ဆင်ဖြူကျွန်းအောင်သိန်း
ပွေးတစ်ကောင် နှောင့်သောကြောင့်
“ဟေ့လူကြီး. . . ”
“ဘာတုံးကွ”
ထနောင်းနှစ်ခွရွာ၏ နံနက်ခင်းသည် လင်းလင်း ကျင်းကျင်း မရှိသေး။ နေထွက်တစ်ပြူပင် မရောက် သေး။ သည်အချိန်ကြီးမှာ ငွေအိုးရောက်လာသည်။ ယဉ်ယဉ်ကျေးကျေးမရှိ။
သို့ရာတွင် အေးဆောင် အမှုမထားချေ။ မြသွယ်ထံမှ သတင်းစကား သယ်ဆောင်လာသူအဖြစ် ကြိုဆိုသည်။
“အစ်မက မှာလိုက်သယ်ဗျ”
“အေး. . . ဘာတဲ့တုံး”
သည်လောက်ကလေးမှ ဧည့်ထောက်မခံလျှင် ‘နေဗျာ’ ဆိုကာ ဘာမျှမပြောဘဲ ထွက်သွားပါက လိုက်လံတောင်းပန်ရဦးမည်။
“ယာထဲကို ထွက်ဖြစ်အောင် ထွက်ခဲ့ပါတဲ့”
“အေး … အေး … ဟေ့ကောင် စာမေးပွဲ ဖြေနိုင်သယ် မဟုတ်လား”
“မဖြေနိုင်ဘူးဗျ”
အေးဆောင်မှာ ‘ဟေ’ တစ်လုံးသာ မြည်နိုင်ပြီး ပါးစပ်အဟောင်းသားဖြင့် ကျန်ခဲ့သည်။
“ဟဲ့. . . လူလေး၊ စောစောစီးစီး ဘယ်သူတုံး”
အမေက ဘုရားကျောင်းဆောင်အောက် ပြတင်းပေါက်မှ ခေါင်းထုတ်လျက် မေးသည်။
“ငွေအိုးပါ အမေ”
“ဘာတဲ့တုံး၊ သူ့အမေ နေကောင်းထိုင်သာ ရှိရဲ့လား မမေးလိုက်ဘူးလား”
“ဟုတ်ကဲ့ … မမေးလိုက်ဘူး အမေ၊ နေကောင်းလို့ ဘာမှပြောမသွားသာ ဖြစ်မှာပါ”
ယနေ့ တောလည်မည် စိတ်ကူးလျက် မြားကျည်တောက်နှင့် ပြောင်းဝါးကို အေးဆောင် အသင့် လုပ်ခဲ့ငြား မြသွယ်ထံမှ အမိန့်လာသောကြောင့် ပြင်ဆင်ရတော့မည်။ အိမ်သို့ လူကိုယ်တိုင်လာလျှင် ဖြစ်ပါလျက်နှင့် ယာထဲသို့ ချိန်းသည်မှာ အကြောင်းရှိလိမ့်မည်။
ထို့ကြောင့် ယာထဲသို့သွားမည်။
ယာနှစ်ခင်းမှာ ထန်းပင်ပေါက်ကလေးတွေသာ ခြားထားသည်။ အေးဆောင်၏ပေါက်ပြားက မြသွယ်တို့ထံ ရောက်နေသည့်နည်းတူ မြသွယ်တို့ တူးရွင်းကလည်း အေးဆောင်ထံ ရောက်နေတတ်၏။ သည်နှယ် ထွေးရောယှက်တင် ဖြစ်နေသူများကို အပင်ပန်းခံပြီး မသမုတ်။ တစ်နေ့နေ့တွင် ယူကြလိမ့်မည်ဟု ခန့်မှန်းထားကြသည်။
မြသွယ်ထံမှ အမိန့်လာသောအခါ အေးဆောင်မှာ လှည်းပြင်ရတော့သည်။
ယာထဲသို့ လှည်းမပါဘဲသွားလျှင် အိမ်မှာကျန်ခဲ့သော နွားများကို အမေ ကျွေးရတော့မည်။ နွား တစ်ကောင်၏ ဝမ်းဗိုက်သည် လူထက် ခုနစ်ဆလောက်ရှိရာ နွားတစ်ရှဉ်းကို အလုပ်တစ်ခုလုပ်ကာ
ကျွေးရသော အမယ်ကြီး ဖေးဖေးလှုပ်ရော့မည်။
ထိုနွားတစ်ရှဉ်းကို ယာထဲတွင် လွှတ်ထားပါက ဝါရွက်အကြမ်းကြီးတွေကို မစားမှာ သေချာသည်။ ဝါ ခင်းထဲရှိ မြက်နှင့် ချုံနွယ်များကို စားလိမ့်မည်။ ဤနည်းဖြင့် အမေလည်း သက်သာ၊ နွားစာလည်း တစ်နေ့တွက် ခိုပြီးသား ဖြစ်သွား၏။
သို့ကြောင့် အေးဆောင် လှည်းပြင်သည်။
ဘူးသီးခြောက်ရေဘူးနေရာတွင် ပလတ်စတစ်ရေဘူးအစား ဝင်ရောက်နိုင်ငြား ဓားနှင့် မှိန်းမှာကား ယခင်အတိုင်းပင်။
“ဟဲ့. . . ထမင်းစားသွား”
“ယာထဲကျမှ စားတော့မယ် အမေ”
“ညတုန်းက ထမင်းကြမ်းကျန်သာ များသွားသယ်။ အဲသာကြောင့် စားသွား”
မိမိမစားလျှင် အမေစားတော့မည်။ သို့ကြောင့် အေးဆောင်သည် ထမင်းထုပ်ထဲသို့ များများထည့်ကာ တဝတပြဲစားပြီးမှ လှည်းပေါ်တက်ခဲ့သည်။
ထိုအချိန်တွင် မြင်ကွင်းမှာ မှုန်ဝါးလာ၏။
“ဟဲ့… နွားမတပ်နဲ့အုံး၊ မြူဆိုင်းလာသယ်”
မြူသည် နှင်းမဟုတ်။ သို့ရာတွင် နှင်းနှယ် တဖွဲဖွဲကျသည်။ ဝေနေ အုံ့ဆိုင်းနေတတ်သည်။
“မြူပဲ အမေရာ … ရပါသယ်၊ အမေသာ မီးဖိုကို ဂရုစိုက်”
အေးဆောင်သည် ပြောပြောဆိုဆို လှည်းတပ်သည်။ ကြွရွနေသော နွားတစ်ရှဉ်းမှာ နှင်တံမပြရဘဲ အတင်းပြေးသည်။ နဘူးချုံများ၊ ကုန်းဗေဒါများကို ကျော်လာပြီ။ မြူမစဲသေးငြား နွားနှစ်ကောင် အသွားမှန်လာသည်။
လမ်းကွေ့သို့ ရောက်လာသည်။ နွားနှစ်ကောင်မှာ လူက တစ်စုံတစ်ရာ မလုပ်ရဘဲ ကွေ့သည်။ အေး ဆောင်က လက်ဝဲဘက်ရှိ မန်ကျည်းတောထဲသို့သာ အကြည့်ရောက်နေသည်။ ကုန်းဗေဒါတောမှာ အေး ဆောင်ကလွဲလျှင် လှုပ်ရှားမှုမရှိ။
တောမှာ မန်ကျည်းပင်တွေ အုပ်ဆိုင်းနေငြား မြေပြင်မှာမူ ကုန်းဗေဒါက မင်းမူနေသည်။ ကုန်းဗေဒါများအဆုံးတွင် ဇီးတောရွာမှ ကျော်ဇင်ဦးတို့ယာရှိသည်။
ထိုနေရာမှာ အနိမ့်ပိုင်း ဖြစ်နေသဖြင့် ကျော်ဇင်ဦးတို့ယာထဲသို့ မဝင်၊ လွတ်နေ၏။ ပွေးစုန့်တွေ စီရရီမြင်ရ၏။ အေးဆောင်၏ မျက်လုံးများက ပွေးစုန့်အခြောက်များကြားမှ ထူးထူးခြားခြား ရောက် နေသော ပွေးစုန့်အစိုကို မျက်မှန်းတန်းမိသည်။
“သည်ပွေးစုန့်က ဘာသဘောတုံး”
အေးဆောင် လှည်းပေါ်မှ ဆင်းသည်။ နွားနှစ်ကောင်က လှည်းကို ဆက်ဆွဲသွားသလော ရပ်နေသလော သူ သတိမထားမိတော့ပေ။ ပွေးစုန့်အစိုကို မျက်တောင်မခတ်ဘဲ ချဉ်းကပ်သွားစဉ် ယာခရိုး သည် ပြိုကျလာ၏။
“ဟ. . . ဟ. . . ဘာဖြစ်တာတုံး”
အေးဆောင် လန့်ဖျပ်ပြီး နောက်သို့ ဆုတ်လိုက်စဉ် ယာခရိုးအပြိုကြားမှ ကျော်ဇင်ဦး၏မျက်နှာ ပေါ် လာ၏။
“တော်တော်လူပါးဝသဲ့ ပွေး”
ကျော်ဇင်ဦးတို့ ယာထဲတွင် နှမ်းပင်တွေရှိသည်။ ထိုနှမ်းပင်တွေကြားမှာလည်း ပွေးစုန့်တစ်စုန့်။ အရွယ် အစားချင်းမှာ အေးဆောင်မျက်မှန်းတန်းမိသော အစုန့်နှင့် အရွယ်အစားတူနေသည်။
ယာခရိုးမှာ ရှားစောင်းလက်ညှိုးနှင့် ပရန္နဝါပင်များရောနေ၏။ ကျော်ဇင်ဦးသည် ဖြစ်ထွန်းရန် ခက်ခဲသော ရှားစောင်းလက်ညှိုးပင်ကို တူးရွင်းဖြင့်ထိုးကော်ပစ်သည်။ ထိုနေရာကို တူးသည်။
“ဒေါသမကြီးနဲ့လေ။ ဒေါသကြီးရင် ပွေးလမ်းပျောက်သွားတတ်သယ်”
နှမ်းပင်များကြားတွင် အစုန့် တစ်စုန့် ထိုးပြီးနောက် ယာအပြင်တွင် တစ်စုန့် လာထိုးသည်။
“သည်ယာသမားဟာ ခရိုးကို ဖျက်ပြီး မလိုက်ပါဘူး”
ဟူသောသဘောဖြင့် ကုန်းဗေဒါများကြား၌ တစ်စုန့်ထိုးသလော။
နှမ်းပင်တွေအောက်၌ လိုဏ်ခေါင်းမဖောက်ဘဲ မည်သို့လျှင် အပြင်မှ အစုန့်နှင့် အတွင်းမှအစုန့်တို့ ဆက်သွယ်ပါမည်နည်း။
မိုးနည်းသဖြင့် နှမ်းပင်တွေ ပလူမွေးပလူတောင် ရှိသည်တွင် နှမ်းပင်တွေအောက်၌ လိုဏ်ခေါင်းလာတူးသောအခါ ထိုနှမ်းပင်တွေ သွားပြီ။
သို့အတွက် ကျော်ဇင်ဦး ဒေါသထွက်နေ၏။
အေးဆောင်မှာလည်း ပွေးဆိုလျှင် အချိန်မရွေး နေရာမရွေး အမဲလိုက်သူဖြစ်၏။ ကျော်ဇင်ဦးတို့ယာနှင့် အေးဆောင်၏ယာမှာ အလှမ်းဝေးသည် ထင်ရငြား ပွေးအတွက်မူ တစ်ညခရီးသာ ရှိသည်။ သို့ကြောင့် ကျော်ဇင်ဦးထံမှ တူးရွင်းကို လှမ်းယူသည်။
ကျော်ဇင်ဦး၏ တူးရွင်းမှာ သံပိုက်လုံးကို အဖျားဖြန့်ထားခြင်း ဖြစ်သည်။ သို့အတွက် အေးဆောင် သည် ပွေးတွင်းကို မတူးဘဲ လိုဏ်ခေါင်းထဲသို့ အရိုးကိုထိုးသွင်းသည်။ ဆွဲမသည်။ တူးနေလျှင်ကြာသည်။ ဆွဲမသောအခါ တစ်လံမျှအက်ပြီး ပြိုကျလာ၏။
“ခင်ဗျားနည်းက ကောင်းသဗျို့”
ကျော်ဇင်ဦးက ခရိုးရှင်းရာမှ လှမ်းပြော၏။
“ကောင်းပေမယ့် အမြဲမရဘူးကွ”
ပွေးသည် သူ၏လိုဏ်ခေါင်းကို အပေါ်သို့မော့ပြီး တူးလျှင် လိုဏ်ခေါင်းအမိုး ပါးသွားပြီ။ သည်အခါ မျိုးတွင် ပွေးတွင်းထဲသို့ တူးရွင်းရိုး ထိုးသွင်းလျက် ဆွဲမပါမူ တစ်တောင်၊ တစ်တောင့်ထွာမှာ အသာ ကလေး ပြိုကျ၏။
သို့ရာတွင် ပွေးလမ်းကြောင်း အောက်သို့ စိုက်ခိုက်ဖြစ်ပါက ပွေးလမ်းကြောင်းအမိုးသည် ထူသွားပြီ။ လိုဏ်ခေါင်းထဲသို့ တူးရွင်းရိုးထိုးပြီး မပါက ခါးနာခြင်းသာ အဖတ်တင်မည်။ ပွေးတွင်းကား မပြို။
ပွေးသည် ကျော်ဇင်ဦး လိုက်လာမှန်းသိ၏။ သည်အတိုင်း လျှောက်ပြေးနေ၍မဖြစ်။ အထူးသဖြင့် တူးရွင်းရိုးထိုးပြီး ဖြိုချနေပုံမျိုးဖြင့်သော် မရှုမလှခံရမည်။ မြေကြီးကို ပါးစပ်ဖြင့် ကိုက်ချ၊ လက်နှစ်ချောင်းဖြင့်ယက်ပြီး နောက်သို့ပို့။ သည်ပုံဖြင့် ရေရှည်မသွားနိုင်။
သို့ကြောင့် ပွေးသည် ကျစ်စာထိုး၏။ ပွေးလိုဏ်ခေါင်းထဲတွင် မြေကြီးတွေ ပြည့်နေခြင်းကို ကျစ်စာထိုးသည်ခေါ်၏။
မည်ကဲ့သို့တူးမည်နည်း။ ပွေးမုဆိုးမှာ နားဝေတိမ် တောင် ဖြစ်ရတော့သည်။
“ပွေးက ပွေးပါးဗျ။ သူ့နောက်ကို လူလိုက်လာမှန်းသိလို့ ကျစ်စာထိုးပစ်ခဲ့သဗျ”
“တအားမဖိနဲ့”
ကျော်ဇင်ဦး လက်လျှော့မည်သို့ မောသံကြီးဖြင့် တူးရွင်းကို ပစ်ချ၏။ အလိုက်မတတ်သဖြင့် တစ်ကိုယ် လုံး မြေမှုန်လူးကာ သရဲရုပ်ပေါက်နေ၏။
“သူ့နောက်ကို လူလိုက်နေကြောင်းလည်း သိမယ်။ အတွေ့အကြုံရှိသဲ့ ပွေးလည်း ဖြစ်မယ်ဆိုရင်တော့ သတိထားဟေ့”
အေးဆောင်က လိုဏ်ခေါင်းပျက်ကို လူအားဖြင့် ဖိနင်းရင်းပြောသည်။
“ဘာလဲ. . . ကျစ်စာထိုးပစ်ခဲ့မှာကို ပြောသာမဟုတ်လား”
“ဟာ. . . ကျစ်စာထိုးသာက အသာကလေး စိတ်ရှည်လက်ရှည် ဖြိုချရင် ရသေးတယ်။ လမ်းနှစ်ခွ
လုပ်ထားမှခက်သာ။ ဘယ်ဘက် လိုက်ရကောင်းနိုး၊ ညာဘက် လိုက်ရကောင်းနိုးနဲ့ များသောအားဖြင့် လက်လျှော့သွားသာ များသကွ”
ကျော်ဇင်ဦး ခေါင်းညိတ်သည်။ ယခု သူလိုက်နေသော ပွေးက ထိုသို့ လုပ်ခဲ့သော် သူ မည်သို့လုပ်မည် နည်း။
“အေးဗျ … ကျုပ်တော့ ဘာမျှ လုပ်တတ်မှာ မဟုတ်ဘူး”
“ပွေးဟာ ပြေးလို့မလွတ်တော့ဘူးလို့သိရင် ဘာလုပ်လေ့ရှိသတုံး”
ကျော်ဇင်ဦးကား အေးဆောင်ကို မမီပေ။ သို့ကြောင့် အေးဆောင်ကိုသာ ပြန်ကြည့်လျက်
“အေးဗျ၊ ကျုပ်လည်း လိုက်တော့ လိုက်သာပဲဗျ”
ဟု မပြတ်မသား ဖြေသည်။
“မင်း မှတ်ထား၊ ပွေးရဲ့အကျင့်က ပြေးလို့မလွတ်တော့ဘူး ထင်ရင် သစ်ပင်ကြီးကြီးရှိရာကို ပြေးတော့သာပဲ”
ကျော်ဇင်ဦးမှာ ‘ဗျာ’ တစ်လုံးသာ အော်ပြီး မှင်တက်မိနေရာက အတန်ကြာမှ မျက်တောင်ပုတ်ခတ် ပုတ်ခတ်လုပ်ကာ မေး၏။
“သစ်ပင်အကြီးအသေးကို ပွေးက သိပါ့မလား”
ထိုသို့မေးသောအခါ အေးဆောင်က …
“ဟ . . . မြေအောက်မှာ ကျက်စားနေသဲ့ကောင်ရဲ့ မိတ်ဆွေက သစ်မြစ်ပဲကွ။ မြစ်မွှေးကလေးတွေ၊ မြစ်မွှားတွေ၊ မြစ်သေး မြစ်မွှား စုံနေသာကို ပွေးက တို့ထက်သိသာပေါ့”
“ဟုတ်ရဲ့လားဗျာ”
အေးဆောင်မှာ ကျော်ဇင်ဦးနှင့် မသိပါ။ ယခု သိမည်သို့ရှိတော့မှ ရှမ်းလွယ်အိတ်မှန်း သိသည်။ ခံပြင်း စရာကောင်းငြား အေးဆောင် သည်းခံလိုက်သည်။
“ဟုတ်သာပေါ့ကွာ။ ပွေးဟာ ဆက်ပြေးနေရင် သေနိုင်သယ်ဆိုသာ ရိပ်မိသဲ့အချိန်မှာ သစ်ပင်ကြီးရှိရာ ပြေးတော့သာပဲဟေ့။ သစ်မြစ်ကြို သစ်မြစ်ကြားမှာ လူက မတူးတတ်ဘူး မဟုတ်လား”
ကျော်ဇင်ဦးမှာ ခေါင်းတညိတ်ညိတ်ရှိနေသဖြင့် သစ်မြစ်ကြားဝင်နေသော ပွေးအကြောင်းပြောရန် ‘အမှန်တော့’ဟု စကားချီလိုက်သည်တွင်
“သမယ်ကိုအေးဆောင်”
ဟူသော တုံ့ပြန်သံထွက်လာသည့်အတွက် ဟယ်ခနဲအော်ကာ ထရပ်မိလေတော့သည်။
သူ့ကို ယာထဲတွင် ဆုံကြရန် ငွေအိုးကို စောစောစီးစီး အပြောလွှတ်ခဲ့သည် မဟုတ်သလော။ သူကလည်း မြသွယ်၏ ထိုချိန်းဆိုချက် စကားအရ တောလည်မည့်အစီအစဉ်ဖျက်ပြီး ယာထဲသို့ ထမင်းတစ်ထုပ်ဖြင့် လာခဲ့သည်မဟုတ်လော။
“ရှင့်လှည်းနဲ့ နွားတွေ ဘယ်ရောက်ကုန်ပြီတုံး”
ကျော်ဇင်ဦး၏ ယာခရိုးကို အေးဆောင် ကျောပေးသည်။ ပြေးသည်။ သူ့နွားတစ်ရှဉ်းသည် လှည်း တန်းလန်းဖြင့် ယာတံခါးတွင် ကန့် လန့်ဖြစ်နေသည်။ အတိုင်နွား လုပ်သမျှကို အလှည့်နွားက သဘော ကောင်းစွာဖြင့် အလိုလိုက်သည့်အတွက် အနောက်အရပ်သို့ ဦးတည်ပြီး မောင်းလာခဲ့သော လှည်း သည် ယခု အရှေ့အရပ်သို့ဦးတည်နေပြီ။
အေးဆောင်သည် ဆဲဆဲဆိုဆိုဖြင့် ယာတံခါးကိုဖွင့်၏။ လှည်းကို မောင်းသွင်း၏။
“ကဲ… ပါးစပ်သရမ်းချင်သလောက် သရမ်းကြပေတော့”
နွားနှစ်ကောင်ကို လှည်းမှဖြုတ်သည်။ ကန်ကြိုးကြောင့် ကသိကအောက်မဖြစ်စေရန် ချိုတွင် ပတ် ပေးလိုက်သည်။ ထို့နောက် စိတ်အေးလက်အေးဖြင့် မြသွယ်တို့ယာဘက်သို့ ကူးခဲ့သည်။
သို့သော် မြသွယ် မရှိ။
ချဉ်ပေါင်ပင်တောတွင် မြသွယ် မရှိ။
“ဟဲ့. . . ကောင်မလေး”
ငရုတ်ခင်းနှင့် ခရမ်းချဉ်ခင်း၌လည်း မရှိ။
“ဒုက္ခပဲ”
အေးဆောင် ခေါင်းကုတ်သည်။ မြသွယ်တို့ ယာခရိုးတံခါးသည် ပိတ်သွားလေပြီ။
“အင်း. . . စိတ်ဆိုးသွားသာကိုး”
အေးဆောင်သည် ခေါင်းကုတ်မြည်တွန်ရင်း ခေါင်းပေါ်သို့ မော့ကြည့်သည်။ နေလုံးကြီးသည် ခေါင်း ပေါ်၌ မရှိပြီ။ အနောက်တောအုပ် ခင်တန်းထဲသို့ ထိုးဆင်းနေပြီ။
ကျော်ဇင်ဦး၏ ပွေးကို ခဏတစ် ဖြုတ်အဖြစ် ဝင်လုပ်မိရာ တစ်နေကုန်မှန်းမသိ ကုန်သွားပြီ ဖြစ်လေ သည်။ ။
ငွေတာရီ မဂ္ဂဇင်း
– ပြီး –
စာရေးသူ – ဆင်ဖြူကျွန်းအောင်သိန်း
စာစီစာရိုက် – မုဆိုး တံငါ စာပေများ