မင်းနန္ဒီရှိန်
ပင်လယ်ပျော်နှင့် တောမုဆိုး
ငါးကွမ်းရှပ်စက်လှေ ဦးစီးကြီး ဖားသိုသည် မိမိတို့ သွားရမည့် ပင်လယ်ပြင်ခရီးအတွက် ကြိုတင်ပြင်ဆင်မှု့များ ပြုလုပ်၍ မြစ်တန်းတွင် ကျောက်ချရပ်နားထားသော “အဏ္ဏဝါမင်း” စက်လှေကြီးဆီသို့ ဖျာပုံမြို့မှ ဝယ်လာသော ရိက္ခာများကို ပဲ့ထောင်စက်လှေ
ပေါ် တင်၍ မောင်းနှင်လာပါသည်။
စက်လှေပေါ်တွင် မိမိ၏ သူငယ်ချင်း မုဆိုးကြီးစောထူးနှင့် ရိုးမမုဆိုး ဆရာလေး မောင်ရန်နောင်တို့ဆရာတပည့်တို့က ကြိုတင်ရောက်နှင့်နေကြပြီး ဖြစ် သည်။
လိုအပ်သော စားနပ်ရိက္ခာ ဆေးဝါးပစ္စည်း လူအသုံး အဆောင်များ ဝယ်ယူပြီး မြစ်တန်းရှိ စက်လှေပေါ်သို့ ဦးစီး ဖားသိုက သူ့ရေလုပ်သားများကို တင်ခိုင်းလိုက်ပြီးနောက် စက်လှေပဲ့ပိုင်းသို့ လျှောက်လာပါသည်။
“ဝေ့ စောထူးနဲ့ ဆရာလေးတို့ … စောင့်နေရတာ ပြင်း နေပြီလား”
ဟု လှမ်းနှုတ်ဆက်ရင်း စကားဆိုလိုက်ပါသည်။
“မပျင်းပါဘူး သူငယ်ချင်းရာ။ ဒီက ဆရာလေးက ပင်လယ်ပြင်ဗဟုသုတလည်းရအောင်၊ ရိုးမတောနဲ့မတူတဲ့ တို့အောက်ပိုင်းက တောကောင်တွေကို လေ့လာရမှာမို့ ပိုလို့တောင် တက်ကြွနေသေး။ မဟုတ် လား ဆရာလေးရဲ့”
စက်လှေဦးစီကြီး ဖားသိုကို ပြောသလို ဆရာလေး မောင်ရန်နောင်ဘက်ကိုပါ လှည့်ပြောလိုက်ပါသည်။
“ဟုတ်တယ် ဦးစီး ဖားသိုရေ။ ရိုးမတောနဲ့ မတူတဲ့ ပင်လယ်ပြင်က တောကောင်တွေကို လက်တွေ့ တောလည်ရတော့မှာမို့ နယ်မြေသစ်၊ အတွေ့အကြုံသစ်တွေ စောထူး ပြောသလို ရတော့မှာမို့ ကျွန်တော့်စိတ်ထဲ ခါတိုင်းနဲ့မတူဘဲကိုး။ လွတ်လပ်ပေါ့ပါးနေတယ် ဦးစီး ဖားသို ရေ. . . ”
လို့ပြန်ပြောလိုက်သဖြင့် စက်လှေဦးစီးကြီးက ကွမ်းတမြုံ့မြုံ့ဝါးရင်း သဘောကျလျှက် ရှိနေပါသည်။
ကျုံဓမင်းချောင်းဝတွင် လှိုင်းများက တစ်လုံးပြီးတစ်လုံး မြစ်တန်းဘက်သို့ ဆင့်၍လာနေသည်။ ငါးကွမ်းရှပ် ဦးစီးကြီး ဖားသိုက ဖျာပုံမြစ်ပြင်ကျယ်ကြီးကို တဝေးလှမ်းကြည့်လိုက်ပါသည်။
တောင်ဘက်စူးစူးအရပ်တွင် ငါးကြင်းကွက်သဏ္ဍန် ကောင်းကင်တိမ်အရိပ်များက အလိပ်လိုက် ဂွမ်းသားဆိုင်ပမာ ကြွရွနေသည်။
“ကဲ ကြည်ထွန်းနဲ့ ကပ္ပလီ၊ လေသာ မိုးသာတုန်း ကျောက်ကြိုးဖော်”
ဟု ပြောလိုက်ပြီး ဆလင်ခန်းတွင်း ဝင်သွားပါသည်။
“ကလင် … ကလင် … ကလင်”
စက်နှိုးအချက်ပြသံကြားပြီး စက်လှေ၏ စက်နှိုးသံ များ တဒုတ်ဒုတ် ထွက်ပေါ်လာသည်။ ကြည်ထွန်းတို့ အဖွဲ့ကတော့ ကျောက်ကြိုးကို လှည့်၍ တင်နေကြသည်။ စက်လှေကြီးမှာ တဖြည်းဖြည်း ကျောက်ပေါ် လာသည်နှင့် ဝဲကတော့လို လည်ပတ်ရာမှ ရေယက်လှိုင်း များထကာ စတင်ခုတ်မောင်းလာခဲ့ပါသည်။
စက်လှေအထက် အိပ်စင်မှ မြစ်တွင်းသို့ ကြည့်နေသော မောင်ရန်နောင်နှင့် ငွေသောင်တို့ ဆရာတပည့်မှာ စက်လှေနှစ်ဘက်တွင် လိုက်လံလျှက်ရှိနေ သော ဇင်ယော်ငှက်များကို မိမိတို့တွင် ပါလာသည့် ပေါင်မုန့်ခြောက်များ လှမ်း၍ ပစ်ကျွေးလိုက်ပါသည်။
အေးမြသန့်စင်လတ် ဆတ်မြစ်လေညင်းက တဝှီးဝှီး နှင့် ဆံစများကြား ဖြတ်သန်း၍ လေထဲတွင် တလူလူ လွင့်နေသော ဆံပင်များကို တစ်ချက်သိမ်းလိုက်ရင်း မောင်ရန်နောင်က …
“ငွေသောင်ရေ … ဟိုးရှေ့က ပင်လယ်ပြင်ကြီးနဲ့ တို့ သွားလာခဲ့တဲ့ တောတောင်ရှုခင်းတွေကတော့ တစ်ခြားစီပဲနော်။ တောထဲမှာကတော့ ရှုတ်ထွေးပွေလီတဲ့ သစ်ပင်တွေနဲ့ တောရဲ့မာယာကအများသား။ အေး … အခုသွားမယ့် ပင်လယ်ပြင်ကြီးကတော့ ရေပြင်တစ်ဆုံး ကျယ်ပြောပြီး မာယာကတော့ ဘယ်လိုနေဦးမလဲ မသိဘူး”
“ဟုတ်တယ် ဆရာလေး ကိုရန်နောင်ရေ။ ပင်လယ်မှာ ခရီးသွားတယ်ဆိုတာက လှိုင်းနဲ့ လှေနဲ့ အကဲခတ်တတ်ဖို့ရယ်၊ အတွေ့အကြုံနဲ့ လုပ်သက်၊ ပင်လယ်ရဲ့သဘောသဘာဝတွေက တကယ့်တ ကယ်ကျရင် အများကြီး စကားပြောတယ်ဗျ”
ဟု စက်လှေဦးစီးကြီး ဖားသိုက ဝင်ပြောလိုက်ပါသည်။
မောင်ရန်နောင်တို့ စက်လှေကြီးသည် တစ်နေ့တစ်မ နက် မောင်းနှင်ပြီးနောက်တွင် ငါးကွမ်းရှပ်ဦးစီး ဖားသိုတို့၏ ရေပြင်ငါးဖမ်းစားကျက်နယ်မြေသို့ ရောက်လာ၏။ ပင်လယ်ပြင်ကြီးအတွင်း ဝါးဖောင်စက်လှေ ကြီးငယ်မဟူကို တွေ့နေရသည်။
မကြာမီ အနောက်ဂေါယာကျွန်းသို့ တဖြည်းဖြည်း နိမ့်ဆင်းသွားသော နေဝန်းနီနီကြီးက ပေါ်တစ်ဝက် မြုတ်တစ်ဝက် ပင်လယ်ထဲ ငုတ်လျှိုးသည့် ပန်းသီးကြီးသဏ္ဍန်. . .။
ပင်လယ်ဒီရေ လှိုင်းပုတ်သံတွေကလည်း တဝုန်းဝုန်း ၊ အစနဲ့အဆုံး မမြင်နိုင်သော ပင်လယ်ထဲမှာ ပင်လယ်ပျော် စက်လှေကြီးများက အအုပ်အသင်း ဖွဲ့လျှက်ရှိသည်။
ပင်လယ် ကျွဲတွေအတွက် ပင်လယ်ပြင်ကြီးသာ သူ တို့ရဲ့ခိုဝင်နားကမ္ဘာ. . .။
ရှေ့တရူမှာတော့ ညှို့ညို့မှိုင်းမှိုင်း အုံအုံဆိုင်းဆိုင်း ကျွန်းတစ်ကျွန်းကို မရောက်ခင် သန္တာကျောက်တန်းကျောက်ဆောင်များကို ရှောင်သွားမှ ရောက်သည်။
ထိုကျွန်း၏ အမည်က “ကလွံတိုက်” ကျွန်း သို့မဟုတ် ကတွတ်ပေါက်ကျွန်းပင် ဖြစ်သည်။ ထိုကျွန်းမှနေ၍ ပင်လယ်အတွင်းမှ ကျွန်းများကို ကူးလူး ဆက်သွယ်နိုင်၍ ကတွတ်ပေါက်ကျွန်းဟု ခေါ်ခြင်းဖြစ်သည်။
“ကလွံတိုက်” ကျွန်းသာဆိုသည်။ ကျောက်ဆောင် ကျောက်စွယ်နှင့် ထိုကျွန်းရေပြင်တွင် ကျက်စားလေ့ရှိကြသော ငါးလိပ်ကျောက်၊ ငါးရွေး၊ ကျားသစ်ခေါ် ကျားငါးမန်းများ ကျက်စားရာနယ်မြေမို့ တော်ရုံ တန်ရုံ လူသူမရောက်။ ထိုရေပြင်ကို အမှီသဟဲပြု၍ ကျွန်းအနောက်တွင်တော့ ပင်လယ်ငါးမျိုးစုံတို့ ကျက်စားနေကြသည်။
ထိုသို့ဖြင့် တညဉ့်ကုန်သွားပြီး သူတို့ စက်လှေကြီး သည် သန္တာကျောက်တန်းများနှင့် ကျောက်ဆောင်များ အနည်းငယ်ရှင်းသော ကလွံတိုက်ကျွန်းနှင့် အနောက် ၅ မိုင်ခန့် တွင် ကျောက်ချရပ်နားလိုက်သည်။
မနက်ခင်း နေရောင်က ပြူတစ်ပြူတစ်လုပ်၍ အ နောက်ဘက်မှ အလင်းဖြန့်ကျက်လာသည်။ စက်လှေဘေးနားမှ အစာတောင်းရင်း ပျံဝဲနေသော ပင်လယ်ဇင်ယော်များ၏ အော်သံများကြောင့် မောင်ရန်နောင်တစ်ယောက် အိပ်ရာမှ လူးလဲထပြီး လက်မှ နာရီကို ကြည့်လိုက်ရာ မနက် ၈ နာရီတောင် ထိုးနေပြီ။
ကိုယ်လက်သန့်စင်ပြီးနောက် အမဲလိုက်ရာတွင် အသုံးပြုသည့် စစ်သုံးမှန်ဘီလူးနှင့် “ကလွံတိုက်”ကျွန်းရှိရာသို့ လှမ်း၍ ကြည့်လိုက်သည်။
“ကလွံတိုက်” ကျွန်းသည် နေရောင်အောက်တွင် တဖြည်းဖြည်း တောကောင် ကျေးငှက်များနှင့် လှုပ်ရှားသက်ဝင်လာသည်။ မောင်ရန်နောင်တို့အဖွဲ့သည် စက်လှေဦးစီး ဖားသိုကို နှုတ်ဆက်ပြီး ကလွံတိုက် ကျွန်းဆီသို့ သက်ကယ်လှေကလေးများချကာ လှော်ခတ်လာခဲ့ကြသည်။
ဖားသိုတို့ စက်လှေကြီးက ပင်လယ် တစ်ခါထွက်လျှင် တစ်လခန့် ကြာတတ်၏။ ထို့ကြောင့် ကျွန်းပေါ်တွင် စိတ်ကြိုက် အမဲလိုက်နိုင်ပေသည်။
တစ်နာရီနီးပါးခန့် လှော်ခပ်ပြီးနောက် သူတို့၏ လှေကလေး သောင်စပ်သို့ ရောက်ရှိလာပြီး ကျေးငှက်သံ၊ တောကောင်လေးများ၏ အော်သံများက လှစ်ဟကြိုဆိုလိုက်ကြသည်။
လှေကလေးကို သောင်ပြင်ပေါ် ဆွဲတင်၍ ကျောက်
ဆောင်အကွယ်တွင် ဝှက်ထားပြီး သူတို့အဖွဲ့ ကျွန်းကို လှည့်ပတ်ကြည့်ရှု့ရင်း ကုန်းမြင့်ပြောင်ပြောင်တစ်ခုတွင် စခန်းချရန် ဆုံးဖြတ်လိုက်ကာ ရွက်ဖျင်တဲ ထိုးပြီး မနီးမဝေးရှိ အုန်းပင်မှ အုန်းသီးများ ပစ်ချပြီး ယူဆောင်လာကြသည်။
အမောပြေ အုန်းစိမ်းရည် ခွဲသောက်ကြပြီး မောင်ရန်နောင်သည် မှန်ပြောင်းဖြင့် သောင်ခြေနှင့် တောအုပ်အစပ်ဘက် စမ်းချောင်းလေးဆီသို့ ကြည့်လိုက်ရာ စမ်းချောင်းအစပ်တွင် ရေဆင်းသောက်နေသော နီညိုရောင် ဆတ် အထီးအမ စုံတွဲကို တွေ့လိုက်ရသည်။
ငွေသောင်က ကျောက်ဆောင်အငူအစွန်းဘက်သို့ ဓါးမြှောင်တစ်ချောင်း၊ မှိန်းအရှည်တစ်ခုနှင့် ကျောက်ပုဇွန် သွားငုပ်ရန် ထွက်သွားသည်။
မုဆိုးကြီး စောထူးကတော့ ရေနွေးတစ်အိုး ထည့်ရန် မီးဖိုနေပါသည်။
တစ်ခါတစ်ရံ တောကြက်နှင့် ခါတွန်သံများ ကြား နေရသည်။
မောင်ရန်နောင်သည် ပတ်ဝန်းကျင်ကို သေချာစွာ နားစိုက်၍ မျက်စိရှင်ရှင်ထားပြီး ကြည့်သည်။
ရုတ်တ ရက် တောင်ပိန္နဲပင်ပေါ်မှ ကျေးငှက်သာရကာများ အအုပ်အသင်းဖွဲ့ ဆူညံနေရာမှ ငှက်အုပ်ငယ် ထပျံသွားသည်ကို သတိထားမိသဖြင့် မိမိ၏ တောပစ်ရိုင်ဖယ်ကို အသာအယာ မောင်းတင်ပြီး အသင့်အနေအထားဖြင့် မုဆိုးကြီးစောထူးကို အချက်ပြလိုက်ပါသည်။
မုဆိုးကြီး စောထူးကလည်း လျှင်သည်။ သူ၏ လက် စွဲဒူးလေးကို ဆတ်ကနဲ ကောက်ကိုင်လျှက် မြှားတံခလုတ်လွှတ်ရန် ပြင်ဆင်ပြီး တည်ပင်ကြီးအကွယ်သို့ ဝင်ကပ်ရင်း မောင်ရန်နောင်ကို လှမ်းကြည့်လိုက် ပါသည်။ မောင်ရန်နောင်က အသာအယာ လက်ဟန်ဖြင့် မုဆိုးသင်္ကေတ ပြလိုက်သည်။
“ရှေ့နားက တောစပ်မှာ တောကောင်လား လူလား တစ်ကောင်ကောင် ရှိနေတယ်။ သတိထား စောထူးရေ”
ဟု ပြောလိုက်သည်။
မျောက်လွှဲကျော် တစ်အုပ်က ကွကွ ကွိကွိ အော်မြည်ရင်း သစ်ပင်တစ်ပင်မှ တစ်ပင်ကူးပြီး ပျောက်ကွယ်သွားသည်။
စောထူးက ဒူးလေးဖြင့် ခြုံစပ်ဆီသို့ ချိန်ရွယ်ရန်ပြုလုပ်ချိန်တွင် ခြုံထဲမှ အီးအား အီးဟီး ညည်းငြူသံ ကြားရသဖြင့် မောင်ရန်နောင်က စောထူးအား အသာအယာ လက်လှမ်းပြ၍
“စောထူး … လူ … လူကွ”
“ဟုတ်တယ် ဆရာလေး … ဒီကျွန်းပေါ် ကျုပ်တို့ ရောက်ကတည်းက ထူးခြားမှု့ ဘာတစ်ခုမှ မတွေ့ဘဲနဲ့ ခုမှ ခြုံထဲက ညည်းသံကြားတာဆိုရင် ဒုက္ခရောက်နေတဲ့ တံငါမုဆိုး ဖြစ်ချင်ဖြစ်၊ ဒါမှမဟုတ် ကျုပ်တို့လို တောပျော်မုဆိုးထဲကပဲ ဖြစ်လိမ့်မယ်။
ကဲ အသက်တစ်ချောင်း ကယ်ကောင်းပါတယ် ဆရာလေးရယ်”
ဟု ခြုံထဲက ညည်းသံကြားရာသို့ သွားရောက်ကြည့်ရှု့သောအခါ. . .
မျက်နှာပါးပျဉ်းမွှေး၊ ဆံပင်ဘုတ်သိုက်၊ မျက်တွင်းဟောက်ပက်နှင့် လူတစ်ယောက်ကို ခြုံထဲတွင် ညည်းရင်း လဲနေသည်ကို တွေ့ရသည်။
မုဆိုးကြီးစောထူးက ထိုလူဘေးတွင် ဝင်ထိုင်လိုက်ရင်း. . .
“ခင်ဗျား နာမည် ဘယ်သူလဲ။ ဘယ်လိုဖြစ်ပြီး ကျွန်း ပေါ် ရောက်နေတာလဲ”
ဟု မေးလိုက်ပါသည်။
မျက်လုံးကလေး အကြောင်သားနှင့် အားယူရင်း ထို လူမှ . . .
“ကျွန်တော်နာမည် မောင်စိန်ကောင်းပါ။ ဗျဉ်းကဇီး ရွာသားပါ။ ကလွံတိုက် ကျွန်းနားမှာ အဖော်နဲ့ ငါးအုပ်လာပစ်ရင်း ကျားငမန်းတစ်ကောင် နှောင့်ယှက်တာနဲ့ အဖော်လည်းသေပြီ။ ကျွန်တော်လည်း ဒီ ကလွံတိုက်ကျွန်းရောက်အောင် မနည်း ပြေးလာရတယ်။ ကျွန်းပေါ်မှာ ဖြစ်သလို ရှာဖွေစားသောက်ရင်း ငှက်ဖျားထပြီး သတိလစ်မလိုဖြစ်နေတာ။ ဆရာလေးတို့နဲ့ တွေ့လို့ပေါ့ဗျာ”
ဟု မောင်စိန်ကောင်းက ရှင်းပြလိုက်၍ မောသွားဟန်ရှိသဖြင့် ခေတ္တ မှိန်းနေလိုက်ပါသည်။
မောင်စိန်ကောင်းအား မောင်ရန်နောင်နှင့် မုဆိုးစောထူးမှ တွဲမထူ၍ ရွက်ဖျင်တဲဆီ ခေါ်လာခဲ့သည်။ ထို့နောက် မုဆိုးစောထူးမှ တောစပ်ထဲ ဝင်သွားပြီး ကုက္ကိုရွက်များ ခူးလာပြီး ဟန်ကောခွက်ထဲသို့ ရေနွေးဆူဆူကို ထည့်လိုက်ပါသည်။
ကုက္ကိုရွက်ကိုလည်း ရေစင်စင်ဆေးပြီး ဟန်ကောခွက်ထဲ ထည့်ပြီး အပေါ်မှ အဖုံးအုပ်ကာ မီးဖိုပေါ် တင်၍ ပြုတ်ပါသည်။ ရေနွေးဆူသောအခါ မတ်ခွက်ထဲထည့်ပြီး မောင်စိန်ကောင်းအား တိုက်လိုက်ပါသည်။ ထို့နောက် သူ့အိတ်ထဲမှ မည်းမည်းအတောင့် လေးကို ရေနွေးဖြင့်သွေး၍ မျက်လုံးထဲ ခပ်လိုက်ပါသည်။
“အား” ဟု မောင်စိန်ကောင်းမှ အော်လိုက်ပြီးနောက်
မျက်ရည်နှင့် နှာရည်များ ထွက်လာပြီး …
“စပ်လိုက်တာဗျာ”
“စပ်မှ ခင်ဗျား ငှက်ဖျားရောဂါ ပျောက်မှာ။ ဒီဆေးက အဖျားအနာနဲ့ ငှက်ဖျားဟူသမျှ ဆလံသရလို့ သိကြားလက်နက်လို့ ခေါ်တယ်။ ကျုပ်တို့ တောမု ဆိုးတွေအတွက်က ငှက်ဖျားနဲ့ နပမ်းလုံးနေတာမို့ ဒီဆေးတောင့်ကို မဖြစ်မနေ ဆောင်ထားရတယ်”
“ဖထီး … ဒီဆေးတောင့်ကို ကျွန်တော့်လည်း ပေးထားဦး။ ဘာဆေးမြစ်တွေနဲ့ လုပ်တာလဲဗျ”
ငွေသောင်က မေးလိုက်သည်။
“ငြုတ်ကောင်း၊ ပိတ်ချင်း၊ ကြက်သွန်နီ၊ လေးညှင်းတို့ကို ဆတူ အမှုန့်ပြုထောင်းပြီး အတောင့်လေးတွေလုပ်၊ နေနဲ့ သွေ့ခြောက်အောင် လှမ်းရတယ်။
ရာသီဥတု ဖောက်ပြန်ဖျား၊ ရေချိုးမှား၊ ငှက်ဖျားရောဂါ ဖြစ်တာကတော့ တစ်နေ့သုံးကြိမ် မျက်စဉ်းခပ်သလို ခပ်ပေးရုံနဲ့ ပျောက်လို့ ‘သိကြားလက်နက်’ လို့ခေါ်တယ် ဝေ့”
မောင်ရန်နောင်ကလည်း မောင်စိန်ကောင်းကို ကော်ဖီနှင့် ဘီစကစ်မှုန့်များ တိုက်ကျွေးပြီး တရေးတမော အိပ်ခိုင်းလိုက်ပါသည်။
ငွေသောင်ကတော့ ပင်လယ်ငါးခူတစ်ကောင်နှင့် ကျောက်ပုဇွန်များကို ချက်ပြုတ်ဖို့ လုပ်နေပါသည်။
တောင်ဘက် မိုးကောင်းကင်မှာတော့ တိမ်သားဂွမ်းစိုင်များက အလိပ်လိုက် အထွေးလိုက် ကြွရွနေပါသည်။
စစ်သုံးမှန်ဘီးလူးဖြင့် မောင်ရန်နောင် ပင်လယ်ကမ်း စပ်ကျောက်ဆောင်ပေါ်မှ ကြည့်ရာ ဒုံးစပ်ငှက်ကြီးတစ်ကောင် ရေသောက်ဆင်းရန် အစာချောင်းနေသည်။ ရစ်ငှက်တစ်အုပ်က အော်မြည်သံပေး၍ သစ် ပင်ကြီးတစ်ပင်ပေါ်တွင် အသိုက်လုပ်ထားသည်ကိုတွေ့ရလေသည်။
မုဆိုးကြီး စောထူးကတော့ တောအုပ်အတွင်း ဝင်သွားရာမှ ရစ်တစ်ကောင်နှင့် ယုန်သေတစ်ကောင်ကို ဆွဲ၍ ပြန်လာသည်ကို တွေ့ရလေသည်။
“ဆရာလေးရေ … တောကတော့ ငှက်ပေါမယ့် တောမျိုး။ ဆေးလေးဘာလေး ကြိုတင်လုပ်ထားမှ။ စိမ့်တွေရှိတယ်။ အတွင်း တောနက်လေ ငှက်ဖျားကို သတိထားရမှာဘဲ။ ပင်လယ်ငှက်က ရိုးမငှက်ထက် ဆိုးဝါးတယ်ဗျို့”
ဟု ပြောလိုက်ပြီး ယုန်သေကို မီးကင်၍ အရည်ဆုတ်နေပါသည်။
နောက်တစ်နေ့မနက်တွင် အတန်ငယ် ထူထူထောင် ထောင် ဖြစ်နေသော မောင်စိန်ကောင်းကို တွေ့ရသဖြင့် ရွက်ဖျင်တဲအတွင်း ငွေသောင်နှင့်အတူ အဖော်အဖြစ် ထားခဲ့ပြီး မောင်ရန်နောင်နှင့် မုဆိုးကြီးစောထူးတို့ တောရဲ့ဝန်းကျင်အနေအထားကို လေ့လာအကဲခတ်ရန် ထွက်သွားကြသည်။
မနေ့က ဆတ်စုံတွဲ ရေသောက်ဆင်းသည့် စမ်းချောင်းလေးနားတွင် ဆတ်ခြေရာ၊ သမင်ခြေရာ၊ တောဝက်နှင့် ချေ (ဂျီ)ကောင်တို့၏ ခြေရာများ တွေ့ ရသည်။
ဂွေးပင်နှင့် ရေသဖန်းပင်များအောက်တွင် ကြွေကျ နေသော အသီးများကလည်း ဟိုတစ်စ ဒီတစ်စ ပြန့်ကျဲနေသည်။
အနီးစမ်းချောင်းလေးတွင် တောကောင်များ မကြာခ ဏ ရေသောက်ဆင်းကြသည်။ ကိုင်းတောများ မြက်ရိုင်းများက ရင်ဆို့အထိ တောထူလျှက် ရှိသ ဖြင့် တောကောင်များအကြိုက် တောစပ်သို့ အဝင်တွင် ပင်လယ်လိပ်ကြီးတစ်ကောင် ပက်လက်လန်နေသည်။
မောင်ရန်နောင် အားရဝမ်းသာ ကောက်ယူရန်အသွား မုဆိုးကြီးစောထူးက …
“ဆရာလေး … ဆရာလေး … ရှေ့ဆက်မတိုးနဲ့။ ရှေ့မှာ တောကောင်ရှိနေပြီ။ နီးရာသစ်ပင်ကို တက် … တက်”
“ဗျာ … ဘယ်လို မုဆိုးစောထူး”
ဟု မောင်ရန်နောင်က အံ့ဩစွာ မေးလိုက်သဖြင့်
မုဆိုးစောထူးက သစ်ပင်ကြီးတစ်ပင်ကို အမြန် တွယ် တက်ပြီး ဒူးလေးကို ပစ်ရန်အနေအထား အသင့်ပြင်ထားသည်။
မောင်ရန်နောင်ကလည်း စောထူးအနောက်က တွယ်တက်လာပြီး သစ်ပင်ခွကြား တစ်နေရာတွင် ထိုင်လျှက် သူ၏ အမဲပစ်သေနတ်ကို မောင်းတင်လိုက်သည်။
“ဆရာလေး … ရိုးမနဲ့ ပင်လယ်ကျွန်းက မတူဘူး။ ရိုးမထဲမှာ ခွေးအ၊ မြေခွေး၊ တောခွေးနဲ့ ခင်ပုတ်ငှက်တို့တွေ့ရင် အဲဒီတစ်နေ့လုံး တောလည်လို့ မရသလို မုဆိုးအတွက် နိမိတ်မကောင်းဘူး။
ကျုပ်တို့ ပင်လယ်ပိုင်းမှာ ဟောဒီလို ပင်လယ်လိပ် ကြီးတွေ ပက်လက်လန်ရင်လည်း မုဆိုးအတွက် အန္တရာယ် ကျရောက်နိုင်တယ်။ ပင်လယ်ထဲက ကျွန်းဆိုပြီး ကျားနဲ့ဆင် မရှိဘူး မထင်နဲ့။ ကျွန်းရဲ့မာယာက လည်း ကျယ်ပြန့်တယ်နော်”
ဟု စောထူး ရှင်းပြလိုက်၍ ယခုမှ သဘောပေါက်သွားလေတော့သည်။
ခေတ်ပညာတတ် မုဆိုးတစ်ယောက်ပေမယ့် တောတွင်းအတွေ့အကြုံအရတော့ မုဆိုးကြီးစောထူးကိုဖြင့် သူ မမှီနိုင်သည်ကိုဖြင့် ပွင့်လင်းစွာ ဝန်ခံရပေတော့မည်။
ပတ်ဝန်းကျင်က ထူးခြားစွာ တိတ်ဆိတ်နေသည်ကို က စောထူး ဘဝင်မကျ။ ကျေးငှက်သာရကာ ပေါသည့်တောတွင် အဘယ်ကြောင့် ကျေးငှက်သံ မကြားရသနည်း။ အဖြေကတော့ ကျေးငှက်တို့တွင်လည်း သဘာဝ၏ ဘဝပေးအသိဉာဏ်က သားစားကြူးသည့် တောဘုရင်ကို သတ္တဝါအချင်းချင်းကပင် ရွံမုန်းပုံရသည်။
လေပူတစ်ချက်ကလည်း ခပ်ပြင်းပြင်း တိုက်ခတ် သွားသည်။ သစ်ရွက်ကြွေများက ဝဲကတော့ချာလည်သလို ဟိုတစ်စ ဒီတစ်စ လွင့်ပျံနေသည်။
ကိုင်းစပ်နားတွင် အမဲရောင်သဏ္ဍန်တစ်ခုကို လှစ်ကနဲ တွေ့လိုက်ရသည်။ ကျားတစ်ခုန်ထက်မြင့်သော သစ်ကိုင်းထက်တွင် နေရာယူထားသဖြင့် သစ်ပင်အပေါ်စီးက မြင်ကွင်းထဲတွင် မည်းနက်နေသည့် သစ်ကြုပ်က ကိုင်းတောထဲတွင် ဝပ်နေသည်ကို အပီအပြင် မြင်တွေ့လိုက်ရသည်။
မုဆိုးစောထူးက တောကောင် ခုန်အုပ်လျှင် လွတ်ရန် မောင်ရန်နောင်ကို အပေါ်ကိုင်းသို့ ထပ်တက်ခိုင်းသည်။
ပင်လယ်လိပ်ကြီးကို ပက်လက်လှန်ပြီး ယက်ကန် ယက်ကန် ဖြစ်နေမှ အစာအဖြစ် အမှည့်ခြွေ ခြွေနေပြီးမှ စားရန် ရည်ရွယ်ထားပုံရသည့် သစ်ကြုပ်က မောင်ရန်နောင် အထက်သစ်ကိုင်းတက်စဉ် ပဲ့ကျလာ သော ကိုင်းစကိုင်းနကြောင့် သစ်ပင်အထက်သို့ တစ်ချက်ကြည့်လိုက်သည်။ သူ့အစာကို လုယူရန် အထင်ရောက်သွားပုံ ရသည်။ အမြီးဖြင့် ရေပြင်ကို ရိုက်သံ ကြားလိုက်ရသည်။
“ဘုတ် … ဘုတ် … ဘုတ်”
မကြာမီ လျှပ်တစ်ပြက် ကိုင်းပင်ကြားက တိုးထွက်၍ ခုန်အုပ်ရန် လှုပ်ရှားသွားသည်နှင့် ကိုင်းပင်များရမ်းခါသွားသည်။
“ဝှီး … ဝှစ် … ဒုတ်”
ဟု ဒူးလေးပစ်သံများ ကြားရပြီး ဂျွမ်းပြစ်လိုက်သည့် သစ်ကြုပ်အနက်ကြီးသည် သူ၏ ရန်သူကို အ လစ်အငိုက်တွင် တိုက်ခိုက်ရန် ရှာဖွေနေသည့်ကြားက ဒူးလေးမြှားဒဏ်ရာ ရသွားသည့် လက်တစ်ဖက်ကို ပါးစပ်ဖြင့် ခါးယမ်းလိုက်ရာ မြှားကျိုးတန်းလန်းနှင့် ထွက်လာသည့် သွေးစများကို လျှာဖြင့် ယက်ရင်း ဒေါသတကြီး ဖြစ်နေသည်။
“ဝေါင်း … ရီး … ဝေါင်း”
သစ်ကြုပ်ကြီး၏ ပစ်မှတ်က ဒီတစ်ခါ မုဆိုးကြီး စောထူးဆီသို့။ ဒဏ်ရာအနာတရနှင့် လက်စားချေရန် ဝေါင်းကနဲ တစ်ချက်အော်ကာ အားမာန်အပြည့် ခုန်အုပ်လိုက်သည်။
မောင်ရန်နောင်ကလည်း လျှင်သည်။ မြေပြင်ကို ခြေစုန်ကန်တက်လာသော သစ်ကြုပ်ကြီးကို လေထဲတွင် သူ၏ အမဲပစ်သေနတ်ဖြင့် ဆင့်၍ ပစ်ချလိုက်ပါသည်။
“ဒိုင်း … ဒိုင်း … ဒိုင်း”
ထိချက်က ပြင်းလွန်းလှသဖြင့် သစ်ကြုပ်မည်းကြီးမှာ တွန့်လိမ်ကောက်ကွေးပြီး
“ဘုန်း … ဝုန်း”
မြေပြင်ပေါ် ခြေပစ်လက်ပစ် ကျသွားကာ တစ်ချက် အကြောဆွဲလျှက် တွန့်ကနဲ ဖြစ်သွားပြီး အသက်ပျောက်သွားလေတော့သည်။
သစ်ကြုပ်ကြီး သေသွားမှ မောင်ရန်နောင်နှင့် စောထူးတို့လည်း သစ်ပင်ပေါ်မှ ဆင်းကာ သစ်ကြုပ်ကြီးကို ကြည့်လိုက်တော့ နှာသီးကြားတွင် တစ်ချက်၊ ညာဘက်လက်ပြင် တစ်ချက်၊ ဇက်တွင် တစ်ချက် နှင့် လက်တွင် ဒူးလေးဒဏ်ရာကြောင့် ထိမှန်သေဆုံးနေသော သစ်ကြုပ်ကြီးကို သွေးအိုင်ထဲတွင် တွေ့ရသည်။
သစ်ကြုပ်ကြီးကို စခန်းသို့သယ်ရန် ခြေလက်များကို လျှော်ကြိုးများဖြင့် တုတ်နှောင်၍ တပင်တိုင်ဝါးနှစ်လုံးကို ခုတ်လျှက် လျှိုသွင်းပြီး ရွက်ဖျင်တဲစခန်းဆီသို့ သယ်ဆောင်လာခဲ့ကြသည်။
သေနတ်သံများကြောင့် တောစပ်သို့ လိုက်လာသော တပည့်ကျော် ငွေသောင်ကို စီဖုံးနှစ်လုံးပြူး ၃ဝ လက်မ တစ်လုံးထိုး ပြောင်းရှည် တစ်လက်နှင့် တွေ့သောကြောင့် ကိုင်းတောစပ်တွင် ကျန်ခဲ့သည့် လိပ်ကြီးကို ယူခိုင်းလိုက်ပြီး တည်ပင်ကြီးအောက်တွင် နားကာ ငွေသောင်ကို စောင့်နေကြပါသည်။
ကွမ်းတစ်ယာညက်ခန့်အကြာတွင် လိပ်ကြီးကိုထမ်းပြီး ပြန်လာသော ငွေသောင်ကို တွေ့လိုက်ရသည်။
ဆရာတပည့် သုံးယောက်မှာ စကားတပြောပြောနှင့် ရွက်ဖျင်တဲစခန်းဆီသို့ ပြန်လာရာ ရွက်ဖျင်တဲရှေ့တွင် မီးခိုးတစ်အူအူနှင့် မီးမွှေးနေရင်း မောင်ရန်နောင်တို့အပြန်ကို စောင့်မျှော်နေသည့် ပင်လယ်ပျော်ရေမုဆိုးလေး မောင်စိန်သောင်းကို ယမန်နေ့ကနှင့်မတူ လန်းဆန်းတက်ကြွစွာ တွေ့လိုက်ရလေတော့သည်။
“ကလွံတိုက်ကျွန်း အမှတ်တရ”
(နောက်ပိုင်း Facebook က စာတင်လို့မရတော့လျှင် စာဆက်ဖတ်နိုင်ဖို့အတွက် အောက်က Telegram ကို Joint ထားကြပါဗျ)