မောင်သော်မော်
အောင်ထွန်းစိန် အနောက်ရပ်သို့ လှမ်းကြည့်သည်။ ရေတက်ရေကျ၌ မျောနေသော ဒိုက်သရောတန်းဆီ အာရုံလွှတ်ထားသည်။ ရှည်ရှည်လျားလျား ခွေခွေကောက်ကောက် ဒိုက်သရောတန်းကြီးမှာ အဏ္ဏဝါလှိုင်းအကြီးများအတွင် ဧရာမမြွေကြီးတစ်ကောင် ကူးခတ်နေဘိသကဲ့သို့ ။
အောင်ထွန်းစိန် သောင်ပြင်ဆင်းကာ ကြည့်သည်မှာ ကြာပြီ။ ဇာနားကွပ်ထားသည့်အလား လှိုင်းခေါင်းဖြူများ တရုန်းရုန်းထလျက်ရှိသောကြောင့် ရာသီ ဥတု အပွင့်အလင်းကို ချောင်းရသည်။
ကမ်းပေါ် ဆွဲတင်ထားရ၍ ဦးခြောက်လှပြီဖြစ်သည့် လှေကလေးပင် စကားမပြောတတ်သော်ငြား လူသားကဲ့သို့ ပင်လယ်ကို လွမ်းနေလိမ့်မည်ဟု အောင်ထွန်းစိန် ကဗျာဆန်ဆန် စိတ်ကူးယဉ်မိလိုက်ပေသေး။
စိတ်ကူးယဉ်ဆို အောင်ထွန်းစိန်သည် တစ်မိုးကုန်၍ သီတင်းဝါလကျွတ်လျှင် ငယ်ချစ် စောမေဖြူနှင့် ပုဆိုးတန်းတင်ကြပေတော့မည် မဟုတ်ပါလား။
‘ဇေယျတု သဗ္ဗမင်္ဂလာ’ အခမ်းအနားအတွက် လိုအပ်ငွေ ဖြည့်ဆည်းနိုင်ရန် အောင်ထွန်းစိန်တစ်ယောက် ဒိုက်သရောတန်းကြီးအကြား တစ်စုံတစ်ရာကို ရှာနေခြင်း။
ဟော… တစ်နေရာဝယ် မည်းမည်းအရာဝတ္ထုတစ်ခု၊ မြုပ်တုံ ပေါ်တုံ။ တောင်ဘက် အဝေးချိုင်ထဲ ဥမျိုးချရန် ကူးနေသောအကောင်ပေလော။
“ဟင်း ….”
ဆေးတစ်အိုးကျွမ်းအပြင် ကွမ်းတစ်ရာညက် သာသာလောက်၌ မျှော်မှန်းထားသောအရာ မဟုတ်သဖြင့် အောင်ထွန်းစိန် စိတ်ပျက်သွားသည်။
အောင်ထွန်းစိန် ရပ်နေသော သောင်စပ်သို့ ပေါ့ပါးစွာ ချွံပြီး ရောက်လာသောဝတ္ထုမှာ အုန်းသီးကြီးတစ်လုံး။
ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းမှ မုန်တိုင်းရက်ရှည်လျားချိန် ဘင်္ဂလားအော်ရေစီးချောင်းနှင့်အတူ မိုင်ပေါင်းထောင်ကျော် ရေပြင်ကို ဖြတ်သန်းပြီး ရံဖန်ရံခါ ရောက်လာတတ်သည့် နဂဘာရီအုန်း။
ပင်လယ်ပြင် လှိုင်းလေအကဲမလှသေးသေးသည့်အတွက် ‘ငါးမရ ရေချိုးပြန်’ စကားနှင့်အညီ၊ ရေမျော ကမ်းတင် အုန်းသီးအား ကောက်ပြီး ကမ်းခြေ ဘက်ကျောခိုင်းစဉ် ဆူဝေနေသော ရေအိုးထဲမှ ရေထုကဲ့တို့ မူလပင်လယ်အသံသည် ပိုမိုကျယ်လာသယောင်။
xxx xxx xxx
ကျယ်လောင်လှသည့် ပင်လယ်အသံက သရော်နေသလိုရှိ၍ အောင်ထွန်းစိန် တော်တော်နှင့် အိပ်မပျော်။
ချစ်သူနှင့် အမြန်နီးရေး အပြန်အလှန် စဉ်းစားနေသဖြင့်လည်း အတွေးနှင့် အာရုံတို့ လုံးထွေးသတ်ပုတ်မှုကြောင့် ညဉ့်နက်သည်ထက် ညဉ့်နက်လာပြီးနောက် စောမေဖြူနှင့် နှစ်ယောက်သား အိန္ဒိယတေးသံစုံ အချစ်ဇာတ်မြူးထဲကအတိုင်း ငွေသောင်ယံ ကျောက်ဆောင် ကျောက်ခက်များအကြား ချစ်တေးတကြူကြူ လိုက်တမ်းပြေးတမ်း ကစားကြသည်။
အချစ်ဒီဂရီ အချစ်ရမ္မက်များ တလျှံလျှံ တဝေဝေတက်ကာ လောကကြီးသာယာနေချိန် ဝုန်းဝုန်းဒိုင်းဒိုင်း အသံဗလံကြောင့် အချစ်လိပ်ပြာများ လန့်ဖျပ်ပြေးကုန်သည်။
အိပ်မက်မှနိုးလာသော အောင်ထွန်းစိန်သည် အိမ်လှေကား အတက်အဆင်း ထောင်ထားသော ရေဆွဲသံပုံးအား အောင်နက်တစ်ကောင် ဝဲကုတ်ရင်းတိုက်ချပြန်လေပြီဟု “တောက်” သံပြင်းပြင်း တစ်ချက်ပြုလျက် ဒေါသဖြစ်နေစဉ် ဒုတိယ “ဂျမ်းဂျိမ်း … ဒိုင်းဒိုင်း”။
တတိယအကြိမ်လည်း သိပ်မခြားနား။
ထို့နောက် မိုးခြိမ်းသံများ၊ တအုန်းအုန်း တဂျုံးဂျုံး ဆက်ကာ ဆက်ကာဖြင့် နားကွဲမတတ် ရှိသော်လည်း အောင်ထွန်းစိန် ဝမ်းသာသွား၏။
မိုးကြိုးမုန်တိုင်းကျပြီဆိုတော့ ရာသီပွင့်လင်းတော့မည်။ မိုးဥတုကုန်ရက်နှင့် သီတင်းကျွတ်နောက်ပိုင်း မဟုတ်သောကြောင့် မိုး ခေတ္တနားမည့်သဘော။
သို့သော် ဒေသန္တရမိုးသက်လေပြင်းကား စိမ်းဆတ်ဆတ်အပျိုပေါက်တို့၏ စိတ်ရိုင်းပမာ မခန့် မှန်းတတ်အောင် ဖောက်ပြန်ချင်လျှင် ဖောက်ပြန်တတ်ပေသေးသည် တမုံ့။
မည်သို့ရှိစေ အလုပ်ဖြစ်တော့မည်ဖြစ်၍ အောင်ထွန်းစိန် အားတက်သွားသည်။ မိုးမြန်မြန်လင်းစေချင်ပြီ။ အသား ငါး ရှားပါးခိုက် စွန့်စွန့်စားစား ဖမ်းနိုင်လျှင် ငွေခဲချည်းပင်။ အောင်ထွန်းစိန် အပိုင်တွက်ပြီး ငွေပုံကြီးတစ်လှည့်၊ စောမေဖြူ၏ ဝင်းပပမျက်နှာတစ်လှည့် မြင်ယောင်သည်။ ခမျာ… နှလုံးခုန်နှုန်းပါ မြန်သွား၏။
အောင်ထွန်းစိန် နှလုံးခုန်သံ မြန်နေသည်။ မနက်နိုးနိုးချင်း ကမ်းစပ်သို့ အပြေးဆင်းသည်။ တောင်တစ်ကွက်၊ မြောက်တစ်ကွက် ညိုမည်းနေသည်မှအပ နံနက်ခင်းနေခြည်တန်းများ လွတ်လွတ်ကျွတ်ကျွတ် ပင်လယ်ပြင်ပေါ် ဖြာကျလျက်ရှိသည်။ လေလည်း ယမန်နေ့ကလောက် မထန်တော့။ ကုန်းပေါ် ဆွဲတွင်ထားသော လှေလောင်းကို အောင်ထွန်းစိန် နှဲ့ကာ နှဲ့ကာ သောင်ခြေရေစပ်သို့ တွန်းချသည်။
“ဝေး – အောင်ထွန်းစိန်”
အသံလာရာ ကျောဘက်ကြည့်သော် ပြေးဆင်းလာသည့် ကျော်ထွီး။ သဲပြင်ထဲ နစ်နေ၍ မလှုပ်ချင် လှုပ်ချင် လှေကြောင့် အားကုန်ချွေးပြန်နေစဉ် ရေငတ်တုန်း ရေတွင်းထဲကျသွားသလိုပင်။
တစ်ဖန် မိမိကဲ့သို့ စွန့်စွန့်စားစားရှိမည့် ရွယ်တူ အားကောင်းမောင်းသန် အဖော်တစ်ယောက်အတွက် ညကတည်းက စဉ်းစားမရ ဖြစ်နေသောကြောင့်လည်း အောင်ထွန်းစိန်အဖို့ ကျော်ထွီးမှာ တစ်အားဖြစ်သွားသည်။
ရေထဲ လှေရောက်လျှင် ကျွမ်းကျင်သူ ရေလုပ်သားများပီပီ မိမိတို့နှင့်အတူ ဆောင်ရမည့် ပစ္စည်းများ၊ လက်နက်တန်ဆာပလာများ အသီးသီး ပြန်ယူ သည်။ မရှေးမနှောင်း ပြန်ရောက်ကြရာ အောင်ထွန်းစိန် လက်တွင်း၌ ဆနွတ်၊ ကြိုးတစ်ခွေ၊ အထုပ် တစ်ထုပ်၊ တက်များပါ၍ ကျော်ထွီးမူ ပုံးတစ်ပုံး၊ အိတ်တစ်အိတ် ဆွဲလျက်။
ပုံးတွင် ရေချိုပါကြောင်းနှင့် အရေးပေါ် အသက်ကယ်ဘောဖြစ်ကြောင်း၊ အိတ်တွင်းဝယ် ဆေးလိပ်နှင့် ကွမ်းကြိုက်သူ ကျော်ထွီးအတွက် ထွေလီကာလီ ပါလိမ့်မည်ဖြစ်ကြောင်း အောင်ထွန်းစိန် နားလည်လိုက်သည်။
ထို့ထက် အိတ်မှအပ ကျော်ထွီး ဝမ်းခေါင်းထဲ ဘာထည့်လာမည်ကိုပါ အောင်ထွန်းစိန် ဗေဒင်မမေးဘဲ အတပ်သိပါသေးသည်။ ငယ်ခေါင်းကြီးဖက်တွေကိုး။
သို့နှင့် အောင်ထွန်းစိန်သည် ဦးမှ၊ ကျော်ထွီးက ပဲ့မှထိုင်လျက် လှေလောင်းကလေးသည် ရေကြောင်းတဖွေးဖွေး ပင်လယ်ဘက်သို့ ထွက်လာပါပြီ။
အန္တရာယ်မရှိမှန်း သိသော်လည်း အောင်ထွန်းစိန်သည် ရိုးရာအရ ဆိုင်ရာ ပိုင်ရာတို့အား အလုပ်ထဲမှ စားမြိန်စာဖြင့် ပူဇော်ပသ ဦးသုံးကြိမ် အလေးအနက် ချပြီးနောက်-
“အဘိုး… အရိုးကြီးကြီး အသားများများ အကောင်သေး အကောင်မွှားများ ပေးသနားတော်မူပါ”
လှေဦးကိုပါ ရေချိုတစ်ခွက်ဖြင့် လောင်းသည်။
xxx xxx xxx
လှေဦးကို ရည်ရွယ်ချက်သိသိမို့ ကျော်ထွီးသည် ကမ်းဦးရေတိမ် ကျောက်တန်းလွတ်ချိန် ဒိုက်သရောတန်းဘက် ရှေးရှုလိုက်သည်။
ဦးထိုင် အောင်ထွန်းစိန်က အဝေးကြည့် ကင်းပမာ ထောက်လှမ်းရင်း အခါအားလျော်စွာ လိုရာ လက်ညှိုးညွှန်သည်။
နဂိုက မည်းမည်းမျှင်မျှင်သာရှိသော ဒိုက်သရောတန်းမှာ ရေတက် ရေကျ ပင်လယ်ရေစီးကြောင်းအတိုင်း တစ်စတစ်စ ပီပြင်လာသည်။
ဒိုက်သရောတန်းထဲ လှေကလေး ချဉ်းနင်းမိပြီမို့ ကမ်းရိုးတန်းမှာ မှုန်ပျပျသာ ကျန်တော့သည်။ လူသူ နေထိုင်မှုနှင့်ဝေးကြောင်း အဓိပ္ပာယ်သက်ရောက် သော်လည်း ငါးပျံများ၊ ငါးယုဇနများ၊ ငါးကွန်းရှပ်များ၊ လင်းရှူးများ၊ ငါးမန်းများနှင့်အတူ ငါးညှီတူ ငါးသေးငါးမွှားများကို ပရိယေသနပြုသည့် ပင်လယ်စင်ရော်တစ်မျိုး မြစ်တွေးအုပ်တို့ကြောင့် အထီးကျန်ဖြစ်မနေပေ။
ကျော်ထွီးက လှိုင်းအိကြီးများအတွင်း လိမ့်လိမ့်လူးလူးလှေကို ဂရုတစိုက် ပဲ့ကိုင်ချိန် အောင်ထွန်းစိန်က ဦးပိုင်းမှ အားထည့်လှော်ခတ်ရင်း ဒိုက်သရောအတွင်း တစ်နေရာရာ၌ ဧကန်ရှိနေမည့် သတ္တဝါအား ရေလုပ်သားပကတိမျက်စိဖြင့် ‘မုဆိုးသားကောင် လ ချောင်းတည်း’။
မည်းမည်းမြင်တိုင်း ပစ်မှတ်ခွင်းမည့် မြားကဲ့သို့ လှေဦးတည်လျက် အားစိုက်ခွန်စိုက် လှော်ခတ်ကြရာ အောင်ထွန်းစိန်ထက် ကျော်ထွီးက ပိုမောနေသလား မဆိုနိူင်။ ရေချည်း မကြာမကြာ သောက်သည်။ မျက်နှာလည်း နေလောင်သဖြင့် မီးဖိုပေါ်မှ ဒယ်အိုး ဖင်လို နီနေ၏။
ပင်ပန်းနွမ်းနယ်သည့်တိုင် ဇွဲမလျှော့သော လူငယ်တို့၏ စွန့်လွှတ်စွန့်စားစိတ်ဓာတ် အားမာန်အပြည့်ဖြင့် လုံ့လ ထပ်ထည့်လိုက်ရာ ကမ်းပျောက်ချိန် သားကောင်တွေ့လိုက်သည်။ မညီမညာ မပြေမချော ရေမျက်နှာပြင်ပေါ်၌ မြုပ်တုံပေါ်တုံကြောင့် ပျောက်တစ်လှည့် မြောက်တစ်လှည့်။ ဟိုမှသည် ရွေ့လျားလျက်။
မလှမ်းမကမ်း ချဉ်းမိသော် ဧရာမ ကျောက်စိုင် ကျောက်ခဲကြီးတစ်လုံး ပင်လယ်ကြမ်းပြင်မှ ထိုးထွက်နေဘိသကဲ့သို့ လှိုင်းလုံးကြီးများ ပြေးပြေးရိုက်လိုက်တိုင်း ၎င်းပတ်ဝန်းကျင်ဝယ် ရေမြှုပ်ရေဖွားများ တဖွေးဖွေးထလျက်။
မျှော်လင့်သည်ထက် အဆမတန် ထုထည်ကြီးမားနေ၍ အတွေ့အကြုံများစွာရှိသော အောင်ထွန်းစိန် ကိုယ်တိုင်ပင် လန့်ဖျပ်သွားရှာသည်။ ဤဒေသ ဤ ရေပြင်တစ်လျှောက် အကျွမ်းတဝင်ရှိနေပါလျက် ထူးထူးခြားခြား တစ်သီးတစ်ဖွဲ့ ချွံထွက်နေမှုကြောင့် ကနဦး၌ အမှန်ပင် သံသယပွားမိသည်။ နဂါးမှုတ်၍ နေ့ချင်းညချင်း ဖြစ်ပေါ် လာသော ကျောက်တုံးကျောက်ဆောင်ပေလော ဟု။
ဝါး သုံးလေးရိုက် ရောက်မှပင် တစ်ကောင်တည်း မဟုတ်မူဘဲ နှစ်ကောင် ဒွိယံဖြစ်နေ၏။ ဒိုက်သရော များနှင့် ရောနှောကာ မျောနေသည့် ပင်လယ်ရေညှိ ရေမှော်များ၊ ကျောက်ခက်ကျောက်ပွင့်များကို လိုက်လံစားသောက်ရင်း ချစ်အဏ္ဏဝါဗွေအတွင်း ချစ်ဗျူဟာခင်းကျင်းနေကြသည်တကား။
xxx xxx xxx
ချစ်ဆိပ်တက်ပြီး လောကကြီး မူးမေ့နေကြ၍ ဒင်းတို့ မရိပ်စားမိစေရန် နောက်ကျောမှ ချဉ်းကပ်ဖို့ အောင်ထွန်းစိန် လက်ပြ အချက်ပေးလိုက်သည်။ လှိုင်းတိုး လှိုင်းပုတ်သည်ထက် ဦး အဆမတန် ယမ်းခါနေသောလှေမှာ ပြောင်းလဲတည်ငြိမ်လာမှု မရှိ၍ အောင်ထွန်းစိန် လှည့်ကြည့်လျှင် တစ်ချိန်ထက် တစ်ချိန် မျက်နှာ ပိုနီနေသော၊ တစ်ကြိမ်ထက် တစ်ကြိမ် ပိုပင်ပန်းနေသော ကျော်ထွီးတစ်ယောက် တက်ဘေးချ ရေသောက်နေပြန်သည်။
သူ့ကျန်းမာရေးအခြေအနေနှင့် မိမိကျန်းမာရေးအခြေအနေ မတူလေ၍ အောင်ထွန်းစိန် ဘာမှမဝေဖန်လိုသော်လည်း တိကျမှန်ကန်မှုနှင့်အတူ အရေး ကြီးဆုံးအချိန် ရောက်လာပြီး ဆန္ဒပြည့်ဝတော့မည့်ကာလ ဖြစ်ရကား-
“ကျော်ထွီး … သောက်လှချည့်၊ သိပ်ပင်ပန်းစွာ့”
“ဟဲ ဟဲ … ဟဲ ဟဲ”
“နောက်ပိုင်းက ဝင်မယ်လေ၊ ကောင်းကောင်းထိန်းဖို့”
“အေး အေး”
“လေစိမ်းလဲ ရုတ်တရက် တိုက်လာနေပြီ။ လှိုင်းလဲ ပိုမြင့်လာတယ်။ ရာသီဥတုက တစ်မနက်လုံး အကောင်း။ ဒီနားရောက်မှ ဘယ်ကဘယ်လို ဖောက်ချင် လာပါလိမ့်”
ဘာထောက်ခံချက် ဘာသဘောထား မှတ်ချက်မှ မကြား၍ လှည့်ကြည့်ပြန်ရာ ကျော်ထွီးက ထုံးစံအတိုင်း မော့နေပြန်သည်။
“ဟိတ်ကောင်…. ရေကို နင်ချည်း သောက်မပစ်နဲ့။ ငါ့ဖို့လဲ ချန်ဦး”
“ဟဲ ဟဲ… စိတ်ချ သူငယ်ချင်း”
အနားရောက်လေ အကောင်ကြီးလေလေပင်။ ကျော်ထွီး၏ ပဲ့မငြိမ်မှု တက်သံ မလုံမှုတို့ကြောင့် အပေါ်ကအကောင်ကြီး သမင်လည်ပြန် ပြူးပြူး ပြဲပြဲကြည့်ပြီး အမကျောပေါ် လှုပ်လှုပ်ရှားရှား လုပ်နေသည်။
ဝါးတစ်ရိုက်မက ရှိနေသော်လည်း ဆနွတ်အား ထိုးရန် အသင့်ပြင် နေရာယူထားသော အောင်ထွန်းစိန်က ရလိုက်သည့်အခွင့်အရေး အလဟဿ မဆုံးရှုံးစေရန် အပေါ်က ကမ္ဘာလိပ်ကြီး မခုန်ဆင်းမီ လှမ်းပစ်လိုက်နိုင်သည်။
လေဟုန်လေထုကိုခွဲလျက် ကြိုးတန်းလန်းနှင့် ပြေးထွက်သွားသော ဆနွတ်သည် ကျောကုန်းအား ဒေါက်ခနဲသွား မှန်သည်။ ဂုံးများ ခက်ရင်းများ ရေညှိ ရေမှော်များပင် စွဲကပ်နေလောက်အောင် သမ္ဘာရင့်လှသဖြင့် ဆနွတ်သွား ချွင်ခနဲ မြည်သံနှင့်အတူ မီးပါ ပွင့်သွားသည်။
ဆနွတ်သွားနှင့် လိပ်ကမ္ဘာကြီး ကျောကုန်း ထိမှန် မိတ်ဆက်မိလိုက်ချိန် “ဂျိမ်း” ခနဲ ခြိမ်းလိုက်သည့် မိုးကြိုးလျှပ်စီးတန်းနှင့် ပေါင်းစပ်မိတ်ဖက်သွားရာ မဟာမီးတောက်မီးပွင့်ကြီးအဖြစ် အောင်ထွန်းစိန် မြင်လိုက်ပြီး ကြက်သီးမွေးညင်းများ ဖြန်းဖြန်းထအ သွားသည်။
ဆနွတ်သွားကလည်း မစွဲ၊ အခြေအနေကိုလည်း စနိုးစနောင့် ရှိလာသည့်တိုင် ငွေပုံတစ်လှည့် စောမေဖြူမျက်နှာတစ်လှည့် ပေါ်လာ၍ ဆနွတ်ကြိုးကို ကပျာကသီ အားခဲသိမ်းပြီး လက်တဆဆ အသင့်ပြင်ပြန်သည်။
ငုပ်လျှိုးသွားသော သတ္တဝါကြီးနှစ်ကောင် ပြေးနိူင်မည့် အရပ်မျက်နှာသို့ ရှေ့မှ အားသွန်လှော်ရင်း ဒိုက် သရောများအကြား မျက်စိကစားသည်။
ရေနက်ထဲ တောက်လျှောက် တာရှည်ငုပ်လျှိုး ခြေဖျောက်နိူင်သော ငါးသတ္တဝါမဟုတ်မူဘဲ ရေတစ်ပိုင်း ကုန်းတစ်ပိုင်း ဝေနေယျဖြစ်သောကြောင့် မလှမ်းမကမ်း၌ ဘွားခနဲ ပြန်ပေါ်သည်။
အောင်ထွန်းစိန်တို့ နီးသွားလိုက် ငုပ်လိုက်နှင့် သုံးလေးကြိမ်ရှိသောအခါ သတ္တဝါလည်း မော၊ လူတွေလည်းဟိုက်နှင့် ဖြစ်သည်။
လိပ်ကြီး ပြန်မငုပ်သေးဘဲ လေကို လုရှူနေသလို အောင်ထွန်းစိန်တို့၏ ရင်သည်လည်း ဖားဖိုထိုးသကဲ့သို့ တဟူးဟူး။
ရေငတ် အာခြောက်သော်လည်း အောင်ထွန်းစိန် အ ချိန်အကုန်မခံနိူင်။
သည်တစ်ချီ အပိုင်အနိူင် အမိအရ ဆနွတ် မစွဲ စွဲအောင် ထိုးမည်ဟု အားခဲမာန်သွင်းလျက် ရှေ့မှ တစိုက်စိုက် ခတ်သည်။
ဖြာကနဲ ထွက်သွားသော သွေးနှင့်အတူ လိပ်နောက်သို့ ဆနွက်ကြိုးခွေ တလျှောလျှော တဝေါဝေါ ဆင်းသွားသည်။ ကြိုး ထွေးမသွားစေရန်နှင့် မိမိ ခြေလက်တို့ ငြိမသွားအောင် ထိန်းလျှော့ လျှော့ပေးရင်းမှ-
“မှန်သွားပြီကွ၊ ဆနွတ် စွဲသွားပြီ”
ဝမ်းသာအားရ အော်သည်။
စောစောက ပွင့်လင်းနေသောရာသီ တစ်မုဟုတ်ရုတ်ခြည်း မှောင်လာချိန်၊ သားကောင် အလွယ်တကူ ရှာမတွေ့ချိန်၊ လှိုင်းတံပိုး ပိုမောက်၊ လေအေးပိုတိုက်လာချိန်က စိတ်ထဲ မသိုးမသန့် ဖြစ်ခဲ့သော်လည်း ရင်ပူသဖြင့်သာ ကျော်ထွီး ရေခဏခဏ သောက်မျိုသည်ဟု ရိုးရိုးသားသား ထင်မှတ်ခဲ့သည်။ ဤရွေ့ဤမျှ လက်လွတ်စပယ် မိုက်တွင်းနက်လိမ့်မည်၊ အတင့်ရဲပြီး လုပ်လိမ့်မည်ဟု မထင်မှတ်ခဲ့။
ထို့ပြင် ငယ်သူငယ်ချင်းအပေါ် ယုံမှားသင်္ကာ ဖြစ်သင့် မဖြစ်သင့် အတွေးတစ်ခု အောင်ထွန်းစိန်ခေါင်းထဲ ဝင်လာသည်။
ကျော်ထွီးတစ်ယောက် သူ့ အပေါ် သစ္စာဖောက်ဖို့ ကြံနေပြီလောဟု။
ကျော်ထွီး လက်ထဲဝယ် အရက်ပုလင်းက တစ်ဖက်တွင် ရှိနေသလို အခြားတစ်ဖက်၌လည်း တက်ကို လက်နက်သဖွယ် ကိုင်ထားသည်။
ဆနွတ်က သားကောင်ကို အပိုင်အနိူင် စွဲသွားပြီဖြစ်၍ ကျော်ထွီးသည် တစ်ကိုယ်ကောင်းတစ်ယောက်ကောင်းအတွက် လောဘဇောတက်ကာ ကြံစည်နှင့်ပြီး လိုက်လာတာလည်း ဖြစ်ချင်ဖြစ်မည်။
သခားရိုးကျ ပုံမှန်မဟုတ်တော့သော လူတစ်ယောက်၏စိတ်အတွင်း ဘာတွေဖြစ်၍, ဘာတွေ ပြောင်းလဲနေသည်ကို မည်သူမျှ အတပ်မပြောနိူင်။
အောင်ထွန်းစိန် သေချာစွာသိသည်က ကျော်ထွီး ဖဲရှုံးပြီး ကြွေးပူတွေ ဝိုင်းဝိုင်းလည်နေကြောင်း သတင်းကို စောမေဖြူ ပြောပြသောကြောင့် ကြားထားသည်။ စောမေဖြူကိုလည်း ကျော်ထွီး ပိုးပန်း လျက်ရှိသည်။ မေတ္တာပန်းတစ်ကုံးအား ဆင်မြန်းလိုသည့် ပြိုင်ဘက်လည်း ဖြစ်သည်။
သည်တော့ သူ့ကို ပင်လယ်ထဲ အစဖျောက်လျက် လိပ်ကမ္ဘာကြီးကို အပိုင်မစီးနိူင်ဘူးဟု မည်သူ အာမခံနိူင်မည်နည်း။ မျက်မြင်သက်သေ မရှိ၊ ပင်လယ် ပြင်ကျယ်ကြီးထဲ မိမိ အစပျောက်သွားမှုမှာ သူပြောသမျှ မှတ်တမ်းတင်နေပေတော့မည်။
စင်စစ် ရာသီဥတု မဟုတ်မူဘဲ လူကသာ ဖောက်ပြန်နေ၍ အောင်ထွန်းစိန် ရင်ထဲ ဒိန်းခနဲ စိုးရိမ်စိတ်နှင့်အတူ ဂျိုင်းခနဲ မိုးထစ်ချုန်းသံကလည်း ဆက်တိုက်မြည်ဟည်းသွားသည်။
မိနစ်ပိုင်းအတွင်း လှိုင်းအိလှိုင်းလျားရှည်များစိပ်ကာ လေစိမ်းလည်း ကျောရိုးတစ်လျှောက် ချမ်းစိမ့်လောက်အောင် သိပ်သည်းပြင်းထန်လာကာ သေမင်းလေချွန်သံ ပေးလာပါပြီ။
ဒေသန္တရ မုန်တိုင်း ကျရောက်တော့မည် ဖြစ်တကား။ ပင်လယ် ဆူတော့မည် ဖြစ်တကား။
xxx xxx xxx
အခြေအနေအဘက်ဘက်က လုံးဝ မကောင်းတော့ကြောင်း ရိပ်စားနားလည်လိုက်၍ အောင်ထွန်းစိန် ခြေမကိုင်မိ လက်မကိုင်မိ ထိတ်ထိတ်ပျာပျာ ဖြစ်သွားသည်။
ကျော်ထွီး ရယ်သံနှင့် ပမာမခန့် ဟန်အမူအရာ သိပ်မရှည်ကြာလိုက်ပါ။ ဧရာမ လှိုင်းခေါင်းဖြူကြီးတစ်လုံး ဝင်အရိုက်တွင် လိပ်ဆွဲပြေး၍ အဆုံးရောက် သွားသည့် ဆနွတ်ကြိုးစတစ်ဖက် လှေကို ဒုတ်ခနဲမြည်အောင် ဆောင့်ဆွဲလိုက်ပြန်သဖြင့် လူရော လှေပါ ဟန်ချက်ပျက်ပြီး ယိုင်လဲခြင်း၊ တိမ်းမှောက်ခြင်း၊ ကျွမ်းပြန်ခြင်းထို့ လျှပ်တစ်ပြက် မျက်စိတစ်မှိတ်အတွင်း ပေါင်းစပ်ဖြစ်ပျက်သွားသည်။
သတိသမ္ပဇဉ် မလွတ်သော အောင်ထွန်းစိန်သာ ဆန္ဓတ်ကြိုးအဖျားတစ်ဖက် ချည်နှောင်ထားရာ လှေအထိုင်တန်းအား အချိန်မှီ ဖမ်းကိုင်လိုက်နိူင်သည်။
ကြီးမားလှသော လိပ်ကမ္ဘာကြီး၏ သွေးရူးသွေးတန်း ရုန်းကန်ပြေးလွှားအားကြောင့် ပြုတ်ထွက်သွားသော လှေအထိုင်ပျဉ်အား တွယ်ဖက်လျက် အောင်ထွန်းစိန်ခမျာ လှိုင်းလုံးများအကြား ရေလွှာလျှောစီးသူကဲ့သို့ လူးလူးလဲလဲ ပါလေပြီ။
xxx xxx xxx
အောင်ထွန်းစိန်သည် ငါးမန်းများနှင့်ဝေး၍ တစ်မျိုး စိတ်အေးရသော်ငြား ရှေ့ဆက်ရမည့် ခရီးအတွက် ဆနွတ်ကြိုးအား ဆက်လက်ဖက်တွယ်ထားရမည်လော၊ လွှတ်လိုက်ရအံ့လော ဆိုသည်ကို မဝေခွဲတတ်သေး။
ဆားငန်ရေများနှင့် မိုးလက်ကျန် တဖွဲဖွဲကြားမှ ပျောက်နေသော ကမ်းရိုးတန်းကို ပြန်လည်မြင်ရသည်။ မငြိမ်မသက် ဘောင်ဘင်ရိုက်ခတ်နေသော ပင်လယ်အတွင်း ဤမျှ အကွာအဝေးကို ကျွမ်းကျင်သည့် ရေကူးသမားဖြစ်စေကာမူ ဘယ်လိုနည်းနှင့်မှ ရောက်နိူင်မည်မဟုတ်။
အောင်ထွန်းစိန်သည် မွန်းချည် နစ်ချည် မြုပ်ချည် ပေါ်ချည်နှင့်ပင် ဆနွတ်ကြိုးအား မလွတ်တမ်း အခိုင် အမာ ဆက်လက်ဖမ်းဆွဲထားလိုက်၏။
မည်မျှ ကြာမြင့်သွားကြောင်း ခမျာ မတွက်ဆနိူင်သော်လည်း ခန္ဓာနှင့်ဝိညာဉ် တည်မြဲလျက် ရှိဆဲဖြစ်ကြောင်း အသိတရားအရ ရှေ့သို့ ခေါင်းမော့်ကြည့်လိုက်ပြန်ရာ ပေါက်ရောက်ပင်များ ပီပီပြင်ပြင် မြင်ရသည့် အကွာအဝေးအတွင်း ရောက်နေသည်။
အားတက်သော်ငြား ဝင်ပန်းနွမ်းလျလှသဖြင့် လည်းကောင်း၊ ရေမွမ်း ဝမ်းကယ်နေပြီဖြစ်၍ တစ်ကြောင်း၊ သတိလွတ်ချင်ချင် ဖြစ်နေပေပြီ။
လက်နှစ်ဖက်မှာလည်း အံသေကိုက်ခဲနေသဖြင့် ကျားကုတ်ကျားခဲ ဆွဲထားသည့်ကြားမှ ကြိုးနှင့် လှေထိုင်ခုံပျဉ်ပြားတို့ ချောပြီး လွှတ်ထွက်လုမတတ် ရှိနေပါပြီ။
ဒါပေမယ့် အောင်ထွန်းစိန်အနေဖြင့် လိပ်ထိုးချိန် အများတကာထက် လက်ဦးမှုရအောင် ရက်ပေါင်းများစွာ အပင်ပန်းခံပြီး ယခု မသေကောင်းမပျောက် ကောင်း ပန်းတိုင်ရောက်ကာနီးမှ အလဟသ ပြန်လည်စွန့်လွှတ်လိုက်ရတော့မည်လော။
မေးခွန်းနှင့် တစ်ပါတည်း ငွေပုံတစ်လှည့်၊ စောမေဖြူ မျက်နှာ တစ်လှည့် ပေါ်လာပြန်သည်။
ဆရာတော်ကြီး၏ အဆုံးအမကလည်း တစ်ဖက်ကနေ နားထဲ ဝင်လာ၏။
အတ္တအမှောင့်နှင့် အဆုံးအမစကားတို့ အောင်ထွန်းစိန် ဦးနှောက်နှင့် နှလုံးသားအတွင်း ရက်ကန်းလွန်းရှယ်သလို ဒွန်တွဲလွန်ဆွဲပါလေပြီ။ ဆန့်ကျင်ဘက် အားနှစ်ခု၏ ပဋိပက္ခဒဏ်ကို အောင်ထွန်းစိန် ကြိတ်မှိတ်ခံစားရင်း ချီတုံချတုံ ဖြစ်နေစဉ် ဆနွတ်ကြိုးကို မညှာမတာ အားနှင့် ဆတ်ခနဲ ဆောင့်ဆွဲလိုက်သည်။
ဆနွတ်သွား ကျွတ်ထွတ်လျှင် ပိတ်မိနေသောအကြောအချို့ ပွင့်သွား၍ သွေးစိမ်းရှင်ရှင်များ အတားအဆီးမရှိ ပွက်ခနဲ ပွက်ခနဲ ပန်းထွက်သည်။
ထိုသွေးများ သဲပြင်မှတစ်ဆင့် အောင်ထွန်းစိန် ခြေဆီသို့။
မျက်စိကို မှိတ်လိုက်ပြီးနောက် ဆနွတ်တံအား စိတ်လွတ်ကိုယ်လွတ် ထိုးချလိုက်ပါလေသတည်း။
အောင်ထွန်းစိန် စိတ်မရဲတစ်ရဲ ဖွင့်ကြည့်သော် မိမိမျက်လုံးအိမ်နှစ်ကွင်းမှ မျက်ရည်ပူများ မိမိခြေဖမိုးပေါ် ကျနေသည့်အဖြစ်ကို တွေ့သည်။
စိတ်ရော ရုပ်ပိုင်းပါ အားအင်ကုန်ခန်း နှစ်ဆမက ပင်ပန်းနွမ်းနယ်စွာဖြင့် အကြာကြီး မှိတ်နေရာမှ ပြန်လည်ဖွင့်လိုက်ခြင်းဖြစ်၍လည်း မြင်ကွင်းပါ ပြောင်းလဲသွားပါလေပြီ။
လက်တစ်ကမ်း အကွာအဝေးမှနေကာ ယောက်ျားရင့်မာကြီး လက်သုံးဖက်မက ကြီးမားလှသော သတ္တဝါအား တစ်သက်လုံး ကိုင်တွယ်ကျွမ်းကျင်လာသည့် လက်နက်ဖြင့် ထိုးချလိုက်သည် ဖြစ်သောကြောင့် ဤမျှ လွဲချော်လွတ်မြောက်သွားရလောက်အောင် အောင်ထွန်းစိန် မညံ့ဖျင်းနိူင်ပါ။
မှန်ပါသည်။
အောင်ထွန်းစိန်သည် ငယ်ရွယ်သူတို့ထုံး နှလုံးသား၏ တိုက်တွန်းစေ့ဆော်မှုကို မလွန်ဆန်နိုင်သဖြင့် စက္ခုနှစ်စုံ အမှောင်ချလိုက်ချိန် ငွေပုံနှင့် စောမေဖြူ မျက်နှာထက် ဆရာတော်ဘုရား၏ အလောင်းတော် မျောက်မင်းနှင့် ပုဏ္ဏားမိုက်အကြောင်း ကျေးဇူးတရား အဆုံးအမစကားက သောတ အာရုံထဲ စိုးမိုးသွား၍ အောင်ထွန်းစိန်သည် လောဘ သက္ကာယနှင့်ယှဉ်သော အတ္တတဏှာ အဝိဇ္ဇာကို ကျော်လွှားအောင်မြင်ခြင်းနှင့်အတူ….
ထိုးစိုက်လိုက်သော ဆန္ဒတ်ခေါ် ရေလုပ်သား တံငါသုံးမှိန်း လှံတံသည် ကမ္ဘာလိပ်ကြီး၏ ကျောထက်မှသည် လေထဲ လွတ်လွတ်ကျွတ်ကျွတ် ပျံသန်းထွက် ပြေးပြီးသကာလ သောင်ပြင်သဲစပ် အဝေးတစ်နေရာ၌ သွားရောက်စူးစိုက်နစ်ဝင်ခဲ့လေသည်။
ကြည်လင်သန့်ရှင်းလာသော အောင်ထွန်းစိန်၏ စိတ်မနောနှင့်အတူ ညဘက်သို့ ဝင်ရောက်တော့မည်ဖြစ်သည့် ပင်လယ်ပြာမှာလည်း နောက်ဆုံးပွင့်လင်း ဖြာကျလာသော ဆည်းဆာရောင်ခြည်လက် ကျန်အောက်၌ ပို၍လန်းဆန်း အေးချမ်းသွာဘိသကဲ့သို့။
စစ်ပြန်မဂ္ဂဇင်း
အမှတ်စဉ် (၁၄၁)
ဩဂုတ်လ ၊ ၁၉၉၀
– ပြီး –
စာရေးသူ – မောင်သော်မော်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ 2.0