ဖြစ်ပုံကတော့ဆန်းတော့ဆန်းသည်။ သို့သော် အဆန်းကြီးတော့မဟုတ်။
ကိုဦးက ကားပိုင်သည်။ သို့သော်သူပိုင်သည့်ကားက အိမ်စီးကားလဲမဟုတ်၊ ဇိမ်ခံကားလဲမဟုတ်၊ မီနီဘတ်စ်ကားလေးဖြစ်သည်။ ရန်ကုန်မြို့တွင်း ကျောင်းကားအငှားလိုက်သည်။ ဖယ်ရီဆွဲသည်။ ဟိုနားသည်နား ခရီးတိုလေးတွေဆိုလိုက်သည်။ ကျောင်းဖွင့်ရက်တွင် မနက်ပိုင်း ကျောင်းတစ်ခု၏ ကျောင်းကားအဖြစ်ဆွဲသည်။ နေ့လည်ပိုင်းတွင် ခဏနားသည်။ ညနေ ၃ နာရီလောက်ဆို စက်ရုံတစ်ခုအတွက် ဖယ်ရီဆွဲသည်။ ညဘက်ဆို နိုင်ငံခြားဘာသာတက္ကသိုလ် ညကျောင်းများအတွက် ဖယ်ရီဆွဲသည်။ ထိုသည်က ကိုဦးအတွက် တစ်နေ့တာအချိန်ဇယားပင်ဖြစ်သည်။
ယနေ့က စနေနေ့ဖြစ်သည်။ ကျောင်းပိတ်ရက်၊ အလုပ်ပိတ်ရက်ဆိုတော့ ကိုဦးကားအားနေသည်။ မနက်ပိုင်း မျက်နှာသစ်ပြီးရုံရှိသေးသည်။ ကိုဦးထံသို့ ဖုန်းဝင်လာသည်။ ထိုဖုန်းက သူနှင့်ခင်သည့် သူတစ်ဦး၏ ဖုန်းဖြစ်သည်။
“ကိုဦးရေ နေပြည်တော်ကို လူ ၁၇ ယောက်သွားမယ်ဗျာ၊ အသွားတစ်ကြောင်းထဲဆိုပေမယ့် အသွားအပြန်ကားခပေးပါ့မယ်၊ အရေးကြီးလို့ပါ”
ပိတ်ရက်မို့ ကိုဦးလဲအတော်ဖြစ်သွားသည်။ သူ့မီနီဘတ်စ်ကားလေးက အတွင်းပိုင်းသပ်ယပ်ပြီး အဲယားကွန်းလဲ အေးသည်မို့ ဟိုင်းဝေးခရီးလဲ အဆင်ပြေလှသည်။ နေပြည်တော်ဆိုတော့လဲ နီးနီးကလေးဖြစ်သဖြင့် ကိုဦးခေါင်းညိတ်လိုက်ရတော့သည်။ သို့သော် ကားကိုသူတစ်ယောက်တည်းသွား၍မဖြစ်၊ အဖော်တစ်ယောက်ခေါ်မှ တော်ကာကျမည်။ ထို့ကြောင့် သူ့တူကို အပူကပ်ရသည်။ ထိုကောင်လေးက ၁၆နှစ် ဆယ်တန်းဖြေပြီးသားဖြစ်သည်။ သူ့တူကို ခေါ်သည့်အခါတွင် သူ့တူကလဲ သူငယ်ချင်းတစ်ယောက် ထပ်ခေါ်ချင်သည်။ ကိုဦးကလဲ လူများလေ အဖော်ရလေမို့ ထိုနှစ်ယောက်ကိုခေါ်လာခဲ့လိုက်သည်။
သို့သော် ရန်ကုန်က ထွက်ဖြစ်တော့ နေ့လည် ၂ နာရီထိုးနေပြီဖြစ်သည်။ ကားစီးသည့်သူများက ဘုရားဖူးများ၊ သို့မဟုတ် ဆွေမျိုးများဖြစ်ဟန်တူသည်။ ကားပေါ်တွင် သွားနေရင်း နောက်ပြောင်နေကြသည်။ သူနှင့်အဖော်ခေါ်လာသည့်ကောင်လေးများမှာလည်း ဆယ်တန်းဖြေထားသူများမို့ ခရီးဝေးမသွားဖူးကြဘူးထင်သည်။ အချင်းချင်းစနောက်လျှက် လိုက်လာကြသည်။ ညနေ ၇ နာရီနီးပါးမှ နေပြည်တော်ရောက်သည်။
နေပြည်တော်တွင် လူချပြီးတော့ နာမည်ကြီး နေပြည်တော်ထမင်းသုတ်ဝင်စားကြသည်။ ကိုဦးက နန်းစိန်ကိတ်မုန့်နှင့် မြေပဲပွကြော်များဝယ်လာခဲ့ပြီးတော့ နေပြည်တော်မှပြန်ထွက်လာခဲ့ကြသည်။ ထိုအထိအကောင်းပင်ဖြစ်သည်။
“ခရီးဝေးမှာ သေးပေါက်ချင်ရင် ပေါက်တောလို့ပြောရတယ်ကွ”
သူငယ်ချင်းနှစ်ယောက်က ကားရှေ့ခန်းခုံတွင် အတူတူထိုင်ရင်း ပြောနေကြသည်။
“ပေါက်တောလို့ ဒီခေတ်မပြောတော့ပါဘူးကွာ”
“ဒါဆိုဘယ်လိုပြောလဲဦးလေး”
“ယဉ်ယဉ်ကျေးကျေးပြောကြတာပေါ့ကွ၊ လိုင်းကားစပါယ်ယာတွေဆိုရင် ဒီလိုပြောတယ်ကွ”
ကိုဦးက ချောင်းတစ်ချက်ဟန့်လိုက်သေးသည်။
“ခရီးသွားများခင်ဗျာ၊ မကြာမီအချိန်အတွင်းမှာ ကျွန်တော်တို့ ယာဉ်ဟာ ကျန်းမာရေးအပေါ့အပါးသွားနိုင်ရန် ငါးမိနစ်မျှ ရပ်တန့်မည်ဖြစ်ပါသည်၊ အဲ့လိုပြောကြတာကွ”
ကိုဦးပြောလိုက်သည့်အခါတွင် အားလုံးရယ်မောလိုက်ကြသည်။
“ဒါဆိုရင်ဦးလေးရာ ကျွန်တော်တို့လဲ ကျန်းမာရေးအပေါ့အပါးသွားချင်လို့ ငါးမိနစ်လောက် ကားရပ်ပေးပါအုံး”
သူ့တူနှင့် သူငယ်ချင်းက အပေါ့သွားချင်သည်ဆိုလာသဖြင့် ကိုဦးက သာဂရလမ်းခွဲကျော်ပြီးနောက် လမ်းဖြောင့်သောနေရာတွင် ကားရပ်ပေးလိုက်သည်။ ကားရပ်လိုက်သည်နှင့် လူငယ်နှစ်ဦးကားပေါ်မှပြေးဆင်းသွားကြသည်။
“ဟေ့ကောင်တွေ လမ်းဘေးသေးပေါက်ရင် ခွင့်လေးဘာလေးတောင်းပြီးမှပေါက်၊ ထိုင်ပေါက်နော်”
ကိုဦးက ကားပေါ်မှလှမ်းပြောလိုက်သေးသည်။ လူငယ်ပီပီ တောချုံစပ်ဘေးသို့ပြေးပြီး အပေါ့သွားနေကြသည်။ ထို့နောက် သူတို့နှစ်ယောက်က ကားဆီသို့ရယ်မောပြီး ပြန်လာကြသည်။ ကားလမ်းမတွင် ကားများသွားလာနေသည်။ ကိုဦးက ကွမ်းယာတစ်ယာကိုထုတ်ပြီး ဝါးနေမိသည်။ ထိုစဉ် ကားပေါ်သို့ သူ့တူနှင့် သူငယ်ချင်းက ပြန်တက်လာသည်နှင့် ကားတံခါးကိုပိတ်လိုက်သည်။
“ဖွတ် . . ရှူး”
ကားတံခါးမှာ ပိတ်လိုက်သော်လည်း အသံသာမြည်ပြီး တံခါးက မလှုပ်ပေ။ ကိုဦးလဲ ကားတံခါးပိတ်သည့်ခလုပ်ကို သုံးလေးခါခန့် ပိတ်လိုက်ဖွင့်လိုက်လုပ်ကြည့်သည်။ တံခါးက အသံသာမြည်ပြီး မပိတ်ပေ။ ထို့ကြောင့် ကိုဦးက ကားတံခါးနားကိုထသွားလိုက်ပြီးနောက် ကားတံခါးအနီး အော်တိုနှင့် မန်နူရယ်ပြောင်းသည့်ခလုပ်ကလေးကို နှိပ်ပြီး တံခါးကိုလက်နှင့်ဆွဲပိတ်လိုက်မှ ပိတ်တော့သည်။ သို့သော် ကားတံခါးပိတ်ရင်း အပြင်မှ လေကြမ်းတစ်ချက် ဝှေ့တိုက်လိုက်သည်မို့ ကိုဦးဆံပင်များဖွာလန်သွားပြီး ပုဆိုးများလွင့်သွားသည်။
“လေကလဲ ကြမ်းလိုက်တာ”
ထို့နောက် ကားရှေ့ခန်းသို့ပြန်လာခဲ့သည်။ ကားကိုဆက်မောင်းလာခဲ့သည်။ လူငယ်နှစ်ဦးက ဖုန်းကြည့်နေကြသည်။ ကားက ခါလီ(လူမပါ)သည်မို့ ကားနောက်ခန်းမီးများကို မှိတ်ထားသည်။ သို့သော် ကားနောက်ခန်းတွင် အလှဆင်ထားသည့် အနီရောင်၊ အစိမ်းရောင် LED မီးလုံးလေးများထွန်းထားသည်မို့ ထိုမီးလုံးလေးများက ခပ်မှိန်မှိန်ကလေး ထွန်းလင်းနေသည်။
ကားမောင်းရင်း တစ်နာရီခန့်ကြာလာသည့်အခါတွင် ကိုဦး ကားနောက်ခန်းမှ စကားပြောသံများကိုစကြားရသည်။ ဘေးသို့လှည့်ကြည့်သည့်အခါ သူ့တူနှင့် သူငယ်ချင်းက အိပ်နေကြသည်ထင်သည်။ ကိုဦးစိတ်ထဲထင့်သွားတော့သည်။ နောက်ခန်းတွင် လူမပါဘဲ စကားပြောသံတစ်ခုကြားလိုက်ရသည်က ထူးဆန်းနေသည်။
ကိုဦးဆက်မောင်းလာရင်း မကြာခင် စကားပြောသံများမှာ ခပ်စိပ်စိပ်ဖြစ်လာသည်။ ဘာစကားများပြောသည်ကိုတော့မကြားရသော်လည်း တကွိကွိတကွကွနှင့် စကားတွေတီးတိုးပြောနေသံဖြစ်သည်။ ကိုဦးက သိချင်လာသဖြင့် နောက်ကြည့်မှန်ထဲမှနေ၍ လှမ်းကြည့်လိုက်မိသည်။
“မြတ်စွာဘုရား”
မီနီဘတ်ခုံများပေါ်တွင် အရိပ်များကဲ့သို့ မဲမဲသဏ္ဍာန်များက ထိုင်နေကြသည်ကို LED မီးမှိန်မှိန်လေးများအောက်တွင် မြင်တွေ့ရသည်။ တစ်ချို့က လူပုံစံ၊ တစ်ချို့က ခပ်ရှည်ရှည်မျောမျာဖြစ်သည်။ ကိုဦးကားမောင်းနေရင်း ကြက်သီးမွှေးညှင်းများ ထောင်ထလာသည်။
“ဟေ့ကောင်တွေ . . . ဟေ့ကောင်တွေ”
ကားကိုမှန်မှန်မောင်းရင်း သူ့တူကို လှုပ်နှိုးလိုက်သည်။ သူတို့နှစ်ယောက်လဲ အိပ်မှုန်စုန်မွှားဖြင့် ထလာကြသည်။
“ဦးလေး ဘာဖြစ်လို့လဲ”
“အနောက်ခန်းမှာ . . အနောက်ခန်းမှာ သရဲတွေပါလာတယ်”
တူဖြစ်သူက စနောက်နေသည်ထင်သဖြင့် လှည့်ကြည့်လိုက်သည်။ သူကြည့်လိုက်သည့်အခါတွင် ဘာမှမတွေ့ရ၊ အမှောင်ထဲတွင် ထိုင်ခုံများသာတွေ့ရသည်။
“ဘာမှမရှိပါဘူးဦးလေးရဲ့”
သူ့တူနှင့် သူ့သူငယ်ချင်းက ဘာမှမမြင်ရကြသော်လည်း ကိုဦးက မြင်နေရသည်။ သူတို့ကားမောင်းနေရင်း ဆယ့်ငါးမိနစ်ခန့်ရောက်သည့်အခါတွင် ကားပေါ်တွင် စကားများအော်ပြောကြကာ၊ ရယ်မောသံများကိုလဲကြားရသည်။ ဘုရားဖူးကားလိုမျိုး တစ်ကားလုံး စကားတွေ ဟောင်ဖွာဟောင်ဖွာနှင့် ပြောနေကြပြီး ရယ်သံကြီးတွေကလဲ ကြောက်စရာကောင်းလှသည်။
“ကြားရလား . . မင်းတို့ကြားရလား”
ထိုတော့မှ လူငယ်နှစ်ယောက်လဲ မျက်လုံးပြူးပြီး ခေါင်းညိတ်ပြကြသည်။ ထိုအသံများကို သူတို့လဲကြားရသည်ထင်သည်။
“တစ်ခုခုတော့မှားနေပြီကွ၊ ငါတို့ နီးရာအမြန်လမ်းဘေးက ရဲစခန်းနားမှာ ကားကိုရပ်ကြမယ်ကွာ”
ကိုဦးကပြောလိုက်ပြီးနောက် အရှိန်လျှော့ရန် ဘရိတ်ကိုစမ်းလိုက်သည်။ သို့သော် ဘရိတ်ကိုမတွေ့ရတော့ပေ။
“ဟာ၊ သွားပြီ၊ စောက်ပြဿနာတက်ပြီ”
ကိုဦးရေရွတ်လိုက်သည်။ ကားအောက်ဘက်တွင် ဘရိတ်လဲမရှိတော့သလို လီဗာလဲမရှိတော့ပေ။
“ဦးလေးဘာဖြစ်တာလဲ”
“ကားက ဘရိတ်မရှိတော့ဘူး၊ လီဗာလဲမရှိတော့ဘူးကွ”
ကိုဦးစိတ်အလွန်ခြောက်ချားနေပြီ၊ ကားက ကီလို ၆၀ နှုန်းဖြင့် ဆက်လက်မောင်းနှင်နေသဖြင့် ကိုဦးလဲ အရှိန်ထိမ်းကာ မောင်းနှင်လာခဲ့ရသည်။ ကားနောက်ခန်းတွင် အသံပေါင်းစုံကြားနေရသော်လည်း လှည့်မကြည့်ရဲပေ။ ကားမောင်းရင်း တစ်ခုကိုသတိရလိုက်မိသည်။
“ဟေ့ကောင်တွေ အဲဒီကားအံဆွဲထဲမှာ စီဒီခွေရှိတယ် ထုတ်လိုက်”
လူငယ်နှစ်ယောက်လဲ ကြောက်လန့်ပြီးတုန်လှုပ်နေကြသည်။ စီဒီခွေများကို အခွေထည့်သည့်အိတ်နှင့်ထည့်ထားသည်။ လူငယ်နှစ်ယောက်လဲ လှန်လှောနေမိသည်။
“အရှေ့ဆုံးမှာ ပရိတ်တရားခွေရှိတယ်၊ အဲဒါပေးကွာ”
လူငယ်နှစ်ယောက်က အရှေ့ဆုံးကိုလှန်လိုက်ပြီး ပရိတ်ကြီး၁၁သုတ်နှင့် ပဌာန်းဟု အခွေတွင် ရေးသားပုံကပ်ထားသည့် အခွေကိုထုတ်လိုက်ကာ ကိုဦးကိုလှမ်းပေးလိုက်သည်။ ကိုဦးက ကားတွင်ပါသည့် စီဒီဖွင့်စက်အတွင်း ထိုအခွေကို ထည့်လိုက်သည်။
“ဒုန်း . . ချပ် . . ချပ် . . . ဒုန်း”
အခွေဖွင့်စက်အတွင်းမှ သူတို့မကြားဖူးသည့် ဂီတသံများထွက်လာလေသည်။ အသံများက ကုလားဘုရားပွဲလှည့်သည့်အခါတွင် တီးမှုတ်သည့်အသံမျိုးဖြစ်သည်။ ကိုဦးလဲ လန့်သွားပြီး စက်ကိုပိတ်နေသော်လည်း ပိတ်၍မရပေ။ ထိုအသံများကြားသည့်အခါ ကားနောက်ပိုင်းတွင် ဝရုန်းသုန်းကားဖြစ်ကုန်ကြသည်။ သရဲများက ကားပေါ်တွင် ကခုန်နေကြသည်ထင်သည်။ တဝုန်းဝုန်းနှင့် ကားကြမ်းပြင်ကိုခုန်ပေါက်နေသံများကြားရသည့်အတွက် ကားရှေ့ခန်းရှိသူတို့သုံးယောက်စလုံး တုန်လှုပ်နေကြသည်။
“ဟေ့ကောင်တွေ တစ်ခုခုတော့မှားလာတယ်ထင်တယ်၊ မင်းတို့ဘာလုပ်ခဲ့ကြလဲ”
လူငယ်နှစ်ယောက်က စဉ်းစားနေသည်။
“ဟုတ်ပြီဦးလေး ကျွန်တော်တို့ ကားပေါ်ကနေအပေါ့ဆင်းသွားပြီး ပြန်အတက်မှာ ဒီကောင်က အနောက်ကနေကျန်ခဲ့တယ်၊ ဒါနဲ့ ကျွန်တော်လဲ ဒီကောင့်ကို စနောက်ရင်း၊ ခရီးသည်များခင်ဗျာ၊ ကျန်းမာရေးအပေါ့အပါးသွားပြီးပါက ခရီးဆက်မည်ဖြစ်ပါသဖြင့် ကားပေါ်ပြန်တက်ပေးကြပါ လို့ စနောက်ပြီး ပြောလိုက်မိတာ”
ထိုစကားကြားမှ ကိုဦးခေါင်းမွှေးများပါ ထောင်တက်သွားသည်။
“ဟာကွာ၊ မင်းတို့ကောင်တွေ၊ အဲ့ဒီလိုစကားက နေ့ခင်းကြီးတောင် မပြောရဘူးကွ၊ ဒုက္ခပဲ၊ ငါတို့က သူတို့ကိုတင်ခေါ်လာသလိုဖြစ်နေပြီဟ”
“ဒါ . . ဒါဆိုဘယ်လိုလုပ်ကြမလဲဦးလေး”
“နေဦးကွာ၊ တို့ဒီအတိုင်းဆက်သွားရင် ဘရိတ်လဲမမြင်ရ၊ လီဗာလဲမမြင်ရနဲ့ ငါတို့ကားမှောက်သေမှာပဲ”
“ဗျာ”
လူငယ်နှစ်ဦးက ရေရွတ်ပြီးနောက် တစ်ယောက်နှင့်တစ်ယောက်ဖက်ထားကြလေသည်။ ကိုဦးလဲစဉ်းစားရပြီ။ ထိုလူများမှာ ခရီးသွားများဖြစ်မည်ထင်သည်။ သူတို့ကားပေါ် လိုက်လာရတာလဲ တစ်နေရာရာသို့ သွားချင်သောကြောင့်ဖြစ်မည်။ သို့နှင့် ကိုဦးက ချောင်းတစ်ချက်ဟန့်လိုက်သည်။
“ကားပေါ်ပါလာသည့် ခရီးသည်များခင်ဗျာ၊ ခရီးသည်များသွားချင်တဲ့နေရာကို ကျွန်တော်ပို့ပေးပါ့မယ်၊ ကိုယ်သွားလိုတဲ့နေရာရောက်ပါက ဆင်းသွားကြပါ။ ကျွန်တော်တို့ကိုလဲ ဒုက္ခမပေးပါနဲ့၊ မနှောင့်ယှက်ကြပါနဲ့”
ထိုအခါမှ ကိုဦးခြေထောက်တွင် ဘရိတ်နှင့် လီဗာများကို စမ်းမိတော့သည်။ ဆူညံနေသည့် ကားမှာလဲ တိတ်ဆိတ်သွားသလို စီဒီစက်မှာလဲ ပိတ်သွားတော့သည်။ သို့သော် စကားပြောသံများ၊ ချောင်းဟန့်သံများတော့ ကြားနေရသေးသည်။
ကိုဦးကလဲ တတ်သလောက်မှတ်သလောက် ဘုရားစာများရွတ်ပြီး လူငယ်နှစ်ဦးကလဲ ဘုရားစာရွတ်ကြတော့သည်။ သို့နှင့် ကားကိုတဖြေးဖြေးမောင်းလာခဲ့ရာ ညသန်းခေါင်ကျော်တွင်တော့ ရန်ကုန်တိုးဂိတ်သို့လှမ်းမြင်နေရပြီဖြစ်သည်။ တိုးဂိတ်မဝင်မီလမ်းဘေးတွင် မုံရွာမိုးညှင်းသမ္ဗုဒ္ဒေပုံစံတူ ဘုရားကလေးကို လှမ်းမြင်လိုက်ရသည်။ ထိုအခါ ကိုဦးက ထိုဘုရားကလေးကိုကြည့်ရင်း စိတ်ထဲကနေဦးချကန်တော့လိုက်သည်။
ထိုအခါတွင် ကားမှာအရှိန်လျော့သွားပြီး လမ်းဘေးသို့ဆင်းကာထိုးရပ်သွားသည်။ ကိုဦး မန်နူရယ်နှင့် ပိတ်ထားသည့် မီနီဘတ်စ်ကားလေး၏ တံခါးမှာ အလိုလိုပွင့်သွားပြီးနောက် လူများဆင်းသွားသလို တဒုန်းဒုန်းနှင့်ဖြစ်နေသည်ကို သူတို့သုံးယောက် ငြိမ်ပြီးကြည့်နေလိုက်ကြသည်။ နာရီဝက်ခန့်ကြာသည်အထိ ဘာမှမဖြစ်တော့ပေ။ ထိုတော့မှ သူတို့လဲ သက်ပြင်းချနိုင်ကြသည်။ ကိုဦးက ကားတံခါးကိုပိတ်လိုက်ပြီး ကားနောက်ခန်းမီးကိုဖွင့်လိုက်သည်။ ထိုအခါ ထိုင်ခုံများ၊ ကြမ်းပြင်များတွင် ခြေရာများ၊ လက်ရာကြီးများကိုတွေ့ရသည်။ ကားမှန်တံခါးများတွင်လဲ လက်ရာမဲမဲကြီးများကိုတွေ့မြင်ရသည်။ ထိုလက်ရာ ခြေရာကြီးများမှာ အိုးမဲများလိုလို၊ ကတ္တရာများလိုလို မဲမဲနှင့် စေးကပ်ကပ်ကြီးဖြစ်နေသည်။
ကိုဦးက ကားကိုပြန်မောင်းလိုက်ရင်း စီဒီစက်ကိုဖွင့်လိုက်သည့်အခါတွင်တော့ ပရိတ်တရားသံများက ကားအတွင်းလွင့်ပျံလာခဲ့လေသည်။ ထိုခြေရာလက်ရာများကို အချိန်အတော်ယူပြီး ပြန်လည်ဆေးကြောရသည်ဟုသိရသည်။ ယခုဇတ်လမ်းကို ပြန်ပြောပြသူမှာတော့ ကိုဦး၏ တူဖြစ်သူ ကောင်လေးက ပြန်ပြောပြခြင်းဖြစ်ပါသည်။
ပြီးပါပြီ။