..”ပညာသည်”(စုန်း)…
°°°°°°°°°°°°°°°°°°°°°°°°
ကျုပ်မှာသူငယ်ချင်းနှစ်ယောက်ရှိတယ် ။
အေးငွေရယ်…..ခင်လှရယ်ပေါ့။
အေးငွေနဲ့ကျုပ်ကအလှကိုယ်စီနဲ့ညိုချောတွေလို့
သူများတကာတွေကပြောတတ်ကြပေမဲ့
ခင်လှရဲ့ အလှကိုတော့…မမှီကြဘူးလေ။
အသားလေးကဖြူ၀င်းနေပြီးတင်းတင်းရင်းရင်းနဲ့
လှတဲ့ခင်လှကတော့ကျုပ်တို့ရွာထဲမှာလဲ…စန်းအပွင့်ဆုံးပေါ့။
ကျုပ်တို့သုံးယောက်ညနေဆိုရင်ကျုပ်တို့ရွာနံဘေးကချောင်းထဲမှာသဲတွင်းရေသွားခပ်ကြရင်…
ရွာထဲကကာလသားတွေဆိုတာမျက်လုံးကျွတ်ကျမတတ်ပဲလေဝိုင်းငမ်းကြတာ။
ဒီအထဲမှာက”တော်”ဆိုတဲ့ကိုတင်ဆောင်ကအဆိုးဆုံးပေါ့။
ရောင်ထုံးကြီးကိုနဖူးပြောင်နေအောင်ထုံးထားပေမဲ့နှာတံပေါ်၊မေးရိုးကားနဲ့ယောင်္ကျားပီသချောမောတဲ့”တော့်”ကိုကျုပ်ကကြိတ်ကြွေနေခဲ့မိတာလေ။
ရွာသားတွေထုံးစံအတိုင်း…တော်က…အပေါ်င်္အကျီကိုချွတ်ထားတော့ဖုထစ်နေတဲ့ကြွက်သားအပြိုင်းပြိုင်းနဲ့ရင်အုပ်ကျယ်ကျယ်ကိုမြင်တိုင်းကျုပ်မှာရင်ခုန်ရလွန်းလို့ကြည့်တောင်မကြည့်ရဲပါဘူးတော်။
ကျုပ်ကသာ”တော့်”ကိုစိတ်ကူးနဲ့ရူးခဲ့ရပေမဲ့
“တော်”ကြိုက်တာက”ခင်လှ”ကိုတဲ့လေ။
ဒါလဲဖြစ်မယ်ဆိုတာထင်ထားပြီးသားပါ။
ခင်လှကချောတာကိုး…..
ကျုပ်သူငယ်ချင်းလဲဖြစ်နေတော့”တော့်”အပေါ်
ဖြစ်နေတဲ့ခံစားချက်ကိုကျုပ်ရင်ထဲမှာပဲသိမ်းထားခဲ့ရတာပေါ့တော်။
ဒီလိုနဲ့တနေ့မှာ…တော်ကကျုပ်ကိုရည်းစားစကားပြောပါလေရော
“ရော်….တော်ကခင်လှနဲ့ကြိုက်နေတာမဟုတ်ဘူးလား”ဆိုတော့
“ခင်လှနဲ့ငါပြတ်သွားပြီ”လို့ပြောတယ်။
ကျုပ်ကမယုံပေမဲ့ခင်လှကိုလဲမမေးရဲဘူးလေ….
နောက်တနေ့ကျတော့….တော်က
ကျုပ်ကိုအတင်းလက်ဆွဲပြီးခိုးပြေးပါလေရော
ဒီလိုနဲ့….ကျုပ်လဲ…တော်နဲ့အကြောင်းပါခဲ့ရတာလေ။
တကယ်တော့….တော်နဲ့ခင်လှနဲ့ကခဏစိတ်ဆိုးနေကြချိန်
ခင်လှကိုအရွဲ့တိုက်ပြီးကျုပ်ကိုအတင်းချစ်ရေးဆိုပြီးခိုးပြေးခဲ့တယ်ဆိုတာ……တုံးအတဲ့ကျုပ်က
နောက်မှသိခဲ့ရတာလေ။
တော်တို့ကတယောက်နဲ့တယောက်အရွဲ့တိုက်ပြီး
အချစ်စမ်းနေတဲ့ကြားထဲ..ကျုပ်ကအူကြောင်ကြောင်နဲ့ကြားကညှပ်ပြီး ဘုမသိ ဘမသိနဲ့ လင်တယောက်ရခဲ့တာပေါ့ ။
မိခင်လှကလဲ….ကျုပ်ကိုအခင်မပျက်ပဲ….ဘယ်လိုမှလဲသဘောမထားခဲ့သလို….
ကျုပ်ယောင်္ကျားကြီး”တော်”နဲ့လဲမကင်းမကင်းနေနေကြပြန်တယ်လေ။
သီးနှံတွေသီးပွင့်ချိန်တိုင်း….ကိုင်းထဲမှာလူစောင့်အိပ်ရတဲ့အခါ…တော်ကကိုင်းထဲကတဲထဲမှာ ညအိပ်စောင့်ရပြီဆိုရင်
မနက်မနက်ဆို…တော့်တဲထဲက..”ခင်လှ”ထွက်လာနေကျတဲ့လေ။
ကျုပ်ကပြန်ကြားပြီးသိနေပေမဲ့တော်တို့ကိုဘာမှမပြောရဲပါဘူးတော်။
ကျုပ်မပြောရဲတဲ့နောက်တကြောင်းကရှိသေးတယ်။
တကယ်ဆို”ခင်လှ”ကရုပ်ချောပေမဲ့”ပညာသည်”
တယောက်ဖြစ်နေခဲ့လို့လေ။
သူမကမျိုးရိုးလိုက်တဲ့”ပညာသည်”ဆိုပေမဲ့
သူများတွေကိုတော့သူ့ပညာနဲ့မဟုတ်တာမလုပ်ခဲ့ဖူးပါဘူး။
ဒါကိုတော့ကျုပ်ကသူ့သူငယ်ချင်းအရင်းကြီးမို့သိပါတယ်။
ဒါပေမဲ့ လေ….သူနဲ့ပြဿနာဖြစ်မှာတော့ကျုပ်က
ကြောက်တယ်တော့်။
ငယ်ငယ်တုန်းကဆိုရင်……ကျုပ်တို့က…ခင်လှကို….
”မိခင်လှ..ညည်းပြောသလိုညည်းကစွမ်းတယ်ဆိုရင်ဟိုပုဏ္ဏားကြီးရဲ့ပုဝါအဖြူကြီးကိုဆွဲချွတ်စမ်းဟာ”ဆိုပြီး.,…
.”ဗေဒင်ဟောတယ်….ဗေဒင်ဟောတယ်”နဲ့အော်အော်ပြီး….
ရောက်ရောက်လာတတ်တဲ့ ပုဝါဖြူကြီးပတ်ခြုံထားတဲ့ပုဏ္ဏားကြီးတွေ….လမ်းပေါ်မှာသွားနေတာကိုမြင်ပြီးပြောမိရင်……
မိခင်လှကဆတ်ကနဲ့ထလိုက်ကာ….ကွေးကောက်နေအောင်”က”ရင်း……အဲ့ဒီပုဏ္ဏားကိုအိမ်ထဲကနေလက်ညှိုးလေးထိုးလိုက်တာနဲ့…လမ်းပေါ်သွားနေတဲ့ပုဏ္ဏားကြီးရဲ့ ပုဝါစကြီးကကျွတ်ထွက်ပြီး….လေထဲမှာလွင့်ပျံနေလို့….ပုဏ္ဏားကြီးခမျှ သူ့ပုဝါကြီးလိုက်ဖမ်းနေရတာ တယောက်ထဲဒုက္ခတွေရောက်လို့လေ။
ကျုပ်တို့ကလဲ အိမ်ထဲကနေ လမ်းပေါ်မှာ ပုဏ္ဏားကြီး ဘရုတ်သုတ်ခဖြစ်နေတာကိုကြည့်ပြီး သဘောတွေကျလို့ပေါ့။
တခါကလဲ…..ကျုပ်ကသူ့အိမ်ကိုသွားလည်ရင်း….အိမ်ထောင်ကျပြီးလို့….ခင်လှအိမ်နဲ့ကပ်ရက်အိမ်မှာနေနေတဲ့”အေးငွေ”ကိုပါသွားခေါ်မယ်လုပ်တော့…..
“နေနေ..ငါခေါ်လိုက်မယ်”ဟုဆိုကာပါးစပ်ကနေတိုးတိုးလေးနဲ့”အေးငွေရေလာဟ..ငါတို့ပျင်းလို့နင်အခုငါ့အိမ်လာခဲ့”လို့ရွတ်လိုက်တာနဲ့အေးငွေကြီးဘီးစပတ်ကြီးနဲ့အပြေးရောက်ချလာတာလေ။
“နင်ရောရောက်နေမှန်းမသိဘူး..ငါ့မှာခင်လှအသံကြားတာနဲ့ပြေးလာတာ”ဆိုပြီး၀မ်းသာအားရပြောပါလေရော။
ခင်လှကခပ်တည်တည်နဲ့”ငါ…ဘယ်မှာခေါ်လို့ဒုန်း”ဆိုတော့”နင်ပဲငါ့နားကွဲမတတ်ခေါ်နေတာလေ”….တဲ့..။
အံ့ကိုသြရော။
ဒီလိုနဲ့…တော်ရယ်..ကျုပ်ရယ်…ခင်လှရယ်
မရှင်းမရှင်းဇတ်ရှုပ်နေကြရင်းနဲ့….
ကျုပ်လဲကလေးငါးယောက်မွေးပြီးကာမှ …..မိန်းမနှစ်ယောက်နဲ့မရောင့်ရဲနိုင်သေးတဲ့တော်က
ကျုပ်တို့ရွာနဲ့ချောင်းတွေမြောင်းတွေခြားတဲ့
အခြားရွာကသူဌေးမအပျိုကြီးနဲ့ကြိုက်ပြီးအဲဒီရွာမှာပဲနေတော့တာ…။
ကျုပ်အိမ်ကိုပြန်မလာတော့ဘူးလေ။
ကျုပ်လဲ ကလေးငါးယောက်နဲ့ဒုက္ခတွေ
ရောက်တော့တာပေါ့။
ကျုပ်ကိုကြည့်ပြီးကျုပ်သူငယ်ချင်းမိခင်လှလဲ
ရင်ထုမနာတွေဖြစ် (သူကဘယ်လိုခံစားချက်နဲ့မှန်းတော့ )မသိပေမဲ့
ကျုပ်ကိုတွေ့တိုင်းကျုပ်ပင်ပင်ပန်းပန်း ဆင်းဆင်းရဲရဲနဲ့လုပ်ကိုင်
စားသောက်နေရတာတွေကြည့်ပြီးငိုပေါ့လေ။
အဲဒါနဲ့တနေ့မှာ……….
ကျုပ်လဲစိတ်ပေါက်ပေါက်နဲ့ခင်လှကို
“ညည်းရောငါရောမရမဲ့အတူတူ သူ့ကိုညည်းပညာနဲ့သတ်လိုက်စမ်းအေ”လို့ပြောမိလိုက်တယ်။
ခင်လှကရုတ်တရက်ငေးနေရင်းက….
“ကောင်းပြီ..ညည်းပြောတာနော်..ဒီလောက်တောင်အားမရပဲပွေရှုပ်ချင်တဲ့အကောင်ငါသတ်ပေးမယ်…စောင့်ကြည့်နေ”ဆိုပြီးထထွက်သွားတယ်။
ကျုပ်လဲပြောမိတာမှားသွားပြီလားလို့တွေးရင်း
မိခင်လှကတော့တကယ်လုပ်မှာမဟုတ်ပါဘူးလို့ပဲထင်မိတာပေါ့။
ဒီလိုနဲ့တော်ထွက်သွားပြီး ၇ နှစ်လောက်ကြာတော့မှ….
တော်နေတဲ့ရွာကလူတယောက်…ကျုပ်ကိုတော်က ခေါ်ခိုင်းလို့ဆိုပြီးလာခေါ်တယ် ။
တော်..အသည်းအသန် ဖြစ်ပြီးအ်ိပ်ရာထဲလဲနေတာ တလရှိပြီ
ဆိုတော့လဲကျုပ်က
မနေနိုင်ဘူးလေ…လိုက်သွားမိတာပေါ့။
တော့်မယားငယ်အိမ်ရောက်တော့အိပ်ရာထဲမှာပိန်ချူံးပြီးအရိုးပေါ်အရေတင် ဖြစ်နေတဲ့တော့်ကိုတွေ့ရတယ်။
ကျုပ်ကိုတွေ့ချင်လွန်းလို့ဆိုပြီးခေါ်ခိုင်းလိုက်တာဆိုတဲ့တော်က…
ကျုပ်ကိုတွေ့တာနဲ့”ဘာလို့ခုမှလာတွေ့ရတာဒုန်း..နာယိုးမကြီး…မလာခဲ့နဲ့”လို့ပြောပြီးငိုပြတယ်လေ။
ကျုပ်လဲအိပ်ရာထဲမှာပဲဒီအတိုင်းပစ်ထားပုံရပြီးနံစော်ပေပွနေတဲ့တော့်ကိုသန့်ရှင်းပေးခဲ့ပြီးပြန်လာခဲ့လိုက်တယ်။
တော့်ဆီကနေကျုူပ်ပြန်လာပြီးကျုပ်..တခုခုကိုနားမလည်ပဲရှုပ်ထွေးနေခဲ့တယ်။
တသက်လုံးမယားငယ်တွေနဲ့ပွေရှုပ်လာတဲ့ယောင်္ကျားတွေဟာသေခါနီးမှဘာ့ကြောင့်များ
မယားကြီးကိုသတိရကြလဲမသိဘူးဆိုတာပေ့ါ ။
လင်ကိုဘုရားလိုကိုးကွယ်ရင်း……”ကျွန်မ”….တယောက်လိုပြုစုပေးတတ်တဲ့မယားကြီးတွေကို
ရောဂါတွေနဲ့သေခါနီးအချိန်..မယားငယ်တွေက
ပြစ်ထားခံရမှသတိရတတ်ခြင်းမျိုးများလား….။
ဘာပဲဖြစ်ဖြစ်.. .ခုချိန်မှာတော့..တော့်ကိုကျုပ်
ရွာပြန်ခေါ်ချင်ရင်တောင် တော့်မယားငယ်မက
ခွင့်မပြုတော့ဘူးလေ။
“သူသေရင်…သူ့ရွာမှာပဲဂူသွင်းပြီးသဂြိုလ်ပေးပါ”
ဆိုလို့လာပို့ရတာပါဆိုပြီး….တော့်အလောင်းကိုချောင်းကူးမြောင်းကူးပြီး….တော်နေခဲ့တဲ့ရွာသားတွေကလဲတကူးတကကိုလိုက်ပို့ပေးပါတယ်။
သူသေပြီလို့သတင်းကြားတော့”ခင်လှ”ကတွေ့ပြီမဟုတ်လားလို့ပြောတယ်။
ခင်လှကသူမ..ပြောသွားပြီးတစ်လအကြာမှာတော်သေသွားတာပဲလေ။
“နင်..တကယ်သတ်လိုက်တာလား”ဆိုတော့
“အေးလေ…နင်ပဲသတ်ဆိုလို့သတ်လိုက်တာလေ”တဲ့။
“ငါ…ငါက…နင်မလုပ်ဘူးထင်လို့ပြောမိတာပါဟာ”
“ဟုတ်တယ်….ငါလဲအရင်ကမလုပ်ဖူးဘူး
အခု…သူ့ကြောင့်ငါလုပ်ခဲ့တာ…ငါ..သူ့ကိုသတ်လိုက်တာ…မိန်းမတွေရဲ့ခံစားချက်ကိုနားမလည်ပဲသူလုပ်ချင်ရာကိုလုပ်တတ်တဲ့သူ့လိုယောက်ကျားတယောက်ကို….လူ့လောကမှာထားပြီး….
အသက်ရှင်ခိုင်းနေလို့ရော….ဘာထူးမှာလဲ
အခုလဲသေခါနီးမှမယားငယ်အိမ်မှာမွေးစားထားတဲ့သမီးလောက်ကောင်မလေးနဲ့ရှုပ်နေတဲ့သတင်းကြားလို့
နင်ကလဲပြောတာနဲ့ငါလုပ်လိုက်တာ”တဲ့။
ခင်လှကပြောပြီး သွားလိုက်ပေမဲ့ ရင်ဘတ်ဖိပြီးမောကျန်ခဲ့တာက
ကျုပ်ပါ။
တော်သေတာ…..ကျုပ် ပယောဂ မကင်းသလိုဖြစ်နေခဲ့ပြီလေ။
ကျုပ်တို့ရွာကလူတွေရော….
တော်နေခဲ့တဲ့ရွာကလူတွေရောနဲ့……..တော့်အသုဘကစည်ချက်ပါတော်။
င်္သချိုင်းကုန်းနဲ့တောင်မဆန့်လို့ လူတွေလဲပြန့်ကျဲနေကြတာပေါ့။
ဘုန်းကြီးငါးပါးကြွလာကြပြီး….သရဏဂုံတင်မယ့်အချိန်မို့ လူတွေရဲ့အသံလဲတိတ်သွားပြီး….ဘုန်းကြီးတွေရဲ့အသံပဲနားစွင့်နေကြတယ်။
အဲဒီအချိန်လေးမှာပါပဲ…ကျုပ်လေ…
တော့်အလောင်းကိုကြည့်ပြီး…. ရင်ထဲမှာဆို့တက်လာတယ်
တရားနာတော့မှာမို့..လူတွေအပ်ကျသံကြားရသလောက် တိတ်ဆိတ်သွားချိန်မှာ……..
“နာ…..လာရင်….နာယိုးမဂျီး….မလာခဲ့နက်..လို့
ကျောပါအုန်းလားတော်”
သွားတွေ ကျိုးနေလို့စကားမပီသတဲ့အသံကြီးနဲ့ကျုပ်ဟာ
ရင်ထဲကလှိုက်ပြီးဆွဲဆွဲငင်ငင်နဲ့…..အကျယ်ကြီးထအော်မိသွားရတယ်လေ။
ကျုပ်အသံကြီးကြားတော့င်္သချိုင်းကုန်းထဲကလူတွေအကုန်လုံး”ဝါး”ဆိုပြီးထရယ်ကုန်ကြတာ….
ငိုအားထက်….ရယ်အားသန်သွားကြတယ်။
ဘုန်းကြီး တွေကြည့်တော့လဲသင်္ကန်းကြီးတွေပါးစပ်အုပ်ပြီး
တခွိခွိနဲ့ပေါ့။
ကျုပ်ဆိုတဲ့မိန်းမဟာလေ….
တော်နဲ့စညားပါပြီဆိုကတဲကမှားတဲ့အမှားဟာ
အခု…..တော်သေတဲ့အထိပါပဲတော် ။
ကျုပ်ဖြင့်လူတွေရီနေကြတော့
င်္သချိုင်းကုန်းကြီးထဲက တော့်အလောင်းကြီးရှေ့မှာ
ရှက်လိုက်တာ…….ဆိုတာ။
Su Nge Nge (၃၀.၁.၂၀၁၈)
မေမေပြောပြဖူးတဲ့ ဖြစ်ရပ်မှန်ဇတ်လမ်းလေးကို ခံစားရေးဖွဲ့ထားပါသည်။