ပင်လယ်မုဆိုးကြောင်ဝံ
ရေကျချိန်လည်းဖြစ်၊ ညဦး (၈)နာရီခွဲနေပြီဖြစ်၍ ဇင်ရွဲမချောင်းပေါက်မှ သင်္ဃန်းကြီးသို့ မော်တော် မကပ်နိုင်တော့။ မြစ်ဝမှာပင် မော်တော်ကို ရပ်ထားရသည်။
သင်္ဃန်းကြီးမှ ခရီးသည်များကို အယူအပို့အတွက် မော်တော်ပိုင်ရှင်မှ ကူးတို့သမ္မန်နှစ်စီး ငှားထားရသည်ဟု သိရ၏။ကူးတို့သမ္ဗန်များကို နာရီဝက်ကျော်ကျော် စောင့်နေရသည်။
အချို့ခရီးသည်များမှာ သင်္ဃန်းကြီးရွာမှဖြစ်၍ သူတို့ပိုင် ဘောက်တူလှေများက လာရောက်ခေါ်ယူသွားကြ၏။
ကျွန်ုပ်နှင့် မုဆိုးကြီး ဦးဖဝေး၊ တူဖြစ်သူ မောင်ကြင်သိန်းတို့သည် သင်္ဃန်းကြီးမှတစ်ဆင့် ဂုံညင်းတန်း ပင်လယ်ပေါက်ရွာကြီးသို့ ညတွင်းချင်း ခရီးဆက်ရပေမည်။ ထို့ကြောင့် သင်္ဃန်းကြီးမှတစ်ဆင့် ခြေကျင်သွားကြရမည်။
ခရီးဆောင်အိတ်နှင့် အမဲကြီးပစ်ရိုင်ဖယ်အိတ်များကို ပြင်ဆင်ထားကာ ကူးတို့လှေ စောင့်နေစဉ်မှာပင် ခပ်ဝေးဝေးမှ တက်ခတ်သံနှင့်အတူ ကူးတို့သမ္ဗန်နှစ်စင်း မော်တော်ဆီသို့ တအိအိဖြင့် ရောက်လာကြသည်။
လေသည် တဟူးဟူး တိုးဝှေ့တိုက်နေ၏။လှိုင်းများတဝုန်းဝုန်းမြည်နေ၏။ သင်္ဃန်းကြီးကမ်းခြေသို့ မရောက်မီ လှေမှဆင်းပြီး ရေထဲသို့ လျှောက်ကြရသည်။
“သတိထား … သတိထား။ ဓနိငုတ်တို့ မဒမငုတ်တို့တိုက်မိမယ်”
ကျွန်ုပ်တို့ကို မောင်ကြင်သိန်းက သတိပေးနေ၏။ ဟုတ်ပေသည်။ ဒူးလောက်ရှိသော ရေထဲတွင် ခြေဖဝါးကို လျှောတိုက်ကာ သတိထားနင်းရ၏။ မကြာခဏ ရေအောက်တွင် ပျောက်နေသော သစ်ငုတ်များကို စမ်းသပ်တွေ့ နေကြသည်။
အမှန်တော့ နွေရာသီဆိုပါမူ မော်တော်များသည် လပွတ္တာမှ ပင်လယ်ပေါက် ဂုံညင်းတန်းရွာကြီးသို့ ဇင်ရွဲချောင်းမှတစ်ဆင့် ပျဉ်ထောင်ကွင်း၊ အိုးဘို၊ ဥက္ကံ၊ ဇင်ရွဲ စသော ရွာကြီးများဖြတ်ကာ ခရီးသည်များ ပို့ဆောင်တတ်ပါ၏။
ယခုအချိန်အခါမှာ ဆောင်းဦးရာသီဖြစ်သော်လည်း မိုးမကုန်သေး။ မကြာခဏ မိုးရော လေပါကျကာ လှိုင်းကြီးတတ်သဖြင့် ပင်လယ်ကမ်းခြေရှိ ဂုံညင်းတန်းရွာကြီးသို့ မော်တော်မမောင်းသေးပါ။
ကျွန်ုပ်သည် သင်္ဃန်းကြီးရွာရှိ ညီဝမ်းကွဲ မောင်ကြိုင်၏ အိမ်သို့သွားကာ နှုတ်ဆက်လိုက်၏။ မောင်ကြိုင်မှာ ရေလုပ်သားတစ်ဦး ဖြစ်သည်။ သူ့အိမ် တွင် အပြန်မှ အနားယူအိပ်မည်ဟု ပြောကာ ညတွင်းချင်းပင် ဂုံညင်းတန်းရွာကြီးသို့ ခရီးဆက်ခဲ့ကြသည်။
ကျယ်ပြန့်သော ပင်လယ်ပြင်ကြီးမှ လှိုင်းလုံးများ တလိမ့်လိမ့်တက်ကာ ကမ်းခြေသို့ တဖြန်းဖြန်း ရိုက်ခတ်နေ၏။ တစ်ခါ တစ်ခါ လက်ခနဲ လက်ခနဲ မီးရောင်များလည်း တွေ့လိုက်ရသည်။
ပင်လယ်ကမ်းခြေသောင်စပ်တွင် မည်းမည်းအုပ်အုပ် သစ်ချုံများနှင့် သစ်ပင်ငုတ်တိများ မပြတ် ရှိနေ၏။ “ချိုင်”ခေါ် ကွေ့အလွန်
“ကွိ … ကွိ”
ဟူသော အသံများကို ကြားလိုက်ရသည်။
“ဟော မျောက်တံငါတွေ အသံပဲ။ ပင်လယ်ကဏန်းစားဖို့ အမြီးထောင်ဖမ်းနေပြီနဲ့ တူတယ်ကွ”
ဦးဖဝေး ပြောလိုက်သဖြင့် မောင်ကြင်သိန်းကလည်း ခေါင်းညိတ်လိုက်၏။
“ဟုတ်တယ် ဖထီး။ သူတို့အသံပဲ”
ယင်းအခိုက်
“ခွီး … ခွီး”
ထိုအသံများနှင့်အတူ ကြောင်တစ်ကောင်၏ အသံသို့မဟုတ် ပင်လယ်ဖျံ၏ အော်သံလိုလို အသံများ ကြားလိုက်ရသည်။
ကျွန်ုပ်တို့သည် ခြေလှမ်းများကိုတုံ့ကာ သဲသောင်ခုံဘေး တောစပ်မှ တဖြည်းဖြည်းနှင့် ရှေ့သို့ လှမ်းကာလာရင်း ဦးဖဝေးက လက်ပြသဖြင့် ကျွန်ုပ်နှင့် မောင်ကြင်သိန်းတို့ သောင်ခုံပေါ်ထိုင်လိုက်ကြသည်။
ထိုင်သောနေရာမှာ လမု၊ သမှဲ့ တောစပ်ကလေးဖြစ်ကာ ရှေ့သို့ လှမ်းကာ ကြည့်နိုင်ပါသည်။
ရုတ်တရက် သောင်ခြေတွင် မည်းမည်းသတ္တဝါ ငါးကောင်နှင့် အမြင့်နှစ်ပေကျော်ကျော်၊ အလျား လေးပေခန့်ရှိသော သတ္တဝါတစ်ကောင်တို့ တိုက်ခိုက်နေသည်ကို အမှတ်မထင် တွေ့လိုက်ရပါသည်။
ကျွန်ုပ်တို့သည် လက်နှိပ်ဓာတ်မီးများကို အသင့် ဆောင်ယူလာခဲ့ခြင်းဖြစ်၍ ကမ်းခြေ လမ်းမမှားရန် မကြာခဏ မီးထိုးကြည့်ကာ လာခဲ့ကြခြင်းဖြစ်သည်။
“ခွီး… ခွီး… ခွီး”
“ကွိ … ကွ … ဖြောင်း”
ရှည်လျားမည်းနက်သော သတ္တဝါက မည်းမည်းပုပု သတ္တဝါနှစ်ကောင်ကို ခုန်အုပ်လိုက်စဉ် အခြား မည်းမည်းပုပုတစ်ကောင်က သစ်ကိုင်းတစ်ကိုင်းဖြင့် ရိုက်လိုက်သည်ကို တွေ့ရ၏။
သောင်ပြင်တွင် မည်းမည်းပုပု သတ္တဝါနှစ်ကောင် လဲနေသည်ကို တွေ့ ရ၏။
ဤတွင် ဦးဖဝေးက လက်နှိပ်ဓာတ်မီးဖြင့် ထိုးလိုက်ရာ “ဟာ” ခနဲပင် အသံထွက်သွားရတော့၏။
မြင်လိုက်ရသည်မှာ မျောက်တံငါများနှင့် ကျားသစ်လိုလို သတ္တဝါတစ်ကောင် တိုက်ခိုက်နေခြင်းပင်။
“ကြည့်စမ်းဟေ့ ဗိုလ်စိန်တင်။ ဒါ ပင်လယ်ကျွန်းတွေပေါ်မှာ ကျက်စားတဲ့ ကြောင်ဝံကြီးကွ”
ပင်လယ်ကြောင်ဝံကြီးသည် လက်နှိပ်ဓာတ်မီးကြောင့် မျက်လုံးများ ပြာကာ မီးရောင်ဘက် စိမ်းစိမ်းကြီး ကြည့်နေ၏။
မျောက်တံငါများကား တဝုန်းဝုန်း ထွက်ပြေးကြလေပြီ။
ပင်လယ်ကြောင်ဝံလို သတ္တဝါမျိုးကို သည်တစ်ကြိမ်သာ တွေ့ဖူးခြင်းဖြစ်သည်။
“ကျားဆရာ ကြောင်” ဆိုသည့်အတိုင်း အလွန်လျင်မြန်သော သတ္တဝါများ ဖြစ်၏။ ကျွန်ုပ်တို့က လက်နက်မထုတ်ရသေးမီ တစ်ချက်အော်၍ သောင် ခုံမှ ပြေးတက်ကာ ချုံတောထဲသို့ ဝင်သွားလေတော့သည်။
ကြောင်ဝံ၏အရောင်မှာ အနက်တွင် အဝါမွေးများ လေးထောင့်ကွက် ပေါ်နေ၏။ ရှေ့လက်တွင် အဖြူမွေးများကို တွေ့လိုက်၏။
ကြောင်ဝံသည် သားစားသတ္တဝါပင် ဖြစ်၏။ ပင်လယ်ခရုများ ကဏန်းများအပြင် မျောက်များကိုပါ ရလျှင် ရသလို စားသောက်တတ်သော သတ္တဝါဆိုးတစ်ကောင် ဖြစ်၏။
မောင်ကြင်သိန်းက ထိုကြောင်ဝံကိုမြင်မှ သတိရကာ ပြောလိုက်ပါသည်။
“ဦးလေးရေ အစ်မလေးမြခင်တို့ ပိုက်ထဲ ကတိုက်ကြက်ကြီးဟိုင်းကို ဆွဲစားသွားတာ ဒီကောင်ကြီး ဖြစ်မယ်။ ပြီးတော့ ကျွန်တော့်ကြက်တွေ ပျောက်တာရယ်၊ ဘုန်းကြီးကျောင်းက ခွေးကြီးမျက်လုံး ဖောက်သွားတာရယ်၊ ပိုက်တွေက ငါးခြောက်တွေ ပျောက်တာဟာလည်း ဒီကြောင်ဝံကြီး လက်ချက်ဖြစ်မယ်”
တိုက်ကြက် “ဟိုင်း” ဆိုသည်မှာ အတက် အငုံကလေးသာရှိသော တိုက်ကြက်ကို ဆိုခြင်းဖြစ်၏။
ကျွန်ုပ်တို့လာခဲ့ခြင်းမှာ ဖျံသားရေလိုချင်သဖြင့် ဆင်းလာခြင်းဖြစ်၏။
ယခုအခါ ရေလုပ်သားများနှင့် ရွာသားများ မွေးထားသော ကြက်များ၊ ငါးခြောက်နှင့် ငါးစိမ်း၊ အိမ်စောင့်သတ္တဝါများကိုပါ ဒုက္ခပေးနေသည့် ကြောင်ဝံကို နှိမ်နင်းပေးရတော့မည်ဖြစ်၏
သည်တွင် “ကြောင်ဝံ” အရေခွံ ရပါက သားမွေးကောင်းကောင်း၊ ဈေးကောင်းကောင်း ရပေမည်။ အလွန်လှပချင်သူ မြို့ကြီးသူများ၏ သားမွေးအင်္ကျီမွေးပွပွများသည် ထောင်နှင့်ချီ၍ ပေးရသည် မဟုတ်ပါလား။
အကယ်၍ ကြောင်ဝံတစ်ကောင် အရေခွံသားမွေးရပါက အမေရိကန်ဒေါ်လာနှင့် လေးငါးရာအဆင့်အထိ ရနိုင်သည်ကို ကျွန်ုပ် သတိထားရ၏။
ဤပင်လယ်ကျွန်းတွင်းက ကြောင်ဝံကြီးကို ကျွန်ုပ်တို့ မုဆိုးများအဖို့ အဘယ်မှာ လက်လွတ်ခံနိုင်ပါမည်နည်း။
တစ်ချက်ခုတ် နှစ်ချက်ပြတ်ဆိုသည့်သဘောနှင့် ဖျံလိုက်ခြင်းနှင့် ကြောင်ဝံကြီးကိုပါ အရဖမ်းဆီးနိုင်ရန် ဆုံးဖြတ်ချက် ချလိုက်ပါသည်။
ထိုနေ့ည ဂုံညင်းတန်းရွာအတွင်းရှိ မောင်ကြင်သိန်းတို့အိမ်တွင် အိပ်လိုက်ပါသည်။
ထိုနေ့နံနက်က ကျွန်ုပ်တို့မှာ ဖျံနှင့် ကြောင်ဝံကြီးကို မရှာနိုင်တော့ပဲ “လောင်ကြီး”ခေါ် လူသားစားမိကျောင်းကို လိုက်ခဲ့ရသည်။
ဂုံညင်းတန်းမှာပင် သုံးရက်လောက်ကြာပြီးမှ ဖျံကြီးများလိုက်ရင်း ချိုင်ကွေ့သို့ ထွက်ပါသည်။ ထိုနေရာတွင် ကျောက်ဆောင်များနှင့် လမု၊ သမဲ့၊ ဗြု၊ သနပ်၊ သင်ပေါင်း၊ ကနစို စသော တောစိမ်းများရှိနေ၏။ အချိန်မှာ နံနက် (၅)နာရီရှိပြီ ဖြစ်သည်။
ချိုင်ကွေ့တွင် ဥတိုရိုးချောင်းကလေး ရှိပါသည်။ ကျွန်ုပ်တို့သည် ဥတိုရိုးချောင်းကလေးအဝရှိ ကျောက်ဆောင်ကြီးပေါ်သို့ တက်ခဲ့ပါသည်။
ယင်းအခိုက် ကောင်းကင်ပြင်မှ ”ကစ်… ကစ်… ကစ်”ဟူသော အသံနှင့် ရေဝမ်းဘဲကြီးတစ်ကောင် ထိုးဆင်းလာကာ ကျောက်ဆောင်ထိပ်ပေါ်သို့ ဆင်းသွား၏။
“ကစ် ကစ် … ကစ်”
“ကစ် ကစ် … ကစ်”
တစ်ခဏချင်း ရေဘဲများအော်သံ ပေါ်ထွက်လာပါသည်။ ကြည့်လိုက်ရာ ရေဝမ်းဘဲအသိုက်ကြီးကို ကျောက်ဆောင်ထိပ်တွင် တွေ့ရပြီး ဥမှပေါက်စ ရေဝမ်းဘဲ သားငယ်များ၏ အော်သံပင် ဖြစ်ပါသည်။
ယင်းအခိုက် “ကရီး”ဟူသော အသံနှင့် ရေဝမ်းဘဲထီးကြီးတစ်ကောင် ကောင်းကင်ပြင်တွင် ပျံဝဲရာမှ နိမ့်ဆင်းလာကာ ကျောက်ဆောင်တစ်ခုကြားသို့ ဆင်းသွား၏။
“ဖြန်း … ဖြန်း … ဖြန်း”
အတောင်ပံရိုက်သံများကို ကြားလိုက်ရပါသည်။
“ခွီး … ခွီး”
ထိုအသံကြောင့် ကျွန်ုပ်တို့သည် ကျောင်ဆောင်ကြီးမှ အသံလာရာဆီသို့ တဖြည်းဖြည်း ဆင်းခဲ့ပြီး ခပ်စောစောက ရေဝမ်းဘဲကြီး ဆင်းသွားသည့် ကျောက်ဆောင်ဆီသို့ ကူးလာခဲ့ပါသည်။
အမှန်တော့ ထိုအသံများမှာ ရေဝမ်းဘဲထီးကြီးက ရေဝမ်းဘဲမနှင့် သားငယ်များကို အန္တရာယ်ပေးမည့် အန္တရာယ်ကောင်အား တိုက်ခိုက်နေခြင်းပင် ဖြစ်ပါသည်။
တစ်ဖက် ကျောင်ဆောင်ကြီးဆီမှ ကူးလာစဉ်မှာပင်
“ကရီး … ကစ် … ကစ်”
ဟူသော အသံနှင့် ရေဝမ်းဘဲကြီး ထိုးတက်ပျံသန်းလာပြန်သည်။
ယင်းအခိုက် “ရွီး”ခနဲ အော်သံနှင့်အတူ သတ္တဝါတစ်ကောင် ကျောက်ဆောင်ပေါ်သို့ ခုန်တက်လာပါ၏။ သူ၏ဦးခေါင်းသည် အပေါ်သို့မော့ကာ ပါးစပ်ကို ဖြဲထား၏။
ကျွန်ုပ်တို့မှာ အံ့အားသင့်ရင်း လျင်မြန်စွာပင် အသင့်ပါလာသော စပရင်းဖီးလ် ရိုင်ဖယ်ပြောင်းဝ ကို ထိုသတ္တဝါအား ညွှန်လိုက်ပါသည်။
သည်အခိုက် ရေဝမ်းဘဲထီးကြီးက “ဖြန်း” ခနဲ တောင်ပံရိုက်ကာ ထိုးဆင်းလာသည်။ အတောင်ပံဖြင့် ထိုသတ္တဝါကြီး၏ ဦးခေါင်းကို “ဖြန်း” ခနဲ ရိုက်ကာ ဝဲထွက်သွား၏။ ထိုသတ္တဝါကား ဒေါသအကြီးအကျယ် ထွက်နေဟန်ဖြင့် ရေဝမ်းဘဲကြီးအား တအားခုန်၍ ဟပ်ဆွဲရင်း လက်နှစ်ဖက်နှင့် တောင်ပံကို ကုပ်ဆွဲလိုက်ရာ အတောင်ပံများ ဖွားခနဲ ကျွတ်ထွက်သွား၏။ သို့သော် ထိုသတ္တဝါကြီး၏ ရန်စွယ်မှ လွတ်မြောက်သွားခဲ့ပါလေသည်။
ထိုသတ္တဝါမှာ ဒေါသဖြစ်လွန်းသဖြင့် “တခွီးခွီး” အော်လိုက်၏။
ယင်းသတ္တဝါဆိုးကား …
တကယ်တော့ ကျွန်ုပ်တို့ နှိမ်နင်းဖမ်းဆီးရန် ဒုတိယပစ်မှတ်ထားခဲ့သည့် အနက်တွင် အဝါကွက်မွေးရှည် ပင်လယ်ကြောင်ဝံပင် မဟုတ်ပါလား။
ကျွန်ုပ်သည် ဂရိန်ယမ်းအား(၂ဝဝ) ပေါက်ကွဲအားရှိသည့် စပရင်းဖီး(လ်) ရိုင်ဖယ်ပြောင်းဝကို ကြောင်ဝံကြီး၏ လက်ပြင်ဆီသို့ ညွှန်ကာ ခလုတ်ကို ဖြည်းညင်းစွာ နှိပ်လွတ်လိုက်ပါသည်။
“ဒိုင်း”
ကော်ဒိုက်ယမ်းငွေ့များ ထောင်းခနဲ ထသွားပါ၏။ ကျောက်ဆောင်ပေါ်မှ ကြောင်ဝံကြီးသည် ခွီးခနဲ အသံတစ်ချက်သာ အော်နိုင်ပြီး ကျောက်ဆောင်ပေါ်မှ လိမ့်ဆင်းကျလာပါ၏။
မုဆိုးကြီးဦးဖဝေးက ကျွန်ုပ်၏ပခုံးကို ပုတ်ကာ ချီးကျူးလိုက်ပါသည်။
“စိန်တင်ရေ မင်းပစ်လိုက်တဲ့ ကြောင်ဝံကြီးအတွက် ရေဘဲတွေရော၊ ရွာထဲက အိမ်မွေးသတ္တဝါတွေပါ ဝမ်းသာနေကြမှာပဲ”
ယင်းသို့ပြောကာ သူက ကြောင်ဝံကြီးကို ပြေးပြီးအမြီးမှ ဆွဲယူခဲ့ပါသည်။ အတော်ကြီးမားသော အလျား လေးပေခန့် ကြောင်ဝံကြီး ဖြစ်ပါသည်။
ကျွန်ုပ်တို့သည်အသက်ပျောက်နေပြီဖြစ်သော ပင်လယ်ကြောင်ဝံကြီးကို ခြေနှင့် လက်အား ကြိုးတုပ်၍ လက်မောင်းရင်းခန့် ကနစိုကိုင်းတစ်ကိုင်း ခုတ်ပြီးလျှိုကာ ထမ်းပြန်ခဲ့ပါသည်။
အချိန်မှာ နံနက်(၇)နာရီရှိပါပြီ။
ကျွန်ုပ်တို့ ရွာအပြန်ခရီးလမ်းမှာ ပင်လယ်သောင်၏ သဲမြေပေါ်မှဖြစ်၏ လှိုင်းများ တဝုန်းဝုန်း ရိုက်ခတ်နေ၏။
“ကစ် ကစ် … ကစ် ကစ်”
ထိုအသံကြောင့် မော့ကြည့်လိုက်ရာ ရေဝမ်းဘဲအထီးနှင့် အမတို့သည် ကျွန်ုပ်တို့၏ ခေါင်းပေါ်မှ ပတ်ဝဲကာ ကျေးဇူးတင်ကြောင်း ပြောနေသည့် အလား မြင်ရသည်။
“ကစ် ကစ်… ကစ် ကစ်”
သုံးပတ်ခန့် ဝဲကာ ကျောက်ဆောင်ဆီသို့ ဝဲပျံသွားလေတော့သည်။
ဦးဖဝေးက ကျွန်ုပ်အား-
“ရေဝမ်းဘဲတွေ တို့ကို ကျေးဇူးတင်လို့ လာနှုတ်ဆက်နေတာကွ”
“ကျွန်တော်တို့ကလည်း သူတို့ကို ပြန်ပြီး ကျေးဇူး တင်ရမှာပဲ။ တကယ်လို့သာ ကြောင်ဝံကြီးကို ရေဘဲထီးက မတိုက်ခိုက်ရင် ကျွန်တော်တို့တောင် သိမှာ မဟုတ်ဘူး။ ကြောင်ဝံကြီးလည်း ရမှာ မဟုတ်ဘူး။ အခုတော့ စားရကံကြုံ မုတ်ဆိတ်ပျားစွဲ ဆိုသလိုကြောင်ဝံသားလည်း စားရ၊ သူ့အရေခွံလည်း ဈေးကောင်းကောင်းနဲ့ ရောင်းချနိုင်ပြီ မဟုတ်လား ဖထီး”
ထိုနေ့တွင် ကျွန်ုပ်တို့အား ဂုံညင်းတန်းရွာသားများက ဝမ်းသာအားရ ကျေးဇူးတင်ကြောင်း လာပြောကြသည့်အပြင် ကြောင်ဝံသားကိုလည်း တောင်းကြသဖြင့် အနည်းငယ်စီ ခွဲဝေပေးလိုက်ရပါသည်။
ပင်လယ်ကြောင်ဝံသည်လည်း ပင်လယ်မုဆိုး မဟုတ်ပါလား။
– ပြီး –
စာရေးသူ – မြဝဇီ
စာစီစာရိုက် – မုဆိုး တံငါ စာပေများ