• June 13, 2025
  • admin
  • 0

လေးမောင်
နှောကူးအန္တရာယ်

ကားကလေးက ပဲခူးကျော်ပြီး ဘုရားကြီးကို ရောက်တော့ ဘယ်ဘက်ကိုချိုးကွေ့ကာ အတွင်းကိုဝင်သွားတော့ ဘောနတ်ကြီးရွာ၊ သံစို့ပင်ရွာ၊ အဆိပ်တောင်ရွာ၊ ဂူတောင်ရွာ၊ ဆီးတောရွာ၊ အုတ်ဖိုရွာနှင့် ဆင်စွယ်တို့ဆီ ရောက်လာသည်။

ဆင်စွယ်ရွာရှိကျွန်တော့်ရွာခံမုဆိုးထွန်းတင်တို့အိမ်ရှေ့ ကားရပ်လိုက်တော့ သူ့ဇနီးနှင့် သားသမီးတွေ အိမ်ပေါ်မှ ပြေးဆင်းပြီး အားရဝမ်းသာစွာ ကြိုဆိုကြသည်။

ကျောပိုးအိတ်များနှင့် သေနတ်တွေကို အိမ်ပေါ်သို့ တင်လိုက်ကြပြီး အဘကောင်းက –

“ဟိုကောင် ထွန်းတင် ဘယ်သွားလဲဟ ခင်အုံးမြင့်”

“ရွာဖျားက နှောတိုက်လို့ သေသွားတဲ့အိမ် သွားနေတယ်။ ကျွန်မ လိုက်ခေါ်ပေးမယ်လေ”

ခင်အုံးမြင့်ပြောလိုက်သည့်စကားကြောင့် ကျွန်တော်က –

“နှောတိုက်တယ်… နှောတိုက်တယ်ဆိုတာ ဘာရောဂါလဲဟင်…”

ကျွန်တော့်အမေးကြောင့် သူတို့မိသားစုက ဝိုင်းရယ်မောလိုက်ကြရင်း-

“တစ်မြန်နေ့က ရွှေတလေးချောင်းဖျားကို ဝါးခုတ်သွားကြရင်း နှောကူးပြောင်ကြီးနဲ့ ထိပ်တိုက်တိုးပြီး အခတ်ခံလိုက်ရလို့ သေသွားတယ်လေ”

“အော် … နှောကူးပြောင်ကြီးခတ်လို့ သေတာကို နှောတိုက်တယ်လို့ ပြောတာလား”

ကျွန်တော်တို့ အိမ်ပေါ်တွင် ထိုင်လိုက်စဉ် ခင်အုံးမြင့်က-

“ကြည်သာရေ- နင့်အဖေကို သွားခေါ်လိုက်ကွယ်။ အဘကောင်းတို့ဆီ ဖုန်းဆက်ခေါ်ဖို့ ညက သူတို့တိုင်ပင်နေသံကြားတယ်”

သားဖြစ်သူ ကြည်သာ ရွာဖျားဘက်ဆီသို့ ပြေးထွက်သွားသည်ကို တွေ့လိုက်ရသည်။ ထိုစဉ် သူမက-

“ဟုတ်လား- ဘယ်လိုအကြောင်းနဲ့ ငါတို့ဆီကို ဖုန်းဆက်မှာလဲဟ”

“ဒီနှောတိုက်လို့သေတာ ခုလူနဲ့ဆိုရင် ငါးယောက်ရှိပြီလေ။ ခုတစ်ခါ လည်း ဆေးရုံတင်ထားရတာက သုံးယောက်ရှိသေးတယ်။ သေမလား ရှင်မလား မသိဘူး”

“ဟိုက်”

သူမစကားကြောင့် ကျွန်တော်တို့ တအံ့တသြဖြစ်ကာ စောင့်စားနေလိုက်ကြသည်။

အတန်ကြာတော့ ထွန်းတင်နှင့် ရွာခံများ ရောက်လာကြသည်။ ကျွန်တော်တို့ကိုတွေ့တော့ ဝမ်းသာနေကြပုံလည်း ရသည်။

“အတော်ပဲ … ကျွန်တော်တို့ အဘကောင်းတို့ဆီကို ဖုန်းဆက်ခေါ်မလို့ဟာ။ ခုလို မမျှော်လင့်ဘဲ ရောက်လာတော့ ဝမ်းသာလိုက်တာဗျာ။ သုံးယောက်တည်းလား။ ဟိုကောင်တွေကော မပါကြဘူးလား ဘိုလေး”

“အေးကွ သူတို့ကိုယ်ရေးကိစ္စတွေရှိလို့ ကျန်ခဲ့တယ်။ ငါတို့ချည်း ထွက်လာခဲ့တာ။ ဒါနဲ့ ငါတို့ဆီကို ဖုန်းဆက်မလို့ဆိုတာက ဘယ်လိုအကြောင်းရှိလို့လဲကွ”

“ဒီလို အဘရဲ့။ ခုတလော ရွှေတလေးချောင်းဖျားဘက်မှ တောကျွဲ ရိုင်းတွေကြား နှောတစ်ကောင် ဝင်ကပ်နေတယ်။ အဲဒီအကောင်ကြီးက ဝါးခုတ်တက်တဲ့လူတွေကို ရန်တိုက်ခတ်လို့သေတာ သောက်သောက်လဲပဲ။

ခုလည်း ငပိန်တို့အဖွဲ့ ဝါးခုတ်သွားရင်း အဲဒီကောင်ကြီး ရန်ပြုလို့ ငပိန်သေပြီး လှအောင်၊ တင်အေးနဲ့ ငပြူးတို့ အတွင်းလူနာအဖြစ် ဆေးရုံတင်ထားရတယ်။ သေမလား ရှင်မလားတော့ မသိဘူး”

ထိုအချိန် သူတို့လူများ ခင်အုံးမြင့်နှင့် တီးတိုးစကားပြောပြီး အောက်ကို ပြန်ဆင်းသွားကြသည်။ အတန်ကြာတော့ ထမင်းနှင့် ဟင်းများ သယ်ဆောင်လာကြပြီး စားပွဲဝိုင်းတွင် ပြင်ဆင်လျက် ကျွန်တော်တို့အား ကျွေးမွေးသည်မို့ နံနက်စာကို စားသောက်နေစဉ်-

“သေတဲ့လူတွေအားလုံး ရွှေတလေးချောင်းဘက်မှာပဲလား။ အခြား ဘယ်နေရာတွေရှိသေးလဲ”

အဘကောင်းကမေးလိုက်သည့်အတွက် ရွာအကြီးအကဲဖြစ်သူက –

“ဟုတ်ပါတယ် ဆရာကြီး။ အားလုံး ဒီတစ်ကြောမှာချည်းပါပဲ။ ဝါးခုတ်စရာကလည်း ဒီတစ်နေရာက ခုတ်မှ လှည်းလမ်းကသာတာကိုး ခင်ဗျာ့”

“ဟိုအရင် ဒီလိုအဖြစ်မျိုးတွေ ဖြစ်ခဲ့ဘူးလားဗျ”

“မဖြစ်ခဲ့ဖူးဘူး။ ဒီအကောင်ကြီး ကျွဲရိုင်းတွေကြားထဲ ဝင်ကပ်ပြီးမှ ခုလို ဆက်တိုက်ဖြစ်နေတာပါ။ ကျွန်တော်တို့လည်း မစဉ်းစားတတ်အောင်ပါပဲ”

ထိုသို့ပြောနေစဉ်အစ်ကိုကြီး ဦးသိန်းလွင်က –

“ခင်ဗျားတို့ ဒီအကောင်ကြီးကို လက်တုန့်ပြန်ဖို့ မကြိုးစားကြဘူးလား။ မုဆိုးတွေလည်း ရှိနေရက်နဲ့”

“မုဆိုးတွေရှိပေမယ့် မြားဆိပ် မဖော်တတ်ကြလို့ အခက်တွေ့နေကြတာပါခင်ဗျာ”

ထိုအချိန် ကျွန်တော်ဝင်ရောက်ပြောလိုက်မိသည်မှာ

“ထောင်ချောက်တွေ ဘာတွေကော မဆင်ကြဘူးလားဗျ ဟင်”

“သံညှပ်တော့ သုံးခု ထောင်တယ်ဗျ။ မမိဘူး။ အားကြီးပါတဲ့ အကောင်ကြီး”

“ဒီလိုဆို ဒီနေ့တော့ ထားလိုက်ပေါ့။ မနက်ဖြန် စောစောထွက်မယ်။ ထွန်းတင်အပြင် ဘယ်သူလိုက်ဦးမလဲ ပြောပါဦး”

“ကျော်ဝင်းနဲ့ ကျွန်တော် လိုက်ပါမယ်”

“ကိုကျော်ဝင်းနော်။ ခင်ဗျားနာမည်ကကော…”

“တင်သိန်းပါ ခင်ဗျာ”

“ကောင်းပါပြီ … မနက်စောစော ထွက်လိုက်ကြရအောင်”

သူတို့နှင့် စကားပြောနေစဉ် ကျွန်တော်က ညနေ ဟင်းစားအထွက်ရှာဖို့ လိုအပ်သည်ကို သဘောပေါက်လိုက်သဖြင့် ဟင်းစားရှာရန်အလို့ငှာ-

“ငါ မုဆိုးခရမ်းချဉ် ထွက်ရှာဦးမယ်ကွာ။ အဖော်လမ်းပြတစ်ယောက် လိုက်ခဲ့ကြပါလား”

“ကျွန်တော်လိုက်မယ်လေ …။ သွားလိုက်ကြတာပေါ့”

ပြောလိုက်သူကို ကြည့်လိုက်တော့ မနက်လိုက်မည့်အထဲမှ တင်သိန်းဆိုသူပင်။ ကျွန်တော်က ကျည်ခါးပတ်ကလေးနှင့် ပွိုင့်တူးတူး(ဘီအက်စ်အေ) ကလေးကို ယူလျက် သူ့ကိုခေါ်ကာ နှစ်ဦးသား ထွက်ခဲ့ကြပေသည်။

“တင်သိန်း ဘယ်ဘက်ကို သွားမလဲ။ ဟင်းစား ကျိန်းသေရမဲ့ဘက်ကို သွားကွာ”

“အုတ်ဖိုရွာဘက် တောထူတယ်။ အဲဒီဘက် သွားလိုက်ကြရအောင်။ စားပင်တွေလည်း ရှိတယ်”

နှစ်ဦးသားရွာကိုဖြတ်ကာ ထွက်ခွာလာကြပြီး ခင်တန်းကို ကျော်လိုက်သည်နှင့် –

“ဥဩ … ဥဩ … ဥဩ”

ဦးတည်သွားကြမည့် အရှေ့ဘက် “တောင်မရိုးပင်” ကြီးထိပ်ဖျားဆီမှ ဥဩငှက်ငယ်ကလေးတစ်ကောင်၏ တွန်ကျူးသံက နွေရာသီသရုပ်ကို ပီပြင်အောင် ဖော်ထုတ်နေသည်။ လျှောက်လှမ်းရာလမ်းကြောတွင် ရွက်ကြွေများတို့အပြင် လေပြည်သုတ်ဖြူးမှုကြောင့် တဖြုတ်ဖြုတ် ကြွေကျနေ ကြသည်။

xxx xxx xxx

လွယ်ပိုးလာသည့် သေနတ်ကလေးကို မောင်းတုံးကို နောက်လှန်ဆွဲချကာ ပြောင်းရင်းဆီသို့ ကျည်တစ်တောင့်ထိုးကာ မောင်းထိန်းခလုတ်ကို ပိတ်လိုက်စဉ်-

“အူဝူ… အုဝူ… ကွစ်ကွစ်”

“ဆရာသမား – တောင်မရိုးပင် ဟိုဘက်က တောတညင်းပင်ကြီးမှာ မျောက်အုပ်ရောက်နေတယ် ထင်တယ်”

တင်သိန်းစကားကြောင့်ကျွန်တော်က-

“ဘယ်လိုမျောက်မျိုးဖြစ်မလဲ တင်သိန်း”

“ကျွန်တော့်အထင်တော့ မျောက်ညိုဖြစ်မယ်နဲ့ တူတယ်။ ပစ်လို့ရရင် ချေးခါးထုတ်စားရင် အားသိပ်ရှိတယ်ဗျ။ သွေးကလည်း အားကောင်းတယ်လေ”

“ငါကြားဖူးတာတော့ သွေးနဲ့ ချေးခါးကောင်းတာ မျောက်မြီးရှည်လို့ ကြားဖူးတယ်ကွ။ မင်းမျောက်ညိုက ဘယ်လိုကောင်းတာလဲ ပြောပါဦးဟ”

“ဟာ- ဆရာသမားရယ် … ကောင်းမှကောင်း၊ အားကြီးကောင်းဗျ”

“အေးပါဟ – ကောင်းပုံကောင်းနည်းလေး ပြောပြပါဦး”

“ဒီလို ဆရာသမားရဲ့ … တောနေတိရိစ္ဆာန်တွေကို ခွဲခြားစိတ်ဖြာကြည့်လိုက်ရင် သားစားသတ္တဝါ၊ မြက်စားသတ္တဝါ၊ သစ်ဥသစ်ဖုသစ်ရွက်စားကြတဲ့အကောင်တွေ ရှိတယ်နော်။ ရေမှာကော – လေမှာကောပေါ့။

နောက်ပြီး အုပ်စုလိုက်နေကြတဲ့ အကောင်တွေထဲမှာလည်း ဦးချိုရှိကြတဲ့အကောင်၊ အစွယ်ရှိကြတဲ့အကောင်၊ အစွယ်ကော ဦးချိုပါ မရှိကြတဲ့အကောင်တွေ ရှိကြပြန်တယ်လေ။

အဲဒီအုပ်စုလိုက်နေကြတဲ့ အကောင်တွေထဲမှာ အထီးတစ်ကောင်ထဲကနေ သူတို့အုပ်စုကို အုပ်ချုပ်တဲ့အုပ်ဖွဲ့ နေကြတဲ့ အကောင်တွေထဲမှာ “မျောက်ညိုအုပ်”ဆိုတာလည်း ပါတယ်လေဗျာ နော်…”

“ရှင်းစမ်းပါဦး – မင်းက ဘာကိုရည်ရွယ်တယ် ဆိုတာကို…”

“ဟုတ်ကဲ့ – မျောက်ညိုတစ်အုပ်မှာ ကောင်ရေ(၅ဝ ကနေ ၁၅ဝ)လောက် ထိရှိကြတယ်။ အဲဒီအုပ်ကြီးကို မျောက်ထီးကြီး(ထီးကောင်း)ကြီး တစ်ကောင်ကပဲ တာဝန်ယူပြီး အုပ်ချုပ်တယ်ဗျ။

ကျန်တဲ့အကောင်တွေက မျောက်မတွေချည်းပဲ ထားကြတယ်။ အဲဒီမှာ ထူးခြားတာက အဲဒီအုပ်အတွင်းက မျောက်မတွေဟာ (၁)နှစ်ပတ်လုံး ကိုယ်ဝန်ဆောင်ထားကြတဲ့ အချက်ပဲ။

အဲဒီလို ကိုယ်ဝန်ဆောင်ထားရတဲ့ မျောက်မတွေမှာ အချိန်တန်လို့ ကလေးမွေးလို့ အထီးကောင်လေးဆိုရင် ဖခင်ထီးကောင်းမျောက်ကြီးက ကိုက်သတ်ပစ်တယ်ဗျ။ အမကလေးမွေးရင်တော့ ကိုက်မသတ်ဘူးပေါ့ဗျာ။

မျောက်ညိုမတစ်ကောင်ဟာ အချိန်တန်လို့ မျောက်ထီးကလေးမွေးခဲ့ရင် ဖခင်ထီးကောင်းကြီး လာရောက်ကိုက်မသတ်ခင် သားငယ်ကို ရင်ခွင်ပိုက်ပြီး အုပ်ကနေခွဲထွက် အဝေးကိုပြေးကြရတာပေါ့။

မိခင်မျောက်မကြီးက သားငယ်ကိုအရွယ်ရောက်သည်ထိ ပြုစုကျွေးမွေးခြင်း၊ အစာရှာဖွေစား သောက်ခြင်း၊ ဘေးအန္တရာယ်များကျရောက်မည့်အရေးကို ရှောင်ရှားနည်း စတဲ့ ပညာရပ်တွေကို လက်တွေ့သင်ကြားပေးပြီး အရွယ်ရောက်လာတဲ့ သားငယ်ဟာ မိခင်ကိုစွန့်ပြီး သူ့အစွမ်းအစနဲ့ အသက်ရှင်ရပ်တည်နိုင်ဖို့ ကြိုးစားတော့မှ မိခင်မျောက်မကြီးက အုပ်အတွင်းပြန်ကပ်ကြပြီး နောက် ထပ်သန္ဓေသားလောင်းကို လက်ခံကြတယ်ဗျာ။

အဲဒီလို ထီးကောင်းကြီးက ဘာကြောင့် သားငယ်တွေကိုကိုက်သတ်ရသလဲဆိုတော့ သူ့မိန်းမမျောက်မတွေကို အခြားမျောက်ထီးနဲ့ ပေါင်းသင်း ဆက်ဆံမှာကို လက်မခံနိုင်လို့ပါပဲ။ ပြောရရင်တော့ သဝန်တိုတာကိုး။ သူကလည်း တတ်လည်းတတ်နိုင်တာကိုးဗျ။ လိုလေသေးမရှိ မိန်းမတွေရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်သူကိုး။

ယခုလို အပြင်ရောက်သွားတဲ့ မျောက်ထီးကလေးတွေကလည်း အချိန်တန်အရွယ်ရောက် အားကောင်းမောင်းသန် ဖြစ်လာတဲ့အချိန်ရောက်တော့ မျောက်အုပ်ကြီးအတွင်း ပြန်ကပ်၊ ဖခင်ထီးကောင်းကြီးနဲ့ ဗိုလ်လုပွဲဆင်ရင်း တိုက်ခိုက်ကြတာပေါ့။ အသက်အရွယ်ကြီးမားတဲ့ ဖခင်က မနိုင်တော့ အုပ်ကနေထွက်ပြေးကြရတယ်လေ။ အဲဒီမှာထီးကောင်းကြီးကို အနိုင်ရလိုက်တဲ့ မျောက်ပျိုလေးက မျောက်မအုပ်ကြီးကို သိမ်းပိုက်လိုက်တော့တာပဲလေ။

“အေးပါ တင်သိန်းရယ်။ မျောက်ပျိုကလေးက အဲဒီအုပ်ရဲ့ထီးကောင်းနေရာကို ယူလိုက်တော့ ဘာဖြစ်သလဲ – ဆက်စမ်းပါဦးဟ။ နင့်ဟာကလဲ”

ကျွန်တော် ပြောလိုက်သည့်စကားကြောင့် တင်သိန်းတစ်ယောက် မျက်နှာကို ရှုံ့မဲ့ပြလိုက်ရင်း အတော်စိတ်ကုန်သွားသည့်ဟန်ဖြင့် ပြန်ပြောလိုက်သည်က –

“ဟာ ဒီရန်ကုန်မုဆိုးကလည်း အတော်ဒုံးဝေးတာပဲဗျ။ ဘာဖြစ်ရမှာလဲ- သူတို့မျောက်မအုပ်ကို ထိန်းသိမ်းဖို့ နောက်ထပ်ရောက်လာတဲ့ အားကောင်းမောင်းသန်ကို သဘောကျပြီး ဟိုအရင် ထီးကောင်းအဘိုးကြီးကို မေ့ပြီး အဲဒီမျောက်ကလေးနားက မခွာနိုင်မခွဲရက် ဖြစ်တော့တာပေါ့ဗျ။ သိပြီမို့လား …”

“မင်းတို့က မျောက်ထီးနဲ့ မျောက်မ ဘယ်ဟာကိုလိုချင်ကြတာလဲကွ။ ပြောပါဦး”

“အင်း-ထီးကောင်းဆို ပိုကောင်းတာပေါ့ဗျ။ အားရှိတယ်မို့လား….”

“တကယ်လို့ အမကို ပစ်လို့ရရင်ကော ဘယ်လိုလုပ်မလဲ”

“ဟာဗျာ ကပ်သီးကပ်သပ်လာမမေးနဲ့ ။ အဖြေရကျပ်တယ်”

သူ့အပြောကြောင့် ကျွန်တော်က သဘောကျပြီး ရယ်မောကာ လျှောက်လှမ်းလာစဉ် တောင်မရိုးပင်ကြီးနားသို့ ရောက်လာပြီမို့ နှစ်ဦးသား စကားမပြောဘဲ ကျွန်တော်က တောတညင်းပင်ကြီးဆီ လှမ်းကြည့်လိုက်ရာ အသီးများကို စားနေသည့် မျောက်အုပ်က ကျွန်တော်တို့ကိုမြင်တွေ့သွားသည့်အတွက် ကိုင်းဆုံကိုင်းခွ အရွက်များတို့အကြား ငြိမ်ဝပ်ပုန်းကွယ်နေကြစဉ် တင်သိန်းက ခုန်ဆင်းပြေးလွှားမည့်နေရာဆီသို့ ပြေးလွှားကာ လူလုံးပြနေလိုက်သည်။

မျောက်တို့၏ သဘောသဘာဝကို နောကြေပြီးသား ကျွန်တော်က တောတညင်းပင်ကြီးထက်သို့ ထောင်၍ ချိန်ရွယ်ထားကာ လှုပ်ရှားမှုကို စောင့်ကြည့်နေလိုက်သည်။

သိပ်မစောင့်လိုက်ရပါ။ မျောက်ဆိုသောသတ္တဝါမျိုးက အချိန်ကြာကြာ ငြိမ်နေလို့ရတဲ့ သတ္တဝါမျိုးမဟုတ်။ သုံးမိနစ်လောက်ကြာတော့ တညင်းရွက်များ စုပုံအုပ်မိုးထားသည့်အကြားမှ မြေပြင်ထက် သေနတ်နှင့် ချိန်ရွယ်ထားသော ကျွန်တော့်အနေအထားကို သိရှိလိုကြသည့်အတွက် အရွက်များအကြားမှ လှမ်းကြည့်နေကြသော မျက်နှာများကို တွေ့လိုက်ရသဖြင့်

“ဖန်း – ဖန်း – ဖန်း”

လက်ညှိုးကလေးက သေနတ်ပစ်ခလုတ်ကို ဆွဲညှစ်လိုက်ပြီးသား ဖြစ်သွားပေသည်။

“ဘုန်း – ဘုန်း – ဘုန်း”

မြေပြင်သို့ ပစ်ကျလာသောအသံများ၊ ကျန်မျောက်များက အော်ဟစ်လျက် နီးစပ်သစ်ကိုင်းများသို့ အော်ဟစ်ပြေးလွှား ခုန်ဆင်းကာ တောထိုးပြေးလွှားသံတို့ ဆူညံသွားပြီး အတန်ကြာတော့ ပျောက်သွားသည်။

တင်သိန်းက အားရဝမ်းသာစွာနှင့် မျောက်သေကြီးတို့ဆီ ပြေးလွှားလာရင်း –

“အတော်ပဲဗျို့- မျောက်သွေးနဲ့ ချေးခါးထုတ်ရမယ်။ အမယ်မယ် … ထီးကောင်းကြီးပါ ရလိုက်သဗျို့….”

အားရဝမ်းသာစွာ အော်ဟစ်ပြောလိုက်ရင်း ကျွန်တော့်ကို နှစ်လိုအားရစွာ ဖက်ယမ်းနမ်းရှုံ့နေလိုက်ပေတော့သည်။

xxx xxx xxx

ရိုးမကြီးအထက် ကြီးမားကျယ်ပြန့်သော နေရာအစိတ်အပိုင်းအချို့တွင် မြင့်မားရှည်လျှားသော တောတန်း၊ တောင်သွယ်၊ တောင်လက်မောင်းတို့၏ အရိပ်က ထင်ဟပ်နေသည်။ သစ်ပင်မြင့်ကြီးတို့ထက်၌ “သဇင်၊ အင်ကြင်း၊ ခတ္တာနှင့် သစ်ခွပန်း” နှင့် အခြားတောပန်းတောင်ပန်းတို့က အရောင်အသွေးစုံလင်စွာနှင့် လှရေးကြွယ်နေသည်။

အိပ်တန်းထ ကျေးငှက်သာရကာများက ဟစ်ကြွေးအော်မြည်ရင်း ဝမ်းစာရေးအတွက် တောကြီးအတွင်း စားပင်များရှိရာဆီသို့ ပျံသန်းနေကြ သည်။ နံနက်ခင်းဆိုပေမယ့် အလင်းရောင် ဖြန့်ခင်းပေးမည့် ရှင်နေမင်းက နှင်းငွေ့တို့ကို မထိုးဖောက်နိုင်သေး။ မြူခြေက ဆိုင်းနေသေးသည်။

ရိုးမကြီးတစ်ခွင်တွင် သစ်ပင်ကြီးတို့ထက်၌ ရွက်ဝါများနှင့် ရောထွေးလျက် ရွက်စိမ်းတန်းကြီးက ဟိုမှာဘက် မိုးကုတ်စက်ဝိုင်းကြီးအောက်ကို မှိုင်းပျပျသာ မြင်တွေ့နေရသော တောင်တန်းကြီးက အနားသပ်ထားသယောင် လှမ်းမြင်တွေ့နေရသည်။ ထိုစဉ်-

“ဖိုးကုန်း – ဖိုးကုန်း – ရုန်းရုန်း”

လူစကားပြောသံမျိုးဖြင့် အော်မြည်ဟစ်ကြွေးတတ်သော “ဖိုးကုန်း” ငှက်ငယ်မောင်နှံက ဖက်သန်းပင်ထိပ်ဖျားထက်ဆီမှ အပြန်အလှန် သီကြွေးနေသည့်အသံက ကြည်နူးစရာပင်။

နှောကူးပြောင်ကြီး တိုက်ခိုက်ရာ ရွှေတလေးချောင်း ဝါးတောကြီးရှိရာဘက်ဆီသို့ ကျွန်တော်တို့ ရောက်ရှိခဲ့ကြပြီး ရွာခံမုဆိုးတို့ပြသသည့် ပြောင်ခြေရာနှင့် ချေးပုံများကို ကြည့်ရှုအကဲခတ်နေကြသည်။

ခြေရာမှာ တစ်ကောင်တည်း လှည့်လည်နေသလို အခြားအကောင်များနှင့် ရောထွေးနေသည်များကို တွေ့ရသည်။ ခြေရာပုံစံချင်း မတူကြသဖြင့် အခြားသောခြေရာရှင်တို့မှာ တောကျွဲရိုင်းကောင်များ ဖြစ်ပေမည်။ အဘကောင်းက –

“ဒီကောင်ကြီး ကျွဲရိုင်းမတွေနဲ့ ရောနေတာကွ။ ခြေရာပုံစံကတော့ အသစ်မဟုတ်ဘူး”

ခြေရာမှာ ပြောင်(ထီးကောင်း)ကြီး ခြေရာဖြစ်ပြီး ကျန်ခပ်ငယ်ငယ်ခြေရာများနှင့် ဦးတည်ရာလမ်းကြောင်းက ချောင်းအတိုင်း စုန်သွားသည်ကို တွေ့ရပြီး ရေဆင်းသောက်ကာ လက်မဲတော၊ ကြိမ်နီတောတို့ကို ဖြတ်၍ စားပင်များရှိရာ မြက်နွယ်၊ ဝါး၊ တောငှက်ပျောပင်များ ပေါက်ရောက်ရာ တောတန်းကြီးဆီသို့ဦးတည်နေပေသည်။

“လူစုခွဲလိုက်ကြရအောင်။ သေနတ်သမားတစ်ယောက်နဲ့ ဒူးလေးတစ်ယောက်စီ တွဲလိုက်ကြရအောင်”

အမှန်တော့ ကျွန်တော်တို့သုံးဦး ယူဆောင်လာသည်က သေနတ်ကြီး(၃)လက်အပြင် ဟင်းစားအလို့ငှာ ပစ်ခတ်ရန်အတွက် အသေးတစ်လက်ပါ ယူဆောင်လာခဲ့ကြသည်။ ယခုခရီးတွင် သေနတ်ကလေးကို ထားခဲ့ပြီး သူတို့က ဒူးလေးများကိုသာ ကိုင်ဆောင်သဖြင့် ယခုကဲ့သို့ တွဲကာ လူစုခွဲလိုက်ခြင်းဖြစ်ပေသည်။

အဘကောင်းနှင့် ထွန်းတင်က လက်ဝဲဘက်၊ ကျွန်တော်နှင့်တင်သိန်းက အလယ်၊ အစ်ကိုကြီးဦးသိန်းလွင်နှင့် ကျော်ဝင်းတို့က လူခွဲကာ နောက်မှ လိုက်သွားခဲ့ကြပေသည်။

တစ်မိုင်သာသာ လျှောက်လှမ်းလိုက်တော့ လက်ဝဲဘက်ရှိ လုံးပတ်ကြီးမားသည့် “ကညင်ပင်ကြီး” တစ်ပင်၏ လူတစ်ရပ်သာသာအမြင့်တွင် သားကောင်ကြီးမှာ လက်ပျဉ်းယားသဖြင့် ပင်စည်လုံးနှင့် ပွတ်တိုက်အယားဖြေသွားခဲ့သောနေရာမှာပင် ဦးချိုကိုပါသွေးပြီး ဝှေ့ခတ်သွားသည့်အတွက် အစေးများ စီးကျနေသည့် အနေအထားကို ကျွန်တော်တို့ အကဲခတ်ကြည့်ရင်း သူဦးတည်ရာကို ခန့်မှန်းနေလိုက်ကြသည်။

ရွာခံမုဆိုးတို့အပြောအရ –

“မြရာတောဘက်ကို ဦးတည်နေတယ်ဗျ”

ကျွန်တော်တို့အဖွဲ့ သူ့နောက်ကို လိုက်နေပြီဆိုသည့်အသိဖြင့် အနံ့ အသက်ကိုရကာ အန္တရာယ်ရှိနိုင်သည့် အငွေ့အသက်ကြောင့် ဒေါသထွက်လျက် တွေ့ မြင်ရာတိုင်းကို သိမ်းကြုံးဝှေ့ခတ်သွားသည့်ပုံလည်း ရသလို ရှောင်ထွက်သွားပုံလည်း ရသည်။

အဘကောင်းက ကျွန်တော်တို့ကို စုစည်းလိုက်ပြီး –

“ငါတို့ မြရာတောဘက်ကို လူဖြန့်ပြီး လိုက်ကြမယ်။ စောစောက အတွဲအတိုင်းနော်။ ခြေသံလုံပစေ၊ ကိုယ့်ဘက်ကတွေ့ရင် လက်မနှေးဖို့ရယ်၊ မျက်စိကိုစွင့် နားကိုဖွင့်ထားကြ။ လိုက်ကြမယ်”

ကျွန်တော်တို့တွင် ပါသည့်သေနတ်များက-

အဘကောင်းတွင် ဒသမ ၃၇၅ – မဂ္ဂနမ်ရိုင်ဖယ်၊ အစ်ကိုကြီး ဦးသိန်းလွင်က ဒသမ ၁၃/၁၃ (စပရင်းဖီးလ်အမဲကြီးပစ်) ရိုင်ဖယ်၊ ကျွန်တော်က ပွိုင့် ၁၂ဗွီ (အော်တိုမက်တစ် ၃၂ လက်မ၊ ကျည်ထွက်ပေါက်(ချပ်)အပြင် ရွာခံ(၃)ယောက်ကဒူးလေးတစ်လက်စီ။

ကျွန်တော်က ကိုင်ဆောင်ထားသည့် သေနတ်ဇက်ကို ချိုးလိုက်ပြီး ပြောင်းရင်းမှကျည်ကိုထုတ်၍ (ဆလပ်ဖ်+ဘော)ကျည်မကြီးတွေကို ဘယ် ညာ သွင်းလိုက်ပြီး ဇက်ကိုစိကာ လုံခြုံရေးမောင်းခလုတ်ကိုပိတ်ကာ တင်သိန်းအား –

“တင်သိန်း အရဲမကိုးနဲ့။ ငါ့နောက်က ကပ်ပြီးလိုက်-ခြေသံလုံပစေနော်”

“ဟုတ်ကဲ့ စိတ်ချပါ ဆရာသမား။ နှောကြီးဆိုတော့ သတိထားရမှာပေါ့”

တင်သိန်းက သူကိုင်ဆောင်သည့် ဒူးလေးကို ခြေကန်ပေးလျက် လေးညို့ကို ဆွဲတင်လိုက်ပြီး မြားလမ်းကြောင်းတွင် မြားတံကို ပျားဖယောင်းနှင့် ကပ်လိုက်ပြီးချိန် အဘကောင်းက-

“ဘိုလေး တင်သိန်းတို့က ဒီလမ်းအတိုင်းလိုက်သွားပြီး ရှေ့က(ကွက်သာ)ရဲ့အရှေ့ကို ဖြတ်ထိုးမယ်။ ခြေသံလုံပစေ။ လမ်းဆုံးက မြရာတောထိ။

ကိုသိန်းလွင်နဲ့ ကျော်ဝင်းက ဟိုမှာမြင်နေရတဲ့ သပြုပင်ကြီးရောက်တော့ မြရာတောဘက်ကို စုံဆင်း။

ငါနဲ့ ထွန်းတင်က ဒီလမ်းအတိုင်း သွားမယ်။ သေနတ်သံကြားရာမှာ ဆုံကြမယ်နော်”

အဖွဲ့(၃)ဖွဲ့မှ နယ်မြေကျွမ်းကျင်သော ရွာခံမုဆိုးတို့ လမ်းပြမှုဖြင့် ကျွန်တော်တို့ လူစုခွဲကာ ကိုယ့်လမ်းကြောင်းနှင့်ကိုယ် ထွက်ခဲ့ကြပေသည်။

မြရာတောသို့ ဆိုပေမယ့် ထိုတောကိုရောက်ဖို့ဆိုသည်က လမ်းတွင် မကျည်းပေါက်တော၊ လက်မဲတော၊ ကြိမ်နီတော၊ ရှဉ့်မတက်တော၊ ဝါးသပွက်တော၊ထမသိုင်းတော၊ ကျတော၊ မျောက်ခါးပတ်တော၊ ရေငန်းတောနှင့် ကြက်ခြမ်းတောတို့ကို ဖြတ်ကာ သွားပြီးမှ ရောက်မည့်နေရာ လမ်းတွင် ချိုင့်ဝှမ်း၊ တောင်ကမူ၊ အိုင်များအပြင် ချုံပင်ကြီးတို့နှင့် အတိ။

သို့အတွက် ထိုနေရာတွင် စိုင်၊ ပြောင်၊ တောကျွဲနှင့် သားကောင်ငယ်များ နားနေအိပ်စက်ပုန်းခိုလို့ ကောင်းသည့်နေရာ၊ ကျားနှင့် ကျားသစ်တို့လို အကောင်မျိုးကိုလည်း အမှတ်မထင်တွေ့ကာ ရန်ပြုမည့်အရေးကို တွေးရင်း သတိထားသွားနေရသည့်အပြင် ခြေသံလုံအောင်နင်း၍ တစ်လှမ်းချင်း လျှောက်လှမ်း နေရသဖြင့် ခရီးက မတွင်။

နယ်မြေကျွမ်းကျင်သော ရွာခံမုဆိုး တင်သိန်းကို နောက်ကလိုက်ရန် မှာကြားခဲ့ပြီးမို့ သူညွှန်ပြသည့်လမ်းအတိုင်း သွားနေကြရသဖြင့် တော်နေသေးသည်။

မကျည်းပင်ပေါက်တောကို ကျော်ပြီး လက်မဲတောဆီသို့အဝင် ခပ်လှမ်းလှမ်းဆီမှ “ဗျော”ခနဲ တောတိုးပြေးလွှားသွားကြသည့်အသံများနှင့်အတူ-

“ဒိုင်း … ဒိုင်း”

သေနတ်သံကြီး(၂)ချက်က တောကြီးကို ဖုံးလွှမ်းသွားပေသည်။ သေနတ်သံကြီးတို့ကြောင့် ဝါးရုံတောများ၊ အောက်ဝါးရွက်ခြောက်များကို ယက်ဖယ်ကာ အစာကောက်နေကြသည့် တောကြက်ဖများနှင့် ကြက်မတို့ အစာကောက်နေရင်းမှ တထိတ်တလန့် ဦးတည်ရာကို ပျံသန်းပြေးထွက်သွားသံများနှင့်အတူ “ဗျောခနဲ … ဗျောခနဲ” တောတိုးပြေးလွှားသံကြီးကို ဆက်တိုက် ကြားလိုက်ရပေသည်။

ကျွန်တော်နှင့် တင်သိန်းမှာ သေနတ်သံအပြင် တောတိုးပြေးလွှားလာ သံကြီးကြောင့် နီးစပ်ရာချုံပင်နှင့် သစ်ပင်တို့ဆီ အလျင်အမြန် ဘေးကပ် အကာအကွယ်ယူလိုက်ကြရင်း အနီးသို့ရောက်လာလျှင် ပစ်ခတ်ရန် အနေအထားဖြင့် မမှိတ်မသုန် ရှာဖွေကြည့်ရှုနေလိုက်သည်။

သားကောင်ကြီးတို့၏ တဗျောဗျော တောတိုးသံကြီးသည် ကျွန်တော့်ရှေ့ ကွက်သာ ဟိုဘက် အရှုပ်တောအတွင်းမှ ညာဘက်ကိုကွေးလျက် အစ်ကိုကြီးတို့အဖွဲ့ရှိရာဆီသို့ လျင်မြန်စွာ ပြေးသွားသည်ကို ရိပ်ခနဲ တွေ့ လိုက်ရသည်။

နီညိုရောင်အသွေးနှင့် ကြီးမားတုတ်ခိုင်သည့် အကောင်ကြီး တစ်ကောင်၊ အပြေးနှုန်းက မြန်လွန်းသည်မို့ သေနတ်မောင်းကိုပင် ဆွဲညှစ်ချိန် မရလိုက်။

“ဒိန်း… ဒိန်း”

အစ်ကိုကြီး ဦးသိန်းလွင်တို့ဘက်မှ ပစ်ခတ်သံ(၂)ချက် ကြားလိုက်ရသည်။ ညာဘက်သို့ ချိုးကွေ့ပြေးလွှားနေသော အကောင်ကြီးမှာ ရေငန်း တောအတွင်းမှ ထပ်မံပစ်ခတ်လိုက်သည့် သေနတ်သံကြီးကြောင့် ပြေးနှုန်းက တုန့်ခနဲ ရပ်ခနဲရပ်သွားကာ လေးငါးပတ်ကျွမ်းပစ်လိမ့်ပျံသွားသည်။

သားကောင်ကြီးထံမှ ထွက်သော သွေးတို့က ဝန်းကျင်တွင် မြင်မကောင်း။ သို့သော်လည်း ချက်ချင်း ခေါင်းထောင်ကာ ကြုံးထလိုက်ပြီး ဒယီးဒယိုင် လျှောက်လှမ်းရင်း လှစ်ခနဲ ပြေးထွက်သွားပြန်သည်။

သားကောင်ကြီး ပြေးထွက်သွားရာဆီသို့ လှမ်းကြည့်လိုက်ရာ မြေအနေအထားမှာ သည်မှာဘက်သို့ ပြေပြေပျစ်ပျစ်မရှိ။

လွင်လိုလို၊ ကျောက်သားလိုလို နေရာမျိုးဖြစ်သည်ကို သတိပြုလိုက်မိသည်။ အပင်ပေါက်ကလေး များ ခပ်ကျဲကျဲရှိနေကြရာမှ အတွင်းတွင်ဝါးရုံတောများနှင့်မို့ ရှုပ်နေသည့်အသွင်။ မြိုင်ဆန်သော ကျောက်ကျင်းဘက်ဆီသို့ တိုးဝင်သွားဟန်ထင့်။

ကျွန်တော်နှင့် တင်သိန်းတို့နှစ်ယောက်က ခပ်ကျဲကျဲခွာလျက် ရင်ဘောင်တန်းကာ နောက်မှ လိုက်သွားကြသည်။ မြေသားဆန်သော နေရာတို့တွင် ဆင်ငိုမြက်များ ခပ်ကျဲကျဲပေါက်နေသလို သားကောင်ငယ်တို့ ခြေရာတို့ကိုလဲ မြေသားပေါ်တွင် ကျန်နေသည်ကို တွေ့နေရသည်။

ထိုခြေရာတွေကို ဂရုထားမနေနိုင်အား။ သားကောင်ကြီးခြေရာကို လိုက်ရှာဖွေနေစရာမလို။ ကျန်ရစ်ခဲ့သည့်သွေးစက်လမ်းကြောင်းက ကျွန်တော်တို့ကို ဘယ်နေရာကိုသွားသည်ကို လမ်းပြနေသည် မဟုတ်ပါလား။

သွေးစက်လမ်းကြောင်း လိုက်ခဲ့ကြရင်း မြိုင်အတွင်း ဝင်မှန်းမသိ ဝင်လာခဲ့ကြရင်းက သွေးစက်တို့ စွန်းထင်းနေသည့် မြေပြင်သည် ပြန့်ပြူးလာသည်။ ချုံပင်ငယ်တို့က ဟိုတစ်ကွက် သည်တစ်ကွက်၊ လူခွဲကာ ရင်ဘောင်တန်း လျှောက်လှမ်းခဲ့ကြရာ တစ်နေရာအရောက် တင်သိန်းက ချုံနွယ်တောကြီးအတွင်း ကုန်းကုန်းကွကွဖြင့် မသင်္ကာသောအကြည့်နှင့် ကြည့်ရှုနေသည်ကို တွေ့လိုက်ရသည်။

အတန်ကြာတော့ မထူးခြားသဖြင့် သွေးစက်လမ်းကြောင်းအတိုင်း ဆက်လိုက်ခဲ့ကြရာ နှစ်ဖာလုံခန့်အရောက်တွင် ခပ်လှမ်းလှမ်းဆီမှ “ဖြောင်း” ခနဲ အသံကြီးတစ်ချက်ကို ကြားလိုက်ရသည်။

“ကစ် … ကစ်”

အခြေအနေကို သဘောပေါက်လိုက်သည်မို့ တင်သိန်းကို အချက်ပြကာ နောက်မှလိုက်လာရန် အချက်ပြလိုက်ပြီး မောင်းထိန်းခလုတ်ကို ရှေ့သို့ တွန်းပို့လျက် အသင့်ပစ်ခတ်ရန် အနေအထားနှင့် အသံကြားရာဆီသို့ တိုးတက်သွားလိုက်သည်။

ချုံနွယ်တောတို့က ဆက်နေသည်မို့ ချုံပင်များကို မျက်ကွယ်ပြု တိုးကပ်နေရသည့်အတွက် သွေးစက်လမ်းကြောင်း ဦးတည်ရာကို မှန်းပြီး လိုက်သွားရာ ခပ်လှမ်းလှမ်းဆီသို့ ရောက်သည့်တိုင် မှန်းဆကာ သွားရင်း ချုံပင်များအဆုံး ဝါးပိုးရုံကြီးအောက်ခြေတွေင် ဒဏ်ရာတို့မှ သွေးများ ပွက်ထယိုစီးနေသည့် “နှောကူးပြောင်” ကြီးကို တွေ့လိုက်ရသည်။ မြေပြင်တွင် ခွာစုံကို ခပ်ကျဲကျဲထားလျက် ဒဏ်ရာကြောင့် တဆတ်ဆတ်တုန်နေသည့်အသွင်။

တစ်ဖက်တစ်ချက်ကား ပစောက်သဖွယ် ကြီးမားသည့် ဦးချိုအဖျားပိုင်းက ဖြူဖွေးကာ ချွန်မြနေသော်လည်း အဖျားစွန်းနှစ်ခုက ထိလုနီးပါး။

ကျွန်တော့်အနံ့ကို ရရှိသွားသလို လှုပ်ရှားမှုကိုလည်း အကဲခတ်နေပုံရသည်။ ဖြူညစ်ညစ် ကြာခွက်ကြီးအောက်မှ တောက်ပြောင်သည့် မျက်လုံးအစုံက မကျေနပ်သည့် အသွင်မျိုးနှင့် နှာတစ်ချက် မှုတ်လိုက်သလို ခွာတစ်ချက်ကိုလည်း ခုတ်လိုက်သဖြင့် “ဖျောင်း” ခနဲ အသံနှင့်အတူ မြေခဲအချို့က ကျွန်တော့်အနီးတွင် လွင့်စဉ်လာသည်။

နှောကူးကြီးကို သေနတ်နှင့်ပစ်ခတ်ရန် ချိန်ရွယ်ထားရင်း တစ်ချိန်တုန်းဆီက ကျွန်တော့်အား အဘကောင်းက “နှောကူးပြောင်” ဆိုသည့် အကောင်အကြောင်းကို ပြေးသတိရလိုက်မိသည်က-

“နှောကူးလို့ ခေါ်ပေမယ့် အဲဒီအကောင်ကြီးဟာ ပြောင်ဆိုတဲ့ အကောင်ပဲကွ။ ဒါပေမဲ့ အသက်အရွယ်ကြီးလာတော့အိုမင်းလာတဲ့ အကောင်ပါပဲလေ။

သူတို့ရဲ့ ထူးခြားချက်က ဦးချိုပါတဲ့အကောင်ချင်း တူပေမယ့် အခြားအကောင်မျိုးနဲ့ မတူညီတဲ့အချက်က အုပ်ကို တစ်ကောင်ထဲကပဲ ဦးစီးတတ်ကြတယ်လေ။ အုပ်တွင်းမှာ ရှိကြတဲ့ အမကောင်တွေဟာလည်း သူ့မိဖုရားနဲ့ ကိုယ်လုပ်တော်တွေပေါ့ …။

အဲဒီမှာ ထူးခြားချက်က မျောက်ညိုတွေလို အမကောင်က မွေးလာတဲ့ အထီးကောင်လေးတွေကို အပြတ်မရှင်းတဲ့ကိစ္စပဲကွ။ သူနဲ့ရတဲ့ သားသမီးတွေကို သူ့အုပ်အတွင်းမှာပဲ ပြန် လက်ခံထားကြတယ်လေ။

အဲဒီလိုထားကြရာက သားငယ်တွေက တဖြည်းဖြည်း ကြီးလာသလို သူကလည်း အသက်ကြီးလာပြီး တဖြည်းဖြည်း နှောကူးလာတာပေါ့။ ဘာပြုလို့လဲဆိုတော့ စောစောပိုင်းက ပစောက်ပုံသဏ္ဌာန် ဦးချိုကြီး နှစ်ချောင်းဟာ အသက်ကြီးလာတာနဲ့အမျှ ကြီးမားလာပြီး ဦးချိုအစွန်းနှစ်ခု ထိလုနီးပြီး ဝလုံးသဏ္ဌာန်ဖြစ်လာတယ်လေ။

အဲဒီအချိန် အုပ်အတွင်းက နောက်တက်အားကောင်းမောင်းသန်အကောင်တွေက သူ့ကို ဝှေ့ခတ် အားပြိုင်လာတယ်။

အိုမင်းရင့်ရော်လာပြီး အင်အားဆုတ်လာတဲ့ သူ့အနေနဲ့က အားကောင်းမောင်းသန် ပြောင်ငယ်ကို ဘယ်လိုမှ ယှဉ်ပြိုင်လို့ မရတော့တဲ့အတွက် အုပ်ထဲက ထွက်ပြီး တစ်ကိုယ်ရည်တစ်ကာယနဲ့ ဘေးမှာထွက်နေရတယ်။ သူ့မဟေသီ ပြောင်မတွေကို သတိရလို့ ပြန်ကပ်တော့လည်း နောက်တက်ပြောင်ပျိုတွေက အကပ်မခံ၊ ယှဉ်ပြိုင်လိုကလည်း မရပေါ့လေ….။

အုပ်အတွင်းမှာ ကျန်နေတဲ့ပြောင်မတွေကလည်း သူ့လို အားအင်မရှိတဲ့ အဘိုးကြီးကို အနားကပ်မခံပဲ အားကောင်းမောင်းသန်ရှိတဲ့ ပြောင်ပျိုတွေနားက မခွာတော့ အလိုလို ဒေါသထွက်ပြီး အရာရာကို စိတ်တိုင်းမကျ အစာမကြေဖြစ်နေတဲ့ကောင်မျိုးပဲလေ …။ အားကြီး ရန်လိုပြီး ကြောက်စရာကောင်းတဲ့အကောင်တွေပဲ – မှတ်ထား”

ကျွန်တော်က ကြာကွက်အတွင်း ချိန်ရွယ်ထားရင်း တစ်ခါတုန်းဆီက အဘကောင်းပြောပြခဲ့ဖူးသောစကားတို့ကို အမှတ်ရနေစဉ် သူ့အထက် ဝါးပိုးရုံအတွင်းက ငှက်ငယ်တစ်ကောင်က ကိုင်းတစ်ခုမှာနားရင်း ကျွန်တော့်ကို မြင်သွားသည့်အတွက် စူးစူးဝါးဝါး မနားတမ်း အဆက်မပြတ်အော် မြည်လိုက်သံကြောင့် နှောကူးကြီးကို သတိပေးလိုက်သလိုမျိုး ဖြစ်သွား သည်လားတော့ဖြင့် မသိ။ ဖူးခနဲ နှာမှုတ်သံကြားလိုက်ရသည်နှင့်အတူ ကြိမ်တို့ခံလိုက်ရသည့် နွားတစ်ကောင်လို ဝေါခနဲ ကျွန်တော့်ထံ ပြေးဝင်လာသည်။

“ဒိုင်း … ဒိုင်း”

ကျွန်တော့်သေနတ်က ကြာခွက်ကြီးအတွင်းဆီသို့ ပစ်သွင်းလိုက်သည့် သေနတ်သံကြီး နှစ်ချက်နှင့်အတူ ဘေးသို့ အနည်းငယ် ရွှေ့လိုက်ချိန် အရှိန်အဟုန်နှင့် ပြေးဝင်လာသော နှောကူးကြီးဝမ်းဗိုက်ဘေးနှင့် ပစ်တိုက်ခံရကာ လွင့်စဉ်သွားသည်။ သေနတ်တခြား လူတခြား..။

မည်မျှကြာသွားသည်တော့ဖြင့် မသိ။ သတိပြန်ရလို့ မျက်လုံးအစုံကို ဖွင့်ကြည့်လိုက်တော့ တင်သိန်း၊ ကျော်ဝင်း၊ ထွန်းတင်တို့က တောင်စွန်းရွက်များကိုထပ်လျက် ယပ်ခပ်ပေးနေကြသည်။

အစ်ကိုကြီး ဦးသိန်းလွင်က ရေဘူးကို ဖွင့်ရင်း ကျွန်တော့်ပါးစပ်ကို တေ့ပေးသည်။

ရင်ခွင်တွင်း ပွေ့ချီထားသည့် အဘကောင်းက-

“တော်သေးရဲ့ကွာ။ ဘေးခြမ်းနဲ့ တိုက်မိလို့သာပေါ့။ ဦးချိုနဲ့သာဆိုရင် ပွဲချင်းပြီးသွားနိုင်တယ်။ သတိရပြီလား – ဘိုလေး”

ကျွန်တော်က သူ့ရင်ခွင်တွင်းမှ ကြုံးထလိုက်ရင်း ရေကို မော့သောက်လိုက်ပြီးမှ –

“ဟိုအကောင်ကြီးကော – အဘကောင်း”

“ဟိုမှာလေ-ကိစ္စချောသွားပြီ။ သူက တောကျွဲမတွေနဲ့ ဒီမှာ လာနှပ်နေရင်း ကျွန်တော်တို့နဲ့ တိုးတာဗျ။

သူနဲ့ တောကျွဲမ(၃)ကောင်, ပေါင်းရင် (၄)ကောင်ရလိုက်တယ်။ ပြန်ကြရအောင်။ ရွာကလူတွေ လှည်းနဲ့ သယ်ခိုင်းမှ ရမယ်”

ကျွန်တော် ကြုံးထလိုက်ပြီး နှောကူးပြောင်ကြီးကို ကြည့်လိုက်တော့ နှစ်ချက်စလုံးက ကြာခွက်ကြီးအတွင်း ဝင်သွားကာ ဦးနှောက်များပင် ပွင့်ထွက်နေပြီး မြေပြင်တွင် သွေးသံရဲရဲ ဘေးတိုက် လဲကျ အသက်ပျောက်နေသည်ကို တွေ့ရလိုက်ရပေသည်။

ရွာကိုရောက်၍ ပြောပြလိုက်လျှင် သူတို့ ဝမ်းသာကျေနပ်ကြမည်ကို တွေးတောရင်း ပြန်ခဲ့ကြပေတော့သည်။

– ပြီး –

စာရေးသူ – လေးမောင်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ

Leave a Reply

Your email address will not be published. Required fields are marked *