• June 23, 2025
  • admin
  • 0

#မောင်မြင့်မား(ဘိုကလေး)
ပတတ်မွှေးမွှေး

ကုန်းစောင်း၊ ထွေတော၊ နွယ်ခွေ၊ ညောင်ကုန်းရွာ (၄)ရွာတလျောက် ကိုအေးသောင်ကို မသိတဲ့လူ မရှိ ။ ကိုအေးသောင်က ယာသမားဖြစ်သော်လည်း တောင်ယာနားချိန် အလုပ်နားချိန်များတွင် အအားမနေ။ ဖွတ်၊ ပတတ်၊ ယုန် လိုက်တတ်သည်။ မုဆိုးကြီးမဟုတ်သော်လည်း မုဆိုးလေးအလုပ်လောက်တော့ ကျွမ်းကျင်သည်။

ရွာ(၄)ရွာက လူတွေအားလုံးက ကိုအေးသောင်ကို “အေးသောင် တွေ့မရှောင်” ဟုခေါ်ကြသည်။

ဖွတ်၊ ပတတ်၊ ယုန်ကောင်တွေလောက်ကတော့ အေးသောင်နှင့်တွေ့ရင် အပြေးသာ ရှောင်ပေတော့ဟု ဆိုလောက်သည်။ ကိုအေးသောင်းက ယာသမားပီပီ အသား ညိုညို ဂင်တိုတို၊ ခန္ဓာကိုယ်ကတုတ်တုတ်ခိုင်ခိုင်၊ ကျန်းမာတောင့်တင်းသည်။

နံနက်စောစောထကာ ကိုအေးသောင် တကုတ်ကုတ်နှင့် တစ်ယောက်တည်းအလုပ်ရှုတ်နေသည်။ နံနက်စောစောဆိုသော်လည်း နေထွက်လာသည်နှင့် အပူဓါတ်က တစ်ရိပ်ရိပ်တက်လာသောကြောင့် ကိုအေးသောင် ချွေးတလုံးလုံးနှင့် ဖြစ်နေသည်။ အညာနွေပဲ ပူပေမပေါ့။

အောက်ပြည်အောက်ရွာတွင် မိုးကျနေပြီဆိုသော်လည်း ကိုအေးသောင်တို့ဆီတွင် မိုးဆိုတာ ဘယ်ဆီ နေမှန်းမသိ။ မိုးကလေး တစ်ပြိုက်လောက်ကျရင်ဖြင့် မိုးပတတ်တွေဘပေါမှပေါ။ ခုတော့ပူပူလောင် လောင် တောင်ပို့၊ မြေကျင်း၊ မြေတွင်းများမှ နွေပတတ်များကိုပဲ ရှာတော့မည်ဟု ကိုအေးသောင် အတွေးပေါက်မိသည်။

တစ်ကိုက်သာသာရှည်သော နိုင်လွန်ကြိုးကို တစ်ဘက်အဖျား းတွင်ကွင်းလျောကလေး လုပ်ထားသည်။ အခြားတစ်ဘက်တွင် ကျပ်လုံးခန့် ထုတ်၍ တစ်တောင်သာသာခန့်ရှိသစ်သားချောင်းကိုချည်ထားသည်။ ကွင်းလျောတွင် ပတတ်ကိုမိပါက ပတတ်ဆွဲပြေးသောအခါ သစ်သားချောင်းကြောင့် ပတတ်က ဝေးဝေးသို့မပြေးနိုင်ပဲ ဖမ်းမိနိုင်အောင် လုပ်ထားခြင်းဖြစ်သည်။

ထိုကဲ့သို့ ပတတ်ထောင်ချောက်များ အချောင်း (၅ဝ)ခန့်လုပ်ပြီးသောအခါ ကိုအေးသောင် နားလိုက်သည်။ထိုအချိန်က နေတောင်အတော်မြင့်နေပြီ။

ကိုအေးသောင်အိမ်ရှေ့သို့ လူနှစ်ယောက် ရောက်လာသည်။ တစ်ယောက်က သားရည်အိတ်တစ်လုံး လွယ်ထားသည်။ ကိုအေးသောင် လူနှစ်ယောက်ကိုမြင်လိုက်သည်နှင့် . . .

“ဟာ အကိုကြီးဘယ်ကဘယ်လိုရောက်လာတာလဲ”

“မင်းဆီကိုပဲပေါ့ကွ”

“အကြောင်းထူးရှိလို့လား´

“မရှိပါဘူးကွာ၊ ထိုင်ဦးမယ်ကွာ အေးအေးဆေးဆေး ပြောကြတာပေါ့”

အိမ်ရှေ့မှ ကွပ်ပျစ်တစ်လုံးပေါ်တွင် ဝင်ထိုင်လိုက်ကြသည်။ ကိုအေးသောင်က အိမ်ထဲသို့ ဝင်သွားပြီး ပြန်ထွက်လာတော့ ရေနွေးခရားတစ်လုံးနှင့် အကြမ်းပန်းကန်များ ပါလာသည်။

“အကိုကြီး အမောပြေ ရေနွေးကြမ်းသောက်၊ ဒီမှာညအိပ်မှာလား”

“ဒီလိုကွ၊ ဒါက ငါ့သူငယ်ချင်း ကျော်စိုးတဲ့၊ ငါနဲ့ ကျောင်းနေဘက် သူငယ်ချင်းတွေ။ သူလဲ ငါ့လိုပဲ ရန်ကုန်မှာ ရှေ့နေလုပ်တယ်။ သူက ပုဂံ၊ ညောင်ဦး၊ပုပ္ပါးဘက်ကိုလာရင်း ငါ့ကိုသတိရလို့ ဝင်လာတာ။ ကျောင်းသားဘဝကတည်းက ဒီကောင်က တောလိုက် အမဲပစ်တာ ဝါသနာပါတယ်။ ကျောင်းပြီးတော့ရှေ့နေလုပ်နေရင်းလဲ ဖေါင်ကြီးတို့ အင်းတကော်တို့ပဲခူး းရိုးမတို့မှာ အမဲလိုက်နေကျ။ ငါ့ဆီလာလည်ရင်း မင်းအကြောင်းကိုရောက်သွားတော့ မင်းလဲ တောပစ်တာဝါသနာပါတယ်ဆိုတာ သိရလို့ မင်းနဲ့တွေ့ချင်တယ်ဆိုလို့ ခေါ်လာတာ”

“ဪ ဒီလိုလား၊ ဒါပေမယ့် အကိုကြီးရာ ကျွန်တော်က တောပစ်တယ်ဆိုတာ သေနတ်တို့၊ ဒူးလေးတိုနဲ့ ပစ်တာမဟုတ်ဘူး။ ဖွတ်တို့၊ ပတတ်တို့ ယုတ်တို့ထောင်ပြီး ကြုံကြိုက်ရင် လှံတစ်ချောင်းနဲ့ ချေ(ဂျီ)တို့ ဒရယ်တို့လောက် ပစ်တတ်တာပါ။ မုဆိုးကြီးမဟုတ်ပါဘူး”

ထိုအခါ ကိုကျော်ဦးက

“ဒီလိုပါ ကျွန်တော်လဲ ဝါသနာပါလို့ .. အမဲလိုက်ဖေါ်လိုက်ဘက်ရှာပြီး အမဲလိုက်တယ်ဆိုပေမယ့် အခု ကိုအေးသောင်တို့လို ဖွတ်တို့ ပတတ်တို့ ယုန်တို့ထောင်တာ လိုက်တာ မတွေ့ဘူးလို့ ဗဟုသုတ လိုချင်လို့လာတာပါ။ တကယ် အမဲလိုက်ရအောင်လဲ ပစ်စရာသေနတ်ပါ မလာပါဘူး”

ကိုအေးသောင်အစ်ကို ကိုဘဇံက

“အေး ဟုတ်ပြီ၊ ငါက ဝါသနာမပါတော့ ငါ့ညီအေးသောင်လုပ်တာတွေကို ငါက မုဆိုးလို့ပဲ အောင့်မေ့နေတာ၊ ဒါကြောင့် မင်းတို့မုဆိုးချင်း တွေ့ပေးရအောင်လို့ခေါ်လာတာ။ အခုတော့ တစ်လိုင်းစီကိုးကွ”

ကျော်စိုးကရယ်သည်။

ကိုဘဇံနှင့် ကိုအေးသောင်က ညီအစ်ကိုဆိုသော်လည်း လူပုံစံက တစ်ခြားစီဖြစ်သည်။ ကိုဘဇံက ပညာတတ် ဘွဲ့ရပြီးသား ရှေ့နေ၊ အသားဖြူဖြူ ပုပု။ ကိုအေးသောင်က အသားညိုညို ဂင်တိုတို၊ တုတ်တုတ်ခိုင်ခိုင်။ အသက်မွေးဝမ်းကြောင်း အလုပ်လည်း မတူ။ ကိုဘဇံက မြို့မှာပျော်သည်။ ကိုအေးသောင်က တောင်ယာအလုပ်ဖြင့် တောမှာပျော်သည်။ ညီအစ်ကိုချင်းကတော့ ချစ်ကြသည်။ ကိုဘဇံက …

“အေးသောင် ငါက ကျော်စိုးကို မင်းဆီမှာထားခဲ့ပြီး မနက်ဖြန်မှ ပြန်လာမယ်။ နွယ်ခွေက ငါ့အမှုသည်တစ်ယောက်ဆီမှာ ဒီညအိပ်မယ်။ အမှုကိစ္စတစ်ခု ရှိနေတယ်။ မနက်ဖြန်နေ့လည်မှ ကျော်စိုးကို ဝင်ခေါ်မယ်။ ငါ့သူငယ်ချင်း မင်းကောင်းကောင်းမွန်မွန် ဧည့်ခံထားလိုက်။ မင်းဆီက တောလိုက်အတွေ့အကြုံတွေလဲ သူ့ကိုပေးလိုက်ပေါ့ကွာ။ သူက သိပ်ဝါသနာကြီးတာ”

“စိတ်ချ အကိုကြီး။ နွယ်ခွေကို အကိုကြီး ဘယ်တော့သွားမှာလဲ။ မနက်စာ ဒီမှာစားပေါ့”

“ဟာ မစားတော့ဘူး။ နေမမြင့်မီ ငါက အရောက်သွားရမှာ။ ပူတယ်ကွ။ ခုဘဲ ငါသွားတော့မယ်”

ကိုဘဇံ ထွက်သွားပြီးနောက် ကျော်စိုးနှင့် ကိုအေးသောင်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြကာ …

“ကိုအေးသောင် အခုသစ်သားချောင်းတွေ နိုင်လွန်ကြိုးတွေနဲ့ ဘာလုပ်နေတာလဲ”

“ပတတ်ထောင်မလို့ လုပ်နေတာ”

“ဘယ်တော့ သွားထောင်မှာလဲ”

“ခုပဲလသွားတော့မလို့။ အကိုကြီးတို့ ကိုကျော်စိုးတို့ရောက်လာလို့”

“ဒါဆို ကျွန်တော်ပါ လိုက်မယ်ဗျာ။ ပတတ်ကင် တော်တော်ကောင်းဆိုတာ ကြားဖူးလို့”

“ဟာ … ကိုကျော်စိုးတို့မြို့မှာ ဘဲကင်နဲ့ဘီယာ လိုက်ဖက်သလို ကျွန်တော်တို့ဆီမှာလည်း ပတတ်ကင်နဲ့ပင်ကျရေဟာ မိတ်ဖက်ပေါ့ဗျာ။ ကိုကျော်စိုးက ခုမှရောက်တာ။ မနားတော့ဘူးလား”

“မနားတော့ပါဘူး။ ကိုအေးသောင်ဆီ လာရတာ တောလမ်းအတိုင်း မနက်စောစော ထလျောက်လာတာပဲ၊ ဘာမှမပင်ပန်းပါဘူး။ ကျွန်တော် မုဆိုးလုပ်လာတာပါဗျာ။ ဒါလောက်တော့ အေးအေးဆေးဆေးပါ”

“ကောင်းတယ်၊ ဒါဆိုရင် ဗိုက်ဆာရင် စားဖို့ ကျွန်တော် ထမင်းထုပ် လုပ်လိုက်ဦးမယ်”

ကိုအေးသောင်တို့ရွာမှ ထွက်လိုက်သည်နှင့် လွင်ပြန့်ကုန်းကြောကြီးကို တွေ့လိုက်ရသည်။ ခပ်ဝေးဝေးတွင် တောတန်းနှင့် မှိုင်းပြပြတောင်တန်းကြီး။

လွင်ပြန့်နှင့် ကုန်းကြောက ဆက်နေသောကြောင့် သစ်ငုတ်တို ရိုးဖြတ်နှင့် တောင်ပို့ကမူ အများအပြားကို တွေ့ရသည်။ မိုးကာလက တောင်ကျချောင်းရေကြောင့် ယခုအခါတွင်ရေခန်းခြောက်နေပြီဖြစ်သည်။ ကွေ့ဝိုက်ကာ ရှိနေသော သဲသောင်ပြင်များ။

ကိုအေးသောင်က တစ်နေရာပြီး တစ်နေရာ မျက်စိကစားကာ လျောက်ကြည့်နေရင်း ပတတ်တွင်းဟောင်းများကို တွေ့ရသောကြောင့်

“ကိုကျော်စိုး ပတတ်တွင်းဟောင်းတွေ အများကြီးတွေ့တယ်။ ကျွန်တော်တို့ထက် လက်ဦးသူတွေရှိနေပြီဗျ”

“တွင်းဟောင်းဆိုတာ ဘယ်လိုဟာလဲဗျ”

ကိုအေးသောင်က တွင်းတစ်တွင်းကို လက်ညှိုးထိုးပြရင်း

“ဒီတွင်းကို ကြည်ဗျ။ ဒီတွင်းဝမှာ သဲမြေတွေက ချောနေတာ တွေ့တယ်မဟုတ်လား။ အဲဒါ တွင်းထဲဝင်သွားတဲ့ ပတတ်ခြေရာတွေပဲ၊ ဟောဟိုဘက်က တွင်းတွေကိုကြည့်။ မြေသားတွေပွ နေတယ် တွေ့လား။ ဒီတွင်းလို မချောဘူး ။ အဲဒါ ဘာကောင်မှမရှိတဲ့ တွင်းဟောင်းတွေပဲ”

ကိုအေးသောင်က ပတတ်ရှိသောတွင်းများအဝတွင် နိုင်လွန်ကြိုးကွင်းလျောချည်ထားသော ကွင်းကလေးများ ချထားလိုက်သည်။ သစ်သားချောင်းများကိုလည်း ခတ်လှမ်းလှမ်းတွင် ချထားလိုက်သည်။

(၂)ဧကလောက်အတွင်း ပတတ်ကွင်း ၃ဝ လောက်ချထားပြီးနောက်

“လာ ကိုကျော်ဦး ရှေ့နားက ကျောင်းအမကြီးတောတန်းဘက်ကို သွားမယ်။ အဲဒီမှာ ယုန်တို့၊ တောကြက်တို့၊ တောကြောင်တို့ ရနိုင်တယ်”

“ဒီ ပတတ်ထောင်ထားတဲ့ ကွင်းတွေက …”

“အဲဒီကအပြန်မှ ဝင်ဖေါ်မယ်လေ။ စောင့်နေရင် အချိန်ကုန်မယ်။ ကျောင်းအမကြီးတောတန်းမှာ တခြားအကောင်တွေလဲ ရလို့ရငြားပေါ့ဗျာ။ မကောင်းဘူးလား”

“ကောင်းတယ် … ကောင်းတယ်”

လွင်ပြန့်ကုန်းကြောကြီးကို ဖြတ်၍ (၁)နာရီလောက်ကြာသည်နှင့် တောတန်းကလေးကို ရောက်လာသည်။

နွေအခါဖြစ်၍ သစ်ပင်များ အရိုးပြိုင်းပြိုင်းကျကာ အောက်ခြေတွင် ရွက်ခြောက် ရောင်စုံများ ကျလျှက် ရှိသောကြောင့် တော၏အောက်ခြေက လှပနေသည်။ တောစပ်ကို ရောက်ကတည်းက ဥဩသံက ပြန့်လွင်နေသည်။

တညင်းပင်၊ တယ်ပင်း၊ သစ်ရာ၊ ယမနေ၊ တမလန်း၊ ဇင်ချွန်း၊ ဇင်ပြွန်း၊ သစ်စိမ်း၊ တောင်သရက်၊ သစ်အယ်ပင်များက ရွက်ရင့်ရွက်ခြောက်များကို မြေပေါ်သို့ ချွေချလျက်ရှိသည်။

တောတွင်းသို့ မိနစ်(၂၀)ခန့်ဝင်လာသည်အထိ သားကောင်၏ အရိပ်အယောင်ကို မတွေ့ရသေး။ ကိုအေးသောင်က တစ်တောင်ကျော်ခန့် ရှိ အဆစ်ပိတ်ဝါးတုတ်တိုတစ်ချောင်းနှင့် လှံတိုကလေးကို ကိုင်ထား သည်။

ကျော်စိုးလက်ထဲတွင်တော့ လိုရမယ်ရကိုင်လာသောဝါးခုတ်ဓါးတစ်ချောင်း။ သေနတ်တို့ ဒူးလေးတို့ တူမီးတို့ မပါပဲနှင့် ဘာကောင်ကို ဘယ်လိုပစ်မည်ကို ကျော်စိုးတွေးရင်း ကိုအေးသောင်နောက်က လိုက်လာသည်။

တောက အောက်ခြေရှင်းသည်။ ရွက်ခြောက်များက ခြေဝတ်မြုပ်သည်။ ထို့ကြောင့် ကိုအေးသောင်က.

“ကိုကျော်စိုး ရွက်ခြောက်တွေနင်းရင် သတိထားနော်။ အောက်မှာ ပိုးကောင်(မြွေ)တွေ ဘာတွေ ရှိနိုင်တယ်”

“အင်း … အင်း”

၁ဝ ကိုက် အကွာလောက်ဆီမှ ကိုအေးသောင်တို့ ခြေသံကြောင့်ခြုံပုတ်တစ်ခုအောက်မှ လန်၍ထွက်ပြေးလာသော ကြက်နှစ်ကောင်။ နေပူသောကြောင့် ခြုံအောက်တွင် ခိုနေခြင်းဖြစ်သည်။ ၁ဝ ကိုက်အကွာလောက်ဆီမှ လက်ယာဘက်အတိုင်း တောကြက်နှစ်ကောင်က ကွေ့စိုက်ကာ အပြေးတွင် ကိုအေးသောင်ဆီမှ လှုပ်ရှားမှုတစ်ခုကို ကျော်စိုး သတိပြုမိလိုက်သည်။

“ဝှီး ..”

“ဖုန်း. . .“

ကိုအေးသောင်၏လက်ထဲမှ ဝါးတုတ်တိုက ရှေ့ကပြေးနေသော တောကြက်ကို တိုက်ရိုက်ထိမှန်သွားသည်။ တစ်ချက်တည်းနှင့် တောကြက်က ကိစ္စချောသွားသည်။ တောကြက်ကို ကောက်ယူလိုက်ကာ ရှေ့ဆက်၍ လျောက်လာကြသည်။

၁၅မိနစ်ခန့် လျှောက်လာကြပြီးနောက် တောင်စောင်းလေးတစ်ခုတွင် တစ်စုံတစ်ခုကိုစားနေသော ယုန်တစ်ကောင်။

ကိုအေးဆောင်နှင့် ကျော်စိုးက ခြုံများကို အကာ အကွယ်ယူ၍ အနားသို့ တရွေ့ရွေ့တိုးကပ်သွားကြသည်။

“ဖျောက်”

ကျော်စိုးက သစ်ကိုင်းခြောက်တစ်ခုကို နင်းမိလိုက်သောကြောင့် ဖျောက်ကနဲအသံအကြားတွင် ယုန်က အစာစားနေရာမှ ခေါင်းထောင်ကြည့်လိုက်သည်။

“ဝှီး”

“ဖုတ်”

ယုန်က တစ်ချက် နှစ်ချက်လှုပ်ကာ ငြိမ်သွားသည်။ ကျော်စိုးက ကိုအေးသောင်ကိုကြည့်ကာ ခေါင်းညိတ်လိုက်သည်။

“ကိုအေးသောင် တယ်ဟုတ်ပါလား၊ တစ်ချက် တစ်ကောင်ပဲ”

“ကျွမ်းကျင်ရာပေါ့ဗျာ၊ အထင်လည်းမကြီးနဲ့ ကိုကျော်စိုးရေ။ တစ်ခါတလေလည်း ဝါးတုတ်ဆုံးပြီး ဘာကောင်မှ မရတာတွေလည်း ရှိတာပဲ”

ယုန်ကို ကျော်စိုးက ကောက်ယူလိုက်ကာ ဝါးတုတ်ကို ကိုအေးသောင်ကို ပြန်ပေးလိုက်သည်။ ရွက်ခြောက်များကိုနင်းကာ ရှေ့ကို ဆက်လျှောက်လာကြပြန်သည်။

မြောက်လေအရှေ့တွင် ရွက်ခြောက်များက ကဆုန်ပေါက်ကာ လွင့်မျောသွားကြသည်။ အပင်များ ပေါ်က ရွက်ရင့် ရွက်ခြောက်များကလည်း တဖွဲဖွဲကျနေဆဲ ဆင်ခြေလျှောတစ်ခုပေါ်မှ ရွက်ခြောက်များနှင့် လုံးထွေးကာ တစ်စုံတစ်ခုက တလိမ့်ခေါက်ကွေးလိမ့်ကျလာသည်။

ကိုအေးသောင်က လိမ့်ကျလာသော တစ်စုံတစ်ခု ရပ်မသွားခင် ဝါးတုတ်နှင့် ပစ်ထည့်လိုက်သည်။ လွဲသွားသည်။

တစ်စုံတစ်ခုက အကျရပ်သွားချိန်တွင် မြင်လိုက်ရသည်ကား တောကြောင်လိုလို၊ ဒရယ်ပေါက်ကလေးလိုလို အကောင်တစ်ကောင်။ ထိုအကောင်က ထွက် ပြေးသေးပဲ ရွက်ခြောက်များအကြားမှ ခေါင်းထောင်ကြည့်လိုက်ချိန်တွင် ကိုအေးသောင်၏ ဝဲဘက်လက်ထဲမှ လှံတိုကို ယာဘက်လက်ထဲတွင် ပြောင်းကိုင်လိုက်ကာ ထိုအကောင်ရှိရာသို့ ပစ်ထည်လိုက်သည်။

“ဒုတ်”ကနဲ အသံကိုကြားလိုက်ရပြီးနောက် ပစ်မှတ်ကို ထိလိုက်သည်ကို သိလိုက်ရသည်။ သတ္တဝါကောင်ကို မှန်သွား၍ လှံတန်းလန်းနှင့် ပက်လက်လန်သွားသည်ကို မြင်လိုက်ရသည်။

သို့သော် လှံရော သတ္တဝါကောင်ရော ခြုံတစ်ခုတွင်းသို့ ဝင်၍ ပျောက်ကွယ်သွားတော့သည်။

ကိုအေးသောင်ရော ကျော်စိုးပါ ကြောင်ကြည့်နေမိသည်။ လှံက အသွား တစ်ထွာကျော်ကျော်ရှိ၍ အရိုးက သုံးပေကျော်ကျော် ပျဉ်းကတိုးသားနှင့် လုပ်ထားခြင်းဖြစ်သည်။

လက်ဆကောင်းသည်။ အလေးချိန်စီးသည်။ လှံစူးသွားသည်ကို မြင်လိုက်ရပြီးဖြစ်၍ ထိသွားသော သတ္တဝါကောင်က လှံအလေးချိန်ကြောင့် ဝေးဝေးသို့ မပြေးနိုင်ဟု ယူဆသည်။ သို့သော် လှံရော သတ္တဝါ ပါ ပျောက်သွားသောကြောင့် အံ့သြနေကြခြင်းဖြစ်သည်။

“ကိုအေးသောင် ဘာကောင်တုန်းဗျ”

“တောကြောင် ထင်တယ်ဗျ”

“လှံထိသွားတာ သေချာတာပဲဥစ္စာ။ ဒါဏ်ရာနဲ့ အကောင်က လှံကိုတောင် ဆွဲပြေးတယ်ဆိုတော့ . . .”

“အေးဗျ၊ ကျုပ်လဲ အဲဒါ စဉ်းစားနေတာ၊ ကျုပ်ကိုင်တဲ့လှံက ပျဉ်းကတိုးသားတပ်ထားတာ။ အလေးချိန် စီးတယ်ဗျ”

“လာဗျာ သွားကြည့်ရအောင်”

တောကြောင်ဝင်ပြေးသွားသော ခြုံတောထဲသို့ နှစ်ယောက်သား သတိအနေအထားဖြင့် တိုးဝင်ကာ လိုက်ရှာကြသည်။

​ခြုံက မိုးနှံခြုံနှင့် ပါတ်နွယ်ခြုံများ ရောနှောပေါက်နေသော ခြုံဖြစ်သည်။ ခြုံတောအတွင်း ပိုးကောင်(မြွေ)ကိုလည်း သတိထားကြည့်ရသေးသည်။ ၁၀ ပေခန့် ကျယ်သော ခြုံတောအတွင်း သတ္တဝါရော လှံရော လုံးဝမတွေ့ရ။

သို့သော် ခြုံကိုလွန်၍ တစ်ဘက်မြေကွက်လပ်တစ်ခုသို့လရောက်သောအခါ မြင်လိုက်ရသည့်မြင်ကွင်းကား ကိုအေးသောင်ရော ကျော်စိုးပါ မျက်လုံးပြူးသွားသည်။

“ဟာ..”

သစ်ကိုင်းခြောက်တစ်ခုတွင် စိုက်နေသောလှံတစ်ချောင်း

ကိုအေးသောင်နှင့် ကျော်စိုး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။ အတန်ကြာ ငိုင်နေကြပြီးမှ ကိုအေးသောင်က သူ၏လှံကို သစ်ကိုင်းခြောက်မှ ဆွဲနှုတ်ကာ နှစ်ယောက်သား ထွက်လာကြသည်။ ပစ်မှတ်လွဲသွားသော ဝါးတုတ်တိုလည်း ရှာမတွေ့တော့။ ကျော်စိုးက …

“ပြန်ကြရအောင်ဗျာ။ ဟင်းစားလဲရပါပြီ”

“အေး ပြန်ကြမယ်။ အပြန် ပတတ်တွင်းထောင်ထားတဲ့ဆီ ဝင်ရဦးမယ်။ အဲဒီမှာလည်း ဟင်းစားရနိုင်ပါသေးတယ်”

နှစ်ယောက်သား ပတတ်ထောင်ထားခဲ့သော လွင်ပြန့်နှင့် ကုန်းကြောရှိရာသို့ ခတ်သုတ်သုတ် လျောက်လာခဲ့ကြသည်။ ပတတ်ထောင်ထားခဲ့သော နေရာများတွင် နိုင်လွန်ကြိုးစွပ်လျှက် (ဒေသအခေါ် လေးတုံး)သစ်သားတုတ်တန်းလန်းနှင့် လျောက်ပြေးနေသော ပတတ် ၁၄-၅ ကောင်ရလိုက်သည်။

တစ်နေရာတွင် တွင်းဝ၌ ကွင်းတန်းလန်းသာရှိနေသော ပတတ်ထောင်ချောက်တစ်ခု။ ကိုအေးသောင်က . .

“ကိုကျော်ဦး ဒီတွင်းက ပတတ်တော့ရှိတယ်ဗျ စောလို့ မထွက်သေးတာ။ ဒါပေမယ့် ဂယ်ပေါက်ကများ ထွက်သွားသလားတော့ မသိဘူး။ ဟော ဟိုမှာကြည့် . . .”

တစ်နေရာကို လက်ညှိုးထိုးပြလိုက်သည်။

“အဲဒီလို မြေပွပွလေးပုံနေတာကို ဂယ်ပေါက်လို့ခေါ်တယ်။ မိုးရွာရင် ရေမဝင်အောင် ဒီကောင်တွေက မြေကြီးနဲ့ပိတ်ပြီး စုန့်ထိုးထားတတ်ကြတယ်။ ဒီထဲကအကောင်တော့ စောင့်မနေတော့ပါဘူးဗျာ။ ကွင်းကိုပဲ သိမ်းလိုက်တော့မယ်။ ၁၄-၅ ကောင်တော့ ရထားပြီပဲဟာ”

ကိုအေးသောင်က နိုင်လွန်ကြိုးကွင်းကိုသိမ်းကာ အိတ်ထဲသို့ ထည့်လိုက်သည်။

“ကဲ … မောလဲမောပြီ၊ ဆာလည်းဆာတယ်၊ ထမင်းစားကြရအောင်”

ထမင်းမစားမီ ကိုအေးသောင်က သစ်ပင်တစ်ပင်အောက်တွင် ထင်းခြောက်များဖြင့် မီးမွှေးလိုက်သည်။ ထို့နောက် ပတတ်တစ်ကောင်ကို အရေခွံဆုတ်ပြီး မီးကင်လိုက်သည်။ သိပ်မကြာမီ မွှေးကြိုင်သော အနံ့ထွက်လာသည်။ ထမင်းထုတ်များကို ဖွင့်ကာ . . .

“ကိုကျော်စိုး ဒါက အိမ်ကပါလာတဲ့ ဆိတ်သားဟင်း၊ အခု ဒီဟာ ပတတ်ကင်ပေါ့ဗျာ၊ စားကြည့်ပါဦး”

ကျော်စိုးက ပတတ်ကင်တစ်ကောင် ကောက်ဝါးလိုက်သည်။

“ဘယ်နှယ်လဲ”

“အေးဗျ အကောင်းသား။ ငါးရံ့ခြောက် ဝါးရသလိုပါပဲ၊ ချိုတယ်ဗျ”

ထမင်းစားနေရင်း ကျော်စိုးက

“ကျွန်တော် စောစောက စိတ်ထဲမှာ သိပ်မရှင်းတာကလေး တစ်ခုရှိတယ်ဗျ”

“ဘာကိုလဲဗျ”

“တောကြောင်ကို ထိသွားတာ သိလိုက်ရဲ့သားနဲ့၊ တောကြောင်လဲမတွေ့၊ လှံကလဲ နေရာမှာ မရှိပဲ သစ်ကိုင်းခြောက်ကိုသွားစိုက်နေတာ ဘာသဘောလဲဗျ”

“ကိုကျော်စိုးလဲ မုဆိုးလုပ်ဖူးတော့ တောခြောက်တာ ကြုံဘူးမှာပေါ့”

“ကြုံတော့ ကြုံဖူးတယ်။ ဒီလိုမျိုးတော့မဟုတ်ဘူးဗျ”

“ခင်ဗျား ကြောက်မယ်ထင်လို့ ကျွန်တော် မပြောတာ။ နောက်မှ ခင်ဗျားလည်းမုဆိုးလုပ်လာတာ စဉ်းစားမိသွားတယ်။ ကျွန်တော်လည်း အပြန်ကျမှ တွေးမိလာတာ။ အဲဒီတောက စားစရာ သောက်စရာ တစ်ခုခုပါလာရင် တင်မြှောက်ပသရတယ်။ ကျွန်တော်တို့ဆီမှာ ဆိတ်သားဟင်း ပါလာတာ။ မြောက်ဖို့ မေ့သွားတယ်။ အဲဒါကြောင့်ပဲ။ ဒါတောင် နေ့ခင်းကြောင်တောင်မို့လို့။ ညဘက်ဆို ဒါ့ထက်ဆိုးမယ်ဗျ။ ကျွန်တော်လဲ ကြုံဖူးတော့ တွေးမိလိုက်တာ”

“ကျွန်တော်လဲ တွေးမိတယ်ဗျ”

“ကဲ စားသောက်ပြီး ပြန်ကြရအောင်။ ညနေစာအတွက်တော့ တောကြက်ဆီပြန်နဲ့ ယုန်သားကြော် မကောင်းဘူးလား ကိုကျော်စိုး”

“ကောင်းပါလေ့ဗျာ။ ဒါထက် မြို့မှာ ဘီယာနဲ့ ဘဲကင် လိုက်ဖက်သလို ခင်ဗျားတို့ဆီမှာ ပတတ်ကင်နဲ့ ထန်းရည်ဆို”

“ကျွန်တော်အကို ကိုဘဇံက ကောင်းကောင်းမွန်မွန်ဧည့်ဝတ်ပြုလိုက်ပါဆိုတာ ကျွန်တော် မမေ့ပါဘူးဗျာ။ အခုက တောလည်တာ အချိန်လင့်သွားလို့ ဆာနေကြတာနဲ့ ထမင်းစားလိုက်ကြတာပါ။ ကျွန်တော်တို့အပြန်ကို ပင်ကျရေကောင်းကောင်းလေးချန်ထားဘို့ မှာထားခဲ့ပြီးသားပါ။ ဒါကြောင့်မို့ ပတတ်တွေလဲ ထန်းရည်နဲ့မြည်းဘို့ ချန်ထားတာပါ။”

တောကြက်တစ်ကောင်၊ ယုန်တစ်ကောင်နှင့် ပတတ်တွဲကို ဆွဲကာ နှစ်ယောက်သား ရွာဆီသို့ ခတ်သုတ်သုတ်လျောက်လာကြသည်။

ပူပြင်းခြောက်သွေ့လှသော သဲလမ်း ဖုံလမ်းတစ်လျောက် ချွေးဖြိုက်ဖြိုက်ကျအောင် ကိုယ့်အတွေးနှင့်ကိုယ် လျောက်လာကြရင်း ကိုအေးသောင် အတွေးတွင်တော့ မည်သို့ရှိသည်မသိ။ ကျော်စိုးအတွေးတွင် နေ့ခင်းကြောင်တောင် ကိုယ်တွေ့ ကြုံလိုက်ရသော ဆန်းကြယ်သော အဖြစ်နှင့် ရွာကိုရောက်လျှင် ပင်ကျရေပုစွန်ဆိတ်ခုန်နှင့် ပတတ်မီးကင် မွှေးမွှေးကို တွေးကာ ခြေလှမ်းများ အလိုလိုသွက်နေပါတော့သည်။

– ပြီး –

စာရေးသူ – မောင်မြင့်မား(ဘိုကလေး)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ

Leave a Reply

Your email address will not be published. Required fields are marked *