ဖိုးကျော့
ပလူတွင်း
မိုးဦးကျမိုးက တစ်ရက်,နှစ်ရက်၊ တစ်ကြိမ်,နှစ်ကြိမ် ရွာပြီးသွားပြီ။ ယနေ့ နေသာသည်။
မိုးကောင်းကင်ထက်တွင် တိမ်ပဝါဖြူ တစ်စ, နှစ်စသာ လွင့်မျောနေ၏။ ထို့ကြောင့် မနက်ကပင် နေခြစ်ခြစ်တောက် ပြန်ပူနေသည်။
သည်လို မိုးဦး မိုးရွာပြီးစ နေပြန်ပူသော ညနေဆိုလျှင် တောင်ခြေ တောစရှိ ပလူကျင်းများမှ ပလူကောင်များ အဆမတန် ထွက်တတ်ကြသည်။
ဤသို့ နှစ်စဉ်နှစ်တိုင်း ထွက်တတ်ကြသော ပလူကောင်များကို အမှီသဟဲပြုကာ ဖွတ်, ပုတတ်နှင့်တကွ ပလူစားငှက်များကို ပစ်ခတ်ရတတ်သည်။
ထို့ကြောင့် ကျွန်တော်တို့ ညီအစ်ကိုသုံးယောက်သည် အမေ အဖေတို့ ကိုင်းတောကမပြန်မီ ဖွတ်, ပုတတ်ရှာသူများနှင့် ငှက်ခတ်သမားများ မဦးမီ ပလူကျင်း တစ်ကျင်းကို ဦးထားရန်၊ ငှက်ခတ်ရန်၊ ဖွတ်, ပုတတ် ရလျှင်လည်း ဖမ်းဆီးရန် ညနေစောင်းကြီးတွင် ရွာက ထွက်လာကြသည်။
ရွာထွက်စ တလင်းနားတွင် ဦးလေး ဦးဖြူသီးနှင့် မမျှော်လင့်ဘဲ ဆုံမိကြ၏။ ထင်းတုံးကြီးတစ်တုံးကို မနိုင်ရင်ကာ ထမ်းလာသော ဦးလေး ဦးဖြူသီးက ကျွန်တော်တို့ကို မြင်သည်နှင့် မေးတော့၏။
“ဟေ့ကောင်လေးတွေ … လက်ထဲမှာလဲ လင့်လေး ဝါးပြောင်းတွေနဲ့ နေညိုညနေစောင်းမှာ ဘယ်သွားကြဦးမလို့လဲ”
“ကျွန်တော်တို့ ပလူကျင်းသွားစောင့်ကြမလို့ ဦးလေး”
ညီအစ်ကိုသုံးယောက်ထဲတွင် အငယ်ဆုံးဖြစ်သော ကျွန်တော်က ခပ်ကြွားကြွားပင်ပြောလိုက်သည်။ ဤသို့ ခပ်ကြွားကြွားပြောလိုက်ရခြင်းမှာ လူကြီးတွေ၊ ငှက်မုဆိုးတွေသာ သွားစောင့်လေ့ရှိသော တောင်ခြေတောစက ပလူကျင်းကို ဤအသက် ဤအရွယ်နှင့် သွားစောင့်ကြမည်ဆိုသော ကျွန်တော်တို့ညီအစ်ကိုအား ဦးလေးက…
“ဟေး, ဒါမှ ငါ့တူတွေဟေ့၊ ကြီးလာရင် မုဆိုးဖြစ်မယ့်လူတွေဆိုတာ ခုကပင် ပလူကျင်းစောင့်ရဲမှ”
ဟု ချီးမွမ်းလိမ့်မည်အထင်နှင့် ပြောလိုက်ခြင်းဖြစ်သည်။
သို့သော် ဦးလေး ပါးစပ်ထဲက ထွက်လာသော စကားမှာကား…
“အောင်မယ်, ကြီးကြီးကျယ်ကျယ်၊ လူတွေကဖြင့် လက်တောက်လောက်ရှိသေးတယ်၊ ပလူကျင်းသွားစောင့်ရအောင် မင်းတို့က လူကြီးတွေလား မုဆိုးတွေလား။
ပလူကျင်းစောင့်တယ်ဆိုတာ မြွေပါးကင်းပါးနဲ့ ဘယ်လောက်အန္တရာယ်များတယ်ဆိုတာ နင်တို့ သိလို့လား။ သွား … ရွာထဲ ပြန်ဝင်ကြ”
ဟူ၍ ဖြစ်၏။
အမှန်အတိုင်းပြောလိုက်မိ၍ အကြိမ်းခံလိုက်ရသော ကျွန်တော့်အား အစ်ကိုနှစ်ယောက်က အပြစ်တင်သောအကြည့်နှင့် ကြည့်နေကြသည်။
ကျွန်တော့်မှာလည်း မိဘနှင့်တကွ တစ်ဆွေလုံးတစ်မျိုးလုံးက မုဆိုး တံငါအလုပ်ကို အားမပေးကြမှန်းသိ၍ နောင်တရသွားသည်။
သို့သော် ကံကောင်းသည်ဟု ဆိုရမည်။ ထင်းတုံးကြီးတစ်တုံးကို မနိုင်မနင်းထမ်းလာသော ဦးလေးမှာ ထင်းတုံးကြီးလေးသဖြင့် ကျွန်တော်တို့အား နောက်ထပ် ဆက်ပြီး မဆူ မပြောနိုင်တော့ဘဲ ရွာထဲစွတ်ဝင်သွား၏။
ထိုအခါ ကျွန်တော်တို့ညီအစ်ကိုမှာလည်း ပလူကျင်းရှိရာ တောင်ခြေတောစသို့သာ ငှက်ပစ်ရန် ထွက်လာကြလေသည်။
xxx xxx xxx
နှစ်စဉ်နှစ်တိုင်း ကြားနေမြင်နေကျအတိုင်းပင် တောင်ခြေတောစနား အရောက်မှာ ပလူကောင်များ ထွက်ပျံနေသော တစ်နေရာကို သစ်ဆိုင် သစ်ကိုင်းဖျားအလွတ် ကောင်းကင်ပေါ်မှာ မြင်နေကြရသည်။
ပလူကျင်းမှာ စထွက်ကာစသာ ရှိသေးပုံရ၏။ ပလူကောင်များကို ထိုးဆိတ်စားသောက်နေကြသော ငှက်များမှာ များစွာ စည်စည်ကားကား ဆူဆူညံညံ မရှိကြသေး။ အမြင်မှာ ပလူစားငှက် အကောင်နှစ်ဆယ်လောက်သာ ရှိဦးမည်။
ထို့ကြောင့် ကျွန်တော်တို့သည် ပလူကျင်းရှိရာသို့ အပြေးလိုက်လာကြသည်။
ထိုအချိန်မှာပင် ပလူစားငှက်များသည် သောသောညံအသံပေးကာ ကျွန်တော်တို့နှင့်အပြိုင် ပလူကျင်းရှိရာသို့ သူ့ထက်ငါဦး ပြေးပျံလာနေကြသည်။
အမှန်မှာ ကျင်းထဲမှထွက်ပြီး မိုးပေါ်ပျံတက်လာသော ပလူကောင်များကို ငှက်များက တပျော်တပါးဝဲပျံထိုးဆိတ် စားသောက်နေကြသလို ကျင်းမှ ထွက်ထွက်ချင်း ပလူကောင်များကိုလည်း စောင့်စားရန် ဤအချိန် ဆိုလျှင် ပလူကျင်းဝ၌ ဖွတ်, ပုတတ်ကစပြီး အိမ်မြှောင်, ပုတ်သင်ညို, ကင်းလိပ်ချော, သင်းခွေချပ်, မြွေ စသည့် တွားသွားတိရစ္ဆာန်များ ရောက်နှင့်ကြပြီးဆိုသည်ကို ငှက်ခတ်မုဆိုးများ ပြောစကားအရ သိထားကြလေပြီ။
ထို့ကြောင့်ပင် ကျွန်တော်တို့ သုံးယောက်သည် မိုးပေါ်က ပလူကောင်များကို လှမ်းမော့ကြည့်လိုက် လယ်ကွင်းကိုင်းတောများကို ဖြတ်ပြေးလိုက်နှင့် တောင်ခြေတောစပ်က ပလူကျင်းနားရောက်လာကြ၏။
“အစ်ကိုတို့က ငှက်ပစ်ဖို့ချည်း ဇောကပ်မနေကြနဲ့ဦးနော်။ မြေပြင်က ပလူကောင်တွေကို လာကောက်စားနေကြတဲ့ မြွေပါးကင်းပါးလဲ သတိထားကြဦး”
ပလူကျင်းနားအရောက်မှာ ကျွန်တော်က လူတတ်ကြီးလုပ်ပြီး ကြားဖူးနားဝနှင့် အစ်ကိုနှစ်ယောက်ကို သတိပေးလိုက်၏။
မိုး တစ်ရက်နှစ်ရက် ရွာထားပြီးဖြစ်သဖြင့် သစ်ရွက်ခြောက်တွေမှာ လူတက်နင်းသွားသော်လည်း ချိုးချိုးချွတ်ချွတ် မမြည်သဖြင့် ခြေသံက ပိုလုံသည်။
ထို့ကြောင့်လည်း မြေပြင်ကပလူကောင်များကို ကျွန်တော်တို့ ထက်ဦးစွာရောက်ပြီး ကောက်စားနေကြသော ပုတ်သင်ညို, ကင်းလိပ်ချော, ပုတတ် သုံးလေးကောင်တို့မှာ ကျွန်တော်တို့နှင့် ပက်ပင်းတိုးကာ ရုတ်တရက် ထွက်ပြေးသွားကြသည်။
ပလူကောင်များ တစ်ကောင်ပြီးတစ်ကောင် ထွက်ပြီး မိုးပေါ်ပျံတက်နေကြသော ပလူကျင်းနားရှိ သစ်ပင်နှစ်ပင်ပေါ်ကို အစ်ကိုကြီးနှင့် အစ်ကိုလတ်တို့က တစ်ယောက်တစ်ပင်ကျစီ တက်သွားကြ၏။
ပင်စည်ပေါ်တွင်လာနားသော ငှက်များကို သူတို့နှစ်ယောက်က ဝါးပြောင်း, လေးခွ, လင်းလေးတို့နှင့် ပစ်ချကြသည်။
အစ်ကိုနှစ်ယောက် ပစ်ချလိုက်သောငှက်များကို ကျွန်တော်က လိုက်ဖမ်းလိုက်ကောက်ရမည်။ လေးဆူး, ဝါးပြောင်းဆူးများတန်းလန်းနှင့် မြေပြင်ပေါ်ထိုးကျလာသော ငှက်များကိုလိုက်ကောက် ဆူးဖြုတ်ပြီး လေး ဆူး, ဝါးပြောင်းဆူးများကို အစ်ကိုတို့ဆီ ပြန်ပြီးပေးရမည်။
ထို့ကြောင့် ကျွန်တော်သည် ဘယ်သစ်ပင်ပေါ်ကိုမှ မတက်ဘဲ အောက်၌သာ သတိဝီရိယကြီးစွာနှင့် နေနေရ၏။
သစ်ပင်ပေါ်တက်ပြီး ငှက်ပစ်ချနေကြသော အစ်ကိုနှစ်ယောက်မှာ များစွာ အန္တရာယ်မရှိလှသော်လည်း မြေပြင်၌ ငှက်ကောက်ရန် စောင့် ဒနေရသော ကျွန်တော့်မှာ မြွေတွေ, ကင်းတွေကို မနင်းမိ မတိုက်မိအောင် အထူးသတိထားရသည်။
အစ်ကိုတို့ ပစ်ချလိုက်သော လေးဆူးတန်းလန်းနှင့်ငှက်ကို လောဘဇောနှင့် ပြေးအကောက်မှာ တစ်ခါတစ်ခါ ကင်းလိပ်ချော, ပုတ်သင်ညိုများကို တက်နင်းမိတတ်သည်။ လူက ငှက်ကောက်ရန် ဇောကပ်နေသလို ပုတ်သင်ညို, ပုတတ်နှင့် ကင်းလိပ်ချောတို့မှာလည်း ပလူစားရန်သာ ဇောကပ်နေကြ၏။
ထို့ကြောင့် တစ်ဦးကိုတစ်ဦး မမြင်မိဘဲ တစ်ခါတစ်ခါ ဝင်တိုး ဝင်တိုက်မိကြသည်။ မြွေမဟုတ်၍သာ တော်သေးသည်။
ငှက်အော်သံများမှာ ပို၍ ဆူညံလာသလို မြေပြင်ပေါ်မှာလည်း ပုတ်သင်ညိုတွေ, ကင်းလိပ်ချောတွေ, ပုတတ်တွေနှင့် ရှုပ်ရှက်ခတ်လာသည်။
တစ်ခါတစ်ခါတွင် ပလူစားငှက်များကို သိမ်းငှက်, စွန်ရဲတို့က တစ်ခါထပ်ပြီး လာထိုးလေရာ ပလူစားငှက်များမှာ သစ်တောထဲဝင်ပြေးပြီး သစ်ပင်တွေနှင့်တိုက်ကာ အတောင်ကျိုး၊ ခြေထောက်ကျိုးနှင့် သစ်တောထဲ ထိုးကျလာကြပြန်၏။
ကျွန်တော့်မှာ အစ်ကိုနှစ်ယောက် ပစ်ချလိုက်သော ငှက်များနှင့် သိန်းစွန်တို့၏ အန္တရာယ်ကြောင့် အတောင်ကျိုး၊ ခြေကျိုးကျလာသော ငှက်များကို ငှက်ခတ်တုတ်နှင့်ရိုက်၊ လေးခွနှင့်ထပ်ပစ်ကာ မလွတ်တမ်း ကောက်ယူနေရသည်။
ယခုအချိန်မှာ အားလုံးဝရုန်းသုန်းကားနှင့် တောတစ်ခုလုံးမှာ ငှက်အော်သံများနှင့် ဆူညံနေသည်။
ပလူနှင့်ငှက်၊ ငှက်နှင့်စွန်ရဲတို့က ကောင်းကင်ပေါ်တွင် တိုက်ပွဲ ဆင်နွှဲနေကြသလို မြေပြင်တွင်လည်း လူနှင့်ငှက်၊ ပလူနှင့် တွားသွားတိရစ္ဆာန်တွေမှာ တစ်ဦးကိုတစ်ဦး သတ်ဖြတ်အနိုင်ယူကာ လောဘဇော တက်လျက် ရှိကြလေသည်။
xxx xxx xxx
အစ်ကိုလတ်ပစ်ချလိုက်သော ကျွဲကျောင်းငှက်တစ်ကောင်သည် ပြောင်းဆူးတန်းလန်းနှင့်ပင် ထိုးကျလာသည်။ ထိုကျွဲကျောင်းငှက်ကို ကျွန်တော်သွားကောက်မည်အလုပ်တွင် လူကြီးလက်ကောက်ဝတ်လောက်ရှိသော မြွေတစ်ကောင်က သစ်ပင်ကြီး နှစ်ပင်ကြားမှ လျောခနဲထွက်လာ၏။
မြွေကြီး၏တောက်ပသော မျက်လုံးနှစ်လုံးကြောင့် ကျွန်တော့်ခြေလှမ်း တုံ့သွားသည်။
ထိုစဉ် အတောင်ပံ တဖျပ်ဖျပ်ခတ်ကာ ရုန်းကန်နေသော ကျွဲကျောင်းငှက်အနားသို့ မြွေကြီးသည် တိုးကပ်သွား၏။ သို့သော် မသေမရှင် ရုန်းကန်နေသော ကျွဲကျောင်းငှက်နား မြွေကြီးအရောက်မှာ တောတိရစ္ဆာန်တစ်ကောင်သည် ကျွဲကျောင်းငှက်ဆီ လာနေသော မြွေပေါ် ခုန်အုပ်လိုက်သည်။
မြွေကြီးမှာ တစ်ပတ်နှစ်ပတ် လှိမ့်လိုက်ပြီး ပါးပျဉ်းဖြန့်ကြက်ကာ ထိုတိရစ္ဆာန်ကို ပေါက်သတ်ရန် အားယူနေသည်။
ကျွန်တော်သည် အစ်ကိုကြီးရှိရာသစ်ပင်နား နောက်ပြန်ဆုတ်ပြေးသွားမိသည်။ မြွေကြီးနှင့် တောတိရစ္ဆာန်ကိုမူ မျက်စိထဲက အပျောက်မခံရဲ။ မြွေကြီးသည် မိမိကို မြင်သွားပြီး မိမိဆီ လိုက်မှာ ကြောက်နေသလို မြွေကြီးအား ခုန်အုပ်ကိုက်သတ်ရန် အားယူနေသော တောတိရစ္ဆာန်ကိုလည်း ဘာကောင်မှန်း ခွဲခွဲခြားခြား မသိသေးသဖြင့် စိုက်ကြည့်နေမိ၏။
အစကမူ တောကြောင်တစ်ကောင်ကောင်လားဟု ထင်မိ၏။ သို့သော် တောကြောင်လောက်မကြီး၊ တောကြောင်လည်း မဟုတ်။ အမြီးဖွားသဖြင့် ရှဉ့်လားဟု သေသေချာချာကြည့်ပြန်၏။ ရှဉ့်လောက်လည်း မသေး၊ ရှဉ့်လည်း မဟုတ်။
ဘာကောင်ပါလိမ့်ဟု တွေးလိုက်စဉ် ပါးပျဉ်းထောင်ထားသော မြွေကြီးသည် ထိုတောတိရစ္ဆာန်ကို ထိုးပေါက်လိုက်သည်။ ထိုတောတိရစ္ဆာန်က လျင်လျားစွာ ခုန်ရှောင်လိုက်၏။
ရုတ်တရက် ထိတ်လန့်သွားသော ကျွန်တော့်ပါးစပ်က ‘ဟယ်’ခနဲ ကြောက်ကြောက်ရွံ့ရွံ့ အသံထွက်သွားသော်လည်း တောတိရစ္ဆာန်နှင့် မြွေကြီးတို့မှာ တစ်ကောင်နှင့်တစ်ကောင် အလစ်ချောင်းကာ အကွက်စောင့် ဟန်ရေးငင်နေကြသည်။
မြွေကြီးက ပါးပျဉ်းထောင်ပြီး ရှေ့တိုးနောက်ငင် လုပ်နေသလို တောတိရစ္ဆာန်မှာလည်း ရှေ့လက်ကိုမြှောက်ပြီး နောက်ခြေကို အားပြုကာ မြွေကြီးကိုခုန်အုပ်ရန် အလစ်ချောင်းနေသည်။ ကျွန်တော်သည် အစ်ကိုကြီးရှိရာသစ်ပင်ပေါ် ရုတ်ခနဲ တွယ်တက်လိုက်၏။
အစ်ကိုကြီးက ‘ဘာလဲ’ဟူသော သဘောနှင့် မေးဆတ်ပြီးမေးသည်။ ကျွန်တော်က ပလူကျင်းတောင်ဘက်နားမှ မြွေနှင့် တောတိရစ္ဆာန်ကို အသံတိတ် လက်ညှိုးထိုးပြလိုက်သည်။
ရုတ်တရက်မူ အစ်ကိုကြီးလည်း အံ့ဩသွားပုံရ၏။ ထိုအချိန်မှာပင် တောတိရစ္ဆာန်ငယ်သည် မြွေကြီးကို ခုန်အုပ်လိုက်သည်။ မြွေကြီးနှင့် တောတိရစ္ဆာန်တို့မှာ ရွက်ကြွေတောထဲ လုံးထွေးနေကြ၏။
“ဟင်, အစ်ကိုကြီး မြွေနဲ့ကိုက်နေကြတာ ဘာကောင်လဲ”
“ငါလဲ ခုမှသတိရတယ်။ မင်း မမြင်ဖူးသေးဘူးနဲ့ တူတယ်။ မြွေပါ ဆိုတာ အဲဒီအကောင်ပေါ့”
ကျွန်တော်က တီးတိုးမေးသလို အစ်ကိုကြီးကလည်း ကြားလောက်ရုံလေသံနှင့်သာ ဖြေသည်။ ယခု မြွေနှင့်တိုက်ခိုက်နေသော တောတိရစ္ဆာန်မှာ မြွေပါဖြစ်ကြောင်း အစ်ကိုကြီးပြောပြမှ သိရသည်။
အစ်ကိုကြီးသည် ဘာစိတ်ကူးပေါက်သွားသည်မသိ၊ လက်ထဲက လင်းလေးကို သစ်ကိုင်းတစ်ကိုင်းပေါ် ကမန်းကတန်းချိတ်သည်။ခါးကြားထဲက လေးခွကို ဆွဲနှုတ်၏။ လောက်စာသီးထည့်ယူလာသော အဝတ်ရှုံ့အိတ်ထဲမှ လောက်စာလုံးတစ်လုံးကိုနှိုက်ပြီး အစ်ကိုလတ်ကို ချိန်ပစ်လိုက်သည်။ သူ့ကိုယ်ပေါ် မနာမကျင် လာထိသော လောက်စာလုံးကြောင့် အစ်ကိုလတ်က ကျွန်တော်တို့ဆီ လှမ်းကြည့်သည်။
ထိုအခါ အစ်ကိုကြီးက မြွေနှင့် မြွေပါတို့ သတ်ပုတ်လုံးထွေးနေကြရာဆီ လက်ညှိုးထိုးပြလိုက်သည်။
ကျွန်တော်လည်း ငုံ့ကြည့်မိရာ မြွေပါနှင့် မြွေ၏ ကိုယ်ပေါ် သွေးစိမ်းရှင်ရှင်များကို မြင်နေရသည်။
အစ်ကိုကြီးက အစ်ကိုလတ်ကို လက်ဟန်ခြေဟန်နှင့် အချက်ပြ ပြောသည်။ အစ်ကိုလတ်ကလည်း နားလည် သဘောပေါက်ကြောင်း ခေါင်းညိတ်ပြသည်။
“မင်း အောက်ကိုဆင်းသွား။ ဘာမှ မကြောက်နဲ့နော်။ ငါက မြွေပါ ခေါင်းကို လေးခွနဲ့ပစ်ပြီး စောထွန်းက မြွေပါကိုယ်ကို ပြောင်းနဲ့ မှုတ်လိမ့်မယ်။ ခေါင်းကိုထိလို့ မြွေပါ မူးမေ့နေတုန်း မင်းက ငှက်ခတ်တုတ်နဲ့ပြေးရိုက်။ ငါတို့ ချက်ချင်း ဆင်းလာကြမယ်”
“မြွေကကော အစ်ကိုကြီး”
“မြွေက မင်းကို မကိုက်နိုင်တော့ပါဘူး။ မြွေပါကိုက်ထားလို့ သေတောင်နေပြီထင်တယ်။ သွား … သွား … မြန်မြန် အောက်ဆင်း”
ကျွန်တော် အောက်ကိုရောက်သည်နှင့် တစ်ပြိုင်နက် အစ်ကိုကြီးနှင့် အစ်ကိုလတ်တို့က မြွေပါဦးခေါင်းနှင့် ကိုယ်ကို ရှေ့ဆင့်နောက်ဆင့် တစ်ယောက်တစ်ချက် ပစ်ချလိုက်ကြသည်။
တိုင်ပင်ထားသည့်အတိုင်းပင် ကျွန်တော်ကလည်း မြွေလည်ပင်းကို ကိုက်ချီပြီး လေးခွ, ပြောင်းမြားချက်နှင့် သွက်သွက်ခါလည်သွားသော မြွေပါကို ငှက်ခတ်တုတ်ရှားနှစ်နှင့် ပြေးရိုက်လိုက်လေသည်။
(၁၉၉၂ ခုနှစ်၊ အောက်တိုဘာလ၊ ငွေတာရီမဂ္ဂဇင်း)
(နောက်ပိုင်း Facebook က စာတင်လို့မရတော့လျှင် စာဆက်ဖတ်နိုင်ဖို့အတွက် အောက်က Telegram ကို Joint ထားကြပါဗျ)