• July 6, 2025
  • admin
  • 0

ဉာဏ်ဦးစံ
ပြောင်းမုဆိုးနှင့် ကွင်းကြမ်း

ဝါးမှုတ်ပြောင်းတစ်ချောင်းကို ထမ်းလျက် လက်တွင် ဖားတွဲတစ်တွဲကို ဆွဲထားသော စိန်ဘန်းသည် အရှေ့ လယ်ကွင်းပြင်အတွင်း ကွေ့ကောက်စီးဆင်းနေသော ရိုးချောင်းငယ်လေးအတွင်းမှ တက်လာကာ ငါးရှဉ့်ဂယက်ရွာလေးဆီသို့ ပြန်လာနေသည်။

သည်နေ့ ရိုးချောင်းအတွင်း ဖားမှုတ်ရသည်မှာ လမိုင်းကပ်သည်ဟု ဆိုရချေမည်။ သုံးလေးဆယ်သားခန့်ရှိမည့် ဖားကြီး ငါးကောင် ရလာခဲ့သည်။ ဖားမှုတ်ရသည်က မလွယ်ကူလှပါချေ။

ကျဲကျဲတောက် ပူပြင်းနေသော တော်သလင်းနေသည် ညနေစောင်းနေပြီ ဖြစ်သော်လည်း အပူဓာတ်က လျော့မသွားသေး။ အိုက်စပ်ပူလောင်လှသည်။

ရိုးချောင်း၏အစပ် ဘေးတစ်ဖက်တစ်ချက်တွင် ထူထပ်စွာပေါက်နေသော ချုံနွယ်အမြစ်များကြားသို့တိုးကာ ဝပ်နေတတ်ကြသော ဖားကြီးများကို မျက် စိလျင်လျင်ဖြင့် ရှာဖွေရသည်။ ငြိမ်ဝပ်စွာ ဝပ်နေသော ဖားကို တွေ့ပါက မှုတ်မြားထည့်ထားသော ဝါးမှုတ်ပြောင်းကို ချုံအတွင်းသို့ ဖြည်းညှင်းစွာ ထိုးထည့်၍ ချိန်သားကိုက် မှုတ်ရသည်။

အချို့က မှိန်းရှည်ဖြင့် ထိုးကြသော်လည်း စိန်ဘန်းက ဝါးမှုတ်ပြောင်းဖြင့် မှုတ်ရသည်ကို ပို၍ စိတ်ကြိုက်တွေ့သည်။ နေ့လယ်မွန်းတည့်ကျော်မှစ၍ ရိုးချောင်းအတွင်း ခါးစောင်းခန့်နက်သော ရေတွင် ဖားရှာခဲ့သော စိန်ဘန်းမှာ တစ်ကိုယ်လုံး ညောင်းညာကိုက်ခဲနေသော်လည်း ဖားများ ရခဲ့သဖြင့် ပင်ပန်းခြင်းတို့က ကြက်ပျောက်ငှက်ပျောက်။

အဆိုတော်ရင်ဂို၏ ကံကောင်းခြင်းလက်ဆောင်သီချင်းကို အားပါးတရ အော်ဟစ်သီဆိုကာ ပြန်လာနေသည်။

ရွာစပ်သို့ရောက်လာပြီး ခြံချင်းကပ်နေထိုင်သော ဦးလေးဦးရွှေညို၏ ခြံအတွင်း ကွေ့ဝင်လိုက်သောအခါ အိမ်ရှေ့တွင်ထိုင်ကာ ဝါးတစ်ချောင်းကို ဓားမောက်ဖြင့် အဆစ်များသပ်ချောနေသော ဦးရွှေညိုက-

“လာဟေ့ စိန်ဘန်း၊ ဖားသွားမှုတ်တာလား … ရသားပဲကွ”

စိန်ဘန်းက ဝါးမှုတ်ပြောင်းကို အိမ်တံစက်မြိတ်တွင်ထောင်လိုက်ရင်း-

“ဟုတ်ကဲ့ … ဦးလေး၊ ဒီနေ့ တော့ အဆင်ပြေသား”

ဟု ဆိုကာ ဖားတွဲမှ အကြီးဆုံး ဖားတစ်ကောင်ကို ဖြုတ်လိုက်ပြီး

“ရော့ … ဦးလေးဖို့ ဟင်းစား”

ဟု လှမ်း၍ ပေးလိုက်သည်။ ဦးရွှေညိုက လှမ်းယူလိုက်ပြီး-

“ဟင်းစားပြတ်နေတာနဲ့ အတော်ပဲကွ”

စိန်ဘန်းက ရေအိုးစင်မှ ရေတစ်ခွက်သောက်လိုက်ပြီး ဦးရွှေညိုလက်မှ ဝါးရှည်ကို လှမ်းကြည့်လိုက်ကာ–

“ဦးလေး … ပြောင်းလုပ်နေတာလား”

“အေးကွ … အနောက်ပိုင်းက စောဖိုးထော် မှာထားလို့ လုပ်နေတာ။ ဝါးက အတော်ကိုရှာရတယ်ဟေ့”

စိန်ဘန်းက-

“ဦးလေးရေ … ကျွန်တော် ပြန်လိုက်ဦးမယ်။ ချက်ပြုတ်တာ နောက်ကျနေမှာစိုးလို့”

“အေး … အေး … ပြန်လိုက်ဦး၊ မင်းမိန်းမလည်း မျှော်နေလောက်ပြီ”

xxx xxx xxx

ဦးရွှေညိုက စိန်ဘန်း၏ ဦးလေးဝမ်းကွဲတော်စပ်သည်။ ငါးရှဉ့်ဂယက်ရွာ၏ ဝါရင့်ပြောင်းမုဆိုးတစ်ဦး။

သည်ရွာကလေးရှိ လူငယ်လက်သစ် ဝါးမှုတ်ပြောင်းသမားလေးများအားလုံးက ဦးရွှေညို၏ လက်ထွက်။ ယခင်က ဦးရွှေညို ဟင်းစားရှာထွက်လျှင် သူ့နောက်က လိုက်ပါလာသော ဝါသနာရှင်လူငယ်လေးများကို ဖားရှာ၊ ငါးရှာ လက်တွေ့ပြသလုပ်ကိုင်စေသည်။

“ဘယ်အလုပ်ပဲဖြစ်ဖြစ် … လက်တွေ့လုပ်ကြည့်ပါများမှ ကျွမ်းကျင်တာကွ”

ဆိုသည့် စကားက ဦးရွှေညို၏ ဆောင်ပုဒ်ဖြစ်သည်။ သားသမီးများ အိမ်ထောင်ကျ၍ အိမ်ခွဲသွားကြပြီး ဇနီးဖြစ်သူကလည်း လွန်ခဲ့သောနှစ်က ကွယ်လွန်သွားခဲ့သဖြင့် တစ်ဦးတည်းနေထိုင်ကာ အသက်ခြောက်ဆယ်နား ကပ်နေပြီဖြစ်ပေမယ့် စိတ်လိုလက်ရ ရှိပါက လက်စွဲတော် ဆယ့်နှစ်တောင်ရှည်သည့် ဝါးမှုတ်ပြောင်းဖြင့် ဟင်းစားကြွေးစား ရှာဖွေနိုင်သေးသည်။

စိန်ဘန်းတို့တောင်မှ ကိုးတောင် ဆယ်တောင်ပြောင်းများကိုသာ မှုတ်နိုင်၏။ ဆယ့်နှစ်တောင်ပြောင်းကို ကျွမ်းကျွမ်းကျင်ကျင် မမှုတ်နိုင်သေး။ ဝါးမှုတ်ပြောင်း ရှည်သည်နှင့်အမျှ မြားကပို၍ပြေးကာ ပို၍ထိချက်ပြင်းသည်။

ဦးရွှေညို၏ နေ့တဓူဝ အသက်မွေးဝမ်းကြောင်း အလုပ်သည်ကား ဝါးဖြင့်ပြုလုပ်သော လက်မှုလုပ်ငန်း ဖြစ်သည်။ စကော၊ စကာ၊ တောင်း၊ ပလုံး၊ ပုတ် စသည့် ကျေးလက်အသုံးအဆောင်များကို ကျွမ်းကျင်စွာ ပြုလုပ်နိုင်သလို ဝါးမှုတ်ပြောင်းမှာ သူရှိလျှင်လည်း စနစ်တကျ သေသပ်စွာပြုလုပ်ပေးသဖြင့် အနီးနားရွာများမှပင် လာရောက်မှာယူကြသည်။

ဝါးမှုတ်ပြောင်းကောင်းတစ်ချောင်း ရရှိရန် အလွန်စိတ်ရှည်ရပြီး အလွန်လက်ဝင်လှသည်။ ဦးရွှေညို၏ တဲအိမ်နောက်ဘက်တွင် ဝါးခြံကြီးက အုံ့အုံ့ ဆိုင်းဆိုင်း၊ ညို့ညို့မှိုင်းမှိုင်းနှင့် ရေခံမြေခံကောင်းသဖြင့် ဝါးပင်တို့က သန်မာထွားကြိုင်းလှသည်။

ဝါးခြံအတွင်း ဝင်၍ ဝါးယားရုံများအတွင်းသို့ စေ့စေ့ စပ်စပ် တိုးဝှေ့ရှာဖွေရကာ အဆစ်ကျဲကျဲ၊ မနုမရင့်၊ အရင်းအဖျား ညီညွတ်ဖြောင့်တန်းသော ဝါးကို ရှာတွေ့ပါက အရိုးရှည်တပ်ထားသော အသွားထက် သည့် ဝါးထိုးတူရွင်းဖြင့် ဝါးပင်အရင်းကို ထိုးဖြတ်ရသည်။

ပြတ်သွားသော ဝါးပင်ကို မထိခိုက်၊ မကွဲအက်ရလေ အောင် ဝါးရုံအတွင်းမှ ဖြည်းညှင်းစွာ ဆွဲထုတ်ရသည်။ အပြင်သို့ရောက်လာသည့် ဝါးပင်ကို အခက်အလက်ကိုင်းဖျားများ သုတ်သင်ပြီး လိုအပ်သော အရှည် အတိုင်းအတာ လက်တောင်ဖြင့်တိုင်း၍ ဖြတ်တောက်ကာ ဝါးအဆစ်များ ဓားဖြင့် သပ်ချောရ၏။

ထို့နောက် ဝါးအဖျားကို ကြိုးတစ်ချောင်းဖြင့် ချည် နှောင်၍ ကြိုးစတစ်ဘက်အား သစ်ပင်မြင့်မြင့်တစ်ပင်၏ အကိုင်းတစ်ခုတွင် တက်၍ ခိုင်မြဲစွာချည်နှောင်ကာ တွဲလောင်းချထားပြီး အောက်ဝါးအရင်းကို ကြိုးဖြင့်ချည်နှောင်ထားသော လေးလံသည့် သစ်ပိုင်း(သို့)အလေးတစ်ခုဖြင့် တုတ်ချည်ချိတ်ဆွဲထားရသည်။ ဝါး ပိုမိုဖြောင့်တန်းစေရန် အလေးဖြင့်ဆွဲ၍ ညောင်းထားရခြင်းဖြစ်သည်။

ဝါး မစိုမခြောက်၊ သပွတ်ရစ် ဖြစ်လာလျှင် ဖြုတ်ချ၍ နီရဲအောင် မီးဖုတ်ထားသော ငါးမူးလုံးသံချောင်းအား ဝါးအခေါင်းပေါက်တွင်တေ့၍ ထိုးသွင်းကာ အပေါ် သို့ထောင်ပြီး အဆစ်များ ထုတ်ချဉ်းပေါက်သွားအောင် အောက်သို့ အမာခံတစ်ခုပေါ် ဆ၍ ဆောင့်ချရသည်။ သုံးမတ်လုံးသံချောင်းဖြင့် ထုတ်ချဉ်းပေါက်အောင် ထပ်မံဖောက်ပြီးသာအခါ အချောသတ်ပြီး ဝါးမှုတ်ပြောင်းတစ်ချောင်း ရရှိပြီဖြစ်သည်။

ပြောင်းအတွင်းထည့်၍ မှုတ်ရသော ဝါးမြားတို့ကို ပြုလုပ်ရာတွင် တောင်ဆုပ်ခန့်အဆစ်ကျဲသော ဝါးယား ကို နှစ်ဘက်အဆစ်များ ဖြတ်တောက်၍ အလယ်သားကို ခွဲစိတ်ကာ မြားတံများ သပ်ချောပြီး အဖျားကို ညီညွတ်စွာ ချွန်ပြီး နေပြလျှင်ပြ၊ သို့မဟုတ်က ကြပ်ခိုးစင်ပေါ်တင်ထားရသည်။

ထို့နောက် စုဆောင်းသိမ်းဆည်းထားသော လက် တစ်ဆစ် နှစ်ဆစ်ခန့် ဘဲမွှေးနုလေးများကို အမှောက်အလှန်အတိုင်း သုံးရွက်စီ ညီညာစွာထပ်၍ အပ်ချည်ကြိုးဖြင့်ချည်ကာ ဘဲမွှေးအစည်းလေးများ ပြုလု ထားရသည်။

ခြောက်သွေ့သွားသော ဝါးမြားအရင်းတွင် ဘဲမွေးသုံးစည်းကို လှန်၍ ဖိုခုံလောက်ဆိုင် ညီညာစွာကပ် ပြီး အပ်ချည်ကြိုးဖြင့် ခိုင်မြဲစွာ ချည်ရသည်။ နောက်ထပ် ဘဲမွှေးသုံးစည်းကို လှန်၍ ချည်ထားသောဘဲမွှေးပေါ်တွင် မှောက်၍ချည်ရသည်။

ထို့နောက် ဘဲမွှေးသုံးစည်းစီကို မြားအဖျားဘက်သို့ အနည်းငယ် ဆုတ်ကာ ဆုတ်ကာဖြင့် မှောက်၍ ချည်သွားရသည်။ မြားအရင်းတွင် ဘဲမွှေး လက်လေးငါးလုံးခန့် အချောသတ်ချည်နှောင်ပြီးသောအခါ ဝါးမှုတ်ပြောင်းအတွင်းထည့်၍ မှုတ်နိုင် သော ဝါးမြားများရရှိပြီ ဖြစ်ပါသည်။

xxx xxx xxx

စိန်ဘန်းတို့နေထိုင်သော ငါးရှဥ့်ဂယက်ရွာ၏ အရှေ့ဘက်တွင် ကျယ်ပြန့်သော လယ်ကွင်းပြင်ကြီး ရှိနေပြီး လယ်ကွင်းပြင်အတွင်း ကွေ့ကောက်စီးဆင်း နေသော ရိုးချောင်းလေးနှစ်ခုက မြေခြားချောင်းမကြီးအတွင်းသို့ စီးဝင်သွားကြသည်။ ရွာ၏ အနောက်ဘက် တစ်မိုင်ကျော်ခန့်တွင် တမျှော်တခေါ်ကျယ် ပြန့်လှသော မိုးကြိုးကွင်းဟုခေါ်သည့် အနိမ့်ကွင်းကြီးတစ်ကွင်း ရှိနေသည်။

မိုးကြိုးကွင်းအတွင်းရှိ အင်းမကြီးနှင့် အင်းလက်တက်များကို မိုးကြိုးအင်းဟု ရှေးကပင် ခေါ်ခဲ့ကြပြီး အင်းကြီးအတွင်းတွင် လက်ခုပ်တစ်ဖောင်ကျော်မြင့်သော ဆောက်မချုံကြီးများ ထူထပ်စွာ ပေါက်နေကြကာ ကြောင်ဝပ်၊ ကြောင်မြင်း၊ ကြောင်နံ့သာ စသည့် တောကြောင်ကြီးများ ကျက်စားနေခဲ့ကြ သည်။

လွန်ခဲ့သော အနှစ်နှစ်ဆယ်ခန့်က ဗောဓိကုန်းရွာဘက်မှ ကြောင်လိုက်သမားသုံးဦးသည် နွေရာသီအင်းခမ်းချိန်တွင် တောမတိုင်၊ ကွင်းမမြှောက်ဘဲ တောလိုက်ခွေး ခြောက်ကောင်ဖြင့် ကြောင်လိုက်ခဲ့ကြရာ ကွင်းမှောက်ခဲ့ပြီး ခွေးများအားလုံး မြွေပွေးကိုက်ခံ ဖြင့် သေခဲ့ကြကာ ကြောင်လိုက်သမားများမှာ မြွေများဝိုင်း၍ လိုက်သဖြင့် သေပြေးရှင်ပြေး ထွက်ပြေးခဲ့ကြရသည်။

ရှေးအခါက မိုးကြိုးအင်းဟု အမည်တွင်ခဲ့သော်လည်း ထိုအချိန်မှစ၍ ခွေးခြောက်ကောင် သေခဲ့သဖြင့် ‘ခွေးခြောက်ကောင်အင်း’ဟု ခေါ်ခဲ့ကြသည်မှာ ယနေ့တိုင် ဖြစ်ပေသည်။

အင်းခမ်းချိန် အင်းသိမ်းပြီးစ နွေနှောင်းကာလ၏ နေ့လယ်ခင်းတစ်ခု။ စိန်ဘန်းက ဇနီးဖြစ်သူ မအေးချစ် အား …

“အေးချစ်ရေ … ငါ အနောက်ကွင်းဘက် ထွက်ဦးမယ်ကွာ။ ရေဘူးနဲ့ ဆေးလိပ်၊ ကွမ်းယာလေးတွေ ပြင် ပေးပါလား”

မအေးချစ်က …

“ဟုတ်ကဲ့ … အစ်ကို၊ ခွေးခြောက်ကောင်အင်းဘက်ရောက်အောင် သွားမယ်ဆိုရင် အဖော်တစ်ယောက်လောက် ခေါ်သွားပါလား။ အနောက်ပိုင်းက စောဖိုးထော်ဖြစ်ဖြစ်ပေါ့”

ဟု စိတ်မချသည့်လေသံနှင့် ပြောလိုက်သည်။

“ဒီဘက်ကွင်းစပ်လောက်ပဲ သွားမှာပါကွာ။ ဒါပေမဲ့ စောဖိုးထော်ကိုတော့ ခေါ်သွားမယ်။ အဖော်ရတာပေါ့”

စိန်ဘန်းက မအေးချစ် စီစဉ်ပေးသော ဓားမတို၊ ရေဗူး၊ ဆေးလိပ်၊ ကွမ်းယာ၊ မီးခြစ် အသုံးအဆောင်များ ထည့်ထားသော လွယ်အိတ်ကြီးကို ကောက်၍ လွယ်လိုက်ပြီး ဝါးမြှားဘူးကို ခါးတွင်ချိတ်၍ ဝါးမှုတ်ပြောင်းနှင့် မှိန်းရှည်တစ်ချောင်းကို ပခုံးတွင်ထမ်း ကာ အနောက်ပိုင်းဘက်သို့ ထွက်လာရင်း လမ်းတွင် အတွေးများဖြင့် အစီအစဉ် ချလာသည်။

အင်းသိမ်းပြီးစ ငါးကြွင်းငါးကျန်များနှင့် ငှက်များတွေ့လျှင် ဝါးမှုတ်ပြောင်းဖြင့် မှုတ်မည်။ မတွေ့ပါက အင်းစပ်ရှိ ဗေဒါဖောင်၊ ဒိုက်ဖောင်များပေါ်တွင် လျှောက်၍ မှိန်းရှည်ဖြင့် လိပ်ထောက်မည်။

စိတ်ကူးဖြင့် လျှောက်လာခဲ့ရာ စောဖိုးထော် အိမ်ရှေ့သို့ ရောက်လာခဲ့ပြီး အဆင်သင့်တွေ့ရသော စောဖိုးထော်အား

“စောဖိုးထော်ရေ … အနောက်ကွင်းဘက် ထွက်ရအောင် လိုက်ခဲ့ကွာ။ မှိန်းရှည်ပါ ယူလာခဲ့”

စောဖိုးထော်က-

“အေး … လိုက်မယ် သူငယ်ချင်း။ ငါ ပြင်ဆင်လိုက်ဦးမယ် … ခဏစောင့်”

xxx xxx xxx

မကြာမီ အနောက်ကွင်းစပ်သို့ ရောက်ခဲ့ကြရာ ရေမခမ်းသေးသော အင်းမြောင်းများအတွင်း ငါးလည်းရှာ မတွေ့။ အတော်အလှမ်းဝေးသေးသော ခွေးခြောက်ကောင်အင်းကြီး၏ အလည်လောက်တွင်သာ ဗျိုင်းငှက်ဖွေးဖွေးတို့ အုပ်လိုက်ကျနေသည်ကို တမျှော်တခေါ် တွေ့နေရသည်။

စိန်ဘန်းက-

“စောဖိုးထော်ရေ လိပ်ထောက်တာပဲ အဆင်ပြေမယ် ထင်တယ်”

“အေးလေ … ထောက်ကြတာပေါ့”

ဝါးမှုတ်ပြောင်း မသုံးဖြစ်ကြတော့ဘဲ မှိန်းရှည်ကိုယ်စီဖြင့်သာ လိပ်ထောက်ကြတော့သည်။

မိုးတွင်းအခါက ကွင်းပြင်ကြီးတစ်ခုလုံး ရေများပြည့်လျှံနေကာ ရေပေါ် တွင် ဗေဒါပင်၊ ဒိုက်ပင်များသည် ထူထပ်စွာ ပေါက်နေကြပြီး နွေရာသီ အင်းပက်ချိန် ရေခမ်းသွားသောအခါ မြေသားနှင့် ထိကပ်၍ နေအပူရှိန်ကြောင့် ခြောက်သွေ့ ညှိုးနွမ်းသွားကြသည်။

နောက်တစ်နှစ် မိုးအခါတွင် ရေပေါ်သို့ ပြန်ရောက်လာပြီး ဗေဒါပင်၊ ဒိုက်ပင်များ ထူထပ်စွာ ထပ်မံပေါက်ကြပြန်သည်။ နှစ်ကြာလာသောအခါ ထူထဲ သော ဗေဒါဖောင်၊ ဒိုက်ဖောင်များ ဖြစ်လာကြပြီး လိပ်များသည် ထိုဖောင်များအောက်သို့တိုးဝင်ကာ စိုစွတ်သောမြေကြီးအအေးဓာတ်ကို ရယူပြီး ဝပ်နေကြ တော့သည်။

လိပ်ရှာသူများသည် ဗေဒါဖောင်များအပေါ်တွင် လျှောက်ကာ မှိန်းသွားဖြင့်လိုက်၍ ထိုးကြ၊ ထောက်ကြသည်။ လိပ်ကျောကုန်းခွံပေါ်သို့ မှိန်းသွားက ဒေါက်ကနဲ ထောက်မိသည်နှင့် ဗေဒါဖောင်ကိုဖြဲပြီး လိပ်ကို နှိုက်ယူလိုက်ရုံသာဖြစ်သည်။

မိုးကြိုးကွင်းဘက်တွင် ဆောက်လိပ်နှင့် ဇင်းရှောလိပ်နှစ်မျိုး တွေ့ရတတ်သည်။ ဇင်းရှောလိပ်က ကြောကုန်းအခွံပျော့သဖြင့် လိပ်ပျော့ဟု ခေါ်ကြပြီး စျေးကောင်းရသည်။ ဆောက်လိပ်က ကြောကုန်းတစ်ခုလုံး အခွံမာဖြစ်ပြီး ရောင်းတမ်းမဝင်၊ အိမ် ဟင်းစားသာဖြစ်ရသည်။

ဆောက်လိပ်နှစ်လုံးနှင့် ဇင်းရှောတစ်လုံး ရထားပြီဖြစ်သော စိန်ဘန်းက ညနေစောင်းလာပြီ ဖြစ်သဖြင့်

“စောဖိုးထော်ရေ … ဘယ်နှစ်လုံးရပြီလဲ။ ပြန်ကြမယ်ဟေ့”

စောဖိုးထော်က-

“အပျော့တစ်လုံး အမာတစ်လုံးပဲ ရတယ်။ ပြန်ကြမယ်လေ”

ဗျိုင်းအုပ်ဖွေးဖွေးများ တက်ကာဆင်းကာနှင့် အုပ်လိုက်ကျနေသော ခွေးခြောက်ကောင်အင်းဘက်သို့ လှမ်းမျှော်၍ကြည့်ကာ ပြန်ခဲ့ကြတော့သည်။

xxx xxx xxx

နောက်တစ်နေ့နံနက်တွင် ခေါင်းရင်းဘက်ခြံရှိ ဦးရွှေညို၏အိမ်သို့ ဆောက်လိပ်သားဟင်း တစ်ပန်းကန်ကိုင်ကာ စိန်ဘန်း လျှောက်လာခဲ့သည်။ ဦးရွှေညိုက အိမ်ရှေ့ကွပ်ပျစ်တွင်ထိုင်ကာ ရေနွေးကြမ်းတစ်အိုး၊ ကောက်ညှင်းပေါင်းတစ်ဇလုံဖြင့် နံနက်အဆာ ပြေစားသောက်နေသည်။ ဦးရွှေညိုက …

“လာဟေ့ … စိန်ဘန်း၊ ကောက်ညှင်းပေါင်းစားဦး”

စိန်ဘန်းက…

“ဟုတ်ကဲ့ ဦးလေး၊ ဒီမှာ ဦးလေးဖို့ လိပ်သားဟင်း”

လှမ်းပေးလိုက်ပြီး ကောက်ညှင်းပေါင်းတစ်ဆုပ် ယူ၍ စားလိုက်ကာ-

“ကျွန်တော်နဲ့ စောဖိုးထော် မနေ့က အနောက်မိုးကြိုးကွင်းစပ် ရောက်ခဲ့တယ် ဦးလေး။ ခွေးခြောက်ကောင်အင်းဘက်မှာ ဗျိုင်းအုပ်တွေ အတော်များများ ကျနေတာ တွေ့ခဲ့တယ်”

ဦးရွှေညိုက မျက်ခုံးပင့်၍ မော့ကြည့်ရင်း

“အဲဒီတော့”

စိန်ဘန်းက …

“ကျွန်တာ် အဲဒီဗျိုင်းတွေ သွားမှုတ်ချင်တယ်။ ခြောက်တောင်ဗျိုင်းတွေ များမယ်လို့ ထင်တယ်။ ဦးလေး လိုက်ခဲ့ပေးပါလား”

ဝေသာလီဗျိုင်းများက အစိတ်သား၊ သုံးဆယ်သားခန့်သာရှိပြီး ခြောက်တောင်ဗျိုင်းများက ငါးဆယ်သားကျော် အလေးချိန်စီးသည်။

ဦးရွှေညိုက သက်ပြင်းတစ်ချက် ချပြီး-

“လိုက်တာက လိုက်လို့ရပါတယ်ကွာ။ ဒါပေမဲ့ မင်းတို့လူငယ်တွေက ကွင်းကြမ်းတယ်၊ တောကြမ်း တယ်ဆိုတာ မယုံ၊ တဇွတ်ထိုး တဇောက်ကန်း လုပ်တတ်ကြလို့ မမြင်ရတဲ့အန္တရာယ်နဲ့ ထိပ်တိုက်တိုးမှာ စိုးရတယ်။ နောက်ပြီး အဲဒီကွင်းက ကွင်းမြှောက်ပြီး ကတိတစ်ခုခုပေးပြီးမှ လုပ်လို့ရတယ်”

စိန်ဘန်းက-

“အဲဒါကြောင့် ဦးလေးကို လာတိုင်ပင်တာ။ သွားဖြစ်ရင် ဦးလေးပဲ ကွင်းမြှောက်ပေးပါ။ ကျွန်တော်က ဘာလုပ်ရမယ်၊ ဘယ်လိုလုပ်ရမယ်ဆိုတာ ဦးလေးပြောပါ၊ တသဝေမတိမ်း လိုက်နာပါ့မယ်”

ဦးရွှေညိုက …

“အေး … မင်းဘက်က သေချာဖို့ ကတိတည်ဖို့ပဲ လိုတာကွ။ တို့က ကတိပေးပြီး လုပ်ရမှာ။ တို့နှစ်ယောက်လုံး ကတိမဖျက်၊ ကတိတည်ဖို့တော့ လိုမယ်”

“စိတ်ချပါ ဦးလေး”

ဦးရွှေညိုက …

“ကဲ … ဗျိုင်းသွားမှုတ်ခဲ့ရင် မင်း ဘယ်နှစ်ကောင်ရရင် ကျေနပ်မလဲ”

စိန်ဘန်းက တစ်ချက်စဉ်းစားလိုက်ပြီး –

“အစိတ် … သုံးဆယ်ဆိုရင် ကျေနပ်ပြီး ဦးလေး”

ဦးရွှေညိုက …

“ဒါဆိုရင် ဒီနေ့ပြင်ဆင်ပြီး နက်ဖြန်မနက် ထွက်ကြမယ်၊ မင်းက မြားအချောင်း အစိတ် အသေအချာစစ်ပြီး ယူလာခဲ့။ မပိုစေနဲ့၊ မလိုစေနဲ့။ မင်းနဲ့ငါ အကောင်အစိတ်စီ မှုတ်ကြမယ်။ ကွင်းမြှောက်ဖို့ ကောက်ညှင်းအရက်တစ်လုံးနဲ့ ငါးကင်တစ်ကောင် မင်းမိန်းမကို စီစဉ်ခိုင်းလိုက်။ ကျန်တာ ငါ လုပ်လာခဲ့မယ်။ နက်ဖြန်မနက် အဆာပြေစားပြီး ထွက်ကြမယ်။ တည် တညင် (တည်ဗျိုင်း)လဲ ယူလာခဲ့။ နေ့လယ် ထမင်းစားဖို့ ထမင်းထုပ်လည်း မေ့ဦးမယ်”

“ဟုတ်ကဲ့ … ဦးလေး”

နောက်နေ့နံနက် အဆာပြေစားပြီးသည်နှင့် ဦးရွှေညိုနှင့် စိန်ဘန်းတို့နှစ်ဦး လက်နက်ရိက္ခာအသုံးအဆောင်များနှင့်တကွ တည်ဗျိုင်းတစ်ကောင်စီပိုက်ကာ ခွေးခြောက်ကောင်အင်းသို့ ထွက်ခဲ့ကြတော့သည်။

ငါးကြွင်းငါးကျန်များ ရှာဖွေကောက်စားနေကြသော ဗျိုင်းများက လူရိပ်တွေ့သဖြင့် လန့်၍ ထပျံကာ ခပ်လှမ်းလှမ်းရှိ ရေစပ်စပ်တွင် သွား၍ နားနေကြပြီး အစာကောက်နေကြ၏။

ဦးရွှေညိုက ပုန်းအောင်း၍ ဗျိုင်းမှုတ်ရန်အတွက် အုံလုပ်ရမည့် ဆောက်မချုံများရှိသည့် နေရာကို ရွေးချယ်လိုက်သည်။ ရှေးဦးစွာ ဆောက်မကိုင်း လေးချောင်းခုတ်ယူလိုက်ပြီး အဖျားသင်လိုက်ကာ ကုန်းမြင့်တစ်ခုပေါ်တွင် လေးထောင့်ကွက်ကျ စိုက်လိုက်သည်။ အသင့်ယူလာသော နှီးဝါးခြမ်းကို ဓားဖြင့်စိတ်ဖြာ၍ ခပ်တောင့်တောင့် လေးထောင့်ဇကာစိတ်တစ်ခု ယက်လုပ်သည်။

တစ်တောင်ကျော်ခန့်အမြင့်တွင် တန်းများချည်ပြီး ဇကာစိတ်ကိုတင်ကာ ကွင်းပိုင်မြှောက်ရန် လေးတိုင်စင်ငယ်တစ်ခု ဆောက်သည်။ ငှက်ပျောဖက်ဖြင့် ထုပ်လာသော ငါးကင်၊ အရက်ပုလင်းနှင့် ပန်းကန်လုံးကို စင်ပေါ်တွင်တင်လိုက်ပြီး ကွမ်းယာတစ်ယာကို ကန်တော့ထိုးယာ၍ ဆောက်မကိုင်းတွင် ညှပ်ထားလိုက်သည်။

ဆေးပြင်းလိပ်တစ်လိပ်ကို မီးညှိ၍ လေဖြင့်မှုတ်ကာ မီးစွဲပြီဆိုတော့မှ စင်ပေါ်တွင် ညှပ်ထားလိုက်သည်။ စိန်ဘန်းကို နောက်တွင် ထိုင်စေကာ ဦးရွှေညို အကျအနကွင်း မြှောက်တော့သည်။

“ဤကွင်း ဤကျင်းကို ပိုင်ဆိုင်စောင့်ရှောက်သော ကွင်းပိုင်အရှင်ကြီးခင်ဗျား။ ကျွန်တော်တို့နှစ်ဦးက အရက်၊ ငါးကြော်၊ ကွမ်းယာ၊ ဆေးလိပ်များဖြင့် ပသပါတယ်၊ မြှောက်ပါတယ်။ ကျေနပ်စွာ သုံးဆောင်ပါ။ မသိ နားမလည်လို့ အမှားအယွင်းရှိပါက လည်း ခွင့်လွှတ်ပေးပါ။

ကျွန်တော်တို့မှာ ဝါးမှုတ်ပြောင်းတစ်ချောင်းစီ၊ မြှား အချောင်းအစိတ်စီ ပါလာကြပါတယ်။ မြှားကုန်အောင်မှုတ်နိုင်ဖို့ ဗျိုင်းတောင်ပံကျိုးလေးများ၊ ခြေကျိုးလေးများ ပေးသနားပါခင်ဗျား။ မြားအစိတ်စီကုန်လို့ ဗျိုင်းအကောင်အစိတ်စီ ရခဲ့ရင် ရပ်ပါမယ်လို့ . . . ကွင်းပိုင်ကြီးအား ကတိပေးပါတယ် ခင်ဗျား’”

ဦးရွှေညိုက နောက်သို့လှည့်ပြီး–

“ကဲ … စိန်ဘန်းရေ၊ ကွင်းတော့ မြှောက်ပြီးပြီ။ အုံထိုးဖို့ လုပ်တော့”

စိန်ဘန်းက လွယ်အိတ်တွင်းမှ ဓားမကိုဆွဲယူလိုက်ပြီး ရွေးချယ်ထားသော ဆောက်မချုံကြီးတစ်ခုအတွင်း တိုးဝင်ကာ အလည်တွင် လူတစ်ထိုင်စာ နေရာရအောင် ဆောက်မပင်များ၏ အရင်းမှကပ်၍ ခုတ်ထွင်လိုက်သည်။ ခုတ်ထွင်ပြီးသော ဆောက်မကိုင်းများကို အပြင်သို့ဆွဲထုတ်ကာ လူတစ်ကိုယ်စာ ထိုင်၍ရအောင် ရှင်းလင်းလိုက်ပြီး လူထိုင်နေသည်ကို အပြင်မှ မမြင်နိုင်ရန် ဆောက်မရွက်များကို ပိတ်သွားရန် ပြုပြင်လိုက်သည်။

ထို့နောက် ထိုးထားသောအုံရှေ့တွင် တည်တညင် (တည်ဗျိုင်း)တင်ရန်နှင့် ဗျိုင်းများလာနားရန် လက်ခုတ်တစ်ဖောင်ခန့်မြင့်သော တန်းတစ်ခု ထိုးလိုက်ပြီး ဦးရွှေညိုသို့ လှမ်းကြည့်လိုက်သည်။

ဦးရွှေညိုသည်လည်း မလှမ်းမကမ်းရှိ ဆောက်မခြုံတစ်ခုကို အုံထိုးပြီး၍ စိန်ဘန်းဆီသို့ လျှောက်လာနေ သည်။

“စိန်ဘန်းရေ … အုံထဲ ဝင်မထိုင်ခင် ထမင်းစားထားလိုက်ရအောင်”

နေ့လယ်စာထမင်းကို ခပ်သုတ်သုတ်စားလိုက်ကြသည်။ ထို့နောက် တည်ဗျိုင်းများကို တန်းများပေါ်တွင် ကြိုးချည်၍ တင်ထားလိုက်ပြီး ခြေရိပ်လက်ရိပ်များဖျောက်ကာ အုံ၏နောက်မှ ကိုယ်ကိုကျုံ့၍ ကပ်သပ်တိုးဝင်လိုက်ကြသည်။

အုံ၏အလယ်တွင်ဝင်၍ ထိုင်လိုက်ကြပြီး ဝါးမှုတ်ပြောင်းကို တည်ဗျိုင်းတင်ထားသော တန်းဆီသို့ ထုတ်၍ ချိန်ထားလိုက်ကြသည်။ ပြောင်းရင်းတွင် မြားတစ်ချောင်းစီထည့်၍ ပါးစပ်ဖြင့်တေ့ထားကာ ဗျိုင်းလာနားလျှင် မလွတ်တမ်းမှုတ်နိုင်ရန် အဆင်သင့် စောင့်နေကြသည်။

တန်းပေါ်ရှိ တည်ဗျိုင်းကလည်း အတောင်တဖြန့်ဖြန့်နှင့် နှုတ်သီးမှ တကွပ်ကွပ် အသံပေးလျက်။ မကြာမီ ဗျိုင်းများက ထပျံလာကြကာ တန်းပေါ်တွင် တစ်ကောင်ပြီး တစ်ကောင် လာနားကြတော့သည်။

ဗျိုင်းများ လွတ်မသွားရလေအောင် သွက်လက်စွာဖြင့် နှစ်ဦးသား အပိုင်မှုတ်ချနေကြသည်။ မြားစွဲ၍ပြုတ်ကျသော ဗျိုင်းတို့ကလည်း တန်းအောက်တွင်ပုံ ထပ်နေချေပြီ။

ဦးရွှေညိုက နောက်ဆုံးကျန်သော အချောင်းအစိတ်မြောက် မြားကို ပြောင်းရင်းအတွင်းထည့်၍ တန်းပေါ်လာနားသော ခြောက်တောင်ဗျိုင်းကြီးအား မှုတ်၍ချလိုက်ပြီး စိန်ဘန်းသို့ လှမ်း၍ မေးလိုက်သည်။

“စိန်ဘန်းရေ . . . မြား ဘယ်နှစ်ချောင်း ကျန်သေးလဲ”

“တစ်ချောင်းပဲ ကျန်တော့တယ် ဦးလေး”

“အဲဒီတစ်ချောင်းမှုတ်ပြီးရင် ရပ်လိုက်တော့နော်”

စိတ်မချသောလေသံဖြင့် လှမ်း၍ သတိပေးလိုက်ပြီး ရေဗူးကိုမော့၍ သောက်လိုက်သည်။ စိန်ဘန်းကလည်း နောက်ဆုံးမြားတစ်ချောင်းမှုတ်လိုက်ပြီး၍ ရေသောက်ရန်ရေဗူးသို့ လက်လှမ်းလိုက်စဉ် တန်းပေါ်မှ အတောင်တဗျန်းဗျန်း ရိုက်သံကြားလိုက်ရသဖြင့် လှမ်း၍ ကြည့်လိုက်သည်။

တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် စိန်ဘန်းတစ်ယောက် မျက်စိအပြူးသား၊ ပါးစပ်ကဟောင်း လောင်း။

ဗျိုင်းလည်းမဟုတ်၊ တင်ကျီးလည်းမဟုတ်၊ ခရုပ်စုပ်လည်းမဟုတ်သော မည်သည့်ငှက်ကြီးမှန်းမသိရ သည့် ပြာနှမ်းနှမ်းငှက်ကြီးတစ်ကောင် တန်းပေါ်တွင် လာနားနေ၏။ ကြီးမားလိုက်တဲ့ ငှက်ကြီး။ သုံးပိဿာကျော်ခန့် အလေးချိန်စီးမည်ဟု ထင်ရသည်။

တန်းသည်ပင် ညွှတ်ပက်ညွှတ်ပတ် ဖြစ်နေချေ၏။ စိန်ဘန်း၏ လောဘဇောက ငယ်ထိပ်ကပ်သွားခဲ့ပြီ။ ကွင်းပိုင်ကြီးကို ပေးထားသော ကတိတို့မှာလည်း မေ့လျော့ပျောက်ကွယ်သွားသည်။

ရှေ့အုံအစပ်နားတွင် ကျနေသော မြားတန်းလန်းနှင့် ဗျိုင်းတစ်ကောင်ကို လှမ်း၍ ဆွဲယူလိုက်ပြီး မြားကို ဆွဲဖြုတ်လိုက်သည်။ မြားတွင် ပေနေသော ဗျိုင်းသွေးများကို လွယ်အိတ်ကြိုးဖြင့် သုတ်လိုက်ပြီး ပြောင်းရင်းအတွင်းထည့်ကာ ထိုငှက်ကြီးအား မှုတ်ချလိုက်တော့သည်။

“ဂီး” ဟု ကျယ်လောင်စွာ အော်လိုက်သောငှက်ကြီး၏အသံက ကွင်းတစ်ကွင်းလုံး တုန်သွားသည်ဟုပင် ထင်လိုက်ရ၏။ စိန်ဘန်းတစ်ယောက် ကတိပျက်၊ ကွင်းမှောက်ခဲ့ပြီဖြစ်သည်။

ကြီးမားလှသော အတောင်ကြီးနှစ်ဘက်ကို တဗျန်းဗျန်းရိုက်ခတ်လိုက်ကာ၊ ပျံတက်သွားသော ငှက်ကြီး၏နောက်သို့ မြားတန်းလန်းဖြင့် ကျ၍ သေ နေကြသော ဗျိုင်းများအားလုံး ပျံတက်လိုက်ပါသွားကြရာ ဝေး၍ ဝေး၍ မျက်စိတဆုံးတွင် ပျောက်ကွယ်သွားကြသည်။

တန်းပေါ်မှ တည်ဗျိုင်းနှစ်ကောင်ကလည်း အတင်းရုန်းကန်ပျံတက်ကြရာ ခိုင်ခန့်စွာချည်ထားသော ကြိုးများပင် ပြတ်ထွက်ကာ ထိုငှက်ကြီးနောက်သို့ လိုက်ပါသွားတော့သည်။

ကျန်ရစ်ခဲ့သည်က စိန်ဘန်း မြားဖြုတ်၍ ချထား သော ဝေသာလီဗျိုင်းလေးတစ်ကောင်တည်းသာ။

အသက်မရှူအား … မျက်လုံး အပြူးသားနှင့် ကြည့်နေရင်းက သတိဝင်လာသော ဦးရွှေညိုက

“ဟေ့ကောင် … စိန်ဘန်း၊ မင်း … ဘယ်လိုလုပ်လိုက်တာလဲ”

ကြောက်လန့်စိတ်ဖြင့် တုန်ယင်နေသော စိန်ဘန်းက-

“ကျွန်တော် မှားသွားပြီ ဦးလေး။ ငှက်ကြီး လိုချင်ဇောနဲ့ ဗျိုင်းတစ်ကောင် မြားကိုဖြုတ်ပြီး မှုတ်လိုက်မိတယ်”

အုံအတွင်းမှ အတင်းတိုးထွက်လာသော ဦးရွှေညိုက-

“ဒုက္ခတော့ ရောက်ကုန်တော့မှာပဲ စိန်ဘန်းရယ်။ မင်းပစ္စည်းတွေယူ မြန်မြန်လုပ် … ဒီကွင်းက အမြန်ဆုံးထွက်ကြမယ်”

ပြောင်းများ တန်းလန်းဆွဲ၍ မနားတမ်း သုတ်ခြေတင် ပြေးလွှားလာခဲ့ကြရာ ကွင်းစပ်ရွာခြေသို့ ရောက်တော့မှ ရပ်တန့်လိုက်ကြကာ ပက်လက်လန်၍ တ ဟဲဟဲ အမောဖြေနေကြတော့သည်။

“အဲဒါပဲ စိန်ဘန်းရေ၊ ဒီကွင်းက ကတိပေးရပြီး ပေးတဲ့ကတိ တည်မှရတယ်ဆိုတာ မင်းအတွက် သင်ခန်းစာတစ်ခုပဲ။ ကံကြီးပေလို့သာ အန္တရာယ်မဖြစ်ခဲ့တာ”

တုန်ယင်မောပန်းနေသော အသံကြီးဖြင့် ပြောလိုက်သော ဦးရွှေညို၏ စကားသံက စိန်ဘန်းတစ်ယောက် ကြားတစ်ချက်၊ မကြားတစ်ချက်။ မောပန်းလွန်းသဖြင့် နားများပင် အူနေချေတော့၏။

xxx xxx xxx

မည်သို့မျှမဖြစ်နိုင်သော သဘာဝလွန်ဖြစ်ရပ်တစ်ခုကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသော်လည်း စိန်ဘန်းတစ်ယောက် ဇဝေဇဝါနှင့် မယုံကြည်နိုင်။ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသော်လည်း မဖြစ်နိုင်ဟူသော အတွေးများက အသိစိတ်တွင် ကြီးစိုးဆဲ။

ငါးရက်လုံးလုံး မည်သည့်အလုပ်မှ မလုပ်ဖြစ်။တအုံ့နွေးနွေး။

ဦးရွှေညို ခြံဘက်သို့ပင် မကူးဖြစ်။ မျက်နှာမပြရဲတော့။

ငါးရက်မြောက်နေ့တွင် အနောက်ပိုင်းသို့ ထွက်လာကာ စောဖိုးထော်အား အဖော်စပ်သည်။

“စောဖိုးထော်ရေ … အဖော် လေးငါးယောက်လောက် ရှာခေါ်ကွာ။ ဟိုနေ့က တို့ ဗျိုင်းမှုတ်ခဲ့တဲ့နေရာကို ဘာထူးခြားလဲ သွားကြည့်ရအောင်”

သူတို့နှစ်ဦးနှင့် ရွာလူငယ်ငါးဦး စုစုပေါင်း ခုနှစ်ဦး လူစုလူဝေးဖြင့် ခွေးခြောက်ကောင်အင်းသို့ ထွက်ခဲ့ကြသည်။

ဗျိုင်းမှုတ်ခဲ့သော နေရာနားသို့ ရောက်လာသောအခါ ဆိုးဝါးလှသော အပုတ်နံ့ကြီးက ထောင်းကနဲ တိုးဝင်လာသဖြင့် နှာခေါင်းများကို ပိတ်ထားလိုက်ကြရ သည်။ တစ်ဦးမျက်နှာ တစ်ဦးကြည့်ရင်း မရဲတရဲ ချည်းကပ်လာပြီး လှမ်း၍ကြည့်လိုက်သောအခါ တွေ့လိုက်ရသော မြင်ကွင်းက မယုံနိုင်စရာ။

မြားများတန်းလန်းနှင့် ပြာနှမ်းနှမ်းငှက်ကြီးနောက်သို့ တရုံးရုံးထပျံလိုက်ပါသွားကြသော ဗျိုင်းများက ဆောက်မချုံများရှေ့ တန်းများအောက်ရှိ မြေပြင်ပေါ်တွင် မြားတန်းလန်းနှင့်ပင် အတုံးအရုံး နေရာမပျက်။ လောက်များတဖွားဖွားနှင့် ပုတ်ပွ၍ပင်နေချေပြီ။

တန်းများပေါ်တွင်ကား ဇောက်ထိုးကျ အတောင်များဖြန့်ကားကာ တွဲလောင်းကျသေနေသော တည်ဗျိုင်းလေးနှစ်ကောင်။ ကြိုးများပြတ်ကာ ငှက်ကြီးနောက်သို့ ပျံသန်းလိုက်ပါသွားသည်ကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသည့် တည်ဗျိုင်းများက တန်းပေါ်တွင် နေရာမပျက်၊ ကြိုးတန်းလန်းကျလျက် သေနေချေ၏။

စိန်ဘန်းတစ်ယောက် “ကြမ်းတမ်းလိုက်တဲ့ကွင်း၊ ကြမ်းတမ်းလိုက်တဲ့ကွင်း” ဟု တတွတ်တွတ်ရေရွတ်ရင်း အပြန်လမ်းတလျှောက် ခေါင်းငိုက်စိုက်ကျ ပြန်ခဲ့ရပါတော့သတည်း။

စုံထောက်မဂ္ဂဇင်း၊ အမှတ် (၁၂၈)
ဇွန်လ၊ ၂၀၁၃

– ပြီး –

စာရေးသူ – ဉာဏ်ဦးစံ

Leave a Reply

Your email address will not be published. Required fields are marked *