ပုံရိပ်
——-
ကျွန်တော် နာရေးအတွက် ဆရာကိုအောင်မြတ်တဲကို ရောက်ခဲ့ပါသည်။ နေ့ခင်းဖြစ်သောကြောင့် တဲတွင် လူသိပ်မရှိ။ ညအချိန်သာ ဖဲဝိုင်းရှိသောကြောင့် လူရှိသည်။ ရွာ အသုဘအိမ်ဖြစ်သဖြင့် ရက်လည်ပြီးသည့်တိုင် နေ့တိုင်းလိုလို ထမင်းကျွေးသည်။

“ဆရာ … ထမင်းစားမယ်နော် … ပြင်လိုက်မယ်”

“စားခဲ့ပြီးပြီ”

ကိုအောင်မြတ်က ကျွန်တော်အနားကို လာထိုင်ပြီး

“ဒါဆို ရေနွေးသောက်ဆရာ”

သူက ပြောပြောဆိုဆိုနှင့် တောင်ကြည့် မြောက်ကြည့် ကြည့်ကာ

“ဆရာ … အိမ်ခန်းထဲကို လိုက်ခဲ့ပါဦး” ဟုခေါ်သည်။

ကျွန်တော်က သူ့နောက်မှ လိုက်ခဲ့သည်။ ကျွန်တော် ဓာတ်ပုံရိုက်ပေးခဲ့သော လူမမာအခန်းဖြစ်သည်။ ထို လူမမာက ခုတော့ တဲရှေ့တွင် အလောင်းကုတင်ပေါ်ရောက်နေပြီ။

“ဆရာ … ဒီမှာကြည့်”

သူက တဲထရံတွင် ချိတ်ထားသည့် မှန်တစ်ချပ်မှ အုပ်ထားသော ပုဆိုးကို ဖယ်လိုက်သည်။ မှန်ထဲတွင် သူ့ညီမနှင့် ဓာတ်ပုံရိုက်စဉ်ကတွေ့ခဲ့သော မိန်းမကြီး ယောက်ျားကြီးနှစ်ယောက်ကို ဓာတ်ပုံထဲကြည့်နေရသည့် အတိုင်း တွေ့လိုက်ရသည်။

“ဒါ … ဒါ … ကျွန်တော် ကင်မရာထဲမှာ မြင်ခဲ့ရတဲ့အတိုင်းပဲ … ခင်ဗျားတို့လည်း မြင်တယ်ပေါ့”

“ဆရာ … မြင်တယ် … ဆရာပြောတုန်းက မယုံဘူး … အဲဒါ ကျွန်တော့်အဖေရယ် … အမေရယ် … ညီမလေးရယ် သုံးယောက်ဆရာ … ဒါနဲ့ ဓာတ်ပုံတွေ ပါလာသလားဆရာ”

“မပါဘူးဗျ … ထူးဆန်းလိုက်တာ … ကျွန်တော် ဓာတ်ပုံရိုက်တာ ဖလင်တွေ အားလုံး ပျက်တယ် … ဘာကြောင့် ပုံတွေက မှန်မှာတော့ လာထင်နေရသလဲ”

“ကျွန်တော့် မိန်းမက ကြောက်လို့ဆရာ … အဲဒါ မှန်ကို အုပ်ထားရတယ် … ဆရာလာရင် ပြချင်လို့ … အစောတုန်းကတော့ ရိုက်ခွဲလိုက်မလို့”

“ဆန်းတယ်ဗျာ”

ကျွန်တော်က မှန်အနေအထားကို ကြည့်သည်။ မှန်က ထရံတိုင်တွင် ချိတ်ထားသည်။ ကျွန်တော် ဓာတ်ပုံရိုက်စဉ်က ဆိုလျှင် ကျွန်တော့်ကျောနောက်တွင်ဖြစ်ပြီး ဓာတ်ပုံအရိုက်ခံသူနှင့် မျက်နှာချင်းဆိုင်တွင် ဖြစ်နေသည်။

“ကင်မရာပြန်ယူဦးမယ်ဗျာ … ဆန်းလိုက်တာ … မှန်ပေါ်က ပုံတွေကို ရအောင် ကျွန်တော် ပြန်ရိုက်မယ်”

“ရပါတယ်ဆရာ … နောက်မှရိုက်ပေါ့ … ကျွန်တော် ပုဆိုးအုပ်ထားလိုက်တော့မယ်”

ကျွန်တော်တို့ အပြင်တွင် စကားထွက်ပြောကြသည်။ အသုဘက မနက်ဖြန်ချမည်။ ကျွန်တော်က

“မနက်ဖြန် အသုဘချရင် အလောင်းကစားကြဦးမှာလား”

“ရွာထုံးစံပဲဆရာ”

“အဲဒီ ထုံးစံကြီးကိုတော့ မကြိုက်ဘူးဗျာ … သိပ်ရုပ်ပျက်တာပဲ”

“ကျွန်တော်လည်း မကြိုက်ဘူးဆရာ … ဒါပေမဲ့ ရွာကာလသားတွေကို မလုပ်နဲ့လို့ သွားပြောလို့မှ မရတာ”

အသုဘချသည့်နေ့ဖြစ်သည်။ တစ်မနက်လုံး ထမင်းကျွေးသည်။ ကာလသားတွေအတွက် တဲနောက်တွင် အရက်ကို ပုံးလိုက်ထောင်ပေးထားရသည်။ အသုဘချပြီ။ လယ်ကွင်းတွေကိုဖြတ်စဉ် အေးအေးဆေးဆေး။ ရွာဘေးက ပတ်သွားတော့လည်း အေးအေးဆေးဆေး။ သင်္ချိုင်းထဲဝင်ရန် လယ်ကွင်းကိုဖြတ်မှ ကိုယ်တော် တွေက ထမ်းလာသည့် အလောင်းစင်ကိုရပ်လိုက်ပြီး လှည့်ပတ်ကစားကြတော့သည်။

ကျွန်တော်က ရွာဓလေ့ကို မကြိုက်သော်လည်း ကင်မရာထုတ်ပြီး ဓာတ်ပုံတွေကို တစ်ပုံပြီးတစ်ပုံ ရိုက်နေ မိသည်။

အလောင်းကို လှည့်ပတ်မြှောက်သည်။ အပေါ်ကဆင်လာသည့် ပန်းခွေတွေ ပြုတ်ထွက်ကုန်သည်။ အခေါင်းနှင့် ကုတင်ကို ကြိုးတုပ်လာသောကြောင့် တော်တော့သည်။ အလောင်းကုတင်ကို ၈ ယောက်ထမ်းသည်။ သင်္ချိုင်းထဲ ဝင်ခါနီးတွင် ဆီးတွန်းသူတွေက ဆီးတွန်းသည်။ တစ်ပတ်လည်ပြီး ရှေ့ရောက်လိုက် … နောက်ရောက်လိုက် … အော်လိုက် ဟစ်လိုက် ကမ္ဘာပျက်နေသလိုပင်။

နောက်ဆုံး အလောင်းစင်က ပြိုလုလု ပျက်လုလုဖြစ်မှ လူကြီးတွေက တောင်းပန်းပြီး ဝိုင်းဆွဲကာ ဇရပ်ထဲ အတင်းဆွဲသွင်းကြရသည်။ ဆရာတော်ကလည်း ဝင်အော်ရသည်။

တရားနာတော့မည်

“ကဲ … ကဲ … တရားနာရအောင်ဟေ့ … လာကြ … လာကြ”

“အောင်မြတ်ရေ … တရားနာရအောင် အခေါင်းဖွင့်ပါကွယ်”

ကိုအောင်မြတ်နှင့် လူသုံးယောက် တုပ်ထားသည့် ကြိုးတွေကို အခေါင်းမှ ဖြေကြသည်။ ထို့နောက် အခေါင်းကို ဖွင့်လိုက်သည်

“ဟာ”

သူက ဟာလိုက်သဖြင့် အားလုံးသော မျက်လုံးတွေက အခေါင်းဆီရောက်သွားသည်

“အလောင်းရော”

“အလောင်း ဘယ်ရောက်သွားပြီလဲ”

အားလုံး အံ့အားသင့်ကုန်ကြသည်။ အခေါင်းထဲတွင် အလောင်းပျောက်နေသည်။

“ဟ … အခေါင်းထဲမှာ အလောင်းသာမရှိတာ မ,လာတုန်းကတော့ လေးလိုက်တာ”

“အေးဟ … ဟိုကောင်တွေ အလောင်းကစားတုန်းကလည်း လေးလိုက်တာ မပြောပါနဲ့”

“အလောင်းဘယ်ရောက်သွားလဲ”

“အလောင်းရော”

အားလုံး မတ်တတ်တွေထကုန်ကြသည်။ ဟိုကြည့်သည်ကြည့် ဖြစ်နေသည်။

“ဟာ အလောင်းကစားတာ လေးချက်ကွာ … ပါလာပါတယ်”

ထိုစဉ် တစ်ယောက်က ပြေးလာသည်

“ဟေ့ … ဟေ့ … သူ့ကို မြှုပ်မယ့် ကျင်းထဲမှာ အလောင်းကြီး”

အားလုံး မြေမြှုပ်ရန် တူးထားသော ကျင်းဆီကို ပြေးကြသည်။ ကျင်းထဲတွင် အလောင်းက ရောက်နေသည်။ လူတွေ ဟိုပြော သည်ပြော အသံတွေ ညံသွားသည်။ ကျင်းဘေးနားတွင်ပဲ တရားနာလိုက်ကာ မြေမြှုပ်လိုက်ကြ သည်။ ရွာထဲတွင်တော့ ပြောစမှတ်ဖြစ်သွားရသည်။

ကျွန်တော်က အသုဘချပြီးသောအခါ ကိုအောင်မြတ်တို့တဲကို လိုက်လာသည်။

“ကိုအောင်မြတ် မှန်သွားယူခဲ့ဗျာ အပြင်က အလင်းရောင်နဲ့ ရိုက်မယ် … မှန်ဆိုတော့ မီးသုံးလို့မရဘူး”

ကိုအောင်မြတ်က တဲထဲဝင်သွားပြီး မှန်ကိုင်ကာ ပြန်ထွက်လာသည်။

“ဆရာ”

“ဟိုမှာ ထောင်လိုက်”

“ကြည့်ပါဦး … ဘာမှမရှိတော့ဘူး”

ကျွန်တော်မှန်ကိုကြည့်လိုက်သည်။ ဘာမျှမရှိတော့။ စိတ်ထဲတွင် နှမျောနေမိသည်။

နောက်လကုန် ဓာတ်ပုံတွေကို သွားကူးကြည့်သည်။ အလောင်းကစားနေသည့်ပုံတွေကို ပီပြင်စွာ ရိုက်ကူးနိုင်ခဲ့ သည်။ ကိုအောင်မြတ်က ဓာတ်ပုံတွေကို တစ်ပုံချင်းကြည့်ကာ

“ပုံတွေက ကောင်းလိုက်တာဆရာ … ဓာတ်ပုံပြိုင်ပွဲဝင်ရင်ကောင်းမှာ”

“အမင်္ဂလာပုံတွေဗျာ … ကျွန်တော်က သိမ်းထားရုံပါ”

“ဆရာ … ဒီမှာကြည့်စမ်း”

“ဘာလဲဗျ”

သူက တရားနာရန် ဘုန်းကြီးတွေကို ကျွန်တော်ရိုက်ထားသည့်ပုံအားပြနေသည်။

“ဘာလဲ … ဘုန်းကြီးတွေကို ဇရပ်ထဲမှာ ရိုက်ထားတာလေ”

“မဟုတ်ဘူး … နောက်ကပုံကိုကြည့် … ဇရပ်နောက်က အုတ်ဂူပေါ်မှာ ထိုင်နေတာကိုကြည့်”

“ဟာ”

အုတ်ဂူပေါ်တွင် ထိုင်နေသည်မှာ ကိုအောင်မြတ်ညီမသေချာပါသည်။

တင်ညွန့်

၃၀.၄.၂၀၂၀