————–
ဗြောင်း…ဂွမ်း…ဂွမ်း
တဟဲဟဲ..တရှဲရှဲ နဲ့လေပြင်းအမွေ့မှာ သင်္ချိုင်းဇရပ်အမိုးသွပ်ပြားကို လက်ပံအိုရဲ့အကိုင်းအလက်များက တဝုန်းဝုန်းဖြင့်ရိုက်ခတ်နေ၏။လရောင်အောက်တွင် ငြိမ်သက်စွာ လှဲလျောင်းနေသော မြေပုံအချို့ပေါ်သို့ တကျွီကျွီ တကျွက်ကျွက်နဲ့ ပြေးလွှားအစာရှာဖွေနေတဲ့ မြေကြွက်ကြီးများမှာလူသံကြား၍ထင်သည်၊ အမွှေးအမှင်များထောင်ကာ မျက်လုံးနီကြီးများဖြင့် ဘခက်ကို လှမ်းကြည့်နေကြသည်။
အူ…ဝူးးး ဝူ… ဝု!
သင်္ချိုင်းအစပ်နားဆီက တောခွေးတစ်ကောင်၏ ဆွဲဆွဲငင်ငင်အူသံ က ဘခက်ကို ကြက်သည်းမွှေညှင်းထောင်ထသွားစေ၏။
အုတ်ဂူအကြိုအကြားမှာပေါက်နေသည့် လူတစ်ရပ်ခန့် ဘောစကိုင်းပင်အချို့ လှုပ်ခါရမ်းနေသည်မှာ တစ္ဆေများ အစာရှာထွက်ဖို့ နိူးထလာသလိုပင်။
ဘခက် အဖေါ်ခေါ်လာသည့် ကိုကိုရီ အားကြည့်လိုက်သည်။
ပါးစပ်ကသံဗုဒ္ဓေဂါထာသာရွတ်နေသည်။လူက ကတုန်ကရင်နဲ့ အစလယ် ဆုံး အချိုးမကျနလှပေ။
သူ့ကိုကြည့်သည့် ဘခက်အား ပြန်ကြည့်ကာနောက်ကျောမလုံဖြစ်နေပြီး…
“ဆ…ဆ…ဆရာခက်!
ဘာ…ဘာလဲဟွမ်! ဘာကြည့်တာလဲဂျာ ၊ ကျုပ်နောက်…နောက်ကဘာကြီးလဲဂျာ!!
ဘခက် မျက်လုံးပြူးသွားသည်။ကိုရီ၏ပုံ
ကြည့်၍ ရီချင်သွားသည်။ကြည့်လေ လက်တဖက်တွင် ပုဆိုးခါးပုံစကိုဆွဲထားကာ ကျောကိုကော့ထားသည်။
လက်တဖက်က အမွှေးတိုင်ထုပ်များ ဖုယောင်းတိုင်များကို ကိုင်ထားကာမျက်နှာပြင်တစ်ခုလုံးဇောချွေးများပြန်နေ၏။
သူ၏ ပုဆိုးအောက်နားစက ကန္တာရ ဆူးခြုံနဲ့ငြိကာ နောက်ကဆွဲထားသလိုဖြစ်နေသည်။
ကိုကိုရီ၏စိတ်ထဲ သရဲက ဆွဲထားသည်ဟုထင်နေပုံရ၏။
“ဆ…ဆရာခွက်..ကယ်ပါအူးဂျာ”
“ဟီးဟီး”
ဘခက်ရယ်လိုက်၏။ဆရာခက်တောင်
မပီသပဲ ဆရာခွက်ဖြစ်နေသော ကိုကိုရီ၏နောက်က ပုဆိုးစနှင့် ငြိနေသောဆူးကို ဖြုတ်ပေးလိုက်၏။
“မင်းကလည်းကွာ ဒီလောက်
အသည်းငယ်ရလားဟ ဆူးနဲ့ငြိနေတာပါကွ”
ကိုကိုရီ က…
“အဟီးးး ကျော် ကြောက်ဖူးရယ်
နည်းနည်းလေး လန့်တာပါ ဆရာခက်”
ညဉ့်နက်သန်းခေါင်ကြီးမှ သင်္ချိုင်းကို ဆရာတပည့်နှစ်ယောက်ထဲ လာရသည်က ကိုကိုရီ ပူဆာလို့ လာရခြင်းဖြစ်သည်။
ကိုကိုရီက လယ်ပိုင်ရှင်သူဋ္ဌေးသားတစ်ယောက်။
အသက်က ၃၅ နားကပ်နေပြီ။ရည်းစားမရှိ။ မိန်းမမရှိ လူပြိုသိုးကြီးပေါ့။
ရည်းစားချစ်သူ မရှိဆို ဘယ်ရှိပမလည်း။သူပုံကိုကြည့်အုံးလေ။အရပ်က ကလန်ကလား ၆ပေနီးပါး။
ပါးစပ်ပေါက်ကို သွားဖြင့်ကဲလားထုတ်ထားသလို သွားခေါသည်။သွားခေါပြီဆိုမှတော့ မျက်လုံးက..ပြူးပြီလေ။ပြူး မပြူးမမေးနဲ့။
လူရွှင်တော်ငြိမ်းချမ်းကအဖေခေါ်လောက်တယ်။လူများ အသားမည်းတာက မည်းမည်းလေးပဲဟုဖြေသိမ့်တွေးပေးကြည့်ပေးလို့ရတယ်ဗျ။
အဲ..ကျနော်တို့ ဇာတ်လိုက်ကျော် ကိုကိုရီကတော့ မည်းတယ်ပြောမရဘူး။
မွဲတယ်ပဲပြောရလိမ့်မယ်။ဟီးဟီး မျက်စိလည်သွားလား။မလည်နဲ့..သူ့အသားရေက မီးယပ်သွေးဆုံးကိုင် အဖွားကြီးလို မွဲခြောက်ခြောက် ပေါ့။မယုံရင် နေ့လည် နေ့ခင်းသူအိပ်နေတာ လာကြည့်။
ဟောက်သံသာ မထွက်ရင် မသာအလောင်းပြင်ထားသလိုပဲ။
အဲသည်တော့..ချစ်သူရှိပါအူးမလား။စာဖတ်သူရော … သူ့ကိုစိတ်ကူးယဉ်ကြည့်ပါလား။စိတ်၀င်စားတယ် ဆိုပြောနော်။သူ့ဖုန်းနံပတ်တောင်းပေးလိုက်မယ်။
ကဲ..ကျနော်တို့ဇာတ်လိုက်ကျော် မျက်လုံးပြူးပြူး သွားခေါခေါ အသားမွဲခြောက်ခြောက် လူပျိုကြီး ကိုကိုရီလည်း အသွေးနဲ့ကိုယ် ၊အရိုးနဲ့လူ(အသားကပါလေကာလေးမို့)ပဲလေ။
သူ့ခမျာလည်း လူ့ဘဝရောက်တုန်းရောက် ရောက်ခိုက် ချစ်တတ်တဲ့အသည်းနှလုံးက တိုက်တွန်းနှိုးဆော် ရှာတော့ ချစ်သူလေး တစ်ယောက်လောက်ရချင်ရှာတာပေါ့။
ဘာပြောပြော..၀တ်မှုန်ရွှေရည်လိုအသားရေ နဲ့ အိချောပိုလိုဘော်ဒီလေးရှိတဲ့ ကောင်မလေးတစ်ယောက်တော့ရချင်ရှာမပေါ့လေ။
ဒီတော့ ဆရာဘခက်ဆီ လာပြီး အကူညီတောင်းခံရှာတယ်။ဆရာဘခက်ဆိုတာကနယ်နယ်ရရ တော့မုတ်ဘူးဗျ။ ယောပြန်ဆောပြန် အထက်လမ်းဆရာ။
အလွန်အစွမ်းထက်တဲ့ ပယောဂဆရာပေါ့။ဒီနယ်တရိုးမှာ ဆရာစိုးပြီးရင် ဆရာဘခက်က အားအကိုးရဆုံးပဲလေ။ဒါကြောင့် ကိုကိုရီက ဆရာဘခက်
ဆီ ရောက်လာပြီး.သူ့ဒုက္ခကိုတင်ပြတယ်။
“ဆရာခက်…ကျုပ် …မိန်းမလိုချင်ပြီဗျာ
ဟီးဟီး… အဲ့တာ ဆရာခက်…ကျုပ်ကို
ပီယဆေးလေး…ဘာလေး …မစပါလားဟွင်”
“အင်! ဘယ်လိုဖစ်လာတာလည်း ကိုရီ
ဗြုန်းစားကြီး မိန်းမလိုချင်ရအောင် ၊ နင်က..တွေ့ထားပြီလားဟ”
“ဟုတ်ဟုတ်! ဆရာခက် တွေ့ထားပြီဗျ
ရွာတောင်ပိုင်းက မမြနှစ်သမီး..မေခင်လေးလေ…ဆရာခက်။ ဟီးဟီး ဘယ့်နယ့်လဲ ကျုပ်နဲ့လိုက်ဖက်တယ်မှုတ်လား အာစရိ”
” ပတောက် တောက် ”
ငင့်! ဝါးလက်စကွမ်းသီးတောင် ပါးစပ်ကခုန် ထွက်သွားတယ်။
နင့်အမေခွမ်း..ကြိုက်လည်းကြိုက်တတ်ပ ။ မေခင်လေးဆိုတာ ရွာရဲ့ကွမ်းတောင်ကိုင်ပန်းတောင်ကိုင်အပျိုချော။အသက်လေးရှိလှ ၁၇နှစ်ထက်မပိုလောက်ချေ။အသားလေးက၀င်းဝါပြီး ကြည်လင်နေသည်။
ထွာဆိုင်ခါးနှင့်ဖွံ့ထွားသည့်တင်သားလေးနဲ့အတူ သူမ၏ စူပုံ့ပုံ့ရွှေရင်ဖြိုးဖြိုးအသားစိုင်များက ကာလသားငယ်တွေသာမက အရွယ်တော်ဟိုင်းနေသည့် ကာလသားလူပျိုကြီးများပါ သားရေတမြားမြား ဖြစ်စေ၏။
ယ္ခုတော့… ဒင်းက မတန်မရာ မှန်းနေသည်။တကယ်ဆို မေခင့်အမေ မြနှစ်တောင် သူ့ထက်လပိုင်းလောက်များငယ်နေမလားမသိချေ။
“နေပါအူး..ကိုရီရယ် ၊ ခင်ဗျားက ကြိုက်နေတာတော့ ဟုတ်ပါပြီ။
သူ့ဘက်ကရော…ဘယ်လိုအခြေနေရှိလည်း”
“ဟီးဟီး.. ဆရာကလည်း ကျုပ်က..ဖွင့်မပြောရဲသေးလို့ပါ။ သူလည်း…ကျုပ်ကို ပြန်ကြိုက်မှာပါ ။ မေတ္တာစစ်တို့ဟူသည် ကွေးကွင်းရာမြဲမရှိတဲ့ ဟီးဟီး ”
အောင်မယ်လေးဗျာသူကနွားပြာကြီးအောက်သွားမရှိသလို တဟီးဟီး နဲ့ ပြောနေတယ်။
ဘာတဲ့.ဖွင့်ပြောရင်အဆင်ပြေမှာပါတဲ့။
မြင်ယောင်မိတယ် သူကြီးကြိမ်လုံးနဲ့ထိတ်တုံး။
“အွင်း ဟုပ်ပါပြီဗျာ အာ့ဆိုလည်း
ကိုယ့်ဘာသာပြောပလား..လူပျိုကြီးရ
ကျုပ်တော့..အမှုထဲဆွဲမထည့်ပါနဲ့နော်”
“အာ..ဆရာခက်ကလည်း
သူ့အားကိုးပြီးလာပါတယ်ဆို…။
ရဘူး…နော် …ရဘူး…ရဘူး၊
ပီယဆေးမရရင်မပြန်ဘူး၊ ဒါဗြဲ..ဟွန့်”
ငင့်..ဆရာခက်ဖင်စတွန့်သွားသည်။မတွန့်ပဲနေနိုင်မလား..သေနာကျကြီးက သူ့ရုပ်နဲ့မလိုက်ဖက်စွာ…လာမူပြနေသည်လေ။
သူမိန်းမ မရရင် ကိုယ်ပဲ ဖြတ်ဖောက်ချုပ်လုပ်ပြီး..သူအားအလုပ်အကျွေးပြုရမည့်သဘောလားမသ်ိ။
အမယ်ငီး….တွေးပြီးဘခက်ကျောချမ်းသွား၏။
မဖြစ်ချေဘူး။ဒီပေါက်ခေါနှာဘူးကောင်တော့မပေးရင်၊အဟုတ်မပြန်တဲ့ပုံနဲ့မို့ကြည့်ကောင်း အောင်ပြောလိုက်မှဟု၊ဘခက်တွေးမိလေသည်။
ကြည့်လေ၊အခုလည်းဘခက်အိမ်ပေါ်တက်ပြီး၊ဘာမပြောညာမပြောနဲ့ကန်တော့ပွဲထဲကငှက်ပျော်သီးတွေဖြုတ်စားနေတာတဖီးတောင်ကုန်သွားပြီ။အံမယ်၊ကိုယ်တော်ချောက၊ဘုရားစင်ရှေ့သွားကာ၊တရေးတမောအိပ်အုံးမည့်သဘောနဲ့လှဲလျောင်းတော်မူနေသည်။အိပ်ယာနိူးလာလို့စားစရာငှက်ပျောသီးမတွေ့ရင်ဘခက်အားရန်မူနိုင်သေးသည်ဟုတွေးကာဘခက်ပေါင်နှစ်လုံးကိုတင်းတင်းစေ့လိုက်မိသည်။မတော်၊ဒင်းကအတင်းလုစားရင်ဘခက်မျိုးတုန်းရချည်ရဲ့။
ကိုကိုရီလှဲနေရာမှထကာ၊ဘခက်ထိုင်နေသည့်အနားတိုးလာ၏။သွားခေါမင်းသားကသူ၏ပြူးနေသည့်မျက်လုံးကိုပေကလပ်၊ပေကလပ်လုပ်ကာ၊
“ဆရာခက်လုပ်ပါဗျ၊ကျုပ်မိန်းမရရင်ဆရာခက်အိမ်ကိုသွပ်ပြားမိုးပေးမယ်ဗျာ၊တကယ်ဆရာခက်”
ဘခက်စိတ်၀င်စားသွားသည်။သူ့အိမ်ကမိုးမလုံဘူးလေ။မိုးရာသီဆို တအိမ်လုံးရှိသမျှခွက်တွေ၊ဇလုံတွေကြမ်းပေါ်ရေခံထားရသည်။သွပ်ပြားစျေးကလည်းကောင်းသည်။မမိုးနိုင်သေးချေ။အခုပေါက်ခေါကမိုးပေးမည်ဆိုတော့ဆရာဘခက်လှုပ်လှုပ်ရှားရှားလေးဖြစ်သွားသည်။။ဒါနဲ့ဆရာခက်က..
“အင်း..ဒီလိုရှိတယ် ကိုရီရ ၊
ကျုပ်ကလုပ်မပေးချင်လို့မှုတ်ဘူး၊
ဒီကိစ္စ က ဆေးဖေါ်မှရတာဗျ”
ငတိက..ဘာမှပူပန်ပုံမပေါ်ပဲ
“အင်းလေ..ဖေါ်ပေါ့ ဆရာခက်
ကျုပ်စောင့်နေပမယ်”
ဆရာဘခက် ခေါင်းကုတ်ခါ…
“ဟာ..အဲ့သလိုမလွယ်ဘူးဗျ
ဆေးဖေါ်တဲ့အခါ..သင်္ချိုင်းထဲကို ညအချိန်မတော်သွားရတယ်…ပြီးတော့…ခက်တယ်”
ပေါက်ခေါက…ရင်ကော့ခါ…
“ဆရာရယ်..ဘာခက်တာလည်း
ဘာလိုတာလည်း ပြောစမ်းပါ၊
ကျုပ်..အဘဆီကငွေတောင်း၀ယ်ပေးမယ်”
“၀ယ်ရတာမျိုးမဟုတ်ဘူးဗျ..အချိန်ရယ်
အစိမ်းသေမိန်းမအလောင်းရယ်..လိုတယ်”
ပေါက်ခေါ ပါးစပ်ဟောင်းလောင်းဖြင့်
“ဗျာ! အစိမ်းသေ..ဟုတ်လားဆရာခက်..”
“အေးလေ..အစိမ်းသေဆို ကျုပ်တို့ရွာက အလောင်းကို ရွာထဲထားရိုးထုံးစံမရှိဘူးလေ။ ရွာပြင် လက်ပံပင်သင်္ချိုင်းမှာ အလောင်းပြင်ပြီး နောက်တစ်နေ့မှ သင်္ဂြိုလ်ကြတာလေ…”
“အဲ့ဒီအလောင်းဆီသွားပြီး ကျုပ်တို့က
ပီယဆေးဖေါ်ရမှာဗျ…”
ပေါက်ခေါ ကိုကိုရီက…
“ဟီးဟီး လိုတာပြော ဆရာ၊
ကျုပ်အကုန်၀ယ်ပေးမယ်…
ဒါမယ့်…ကျုပ်…လိုက်စရာမလိုဘူးမို့လား”
ဆရာဘခက်တင်းသွားလေပြီ။
“ခင်ဗျား…မိန်းမလိုချင်လို့…လုပ်ပေးရမှာ မလိုက်လို့…မရဘူး ။ လိုချင်တဲ့သူ
ကိုယ်တိုင်လိုက်မှ ရမှာ…”
မျက်ပြူး..ပိုပြီးပြူးသွား၏။
“ကျ….ကျ..ကျနော် ကိုယ်တိုင်လိုက်ရမယ်..ဟုတ်လား ဆရာခက်”
ဘခက် ခေါင်းငြိမ့်ပြလိုက်သည်။
.”ဆရာရယ်…မလိုက်လို့မရဘူးလား
သား…ကြောက်တတ်လို့ပါ…အဟင့်ဟင့်”
အံမယ်..သေနာကျမူနေပြန်ပြီ။
“မရဘူး ခင်ဗျားမလိုက်ရင်…ကျုပ်လည်း လုပ်မပေးနိုင်ဘူး…”
ကိုကိုရီ မမြနှစ်သမီးလေး ကိုမြင်ယောင်ကာ တံတွေးကို ဂလုဟုမြည်အောင်မြိုချလိုက်ပြီး…
“လိုက်မယ်..ဆရာ.”
“အဲ့ဒါဆို ဒီနေ့ည အချိန်ကိုက်ပဲဗျာ
ရွာအနောက်ပိုင်းက အပျိုကြီး မလှရွှေ
ကြက်ရိုးနင်ပြီးသေလို့ သင်္ချိုင်းဇရပ်ပေါ်မှာပြင်ထားတယ်…ခင်ဗျားကျုပ်ဆီကို
ည၁၁နာရီလောက်လာခဲ့…”
ကိုကိုရီ မျက်နာငယ်လေးနှင့်…
“ဟုတ်ကဲ့..ဆရာဘခက်.”
ဘခက်က ညကျယူလာရမည့် ပစ္စည်းများကို ၀ယ်ယူခဲ့ရန်အသေချာမှာလိုက်သည်။
ကိုကိုရီက ခဲတံတစ်ချောင်းတောင်းယူကာ စာရွက်အလွတ်ပေါ်ချရေးမှတ်သားကာ ပြန်သွားလေသည်။
ဘခက်..ကိုကိုရီ၏ကျောပြင်ကိုငေးကာ
သက်ပြင်းလေးလေးချလိုက်မိသည်။
_______________
(၂)
ဘခက် ဇရပ်ပေါ်လှမ်းကြည့်လိုက်သည်။အပျိုကြီးမလှရွှေအလောင်း ပြင်ထားသည်ကို တွေ့လိုက်၏။
နောက်ကတွန့်ဆုတ်တွန့်ဆုတ်နဲ့လိုက်လာသော ကိုကိုရီ အားလက်ဆွဲကာ ဇရပ်ပေါ်တက်ခဲ့လိုက်သည်။
ဘခက်က သူ့လွယ်အိပ်အား အလောင်းအနီးချထားလိုက်သည်။
ပေါက်ခေါကိုရီက မလှရွှေ၏အလောင်းကို မရဲတရဲကြည့်လိုက်သည်။မလှရွှေအား အဝါရောင်၀မ်းဆက်ဆင်မြန်းပေးထားသည်။
ဆံပင်ကို ဖားယားချထားပြီး ခြေကြိုး လက်ကြိုး ချည်နှောင်ထားသည်။မလှရွှေကအသက်၃၅နှစ်ခန့်ရှိပြီဖြစ်သည်။ရတာမလို ၊လိုတာမရဘ၀နဲ့ အလွန်ကပ်စီးနည်းသော အပျိုကြီးပင်။
ရုပ်ရည်ကတော့ အဆိုးကြီးမဟုတ် ခါး
နည်းနည်းတုပ်ကာ နှာခေါင်းထော်၍ ပါးစပ်ပေါက်ပြဲ၏။ အသားတော် ညိုပြာညက်ဖြစ်၏။
ကြက်သားဟင်းစားပြီး နှမြောတွန့်တိုကာ အရိုးတောင် ခွေးမကျွေးချင်လို့ ဝါးစားရင်း အရိုးနင်ကာ မျက်လုံးပြူး၍ အသက်ရှုရပ်ကာ သေဆုံးသွားခြင်းဖြစ်သည်။
အစိမ်းသေသေသည်ဟု သမုတ်ကာ ရွာထဲမထားပဲ သင်္ချိုင်းမှာ ညနေကမှလာပြင်ထားခြင်းဖြစ်၏။
ထို့ကြောင့် အနံံ့သက်ထွက်ခြင်းမရှိပေ။
“ကဲ..ကိုရီ ခင်ဗျားက ဖယောင်းတိုင်တွေထွန်းမယ်၊ အမွှေးတိုင်ကိုကျုပ်ပေး ”
ကိုရီ လက်ကတုန်ကရီနဲ့ လေကွယ်ရာ ဇရပ်တိုင်လုံးများအနီး ဖုယောင်းတိုင်များကို မီးညှိလိုက်သည်။
ဘခက်က…သေသူမလှရွှေ၏ခေါင်းရင်းတွင် အမွှေးတိုင်များမီးညှိစိုက်ထူ
လိုက်လေသည်။
ဘခက်က..
“ကဲ..ကျုပ်မှာတဲ့ ကျောက်ပြင်နဲ့ သနပ်ခါးတုံးပါတယ်မှုတ်လား၊ ကိုရီ..အဲ့သဟာကိုထုတ်ပြီး သနပ်ခါးသွေး ပေတော့ လူတစ်ကိုယ်စာနော် ”
ကိုရီက..”ဟုတ်ကဲ့ ဆရာခက်”ဟုပြောကာ သူ့ လွယ်အိပ်ထဲမှ ကျောက်ပြင်နှင့်သနပ်ခါးတုံးကို ထုတ်ကာ ဇရပ်ကြမ်းပြင်ပေါ်ထိုင်၍ အားရပါးရ သွေးလေတော့သည်။
နာရီ၀က်ခန့်အကြာတွင် တဂျစ်ဂျစ်နဲ့ သနပ်ခါးကို ဖင်ပေါ်အောင် ခါးတောင်းကျိုက်ကာသွေးနေသည့် ကိုကိုရီရပ်လိုက်၏။
မောဟိုက်နေသည့်လေသံဖြင့်၊
“ဆ…ဆရာခက်…ကျုပ် လက်အံသေတော့မယ် ခနလောက်နားလို့ရမလားဟင်”
“မရဘူး..ကိုရီ တော်နေကြာ တယောက်ယောက်မြင်သွားရင် ၊
ကျုပ်တို့အစီမံတွေ ပျက်ကုန်လိမ့်မယ်
လုပ်စမ်းပါ…မြန်မြန်လေး…”
“ဟုတ်ကဲ့..ဆရာခက်”
နုပ်ခမ်းကြီးစူကာ ကလေးဆိုးကြီးလို ဆောင့်ကြီးအောင့်ကြီးနှင့် သနပ်ခါးကိုဆက်သွေး ပြန်လေသည်။
ဘခက်.ကိုရီအားကြည့်၍ ရယ်ချင်စိတ်ကို မနည်းအောင့်ထားရသည်။
အတော်လေးကြာတော့ ကိုရီတစ်ယောက်ချွေးသံရွှဲရွှဲနဲ့ ဂလောက်ဆို ထိုင်ကျသွား၏။
“ဟောဟဲ…ဟောဟဲ အီး…အင်းးး
ဆရာခက်…ရလောက်ပြီ ထင်တယ်
သနပ်ခါး တခွက်စာမကတော့ဘူးဗျ
ဟောဟဲ…ဟောဟဲ…အင်းးး”
“အင်း..အာ့သလောက်ဆိုရပြီ။
လာ…အဲ့ဒီသနပ်ခါးကို ဒီယူခဲ့”
ဘခက်က မလှရွှေ အလောင်းနားမှ လှမ်းခေါ်လိုက်သည်။
ကိုရီ သနပ်ခါးခွက်ကိုကိုင်ကာ ဘခက်အနီးတိုးလာသည်။ထိုအချိန်တွင်..လေပြင်းတချက်မွေ့လိုက်ဟန်ရှိသည်။ဖုယောင်းတိုင်မီးများငြိမ်းမလိုဖြစ်သွားကာ သရဲတစ္ဆေများ ခေါင်မိုးတက်လာသလို တဗြုံးဗြုံးနှင့် သွပ်ပြား ရိုက်ခတ်သံများ မြည်သွားသည်။
ကိုရီ ကြောက်လန့်ကာ ဘခက်လက်မောင်းကို ကိုင်ထားရင်း…
“ဆရာခက် ဘာသံတွေလဲ
အခြေနေမကောင်းဘူးထင်တယ်နော်..”
ဘခက်က…
“ကိုရီ..ဘာမှမကြောက်နဲ့၊
ကျုပ် မှာထားသလို..စည်းဝိုင်းထဲမှာပဲနေ။ ဒီစည်းဝိုင်း အပြင်လုံး၀မထွက်နဲ့..ဒါဆို ခင်ဗျားကို..ဘယ်သူမှ ရန်မပြုန်ိုင်ဘူး…”
“အနှောက်ယှက် ဆိုတာတော့ ရှိတတ်တာပဲ”
“ဟုတ်…ဆရာခက်…ကျုပ်…ကြောက်ဖူးနော် သိလား ”
ဘခက်က ထုံးဖြူမှုန့်များနှင့် မလှရွှေအလောင်းကို စက်ဝိုင်းပုံသဏ္ဍာန် ခပ်ချဲချဲလေး ဝိုင်းထားသည်။
ထိုအထဲသို့ သူနှင့်ကိုရီက၀င်ရောက် နေရာယူ ထားပြီး…ကိုရီအား..
“ကဲ..ကိုရီ..သနပ်ခါးကို မလှရွှေကို လိမ်းပေးလိုက်တော့..နောက်မကျစေနဲ့..”
“ဗျာ! ကျုပ်…က…လိမ်းပေးရမှာလား
ဂယ်ရီးလား….ဆရာခက်ရယ်။
ကျုပ်အစား…ဆရာခက် လိမ်းပေးလို့မရဘူးလားဗျာ…အဟင့်ဟင့်…”
“မရဘူး…ခင်ဗျားကိုယ်တိုင်လိမ်းမှ ဆေးစွမ်းမှာလေ…ကိုရီရ”
ကိုရီ..အလောင်းကြီးကိုကြည့်လိုက်သည်။မျက်လုံးပြူးကြီးနှင့် နင်သေသည့် မလှရွှေကိုကြည့်ကာ…
“ဆရာရယ်..ဒါကြီးကို ..လိမ်းရမယ်
ဟုတ်စ…အမေရေ…သားတော့
ဒေ၀ဒတ် ကို ဆရာတင်မိပြီထင်ပါရဲ့..
ဟင့်..ဟင့်…ဟီး ”
တိန်! သူပြောမှ..ကိုယ်တောင် ဘ၀င်မြင့်ရမလိုလို…တောက်! သေနာကျကြီး
သွပ်ပြားအမိုးအသစ်ကို မြင်မိလို့ပေါ့ကွာ။
နို့မိုဆို..ဖင်ပြေးကန်ပစ်ပြီ…ဟွန်း ။
“ကဲ..ကြာတယ်ဗျာ..လိမ်းမလား
မလိမ်းဘူးလား…ကျုပ်ပြန်လိုက်မယ်ဗျ”
ဘခက်ခြိမ်းခြောက်လိုက်တော့ ကိုရီ အမြန်ထကာ
“လိမ်းပါ့မယ် ဆရာခက်၇ယ်
လိမ်းပမယ်ဗျ… ခင်များကလည်း ဒေါသကြီးပဲ ”
ကိုရီ မကျေမနပ်ဖြင့် စိတ်ထဲကကျိန်းဝါးလိုက်သေးသည်။
ဟွင်း…ငိုးမဆရာ..
ဆေးရပြီးလို့…ငါနဲ့မေခင်လေးညားလို့ကတော့…ငါ့..မင်္ဂလာဆောင်..ဒင်းမဖိတ်ဘူး ၊ မှတ်ထား…ဟွင်း..ဟွင်း …။
__________
( ၃ )
ကိုရီ မျက်လုံးပြူးကြည့်နေသည့် အလောင်းကောင်ကြီးမလှရွှေကို မျက်လုံးမှိတ်ရန် မျက်ခွံကို လက်ဖြင့်အသာ
ဖိလိုက်သည်။
ပြူးနေသည့် မျက်လုံးမှိတ်သွားသည်။
ကိုရီ သက်ပြင်းချကာ သနပ်ခါးစလိမ်းပါသည်။ဆရာဘခက်ကတော့ ဂါထာ
မန္တာန် တွေရွတ်ဖတ်နေသည်။
အလောင်းကောင်ကြီး မလှရွှေ၏မျက်နှာတပြင်လုံး လိမ်းပေးပြီးတော့ လည်ပင်းကို ဆက်လိမ်းပေးပြန်သည်။
ပြီးတော့..ရင်ညွန့်ကိုဆက်လိမ်းလိုက်၏။
အယ်…အဲ့အောက်တော့ ဆက်လိမ်းရန်မလို၍ လက်မောင်းနှစ်ဘက်ကိုလိမ်းပေးရပြန်သည်။
ကိုရီစိတ်ထဲ ကြောက်ကြောက်နဲ့လိမ်း
ပေးနေရာမှ မလှရွှေ၏အသားမှာ အေးစက်မနေပဲ နွေးနွေးလေးဟု စိတ်ထဲထင်မိသည်။
ပြီးတော့ ကိုင်လို့လည်း ကောင်းသည်ဟုတွေးလိုက်မိသည်။
လက်နှစ်ဖက်ပြီးတော့ အောက်ပိုင်း လိမ်းရမည်လေ။
ကိုရီ…မလှရွေ၏ထမိန်ကို အပေါ်လှန်လိုက်သည်။
ဟီးဟီး တစ်လွဲမတွေးကြပါနဲ့ခင်ဗျာ ဒူးဆစ်အထိပဲလှန်တာပါ။ခြေသလုံးကနေ ခြေဖျားထိသနပ်ခါးလိမ်းပေးခြင်းဖြစ်သည်။
ခြေသလုံးသား၀င်း၀င်းလေး လိမ်းရင်း ကိုရီဘာဖြစ်သည်မသိ။ရင်တွေပူလာကာ တံတွေးခဏခဏမြိုချနေရသည်။ ဂလု ဂလု။
သနပ်ခါးလိမ်းပေးသည့် အစီအစဉ်ပြီးသွားသည်။
“ဆရာခက်…ဆရာခက်..”ကိုရီက
ဘခက်ကို တိုးတိုးလေး လှမ်းခေါ်လိုက်သည်။
ဘခက်က…ဘာလည်းဟု မေးဆတ်ပြသည်။
ကိုရီက ပုခုန်း၂ဘက်တွန့်၍ လက်မြှောက်ပြသည်။သဘောကတော့ လိမ်းလို့ပြီးပြီပေါ့။
ဘခက်က…ကိုရီအား “ပန်းပန်ပေးလိုက်လေ”
ဟုပြောလိုက်သည်။
အမ်..အဲ့တာမှ သေရော
ဆရာခက်မှာလိုက်သည့်အထဲ ပန်းပါသည်ကို ကိုရီ အခုမှသတိရသွားသည်။ပန်းကမ၀ယ်ခဲ့ရ။မေ့နေခဲ့သည်လေ။
“အာစရိ…ကျုပ်…ပန်း၀ယ်ဖို့မေ့သွားတယ်”
“ဟာဗျာ… ခင်ဗျားတကယ့်ဟာမှ မေ့ရတယ်လို့…ခု ဘယ်လိုလုပ်မလဲ”
ကိုရီခေါင်းကုတ်နေသည်။ဘာပြန်ပြောရမှန်းမသိချေ။
အခုချိန်…ကိုရီစည်းအပြင်မထွက်ရဲ။
ဒါနဲ့…ဘခက်က ကိုရီအား စည်းအပြင်ဘက် မထွက်ရန်သေချာမှာပြီး သင်္ချိုင်းထဲက ခေါင်ရမ်းပန်းသွားခူးရန်ထွက်ခဲ့လေသည်။
ဇရပ်ပေါ်တွင်ကိုရီနှင့်အလောင်းကောင်ကြီးသာကျန်ရစ်ခဲ့လေသည်။ကိုရီ ခမြာ စည်းအပြင်ဘက် လည်းမထွက်ရဲ၊အလောင်းအနီးသို့လည်း မကပ်ရဲ မျက်စိစုံမှိတ်ခါ ရသမျှ ဘုရားစာရွတ်နေသည်။
ကြောက်သည့်စိတ်ကြောင့် ဘုရားစာလည်း ဟိုရောက် ဒီရောက်။ထိုအ
ချိန်လေးတွင်ပဲ…တောခွေးအူသံအရှည်ကြီးထွက်လာသည်၊။
၀ူ…အူ…အူ…အူး
တောခွေးတကောင်၏လွမ်းလွမ်းဆွေးဆွေး အူသံရှည်ကြီးအပြီးတွင် မြေကြွက်ကြီးများက သစ်ရွက်ခြောက်ပေါ်ဖြတ်ပြေးသံ..ချိုးချိုးချွတ်ချွတ်မြည်သံများ ခြောက်ခြားဖွယ်ထွက်ပေါ်လာ၏။
လေစီးကြောင်းထဲ မျောပါလာသည့် ပုပ်အဲ့အဲ့ ညှီစို့စို့အနံံ့ကြီးသည် ကိုရီအား ပို၍ကြောက်လန့်စေသည်။ညက မှုန်ရီရီ အေးစက်စက်ဖြင့် လေပြင်းငယ်လေး အဝှေ့မှာ ဖယောင်းတိုင်မီးများက ငြိမ်းတော့မလိုလို ။
ကိုရီ စိတ်ထဲမှာ ဆရာဘခက် ပန်းခူးသွားသည်မှာ ကြာလွန်းလှသည်ဟုတွေးနေမိသည်။လေပြင်းကြောင့်
ဇရပ်ခေါင်မိုး သွပ်ပြား ၏သံချက်ချောင်သည့် နေရာများကလည်း ကျလိ…ကျွီ…ကျွိ နဲ့ ပို၍ပင်ခြောက်ခြားဖွယ်ကောင်းလှသည်။
ထိုအချိန်…လေက ခပ်ပြင်းပြင်းလေးတိုက်လိုက်ရာ ဇရပ်ပေါ်က ဖယောင်းတိုင် အချို့မီးငြိမ်းသွားလေသည်။
” အောင်မယ်လေးဗျ ! ”
ကိုရီ ၏ခြေထောက်ကို လာ၍ဆွဲလိုက်သည်ဟု ခံစားရကာ ကိုရီ အလောင်းဘက်သို့ တိုးကပ်သွားသည်။
သူတိုးကပ်သွားမှ ခြေထောက်ကို သွားချွန်ချွန်ဖြင့် လာကိုက်ခံရ၏။
ကိုရီ ကိုက်ခံရသည့် ခြေထောက်ကို လှမ်းကြည့်လိုက်ရာ မျက်လုံးရဲရဲများ က သူ့ကိုဒေါသတကြီးကြည့်နေသည်ကို တွေ့လိုက်ရပြီး ဖင်တရွတ်ဆွဲကာ နောက်ဆုတ်လိုက်ရာ အလောင်းကောင်ကြီးအား သွားထိမိလေ၏။
ထိုအခါမှ ကိုရီ၏ကြောက်စိတ်သည် အမြင့်ဆုံးရောက်ကာ မတ်တပ်ထခုန်မိလေတော့သည်။
သူခုန်လို့ ပြန်အကျ အောက်က ခဲလုံးကို နင်းမိကာ အလောင်းပေါ်သို့ မှောက်လျားကြီး ကန့်လန့်ဖြတ် ကျလေတော့သည်။
သူ၏လက်တဖက်က အလောင်း၏ခါးကိုကိုင်မိပြီး တခြားလက်တဖက်က အရှိန်ပြင်းပြင်းနှင့် အလောင်း၏လည်ပင်းပေါ်သို့ ရိုက်ခတ်မိသွားသည်။
ဂလု…ဂလုပ် ဂွမ်း!
ကတောက်! တောက် တောက်
ထိုစဉ် လက်နိပ်ဓာတ်မီးအလင်းရောင် ကိုရီ၏ အပေါ်သို့ ကျလာကာ ကိုရီအား လာထူမပေးလိုက်သည်။ဘခက် ပန်းခူးရာမှ ပြန်လာခြင်းဖြစ်လေသည်။
“ဘာတွေဖြစ်နေတာလည်း..ကိုရီရာ..”
“ဟာ…ဆရာခက်ရာ…ကြာတာဗျာ
ဒီမှာ ကျုပ်တစ်ယောက်ထဲ သရဲတွေ ဝိုင်း ကိုက်နေလို့ဗျ..”
ဘခက် တဟားဟား ဖြင့်ရီလိုက်သည်။
ဟားးးး ဟားးးး ဟားးးး
“ဘယ်ကသရဲမှ မလာပါဘူးဗျ
ခင်ဗျားကို ကိုက်တာ မြေကြွက်ကြီးတွေပါ။ သူတို့က အညှီအဟောက်ဆို သိပ်ကြိုက်တာလေ…ကိုရီရ။
ဟဲဟဲ…ခင်ဗျားခြေထောက်က ကြည့်ဦးလေ”
ဟုတ်ပါသည်။ရေမချိုးတာ တလခန့်ကြာပြီလားမသိ။ခြေထောက်မပြောနဲ့ သူ့လက် သူပြန်နမ်းကြည့်တောင် သနပ်ခါးနံ့အပြင် ပုပ်အဲ့အဲ့ အနံ့တစ်ခု ရနေသလိုပင်။
ကိုရီက အရှက်ပြေ ရယ်ပြလိုက်သည်။
ဟီးဟီး.. အမှတ်တမဲ့ဆိုတော့ ကျုပ် နည်းနည်းလေး… မဆိုစလောက် ကြောက်သွားတာပါဆရာခက်ရ…ဟီးဟီး
“ကဲ..အချိန် မရှိဘူး ကိုရီရေ
လုပ်ငန်းစကြစို့…သနပ်ခါးလည်းခြောက်လောက်ပါပြီ”
ဆရာဘခက် အလောင်းကို ပန်းပန်ပေးလိုက်သည်။ထို့နောက် ဆရာဘခက် သူ့အိပ်ထဲမှ ဝါးဆစ်ဓားလေးကိုထုတ်ကာ အလောင်းခန္ဓာကိုယ်ပေါ်သို့ ၇နှစ်ချက်သပ်လိုက်သည်။
ဥုမ်..အထက်ဆရာ သူတော်စင်အပေါင်းဝိဇ္ဇာ ရှစ်သောင်းနှင့်တကွ သင်္ချိုင်း ပိုင်မဖဲဝါတို့အား အရိုအသေပေးပါ၏။ မကောင်းသည့်အနှောင့်အယှက် မရှိစေရ။ ဤပီယဆေးရသည့်အချိန်ထိ ကျွန်ုပ်၏ ဆရာ့ဆရာများ သူတော်စင်များစောင့်ရှောက်ပေးပါ။
အနှောင့်အယှက် ပေးပါက နဂါးဂဠုန် ဂုဏ်မာန်ယက္ခဘီလူးများ၏ဒဏ်နှင့်တွေ့ပါစေသား
……… …….. ………. ……..
………… ……. …….. ……….
…………….ဥုမ်.. . …… ….
ဆရာဘခက် ဘာတွေဆက်ရွတ်နေသည်မသိ ကိုရီကတော့ ဆရာဘခက်မှာထားသည့်အတိုင်း ခုနက အလောင်းကောင်အားလိမ်းထားသည့် သနပ်ခါးများအား ဝါးခြမ်းစိမ်းပါးလေးဖြင့် ခြစ်ကာ ခွက်လေးထဲထည့်နေလေသည်။ခြစ်ရင်း ခြစ်ရင်း ခြေသလုံးသို့
ရောက်လာလေသည်။
ကိုရီ မလှရွှေ ၏ခြေသလုံးကိုကြည့်၍ အံဩမိသည်။အပျိုကြီးခြေသလုံးမွှေးလေးတွေက..စိမ်းဖန့်နေသယောင်ပင် ။
ကိုရီအားမလို အားမရဖြင့် အားစိုက်ကာ ဖိခြစ်လိုက်၏။
အမွှေးအချို့ ကျွတ်ပါလာလေပြီး…မလှရွေ အလောင်းကောင်ကြီးမှ
“အမလေးတော့ …သေပါပြီတော့!
အလောင်းကောင်ကြီးသည် ရုတ်တရက်ထလာကာ ကိုရီပုဆိုးကို လှမ်းဆွဲလိုက်သည်။
အမယ်ငှီး…ဘာ..ဘာကြီးတုန်းဂျ
ဆရာ…ဆ…ရာ…ခွက်..ကယ်ပါဦးဂျ
သံဗုဒ္ဓေ…ဘုရား…ဘုရား….
ဘခက်လည်း…ကြောင်အမ်းအမ်း ဖြစ်နေ၏။
သူ့ ဂါထာတွေ…ဘာများမှားကုန်ပီလဲ၊အစီအရင်တွေ..လွဲချော်ကုန်ပြီလား..ပေါ့
အပျိုကြီးမလှရွှေက ပုဆိုးဆွဲထားတာ အားမရတော့ ကိုရီကိုယ်လုံးကိုပါ အတင်းဖက်ထားလေတော့သည်။
ဂတ်…ဂတ်…ဂတ်
ကိုရီ ကြောက်လွန်းလို့ဒူးတွေတုန်ကာ
သေးပါ…ပန်းချမိလေပြီ။
ဒါလည်း…အပျိုကြီးက လွှတ်မပေးပေ။အမိအရ ဖမ်းဆွဲထားသည်။
ဖြစ်ပုံက… ဒီလိုဗျ
အပျိုကြီးဟာ ကြက်ရိုးနင်ပြီး မျောသွားတာ။
မသေဘူး..ဒါပေမဲ့ ကျေးလက်တောရွာဆိုတော့ ဗဟုသုတ နည်းပါးပြီး သေတယ်ဆိုပြီး…ရွာပြင်ထုတ် ဇရပ်မှာ ပစ်ထားခဲ့ကြတာ။
အဲ့ဒါကို မြေကြွက်ကိုက်လို့ ကြောက်ပြီးထခုန်လိုက်တဲ့ ကိုရီရဲ့တလွဲလက်ကြောင့် အရိုးက အပျိုကြီးပါးစပ်က အန်ထွက်သွားတယ်။
ချက်ချင်း မနိူးလာသေးတာက အရိုးနင်တဲ့ဒဏ်ကြောင့် အပျိုကြီး မလှရွှေ ဟာဆက်မျောနေတာပေါ့
ဒါပေမဲ့..ကိုရီက သူ့ခြေသလုံးမွှေးကို နုတ်လိုက်သလို ဖြစ်သွားခြင်းကြောင့် အကြောများ နိူးထလာကာ နာကျင်လွန်းလို့ထအော်ရင်း ကိုရီအား…မလွတ်တမ်းဖက်ထားခြင်းပင်။
ဘခက်လည်းရိပ်မိသွားပါလေပြီ။
ဘယ်လိုဖြစ်ဖြစ် သေသူကတော့ ထမအော်နိုင်ပေ။ဒါ အပျိုကြီးမျောနေရာမှ ပြန်ထလာခြင်းသာဖြစ်မည်ဟု တွေးမိသွားသည်။
အောက်..အီး…အီး..အွတ်
လင်းကြက်တွန်သံကြားလိုက် ရလေပြီ။
(၄)
ရက်အနည်းခန့်အကြာ…
ရွာထဲက လယ်ပိုင်ရှင်သူဋ္ဌေး ဦးသာမြအိမ်ရှေ့တွင် မင်္ဂလာ မဏ္ဍာပ်ကြီးထိုးကာ လူများစည်ကားနေလေသည်။သတို့သားအရပ်ရှည်ရှည် သွားခေါခေါ မျက်လုံးပြူးပြူး ကိုကိုရီ၏မျက်နှာသည် ၀မ်းသာနေသည်လား ၀မ်းနည်းနေသည်လားတော့မသိ။မအီမလည်ပင်။
သတို့သမီး အပျိုကြီးမလှရွှေက တော့
သူ၏ ခပ်ထော်ထော် နုပ်ခမ်းလေးကို
ရှက်စနိူးဖြင့် မဟတဟလေး ဖွင့်ကာ ရှက်ပြုံးလေးများ ဖြင့် ဧည့်သည်များအား ဧည့်ခံနေလေသည်။
ထူးဆန်းသည်က သတို့သားအားပျောက်သွားမည် စိုးသည့်အလား သတို့သမီးအပျိုကြီးသည် ကိုကိုရီ၏လက်ကို ဇွတ်အတင်းဆွဲထားခြင်းဖြစ်သည်။
ကွမ်းတောင်ကိုင် မေခင်လေးတို့ အပျိုတစ်သိုက်ကတော့ သတို့သားသတို့သမီးကိုကြည့်၍ ဘာတွေသဘောကျနေသည်မသိ တခစ်ခစ်ဖြင့်ရယ်မောနေကြသည်။
ဘိတ်သိတ်ဆရာတစ်ဖြစ်လဲ ဆရာဘခက်ကတော့…သူ့ပီယဆေး စွမ်း…မစွမ်း မစမ်းသပ်ရပေမဲ့…ကိုကိုရီ မိန်းမရသွားသည်ကိုပင် ကျေနပ်စွာ…ဟင်းချလိုက်လေသည်။
နို့မဟုတ်ရင် မြို့က အလည်ရောက်လာသော ဆရာဘခက်၏ နှမ ကျောင်းဆရာမလေး နွေးနွေးကို ကိုရီ မျက်စပစ်နေပြီမဟုတ်လား။
ပြီးပါပြီ
ပီပီ၊မန္တလေး၊