေတစ်ဆင့်
ကျွန်မကျော…ကျွန်မ…..ဂုတ်ပိုး အနားကို
လာ…လာ…..လာနေပြီလေ….. ။


ကျွန်မလည်း ကြောက်လန့်တုန်လှုပ်နေတဲ့
စိတ်ကို ဘယ်လိုမှ ထိန်းထားလို့မရပဲ ၊
အသားတွေတဆက်ဆက်တုန် ၊
မျက်ရည်တွေကျနေတဲ့ကြားက
မျက်စိကိုမှတ်ပြီး ငယ်သံပါအောင်
အသားကုန် အော်လိုက်တော့တာပဲ …. ။

“ အားးးးးးးး….
အာ………..ကယျကွပါဦးးးးးးးးး ”

ကျွန်မ အဆက်မပြတ်အော်နေတယ်….
တစ်မြို့လုံးကြားလောက်တဲ့အထိ
အော်ပြီး အကူအညီတောင်းနေမိတယ်… ။


တစ်ချိန်တည်းမှာပဲ ကျွန်မတစ်ကိုယ်လုံး
ချွေးတွေရွှဲနေရာကနေ
အေးစက်စက်ခံစားချက်ကြီးခံစားလိုက်ရတယ်
အဓိက ပုခုံးနေရာကပိုဆိုးတယ် ..
လေးလာသလိုလိုပဲ…
ကျွန်မ ခေါင်းကလည်း ပိုပိုပြီး ကြီးလာသလို
ခံစားလိုက်ရတယ် … ။

နံရံပေါ်က တွားသွားပြီးဆင်းလာနေတဲ့
မကောင်းဆိုးဝါးတစ်ကောင် ကျွန်မဂုတ်ပိုးပေါ်
ရောက်နှင့်နေပြီလား………… ။

နောက်ဆုံးမျှော်လင့်ချက်အနေနဲ့
ကျွန်မ ရှိသမျှ အားအကုန်စုပြီး
အကြောက်လွန်ပြီး
အော်ဟစ်လိုက်မိတယ် ။

“ အားးးးးးးးးးးးးးးးးးးး ”


ချက်ချင်းဆိုသလို
အခန်းအပြင်က လူတွေပြေးလာသံတွေကြားလိုက်ရပြီး
ကျွန်မ အခန်းတံခါးလည်း ပွင့်လာတယ်
ပြီးတော့ အခန်းပြီးကလည်း
မီးခလုတ်ဖွင့်သံ “ ချက် ”
ခနဲ တစ်ချက်မြည်ပြီး ပွင့်သွားတယ် ။

ကျွန်မ အခန်းထဲကို ပြေး၀င်လာတဲ့သူတွေက
အဆောင်မှူး ၊ ကျွန်မ အခန်းဘေးကအစ်မ ‘ မစိုး ’ နဲ့
တစ်ခြား အဆောင်သူတွေ အများကြီးပဲ ..
ရောက်လာကြတယ် ။

အကုန်လုံးကလည်းဝိုင်းမေးကြတယ် …
“ ဟဲ့ ….. သက်ထား….
ဘာဖြစ်တာလဲ…သက်ထား… သတိထားမှပေါ့…
ဟဲ့ … လုပ်ကြပါဦး .. သက်ထားဘာဖြစ်တာလဲမသိဘူး
သွားသွား ဘုရားခန်းက ပရိတ်ရေ
်ပုလင်းယူလာခဲ့ကြ ”

အဆောင်ကလူတွေ ဟိုပြေးဒီပြေးနဲ့
ဆူဆူညံညံ ပြာယာတွေ ခတ်နေကြတယ် … ။

ကျွန်မကတော့ ကြောင်တောင်တောင်ကြီး
ဖြစ်နေတုန်းပဲ အဲ့ဒီအချိန်
ကျွန်မအနားမှာ လာထိုင်ပြီး ကျွန်မကို ဖက်ထားရင်း

“ ညီမလေး..မကြောက်နဲ့ စိတ်ကိုလျှော့ချလိုက်
လျှော့ချလိုက် မမတို့အားလုံး ညီမလေးအနားမှာ ရောက်နေ
ကြပြီ ဘာမှအားမငယ်နဲ့ မကြောက်နဲ့…ညီမလေး.. ”

လို့လာပြောပေးနေတဲ့သူ ‘ မစိုး ’ ကိုကျွန်မ
အားကိုးတကြီး ပြန်ဖက်ထားရင်း အသေအလဲ ငိုနေမိတယ်
အဆောင်မှူးနဲ့ တစ်ခြား အဆောင်သူလေးတွေက
ဘုရားစာတွေ ရွတ်ပေးနေကြတယ် …
ကျွန်မစိတ်ထင် နာရီ၀က်နီးနီးကြာမယ်..
သူတို့ ကျွန်မကို ပရိတ်ရ်တေိုက်လိုက်တော့
ကျွန်မ အားအင်တွေရှိလာသလို…
ကြောက်စိတ်တွေလွင့်သွားသလို ခံစားလိုက်ရတယ်
ငိုတော့ငိုနေတုန်းပဲ … ။

မိနစ်ပိုင်းလောက်…
တော်တော်ကြာမှ ကျွန်မစကားပြောနိုင်တယ်…

ကျွန်မလည်း ဒီအခန်း (ဒီအဆောင်) ကိုရောက်ကတည်းက
ဒီနေ့ထိ သရဲ ခြောက်ခံရတဲ့
ဖြစ်ကြောင်းကုန်စင်ကို ပြောပြလိုက်တယ် ။

ကျွန်မစကားလည်းဆုံးရော
အခန်းထဲက လူအုပ်ကြီးက တစ်ယောက်နဲ့တစ်ယောက်
ပူးကပ်သွားပြီး ကျွန်မပြောတဲ့ နံရံတွေ မျက်နာကျက်တွေ
ပြတင်းပေါက်တွေ ဟိုဟိုဒီဒီကို စိုးရိမ်သလိုနဲ့
လိုက်ကြည့်နေကြတယ်… ၊
ခဏနေတော့ အဆောင်မှူးက ကျွန်မကို
ဒီည သူ့အခန်း မှာ လိုက်အိပ်ဖို့ပြောပြီး ခေါ်သွားတယ်..
ကျွန်မ ကြောက်နေသေးမှန်းသိလို့ ‘ မစိုး ’ ကလည်း
တစ်ညလုံးအဖော်လုပ်ပြီး လာအိပ်ပေးတယ်… ။

နောက်တစ်နေ့ မနက်ကျတော့…
တိုက်တိုက်ဆိုင်ဆိုင် ကျွန်မတို့အားလပ်ရက် ၊
မနက်စာစားဖို့ အနားက လဖ္ဘက်ရည်ဆိုင်ကို
အဆောင်မှူး ၊ ‘ မစိုး ’ အပြင်တစ်ခြားသူငယ်ချင်း
တွေနဲ့ သွားဖြစ်ခဲ့တယ် … ‘ စံပါယ် ’ လည်း
မနက်အစောလောက်က ပြန်လာတော့
ကျွန်မအကြောင်းကြားပြီးနောက်
ကျွန်မတို့ထိုင်နေတဲ့ ဆိုင်ကိုလိုက်လာတယ်…
ဒီလိုနဲ့
စကားဝိုင်းလေး တစ်ခု သူ့အလိုလို ဖြစ်သွားခဲ့တာပေါ့ ။
စကားဝိုင်းလေးရဲ့ အဖွင့်ကို
‘ စံပယ် ’ က စခဲ့တယ်…

“ သူငယ်ချင်း .. ‘ သက်ထား ’ ညက နင်
ဘယ်လိုဖြစ်ရတာလဲဟာ….. င နင့်သတင်းကြားရတာ
စိတ္ပူလို့လိုက္လာတာ… ”

ကျွန်မအကြောင်းသူ သိပြီးပြီမို့
ကျွန်မလည်း သိချင်တာတစ်ခု သူ့ကို ပြန်မေးဖြစ်ခဲ့တယ်..

“ အေး.. ‘ စံပယ် ’ ငါညက သရဲခြောက်ခံလိုက်ရတယ်
ဆိုးဆိုးရွားရွားကြီး ကို ခံစားလိုက်ရတာ ငါနင့်ကို တစ်ခု
မေးချင်တာရှိတယ် နင်က ငါမရောက်ခင်ကတည်းက
အဲ့ဒီ အခန်းမှာ နေနေတာ နင်ရော…
တစ်ခါမှ မကြုံဖူး ဘူးလား…. ”

ကျွန်မစကားကြောင့် ‘ စံပယ် ’
တစ်ချက်တွေဝေသွားပြီးတော့

“ ငါလားး ကြုံရတာပေါ့ဟာ..
နင်ကြောက်မှာစိုးလို့ငါမပြောခဲ့တာ
ဒါပေမယ့် ငါကြုံဖူးတာ ဟိုနားရိပ်ခနဲ့
ဒီနားရိပ်ခနဲ လောက်ပါပဲ လူတော့ ဘာမှ မလုပ်ဘူး..
နောက်ပိုင်း ရိုးသွားတော့ မကြောက်တော့ဘူးလေ
ဒါပေမယ့်အဲ့ အခန်းမှာတော့ ဘာအစာမှ မစားရဲဘူး ၊
ငါတစ်နေကုန် အပြင်သွားတယ် ၊
တစ်ခါတစ်လေ ကြောက်ရင် ငါ့အဒေါ်အိမ်သွားအိပ်တယ် ၊
တစ်နေကုန် ပင်ပန်းအောင်အလုပ်လုပ်ပြီးမှ
ငါပင်ပန်းလာသမျှ အတိုးချပြီး အဲ့ဒီ အခန်းမှာ
အိပ်ပစ်လိုက်တယ် ဒီတော့ ငါ ဘာမှမသိတော့ဘူးပေါ့ဟာ.. ။ ”

သူပြောမှ ကျွန်မ ပိုကြောက်မိတယ်… ။

ဆက်ပြီး ‘ မစိုး ’ က

“ ‘ သက်ထား ’ ..သူကနင့်ကို
ခြောက်တာမဟုတ်လောက်ဘူး…
သူ့နေရာမှာ နင်နေတာကို မကြိုက်တာဖြစ်မယ်… ”

ကျွန်မ နားမလည်အောင်ဖြစ်ပြီး…
ပြန်မေးလိုက်တယ်..

“ သူ.. ဟုတ်လား.. သူဆိုတာ….. ”

ကျွန်မ အမေးကို အဆောင်မှူးက
သက်ပြင်းတစ်ချက် ချက်လိုက်ရင်း ဟိုး
အဝေးကိုငေးကြည့်ပြီး အတ်ိတ်ကို
မြင်ယောင်လာသလိုနဲ့..
သူ့မျက်လုံးတွေမှာ ပုံရိပ်တစ်ချို့မြင်နေရတယ်…

“ ဟင်း … ။”

“ သူဆိုတာ .. ‘ ချစ်ပန်းအိမ် ’ ဆိုတဲ့
ကလေးမလေးပေါ့…. ။ ”

အဆောင်မှူး စကားအဆုံးမှာ ‘ မစိုး ’ ကလွဲပြီး
အားလုံးက အံ့သြသွားသလိုဖြစ်သွားကြတယ်…

ဆက်ပြီး.. အဆောင်မှူးက

“ ဟုတ်တယ်…
‘ ချစ်ပန်းအိမ် ’ ကတော့ ဆုံးသွားရှာပြီ
သူက သနားဖို့ကောင်းတယ်…ဒီကလေးမလေးက
အရမ်းလည်းချောအရမ်းလည်းလှပြီး ချစ်စရာလည်းကောင်းတယ်၊
လူတိုင်းကလည်းသူ့ကို ချစ်ကြတယ် ၊ တစ်ခုပဲ
သူက စိတ်ထားလေးကောင်းပြီး အားလုံးပြည့်စုံနေပေမယ့်
သူ့မှာ မကောင်းတဲ့ စရိုက်လေးတစ်ခုရှိနေတယ်
အဲ့ဒါက တစ်ခုခုဆို သူ့ပါးစပ်က အမြဲ ပွစိပွစိပြောနေတတ်တယ်
ဘာရယ်မဟုတ်ဘူး စိတ်ထဲက မပါပေမယ့်
လူတစ်ယောက်နဲ့ သူ တစ်ခုခုမကျေနပ်စရာဖြစ်ခဲ့ရင်
တစ်ဖက်သားကို ပြသနာရှာသလိုလို
အပြစ်တင်သလိုလိုနဲ့ အမြဲ တစ်ယောက်တည်း
ရေရွတ်နေတတ်တာပဲ .. ၊

တစ်နေ့ … ‘ ဇွဲကပင်တောင်တက်ပွဲ ’ ကိုသူသွားခဲ့တယ်
အဲ့ဒီမှာ သူ အသုပ်၀ယ်စားဖြစ်တယ်ဆိုပဲ ၊
အသုပ်၀ယ်စားရင်းကနေ အသုပ်ရောင်းတဲ့ကရင်မကြီးကို
လူတွေအများကြီအလယ်မှာ ..
ဒီအသုပ်ကြီးက ဘာဖြစ်တယ်ညာဖြစ်တယ်
စားမကောင်းလိုက်တာ… စသဖြင့်ပေါ့
သူ့စရိုက်အတိုင်း ပြောဆိုပြီး ပိုက်ဆံရှင်းခဲ့တယ်
ပြီးတော့ ပွစိပွစိဆက်ပြောနေတုန်းပဲ
ကရင်မကြီးရဲ့
အသုပ် မကောင်းကြောင်းကို
ဘယ်လောက်ညံ့တာ ၊ လက်ရာက စုတ်ပြတ်နေတာပဲ
ဆိုပြီး သူပြောလာတယ် ၊ ပြီးတော့
အဆောင်ကိုပြန်ရောက်ရော
မကြာပါဘူး… သူ့ ဗိုက်ကြီးက ချက်ချင်းကြီး
ပူတက်လာတယ် ၊ အဲ့ဒီတုန်းက သူ့ကို
သူများတွေက ဒီကောင်မ ဟိုကောင်နဲ့
တိတ်တိတ်ပုန်းဖြစ်ပြီး အခု
လူမြင်မကောင်းအောင် ဖြစ်နေပြီး…
စသဖြင့် ပြန်ပြောကုန်ကြရော…
အန္တီတို့လို
အတွင်းသိတွေကျတော့
ကလေးမလေး အကြောင်းသိနေတော့ ဒီလိုမထင်ပါဘူး
နောက်ပြီး စဉ်းစားကြည့်လေ ကိုယ်၀န်ရှိရင်
ဗိုက်ချက်ချင်းပူလို့လား…..
အခုက ဘူစီဘောင်းကို လေမှုတ်လိုက်သလို
ပိန်ပိန်ပါးပါးကလေးမလေး က ဗိုက်ကြီး ဖောင်းတက်လာတာ
သူ့ပါးစပ်ကလည်း အမလေး.. အောင့်တယ်..အောင့်တယ်
နာတယ်… ဆိုပြီး အချိန်တိုင်းကို
ညည်းငြူနေတာ ၊ နောက်ဆုံး ဆေးရုံကို ချက်ချင်းပို့လိုက်
ရတယ် ၊ ဆရာ၀န်တွေကို ဘာဖြစ်တာလဲ မေးတော့
ဆရာ၀န်တွေကလည်း ဒီလို ရောဂါ တစ်ခါမှ
မမြင်ဖူးဘူးတဲ့ သူတို့လည်း ဘာဖြစ်မှန်း မသိဖြစ်နေကြတယ်
ရောဂါက အမည်တပ်မရဖြစ်နေတယ် ၊
ဟိုလိုလ ဒီလိုလိုနဲ့ ကလေးမလေးခဗျာ သနားပါတယ်
ထိုင်မရထမရ အိပ်တော့လည်း ထိုင်လျက်အိပ်ရတယ်
အစာလည်းမ၀င်…နေ့နေ့ညည အော်ဟစ်ညည်းညူနေရတယ်
နောက်ဆုံး ‘ ချစ်ပန်းအိမ် ’လေးလည်း
ရက်ပိုင်း လပိုင်းပိုင်း အတွင်း ဒီရောဂါကြီးနဲ့ပဲ
ကွယ်လွန်သွားခဲ့တယ် ၊ သူ့ မဆုံးခင်မှာ
အန်တီပြောသေးတယ်…
ကလေးမလေးကို …
အသုပ်ဆိုင်က ကရင်မကြီး ပြုစားလိုက်တာ
ဖြစ်မယ်လို့ … တကယ်လို့ ပြုစားတာမှန်ရင်
‘ ရေ ခြား မြေခြားသွားတဲ့အခါ ပြုစားလို့မရတော့ဘူး ’
ဒီတော့ ကလေးမလေး မွေးရပ်မြေကို ပြန်ပါလို့
အန်တီအကြံပေးဖူးတယ် ၊
ကလေးမလေးကလည်း ပြန်ဖို့ ပြင်ဆင်နေတဲ့ရက်ပိုင်းပဲ
တစ်ဖက်က ပညာသည်က သိနေပုံရတယ်
ကလေးမကို အပြန်မခံပဲနဲ့ တစ်ခါတည်း
အသေ လုပ်လိုက်တယ် …
သူသေတော့ စပြီးခြောက်တော့တာပဲ
အရမ်းဆိုးတယ် အပုပ်နံ့တွေပေး..
ဟိုနေရာရိပ်ခနဲ ဒီနေရာ ရိပ်ခနဲပြတယ် ၊
အဆောင်မှာ ထမင်းဟင်းထားရင် ပျောက်တယ် ၊
သူ့ကုတင်မှာ လာအိပ်ရင် အိပ်တဲ့သူကို အမျိုးမျိုး
ခြောက်တယ် တစ်ယောက်ဆို လည်ပင်းပါညှစ်ခံရတယ် ၊
နောက်ဆုံးသူ့အလောင်းကို (ရက်မလည်ခင်)
ဘုန်းကြီးကျောင်းမှာ သွားထားရတယ် ၊
ရက်လည် တရားနာပြန်တော့လည်း
အဆောင်က လူအုပ်ကြီးထဲကနေ
ငိုသံကြီးကြားနေရတယ် … ၊
တရားနာနေတဲ့ လူတွေအကုန်လုံးရော ၊
တရာဟောနေတဲ့ ဘုန်းဘုန်းတွေပါ အကုန်လုံး
ကြားလိုက်ရတယ်…. ငိုတာမှ ရှိုက်ကြီးတငင်ကို ငိုနေတာ..
တရားနာတဲ့သူတွေကလည်း
သူငိုနေတာလား ငါငိုနေတာလားဆိုပြီး
တစ်ယောက်မျက်နာတစ်ယောက်လိုက်ကြည့်ကြတော့
ဘယ်သူမှ ဒီလိုကြီး အော်ဟစ် ငိုမနေဘူး
မျက်ရည်ကျရုံ ရှိုက်ရုံ လောက်ပဲ ရှိကြတယ် ၊
သရဲ အယုံအကြည်မရှိကြတဲ့သူတွေပါ
အဲ့အချိန်က ယုံသွားကြတယ် ၊
အဆောင်မှာလည်း အ၀င်၀ အန်တီ့
အခန်းမှာ ဘုရားစင်ကြီး ထားထားတာ
မြင်မှာပေါ့ …. ၊

နောက်ပိုင်း
သူ့ရက်လည်ပြီးတော့လည်း ဆိုးဆိုးရွားရွားကို
ခြောက်လှန့်တယ် ၊ အဆောင်က လိပ်ပြာလှတဲ့
ကောင်မလေးတစ်ယောက်ကို ၀င်ပူးတဲ့အထိဖြစ်ဖူးတယ်
၀င်ပူးပြီးပြောတာက ..
သူဒီနေရာ(သူ့အခန်း၊အဆောင်) ကနေ
ဘယ်ကိုမှ မသွားဘူးတဲ့ လေ .. ၊
သူ့ကြောင့် အန်တီအပါအ၀င်
အားလုံး မနေရဲ မအိပ်ရဲဖြစ်ကုန်ကြတယ်
တစ်ချို့ဆို အဆောင်ကပါ ပြောင်းပြေးကုန်ကြတယ် ၊
အမျှဘယ်လောက်ပေးပေး မရဘူး..
သူမယူတာလား… ယူလို့မရတာပဲလား
မသိဘူး … နောက်ဆုံး သူ့ဝိဥာဥဉ်ကို
ဘုန်းကြီးကျောင်း သွားအပ်လိုက်ရတော့တယ် ၊
ဒါပေမယ့် ဘာမှားသွားလည်းတော့ မသိဘူး ၊
ဘုန်းကြီးဆီ ဝိဥာဉ်သွားအပ်ပြီးတော့မှ
အခြောက်အလန့်နည်းသွားပေမယ့်
ဟိုနေရာဒီနေရာမှာတော့ သူ့ကို ရိပ်ခနဲရိပ်ခနဲ မြင်နေရတုန်း
အခု ‘ သက်ထား…လေး ’ ကျမှ သူပြန်ပြီးတော့
ခြောက်လန့်တာ… ၊
အန်တီထင်တာ ခြောက်လန့်နေတဲ့ ပရလောကသားက
‘ ချစ်ပန်းအိမ် ’ ပဲလား ဒါမှမဟုတ်
သူ့အယောင်ဆောင်နေတဲ့ တစ်ခြား
တစ်ကောင်ပဲလား မသိဘူး…. ၊
တော်တော်လေး ကြောက်ဖို့ကောင်းသလို
သနားစရာလည်းကောင်းတယ် .. ။
ဒီအဖြစ်အပျက်လေးက
ဟိုးး လွန်ခဲ့တဲ့ ၂နှစ်နီးပါးလောက်က
ဖြစ်သွားခဲ့တာပေါ့ကွယ်… ။
ကာယကံရှင် ‘ ချစ်ပန်းအိမ် ’ လေးနဲ့
‘ ဇွဲကပင်တောင် ’ အတူသွားခဲ့တဲ့
သူငယ်ချင်း အရင်ကြီး ‘ မစိုး ’
ဆို သူ့အကြောင်းပိုသိတယ်….. ။ ”

အဆောင်မှူးစကားဆုံးတော့
ကျွန်မတို့မျက်လုံးတွေ ပြူးကျယ်နေကြပြီး
‘ မစိုး ’ ကို အားလုံးဝိုင်းကြည့်လိုက်မိတယ် ၊
‘ မစိုး ’ မျက်၀န်းက မျက်ရည်တွေ တသွင်သွင်စီးကျရင်း
ကျွန်မတို့ကို ပြန်ကြည့်နေတယ်..
ပြီးတော့ သူငိုနေရင် တုန်ရင်နေတဲ့
သူ့ နှုတ်ခမ်းနှစ်ခုကို အတတ်နိုင်ဆုံး
ထိန်းရင်း ကျွန်မတို့ကို ပြန်ပြုံးပြတယ်…
သူ့စကားတစ်ခွန်းက
ကျွန်မနားထဲ အခုထိစွဲနေတုန်းပဲ….

“ နှုတ်ကြောင့် ပေါ့ ကွယ်
အစ်မ သူငယ်ချင်း ဆုံးရတာ
သူ့ရဲ့စရိုက် … ပြောသင့်တဲ့စကား
မပြောသင့်တဲ့စကားကို အခြေအနေအချိန်အခါ
ကြည့်ပြီး မပြောတတ်ခဲ့လိုပေါ့ကွယ် ….

သူ့ နှုတ်ကြောင့် သူသေခဲ့ရပြီလေ…
သြော်.. သူငယ်ချင်းရယ်… ”









{ ယခုရေးသားခဲ့သော ဖြစ်ရပ်မှန်

ဇာတ်လမ်းလေး ကို ရေးသားခွင့်ပြုခဲ့တဲ့

“ Sac Red Lotus ” ဆိုတဲ့ Facebook

အကောင့် ပိုင်ရှင် Sis ကိုလည်း

ကျေးဇူးအထူးတင်ရှိပါတယ် ခင်ဗျာ ။

ဇာတ်လမ်းပိုင်ရှင် sis ကို ကျွန်တော့်

အကောင့်မှာ ရှာမတွေ့တော့လို့

ဒီစာလေးကိုမြင်ရင် ပြန်ဆက်သွယ်ပေးပါဦးနော်.. ။



အထက်ပါ ဇာတ်လမ်းလေးထဲမှာ

အမှန်တကယ် ပါ၀င်ခဲ့သူ နေရာကနေ

ခံစားပြီးရေးသားထားပါတယ် ၊

၀ါသနာအရ ရေးသားတာဖြစ်တဲ့အတွက်ကြောင့်

အမှားအယွင်းများ ရှိခဲ့ရင်လည်း ခွင့်လွတ်နားလည်ပေးကြပါ ၊

ဝေဖန်မှုတွေကိုလည်း အမြဲ ကြိုဆိုလျှက်ပါ ခင်ဗျာ ….. ။ }

~ မိုးစွေ ~

#ပရလောက