မသုံးလုံးစိန်ဝင်း
ပြောင် ဩသံ
တောကြီး တောင်ကြီးများတွင် ထူးဆန်းသောအသံများကို ကြားရလေ့ရှိတတ်၏။ ထိုအသံများ၏ ဖြစ်ပေါ်ရာ မူလဇစ်မြစ်ကို မသိသူတို့သည် စုန်း,နတ်နှင့် နာနာဘာဝများ၏အသံဟု ယူဆကြကာ ကြောက်ရွံ့လေ့ ရှိကြ၏။
ထိုမှတစ်ဆင့် တောတောင်များ၏ ကြောက် ဖွယ်ကောင်းပုံကို ဒဏ္ဍာရီပုံပြင်များအဖြစ် ပုံကြီးချဲ့ကားမှုကလေးများ ဖြည့်စွက်ကာ ပြောဆိုလေ့ရှိကြလေသည်။ ထိုဒဏ္ဍာရီများကား တောကြီးတောင်ကြီးများအတွင်းသို့ မရောက်ဘူးသူများ၏ ဦးနှောက်ဝယ် အဟုတ်ထင်ကာ တကယ် စွဲမှတ်သွားစေတတ်၏။
ဤသို့ဖြစ်ပါလျှင် ထိုသူ၏ ဦးနှောက်တွင်းဝယ် ထက်မြက်မှုကို ဆိတ်သုဉ်းစေကာ သူရဲဘောကြောင်မှုနှင့် အရှုံးပေးစိတ်တို့ကို ပေါက်ဖွားစေ၏။ သို့အတွက် တောကြီးတောင်ကြီးများ၏ ထိတ်လန့်ဖွယ်ရာများကို ပုံကြီးချဲ့ထားသော ဒဏ္ဍာရီများသည် အဆိပ်အတောက်များသာ ဖြစ်ပေသည်တကား။
အမှန်စင်စစ်အားဖြင့် တောတောင်များအတွင်းတွင် ဖြစ်ပေါ် လေ့ရှိသော ကြောက်မက်ဖွယ်ရာအသံများ, သာယာချိုအေးသည့် အသံများ, ထူးဆန်းသည့်မြင်ကွင်းများသည် သူ၏ မူလဗီဇ ဖြစ်ပေါ် စေသည့် အကြောင်းတရားများ ရှိသည်သာ ဖြစ်ကြ၏။
ဖုံးကွယ်လျက် ရှိသော မူလဗီဇအကြောင်းများကို စူးစမ်းလိုသောစိတ်ဓာတ်ဖြင့် ကြိုးပမ်းလေ့လာ ရှာဖွေသူတို့အဖို့ အကြောင်းရင်းဇစ်မြစ်ကို ဖော်ထုတ်သိရှိနိုင်ကြကာ အကျိုးကျေးဇူးခံစားကြရမြဲဖြစ်၏။ ထို့ကြောင့် လူသိနည်းလှသည့် ပြောင်သြသံနှင့် ပတ်သက်သော ကျွန်တော်၏ အတွေ့အကြုံတစ်ခုကို ရေးသားဖော်ပြလိုက်ရပေသည်။
“မြန်မာအစ တကောင်းက”ဟူသော တကောင်းသည် မန္တလေးအထက် မိုင် ၁၂၅ မိုင်ခန့်ဝေး၍ ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းပေါ်တွင် တည်ရှိနေ၏။ ယခုမူ တကောင်းမှာ အိမ်ခြေ ၃ဝဝ ခန့်သာ ရှိ၍ သာမန်ရွာတစ်ရွာမျှသာ ဖြစ်တော့သည်။ သို့သော်လည်း ရဲစခန်းနှင့် စာတိုက်တို့ရှိနေကာ တိုက်နယ်၏အချက်အချာ ရွာတစ်ရွာဖြစ်နေလျက် တကောင်းသူ, တကောင်းသားတို့က “တကောင်းမြို့” ဟု သူတို့ရွာကို သူတို့ ခေါ်လေ့ရှိကြသည်။
အဝေးမှ လူအများကမူ တကောင်းကြာညှပ်ဟု တွဲ၍ ခေါ်ဝေါ်တတ်ကြလေ့ရှိသည်။ ကြာညှပ်မှာ တကောင်း၏တောင်ဘက်မိုင် ၂ဝ ခန့် ဝေးသည်။ တကောင်းရွာထက်လည်း ကြီးပြီး သင်္ဘောဆိပ်ကမ်းဖြစ်ကာ အရောင်းအဝယ်လည်း ပိုမိုစည်ကားပေသည်။
တကောင်းမှာ သပိတ်ကျင်းမြို့နယ်အတွင်းတွင် ပါဝင်နေပြီး ယခင်ကဆိုလျှင် ကသာခရိုင်နှင့် ရွှေဘိုခရိုင်တို့တွင် တစ်လှည့်စီ ပါဝင်ခဲ့၏။ ယခုနောက်ဆုံးတွင်မူ မန္တလေးခရိုင်အတွင်း ရောက်ရှိနေပြန်သည်။
တကောင်းနယ် တောကြီးများ၏ အမဲသားကောင်များ ပေါများခြင်းမှာ ရှေးကတည်းက နာမည်ကြီးလှသည်။ ယခုလည်း ပေါများဆဲပင် တွေ့ရသည်။
တောပစ်ရန်အတွက် ကျွန်တော်အကြိုက်ဆုံးတောကို ပြောပါဟုမေးလျှင် ‘တကောင်းတော’ ဟုပင် မဆိုင်းမတွ ဖြေမည်ဖြစ်ပါသည်။ သားကောင်များပေါများရာတွင် တကောင်းတောထက် များစွာပေါများသည့်တောများ ရှိကြပါသည်။ သို့သော် သားကောင်ပေါများခြင်းနှင့် တောပစ်၍ကောင်းခြင်းမှာ ထပ်တူဟု ယူဆ၍ မဖြစ်နိုင်ပါ။
တကောင်းတောကို ကျွန်တော်နှစ်သက်ခြင်းမှာ အကြောင်းများစွာ ရှိပါသည်။
သားကောင်များ အမျိုးစုံလင်ခြင်းသည် ကျွန်တော်နှစ်သက်သော ပထမဦးဆုံးအကြောင်း ဖြစ်ပါသည်။ တကောင်းတောတွင် သမင်, ကြံ့သူတော်နှင့် သားမင်းမှလွဲ၍ မြန်မာပြည်တွင်ရှိသော သားကောင်မျိုးစုံ ရှိနေ၏၊ ပေါလည်း ပေါ၏။
အထူးသဖြင့် သဘာဝချင်း ဆန့်ကျင်လျက်ရှိသော ပြောင်နှင့် စိုင်ကို တောတစ်တောတည်းတွင် အလွန် တွေ့ရခဲ၏။ တကောင်းတောတွင်ကား အမြောက်အမြားပင် တွေ့နေရ၏။
သားကောင်ကြီးများသာမက ဒေါင်း, ရစ်, ဘဲ, ငန်း စသော ငှက်သတ္တဝါများကလည်း စုံလှ၏။
သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းလွယ်ကူခြင်းက ကျွန်တော် နှစ်သက်သည့် ဒုတိယအကြောင်း ဖြစ်၏။
မုဆိုးများအဖို့ သားကောင်ကြီးများကို ပစ်ခတ်သတ်ဖြတ်ပြီးသောအခါ ရရှိသည့်အသားများကို မသယ်ယူနိုင်ဘဲ အပုပ်ခံကာ အကျိုးမဲ့ဖြုန်းတီးခဲ့ကြရသည်ကို မကြာခဏ တွေ့ကြုံကြရတတ်၏။ တကောင်းတောတွင်မူ ဤအဖြစ်မျိုးနှင့် ကြုံရခဲ၏။ သားကောင်များရှိလေရာ တောနက်ကြီးများအတွင်း မည်သည့်နေရာသို့ပင်ဖြစ်စေ လှည်းမပေါက်နိုင်သည့် နေရာဟူ၍ မရှိ။
ထို့ကြောင့် ပစ်ခတ်ရရှိသောအသားများကို ကြိုတင်စီစဉ်မှုသာ ရှိပါက တစ်တိုတစ်စမျှပင် ပစ်လိုက်ရသည် မရှိ။
ရာသီဥတုအနေအထားက ကျွန်တော်နှစ်သက်သော တတိယအကြောင်း ဖြစ်၏။
သားကောင်ကြီးများပေါများရာ တောကြီးတိုင်း၌ လိုပင် မိုးများခြင်း, မှက်, ခြင်, ယင်နှင့် ကျွတ်, မျှော့များ ပေါများခြင်း၊ ငှက်ဖျားထူခြင်း စသည်တို့၏အန္တရာယ်ကို ရင်ဆိုင်ရတတ်၏။
မပူလွန်း, မအေးလွန်း ရာသီဥတု၏ မျှတမှုကြောင့် မှက်, ခြင်, ယင် များ ကလည်း မပေါများ၊ မျှော့ကလည်း မရှိလှ။ ကျွတ်ဆို၍ တစ်ကောင်တလေမျှပင် မရှိ။ ငှက်ဖျားအတွက်လည်း ကြိုတင်ကာကွယ်မှုရှိပါက ကြောက်စရာ မလိုပေ။
ဤကဲ့သို့ မက်မောစရာ အချက်အလက်များနှင့် ပြည့်စုံသော တကောင်းတောကြီးဝယ် ကျွန်တော့်အဖို့ မြောက်မြားလှစွာသော အတွေ့ အကြုံသစ်များ ရရှိခဲ့သည်။
တကောင်းနယ်သို့ ရောက်ကတည်းက လှည်းတစ်စီးပေါ်တွင် အဝတ်အစား, ရိက္ခာ, ဆေးဝါးအပြည့်တင်ကာ တပည့်ကျော်အောင်ရွှေနှင့် လှည့်လည်ပစ်ခတ်ခဲ့သည်။
ဆောင်းအကုန် နွေအကူးနေ့တစ်နေ့တွင် ဒေါမကြီးသစ်ခုတ်စခန်းတွင် စခန်းချနေခဲ့သည်။ ထိုရာသီ၏ မီးလောင်ပြင်များတွင် ညအချိန် မီးထိုးပစ်ပါက ပေါများလှသောသားကောင်များကို ကြိုက်သလိုပစ်ရသည်။ သို့သော် ထိုကဲ့သို့ပစ်ခတ်ရာတွင် ဆတ်သာ အရ များပေသည်။
ထို့ကြောင့် ကျွန်တော့်အနေနှင့် ပြောင်ပစ်လိုစိတ်က များနေသည်။ နောက်လိုက်များအတွက် သစ်ခုတ်လုပ်ငန်းက ပူနေချိန် ဖြစ်ပြန်သဖြင့် ညသာ လိုက်နိုင်ကြသည်။ နေ့တွင် သစ်ခုတ်ရဦးမည်။
တစ်ညနေတွင်မူ သစ်ခုတ်သမားထဲမှ ဦးဘရင်နှင့် ကိုဘညိုတို့က သူတို့လည်း ပြောင်ပစ်မလိုက်ရသည်မှာ ကြာပြီဖြစ်၍ ပြောင်ပစ်လိုက်လိုသည်ဟု ပြောလာသည်။
ထို့ကြောင့် ထိုနေ့ညတွင် မီးထိုးမလည်တော့ဘဲ နောက်တစ်နေ့နံနက်တွင်မှ ပြောင်ပစ်ထွက်ကြရန် စီစဉ်လိုက်တော့သည်။
တပည့်ကျော် အောင်ရွှေအား ကြက်ဦးတွန်သည်နှင့် ထမင်းထချက်ပြီး သုံးယောက်အတွက် ရေနွေးတည်ပြီး မိုးမလင်းမီနှိုးရန် မှာကြားလိုက်သည်။ ထို့နောက် ခပ်စောစောပင် အိပ်ရာဝင်လိုက်တော့သည်။
မိုးမလင်းတလင်းတွင် အောင်ရွှေက အိပ်ရာမှနှိုးသဖြင့် ကပျာကယာထကာ မျက်နှာသစ်လိုက်သည်။ ဦးဘရင်နှင့် ကိုဘညိုတို့မှာ ထွက်ရန်အသင့်ပြင်ပြီးဖြစ်နေကာ လက်ဖက်ရည်ကြမ်းသောက်နေကြပေသည်။
ကျွန်တော်လည်း အဝတ်အစားလဲကာ လက်ဖက် ရည်ကြမ်းဝိုင်းသို့ ဝင်ထိုင်လိုက်သည်။ လက်ဖက်ရည်သောက်ရင်း အောင်ရွှေပြင်ပေးထားသော သေနတ်ယမ်းတောင့်တို့ကို စစ်ဆေးကြည့်လိုက်သည်။
သေနတ်များမှာ စင်ကြယ်စွာ တိုက်ချွတ်ထား၍ ဆီလည်းခြောက်အောင် တိုက်ထားသည်။ နှစ်လုံးပြူးယမ်းခါးပတ်တွင် ကျည်မငါးတောင့်၊ အယ်လ်ဂျီခြောက်လုံးကျည် ၁ဝ တောင့်၊ အက်စ်အက်စ်ဂျီ ငါးတောင့်၊ နံပါတ်(၁၀)နှစ်တောင့်နှင့် နံပါတ်(၄) သုံးတောင့် တွေ့ရှိရသည်။ အကောင်မျိုးစုံပစ်နိုင်ရန် ကျည်မျိုးစုံ ထည့်ပေးထားခြင်း ဖြစ်ပါသည်။
.၄၀၅ ရိုင်ဖယ်ကျည်အိတ်တွင်မူ ထိပ်ဖူးခဲဖော်ကျည်ပျော့ ၅ဝ တိတိကို တွေ့ ရသည်။
“ဟ အောင်ရွှေရ။ ၄ဝ၅ ယမ်းတောင့်က များလှချည့်လား”
ဟု ကျွန်တော်က မေးလိုက်သည်။
ကျည်ဆံများများယူခြင်းမှာ လေးသည်။ ကျည်ဆန်များ ပျက်စီးသည်။ ထို့ကြောင့် ကျွန်တော့်အဖို့ . ၄ဝ၅ဗို့ ရိုင်ဖယ်ကြီးများကိုင်ဆောင်လျှင် ၁၅ တောင့်ခန့်သာ ယူလေ့ရှိသည်။
“အဘိုးကြီးက ကျည်များများ ထည့်ပေးဆိုလို့ဗျ”
ဟု အောင်ရွှေက ဦးဘရင်အား မေးငေါ့ပြကာ ပြန်ဖြေသည်။
“ဆရာကြီး။ အခုသွားမှာက တကယ့်တောဗျ။ ကျုပ်က ခင်ဗျားနှင့်မို့ လိုက်တာ။ တော်ရုံမုဆိုး ကပ်လို့ရတဲ့တော မဟုတ်ဘူး”
ဦးဘရင်ကား မုဆိုးနောက်လိုက် ဝါရင့်ပြီးဖြစ်သည်။ သို့သော် ယခုအထိ သေနတ်တစ်ချက်မျှလည်း မပစ်ဘူးခဲ့။ သေနတ်အကြောင်းလည်း နားမလည်။ မုဆိုးပေါင်းများစွာနှင့်လည်း ရင်ဆိုင်ခဲဖူးသဖြင့် အစိုးရိမ်ကြီးနေသည်။ ကိုယ်တိုင် ပြောင်အခတ်ခံရဖူးထားသဖြင့် ပြောင်ဆိုလျှင် အလွန်ကြောက်သူဖြစ်သည်။ သိုကြောင့် ပြောင်တွေ့ပြီဟု ဆိုသည်နှင့် ၎င်းအား သစ်ပင်ပေါ်တက်နေရန် ကြိုတင်သဘော တူထားရသူ ဖြစ်သည်။
“တောထဲကို ယမ်းတောင့်အပိုတွေယူသွားရတာ သိပ် ပျက်စီးတယ်ဗျ။ ခင်ဗျားလည်း ကျေနပ်သွားအောင် အစိတ်တော့ ယူခဲ့ပါမယ်လေ”
ဟု ကျွန်တော်ကပြောကာ ယမ်းတောင့် ၂၅ တောင့်ကို ကျည်အိတ်မှ ပြန်ထုတ်ကာ အောင်ရွှေအား ပေးလိုက်ပါသည်။
“ကဲ သွားစို့”
ကျွန်တော်က .၄ဝ၅ ရိုင်ဖယ်ကိုဆွဲရင်း ပြောပြောဆိုဆိုထလိုက်သည်။ ကိုဘညိုက ၂ လုံးပြူး ယမ်းခါးပတ်ကို ပတ်ပြီး ၂ လုံးပြူးကို ဆွဲလိုက်သည်။ ဦးဘရင်က ထမင်းထုပ်နှင့် ရေဘူးနှစ်လုံးကို လွယ်လိုက်သည်။
ဒေါမကြီးစခန်းမှ မြောက်စူးစူးသို့ သစ်တိုက်လှည်းလမ်းအတိုင်း ထွက်လာခဲ့ကြသည်။
ကျွန်တော်၏ သေနတ်တွင် ကျည်ဇလုတ်အတွင်း ယမ်းတောင့် ၅ တောင့် အပြည့်ထိုးထားရုံမက ကျည်တစ်တောင့်ကို ပြောင်းတွင်းသို့သွင်းကာ မောင်းကို အသာချထား လိုက်ပါသည်။
ကိုဘညိုကလည်း ၂ လုံးပြူးတွင် ကျည့်မ ၂ တောင့် ကို ထိုးလိုက်သည်ကို မြင်လိုက်သည်နှင့်-
“ဗျို့ ကိုဘညို ကျည်တွေ မထိုးပါနှင့်ဦး။ အကောင်ထူးထူးဆန်းဆန်းတွေ့ရင် ပစ်ရအောင် အထက်ပြောင်းကို အက်စ်အက်စ်ဂျီ ထည့်, အောက်ပြောင်းကို နံပါတ် ၄ ထည့်ထားပါ။ နောက်ပြီးတော့ ကျည်မ ထိုးရင်လည်း အထက်ပြောင်းကိုပဲ ထိုးဗျ။ အောက်ပြောင်းတော့ အယ်လ်ဂျီပဲ ထိုး”
ကျွန်တော့် ၂ လုံးပြူးမှာ အထက်အောက် ဖြစ်သည်။ အပေါ် ပြောင်းမှာ ပြောင်းကျဉ်း၍ သားကောင်ကြီးများပစ်ရန်အတွက် ကျည်စုသောကြောင့် ဖြစ်ပါသည်။ အောက်ပြောင်းမှာ ပြောင်းကျယ်ဖြစ်၍ ကျည်အပြန့်များက စရိတ်တောင့်နှင့် ငှက်အုပ်များပစ်ရန် ဖြစ်ပါသည်။
မိုး ကောင်းစွာမလင်းသေးသည့်အပြင် သွားရမည့်တောကလည်း ဝေးသေးသည်နှင့် ခပ်သုတ်သုတ်ပင် လျှောက်လာကြသည်။
ကျွဲကောပင်စိုက်တောသို့ ရောက်လာသောအခါ မိုးစင်စင်လင်းခဲ့ပြီ။ သို့သော် စိမ်းစိုအုံ့မှိုင်း၍နေသော ရှောက်ခါးနှင့် ကြံ့စာပင်တောကြီးအတွင်း၌မူ မည်းမှောင်ကာ ထိုးဖောက်၍မမြင်နိုင်သေးပေ။
လက်ယာဘက် ကျောက်တောင်စောင်းဆီမှ “ခွပ်.. ခွပ်”ဟူသော အသံ ၂ ချက် ပေါ်လာသဖြင့် ခြေလှမ်းများရပ်တန့်ကာ တောင်စောင်းပေါ်သို့ မော့်ကြည့်လိုက်ကြသည်။ တောင်စောင်းတွင် စိမ်းစိုမိုက်မှောင်နေသော ရှောက်ခါးနှင့် ကြံ့စာပင်များအပေါ်တွင် မိုးနေသည့် ကြီးမားလှသော အိုင်ပင်ကြီးကို တွေ့ ရသည်။
“ဝံ ကိုက်ချတာနှင့် တူတယ်”
အိုင်ပင်ကြီးကို လက်ညှိုးညွှန်၍ ဦးဘရင်က လေသံဖြင့် ပြောလိုက်သည်။
ကြားလိုက်ရသည့်အသံမှာ ထိုအိုင်ပင်ခြေရင်းဆီမှဖြစ်သော်လည်း ကျောက်ခဲသံလော, သစ်သားသံလော ခွဲခြား၍ မသိလိုက်ရ။ သို့ကြောင့် သေနတ်ကို အသင့်အနေအထားနှင့်ကိုင်ကာ တောင်ခြေရင်းဆီသို့ ကပ်လိုက်မိသည်။
တောင်ခြေရင်းသို့ကပ်မိသည်နှင့် ကျွန်တော်၏ လက်ယာဘက် ဝါးတစ်ပြန်အကွာခန့်မှ ဝေါခနဲ ရှောက်ခါးပင်များကို တိုးထွက်လိုက်သောအသံကြီးကို ကြားလိုက်ရသည်။ အသံလာရာဆီသို့ လှည့်ကြည့်လိုက်ရာ ပြောင်ကြီးတစ်ကောင် ထွက်ပြေးလိုက်သည်ကို မည်းခနဲတစ်ချက်သာ မြင်လိုက်ရတော့သည်။ ၎င်းထွက်ပြေးမည်ဟု ထင်ရသောလမ်းမှစောင့်ရန် အပြေးလိုက်သော်လည်း ပါးလှသည့်ပြောင်ကြီးသည် မထင်သည့်လမ်းမှ ဖောက်ထွက်၍ ပြေးသွားတော့သည်။
ဦးဘရင်ကား စုန်း, နတ်, အတိတ်နိမိတ်တို့ကို အယူသီးစွာ ယုံကြည်သူဖြစ်သည့်အလျောက် မျက်နှာ ကွက်ခနဲ ပျက်သွားပါသည်။ ထွက်လာကတည်းက လမိုင်း မတင်ရ, ဆိုင်ရာပိုင်ရာနယ်ရှင်များထံ
တင်သကာ ချိုကျိုးနားရွက်ပဲ့ကလေးများ ပေးသနားရန် မတောင်းခံခဲ့ရ။ ထို့ကြောင့် မျှော်လင့်ချက် နည်းနေရသည်။
ယခုတစ်ဖန် ပထမဆုံးတွေ့ ရှိသော လာဘ်ဦး လွတ်သွားရပြန်သည်။ ထို့ကြောင့် ဦးဘရင်မှာ ယနေ့အဖို့ မျှော်လင့်ချက်ကုန်သွားသယောင်သဏ္ဌာန် ပေါ်နေသည်။
ဦးဘရင်ဖြစ်ပျက်နေပုံကိုကြည့်ကာ ကျွန်တော်က ပြုံး၍ မေးထိုးပြလိုက်ရာ ကိုဘညိုကလည်း ဦးဘရင်အားကြည့်ကာ လှောင်ပြုံး ပြုံးနေတော့သည်။ ဦးဘရင်မှာ ၂ ယောက်နှင့် ၁ ယောက် ဖြစ်နေသဖြင့် ဘာမျှပြန်မပြောရဲဘဲ ရှက်ကိုးရှက်ကန်း ဖြစ်သွားရှာသည်။
တောမှာ ထင်ထင်ရှားရှားမြင်လာရပြီဖြစ်သဖြင့် ကိုဘညိုက ၎င်း၏သေနတ်တွင် ကျည်မအယ်လ်ဂျီ ၆ လုံးကျည်တို့ကို လဲ၍ ထည့်လိုက်သည်။
ကျွန်တော်က သေနတ်ကို အသင့်ကိုင်ရင်း နား ၂ ဘက်ကိုစွင့်ထားကာ မျက်စိကလည်း မိုက်နေသောတောထဲသို့ စူးစိုက်ကြည့်ရှုရင်း ရှေ့မှ ခပ်ဖြည်းဖြည်းတက်နေသည်။ ကိုဘညိုနှင့် ဦးဘရင်တို့ကား နောက်မှခြေရာသစ်ကို အဓိကထား ရှာဖွေလိုက် လာသည်။ ပြောင်များအလွန်ပေါများသည့် သနဒါချောင်းရိုးရောက်သည့်အထိ ဘာကိုမျှ မတွေ့ ရ၊ ဘာသံကိုမျှလည်း မကြားရချေ။
သို့နှင့် သနဒါချောင်းရိုး လက်ယာဘက်ကမ်းမှ ဆင်များ တိုးသွားထားသည့် ဆင်လမ်းခေါ် လမ်းဟောင်းအတိုင်း ဖြည်းညင်းစွာ တက်ခဲ့ကြသည်။ ရှေ့ဆုံးမှကျွန်တော်သည် အနည်းငယ်သောလှုပ်ရှားမှ ကလေးတိုင်းကိုရပ်၍ စူးစမ်းရှာဖွေခဲ့သည်။ ထူးခြားသည့် အသံတိုင်းကို နားစွင့်ထောင်မိသည်။
ကိုဘညိုနှင့် ဦးဘရင်တို့ကလည်း လောလောလတ်လတ်ကျိုးနေသော သစ်ခက်ကလေးတိုင်း, သစ်ရွက်ကလေးတိုင်းကို ဂရုတစိုက် ကိုင်တွယ်ကြည့်ရှုလိုက်၊ အခြေအနေပျက်နေသော နေရာကလေးတွေ့တိုင်း မြေကြီးကိုဝိုင်း၍ ငုံ့ကြည့်လိုက်နှင့် ချီတက်ခဲ့ကြသည်။
တောင်ကြားကြီးထဲမှ ချောင်းဖျားနား ရောက်သည်အထိ ဘာကိုမျှ ထူးထူးခြားခြားမတွေ့ ရ။ ပြောင်ခြေရာအဟောင်းများနှင့် ချေးပုံဟောင်းများကိုသာ အနှံ့အပြား တွေ့နေရတော့သည်။
သနဒါချောင်းတွင် ဘာမျှမတွေ့၍ ပြောင်နှင့် သားကောင်ကြီးများ ပျော်မြူးတတ်သည့် ညောင်အိုင်ဟုခေါ်သော ရေအိုင်တစ်အိုင်ဆီသို့ ဦးတည်ခဲ့ကြသည်။
ညောင်အိုင်သို့ရောက်သောအခါ ရေများ ခန်းနေပြီဖြစ်၍ ၂ ရက်၊ ၃ ရက်ခန့်က သွားလာထားခဲ့သည့် ခြေရာကိုမျှ မတွေ့ကြရ။ သို့နှင့် အသေအချာတွေ့ ရမည်ဟု တွက်ထားသော အသားနီအိုင်ဆီသို့ လှည့်လိုက်ကြပြန်သည်။
အသားနီအိုင်ကား ညောင်အိုင်နှင့် ၁ မိုင်မျှ ကွာဝေးဦးမည် ဖြစ်သည်။ နာမည်ကြီးလှသည့် မြေနီအိုင်ကြီးတစ်အိုင် ဖြစ်သည်။ အိုင်ဘေးတွင် အသားနီပင်များပေါက်နေခြင်းကြောင့် အသားနီအိုင်ဟု အမည်ပေးထားခြင်းဖြစ်သည်။
ခါတိုင်းဆိုလျှင် ဤတော ဤတောင်အတွင်း ဘယ်နေရာမျှ ပြောင်ကိုရှာမတွေ့လျှင် အသားနီအိုင် တွင် တွေ့ရစမြဲပင် ဖြစ်သည်။ ပြောင်အကောင်ကြီးကို ချက်ချင်းမတွေ့ ခဲ့သော် ထိုအိုင်က ထိုင်စောင့်နေပါက ညနေ နေဝင်ခါနီးတွင် ရေသောက်လာသော ပြောင်အုပ်ကြီးများကို ဆီးကြို၍ပစ်ခတ်နိုင် သည်မှာ သေချာသလောက်ပါပေ။
အခြားနေရာတွင် ရှာမတွေ့ သည်နှင့် အသားနီအိုင်တွင် တွေ့ရမည်ဟု သေချာပေါက်တွက်လိုက်ကြသည်။
လမ်းတစ်လျှောက်လုံး ရှာရင်းဖွေရင်း ခပ်အေးအေးပင် လာကြရာ အသားနီအိုင်သို့ နေ့ ၁၁ နာရီခန့်တွင် ရောက်ရှိကြတော့သည်။ ရောက်လိုက်သည်နှင့် စိတ်တွင်ဟာသွားကာ မျှော်လင့်ချက်ကုန်၍ ခြေကုန်လက်ပန်းကျလာပါသည်။
အမျှော်လင့်ကြီးမျှော်လင့်ခဲ့သော အသားနီအိုင်မှာ ရေများခန်းလျက် ရှိပေပြီ။ ခြေရာအစအနဆို၍ ဘာကိုမျှ မတွေ့ ရတော့ အိုင်ဘေးတွင် ၃ ယောက်သား ခြေပစ်လက်ပစ်ထိုင်ချလိုက်ပြီး ဆေးလိပ်များ မီးညှိကာ ဖွာရှိုက်နေမိကြသည်။
“ထမင်းစားဖို့ ရေတောင် ဘယ်သွားရှာမလဲမသိဘူး”
ကိုဘညိုက ပြုံး၍ပင် ပြောလိုက်သည်။
“အံမာ မောင်ဘညိုရာ။ ပူရန်ကောကွာ။ ထမင်းဆာရင် စားပါမောင်။ ရေဘူး ၂ လုံး ပါသားပဲ။ ပြီးတော့ တောင်ဘက်နားက စိမ့်ထွက်ကြီးသွားပြီး ရေခပ်တာပေါ့”
“ဟာ ဒီလိုဆိုရင် အဲဒီစိမ့်ထွက်ကြီးကို သွားရအောင်။ ဒီမှာ ရေမရှိရင် ပြောင်တွေ အဲဒီမှာ ကျမှာပေါ့ဗျ”
ဟု ကိုဘညိုက အလော တကြီး ပြောတော့သည်
“အင်း .. အင်း။ အားကြီး ကျပါလိမ့်မယ်။ ရက်ပိုင်းကလေးကမှ သနပ်ခါးသမားတွေ စခန်းချသွားတာကွ။ ၃ ခန်း တဲကြီးတစ်လုံး အိုင်ဘေးမှကပ်ထိုးပြီး နေသွားတာ။ ဘယ်ကလာ ပြောင်လာကျ လိမ့်မလဲ”
ဦးဘရင်ကပြောရင်း လှောင်ပြုံးပြုံးနေသည်။
“ကဲ.. ကဲ အဲဒီကိုသွားကြမယ်ဗျ။ အဲဒီမှာ ထမင်းစား တရေးတမောအိပ်ပြီး ပြန်လှည့်တာပေါ့ဗျာ။ ပြန်ရင်းနှင့် တွေ့တဲ့အကောင် ဟင်းစားပစ်သွားတာပေါ့”
ထိုနေ့အတွက် ပြောင်ကိုပစ်ရန် လက်လျှော့လိုက်သည့်အဖြေကို ကျွန်တော်က ပေးလိုက်ခြင်းဖြစ်သည်။
အသားနီအိုင်မှထွက်၍ သနပ်ခါးသမားများ သွားထားသည့် လမ်းအတိုင်း တောင်စောင်းကိုပတ်၍ တောင်ဘက်သို့ ပြန်လာကြရာ မိုင်ဝက်သာသာအရောက်တွင် စိမ့်ထွက်ရေအိုင်ကြီးတစ်အိုင်သို့ ရောက်လာကြပါသည်။
ကျွန်တော်က တကောင်းနယ်ရောက်ပြီး မကြာမီပင် ဤစိမ့်ထွက်ကြီးကို တွေ့ ခဲ့ရသည်။ ဆင်နှင့် ပြောင် အလွန်အကျမှန်သော စိမ့်ထွက်ကြီးပင် ဖြစ်ခဲ့သည်။ ယခုမှာမူ နယ်ချဲ့လာသော သနပ်ခါးသမားများ စခန်းချလိုက်သဖြင့် သားကောင်ကြီးများမှာ အနားသို့ မသီကြတော့ပေ။ ထိုစိမ့်ထွက်ကြီး၏အမည်ကို မည်သူမျှ မသိကြသဖြင့် “စိမ့်ထွက်ကြီး” ဟူ၍ပင် ကျွန်တော်တို့က ခေါ်ဝေါ်သုံးစွဲနေကြခြင်းဖြစ်သည်။
ထိုစိမ့်ထွက်ကြီး၏ဘေးတွင် သက်ငယ်မိုး ဝါးကြမ်းခင်း ၃ ခန်းတဲကြီးတစ်လုံးကို တွေ့ ရသည်။
ဘေးပတ်ဝန်းကျင်တွင် နွားချည်တိုင်များ, ကောက်ရိုးများ, နွားချေးများ ပြန့်ကြဲလျက် တွေ့ရတော့သည်။
အခေါက်ခွာထားသော သနပ်ခါးတုံးများကား တောင်လိုပုံနေသည်။ စိမ့်ထွက်ကြီးရောက်၍ ထမင်းစားသောက်ပြီးသောအခါ တဲပေါ်တွင် အညောင်းပြေ ခြေလက်ဆန့်ရင်း ပက်လက်လှန်လိုက်ကြသည်။ ခေတ္တမျှ အိပ်ပျော်သွားပြီးနောက်…
xxx xxx xxx
“ဆရာကြီးက မယုံလိုခွကျတာ။ ဒီတော ဒီတောင်က တင်မှ သမှ ရတာဗျ”
ဦးဘရင်က သူ့အယူအဆကိုအနိုင်ယူရန် ကြိုးစားတော့သည်။
“မုဆိုးဆိုတာ ဒီလိုပေါ့ဗျာ။ တင်တိုင်း သတိုင်းကော ရလို့ လားဗျ”
ဟု ကျွန်တော်က လေပြည်ထိုးလိုက်သည်။
“တင်တိုင်းတော့ မရပါဘူးဗျာ။ လူ့အလို ဘယ်နတ် လိုက်နိုင်မလဲ။ ဒါပေမယ့် မတင်ရင်တော့ မရဘူးဗျ”
ယနေ့အတွက် သူနိုင်ပြီ ဟူသောသဘောနှင့် ဦးဘရင်က အပိုင်ပြောလိုက်ပါသည်။
“ဒီပြင်နေ့တွေက ရခဲ့တာတော့ကောဗျ”
ကျွန်တော်က သူ့အား အကျပ်ရိုက်မေးလိုက်ပါသည်။
“ဟာ၊ ခင်ဗျားမတင်ပေမယ့် ခင်ဗျားနောက်က အကောင်တွေက ခင်ဗျားအသိမပေးဘဲ တင်လို့ ဖြစ်မှာပေါ့ဗျ။ ဟဲ…ဟဲ”
ဟု ရယ်ရင်းနှင့် ဦးဘရင်က ပြန်ချေပါတော့သည်။
နေအနည်းငယ်စောင်းသည်နှင့် စိမ့်ထွက်ကြီးမှ ထွက်လာခဲ့ကြသည်။ ဟင်းစားရှာရန်အတွက် သနပ်ခါးသမားများ၏ လှည်းလမ်းအတိုင်း ပတ်၍လိုက်လာခဲ့သည်။
တောင်အောက်လွင်ပြင်တွင် လှည်းလမ်းဝဲယာ၌ ဝါးတောများ ပေါက်နေကြသည်။ ဝါးပင်များမှာ အရွက် များကြွေကာ ရိုးတံကျဲကျဲနှင့် ဖြစ်နေသည်။ အောက်ခြေတွင်မူ ဝါးရွက်ခြောက်များဖုံးကာ မြေကြီးကို လုံးဝမမြင်ရပေ။
သားကောင်ကြီးများ မျှော်လင့်ချက်ကုန်ပြီဖြစ်သဖြင့် ကိုဘညိုထံမှ ၂ လုံးပြူးကို ကျွန်တော်ထံမှ .၄ဝ၅ ဗို့ရိုင်ဖယ်နှင့်လဲ၍ ကိုင်လိုက်သည်။
မိုင်ဝက်ခန့်လျှောက်မိသောအခါတွင် လက်မခန့်ရှိ ညိုဝါဝါ မြွေကလေးတစ်ကောင် လမ်းလယ်တွင် ကန့်ကန့်ခံနေတော့သည်။ ဝါးလုံးခြောက်တစ်ခုနှင့် ကောက်၍ရိုက်လိုက်ရာ တွန့်လိမ်ကာ သေရှာပါတော့သည်။
မြွေကလေးမှာ အဝါ, အစိမ်း, အနက်တို့ ရောပြွမ်းထားသောအရောင်ရှိပြီး ဇက်တွင် လှပသောအနက်တန့် ၂ တန့် တွေ့ရသည်။ ဝမ်းဗိုက်တစ်ခုလုံးမှာ ကျားကွက်များလို အဖြူနှင့် အနက်ကွက်များ ရှိနေသည်။ ခေါင်းမှာကား နီသောအရောင် ရှိသည်။
“ဦးဘရင်၊ ဘာမြွေလဲဗျ”
အတွေ့ အကြုံများသူ ဦးဘရင်အား မေးလိုက်ရသည်။
“ဒါ အင်တိုင်းမြွေဟောက်ပေါ့ ဆရာကြီးရ။ ဘာလို့ သတ်လိုက်တာလဲဗျ။ တောသွားရင် မြွေ မသတ်ကောင်းဘူးဗျ။ ဒုက္ခပါပဲဗျာ။ ဒီနေ့တော့ ဟင်းစားတောင် ရမယ်မထင်တော့ဘူး”
ဟု ဦးဘရင် ခြူသံပါအောင် ညည်းလိုက်သည်။ ကျွန်တော်က ဘာမျှ ပြန်မပြောတော့ဘဲ ဆက်ထွက်လာကြပါသည်။
“တူ…တူ..တူ…တူ”
ရှေ့အတော်လှမ်းလှမ်းမှ တံပိုးမှုတ်သံလိုလို အသံသဲ့သဲ့ကြား လိုက်ရပါသည်။ ကျွန်တော်က ဘာသံလဲဟူသောအဓိပ္ပာယ်နှင့် လှည့်ကြည့်လိုက်ရာ
“ဝံ… ဝံ …ဝံ’
ဟု ဦးဘရင်က ကြောက်ကြောက်လန့် လန့် ပြောပါတော့သည်။
“ဝံ မဟုတ်ဘူးဗျ။ ဝံက လူအူတဲ့အသံမျိုးပဲ။ ဒါက တံပိုးမှုတ်သံလိုဟာမျိုးပဲ”
ကျွန်တော်ပြောလိုက်မှ ဦးဘရင် အကြောက်ပြေသွားပါသည်။
“ပြောင်လည်း အဲဒီလိုအော်တတ်တယ်”
ကိုဘညိုက သူ့ထင်မြင်ချက်ကို ပြောပါသည်။
“တံပိုးသံတော့ မဟုတ်ဘူးဗျ။ ဒီတောကို ဒီနေ့ ဘယ်သူမှ မလာဘူး။ တိရစ္ဆာန်တစ်ကောင်ကောင်ရဲ့ အော်သံပဲ”
ဆက်လျှောက်ခဲ့၍ မကြာမီပင်
“တူ…တူ…တူ…တူ…တူ”
ဟူသောအသံ ထပ်မံ၍ သဲသဲကွဲကွဲ ကြားလိုက်ရပြန်သည်။ သေချာပေပြီ။ ပြောင်အော်သံပါပေ။
ပြောင်များသည် အသံမြည်ခဲ၏။ တစ်ခါ တစ်ရံ ကျွဲသံခပ်ဆန်ဆန် မြည်တတ်၏။ သို့သော် မိတ်လိုက်ချိန် အဖော်ကွဲနေလျှင် မိတ်ဖက်ကိုခေါ်သည့်
“တူ…တူ…တူ…တူ… တူ” ဟူသော တံပိုးမှုတ်သည့်အသံမျိုး ကျယ်လောင်စွာ အော်တတ်၏။
ထိုကဲ့သို့အော်ခြင်းကို ပြောင်အော်သံဟု ခေါ်ကြ၏။ ပြောင်အော်သံကို ကြားဖူးသူနည်းလှ၏။
ပြောင်တောတွင် ကြီးပြင်း၍ သစ်ခုတ်အသက် မွေးလာသည့် ဦးဘရင်လိုလူကြီးတစ်ယောက်ပင် ပြောင်အော်သံကို ယခုမှ ကြားဖူးရှာပေသည်။
ကျွန်တော်က ချက်ချင်း ကိုဘညို၏လက်မှ .၄ဝ၅ရိုင်ဖယ်ကို ၂ လုံးပြူးနှင့် လဲယူလိုက်ပြီး ရှေ့သို့ ခပ်သုတ်သုတ်တက်လိုက်သည်။
ပြောင်သည် ထပ်၍ထပ်၍ အော်နေပါသည်။ ပြောင်အော်သံများ နီးကပ်လာနေသည်ကို ထောက်ချင့်ခြင်းအားဖြင့် ကျွန်တော်တို့ရှိရာသို့ လာနေသည်မှာ သိသာနေ၏။
နောက်ဆုံး ပြောင်အော်သံကို လမ်း၏လက်ယာဘက် ဝါးတောလျှိုအတွင်းမှ ကြားလိုက်ရသဖြင့် ကျွန်တော်က လျှိုအတွင်း ဆင်းလိုက်သည်။
သို့သော် လျှိုအတွင်းသို့ရောက်အောင် ဆင်း၍မဖြစ်။ ခြေမျက်စိခန့်မြုပ်နေသော ဝါးရွက်ခြောက်များမှာ လှုပ်လိုက်တိုင်း တချွတ်ချွတ် မြည်နေပါတော့သည်။
ပြောင်အော်သံမှာ ရပ်သွားသော်လည်း တရှူးရှူးနှင့် အသက်ရှူသံများကို ကြားနေရခြင်းကြောင့် ပြောင်မှာ အလွန်နီးကပ်နေပြီဖြစ်ကြောင်း သိနေရ၏။ ထို့ ကြောင့် နေရာမရွှေ့ရဲဘဲ နေရာတွင်ပင်ထိုင်လိုက်ကာ ခေါင်းကိုသာ ဟိုငဲ့ဒီစောင်းနှင့် ရှုပ်ထွေးနေသော ဝါးပင်များအကြားမှ ပြောင်၏ ပုံသဏ္ဌာန်ကို ရှာဖွေကြည့်ရှုနေမိ၏။
ကြည့်နေရင်းမှာ ‘ဖူး’ခနဲ နှာတစ်ချက်မှုတ်ကာ ပြေးထွက်သွားသောပြောင်ကြီး၏ မည်းမည်းသဏ္ဌာန်ကြီးကို တွေ့ လိုက်ရသည်နှင့် ဒိုင်းခနဲ .. ဒိုင်းခနဲ ၂ ချက်ဆင့်ကာ ပစ်လိုက်မိပါသည်။
ပြောင်ကြီးမှာ ဣန္ဒြေမပျက် ပြေးထွက် ပျောက်ကွယ်သွားပါတော့သည်။
ပြောင်ကြီးပြေးသွားရာသို့ ပြေးလိုက်ကြည့်ရှုရာ ကန်၍ပြေးထားသော ပြောင်ခြေရာများနှင့် သွေးစက်တန်းကြီးကို တွေ့ ရှိပါတော့သည်။
ပြောင်ကြီးသည် ရိုးကိုဖြတ်ကျော် ပြေးတက်သွားရာ ရိုးစောင်းတွင် တစ်ထွာခန့်ရှည်၍ တစ်လက်မခန့်တုတ်သော သွေးခဲကြီးနှင့် အရိုးစကလေးများကို တွေ့ ရှိရသည်။
ပေ ၃၀ ခန့်မြင့်သည့် ရိုးစောင်းကို ပြေးတက်သွားခြင်းနှင့် သွေးခဲများကို တွေ့လိုက်ရခြင်းက ကျွန်တော့် ကို အားငယ်သွားစေပါသည်။ အဘယ်ကြောင့်ဆိုသော် အထိနာသော သားကောင်သည် အမြင့်ကို ရှောင်ကြဉ်ကြသည်။ ယခုမူ အမြင့်ကို မရှောင်ရုံမကအခြေအနေမပျက်ဘဲ ပြေးတက်သွားသဖြင့် အထိမနာဟု တွက်ရမလို ဖြစ်နေသည်။ တစ်ဖန် သွေးတစ်သွေးခဲများကျပြီးလျှင် ဒဏ်ရာပိတ်သွားကာ နောက်ထပ် သွေးမကျဘဲ ဖြစ်တတ်ပေသည်။
ဤအတိုင်းသာဆိုပါက အထိမနာသဖြင့် ရေရှည်လိုက်ပြီး သွေးစက်ခံရန်လည်း ခက်မည်ကဲ့သို့ ရှိနေပေပြီ။
ပြောင်ကြီးကို အနီးကပ် ထပ်မံတွေ့ရှိရန် မမျှော်လင့်ဘဲ အတင်းဖိလိုက်ရာ ချောက်ကလေးတစ်ခုအတွင်းကပ်နေသော ပြောင်နာကြီးသည် ၁၀ ကိုက်ကွာလောက်မှ ထွက်၍ပြေးတော့သည်။ ထိုအခါကျမှ ကျွန်တော်၏တွက်ကိန်း လွဲနေကြောင်း တွေ့ ရသည်။
ပြောင်ကြီးမှာ ကောင်းစွာ မပြေးနိုင်တော့။ လက်ယာဘက်လက်မှာ လုံးဝ မထောက်နိုင်ဘဲဖြစ်နေကြောင်း တွေ့ လိုက်ရသည်။
ထို့ကြောင့် လောဘမကြီးတော့ဘဲ ဖြည်းဖြည်းလိုက်ခဲ့ရာ ကိုက် ၁ဝဝ ခန့်လိုက်မိလျှင်ပင် တောရှုပ်ရှုပ်အတွင်း ဝင်ခိုနေသည့် ပြောင်ကြီး၏ဖင်ပိုင်းကို စတင်မြင်ရပြန်သည်။ ချက်ကောင်းရရန်အတွက် လှည့်ပတ်ချောင်းမြောင်းရာတွင် ကျွန်တော့်အားလှည့်ကြည့်သော ခေါင်းကြီးကိုမြင်ရသည်နှင့် နားရင်းကိုထိုးချိန်ကာ မောင်းဖြုတ်ချလိုက်ပါသည်။
“ဒိုင်း” ဟူသောသေနတ်သံ ကြားလိုက်ရပြီးနောက် ပြောင်ကြီးမှာ ဝပ်ကျသွားပါသည်။ သို့သော် ခေါင်းမှာ ကျမသွားသေးဘဲ ထောင်မြဲထောင်၍ နေနေပါသည်။ ထို့ကြောင့် လက်စသတ်ရန်အတွက် ပြောင်ကြီး၏ထိပ်ဆီသို့ ပန်းတက်လိုက်ရာ ပြောင်ကြောက်သော ဦးဘရင်မှာ အလောတကြီးပြေးဝင်လာသည်ကို တွေ့ လိုက်ရပါသည်။
“ဪ ဦးဘရင် ဘယ့်နှာလဲ။ ပြောင်က ခေါင်းမကျသေးဘူးဗျ”
ဟု လှမ်းအော်လိုက်သည်။
ဦးဘရင်မှာ ခြေကားယား လက်ကားယားဖြစ်ကာ လွယ်ထားသည့်ရေဘူးများနှင့် ဓားကိုပစ်ချပြီး နီးရာ သစ်ပင်ပေါ်သို့ အပြေးတက်ပါသည်။
တက်လိုက်သည့်အပင်မှာ ခြေသလုံးခန့်ရှိ အင်ကြင်းပင်ပေါက်ကလေးဖြစ်ရာ လူတစ်ရပ်ခန့်အမြင့်သို့အရောက်တွင် အင်ကြင်းပင်ကလေးမှာ ညွှတ်ကွေးကာ လူနှင့် မြေကြီးပေါ်တွင် ပြား၍သွားပါ တော့သည်။
ကျွန်တော်နှင့် ကိုဘညိုက မျက်လုံးပြူး ပါးစပ်ဟ၍ ကြည့်နေစဉ်မှာပင် ကိုဘရင်က မြေကြီးမှထကာ နီးရာ နဘဲပင်တစ်ပင်ဆီသို့ ပြေးပြန်ပါတော့သည်။
လက်တစ်လှမ်းသာသာခန့်မြင့်သည့် နဘဲကိုင်းတစ်ခုသို့ ခုန်ဆွဲလိုက်သည်ကို မြင်လိုက်ရပြန်သည်။
နဘဲကိုင်းမှာ လက်ကောက်ဝတ်ခန့်သာရှိရာ ခုန်ဆွဲလိုက်သည့်အရှိန်ကြောင့် ဖြောင်းခနဲမြည်ကာ ကျိုးကျသွားပြန်ပါတော့သည်။
ဦးဘရင်မှာလည်း မြေကြီး ပေါ်သို့ “ဘုတ်”ခနဲ ကျသွားပါသည်။
သို့သော် ချက်ချင်းထကာ ချောနေသော နဘဲပင်ပင်စည်ကို ပေါင်ခြံထိုး၍ တက်သွားပြီး ခွဆုံတွင် ထိုင်လိုက်ပါတော့သည်။
ထိုအခါကျမှ ကျွန်တော်နှင့် ကိုဘညိုလည်း ခွက်ထိုးခွက်လှန် ရယ်မိကြပါတော့သည်။ ဦးဘရင်မှာ ရယ်လည်း မရယ်နိုင်, ကျွန်တော်တို့အားလည်း စိတ်မဆိုးနိုင်ဘဲ ပြောင်ကို လက်ညှိုးထိုး၍သာ ပြနေ ပါတော့သည်။
ပြောင်ကြီးမှာ ခေါင်းထောင်မြဲ ထောင်နေသေးသော် လည်း မရွေ့လျားနိုင်တော့ပါ။
ထိုအခါတွင်မှ အရယ်ရပ်၍ ပြောင်ကြီး၏ ထိပ်ပြင်ဖွေးဖွေးကြီးကို ချိန်ရွယ်ပစ်ခတ်ကာ လက်စသိမ်းလိုက် ရပါတော့သည်။
– ပြီး –
စာရေးသူ – မသုံးလုံးစိန်ဝင်း
Uncategorized