ပျားရည်သောက်ပြီး လမ်းဖောက်ကြသူများ

#ဖိုးကျော့

ကျွန်တော်တို့ နယ်တွင် ဆန်စက်ဆို၍ ဘိုးစဉ်ဘောင်ဆက်ကပင် မရှိခဲ့။ စပါးများကို နေ လှမ်းသည်။ ရိုးရာ ကြိတ်ဆုံများနှင့် ဆန် ကြိတ်ခွဲသည်။ ရိုးရာ လက်ထောင်းဆုံများနှင့် ဆန်ဖွပ်ပြီးသာ ဘိုးစဉ်ဘောင်ဆက် လက်ထက်ကပင် စားသုံး လာခဲ့ကြသည်။

သည်လိုနှင့် လွတ်လပ်ရေး ရပြီးစ ကာလ၊ ကျွန်တော်တို့ ကိုးနှစ် ဆယ်နှစ်သား အရွယ်တွင် ကွင်းကြီးရွာ၌ တရုတ်ကြီးတစ်ဦး ဆန်စက် လာတည်သည်။ ကွင်းကြီးရွာမှာ ကျွန်တော်တို့ရွာထက် ကြီးပြီး အိမ်ခြေ ငါးရာနီးပါး ရှိသည်။ ကျွန်တော်တို့ ရွာနီးချုပ်စပ် တစ်ဝိုက်တွင် အကြီးဆုံးရွာ ဖြစ်သည်။ ဤသည်ကစ၍ ကျွန်တော်တို့ နယ်သူနယ်သားများ စက်ဆန်ကို စ,စားကြရသည်။

ကျွန်တော်တို့ ရွာနှင့်တကွ ရွာနီးနား ပတ်ဝန်းကျင် တစ်ခုလုံးက ကွင်းကြီးရွာမှာသာ သွားပြီး ဆန်ကြိတ်ကြရသည်။ ထိုအခါ နွားလှည်းများ အလွယ်တကူ သွားလာနိုင်အောင် လှည်းလမ်းကို တိုးချဲ့ ဖောက်လုပ်ကြရသည်။ သူကြီး အမိန့်နှင့် တစ်ရွာလုံး မိန်းမယောက်ျား ကလေးသူငယ်များပါမကျန် စုပေါင်းပြီး လှည်းလမ်း ဖောက်လုပ်ကြရသည်။

ထိုသို့ လမ်းဖောက်လုပ် ကြရာတွင် ကျွန်တော်တို့ရွာနှင့် ကွင်းကြီးရွာကြားတွင် ကမူကုန်းတန်းတစ်ခု ရှိသည်။ ထို ကမူကုန်းတန်းစောင်းတွင် ကုလား တိုက်ပျက်ကြီးတစ်လုံး ရှိသည်။ ဤ ကုလားတိုက်ပျက်ကြီးမှာ ယခင်က လယ်ပိုင်ရှင် ချစ်တီး ကုလားကြီးတို့၏ မိသားစုတစ်စု နေသွားကြသည်ဟု သိရသည်။

ယခု ကျွန်တော်တို့ ရွာသူရွာသားများနှင့် ကွင်းကြီး ရွာသူရွာသားများ လုပ်ကိုင် စားသောက် နေကြသော လယ်များမှာလည်း ကုလား ချစ်တီးကြီး ပိုင်ခဲ့သော လယ်မြေများပင် ဖြစ်ကြောင်း သိရသည်။

ထို ကုလားကြီးတို့ မိသားစုသည် ဒုတိယ ကမ္ဘာစစ်ကြီး အတွင်းက အိန္ဒိယသို့ ပြေးသွားကြသည်ဟု ဆိုသည်။ ယခု တွေ့နေ မြင်နေရသော တိုက်ပျက်ကြီးမှာလည်း ဒုတိယ ကမ္ဘာစစ်ကြီး အတွင်းက ဗုံးဒဏ်ကြောင့် ပြိုပျက်နေခြင်းဟု ဆိုသည်။

လှည်းလမ်း ဖောက်လုပ် နေကြသော ကျွန်တော်တို့ ရွာသားအဖွဲ့ တစ်ဖွဲ့က ထိုတိုက်ပျက်ကြီးနားရှိ ကမူတစ်ခုကို ဖြိုဖောက် လမ်းချဲ့ နေကြစဉ် ချက်ချင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားကြကြ၏။ ထိုအခါ လမ်းဖောက်လုပ်နေကြသူ အားလုံး ဝိုင်းလာကြသည်။

အစကမူ မြေကျင်း အောင်းနေသော မြွေပွေးကြီး တစ်ကောင်ကို တွေ့၍ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြခြင်းဟု ထင်၏။ထို့ကြောင့် လူကြီးမိဘများ မအားလပ်၍ အစား ထည့်ထားသော ကလေးများ ဝိုင်းလာကြသည်ကို လူကြီးများက…

“ဒီကောင်နာလေးတွေ သွားကြစမ်း၊ ဒါ နင်တို့ ကလေးတွေ အရာလား၊ ကျင်းထဲက မြွေပွေး ခုန်ထွက်လာပြီး ကိုက်ရင် နင်တို့အားလုံး သေကုန်မယ်၊ ဘာမှတ်လဲ၊ သွားကြစမ်း၊ ဖယ်ကြစမ်း၊ ကိုယ့်အလုပ်ကိုယ် သွားလုပ်ကြစမ်း၊ ဘာလဲဆိုတာ တို့ သွားကြည့်မယ်”

ဟု ကလေးတွေကို မောင်းလွှတ်ကာ လူကြီးအားလုံးမှာ တိုက်ပျက်ကြီးနားရှိ ဖြိုဖောက်လက်စ ကမူနား အပြေးရောက် လာကြည့်ကြသည်။

ထိုစဉ် ပထမဦးဆုံး ကုန်းကမူလေးကို ဖြိုပေါက်ချလိုက်သူ ‘ဦးပြား’ က ပေါက်တူး တယမ်းယမ်းနှင့်…

“ဖယ်ကြနော် ဖယ်ကြ… ဖယ်ကြ၊ မဆိုင်တဲ့လူတွေ တစ်ယောက်မှ အနား မကပ်ကြနဲ့၊ အားလုံး ခေါင်းပြတ်ကုန်မယ်။ ဦးပြားတဲ့နော် တစ်ပြားတည်း ရှိတယ်။ ဖယ်ကြ… ဖယ်ကြ ဘယ်သူမှ အနားမကပ်ကြနဲ့”

ဟု ဝိုင်းလာသူများကို ပေါက်တူးကြိမ်း ကြိမ်း၍ မောင်းထုတ်၏။

သို့သော် ဘာတဲ့လဲ့၊ ဘာဖြစ်တာလဲ၊ ဘာကောင် တွေ့လို့လဲ၊ ဘာပစ္စည်းလဲနှင့် လူတွေမှာ ဦးပြား အော်ပြောလိုက်ခါမှ ပို၍ ဝိုင်းလာကြသည်။ တစ်ယောက်တစ်ပေါက် ပြောကြဆိုကြ၊ ဝေဖန်ကြသံတွေကလည်း ပို၍ ဆူညံလာသည်။

ဤသည်ကိုလည်း ဦးပြားက…

“ဟေ့လူတွေ၊ ဟေ့လူတွေ ပြောနေတာ မကြားကြဘူးလား။ မကပ်နဲ့ဆို ဘယ်သူမှ အနား လာမကပ်နဲ့။ ကျုပ် ပြောနေတယ်နော်၊ ကျုပ် တားနေတယ်။ ကျုပ်လက်က လူမရွေးဘူးဆိုတာ ခင်ဗျားတို့ နားလည်ထားကြ။ ဘယ်လူမှ ကျုပ် အနား လာမကပ်နဲ့၊ တားရဲ့ ဟန့်ရဲ့နဲ့ လာကပ်ရင်တော့ ဒါပဲ”

ဟု ပေါက်တူးကို လေထဲ တစ်ချက် နှစ်ချက် ဝှေ့ယမ်းလိုက်ရာ သွေးကြောင်သူ ရွာသားတချို့မှာ နောက်ကို ရှဲခနဲ ဆုတ်သွားကြသည်။

သို့သော် ရွာလူကြီး ‘ဦးဖိုးမှီ’ကမူ ဦးပြားအနား ကပ်လာပြီး…

“ဟေ့ကောင် မောင်ပြား၊ မင်း ပေါက်တူးနဲ့ ငါ့ကို ယမ်းမိပါဦးမယ် ကွ။ မင်း ဘာတွေလို့လဲ၊ ဘာမြင်လို့လဲ”

ဟု ဆိုကာ အနားမှာ လာရပ်သည်။

“ကျုပ် ဘာတွေ့တွေ့၊ ဘာပစ္စည်းပဲ ဖြစ်ဖြစ် ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ။ ကျုပ် အရင်တွေ့တာ၊ ကျုပ် ထိုက်လို့ ကျုပ် ရတာ။ ဒါ ကျုပ်ပစ္စည်းပဲ ဖြစ်ရမယ်၊ ဘယ်လူနဲ့မှ မဆိုင်ဘူး၊ မဆိုင်တဲ့ လူတွေ ဘယ်လူမှ အနားမကပ်ကြနဲ့ ၊ ဒါပဲ၊ ကျုပ်… ကျုပ်”

ဦးပြား၏စကား မဆုံးမီပင် စောစောက သူနှင့်အတူ ကမူဖြိုချရန် တာဝန်ကျသော တစ်ဖွဲ့တည်းသား ကာလသား လေးယောက်မှာ နားနေရာမှ ပြေးထလာကြပြန်သည်။

ထို ကာလသား လေးယောက်တည်းမှ သန်းမြင့်ဆိုသူ ကာလသားကြီးက…

“ဦးလေးပြား၊ ခင်ဗျား လူကြီးနော်၊ အဲသလို မတရား စကားတော့ မပြောနဲ့ဗျ။ ဘယ်သူ အရင်တွေ့တွေ့ ကျွန်တော်တို့ အဖွဲ့သား ငါးယောက် ညီတူမျှတူပဲ ရရမယ်။ တခြားလူတွေနဲ့ ဘာမှ မဆိုင်ဘူး။ မဆိုင်တဲ့လူတွေ မလာကြနဲ့နော်၊ ဘယ်လူမှ အနား လာမကပ်ကြနဲ့”

ဟု သန်းမြင့်ဆိုသူက တစ်စခန်းထ လာပြန်သည်။

“ဟုတ်တယ်ဗျ ဘကြီးပြား၊ သန်းမြင့်ပြောတာ မှန်တယ်။ ဘကြီးပြား အရင်တွေ့တာ ဆိုပေမယ့် ကျွန်တော်တို့ တစ်ဖွဲ့လုံးနဲ့ ဆိုင်တယ်ဗျ”

လှဆောင် ဆိုသူ အဖွဲ့သား တစ်ယောက်ကလည်း ပေါက်ပြား တစ်ခုကို မြဲမြဲဆုပ်ကိုင်ထားပြီး သန်းမြင့်စကားကို ထောက်ခံလိုက်ပြန်သည်။

လှ ဆောင်၏ စကားကို ကျန်အဖွဲ့သား သုံးလေးယောက်ကလည်း…

“ဟုတ်တယ်၊ ဒါ တစ်ဖွဲ့လုံးနဲ့ ဆိုင်တယ်၊ ဦးလေးပြား မတရားစကား မပြောပါနဲ့”

ဟု ဝိုင်းအော်ကြပြန်သည်။

သည်လိုနှင့် ရုတ်ရုတ်သဲသဲ ဖြစ်နေကြရာ ရွာသူကြီး ‘ဦးထွန်းပေါ်’ မှာလည်း ကမန်းကတန်း ပြေးရောက် လာပြန်၏။

“ဟေ့ကောင်တွေ၊ ဟေ့ကောင်တွေ၊ ရုတ်ရုတ်သဲသဲနဲ့ ဘာဖြစ် နေကြတာလဲ၊ ဘာလို့လဲ၊ ငါ့ကိုလဲ ပြော”

“ဘာတွေ့မှန်းလဲ မသိဘူးဗျို့၊ ဦးလေးပြားက သူ ပိုင်တယ် သူ တွေ့တာဆိုပြီး မြင်တဲ့အတိုင်းပဲ။ ပေါက်တူးကြီး တယမ်းယမ်းနဲ့ ခုတ်မယ် သတ်မယ် လုပ်နေတာဗျ”

သူကြီး ဦးထွန်းပေါ်၏ အမေးကို ရွာသားလူငယ် တစ်ယောက်က အလျင်စလို ဝင်ပြောလိုက်၏။

“ဟင်… မောင်ပြား၊ မင်း ဘာတွေ့လို့ ဒီလောက်ဖြစ်နေ…”

“အို… ကျုပ်ဘာသာ ကျုပ် ဘာတွေ့တွေ့ဗျာ၊ ခင်ဗျားနဲ့လဲ မဆိုင်ဘူး”

“ဟေ…”

သူကြီး ဦးထွန်းပေါ် အံ့အားသင့် သွားသည်။

ငယ်နိုင် မောင်ပြားအား သူ ပြောလျှင် ရလိမ့်မည် အထင်နှင့် အပေါ်စီးလေသံနှင့် မေးမိကာမှ ဦးပြားက ငယ်ကြောက် ဦးထွန်းပေါ်ကိုပင် ပြန်ဟောက် အော်ပစ်လိုက်သည်။

ဦးပြားသာ မဟုတ်၊ ဦးပြားနှင့် မနက်ကမှ တစ်ဖွဲ့တည်း အလုပ်ဝင် လုပ်ရန် နေရာချထားပေးခဲ့သူ မောင်သန်းမြင့်ကပါ သူကြီး ဦးထွန်းပေါ်အား…

“ဦးလေးပြား ပြောတာ မှန်တယ်၊ လမ်းကျတယ် ဘကြီးပေါ်။ ရချင်းရရင် ကျွန်တော်တို့ ဦးလေးပြားတို့ အဖွဲ့ကပဲ ရသင့်တယ်ဗျ။ တခြားလူတွေနဲ့ ဘာမှ မဆိုင်ဘူး၊ ကျွန်တော်တို့ ထိုက်လို့ ကျွန်တော်တို့ ရတာ၊ မဆိုင်တဲ့လူတွေ ဘယ်လူမှ မကပ်စေနဲ့ ဦးလေးပြား”

ဟု ပြန်မပြောစဖူး မလောက်လေး မလောက်စား သန်းမြင့်ကပါ ပြန်ပြော နေသောအခါ သူကြီး ဦးထွန်းပေါ်မှာ အကြီးအကျယ် ဒေါသထွက် သွားသည်။

သို့သော် သူကြီး ဦးထွန်းပေါ်မှာ လိမ္မာပါးနပ်သူပီပီ ရွာသူရွာသားများဘက် လှည့်ပြီး စည်းရုံးစကားသာ ဆိုနိုင်ရှာတော့သည်။

“ဟေ့ကောင်တွေ၊ ဘယ်သူ အရင်တွေ့တွေ့၊ ဘယ်အဖွဲ့က ရရ၊ ဒါ တစ်ရွာလုံး စုပေါင်းသဘောတူပြီး လှည်းလမ်း ဖောက်ကြလို့ ရတာ၊ တစ်ရွာလုံးနဲ့ ဆိုင်တယ်ကွ၊ တစ်ရွာလုံးနဲ့ ဆိုင်တယ်၊ ခု ဒီမှာ လမ်း လာဖောက်ကြတဲ့ လူတွေအားလုံနဲ့ ဆိုင်တယ်”

ရွာသူကြီး ဦးထွန်းပေါ်၏ စကားကို အားလုံး ထောက်ခံကြကြောင်း စီစီညံညံ အသံတွေ ပေါ်ထွက် လာပြန်သည်။

“ဟုတ်တယ်… ဟုတ်တယ်၊ ဒါ တစ်ရွာလုံးနဲ့ ဆိုင်တာ၊ ခင်ဗျားတို့ မတရားစကား မပြောကြနဲ့၊ ခင်ဗျားတို့ မတရားလုပ်လို့လဲ မရဘူး။ လုပ်ဝံ့ လုပ်ကြည့်၊ ခင်ဗျားတို့ မတရား လုပ်တာ ကျုပ်ကို တစ်ရွာလုံးက ခေါင်းငုံ့ခံလိမ့်မယ် မထင်ကြနဲ့”

“သိပ်ဟုတ်ပေါ့ကွ၊ ဒါ ကျုပ်တို့ တစ်ရွာလုံး စုပေါင်းလုပ်ကြတာ၊ ကျုပ်တို့ တစ်ရွာလုံး ပိုင်တယ်ဗျ”

‘ဦးဘိုးသာ’ ဆိုသော ဆယ်အိမ်ခေါင်းကအစ အားလုံး အော်ဟစ်ပြီး ဦးထွန်းပေါ် စကားကို ထောက်ခံကြ၏။

“ဘာလို့ တစ်ရွာလုံးနဲ့ ဆိုင်ရမှာလဲဗျ။ ကျုပ် ပေါက်ချလိုက်လို့ ဒီရွှေအိုးကြီး၊ အဲ… အဲ… ဒီ… ဒီ… အိုးကြီး ပေါ်လာတာ။ ကျုပ် ထိုက်လို့ ကျုပ် ရတာ၊ ဘာပဲဖြစ်ဖြစ် ကျုပ်ပဲ ပိုင်ရမယ်။ မကပ်နဲ့ဆို ကျုပ်အနား ဘယ်လူမှ လာမကပ်ကြနဲ့၊ ဒါ ကျုပ်တကယ် ပြောနေတာ”

ဦးပြားဆိုသူကမူ မည်သူ မည်သို့ပြောပြော ယခုထိ မလျှော့သေး။ သူ့အနား လာကပ်လျှင်တော့ တကယ်ပင် ပေါက်တူးနှင့် ခေါင်းဖြတ် ပစ်တော့မည့်ပုံပင်။

ရွှေအိုးဟူသော ဦးပြား၏ စကားကို ကြားလိုက် ကြရသောအခါ သူကြီး ဦးထွန်းပေါ်နှင့်တကွ ရွာသူရွာသားတွေမှာ ပို၍ လှုပ်လှုပ်ရွရွ ဖြစ်လာကြသည်။

မိဘများ ဘယ်လိုမှ မအားသဖြင့် သူကြီးအမိန့်နှင့် တစ်အိမ်တစ်ယောက် မထွက် မနေရ ဆို၍ လုပ်အားပေးရန် မနိုင်မနင်း လိုက်လာကြသော ဆယ်ကျော်သက်အရွယ် ကလေးငယ်များကမူ…

“ရွှေအိုးကြီး ရတယ်တဲ့ဗျို့၊ ရွှေအိုးကြီး ရတယ်တဲ့။ အဖေတို့ကို မြန်မြန် သွားခေါ်မှ။ အမေတို့ အစ်ကိုတို့ကို မြန်မြန်သွားခေါ်မှ”

ဟု အော်ဟစ်ကာ ရွာထဲ ဝင်ပြေး သွားကြသည်။ ကလေးများမှာလည်း သူတို့မိဘများ ရွှေမရလိုက်မှာ စိုးသဖြင့် အပြေး သွားပြောကြခြင်း ဖြစ်သည်။

ထိုအခါ တစ်ရွာလုံးရှိ ယောက်ျား မိန်းမအကုန် သူတို့မှာ ချစ်တီး ကုလားကြီး တိုက်ပျက်ရှိရာ ကမူနားသို့ ထဘီမနိုင် ပုဆိုးမနိုင် ပြေးလိုက် လာကြပြန်သည်။

ဦးထွန်းပေါ်နှင့်တကွ ရွာသူ ရွာသားများ စကားကို နားမထောင်ဘဲ ကလန်ကဆန် လုပ်နေသော ဦးပြားအား ရွာသူရွာသားများ နောက်ထပ် ရောက်လာသောအခါ ပိုအားရှိလာသော ရွာသူကြီးက ဦးပြားကို ထပ်ပြောပြန်သည်။

“အောင်မာ… မောင်ပြား၊ မင်း တော်တော် လူပါးဝ ပါလားဟင်။ မင်း စ‌တွေ့တယ် ဆိုပေမယ့် ဒါ မြေကြီးထဲက တွေ့တာ။ ရေမြေပိုင်တဲ့ အစိုးရမင်းများနဲ့ ပတ်သက်နေတယ်။ မင်း အစိုးရ ဥပဒေကို ဘာနားလည်လို့ လူပါးဝစကား ပြောနေတာလဲ”

သူကြီးက ဘာပဲပြောပြော ဦးပြားကမူ ယခုထိ မည်သူကိုမှ ဂရုမစိုက်။ သူအား အတင်းအကျပ် အနှောင့်အယှက် လာပေးလျှင်တော့ တကယ်ပင် ပေါက်တူးနှင့် ပေါက်သတ်တော့မည့်ပုံနှင့် အိုးကြီးဘေးရှိ မြေသားတွေကိုသာ တစ်ချက်ချင်း တူးပေါက်လိုက်၊ လူအုပ်ကြီးကို ရန်လိုသော အကြည့်နှင့် ခြိမ်းခြောက်ကြည့်လိုက် လုပ်ကာ အိုးကြီးကို အရ ဖော်ယူရန်သာ သွေးရူးသွေးတန်း ဖြစ်နေ၏။

“ဟေ့ကောင် မောင်ပြား၊ ငါပြော နေတယ်ကွ။ မင်း ရွှေအိုး ဖော်နေတာ ရပ်လိုက်စမ်း”

သူကြီး ဦးထွန်းပေါ်က ခပ်တည်တည်နှင့် ထပ်ပြောပြန်၏။ သို့သော် ဦးပြားအနားကိုမူ သူက ရဲရဲမကပ်ဝံ့။ လူတွေ အားလုံး၏ လက်ထဲတွင် ပေါက်တူး၊ ပေါက်ပြား၊ သံတူးရွင်း၊ ဓား စသည်တို့ကလည်း ကိုယ်စီရှိနေကြရာ ပြဿနာမှာ ကြီးသည်ထက် ကြီးလာနိုင်သည်။ တောရှင်းအဖွဲ့ကလည်း ဓားတဝင့်ဝင့်နှင့် နောက်ထပ် ရောက်လာကြရာ လူတွေမှာ ရင်တထိတ်ထိတ် ဖြစ်လာကြရသည်။

ကုသားချစ်တီး တိုက်ပျက်ကြီးနားရှိ ကုန်းကမူလေးကို ဦးပြား ဖြိုပေါက်လိုက်၍ ပေါ်လာသော အရာဝတ္ထုမှာ ဧရာမအိုးကြီး တစ်လုံး။ လူကြီးတစ်ယောက် တစ်ဖက်မက ကြီးသည်။ အမြင့်မှာလည်း လူကြီးတစ်ယောက် ခါးစောင်းထက်မက မြင့်သည်။

ပေါက်တူးနှင့် ဘေးသားကို ထိထားရာ ပေါက်တူး ရှရာတွေမှာ ဝင်းဝင်းလက် နေသည်။ ထို့ကြောင့်လည်း ဦးပြားစကားထဲတွင် စောစောက ‘ရွှေအိုး’ ဟု ပါသွားခြင်း ဖြစ်သည်။ ယင်းကြောင့် အားလုံးကလည်း ရွှေအိုးဟု ထင်သွားကြသည်။ အကယ်၍ ယခု ဦးပြား တူးဖော်နေသော အိုးကြီးမှာ ရွှေအိုး မဟုတ်တောင် အိုးထဲတွင် ရွှေဒင်္ဂါး၊ ငွေဒင်္ဂါးများ မရှိဟု မည်သူက ပြောနိုင်မည်နည်း။

ဒုတိယ ကမ္ဘာစစ်ကြီး အတွင်းက လယ်ပိုင်ရှင် ချစ်တီးကြီးမှာ အိန္ဒိယသို့ ခွေးပြေးဝက်ပြေး ပြေးရရာ မယူနိုင်သော ရွှေဒင်္ဂါး ငွေဒင်္ဂါးပြားများကို ဤအိုးကြီးထဲထည့်ပြီး မြှုပ်ထားခဲ့တာ ဖြစ်ရမည်ဟုလည်း တစ်ခြမ်း ပေါ်နေသော အိုးကြီးကို ငေးကြည့်၍ ဝေဖန်တိက ပြုနေကြ၏။

မည်သူ မည်သို့ ပြော၍ မည်သို့ ဝေဖန် ဝေဖန် ဦးပြားကမူ မည်သူကိုမှ ဂရုမစိုက်။ သူ့ကို အတင်းအကျပ် တားလျှင်တော့ တကယ်ပင် ပေါက်တူးနှင့် ပေါက်သတ်တော့မည့် အတိုင်း အိုးကြီးဘေးရှိ မြေသားတွေကိုသာ ပေါက်တူးနှင့် လှမ်းပေါက်ထုတ်လိုက်၊ ဝိုင်းထားနေသော လူအုပ်ကြီးကို ခြိမ်းခြောက်သော အကြည့်နှင့် လှည့်ကြည့်လိုက် လုပ်ကာ အိုးကြီးကိုသာ သွေးရူးသွေးတန်းနှင့် အရဖော် နေသည်။

သူကြီးမှာ မနေသာတော့သဖြင့် ထပ်ပြောရပြန်သည်။

“ဟေ့ကောင် မောင်ပြား၊ မင်းကို ငါက ရွာသူကြီးတစ်ယောက် အနေနဲ့ အမိန့်ပေး နေတာကွ။ မင်း အဲသလို ဇွတ်လုပ် နေရင်တော့ မင်းကို ငါ သူကြီး အမိန့်နဲ့ ဖမ်းရလိမ့်မယ်”

သူကြီး ဦးထွန်းပေါ်၏ ဖမ်းမည် ဆီးမည် ဆိုသော စကားကြောင့်လား မသိ၊ ဦးပြား၏ အားနှင့် မာန်နှင့် လွှဲပေါက်နေသော ပေါက်တူး တစ်ချက်မှာ အိုးကြီးဘေးကို ချော်ပေါက် မိသွား၏။ အိုးကြီး၏ ဘေးသားနှင့် ပေါက်တူး အသွား၏ ထိသံတို့မှာလည်း တိန်ခနဲ မြည်သွားသည်။

အိုးကြီး၏ ဘေးသား ပေါ်လာသည်။ ပေါက်တူး ရှပ်ထိသွားသဖြင့် နေရောင်ထဲမှာ ဝင်းဝင်းလက်လက် အရောင်ထွက်လာသည်။

လူတွေမှာ ‘ရွှေအိုးကြီးဗျို့၊ ရွှေအိုးကြီး’ ဟု အော်ဟစ် လိုက်ကြကာ ပို၍ လှုပ်လှုပ်ရွရွ ဖြစ်သွားကြပြန်သည်။

“အိုးကြီးက ကြေးအိုးကြီးပါဗျ”

ဦးပြား၏ ပါးစပ်က ယောင်ယောင်မှားမှား ထွက်သွား၏။

“ဟေ့ကောင် မောင်ပြား၊ ကြေးအိုးပဲ ဖြစ်ဖြစ်၊ မြေအိုးပဲ ဖြစ်ဖြစ် မင်း ငါ့စကားကို နားထောင်ရမယ်။ ဒီရွာမှာ ငါ သူကြီးကွ။ ငါ့အမိန့် အကုန် လိုက်နာရမယ်။ ငါ့စကား နားမထောင်ရင် ငါက ဘယ်လူ့ကိုမဆို ဖမ်းပြီး ထိပ်တုံးခတ်နိုင်တယ်။ ငါ့ကို အစိုးရမင်းများက သူကြီး ခန့်ထားတာ။ အိုး… အိုးထဲမှာ ဘာရှိလဲဆိုတာ ငါ ငါကြည့်မယ်၊ မင်း နည်းနည်း ဖယ်စမ်း”

သူကြီး ဦးထွန်းပေါ်က၊ မရဲတရဲနှင့် ဦးပြားအနား ကပ်သွား၏။

ဦးထွန်းပေါ်မှာ ဦးပြား အနားကို ကပ်သာ ကပ်သွားရသော်လည်း လောဘဇော တိုက်နေသော ဦးပြားကို စိတ်မချ။ ထို့ကြောင့် ပါးစပ်ထဲကလည်း ဦးပြား ကြောက်ရွံ့သွားအောင် သို့မဟုတ် ရှိန်သွားအောင် တတွတ်တွတ် ပြောနေသေးသည်။

“မင်းတို့ အားလုံး ငါ့စကားကို နားထောင်ကြပါ၊ ငါ့စကားကို နားမထောင်ရင် ငါ့ကို ခန့်အပ်ထားတဲ့ အစိုးရမင်းများ စကားကို ဖီဆန်တာနဲ့ အတူတူပဲ။ ခု ဒီအိုးကြီးထဲမှာ ချစ်တီးကြီး ထည့်မြှုပ်ထားခဲ့တဲ့ ရွှေဒင်္ဂါးပဲ တွေ့တွေ့၊ ငွေဒင်္ဂါးပြားတွေပဲ တွေ့တွေ့ အားလုံး ရွာသူရွာသားတွေပိုင်ပဲ ဖြစ်ရမယ်။ ဒီအိုးကြီးထဲမှာ ရွှေဒင်္ဂါး ငွေဒင်္ဂါးပြားတွေ တွေ့ရင် ခု လမ်းဖောက်ကြတဲ့ လူတွေအားလုံး အညီအမျှ ငါ ဝေပေးမယ်”

“သူကြီးကတော့ မယူဘူးလား”

စောစောကပင် မကျေမနပ် ဖြစ်နေသူ ဦးပြားက သူကြီး ဦးထွန်းပေါ်၏ မျက်နှာကို စေ့စေ့ကြည့်၍ အံကြိတ်ကာ မေး၏။

“ဟ… မောင်ပြားရာ၊ ငါလဲ မင်းတို့ရွာသား၊ ဒီရွာသား တစ်ယောက်ပဲကွ။ ငါလဲ တစ်ဖို့တော့ ယူမှာပ”

ဦးပြားက ဘာမှ ပြန်မပြောတော့။ ပေါက်တူးကို မြေကြီးပေါ် ထောက်ကာ လက်တစ်ဖက်က ခါးထောက်၍ မကျေမနပ်နှင့် ရပ်နေ၏။

“စောစောက ကျုပ်ပြောတာ ရွာသူရွာသားတွေ အားလုံး သဘောတူကြတယ် မဟုတ်လား”

သူကြီး ဦးထွန်းပေါ်က အောင်မြင် ခန့်ညားသော အသံကြီးနှင့် ရွာသူ ရွာသားများ၏ ဆန္ဒကို တောင်းခံလိုက်၏။

“တူပါတယ်”

“တူပါတယ်”

“သူကြီးပြောတာ မှန်ပါတယ်”

အားလုံး ဦးထွန်းပေါ်၏ စကားကို အော်ဟစ် ထောက်ခံကြသည်။

ဦးပြားခမျာ မကျေနပ်သော်လည်း အများသဘောတူ ဖြစ်သဖြင့် ဘာမှ မတတ်နိုင်တော့။ မျက်လုံးကလေး ပေကလတ် ပေကလတ်နှင့်သာ ပေါက်တူးကိုင်ပြီး အိုးကြီးနားက မခွာဘဲ ရပ်နေသည်။

“ကဲ… အများ သဘောတူတာက ဟုတ်ပြီ၊ ကျုပ် တစ်ခု ပြောဦးမယ်။ ဒီအိုးကတော့ မောင်ပြား ပြောသလို ကြေးအိုးဖြစ်ဖို့ များတယ်။ ဒါပေမယ့် ဒီအိုးကြီးထဲမှာ စောစောက ကျုပ် ပြောသလို ရွှေဒင်္ဂါး ငွေဒင်္ဂါးပြားတွေ မဟုတ်တောင် ပိုက်ဆံ ကျပ်စေ့တွေ၊ မူးမတ်စေ့တွေလဲ ရှိချင် ရှိမှာ။ ဘာပဲရှိရှိ ဒီအိုးထဲက ရသမျှတွေကို ကျုပ်တို့ လမ်းလုပ်ကြတဲ့လူတွေ အားလုံး အညီအမျှ ဝေယူကြရမှာ”

“စောစောက မင်း ပြောတော့ ရွာသူရွာသားတွေ အားလုံးဆိုကွ မောင်ပေါ်။ ခု မင်းပြောတော့ စကားတစ်မျိုးပါလား”

တောင်ဝှေးထောက်ပြီး ရပ်ကြည့်နေသော လူအုပ်ထဲမှ အသက် ခုနစ်ဆယ်ကျော် ‘ဦးသာထို’ ၏ စကားကြောင့် သူကြီး ဦးထွန်းပေါ် စကား ရပ်သွား၏။

ဦးသာထိုဘက်ကို လှည့်ကြည့်ပြီး သူကြီး ဦးထွန်းပေါ်က…

“ဟာ… ဦးလေးထို မဟုတ်ဘူး၊ စောစောကလဲ ကျွန်တော် ဒီစကားပဲ ပြောတာပါဗျ။ ဦးလေးထို ဘာကြားလို့လဲ” ဟု မေးလိုက်၏။

“ရွာသူရွာသားတွေ အားလုံးဆိုကွ၊ မင်းတို့ လမ်းဖောက်ရင်း ရွှေအိုးကြီး ရကြတယ်၊ ရွာသူရွာသားတွေ အားလုံးကို ဝေပေးမယ်လို့ ငါမြေး ငထီး လာပြောလို့ ဦးလေး လိုက်လာတာ။ ခု လမ်းဖောက်တဲ့အထဲ ငါ မပါတော့ ငါ မရဘူးပေါ့”

“ခု ဦးလေး လမ်းဖောက်တဲ့အထဲ ဒီကို ရောက်နေပြီပဲ၊ အများရရင် ဦးလေးသာထိုလဲ တစ်(?) ရရစေ့မယ်ဗျာ၊ စိတ်ချပါ”

“အေးပါ ငါ့တူရာ၊ ငါ့တူ သိတဲ့ အတိုင်းပါ၊ ဟိုတုန်းကဆို ဦးလေး ရပ်ရေးရွာရေး ဘယ်လောက် လုပ်ခဲ့လဲဆိုတာ ဘယ်လူ့ မေးမေး၊ ဘုရားပေး ကျမ်းပေးလဲ ကျိန်ရဲပါတယ်။ ခုတော့ ဦးလေးမှာ ငါ့တူ မြင်တဲ့အတိုင်း ဇရာဒုဗ္ဗလ အိုမင်းမစွမ်း ရောက်နေလို့ မပါနိုင်တာ။ မနေ့က သူကြီးအမိန့်နဲ့ တစ်အိမ်တစ်ယောက် လမ်းဖောက် မထွက် မနေရဆိုတာ ရွာဆော်ကြီး ငဩ အော်သွားသံ ကြားကတည်းက ဦးလေး သာဓုခေါ်နေတာပါ။ ငါ့တူသူကြီး လက်ထက်ကျမှ ဦးလေးတို့ စက်ဆန် စားဖူးကြတော့ ငါ့တူသူကြီးကို ဦး…”

“အဲဒါက အကြောင်းမဟုတ်ဘူးဗျို့ သူကြီးကို ကျုပ်တစ်ခု မေးဦးမယ်ဗျ”

ဦးသာထို ဆိုသော တုန်တုန်ချည့်ချည့် အဘိုးကြီးတစ်ဦး၏ စကားမဆုံးခင်ပင် စာဆို၍ လက်မှတ်ပင် မထိုးတတ်သော်လည်း ရပ်မှာရွာမှာ အင်မတန် စွာကျယ်စွာကျယ်နှင့် ဝေဖန်ရေး လေရှည်တတ်သော ‘ဦးသာဆင့်’ ဆိုသူက တစ်စခန်းထ လာပြန်သည်။

“သာဆင့်၊ မင်း ဘာပြောပြန်ဦးမလို့လဲ”

သူ့အကြောင်း သိထားသူ ဦးထွန်းပေါ်က ဦးသာဆင့်ကို စေ့စေ့ကြည့် မေးလိုက်၏။

“ကျုပ်ညီ သာမြင့် အပြင်းဖျားနေလို့ ထတောင် မထနိုင်ဘူး။ အဲဒါကျတော့ကော”

“ဟာ… ဦးလေး သာဆင့်ကလဲ အပြင်းဖျားနေတာ ဆေးတိုက်ပေါ့ဗျ၊ ဒီကလူတွေ ဘာလိုက်လုပ် ပေးရဦးမှာလဲ”

“ဒါဆို ငါ့ညီ သာမြင့် ဝေစု မရဘူးပေါ့၊ သူကြီးပြောတော့ တစ်ရွာလုံးဆိုကွ”

ဖျားနာနေသော သူညီ သာမြင့် ရွှေဒင်္ဂါး ဝေစုမရမှာ ပူပန်နေသော ဦးသာဆင့်က ကာလသားကလေး တစ်ယောက် ထပြောသည်ကို မအေ နှမနှင့် ဆဲတော့သည်။

“ဒီမှာ… ဟေ့ကောင် သာဆင့်၊ ငါ ပြောမယ်၊ ဖျားနာနေလို့ လမ်းဖောက်ရာမှာ မပါလဲ ရမှာပဲ၊ ဘာမှ ပူမနေကြနဲ့။ ဒီရွာမှာ ငါက သူကြီးလုပ်ပြီး အုပ်ချုပ်နေတဲ့ လူပါကွ။ ကိုယ့် ရွာသားအားလုံးကို ငါမှတ်မိတယ်၊ သိတယ်။ အေး…တစ်ခုတော့ ရှိတာပေါ့ကွာ။ လူမောင်တို့လို အကောင်မျိုးတွေ၊ ဒီကနေ့ လမ်းဖောက်ရမယ် ဆိုတာ သူကြီးအမိန့်နဲ့ တစ်ရွာလုံး ဆော်သြထားတာ သိရဲ့နဲ့ ချိုးတည်၊ ခါထောင် ထွက်နေတာတော့ မပေးနိုင်ဘူးကွ။ သူ့ ချိုးတည် ခါတည် အလုပ်က ဘယ်လောက် အရေးကြီးလို့လဲ”

ရွာတွင် မုဆိုးတစ်ပိုင်း လုပ်စားနေ သော ‘လူမောင်’ ဆိုသူ လမ်းဖောက်ရာ၌ မပါရကောင်းလားဟု သူကြီး ဦးထွန်းပေါ်က ဒေါသထွက်၍ ပြော၏။

“ကိုကြီးထွန်းပေါ်၊ ကျုပ်တူလေးကို အဲသလိုတော့ မပြောပါနဲ့ဗျ၊ လူမောင် ခမျာမှာ ချိုးတည် ခါတည်တာတောင် ထမင်းနပ်မှန်တာ မဟုတ်ပါဘူး။ချိုးတည် ခါတည်လို့ ပေါပေါများများ ရရင် ကိုကြီးထွန်းပေါ်ကိုလဲ ပေးစားသားပဲဗျ။ သူလဲ ဒီရွာက လူတစ်ယောက်၊ ‘ထမ်းရ မင်းကျွန်’ ထဲ စာရင်းဝင်တဲ့ သူပါ။ လူမောင်ကိုလဲ ပေးသင့်တာပေါ့”

လူမောင်၏ ဦးလေးအရင်းခေါက်ခေါက် ဦးဘကျော်၏ စကားကို ဦးထွန်းပေါ်က ခေါင်းကုတ် စိတ်ရှုပ်သွားစဉ် မိဘများ မအားလပ်၍ ကိုယ်စားပြုပြီး လုပ်အား ပေးနေကြသော ကလေးများကလည်း တစ်စခန်းထ လာကြပြန်သည်။

မိဘများ မအားလပ်၍ ကိုယ်စား လာလုပ် နေကြသော ကလေးများကို တစ်ဝက် ပေးမည်လား၊ အပြည့် ပေးရမလား ဆိုသော ပြဿနာပင်။ နောက်တော့ အားလုံး သဘောတူညီချက်အရ ရွာရှိ အိမ်ထောင်စုတိုင်းကို အညီအမျှ ဝေပေးကြရန် သဘောတူ ကြလေသည်။

“ကောင်းပြီ၊ ဒါထက် အရေးကြီးတာ ကျုပ် တစ်ခု ပြောဦးမယ်။ ဒါ အစိုးရမင်းများနဲ့ ဆိုင်တဲ့ကိစ္စဆိုတော့ ဒီစကား ဘယ်လူ့မှ မပေါက်ကြားစေနဲ့၊ ပေါက်ကြားရင် ကျုပ်က အရင်ဆုံး ထိမ်ချန်မှုနဲ့ အရေးယူခံရမယ်။ ကိုယ့်ကလေး ပါးစပ်တွေ ကိုယ် ထိန်းကြ၊ တောပြော တောင်ပြော မပြောကြစေနဲ့၊ ပြီးတော့ ခုဒီအထဲမှာ တခြားရွာသားတွေများ ရောက်ပေါက်လို့ ရှိလား။ တခြားရွာသားတွေကိုတော့ တစ်ပြားတစ်ချပ်မှ မပေးနိုင်ဘူးနော်။ ဒါကို ဆယ်အိမ်ခေါင်းတွေက ခုချက်ချင်း စစ်ဆေးကြည့်ကြပါ။ အားလုံး သဘောတူတယ် မဟုတ်လား”

ဦးထွန်းပေါ်၏စကားကို အားလုံး သဘောတူကြောင်း ပြန်ပြော ကြပြန်သည်။

အခြေအနေမှာ အားလုံး ငြိမ်သက် သွားကြပြီးဖြစ်သဖြင့် ရွှေအိုးကြီးဖော်ဖို့ ကိစ္စကို ဦးထွန်းပေါ်က စတင်လိုက်သည်။

“မောင်ပြား၊ ဖယ်စမ်းပါဦးကွ၊ ငါ ကြည့်ပါမယ် ဆိုနေ”

ပေကတ်ကတ် လုပ်နေသေးသော ဦးပြားကို ဤတစ်ခါတော့ ရဲရဲဝံ့ဝံ့ပြောပြီး သူကြီး ဦးထွန်းပေါ်က အိုးကြီးနား ကပ်သွားသည်။ ရွာသူရွာသား ကလေးသူငယ်များမှာ ဤတစ်ခါတော့ အပ်ကျသံကိုပင် ကြားရလောက်အောင် တိတ်ဆိတ်နေကြသည်။

အိုးကြီးမှာ စောစောက ဦးပြား ပြောသလို ကြေးအိုးကြီး တစ်လုံးပင်။ စောက်အမြင့်မှာ လူကြီး ခါးစောင်းသာသာ ရှိပြီး လုံးပတ်မှာလည်း လူကြီးတစ်ယောက် တစ်ဖက်ကျော်ကျော် ရှိသည်။

ဦးထွန်းပေါ်သည် လမ်းမြေကမူစောင်းရှိ လုံးလုံးလျားလျားပင် မြေ မပေါ်သေးသော အိုးကြီးကို သေသေချာချာ ကြည့်၏။ အထဲမှာ ရွှေဒင်္ဂါး ငွေဒင်္ဂါးပြားများသာ ရှိလျှင်တော့ ဟူသော အတွေးနှင့် ကြေးအိုးကြီး၏ အဖုံးကို သံတူးရွင်းနှင့် ကလော်လိုက်သည်။ ကြေးအိုးကြီး အဖုံးပွင့်သွားသည်နှင့် တစ်ပြိုင်နက် သူကြီးဦးထွန်းပေါ်၊ ဦးပြား၊ ဆယ်အိမ်ခေါင်း ဦးသံချောင်း၊ ဆယ်အိမ်ခေါင်း ဦးသောင်းစိန်တို့က သူ့ထက်ငါ ဦးခေါင်းချင်းဆိုင်၍ ငုံ့ကြည့်ကြ၏။

“ဘာတွေလဲ” ဟူသော သိလိုဇောနှင့် ရွာသူရွာသား ကလေးသူငယ်များ အားလုံးမှာ အသက်ပင် မရှူမိဘဲ ငေးစိုက်ကြည့် နေကြ၏။

“ဘာအရည်လဲဟ၊ မွှေးသလိုပဲ”

သူကြီးဦးထွန်းပေါ်က ပထမဦးဆုံး ကြေးနီအိုးကြီးထဲ အလျင်စလို လက်ညှိုးနှင့် ထိုးကော်ပြီး နမ်းကြည့်၏။

“ဟာ… ပျားရည် အိုးပဲဗျို့၊ ကြည့်စမ်း ချစ်တီးကြီးက ပျားရည်ကို ဆေးစိမ် မြေမြှုပ်ပြီး နှစ်ချုပ်ထားသောက်ဖို့ စီမံခဲ့တာကိုး။ ချစ်တီးကြီး ကုလားပြည် ပြေးတော့ ဒီပျားရည်အိုးကြီး ကျန်နေခဲ့တာ ဖြစ်ရမယ်”

သူကြီး ဦးထွန်းပေါ် က ရွာသူ ရွာသားများကို လှည့်ပြောနေစဉ် ဆယ်အိမ်ခေါင်း နှစ်ယောက်နှင့် ဦးပြားတို့ကလည်း ဦးထွန်းပေါ် နည်းတူ ပျားရည်အိုးထဲ လက်ညှိုးနှင့် ထိုးထည့်ပြီး စမ်းမြည်းကြည့်ကြ၏။

“မြေကြီးထဲ နှစ်ချုပ် လှောင်ထားလို့လားတော့ မသိဘူး၊ ကောင်းလိုက်တဲ့ ပျားရည်ဗျာ၊ တစ်စက်နှစ်စက် လျက်လိုက်ရုံနဲ့ကို အားခွန်ဗလတွေ ချက်ချင်း ပြည့်လာသလိုပဲ”

ဆယ်အိမ်ခေါင်း တစ်ယောက်က ဆိုသည်။ နောက်တစ်ယောက်ကလည်း…

“အဲဒါကြောင့် ပြောတာပေါ့ ကျောင်းဒကာရဲ့၊ ပျားရည်ဆိုတာ ပန်းမျိုးစုံကို ပျားတွေကစုပ်ပြီး စုထားတဲ့ ပန်းပေါင်းဆီဗျ။ အားမရှိဘဲ နေပါ့မလား။ ပျားရည်ရဲ့သတ္တိဟာ ဘယ်ကလောက် ထူးခြားသလဲဆိုရင် နှစ်ဘယ်လောက် ကြာကြာ ပုပ်သိုးသွားတယ်ဆိုတာ မရှိဘူး။ ပျားရည်နဲ့ စိမ်ထားတဲ့ ပစ္စည်းဆိုရင်လဲ သစ်သီးဝလံကစပြီး ဘာပစ္စည်း စိမ်ထား စိမ်ထား၊ ဘယ်လောက်ကြာကြာ မပုပ်မသိုးဘူး။ အဲဒါကြောင့်လဲ ဥတုဘောဇန သင်္ဂဟ ဆေးကျမ်းမှာ ပျားရည်သည် သုက်ကို ပေါများ…”

“ဟဲ့… ဟဲ့ အဲသလို တစ်ယောက် တစ်ပေါက် စည်းမဲ့ကမ်းမဲ့ မလုပ်ကြပါနဲ့ကွ။ ငါ အားလုံးကို ဝေပေးပါ့မယ်”

ပျားရည်ဆိုသဖြင့် စိတ်မဝင်စားသူတွေ ရှိသလို တချို့ကလည်း ချစ်တီးကြီးသောက်သော ပျားရည် ဆိုသဖြင့် ဗဟုသုတ မြည်းကြည့်ချင်သူများလည်း ရှိရာ ပျားရည် ကြေးအိုးကြီးနား ဝိုင်းလာပြီး သူနှိုက် ငါနှိုက် နှိုက်ကြပြန်သည်။ ဤသည်ကို ရွာသူကြီး ဦးထွန်းပေါ်က ထိန်းရပြန်၏။

“ဟေ့ကောင် ကျော်တင့်၊ ပေါလူတို့အိမ်မှာ ဇွန်းတစ်ချောင်း ပြေးယူစမ်း၊ မင်းတို့ကို ငါအားလုံး တစ်ဇွန်းစီ ဝေတိုက်မယ် ငြိမ်ငြိမ်နေကြ။ ကျော်တင့်ရေ၊ ကြွေဇွန်းတွေ ဒန်ဇွန်းတွေ ယူမလာနဲ့ဦးဟ၊ ကြေးဇွန်းပဲ ယူလာခဲ့။ ချစ်တီးကြီးက ကြေးအိုးနဲ့ စိမ်ထားတာဆိုတော့ ကြေးမှ ဓာတ်စီးပြီး အာနိသင် ပိုရှိမှာ၊ တခြားဇွန်းတွေနဲ့ဆို အစွမ်းမထက်ဘဲ နေပါဦးမယ်ဟ။ ကောင်လေး… ငါ ပြောတာ ကြားလား”

ကြေးဇွန်း ပြေးယူသွားသော ကျော်တင့်ကို လှမ်းပြောသလို သူကြီး ဦးထွန်းပေါ်မှာ လူအုပ်ကြီးကိုလည်း ထိန်းထားရသည်။

“မင်းတို့ မသောက်လိုက်ရတဲ့လူ၊ မသောက်ဖူးတဲ့လူ မကျန်စေရဘူး။ ချစ်တီးကြီး နှစ်ချို့ ပျားရည်က အသက်ရှည်အောင် ဆေးတွေ ဘာတွေနဲ့ စိမ်ထားတာဆိုတော့ သိပ်ကောင်းတယ်၊ ငါ မြည်းကြည့်ပြီးပြီ။ မင်းတို့အားလုံး သောက်ရမယ်”

ကျော်တင့် ရောက်လာ၍ ကြေးဇွန်းကြီး ပါလာသောအခါ သူကြီး ဦးထွန်းပေါ်နှင့် ဆယ်အိမ်ခေါင်း နှစ်ယောက်တို့မှာ လူအုပ်ကြီးကို တစ်ယောက် တစ်ဇွန်းကျစီ အလှည့်ကျ ဝေငှတိုက် နေကြ၏။

ဆယ်အိမ်ခေါင်း ဦးသံချောင်း ပျားရည်ဝေတိုက်နေစဉ်…

“ဟ… အိုးထဲမှာ ဒါကြီးက ဘာတုံးဟ”

ဟု ဆိုလိုက်သဖြင့် သူကြီးနှင့် ဆယ်အိမ်ခေါင်း တစ်ယောက်တို့က ပျားရည်အိုးထဲ ငုံ့ကြည့်ကြ၏။

“ဆေးမြစ်ဆုံကြီးလား ကိုရင်သံချောင်း”

ဦးထွန်းပေါ်က မေး၏။

“ဟုတ်မယ် ထင်တယ်၊ ကဲ… ရေအိုးပါရင် ပေးကြဦး၊ ရေမှုတ်ပါယူခဲ့၊ ပျားရည် လှယ်ထည့်ပြီး ကြည့်ကြရအောင်”

ချက်ချင်း သူကြီး ဦးထွန်းပေါ်နှင့် ဆယ်အိမ်ခေါင်းတို့နား ရေအိုးနှစ်လုံး ရောက်လာ၏။

“ဟေ့… နှစ်ချို့ပျားရည် မသောက်ရသေးတဲ့လူတွေ ငြိမ်ငြိမ် နေကြနော်။ နှစ်ခါပြန်လဲ ဝင်မလာကြနဲ့ဦး၊ ဒါ လှယ်ပြီးရင် ဆက်ဝေမယ်”

ကြေးနီအိုးကြီးထဲတွင် ဘာမှန်းမသိ တွေ့ပြန်ပြီ ဆိုသဖြင့် လူတွေမှာ စိတ်လှုပ်ရှား လာကြပြန်သည်။ ထို့ကြောင့် ပျားရည် လှယ်ထည့် နေကြသော တောင်ကမူစောင်းရှိ သူကြီးနှင့် ဆယ်အိမ်ခေါင်းများ ရှိရာဆီသို့သာ ငေးမောစိုက်ကြည့် နေကြသည်။

ဆယ်အိမ်ခေါင်း ဦးသံချောင်းသည် ပျားရည် လှယ်ထည့်နေရာမှ ကြေးအိုးကြီးထဲ ငုံ့ကြည့်၏။ ရေမှုတ်နှင့်လည်း ပေါ်လာသော အရာဝတ္ထုကို ခေါက်ကြည့်သည်။

“ဘာလဲ ကိုရင်၊ ရွှေ… ရွှေထုပ်များ…”

“ဟာ…ဝေါ့…ဝေါ့”

“ဟင်…ဝေါ့…ဝေါ့”

ပျားရည်အိုးထဲ အလျင်ဦးဆုံး ငုံ့ကြည့်မိကြသော သူကြီး ဦးထွန်းပေါ် နှင့် ဆယ်အိမ်ခေါင်းနှစ်ယောက် တဝေါ့ဝေါ့ ထိုးအန် နေကြသည်ကို မြင်ရသောအခါ ရွာသူ ရွာသားများမှာလည်း ဘာပါလိမ့်ဟု ဝိုင်းလာကြပြန်၏။

“ဘာလဲဟ… ဘာလဲ”

“ဝေါ့…”

“ဝေါ့…”

ရုတ်တရက်မူ သူကြီး ဦးထွန်းပေါ်မှာလည်း မေးလာသူများကို ပြန်မပြောနိုင်သေး။ တဝေါ့ဝေါ့သာ ဗိုက်ကိုနှိပ်၍ ထိုးအန် နေလေ၏။

သို့သော် သူ့မျက်စိထဲ မြင်နေရသည့် အရာမှာကား ဒိုတီပိတ်ဖြူ ဝတ်ကာ နှစ်ချို့ ပျားရည်အိုးထဲ မျက်လုံး အပြူးသားနှင့် ဆောင့်ကြောင့် ထိုင်နေသော ချစ်တီးကြီး ကုလားပင်။

“ကု… ကုလား မသာဗျို့၊ ကုလားမသာ၊ ပျားရည်အိုးထဲမှာ ဝင်ထိုင်နေတယ်”

ရွာသားတစ်ယောက်က ပျားရည်အိုးထဲ ငုံ့ကြည့်ပြီး အော်ပြောလိုက်ရာ ပျားရည်သောက်ထားသူ အားလုံးမှာ တဝေါ့ဝေါ့ အန်ကုန်ကြတော့သည်။

ရွာသားကြီး ပြောသည်မှာ အမှန်ပင် ဖြစ်သည်။ ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်လာ၍ ပြေးရကာနီးတွင် သေဆုံးသွားသော ချစ်တီးကုလားကြီးအား သူမိသားစုက သူတို့ဓလေ့ ထုံးစံအရ သင်္ဂြိုဟ်ရန် အချိန်မရသဖြင့် မပုပ်မသိုးရအောင် ပျားရည်နှင့် စိမ်ထားခဲ့ကြခြင်း ဖြစ်လေသည်။

သူတို့မိသားစု သဘောမှာ တိုင်းပြည် အေးချမ်းမှ သူတို့အိမ် သူတို့ပြန်ပြီး လယ်ပိုင်ရှင် ချစ်တီးကုလား သေဋ္ဌေးကြီးအား ခမ်းခမ်းနားနား သင်္ဂြိုဟ်ကြရန် ဆေးပျားရည် စိမ်ထားခဲ့သည်ကို နောက်မှ သိကြရလေသည်။

————-
#ဖိုးကျော့
ကလျာ မဂ္ဂဇင်း၊ အောက်တိုဘာလ၊ ၁၉၉၂။
စာမျက်နှာ ၁၄၉-၁၅၅