• June 23, 2025
  • admin
  • 0

တွင်းကြီးဝမ်းမောင်
ပစ်ခွင့်ကြုံလျက်

(၁)

“ပြေးကြတော့.. ပြေးကြတော့… အခု ပြေးကြတော့”

“ပြေး.. ပြေး… ခု ပြေး… မြန်မြန် ပြေး”

အဖေဖြစ်သူ ဦးအိုက်စံရော သားဖြစ်သူ မောင်ကြီး မောင်လတ်နှင့် မောင်ငယ်ရော လေးယောက်စလုံး ပြိုင်တူ ကြားလိုက်ရသည့်အသံ။ အသံရှင်က ပီပီသသပြောသလို အဓိပ္ပာယ် မကွယ်မဝှက်၊ ခပ်ရှင်းရှင်း။

“ပြေးကြတော့.. ပြေးကြတော့… အခု ပြေးကြတော့”

“ပြေး… ပြေး.. ခု ပြေး… မြန်မြန် ပြေး”

ရှင်းလင်းလှသော စကားညွှန်းကြောင့် အသံကြားရသူ သားအဖ လေးဦးစလုံး မယုံကြည်နိုင်သလို ငိုင်တွေတွေ၊ အသံက တစ်ဦးတည်း ကြားသည်ဟု ထင်ခဲ့လျှင် စိတ်စွဲခြင်း၊ နားကြားလွဲခြင်း ဖြစ်ကောင်း ဖြစ်မည်။

အခု ကြားလိုက်ရသည်က ပြိုင်တူ။ လူသံလိုလို လိုဏ်သံပါသလိုလို။

သားသုံးယောက်က အဖေကို မမေးဝံ့၍ မမေး။

အဖေစကားဦးကို စောင့်နေသောအကြည့်ဖြင့် ကြည့်မိကြသည်မှာ ပြိုင်တူပင်။

“ငါ့သားတို့ ဘာအသံ ကြားလဲ”

“ပြေးကြတော့၊ ပြေးကြတော့၊ အခု ပြေးကြတော့၊ ပြေး ပြေး၊ ခု ပြေး၊ မြန်မြန်ပြေးနဲ့ ကြားတယ်အဖေ၊ အဖေကော ကြားလား”

“ကြားတယ် ထူးဆန်းလိုက်တာ။ အဖေလည်း မင်းတို့ အရွယ်ကတည်းက ဒီတော ဒီတောင် ဒီနေရာ ဝန်းကျင်ကို ရောက်ခဲ့တာ နှစ်စဉ်ပဲ။ ခုလို တစ်ခါမှ မကြားဖူး မကြုံဖူးဘူး”

“တောချောက် တောမှောက် တောလှန့်တာ ကျုပ်တို့လည်း ထိုက်သင့်သလောက် ကြုံဖူးပါတယ် အဖေ။ ခုလို ထူးထူးဆန်းဆန်း မကြုံဖူးဘူး။ ကျုပ်တို့ စိတ်စွဲတာ သွေးလန့်တာကြောင့်တော့ မဟုတ်ဘူးအဖေ။ အဖေ ဘယ်လိုလုပ်မလဲ”

“လာကွာ ကဲ ပြန်မယ်၊ တဲရောက်မှ တိုင်ပင်ကြမယ်”

ဦးအိုက်စံတို့ ရောက်ရှိနေသောနေရာမှာ တောင်ပိုင်ကုန်းတဲနှင့် ဝါး လေးငါးပြန်မျှ ဝေးသော နေရာ။ သည်နေရာသို့ ညစဉ်ညတိုင်း လာ၍ အရိုအသေပြု၊ မီးထွန်းကန်တော့၊ မေတ္တာပို့၊ အမျှဝေလေ့ရှိသည်။

တောင်ပိုင်ကုန်းနှင့် ဦးအိုက်စံတို့ ဝါးခုတ်တဲမှာ မိုးပေါရွာမှ ကျိုက်ထီးရိုးလမ်းအတိုင်း သက်ကယ်တောင် (သက်ငယ်တောင်) သို့ သွားသော ဘုရားဖူးလမ်းနှင့် ဝါးအပြန် ထောင် ကိုးရာခန့် ဝေးသောနေရာ။

အချိန်မှာ လွန်ခဲ့သော အနှစ်တစ်ရာဝန်းကျင်၊ အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို အုပ်ချုပ်သော အချိန်ဖြစ်ရာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း၊ လူဦးရေ ထူထပ်များပြားမှု ယခုကဲ့သို့ မရှိသေးခြင်းကြောင့် ထိုနေရာမျှသာမက တစ်တောလုံး၊ တစ်တောင်လုံး၊ တစ်နယ်လုံး၊ တစ်နိုင်ငံလုံး သစ်ကြီးဝါးကြီးများ ပေါများထူထပ် မှိုင်းညို့ညိုညို။

သစ်ကြီးဝါးကြီး မျိုးစုံတို့ ထူထပ်သိပ်သည်းစွာ ပေါက်ရောက်သကဲ့သို့ ပင်ပု၊ ပင်ပျပ်၊ ချုံနွယ်၊ ချုံပုတ်၊ ချုံတန်းတို့မှာ လမ်းထွင်သွားရသည်အထိ တောရိပ် တောင်ရိပ် နေရိပ် မြေရိပ် မိုးရိပ် စိမ့်ရိပ် စမ်းရိပ်ကြောင့် ထူထူထပ်ထပ် သိပ်သိပ်သည်းသည်း။

တောကြီးမြိုင်အသွင်ဖြစ်ရာ တောဆင်ရိုင်းအုပ်များ၊ ကျားများ၊ ကျားသစ်များ၊ ဝက်ဝံများ၊ တောခွေးများ၊ စိုင်၊ ပြောင်၊ ဆတ်၊ ဒရယ်က ချေ၊ သမင်အစ တောကြက်များ၊ ဒေါင်းများ၊ ရစ်များ၊ မျောက်များက အင်နှင့် အားနှင့် အုပ်နှင့် အများအပြား။

ဦးအိုက်စံတို့သည် ကာလသား လူပျိုပေါက်ဘဝကတည်းက သစ်ခုတ် ဝါးခုတ် တက်ခဲ့ကြသူများ။ ထိုစဉ်ကတော့ ရွာကာလသားအုပ်စုနှင့် လူလတ်များကို အုပ်စုဖွဲ့၊ အကြီးအကဲ သုံးလေးယောက် ခေါင်းဆောင်တင်ကာ လူအုပ်စုဖြင့် တောဝင် တောင်တက်ခဲ့ကြရာ သာမန်ရန်ဘေးကို အာရုံမစိုက်။

ယခုဘဝက ကြွေးတင်ကျွန်ဖြစ်၊ နေမထူး သေမထူး လာခဲ့ရသော ဘဝ၊ မထူးဇာတ်ဆင်ရသော ဘဝ။

ကြွေး။

ကြွေးထက် ကြောက်စရာကောင်းသော ရောဂါမရှိ။ မျိုးပြန်ပေးကြွေး၊ ပင်ထောင်ကြွေးငွေ၊ တိုးကြွေး၊ စားကြွေး၊ ကြွေး ပေါင်းစုံက နှိပ်စက်သောအခါ ဦးအိုက်စံ မွဲမှ မွဲ။

ချစ်တီးကုလားက လယ်မြေများကို သိမ်းသည်။ ဗမာကြွေးရှင်က နွားကို သိမ်းသည်။ အနိုင်ရ တရုတ်ကြွေးရှင်က အိမ်နှင့်ဝင်းကို မောင်းထု လေလံပစ် သိမ်းသည်။

ဇနီးဖြစ်သူမှာ သွေးသားနုနု၊ ကလေးငယ်ငယ်နှင့် ကျန်ရစ်သည်။ မီးတွင်း (ကလေးမွေးပြီး ခုနစ်ရက်အတွင်း) မှာပင်လျှင် သွေးလန့် သေသွားရာ ဦးအိုက်စံတို့ လေးဦးသာ ဝဋ်ဆင်းရဲခံဖို့ လောက ကျန်ရစ်သည်။

ဦးအိုက်စံ လျော့သလားမေး မလျော့၊ ရွာအပြင် ဖုန်းဆိုးတောနေရာကို သူကြီးမင်းထံ အသနားခံ ဝင်းသတ်မှတ် ရပ်ရွာက ကူညီဆောက်ပေးသော တဲမှာနေ၍ ဘဝတိုက်ပွဲခွင်အသစ်ကို စံတင်သည်။ သားသုံးဦးကိုလည်း အားပေးသည်။

“ကြွေးထက်ဆိုးတဲ့ရောဂါ မရှိဘူး သားတို့၊ ကြွေး ယူတယ်ဆိုတာ ကိုယ်ပိုင်ဂုဏ်သိက္ခာနဲ့ ကိုယ်ပိုင် တန်ဖိုးကို ကိုယ်တိုင် ချပစ်လိုက်ရတာပဲ။ ရတာကိုယ် ပြည့်ပြည့်ဝဝ မစားရဘဲနဲ့ ကြွေးရှင် ရှာကျွေးနေရတာပဲ။ မသေချာတဲ့ လယ်လုပ်ငန်းကို အယုံကြီးယုံပြီး အဖေ ပုံအောမိတာ အဖေ့ အမှားပဲ”

ဦးအိုက်စံ ပြောသည်မှာ မှန်မှမှန်။

ကျွဲလို နွားလို အဆင်းရဲခံနိုင်သော အိုက်စံ၊ အလုပ်ကို နေပူမိုးရွာ မရွေး လုပ်ကိုင်နိုင်သော အိုက်စံ၊ လယ်ယာ လုပ်သက်ရင့် အိုက်စံ၊ ခြိုးခြံ ချွေတာသော အိုက်စံ၊ အချိန်နှင့် တစ်ပြေးညီ လုပ်လေ့ရှိသော အိုက်စံ။

ဘာ လွဲစရာ ရှိပါသလဲ။
ဘာ မွဲစရာ ရှိပါသလဲ။
ဘာ ခက်စရာ ရှိပါသလဲ။
ဘာ ဘဝပျက်စရာ ရှိပါသလဲ။
သူ့ကိုယ်သူ အိုက်စံ ယုံယုံကြည်ကြည်။
မိုးများလွန်းသောအခါ သူမတတ်နိုင်။
မိုးနည်းလွန်းသောအခါ သူမတတ်နိုင်။
မိုးကျသွားသောအခါ သူမတတ်နိုင်။
စပါးပန်းပွင့်ချိန် လေသရမ်းသောအခါ သူမတတ်နိုင်။
စပါးဈေး မကောင်းသောအခါ သူမတတ်နိုင်။
စပါးဈေး ကောင်းပြီး စပါးအထွက် မကောင်းသောအခါ သူ မတတ်နိုင်။

(အင်္ဂလိပ်ခေတ်က သိပ္ပံနည်းကျ စိုက်ပျိုးရေး မထွန်းကား၊ ပိုးသတ်ဆေး ဓာတ်မြေဩဇာသုံးစွဲမှု မထွန်းကား။ သမားရိုးကျ သဘာဝမိုးရေနှင့် သမားရိုးကျ နည်းသာ သုံးစွဲရပါသည်။ စကားချပ်။

ကြွေးသည် ဆပ်နိုင်ချိန်၌ ပြဿနာကြီးမဟုတ်။ မီးကြွင်းထက်ဆိုးသော ကြွေးကြွင်းသည် ဝင်ရောက်စက ကင်ဆာဖြစ်ပွားစ သန္ဓေသဖွယ် မသိမသာ။ သိသာလာသော အချိန်တွင် တားဆီးမနိုင်သလို ဖြစ်ခဲ့ရသည်။

အိုက်စံ မိန်းမနှင့် ကလေးအငယ်ကလေးသေ ဘဝပျက်၊ ရွာပြင်ရောက်ရာမှ ရိုးသားဖြောင့်မတ်စွာဖြင့် ကြိုးကြိုးစားစား လုပ်စားသည်။ သစ်ခုတ်၊ ဝါးခုတ်၊ ပရဆေးရှာ၊ တောင်ပိုင်ကြီးကုန်းမှာ တဲတစ်လုံး သပ်သပ်ရပ်ရပ် ဆောက်၍ လာလိုက် ပြန်လိုက်၊ ပြန်လိုက် လာလိုက် လုပ်ခဲ့ရာ ဘာမှ မထူးခြား။

အိုက်စံတို့ကလည်း မိရိုးဖလာ အရိုအသေ အတင်အမြှောက် စားဦးစားဖျားတင်၊ ကန်တော့ဝတ်ပြု မပျက်ကွက်ခဲ့။

ယနေ့ညလည်း တောင်ပိုင်ကြီးကုန်းရှိ ပိတောက်ပင်ကြီးအောက်တွင် မြေဆီမီးခွက် သုံးခွက်ချ၊ ချည်ဆံမှ ချည်ဖြင့် ကျစ်ထားသော မီးစာကြိုး ထည့်၊ ဆီဖြည့်ကာ ဆီမီးပူဇော်၊ ဘုရားဝတ်ပြု၊ မေတ္တာပို့ အမျှဝေပြီးချိန်၌ ယခုအသံမျိုး ကြားရသည်။

ဘာဆက်လုပ်ရမလဲ။

အဓိက စဉ်းစားရသူက ဦးအိုက်စံ။ သူ ဆုံးဖြတ်သမျှကို သားတို့က ငြင်းပယ်လေ့မရှိ။ ငြင်းပယ်လေ့ မရှိသော သားသုံးဦး၏ ဘဝကံကြမ္မာကိုရော၊ သူ့ ဘဝကံကြမ္မာကိုရော မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ရန် ဦးအိုက်စံ စဉ်းစားသည်မှာ အပြန်ပြန် အလှန်လှန်။

သည်အသံကြားတာနှင့် ပြန်ရရိုးလား။
အမှောင့်ပယောဂအသံများ ဖြစ်နေမလား။
သည်အသံ ကြားလျက်နှင့် မပြန်ဘူးလား။

စောင့်ရှောက်နေသူတို့၏ သတိပေးသံ ဖြစ်ခဲ့ပါက နားမထောင်ခဲ့လျှင် ဘေးကြီးတန်ကြီး ဖြစ်နိုင်သည်။

တဲသို့ပြန်သောအချိန်နှင့် တဲရောက်၍ စုတိုင်ပင်ချိန်သည် ဆယ့်ငါးမိနစ်လောက်သာ ကြာမည်။ အဖြေရသည်။

“လာနေပြီ… လာနေပြီ၊ ပြေး… ပြေး၊ ဪ… ဒုက္ခ၊ ဒုက္ခ… ဒုက္ခ”

ဦးအိုက်စံတို့ အဖြေက တစ်ယောက်ကို ဝါးခုတ်ဓား တစ်ချောင်းကိုင်၍ မိုးပေါရွာလမ်းအတိုင်း ဒုန်းပြေးရေး။ လဲကျ နောက်ကျသူကို တွဲထူကူမ ဖေးကူခေါ်ရေး။

တဲအပြင်ထွက်ပြီး လမ်းမကြီးရှိရာကို လေးဦးစလုံး ဒုန်းပြေးသည်။

ညလရောင်၊ ကြယ်ရောင်နှင့် သွားနေကျလမ်းဖြစ်၍ ပြေးရာ၌ အခက်အခဲ မရှိ။ ချောချောမောမော ပြေးရသည်။

သူတို့ ပြေးရာဆီသို့ ကျွီခနဲအသံပေး၍ မီးရထားခေါင်းကြီးကဲ့သို့ တစ်ဟုန်ထိုး လိုက်လာသော စွယ်စုံဆင်ကြီး တစ်ကောင်။

ဆင်ကြီးသည် သစ်တော ဝါးတော ချုံတောများကို ဇွတ်တိုးဇွတ်ဖြတ်ကာ၊ ဒေါသတကြီးဖြင့် အားကုန်အင်ကုန် လိုက်လာသည်။

ထိုဆင်ကြီးသည် နာမည်ကျော် လူသတ်သမား ဆင်ကြီး။ လူပေါင်း မြောက်မြားစွာကို သတ်ဖြတ်နင်းခြေခဲ့သော ဆင်ဆိုးကြီး။

ဆင်ဆိုးကြီး၏အမည်မှာ ကြော့မှူး။ ဆင်ဆိုးကြီး ကြော့မှူးကို ပစ်ခတ်နှိမ်နင်းရန် ရှာသူက တရကြမ်းရှာဖွေနေဆဲ ဆင်ဆိုးကြော့မှူးကြီးသည် သေကံမရောက်သေး၍ အသက်မပျောက်သေး။

ပစ်ခတ်ရေးအဖွဲ့က ရှာသောနေရာနှင့် သူရောက်နေသောနေရာ မတိုက်ဆိုင်သေး၍ ဆင်ဆိုးကြီး ကြော့မှူး ကံကောင်းနေသေးသည်။

ကံဆိုးသော သူများမှာ ဦးအိုက်စံတို့ သားအဖ လေးယောက်။ သားအဖ ညီအစ်ကို ဟူသော အသိအရ တစ်ဦးကို တစ်ဦး ပစ်မပြေး၊ ဆင်ဆိုးကြီး ကြော့မှူးက ပထမဦးဆုံး မောင်ငယ်အား နှာမောင်းဖြင့်ဖမ်း၊ ကိုင်ပေါက် ချိုးခြေကတည်းက တတ်နိုင်သမျှ ခုခံခဲ့ကြသေးသည်။ သို့ရာတွင် ဆင်အင်အားကို ဟန့်တားနိုင်မည့် လက်နက်မပါ။

ဆင်အင်အားကို လူ အင်အားက မယှဉ်ပြိုင်နိုင်သောအခါ သားအဖလေးဦးစလုံး ကိုင်ပေါက် ခံရ၊ နင်းခြေခံရ၊ အစွယ်ဖြင့် ထိုးသတ်ခံလိုက်ရ၍ မရှုမလှ သေခဲ့ရ၏။

လေးယောက်သော လူတို့၏ အလောင်းကို နင်းခြေပြီးသောအခါ ဆင်ဆိုးကြီးကြော့မှူးက ဒေါသတကြီး အော်ဟစ်မြည်နေသည်။

ညဥ့်ငှက်တို့ လန့်ပျံပြေးသည်။ လရောက်အောက်၌ လူသတ်သမား ဆင်ဆိုးကြီးကြော့မှူးနှင့် သွေးသံရဲရဲ ကျိုးကြေ ခေါက်တွန့်လိမ်နေသည့် အလောင်းလေးလောင်း။

(၂)

“သေကုန်တော့မှာပဲ၊ သေကုန်တော့မှာပဲ”

“လိုက်ဗျို့၊ ဒုန်းပြေးလိုက်၊ မီတော့ မီကောင်းပါရဲ့”

“ရှေ့က ဘုန်းကြီးဗျ။ နောက်က သပိတ်လွယ်နဲ့လူ၊ ဘုန်းကြီးကို အရင်သတ်ပြီး နောက်က သပိတ်လွယ်နဲ့လူ သတ်လောက်တယ်”

“ဘုန်းတော်ကြီးကိုရော၊ နောက်ကလူကိုရော၊ ဆင်ဆိုးကြီးကြော့မှူး သောင်းကျန်းနေတာ၊ လျှောက်သင့် ပြောသင့်တာပဲဗျာ၊ ခုတော့ လူဝတ်ကြောင်သာမက ဘုန်းတော်ကြီးပါ ကြားထဲက ပျံလွန်တော်မူမှာတော့ လူကြားမကောင်းဘူး”

“လိုက်ဗျို့ လိုက် လိုက်။ ဘုန်းတော်ကြီးဆီ ဆင်ကြော့မှူး မရောက်ခင် လိုက် … လိုက်”

“လိုက်တာတော့ လိုက်ရမှာပေါ့ဗျာ။ ဆင်ခြေလှမ်းနဲ့ လူခြေလှမ်းဆိုတော့ မျှော်လင့်စရာ မရှိပါဘူး။ အရှုံးထဲက အမြတ်ထုတ်ရမှာက ဘုန်းတော်ကြီးနဲ့ လူသတ်ပြီးရင် ဒေါသတကြီးနဲ့ ကျွန်တော်တို့အဖွဲ့ကို ဆက် သတ်ဖို့ ကြော့မှူးကြီးက လုပ်လာမှာပဲ။ အဲဒီအချိန်မှာ မုဆိုးငယက အပိုင်ပစ်ဖို့ လိုတာပါပဲ”

“ငယနဲ့ ထိပ်တိုက်တွေ့ ရင် ကြော့မှူး အစပြတ်ပါပြီ။ လိုက်ဗျို့ … လိုက်”

ဆင်ဆိုးကြီးကြော့မှူးကို ပစ်ခတ်နှိမ်နင်းရန် လိုက်လာသောအဖွဲ့မှာ မုဆိုးငယနှင့် အင်္ဂလိပ်လူမျိုး ကပ္ပတိန်သောမတ်၊ အခြား လက်နက်ကိုင်နှစ်ယောက်၊ သူတို့လေးယောက်အဖွဲ့မှာ အမဲကြီးပစ် သေနတ် လေးလက် ပါသည်။ ဒေသခံ လမ်းပြမုဆိုးတို့ ပါသည်။

သူတို့ လိုက်လာဆဲမှာပင်လျှင် မိုးပေါရွာမှ သက်ကယ်တောင် (သက်ငယ်တောင်)ကို သွားရောက်ရာ ကျိုက်ထီးရိုးလမ်းအတိုင်း ရှေ့က ဘုန်းတော်ကြီး တစ်ပါးသည် ဝန်းကျင်ဝဲယာ ငဲ့စောင့်မကြည့်ဘဲ ရှေ့တူရူ ကြည့်ကာ ကြွချီနေသည်။ နောက်မှ ဒါယကာတစ်ယောက်ကလည်း သပိတ်လွယ်ကာ ခြေလှမ်း မှန်မှန်ဖြင့် လိုက်ပါနေသည်။

မုဆိုးငယတို့ အဖွဲ့ကို ကပ္ပတိန်မစ္စတာသောမတ်က ဦးဆောင်ပြီး ဆင်ဆိုးကြီးအား ပစ်ခတ်ရန် တောကြမ်းနင်း လိုက်လာသည်။ ထိုစဉ် ဘုန်းတော်ကြီးတို့ နှစ်ယောက်၏ လေအောက် တောင်ကုန်းပေါ်တွင် ဆင်ဆိုးကြီးကို အဝေးမှ မြင်နေရသည်။ တောင်ကုန်းနှင့် ဘုန်းတော်ကြီးတို့ သွားနေသော လမ်းကြားတွင် ချိုင့်ဝှမ်း၊ လွင်ပြင်ရှိသည်။ သာမန်နား၊ သာမန်မျက် ရှိသူဆိုလျှင် ဆင်ဆိုးကြီးက နှာမောင်းမြှောက်၊ အနံ့ခံကာ ဝမ်းခေါင်းသံပါအောင် တိုက်ပွဲခေါ်သံပေးနေသည့် ကျွီ ကျီ ကျွီ ဟူသော အသံတို့ကို ကြားနိုင်လောက်သည်။

ယခု ဘုန်းတော်ကြီးနှင့် လူမှာ ဤ တောသံတောင်သံလိုဏ်ခတ်အောင် ဟစ်အော်နေသည့် ဆင်ဆိုးကြီး၏ အသံကို ကြားရဟန်မရှိ။

ထို့အတူ မုဆိုးငယတို့ အဖွဲ့ က အသံပြာအောင် အော်ဟစ်သတိပေးသည်ကိုလည်း ကြားရဟန်မရှိ။

သူတို့နှစ်ဦးက မကြားသိသော်လည်း ဆင်ဆိုးကြီးက လေတင် လေအောက် လေကြောအလိုက် လွင့်ပျံလာသော ငယတို့အသံကို ကြားဟန်ရှိသည်။ သူ့ကို စိန်ခေါ်သံ၊ ရန်ပြုသံဟု ယူဆ၍လားမသိ။ ဒေါသတကြီးဖြင့် တောင်ကုန်းထိပ်ပေါ်မှ ချိုင့်ဝှမ်းလွင်ပြင်ဆီသို့ ဒုန်းပြေးဆင်းလာသည်။ ချိုင့်ဝှမ်းလွင်ပြင်ရှိ အချို့နေရာများ၌ ဆင်ဆိုးကြီး ခန္ဓာကိုယ်ကို လုံခြုံအောင် ဖုံးကွယ်ပေးနိုင်သည့် ချုံနွယ်ပိတ်ပေါင်း မရှိ။

အစွယ်ကားကား၊ တုတ်တုတ်ခိုင်ခိုင်၊ မြင့်မြင့်မားမား ဆင်ကြီး၏ တစ်ဟုန်ထိုး ပြေးလာဟန်မှာ ထိတ်လန့်ကြောက်ရွံ့စရာ၊ ချောက်ချား တုန်လှုပ်စရာ။

လှမ်းပစ်၍လည်း မီနိုင်သော ပစ်ကွင်း မဟုတ်။ ချောက်လှန့် အသံပေးလိုက်ပါကလည်း ပစ်ကွင်းရောက် သားကောင်သည် ခြေရာဖျောက်ပြီး မျက်ကွယ် နေရာရောက်မှ ရွာဖျက် လူသတ် ပိုမိုသောင်းကျန်း က မုဆိုးငယတို့ ပယောဂပါမည်။

အရေးပေါ် အခြေအနေအရ ထိပ်တိုက် ရင်ဆိုင် ပစ်ခတ်မှသာ ရတောင့်ရခဲ အခွင့်အရေးတစ်ခု မဆုံးရှုံးဘဲ ရှိလိမ့်မည်။

ဘယ်အခြေအနေရောက်ရောက် သည်မျှ ရန်လို ရက်စက်သော ဆင်ရိုင်းကြီးကြော့မှူးကို အသေပစ် မသတ်၍ မရတော့။ မျက်ခြည်ပြတ်၍ အခြားနယ် ရွှေ့သွားပါက လူသတ်လူနင်းမှု ယခုထက် ပိုလာမည်။ အဆများစွာ။

ဆင်ဆိုးကြီးကြော့မှူးသည် နှာမောင်းကို လေမှာမြှောက်၍ အနံ့ခံကြည့်သည်။ သူ၏ အနံ့ခံအာရုံ၌ လူသားရနံ့ကို တိတိကျကျ ရရှိသည်။

ထိုလူသားသည် သူ၏ လေအထက်၌ ရှိကြောင်း ဗီဇသိဖြင့် သိလာရာ လူသားရှိနေသည့် ကျိုက်ထီးရိုး ဘုရားဖူးလမ်းဆီသို့ ဦးတည်ဒုန်းပြေးလာ၏။

ဘုန်းတော်ကြီးသည် ရှေ့မှသွားမြဲ သွားနေ၏။ ကြွချီမြဲကြွချီနေ၏။ ဆင်အော်သံ၊ ဆင်တောတိုးသံကိုလည်း အာရုံမပြု။ နောက်မှ သပိတ်လွယ် လိုက်ပါလာသော လူသည်လည်း ဆင်အော်သံ၊ ဆင်တောတိုးသံကို ဂရုမထားပါ။ အလွန်ဆုံး မကြာမီ မိနစ်ပိုင်းအတွင်း၌ပင်လျှင် လူသတ်သမား ဆင်ဆိုးကြီးနှင့် ဘုန်းတော်ကြီးတို့ ထိပ်တိုက်ရင်ဆိုင်တွေ့ တော့မည်။

အဝေးမှ သတိပြုသော ဆင်ပစ်ရန် လိုက်လာသည့် ငယတို့အဖွဲ့က ဆင်ဆိုးကြီးကိုလည်း မြင်သည်။ ဘုန်းတော်ကြီးနှင့် လူကိုလည်းမြင်သည်။ ဘာမှ သတိမပြုဘဲ ရှေ့သို့ စိုက်စိုက် စိုက်စိုက်နှင့် သွားနေသော ဘုန်းတော်ကြီးနှင့် နောက်က သပိတ်လွယ်လူဝတ်ကြောင်တို့မှာ သာမန်သတိ၊ သာမန်နားသာ ထားပါက အော်ဟစ် သတိပေးသံကို ကြားနိုင်လောက်သည်။

သူတို့က မကြားသော်လည်း ဆင်ဆိုးကြီးက ကြားဟန်ရှိသည်။ ကျီ… ကျီ… ခနဲ တောတုန်ခမန်း ဒေါသတကြီး ဟစ်အော်အသံပေးသည်။ ငယတို့အဖွဲ့ကလည်း သံကုန်အော်သည်။

“ဘုန်းကြီးဘုရား… လူသတ်ဆင်ကြီး လာနေပါတယ်၊ နောက်ပြန်ပြေးခဲ့ပါ ဘုရား”

“သပိတ်လွယ်လူ… ဟိတ်လူ… ဟိတ်လူ၊ လူသတ်ဆင်ကြီး လာနေတယ်။ ကျုပ်တို့ဘက် နောက်ပြန်ပြေးခဲ့။ ဘုန်းကြီးလည်း ခေါ်ခဲ့။ ဆင်ပစ်မယ့် မုဆိုးငယနဲ့ အင်္ဂလိပ်ဘိုကြီး ပါတယ်။ ကျုပ်တို့ဆီ ပြန်ပြေးခဲ့။ ဆင်ဆိုးကြီး လာနေပြီ။ တရကြမ်း လာနေပြီ”

မုဆိုးငယအဖွဲ့မှ လူများက လှမ်းအော်သည်အသံကုန် အော်ပြောလည်း ဒုန်းပြေးလိုက်နေရာ သုံးပွင့်ဆိုင် နီးသည်ထက် နီးနီးလာသည်။

ဘုန်းတော်ကြီးနှင့် သပိတ်လွယ်ထားသော နောက်ကလူ။

ဘုန်းတော်ကြီး ရှိရာသို့ တစ်ဟုန်ထိုး ပြေးလာနေသောဆင်။

မီလုလု အနေအထား ရောက်လာသဖြင့် အားတက်သရောဖြစ်ကာ အော်အော်ဟစ်ဟစ် ပြေးပြေးလွှားလွှား တက်လာသူ မုဆိုးငယအဖွဲ့။

မုဆိုးငယသည် ယခုပွဲ၌ တိမ်း၍ ချော်၍ သတိမေ့၍ လက်လွှတ်သွားသည်ဟု လုံးဝ အဖြစ်မခံနိုင်သောသူ။

ငယကို သူ၏ မင်းကြီးက အထူးအမိန့် ချထားသည်။

“လူကလေး ငယ (Nga Ya)”

“ဘုရား”

“လူကလေး ငယ (Nga Ya) ကို သခင်ကြီး ဘာကြောင့် ပုလိပ်အဖွဲ့ထဲ ခေါ်သွင်းခဲ့သလဲ”

ပုလိပ်မင်းကြီး မစ္စတာစမစ်က ကုလားထိုင်ပေါ် ခံ့ခံ့ညားညား ထိုင်နေရာမှ မေး၏။ ပုလိပ်သား ငယက သတိအနေအထားဖြင့် ဖြေဆိုရ၏။

“ဘုရား ကျွန်တော်မျိုးကြီး ငယ၏ အဖေမှာ သခင်မင်းကြီးများ တောပစ်ထွက်ရာတွင် လမ်းပြကူညီလေ့ရှိခြင်း၊ ဘုရားကျွန်တော်မျိုးကြီးက သခင်ကြီး တောပစ်ထွက်စဉ်က အသက်ကို ကယ်ဆယ်ခဲ့ဖူးခြင်း၊ တောပစ်ကျွမ်းကျင်ခြင်းတို့ကြောင့် ခန့်ထားခဲ့ကြောင်းပါ ဘုရား”

“(All Right) အော်လ်ရိုက်လူကလေး ငယ (Nga Ya) ၊ အခုလည်း ဆင်ဆိုးကြီးကြော့မှူးဟာ လူတွေအများအပြား သတ်နေလို့ သခင်ကြီးတို့ ပုလိပ်အဖွဲ့ကိုရော၊ စစ်တပ်ကိုရော အကူအညီတောင်းနေတယ်။ လူကလေး လိုက်သွား ပစ်ခတ်နှိမ်နင်းပေးပါ။ အဖွဲ့ကို ကပ္ပတိန်သောမတ်က ဦးဆောင်မယ်။ ကပ္ပတိန်သောမတ်ရဲ့အမိန့်နာခံပြီး အောင်မြင်အောင် ဆောင်ရွက်ပါ။ အောင်မြင်လာရင် လူကလေးကို သခင်ကြီး သီးသန့် ဆုချီးမြှင့်မယ်။ လူကလေး ပျက်ကွက်လို့ မအောင်မြင်ရင် အရေးယူမယ်”

သူ့မင်းကြီး၏ တစ်ချက်လွှတ်အမိန့်ကြောင့် မုဆိုးငယသည် ပစ်ကွင်းရောက်လာတော့မည့် ဆင်ဆိုးကြီး ကြော့မှူးကို အရအမိ ပစ်ခတ်ရန် ရှေ့သို့ အပြေးတက်လာသည်။

ကျိုက်ထီးရိုးသွား လမ်းကြောင်းပေါ် ရောက်ရှိလာသော ဆင်ကြီးကြော့မှူးသည် သူ့နှာမောင်းကို လိပ်ပြေးလာရာမှ နှာမောင်းပြန်ချပြီး ကျီခနဲ မြည်ကာ ရှေ့ဆုံးမှသွားနေသော ဘုန်းတော်ကြီးကို သတ်ဖြတ်ရန် ဒေါသတကြီး ပြေးလာနေ၏။

ဤမျှ ခန္ဓာကိုယ်ကြီးမား၍ တာတုန်ခမန်း မြည်လာသော ဆင်ဆိုးကြီးကြော့မှူးကို အာရုံမသွင်းဘဲ လူတစ်ကမ်း ဆင်တစ်ကမ်း နီးကပ်ချိန်ရောက်မှ ရှေ့ကသွားနေသူ ဘုန်းတော်ကြီးက ရပ်၏။ ဘုန်းတော်ကြီး ရပ်သောအခါ သပိတ်လွယ်လိုက်ပါသူလည်း ရပ်​၏။

ဆင်ဆိုးကြီးကြော့မှူးသည် မာန်ဟုန်ကြီးစွာဖြင့် ဘုန်းတော်ကြီးကို သတ်ဖြတ်ရန် ရှေ့သို့ တစ်လှမ်းတက်စဉ်…

“ကျီ… ကျီ… ကျီ… ကျီ… ကျီ”

ဟု အသံပြာခမန်း အဆက်မပြတ် အော်ဟစ်သည်မှာ မရပ်မနား။ အသံကုန်အော်ပြီးနောက် ဘုန်းတော် ကြီးရှေ့ အရောက်သွားသည်။

မလှုပ်မယှက်၊ တည်ကြည်ငြိမ်သက်စွာ ရပ်တန့်နေသော ဘုန်းတော်ကြီးရှေ့ ရောက်လျှင်ရောက်ချင်း ပုဆစ်ဒူးတုပ်သည်။ ပြင်းထန်စွာ အော်ဟစ် မြည်ကြွေးပြီး နှာမောင်းကြီးဖြင့် ရှိခိုးဦးချသကဲ့သို့ အကြိမ်ကြိမ် ပြုလုပ်၏။ နားရွက်ကြီးနှစ်ဖက် တဖျပ်ဖျပ်ခတ်ကာ မျက်ရည်များ တပေါက်ပေါက် ကျနေ၏။

ဘုန်းတော်ကြီးရှေ့တွင် မျက်ရည်များ အဆက်မပြတ်ကျ ဝမ်းနည်းကြေကွဲစွာ အော်ဟစ်ငိုယို၍ တိုင်တည်လျှောက်ကြားသကဲ့သို့ အဆက်မပြတ် အော်မြည်နေသော ဆင်ဆိုးကြီးကြော့မှူးကို မုဆိုးငယတို့ အဖွဲ့က အမဲကြီးပစ်သေနတ် လေးလက်ဖြင့် ဝိုင်းချိန် ဝိုင်းပတ်မိသည်။

ဘုန်းတော်ကြီးသည် တည်တည်ငြိမ်ငြိမ်၊ မလှုပ်မယှက်။

ဆင်ဆိုး လူသတ်ကောင်ကြီး ကြော့မှူးသည် အမဲကြီးပစ် သေနတ်လေးလက် ဝိုင်းချိန်ထားသော လူစိမ်းအဖွဲ့ နောက်မှရောက်ရှိလာသည့်တိုင် ရန်သတ္တရု မပြု။

သူ့ဘဝဖြစ်ရပ်ကို ဘုန်းတော်ကြီးအား အားကိုးတကြီး တိုင်တည်လျှောက်ထားနေသကဲ့သို့ အဆက်မပြတ် အော်မြည်လျက် ပုဆစ်ဒူးတုပ်ကာ ရှိခိုးကန်တော့သကဲ့သို့ နှာမောင်းကြီးအား တင်ချည် မြှောက်ချည် မချည် ချချည် ပြုလုပ်နေ၏။

မုဆိုးငယတို့သည် လူသတ်ကောင် ဆင်ဆိုးကြီး ကြော့မှူးကို ပစ်ခွင့်ကြုံခဲ့ရပါ၏။ သို့ရာတွင် ပစ်ခွင့်ကြုံလျက် မပစ်ဖြစ်ခဲ့။

ဘုန်းတော်ကြီးက တရားကို တိုတိုတုတ်တုတ် ခေတ္တမျှဟော၊ မေတ္တာပို့သကာ သွားခွင့်ပြုလိုက်မှ ဦးချကန်တော့သကဲ့သို့ ဆင်ဆိုး လူသတ်ကောင်ကြီးကြော့မှူးက ကန်တော့ပြီးမှ မျက်ရည်ဖြိုင်ဖြိုင် ယိုစီးကာ တောနက်ထဲသို့ ဝင်ရောက်သွားသည်။

လူမျိုးခြား ဘာသာခြား အဖွဲ့ခေါင်းဆောင် ကပ္ပတိန်က ဘုန်းတော်ကြီးကို အကြိမ်ကြိမ် အလေးပြုသည်။ မုဆိုးငယတို့ တစ်ဖွဲ့လုံးက ရိုသေစွာ ရှိခိုးကန်တော့လိုက်ကြသည်။

ဘုန်းတော်ကြီးမှာ ဣန္ဒြေတည်တည်ငြိမ်ငြိမ်၊ အေးအေးဆေးဆေး။

သပိတ်လွယ်သော သူမှာလည်း တည်တည်ကြည်ကြည် အေးအေး ဆေးဆေး။

မုဆိုးငယတို့ အဖွဲ့မှာ သူတို့ကို ကြည့်၍ တအံ့တသြ။

ပစ်ခွင့်ကြုံလျက် မုဆိုးငယတို့ မပစ်ခဲ့။

မပစ်ခဲ့သော်လည်း ထိုအချိန်မှ စတင်ကာ ဆင်ဆိုး လူသတ်ကောင်ကြီး ကြော့မှူး သတင်းကို လုံးဝ မကြားရတော့။

(အကိုးအကား)

ဆရာကြီး ဓမ္မာစရိယ ဦးဌေးလှိုင်၏ မြန်မာနိုင်ငံ ပဋိပတ်သာသနာဝင် ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ (ပ၊ ဒု၊ တ၊ စ၊ ပေါင်းချုပ်) ၁၉၇၇ ခုနှစ်ထုတ် စာမျက်နှာ ၂၂၁ တွင် ယခုဝတ္ထု ရေးခဲ့သော ဘုန်းတော်ကြီးမှာ ဆရာတော်ကြီး ဘုန်းတော်ကြီး ဦးသီလဖြစ်ကြောင်း၊ ဘုန်းတော်ကြီး ဦးသီလနောက်မှ သပိတ်လွယ် လိုက်ခဲ့သူမှာ ပဲခူးပန်းလှိုင်မှ ဆရာဖိုးလေး ဖြစ်ကြောင်း တိတိကျကျ ဖော်ပြထားပါသည်။ ဘုန်းတော်ကြီး ဦးသီလ၏ ထေရုပ္ပတ္တိကို ဖတ်ရှုကြည်ညိုသဒ္ဓါပွား ပူဇော်လိုပါက ဆရာကြီး ဦးဌေးလှိုင်၏ စာအုပ်၌ ကြည်ညိုဖွယ်ရာ ဖတ်ရှုပူဇော် သဒ္ဓါပွားနိုင်ပါသည်။ အခြားစာအုပ်များ၌လည်း ဘုန်းတော်ကြီး ဦးသီလ၏ သီလ၊ သမာဓိ၊ ပညာ၊ စရဏ ဂုဏ်တော် ဖတ်ရှု ကြည်ညိုနိုင်ပါသည်။ ဆရာကြီး ဓမ္မာစရိယ ဦးဌေးလှိုင်ကို ကျေးဇူးတင်ပါသည်။

– ပြီး –

စာရေးသူ – တွင်းကြီးဝမ်းမောင်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ

Leave a Reply

Your email address will not be published. Required fields are marked *