July 30, 2025
Uncategorized

ပစ်တော့ဝက်

ဗိုလ်လုံ
ပစ်တော့ဝက်

မုဆိုးကြီးများ အမဲလိုက်ရာတွင် တစ်ခါတစ်ရံ ထူးထူးဆန်းဆန်းကိစ္စများ မမျှော်လင့်ဘဲ ပေါ်ပေါက်တတ်ပါသည်။ မိမိပစ်လိုက်သော တောကောင်ကို မရရှိဘဲ အခြားတောကောင်တစ်ကောင်ကို ထူးထူးဆန်းဆန်း ရရှိတတ်ပါသည်။ “ယုန်ထောင်ကြောင်မိ” ဆိုသည့် မုဆိုးစကားပုံကဲ့သို့ မိမိ ရည်ရွယ်သည့်အကောင်ကတစ်မျိုး၊ အမှန်ရရှိသည့်အကောင်ကတစ်မျိုး ဖြစ်နေတတ်ပါသည်။

အောက်ပါ အမဲလိုက်သည့် ဇာတ်လမ်းကလေးသည် ကျောင်းဆရာကြီး ဦးတင်ဦး(ငြိမ်း) ကိုယ်တိုင်ပြောပြသည့် ဇာတ်လမ်းပင် ဖြစ်ပါသည်။ ဆရာဦးတင်ဦးသည် လွန်ခဲ့သော အနှစ်လေးဆယ်နီးပါးက ကျွန်တော်နှင့်အတူ အမဲလိုက်ခဲ့သည့် မုဆိုးကျော်ရောင်းရင်းတစ်ဦးပင် ဖြစ်ပါသည်။

ကျွန်တော်၏မိတ်ဆွေ ရိုးမမုဆိုးကြီး တစ်ဒါဇင်ခန့် ရှိသည့်အနက်မှ တစ်ဦးတည်းသော အသက်ရှင်ကျန်ရှိနေသည့် ရိုးမမုဆိုးကြီးပင် ဖြစ်ပါသည်။

၁၉၅၈-၅၉ ခုနှစ်ခန့်က ဖြစ်ပါသည်။ ဆရာဦးတင်ဦးသည် ပန်းတောင်းမြို့နယ် ဥသျှစ်ပင်ကြီးရွာရှိ အထက်တန်းကျောင်းတွင် ကာယနည်းပညာဆရာအဖြစ် တာဝန်ထမ်းဆောင်နေချိန်ဖြစ်ပါသည်။

ကိုတင်ဦးသည် ကာယဆရာပီပီ ပါးပါးလျားလျား ကျစ်ကျစ်လျစ်လျစ်နှင့် သန်မာဖျတ်လတ်သူ ဖြစ်ပါသည်။ ရုပ်ရည်အားဖြင့်လည်း အသားလပ်လပ်၊ အရပ်ငါးပေကိုးလက်မခန့်ရှိပြီး လူချောလူလှတစ်ယောက်ဟု မဆိုသာလောက်သော်လည်း ယောက်ျားပီသသည့်ရုပ်နှင့် စိတ်နေသဘောထားရှိသူ ဖြစ်ပါသည်။

ဆရာဦးတင်ဦးသည် အသက်အားဖြင့် နှစ်ဆယ်ကျော်ကျော်သာရှိပြီး လူလွတ်လူပျိုတစ်ဦးဖြစ်ပြီး ရပ်ရေးရွာရေးကိစ္စရှိတိုင်း ပါဝင်ဆောင်ရွက်လေ့ရှိသောကြောင့် လူချစ်လူခင်ပေါသူတစ်ဦး ဖြစ်ပါသည်။

ငယ်စဉ်ဆယ်နှစ်သားကျော်ကျော်ကပင် အမဲလိုက်ခြင်းကို အလွန်ဝါသနာပါသဖြင့် တတ်သိသည့် မုဆိုးကြီးများထံတွင် တပည့်ခံကာ သင်ယူထား သောကြောင့် ယခုအချိန်တွင် အတော်အတွေ့ အကြုံရှိသည့် မုဆိုးကျော်တစ်ဦး ဖြစ်ပါသည်။

ဆရာကိုတင်ဦးသည် အခြားအလုပ်မရှိပါက အမဲလိုက်လေ့ရှိပါသည်။ အမဲလိုက်ရန် လာခေါ်ပါက မည်သည့်အခါမျှ ငြင်းလေ့မရှိပါ။

ကောက်ရင်းစပါးများပေါ်ချိန် တစ်နေ့တွင် နယ်ခံမုဆိုးကြီး ဦးအောင်ရင် ရောက်ရှိလာပြီး

“ဆရာကိုတင်ဦးရေ လယ်ကွက်တွေထဲမှာတော့ ဝက်တွေဆင်းနေပြီ။ ဒီအနီးအနားက အင်းဘေးမှာရှိတဲ့ လယ်ကွက်နဲ့ ခပ်ဝေးဝေးမြောင်ကြီးဘက်မှာရှိတဲ့ ကျွန်တော့လယ်ကွက်ထဲမှာလဲ ပါတယ်”

ဟု ပြောရာ ဆရာဦးတင်ဦးက အစီအစဉ်လုပ်ရင်း အဖြေပေးလိုက်ပါသည်။

“ကိုလှမြင့်ဆီမှာ သေနတ်နှစ်လက်ရှိတယ်။ တစ်လက်ကို တောင်းယူခဲ့။ ကျန်တစ်လက်နဲ့ မြောင်ကြီးဘက်ကိုသွားပြီး သူ့ကိုစောင့်ခိုင်း၊ ညနေ ဘောလုံးပွဲပြီးရင် ကျွန်တော်လာခဲ့မယ်”

မြက်စားသည့် သားကောင်များသည် စားပင်သီးပင်နှင့် စားကျက်များသို့ ညဦးပိုင်းနှင့် မိုးလင်းပိုင်းတို့တွင် စားလေ့စားထရှိကြပါသည်။

ကိုတင်ဦးတို့ အဖွဲ့သည် ညနေပိုင်း နေမဝင်မီ ဝက်စားသည့် လယ်ကွင်းအနီးသို့ ရောက်ရှိသွားကြသည်။ သူတို့နေရာယူထားသည့် ကုန်းစောင်းရှိ ဝါးရုံနှင့် လယ်ကွက်နှစ်ကွက်ခန့် ခြားသဖြင့် ပစ်နိုင်သည့် အကွာအဝေးတွင် ရှိနေပါသည်။ နေရာထိုင်ခင်း သီးခြားမလုပ်ဘဲ ဝါးရုံအောက်ကပင် စောင့်နေကြပါသည်။

ကိုတင်ဦးသည် ညနေပိုင်းက ဘောလုံးပွဲတစ်ပွဲကို ကျောင်းသားများအား သင်တန်းပေးရင်း ကစားခဲ့သောကြောင့် ဝါးရုံအောက်တွင် မောမောနှင့် အိပ်ပျော်သွားပါသည်။ ဦးအောင်ရင်က လှုပ်နိုးလိုက်သည့်အချိန်တွင် ညရှစ်နာရီကျော်နေပြီ။

ဝက်သည် လယ်ကွင်းထဲသို့ ရောက်နေသည်မှာ ၁ဝမိနစ်ခန့် ရှိနေပြီ ဖြစ်ပါသည်။ ကံအားလျော်စွာ သူတို့သည် လေအောက်မှ ဖြစ်နေပါသည်။

လယ်ကဇင်းအတိုင်း နှစ်ယောက်သား ဝက်ရှိမည့်နေရာသို့ မှန်းပြီး တဖြည်းဖြည်း ချဉ်းကပ်သွားကြပါသည်။ စပါးပင်များမှာ အတော်မြင့်နေသောကြောင့် ဝက်ကို မမြင်ရပါ။ ထို့ကြောင့်လယ်ကွင်းပေါ်တွင် တစ်ဝက်နီးပါးမိုးနေသည့် ကုက္ကိုပင်ကြီးကို သတိရသဖြင့် အပင်ပေါ်မှတက်ပြီး ပစ်ပါက ပိုပြီးအဆင်ပြေမည်ဟု ယူဆပြီး နောက်ကြောင်းသို့ တဖြည်းဖြည်း ပြန်ဆုတ်လာကြပါသည်။

ကုက္ကိုပင်ကြီးသို့ ရောက်သွားပြီး ဦးအောင်ရင်၏ ပခုံးပေါ်မှ ကိုတင်ဦးသည် ခွသို့ အရောက်တက်လိုက်ပါသည်။ ပါလာသည့် လုံကွင်းတစ်ထည် အပိုတို့ဖြင့် သေနတ်နှင့် ဦးအောင်ရင်ကိုပါ ကုက္ကိုပင်ပေါ်သို့ ဆွဲတင်လိုက်ပါသည်။ လယ်ကွက်ပေါ်သို့ တစ်ဝက်ခန့်မိုးနေသည့်အကိုင်းသည် လက်တစ်ဖက်ခန့်ရှိပြီး တစ်ဆယ့်ငါးပေခန့်အတွင်း အကိုင်းအခက်မရှိပဲ အခေါက်များမှာလည်း လန်နေသောကြောင့် ၃၀ဒီဂရီခန့်ရှိသဖြင့် ခဲခဲယဉ်းယဉ်း တက်သွားကြရာတွင် ဇောချွေးများပင် ပြန်လာပါသည်။

လရောင်မှုန်မှုန်အောက် လယ်ကွင်းကို လေ့လာကြည့်ရှုရာတွင် ဘာမျှမမြင်ရပါ။ လက်နှိပ်ဓာတ်မီးဖြင့် ထိုးကြည့်ရာတွင် ငါးပေခန့် ကွက်လပ်တွင် ဝက်လိုလို မည်းမည်းသဏ္ဌာန်တစ်ခုကို တွေ့ လိုက်ရပါ သည်။

ဦးအောင်ရင်က “ပစ် … ပစ်” ဟု အသံအုပ်ပြီး ပြောလိုက်ရာ ကိုတင်ဦးသည် သေနတ်အကြောင်းကိုသိနေသဖြင့် အတန်ငယ်စဉ်းစားလိုက်ပါသည်။ သေနတ်သည် ပြောင်းကျယ်သောကြောင့် ကျည်ဆန်သည် တည့်တည့်မသွားဘဲ ကန့်လန့်သွားတတ်ပါသည်။ ယုန်ကိုပစ်လျှင် တစ်ခြမ်း၊ ချေကိုပစ်လျှင် တစ်ပိဿာခန့် အသားများ ထွက်သွားတတ်ပါသည်။

ဝက်သည့် ကန့်လန့်အနေအထားတွင်ရှိသော်လည်း ဦးခေါင်းပိုင်းနှင့် အမြီးပိုင်းကို ခွဲခြားပြီး မသိရပါ။ ထို့ကြောင့် ကြာကြာမစဉ်းစားတော့ဘဲ ထိချက်နာမည်ဟု သိနေသဖြင့် အလယ်တည့်တည့်ကို ချိန်ပြီးပစ်လိုက်ပါသည်။

“ဒိုင်း … ”

ဆိုသော သေနတ်သံအပြီး …

“ဝုန်း … ဝုန်း”

နှင့် ဝက်လူးသံနှင့်အတူ စပါးပင်များ လဲကုန်သည် တွေ့လိုက်ရပါသည်။ နောက် တဖြည်းဖြည်း အသံများ ငြိမ်ကျသွားပါသည်။

တက်လာစဉ်က ဇောနှင့်တက်လာသဖြင့် ရောက်လာသည့် ကုက္ကိုပင်မှာ ကိစ္စပြီးသည့်အခါတွင် ပြန်ဆင်းရန် ခက်ခဲနေပါသည်။ ထို့ကြောင့် ဦးအောင်ရင်သည် အနီးရှိ လယ်တဲများမှ လူများကို အော်ခေါ်ပြီး အကူအညီတောင်းလိုက်ပါသည်။

ဦးအောင်ရင်၏ အော်ခေါ်သံကို ကြားလိုက်သည်နှင့် ဝက်သည် ထ၍ ပြေးပါတော့သည်။

အကူအညီရောက်လာသည့် လယ်တဲမှ လူနှစ်ဦးနှင့်အတူ ဝက်ကို ထိထားသည့်နေရာကို သွားကြည့်ရာတွင် သွေးများအလိမ်းလိမ်းဖြစ်နေသည့် စပါးပင်များနှင့်အတူ အသားထစ်တစ်ခုပါ ထွက်ကျနေသည်ကို တွေ့လိုက်ရပါသည်။

လယ်ထဲတွင် တစ်ရေးအိပ်ပြီး ကိုတင်ဦးသည် ကျောင်းတက်ရန်ရှိသဖြင့် ဥသျှစ်ပင်သို့ပြန်လာပြီး ဦးအောင်ရင်အား ကိုလှမြင့်ကိုခေါ်ပြီး ဝက်နောက်သို့ ဆက်လိုက်ရန် မှာခဲ့ပါသည်။

ထိုနေ့ညပိုင်းတွင် ဦးအောင်ရင် ရောက်ရှိလာပြီး

“ဆရာဦးတင်ဦးရေ ဝက်တော့မရလိုက်ဘူး၊ အဲဒီဝက်ပက်လို့ လူတစ်ယောက် ဆေးရုံတင်လိုက်ရတယ်”

ဟုရှင်းပြပြီး ထိုနေ့က သူတို့၏ လုပ်ဆောင်ချက်များကို အသေးစိတ် ပြန်ပြောပြပါသည်။

ထိုနေ့နံနက်က သူတို့အဖွဲ့သည် လူစုပြီး ခွေးများနှင့်အတူ ဝက်နောက်သို့ အနံ့ခံပြီး လိုက်ကြပါသည်။ ခွေးတွေပါနေသောကြောင့် မြန်မြန်သားကောင်နှင့်တွေ့ရန် အနံ့ခံပြီး လိုက်ကြပါသည်။ ကျောက်ကျန် တောင်၊ ချင်းတောင်းကြီးဇောင်း၊ ဘိုးသန့်ရှင်းကုန်း၊ ကိုင်းတောမြောင်တစ်လျှောက် နေ့လယ်ပိုင်းအထိ တောနင်းတောမောင်း ရှာကြသော်လည်း မတွေ့ရပါ။

ဝက်သည် မန်ကျည်းကုန်းမှနေပြီး ဦးမြစိန်မြောင်ဘက်သို့ ရောက်သွားပါသည်။ ဝက်သည် ဘေးတစ်ခြမ်းလုံး ရဲရဲနီပြီး ဒဏ်ရာပြင်းထန်စွာ ရထားသောကြောင့် နှစ်လှမ်း ,သုံးလှမ် လှမ်းလိုက် လဲလိုက် ဖြစ်နေသည်ကို မြင်ရသည်။

ထင်းခုတ်သမားသည် “စားရကံကြုံလို့ မုတ်ဆိတ်ပျားစွဲတာပဲ” ဟု ယူဆပြီး ချုံအကွယ်မှချောင်းကာ ထင်းခုတ်ဓားဖြင့် ဝက်၏ ဦးခေါင်းကို တစ်အားခုတ်ချလိုက်ပါသည်။

ဝက်၊ လူနှင့်ခွေးနှစ်ကောင်တို့ လုံးထွေးသွားကြပါသည်။ လူနှင့် ခွေးနှစ်ကောင်တို့ လဲကျကျန်ခဲ့ပြီး ဝက်ကတော့မြောက်ဖျားက ဖုန်းဆိုးတောထဲသို့ ဝင်သွားပါသည်။

နောက်နေ့သည် ကျောင်းပိတ်ရက်ဖြစ်သဖြင့် ထိုနေ့ညနေပိုင်းမှာပင် ဦးအောင်ရင်နှင့်အတူ ကိုတင်ဦး လိုက်သွားပါသည်။ ကိုလှမြင့်သည် ပြောင်းကျယ် သေနတ်ကို စိန်ညိုထံမှကောင်းသည့် သေနတ်ဖြင့်လဲထားပြီး ဖြစ်ပါသည်။

ထိုနေ့ညနေတွင် မန်းကျည်းကွင်းတွင် စခန်းချကာ ခေတ္တနားပြီး ညစာစားကြပါသည်။ ညဦးပိုင်းတွင် ဦးမြစိန်မြောင်ဘက် ဆက်ထွက်ကြရာ ဦးမြစိန်တဲသို့ ရောက်ကြပါသည်။ ဦးမြစိန်တဲသို့ ရောက်သည့်အခါ သတင်းတစ်ခု ရလိုက်ပါသည်။

ထိုနေ့ညနေစောင်းတွင် မြောင်ဖျားဖုန်းဆိုးတောဘက်မှ အကောင်ကြီးနှစ်ကောင် တိုက်ခိုက်သံများကို ဆူဆူညံညံအတော်ကြာကြာ ကြားရကြောင်း၊ နွားတွေလည်း လန့်ကြကြောင်း၊ မည်သည့်အကောင် မှန်း သေချာစွာမသိရကြောင်း စသည့်သတင်းပင်ဖြစ်ပါသည်

ဦးမြစိန်၏တဲတွင် ခေတ္တနားပြီး ဆက်ထွက်ရာ ကိုင်းတောမြောင်တွင် ကိုလှမြင့် မီးထိုး၍ပစ်ရာ ချေတစ်ကောင်ရပါသည်။ ထိုညတွင်းချင်း မုဆိုးကြီး၏တဲတွင် စခန်းချမည်ဖြစ်သဖြင့် တစ်နာရီခန့်ခရီးကို အပြင်းနှင်သွားကြပါသည်။

ချင်းမုဆိုးကြီး၏ တဲပတ်ဝန်းကျင်တွင် အတားအဆီးများ၊ ထောင်ချောက်များ ရှိတတ်သည်ကို သိနေကြသဖြင့် ခပ်လှမ်းလှမ်းမှ ဦးအောင်ရင်က အသံပြုလိုက်ပါသည်။ ချင်းမုဆိုးကြီးက

“ဝေး … မင်းတို့ အဲဒီမှာပဲရပ်နေ၊ ငါလာခေါ်မယ်။ ဒီမှာ သုတ်ကိုင်းတွေ လေးချက်တွေ ချထားတယ်။ မောင်တင်ဦးကော ပါရဲ့လား “

ဟု ပြောပြောဆိုဆို ကိုယ်တိုင်ဆင်းပြီး လာကြိုပါသည်။

သုတ်ကိုင်းကိုတော့ လူတော်တော်များများ သိကြပါသည်။

“လေးချက်” ကတော့ ဒူးလေးထောင်ချောက်ပင် ဖြစ်ပါသည်။ တောကောင်များ သွားတတ်သည့်နေရာကို ခွာရာဖြင့်တိုင်းပြီး လက်ပြင်ကို မြားချက်ထိစေရန် အဆိပ်ဆူးမြားဖြင့် အနီးကပ်ပစ်သလို ထောင်ထားသည့် ဒူးလေးထောင်ချောက်ဖြစ်ပါသည်။ တောကောင်သည် “လေးချက်” ထိပြီး ဝါးတစ်ရိုက်ခန့်သာ လျှောက်နိုင်ပါသည်။ လဲပါတော့သည်။

တဲပေါ်ရောက်တော့ ချင်းမုဆိုးကြီးက ထိုနေ့ညရှစ်နာရီခန့်က သူ့နွားတစ်ကောင် ကျားကိုက်ခံရ၍ သေသွားကြောင်း ပြောပြပါသည်။

သူတို့ အိပ်ရာဝင်ခါစအချိန်တွင် ခွေးတွေ တကိန်ကိန်အော်ပြီး တဲပေါ်သို့ တက်လာကြောင်း၊ နွားတင်းကုပ်ထဲမှာ နွားများလည်း တဝုန်းဝုန်း ဖြစ်နေကြောင်း၊ မီးတုတ်များထွန်း၊ သံပုံးများတီးပြီး ခြောက်လှန့်ကြကြောင်း၊ လူစုပြီးတုတ်များ၊ ခဲများဖြင့် ပစ်ပေါက်ကာ နွားတင်းကုပ်ထဲသို့ သွားကြည့်ရာ နွားမလေးတစ်ကောင် ပျောက်နေကြောင်းကိုပါ ဆက်လက်ပြောပြပါသည်။

ဝါးသုံးလုံးခန့် သွားကြည့်သည့်အခါတွင် နွားမလေးသည် ကျားကိုက်သည့် ဒဏ်ရာနှင့် ကုတ်သည့်ဒဏ်ရာတို့ဖြင့် သေနေပါသည်။ ချင်းမုဆိုးကြီးသည် ထောင်ချောက်များ လုပ်ထားကြောင်းပါ ပြောပါသည်။

ကိုလှမြင့်နှင့် ဦးအောင်ရင်တို့သည် နွားမလေးကို သနပ်ခါးလိမ်းပေးပြီး ပန်းပန်ကာ ကျားပြန်လာစေရန် ဓာတ်ရိုက်လိုက်ကြပါသည်။

ကျား၏ ညာဘက်ခြေထောက်မှ လှမ်းတိုင်း လှမ်းတိုင်း သွေးစသွေးနများ ကျနေသည်ကိုတွေ့ရပြီး လက်သည်းအချို့ လျော့နေသည်ဟု ထင်ရ ပါသည်။ ထိုနေ့ညက အလှည့်ကျ ကျားကို စောင့်ပစ်ရန် ချောင်းနေကြသော်လည်း ကျားက ပြန်မလာတော့ပါ။

ဒဏ်ရာနှင့်လွတ်နေသည့် ဝက်ကိုဆက်လိုက်ရန်ရှိနေသောကြောင့် ကိုတင်ဦးတို့အဖွဲ့သည် ချင်းမုဆိုးအား နှုတ်ဆက်ပြီး နံနက်စောစော ကျီးစီရွာဘက်သို့ ထွက်ခွာသွားကြပါသည်။

ကျီးစီရွာအရောက်တွင် ရွာခံမုဆိုး ကိုကျန်ရွှေက သူ၏ကိုင်းခြံတွင် ဆတ်ခြေရာများ တွေ့ရကြောင်း၊ ကျီးစီတောင်နှင့် ငှက်ဝတောင်တွင် ရှိနိုင်ကြောင်း၊ ငှက်ဝရွာတွင်လည်း လွန်ခဲ့သည့်နှစ်ရက်ခန့်က နွားတစ်ကောင်ကို ကျားဆွဲသွားသောကြောင့် နွားကျောင်းသားတွေ မသွားဝံ့ဖြစ်နေကြောင်း စသည့်သတင်းစကားများကို ပြောကြပါသည်။

ထို့ကြောင့် နံနက်စောစော စားပြီး လူစုကာ တောဖြိုပြီးပစ်ရန် စီစဉ်ကြပါသည်။

အစီအစဉ်အရ ပထမငှက်ဝတောင်တစ်ကြောတွင် တောဖြိုတောမောင်းပြီး ပစ်မည်။ နောက်မှ ကျီးစီတောင်ဘက်သို့ ဆက်ထွက်ရန် ဖြစ်လာသည်။

ကိုကျန်ရွှေတွင် နှစ်လုံးပူးတစ်လက် ထပ်ပါလာသဖြင့် စုစုပေါင်း နှစ်လုံပူး နှစ်လက်နှင့် စစ်သုံးရိုင်ဖယ်တစ်လက် ရှိနေသဖြင့် လက်နက်အင်အားမှာ အတော်အသင့်အတင့် တောင့်တင်းနေပါသည်။

ကျီးစီရွာမှ အထွက်တွင် ကိုလှမြင့်သည် ကိုတင်ဦးအား နှစ်လုံးပူးသေနတ်ကို ပေးသဖြင့် ကိုတင်ဦးက မကျေနပ်ဘဲ ရိုင်ဖယ်သေနတ်ကို တောင်းရာတွင် မပေးသဖြင့် စကားများကြပါသည်။

နှစ်လုံးပူးက တော်တော်ကောင်းသော်လည်း ကျည်ဆန်အားလုံးမှာ လုပ်ကျည်ဆန် (ပြင်သီး)များ ဖြစ်နေပြီး ကျည်ဆန်အကောင်း (တိုက်သီး) တစ်တောင့်မျှ မပါသဖြင့် ကိုတင်ဦး အားရကျေနပ်မှု မရှိသော်လည်း သည်းခံပြီး ၎င်းသေနတ်ကိုပင် ယုံကြည်မှုထားပြီး ကိုင်လိုက်ပါသည်။

ကိုကျန်ရွှေသည် ထောင်ချောက်သမားများကို နေရာစီစဉ်ပေးပြီး မုဆိုးများကို ပစ်ကွင်းကောင်းသည့်နေရာ၊ တောကောင်ထွက်လာနိုင်သည့် နေရာများကို ချထားစီစဉ်ပေးပါသည်။

ကိုတင်ဦး စောင့်သည့်နေရာသည် တောကောင်ထွက်လာမည်မှာ သေချာသဖြင့် သတိထားပြီးစောင့်ရန် မှာကြားပါသည်။ ကိုတင်ဦးသည် သူ၏ ပစ်ပိုင်နယ်ကို သေချာစွာလေ့လာကြည့်ပါသည်။

ရှေ့တည့်တည့်မြင်ကွင်းကောင်းသော်လည်း တောချောက်သမား ရှိနေသောကြောင့် ပစ်ကွင်းမကောင်းပါ။ ဘယ်ဘက်ကတော့ တောင်ကြောဖြစ်ပြီး မြင်ကွင်းမရှင်းသောကြောင့် ဖုံဆိုးတောလွန်မှ ပစ်နိုင်မည်ဖြစ်ပါသည်။ ညာဘက်တွင် ပေါင်လုံးခန့်ရှိ သစ်ပင်လေးပင် တန်းစီပြီးပေါက်နေသဖြင့် သစ်ပင်များရှေ့တွင် ပစ်ကွင်းကောင်းသော်လည်း နောင်တွင်တော့ မကောင်းပါ။

နာရီဝက်ခန့်ကြာသည့်အခါတွင် တောချောက်သမားများဘက်မှ တော်တော်လေး ဆူညံသံများ ကြားလိုက်ရသဖြင့် တောကောင်သည် နောက်ကြောင်းသို့ပြန်ပြီး ထွက်သွားသလော။ သို့မဟုတ် အန္တရာယ်ရှိသည့် တောကောင်တစ်ကောင်ကို တွေ့လိုက်သလောဟု ထင်မှတ်ရန်ရှိပါသည်။

ဆယ်မိနစ်ခန့်ကြာသောအခါတွင် ညာဘက်ရှိသစ်ပင်လေးပင်တန်း၏ နောက်ကွယ်မှ ကျားတစ်ကောင် လွှားခနဲ လွှားခနဲနှင့် ပြေးနေသည်ကို မြင်လိုက်ရသော်လည်း ပစ်ကွင်း မြင်ကွင်း မကောင်းသောကြောင့် မပစ်လိုက်ရပါ။

မကြာမီ ကိုကျန်ရွှေ ရောက်လာပြီး

“ဆတ်သုံးကောင် ကျီးစီတောင်ဘက်ကို ထွက်ပြေးတယ်ဗျို့ ၊ ဒီမှာကော ဘာကောင်တွေ့လိုက်ရသလဲ”

ဟု ပြောရင်းမေးရင်း ကိုတင်ဦးက

“ကျားတစ်ကောင် ကျွန်တော့်ညာဘက်က ထွက်ပြေးတယ်ဗျို့၊ ပစ်ကွင်း မြင်ကွင်း မကောင်းလို့ မပစ်လိုက်ရဘူး”

“ဒါဆို ကျွန်တော့်နောက်လိုက်ခဲ့”

ဟု အော်ပြီး ကိုကျန်ရွှေက ရှေ့မှပြေးရာ ကိုတင်ဦးက နောက်မှ အပြေးလိုက်ပါသည်။ ကိုက်ငါးရာခန့် ပြေးပြီးသည့်အခါ ကိုကျန်ရွှေသည် အပြေးရပ်ပြီး ကိုတင်ဦးအား တောကောင်ပစ်ရန်နေရာ သတ်မှတ်ပေးပြီး တစ်တောထပ်မောင်းရန် အစီအစဉ်သွားလုပ်ပါသည်။

ကျားပစ်ရတော့မည် ဖြစ်သဖြင့် ကိုတင်ဦးသည် နေရာကောင်းကောင်း ရွေးလိုက်ပါသည်။ တောင်ကြောလေးဖြစ်သဖြင့် တစ်ဖက်စီတွင် ချောင်းရှိနေပါသည်။ တောင်ကြောမှာလည်း မကျယ်ဝန်းလှသဖြင့် ကျားထွက်လာပါက ရင်ဆိုင်ထိပ်တိုက်တိုးမည့် အနေအထားတွင် ရှိနေပါသည်။

ပစ်ကွင်းကိုတော့ ဆယ်ကိုက်ပတ်လည်ရှိ ကွက်လပ်ကလေးကို ရွေးထားပြီး ၎င်းနောက်မှ ချုံပုတ်ကလေးတစ်ခုကို မျက်ကွယ်ယူလိုက်ပါသည်။ ကွက်လပ်အလယ်ရောက်မှ ပစ်မည်ဖြစ်ပါသည်။

ကျားသည်ကွက်လပ်အစပ်သို့ အရောက်တွင် နောက်ကြောင်းသို့ ပြန်ဆုတ်မလိုလိုနှင့် ရပ်လိုက်ပြီး ရှေ့သို့ ခပ်မြန်မြန်လျှောက်လာပါသည်။ ကွက်လပ်အလယ်အရောက်တွင် ကျားသည် ကိုတင်ဦးကို မြင်သွားပြီး ဟိန်းဟောက်ကာ ခုန်အုပ်ရန်အားပြုလိုက်ရာ လက်မြန်လှသည့် ကိုတင်ဦးသည် ညာဘက်ပြောင်းမှ ကိုးလုံးကျည်အား ကျား၏လည်ပင်းကိုချိန်ကာ ပစ်ထည့်လိုက်ပါသည်။

“ဝေါင်း”

“ဒိုင်း”

ကျားသည် မြေပြင်ပေါ်တွင် လဲကျသွားပြီး တဝေါင်းဝေါင်း တဝုန်းဝုန်းနှင့်အော်ပြီး လူးလှိမ့်နေပါသည်။ ခဏမျှအကြာတွင် နောက်တစ်ချက် ထပ်ပစ်ရန် ကန့်ကွက်ကာ ခါးကြားမှ ဓားမြှောင်ကို လက်ညှိုးထိုးပြီး ပြလိုက်ပါသည်။

ကိုတင်ဦး သဘောပေါက်သွားပြီး ဆယ်ကိုက်ခန့်အကွာ၌ လူးလှိမ့်ပြီး မာန်ဖီအော်ဟစ်နေသည့် ကျားကို ဓားမြှောင်များဖြင့် တစ်ချက်စီ ပစ်ပေါက်လိုက်ကြပါသည်။

ကိုလှမြင့်၏ဓားသည် ကျား၏လည်ပင်းသို့ လည်းကောင်း၊ ကိုတင်ဦး၏ဓားသည် ကျား၏လက်ပြင်သို့ လည်းကောင်း စိုက်သွားပြီး မကြာခင်မှာပင် ကျားသည် ငြိမ်ကျသွားပါသည်။

ဦးအောင်ရင်ရောက်လာပြီး …

“အောင်မာ … လူတွေ ကဇာတ်လိုက်တွေ ကျနေတာပဲ ”

ဟု ချီးကျူးလိုက်ပါသည်။

တောချောက်သမားများသည် တုတ်များကိုင်ကာ သူတို့သုံးယောက်ထံ ပြေးလာသဖြင့် ကိုတင်ဦးသည် သူတို့၏ ဦးခေါင်းပေါ်သို့ ကျော်ပြီး သေနတ်ပစ်ဖောက်ကာ “ရပ်” ဟု အမိန့်ပေးသံဖြင့် အော်လိုက်ပါသည်။

ကိုကျန်ရွှေ ပြေးလာပြီး သူ့လူတွေကို ဘာကြောင့် ဒီလိုရိုင်းစိုင်းတဲ့ အပြုအမူ လုပ်ရတာလဲဟုမေးရာ သူတို့က ဒီလူတွေဟာ ကျားမှန်းသိလျက်နှင့် သူတို့ကို တောမောင်းခိုင်းခြင်းကို မကျေနပ်လို့ဟု ပြန်ပြောပါသည်။

ထိုအခါ ကိုကျန်ရွှေက

“မင်းတို့ကြောက်တဲ့အကောင်ကြီးကို နှိမ်နင်းပေးတာကိုတောင် ကျေးဇူးတင်ရဦးမှာကွ”

ဟု ဒေါသသံနှင့်ပြောလိုက်မှ တောချောက်သမားများ သဘောပေါက်သွားပြီး ကိုတင်ဦးတို့လူစုကို တောင်းပန်ကြပါသည်။

ကျားသေကောင်ကို သေချာစွာစစ်ဆေးကြည့်ရာတွင် ကျားသည် အရွယ်ရောက်ပြီး ကျားထီးကြီးဖြစ်နေပြီး ညာဘက်လက်ခုံတွင် တစ်ကောင်ကောင် ကိုက်ထားသည့်ဒဏ်ရာကြောင့် ကြေမွနေပြီး လက်သည်းချောင်း မရှိတော့ဘဲ ညာဘက်ကိုယ်တစ်ခြမ်းမှာလည်း ဓားနှင့်ခွဲထားသကဲ့သို့ ဒဏ်ရာကြီးရကာ သွေးများပင် တစ်စက်စက်ကျနေပါသည်။

အပြန်တွင် ကျီးစီတောင်တွင် တောတစ်တောမောင်းပြီးပစ်ရာ ကိုကျန်ရွှေ ပစ်သဖြင့် ဆတ်တစ်ကောင်ရရှိပါသည်။

ချင်းမုဆိုးလည်း ကျီးစီရွာတွင် ရောက်ရှိနေပြီး ကိုတင်ဦးတို့အဖွဲ့အား စောင့်မျှော်နေပါသည်။ ချင်းမုဆိုးသည် ကိုတင်ဦးတို့အဖွဲ့ အား မြင်လျှင်မြင်ချင်း …

“ဝေး … နင်တို့က ပစ်တော့ တောဝက် … ရတော့ကျား၊ ငါကလဲ ထောင်တော့ ကျား … ရတော့ ဝက်ကွ”

ဟု ဝမ်းသာအားရစွာ အော်ပြောလိုက်ပါသည်။

ဆက်လက်ပြီး ချင်းမုဆိုးကြီးက ဝက်နှင့် ကျား တိုက်ပွဲဖြစ်ပွားကြကြောင်း၊ ဝက်၏အစွယ်တွင် ကျားမွေးများ ကပ်နေကြောင်း၊ ပါးစပ်ထဲမှ ကျားလက်သည်းနှစ်ချောင်း ရရှိကြောင်းပြောပြီး ဝက်သည် “လေးချက်” မိပြီး နေရမှာပင် လဲသွားကြောင်း ပါ ဆက်ပြောပါသည်။

ဆရာဦးတင်ဦးသည်

“ပစ်တော့ တောဝက်၊ ရတော့ကျား”

တစ်ဦးတည်း ခပ်တိုးတိုး ရေရွတ်နေမိပါတော့သည်။

လျှို့ဝှက်ဆန်းကြယ်၊ တွဲ၃ မှတ်၆ (မတ် ၂၀၀၀)

– ပြီး –

စာရေးသူ – ဗိုလ်လုံ
စာစီစာရိုက် – မုဆိုး တံငါ စာပေများ

Leave a Reply

Your email address will not be published. Required fields are marked *