——————

ခြံဝကိုရောက်တော့ အိမ်လေးကိုကြည့်ပြီး ကျွန်မ အံ့သြသွားတယ်။

အလို…ကျွန်မ ဒီအိမ်လေးကို သော့ပိတ်ထားခဲ့တာ သုံးနှစ်လောက်ရှိပြီ။

ခုတော့ ပြတင်းတံခါးတွေဖွင့်ထားပြီး ခန်းဆီးလိုက်ကာလေးတွေ တလွင့်လွင့်နဲ့ပါလား။

နှာခေါင်းထဲကို သနပ်ခါးပန်းနံ့လေး မွှေးကနဲအရမှာ ခြံထဲကြည့်လိုက်တော့ ပန်းအိုးလေးတွေ အစီအရီ။ မနေဖြစ်သေးလို့ ကျွန်မ ဘာပန်းမှစိုက်မထားပါဘူး။

တစ်ခုခုတော့လွဲနေပြီ။ ခြံဝမှာလည်း ခေါင်းလောင်းလေးတစ်လုံးချိတ်ထားလေရဲ့။

ခေါင်းလောင်းလေးကိုလှုပ်လိုက်တော့ မိန်းမငယ်တစ်ယောက် အိမ်ပေါ်ကနေ ဆင်းပြီး ကျွန်မဆီလျှောက်လာနေပါတယ်။

နီးလာလေ သူမကသိပ်လှပါလားလို့ တွေးနေမိတယ်။ဘာလဲသိရအောင် စကားကို ထိန်းပြောမှ။

“ညီမ၊ ဒါ..ကိုမြင့်သိန်းထွန်းအိမ်လား”

“ဟုတ်ပါတယ်မမ၊ ကိုကိုတော့မရှိဘူး”

ကိုကိုဆိုပါလား၊ ဒါဆို….

“မမက သူ့မိတ်ဆွေပါ၊ သန်လျင်ကို ဘုရားဖူးလာရင်း ဝင်နှုတ်ဆက်တာ၊ အိမ်ပေါ်မှာ ခဏနားလို့ရမလား”

“ရပါတယ်။ လာပါမမ”

ကျွန်မရှေ့ကလျှောက်သွားတဲ့ မိန်းကလေးရဲ့ ကောက်ကြောင်းလှလှလေးကို ကြည့်ပြီး ရိပ်မိစပြုလာပါပြီ။

ခုတော့ ကျွန်မ အမြတ်တနိုးဝယ်ထားတဲ့အိမ်ပေါ်ကို ဧည့်သည်အနေနဲ့ တက်လာခဲ့ရပါတယ်။

“ခဏနော်မမ”

“ဘာမှမလုပ်ပါနဲ့ညီမ၊ ခုဘဲ ထမင်းစားလာတာ”

“ရေနွေးကြမ်းနဲ့ ကော်ဖီလေးတော့သောက်သွားပါနော်”

ပြောပြောဆိုဆို သူအိမ်ထဲဝင်သွားတော့ ဒီအိမ်လေးဝယ်ခဲ့တုန်းကအကြောင်းတွေ ကျွန်မခေါင်းထဲဝင်လာတယ်။

လွန်ခဲ့တဲ့ သုံးလေးနှစ်က အလှူတစ်ခုကိုလာရင်း လမ်းထိပ်မှာ အိမ်ရောင်းရန်ရှိသည် လို့ရေးထားတာနဲ့ ဝင်ကြည့်လိုက်တာပါ။

ပေ ၄၀×၆၀ မြေကွက်ပေါ်မှာ တခြမ်းကပ်ပြီးဆောက်ထားတဲ့ ခြေတံရှည်သစ်သားအိမ်လှလှလေးကိုတွေ့လိုက်ရတော့တာပါဘဲ။တွေ့တွေ့ချင်း သိပ်ကြိုက်သွားတယ်။

လှေကားခုနစ်ထစ်ကို တက်လိုက်ရင် ဆင်ဝင်ပုံစံလေး၊ ရှေ့တည့်တည့်က အခန်းလေးက ဧည့်ခန်း ၊ တဖက်တချက်မှာ ခုံမြင့်မြင့်နဲ့ ကြေးပန်းအိုးထဲ စိုက်ထားတဲ့ ဂမုန်းတွေကစိမ်းစိမ်းစိုစို။

ညာဘက်ဘေးမှာ ဆင်ဝင်ကနေ အိမ်မကြီးဆီဝင်လို့ရသလို၊ ဧည့်ခန်းကနေလည်းဝင်လို့ရအောင် တံခါးပေါက်နှစ်ခုရှိတယ်။

အိမ်မကြီးမှာ အိပ်ခန်းကျယ်နှစ်ခန်း၊ ထမင်းစားခန်း၊ မီးဖိုချောင်။အိမ်သာကတော့ အပြင်ဘက် မလှမ်းမကမ်းမှာ။
(၁၉၉၅ခုနှစ်)

အိမ်ရှင်တွေက လိုက်ပြအပြီးမှာ သူတို့အကြောင်းပြောပြပါတယ်။

တရုတ်နွယ်ဖွားတွေမို့ ထိုင်ဝမ်ကို အပြီးပြောင်းတော့မှာမို့ ရောင်းရတာပါတဲ့။ အဲဒီလိုနဲ့ ကျွန်မ ဝယ်ဖြစ်သွားတယ်။

ဒါပေမယ့် ကျွန်မ အမျိုးသားတာဝန်ကျတဲ့ဆီလိုက်နေရင်း မနေဖြစ်ဘဲ ပိတ်ထားရတာပါ။တွေးနေတုန်းမှာဘဲ..

“မမ၊ သောက်လိုက်ပါဦး”

“အေးညီမလေး၊ ဒီမှာနေတာကြာပြီလား”

“နှစ်နှစ်လောက်ရှိပြီမမ”

“စိတ်မဆိုးနဲ့နော်၊ ကိုမြင့်သိန်းထွန်းက ညီမ အမျိုးသားလား”

“ဟုတ်ပါတယ်မမ”

“သူ့မှာ ဇနီးရှိတာ ညီမ မသိဘူးလား”

“သားသားကိုယ်ဝန်ရှိတော့မှသိတာပါ”

“ကလေးက ဘယ်အရွယ်လဲ”

“ရှစ်နှစ်ရှိပါပြီ၊ ကျောင်းသွားပါတယ်”

မြတ်စွာဘုရား၊ ကလေးအသက်ရှစ်နှစ်ရှိမှ ကျွန်မသိရသတဲ့လား။

“မမက ကိုကို့ဇနီးနဲ့ပါသိတာလား၊ ပြန်မပြောပါနဲ့နော်၊ တောင်းပန်ပါတယ်”

“မပြောပါဘူး၊ သူနဲ့ဘယ်လို စတွေ့တာလဲ”

“ညီမ လှယဥ်ကျေးမယ်ပြိုင်ပွဲဝင်ရင်း တွေ့ကြတာ၊ သထုံကနေ ရန်ကုန်မှာ လာပြိုင်တာပါ”

“အဖေ ၊ အမေတွေရှိသေးလား”

“ရှိပါတယ်မမ၊ ပင်စင်စားတွေ၊ အရှက်အကြောက်ကြီးတော့ ညီမတို့ကိစ္စကို တိုးတိုးတိတ်တိတ်ပဲ ဖြေရှင်းလိုက်ရတယ်”

“ကလေးကို ဘယ်မှာမွေးလဲ”

“မော်လမြိုင်က ကိုကို့အသိအိမ်မှာနေပြီး ဆေးရုံမှာမွေးတာပါ”

“မေမေ”

ခေါ်ပြီးပြေးတက်လာတဲ့ ကလေးလေးကို တွေ့လိုက်ရတော့
ကျွန်မအံ့သြသွားတယ်။ မောင်နဲ့ တထေရာထဲတူအောင် မွေးလည်းမွေးတတ်ပ။ မိန်းမပီပီ မနာလိုစိတ်ဖြစ်မိတယ်။

“သွားတော့မယ်နော်ညီမ”

“ဟုတ်ကဲ့မမ၊ ဘာနဲ့လာလဲ”

“တူလေးတစ်ယောက်လိုက်ပို့တာ၊ လမ်းမကောင်းတာနဲ့ လမ်းထိပ်မှာစောင့်နေတယ်”

“သားသားတို့ကျောင်းကားအကြီးတွေပဲဝင်လို့ရတယ်မမ၊ လမ်းကအတော်ပျက်စီးနေပြီ”

“သားလေးက ဘယ်ကျောင်းမှာလဲ”

“…….International School မှာပါ”

“အော်ဟုတ်လား၊ သွားပြီနော်ညီမ”

လမ်းမပေါ် လျှောက်လာရင်း ကျလာတဲ့မျက်ရည်တွေကို သုတ်လိုက်ရပါတယ်၊ ဒီကိစ္စ ဘယ်သူမှသိလို့မဖြစ်ဘူး၊

အဲဒါ..ကျွန်မ မောင့်ကို သိပ်ချစ်လို့..

ဆက်ရန်….

+++++++ +++++++ +++++++ ++++++ ++++++

ပွဲတက်မယား(အပိုင်း_၂)

မောင်နဲ့ကျွန်မက ပဲခူးကပါ။ တစ်ရပ်ကွက်ထဲမှာနေပြီး ကျောင်းလည်းတူပါတယ်။

မောင်က ကျွန်မထက် နှစ်တန်းကြီးလို့ သူငယ်ချင်းတော့မဟုတ်ပါဘူး။

အသားဖြူပြီး အရပ်မြင့်မြင့်နဲ့ ရုပ်ချောတဲ့ မောင့်ကို ကျောင်းသူအတော်များများ စိတ်ဝင်စားကြတယ်။

လူလတ်တန်းစားတွေနေတဲ့ ရပ်ကွက်မှာ ပိုက်ဆံရှိတဲ့ ကျွန်မအဖေက သာရေးနာရေးဆို ရှေ့ဆုံးကဦးဆောင်တယ်။ ရပ်ကွက်ထဲမှာ သြဇာရှိတယ်ဆိုပါတော့။

ဆင်းရဲတဲ့ မုဆိုးမရဲ့သား မောင်က လိမ္မာပြီးစာတော်တော့ လူတိုင်းရဲ့ ချီးမွမ်းခံရတယ်။ ကျွန်မအဖေကအစ စာညံ့တဲ့သမီးကို ဆူရင်

“ဒေါ်ရင်မေ့သားလေးများ စာတော်လိုက်တာ၊ နှစ်တိုင်းဆုရတယ်၊ ငါ့သမီးလေးလည်း စာတော်ရင် ကောင်းမှာဘဲ” တဲ့လေ။

ကျွန်မရှစ်တန်းအောင်တဲ့နှစ်မှာ မောင်က ဆယ်တန်းကို ဂုဏ်ထူးသုံးဘာသာနဲ့ အောင်တယ်။ကျောင်းဆက်မတက်နိုင်တော့ အရာရှိသင်တန်းလျှောက်တယ်တဲ့။

တစ်ရက် ကျောင်းသွားကာနီး မိုးတွေတအားရွာနေတယ်။ထီးလေးဆောင်းပြီး အိမ်ကအထွက်မှာ မိုးရေတွေထဲ ပိတောက်ပန်းတွေကိုင်ပြီး စောင့်နေတဲ့ မောင့်ကိုမြင်တော့ ရင်ထဲဒိန်းကနဲ ဖြစ်သွားတယ်။

ကျွန်မနောက်ကလျှောက်လိုက်လာတော့ ရင်တွေတုန်ပြီး သွက်သွက်လေးလျှောက်နေမိတယ်။

“အေးမော်၊ ငါ့ကို ခဏစောင့်ပါဦး”

“ဘာလုပ်မလို့လဲ”

“ငါလေ မနက်ဖြန် မန္တလေးမှာ ဒု ရဲအုပ်သင်တန်း သွားတက်ရတော့မယ်၊ နင့်ကိုနှုတ်ဆက်ချင်လို့၊ ရော့နင့်အတွက်ပိတောက်ပန်းတွေခူးလာတယ်”

ယောင်ပြီး သူပေးတဲ့ပိတောက်ပန်းတွေ ယူပြီး မိုးရွာ ရပ်နေမိတယ်။

“သွားတော့ ၊ နင်မိုးစိုနေပြီ၊ ငါလေ နင့်ကိုချစ်တယ်”

ပြောပြီး မိုးရွာထဲ ထွက်ပြေးသွားတဲ့ သူ့ကိုကြည့်ရင်း ကျွန်မ ရင်တွေခုန်လိုက်တာ။

စာညံ့တဲ့ကျွန်မ ဆယ်တန်းအကြိမ်ကြိမ်ကျနေတုန်းမှာ မောင်က သင်တန်းဆင်းလာပြီး အရာရှိပေါက်စပေါ့။ ကျွန်မတို့နှစ်ယောက်လည်း ချစ်သူတွေ ဖြစ်သွားကြပြီ။

“မောင်က ရုပ်ဆိုးတဲ့ကျွန်မကို ဘာလို့ကြိုက်တာလဲ”

“မော့်ကို ရုပ်ဆိုးတယ်လို့ ဘယ်သူကပြောလဲ”

“အသားကညို၊ ပိန်လည်းပိန်သေး ဘယ်မှာလှလို့လဲ”

“နက်မှောင်နေတဲ့ဆံပင်ရယ်၊ ရီနေတဲ့မျက်လုံးလေး၊ မေးဖျားကမှဲ့နက်နက်လေးနဲ့ မော့်ကိုမောင်က ချစ်မိသွားတာ”

ကျွန်မတို့နှစ်ယောက် ချစ်သူဖြစ်ပြီး မကြာခင် မောင်က တောင်ငူမှာတာဝန်ကျလို့ ပြောင်းရတော့မယ်ဆိုလို့ ငိုလိုက်ရတာ။

မောင်က သူနဲ့မခွဲနိုင်ရင် တခါထဲလိုက်ခဲ့ဆိုတာနဲ့ ကျွန်မ မောင့်နောက်ခိုးရာလိုက်ခဲ့တယ်။

အဖေက ကျောင်းထားချင်ဇောနဲ့ ကျွန်မမွေးသက္ကရာဇ်ကို ပြင်ထားတော့ မောင့်နောက်ခိုးရာလိုက်ချိန်မှာ ကျွန်မအသက်ဆယ့်ခုနစ်နှစ်ပဲ ရှိသေးတယ်။

ကျွန်မအဖေစိတ်ဆိုးပြီး အတင်းလိုက်ခွဲမယ်လုပ်သေးတယ်။ အရပ်ထဲကလူကြီးတွေ ဝိုင်းပြီးနားချတော့မှ အဖေကသဘောတူတာပါ။ ပဲခူးမှာပဲ မင်္ဂလာဆွမ်းကပ် လက်ထပ်ပေးတယ်။

ေမာင်နဲ့အတူ ယယယယတောင်ငူမှာလိုက်နေတော့ အနေအေးပြီး စိတ်ထားကောင်းတဲ့ ယောက္ခမနဲ့ သားအမိလိုပါဘဲ။

ကျွန်မချို့ယွင်းချက်က သွေးလေမမှန်တာပါ။ ရာသီလည်းထိန်တတ်တယ်၊ ဝမ်းလည်းချုပ်တတ်တယ်။ အဲဒါတွေကြောင့် ကျွန်မအသားအရည်က ညိုညစ်ညစ်နဲ့။

အရာရှိမောင့်ကြောင့် ပွဲတွေ ခဏ ခဏတက်ရတဲ့အခါ မိတ်ကပ်လိမ်းရင် ပြာသွားရော။ပိန်တဲ့ခန္ဓာကိုယ်က ဝတ်စားရတာ ချပ်ချပ်ရပ်ရပ်ရှိပေမယ့် မလှဘူး။ ခါးသေးသေးလေးမို့ တော်ပါသေးရဲ့။

ကိုယ့်ကျန်းမာရေးကို ဂရုမစိုက်အားပါဘူး၊ သာရေးနာရေးတွေနဲ့ အလုပ်ရှုပ်နေတာပါ။ နောက်ထပ် ပြောင်းတဲ့မြို့တွေ ၊ ရွာတွေလိုက်နေရပြီး သားသမီးမရတာပဲ ကောင်းပါတယ်လေလို့ ကျွန်မထင်မိပါတယ်။

တကယ်တော့ မောင်က ကလေးချစ်တတ်တယ်၊ လိုချင်နေတယ်ဆိုတာ သူဖွင့်မပြောလို့ မသိခဲ့ရပါဘူး။

အိမ်ထောင်သက် ဆယ့်တစ်နှစ်လောက်ရှိတော့ ကျွန်မ အဖေ လေဖြတ်သွားတယ်။

အမေက ဝဝဖိုင့်ဖိုင့်၊ အဖေ့ကို မပြုစုနိုင်တော့ ပဲခူးမှာ ကျွန်မပြန်နေရတယ်။

မကြာခင် မောင်လည်း ရာထူးတိုးနဲ့ ရန်ကုန်ပြန်ရောက်လာတယ်။
ပဲခူးနဲ့ ရန်ကုန်ဆိုတာ အိမ်ဦးနဲ့ ကြမ်းပြင်မို့ မောင်က ရုံးပိတ်ရက်တိုင်း ရောက်လာသလို ကျွန်မလည်းမောင့်ဆီ မကြာမကြာရောက်ပါတယ်။တစ်ညအိပ်လောက်ပါဘဲ။

မောင်ကပဲ ပိရိတာလား။ တပည့်တွေက သစ္စာရှိတာလား။ဒါကြောင့် ကျွန်မအခုမှသိရတယ်။

ချောချောလှလှ၊ တောင့်တောင့်ဖြောင့်ဖြောင့် မိန်းမတွေတွေ့ရင် မောင် ငေးကြည့်တတ်တာ သတိထားမိပြီး စိတ်မကောင်းဖြစ်ခဲ့ဘူးပေမယ့် ခုလိုလုပ်သွားလိမ့်မယ်လို့ မထင်မိဘူး။

အရင်ကတော့ မလှတာ ကိစ္စမရှိဘူး၊သပ်သပ်ရပ်ရပ်ဝတ်စားတတ်ရင်ရပြီလို့ထင်ပြီး ဖြစ်သလိုနေခဲ့တဲ့ ကျွန်မ ခုတော့လှချင်လာပြီ။

ပဲခူးပြန်ရောက်တော့ အိမ်ရောင်းပြီး ရန်ကုန်ပြောင်းဖို့ အမေနဲ့တိုင်ပင် ကြည့်သေးတယ်၊

ရှေးလူကြီးတွေက သူတို့ဇာတိကို သိပ်ခင်တွယ်တာ။ အမေက စဥ်းစားဦးမယ်ဆိုပေမယ့် သားအမိနှစ်ယောက်ပြောတာ အဖေကြားသွားပြီး မျက်ရည်တွေကျနေလို့ စိတ်မကောင်းဖြစ်မိရသေးတယ်။

နောက်ခြောက်လလောက်နေတော့ အိပ်ရာထဲ ကိုးနှစ်လောက်လဲနေတဲ့ အဖေဆုံးသွားပါတယ်။ မကြာခင်မှာ ပဲခူးကအိမ်ကိုရောင်းပြီး ဘောက်ထော်မှာ ခြံနဲ့အိမ်လေး ပြန်ဝယ်လိုက်တယ်။

ကျွန်မ ရန်ကုန်ရောက်လာတော့ မောင်က သိပ်ပျော်ပုံမရပါဘူး။ ကျွန်မတို့အိမ်မှာ မောင့်မေမေကို ခေါ်ထားပြီး မောင်လည်း အိမ်ကနေပြီး ရုံးတက်ပါတယ်။

ရုံးကိစ္စတစ်ခုနဲ့ မောင်ခရီးထွက်သွားတော့ ကျွန်မ သန်လျင် ကအိမ်လေးဆီ တစ်ခေါက်ထပ်သွားလိုက်တယ်။ လက်ထဲမှာလည်း စားစရာတွေနဲ့။

ခေါင်းလောင်းလေးလှုပ်လိုက်တော့ အိမ်ပေါ်ကနေ ကောင်မလေးဆင်းလာပြီး တံခါးလာဖွင့်ပေးတယ်။

“လာမမ၊ ဘုရားလာဖူးတာလား”

“အလှူတစ်ခုလာရင်းဝင်လာတာညီမ၊ ရော့ သားသားဖို့မုန့်တွေဝယ်လာတယ်”

“အားနာစရာကြီးမမရယ်”

အိမ်ပေါ်မှာထိုင်ပြီး ကြည့်လိုက်တော့ အားလုံးသပ်သပ်ရပ်ရပ်နဲ့ အိမ်ရှင်မပီသပုံပါဘဲ။

“အတော်ပဲမမ၊ ဂဏန်းဟင်းချက်မလို့၊ ထမင်းစားသွားရမယ်နော်”

“စားမယ်၊ဒီနေ့တော့ အေးအေးဆေးဆေးပဲ ညီမရေ”

ကျွန်မကို TVဖွင့်ပေးပြီး သူအိမ်နောက်ဖေးဝင်သွားပါတယ်။TV မကြည့်ပဲ ကျွန်မ အိမ်ပေါ်ကနေ အောက်ဆင်းပြီး ခြံထဲလျှောက်ကြည့်တယ်။

အိမ်ဝယ်ကတည်းက ခြံထဲမှာ သရက်ပင်သုံးပင်၊မာလကာ၊ ပိန္နဲ၊မရမ်း၊ မန်ကျည်းပင်တွေရှိပါတယ်။

ခုတော့ စံပယ်ခင်းလေးနဲ့ နှင်းဆီအိုး၊ ယုဇန ၊ သနပ်ခါးပင် ပန်းပင်တွေစုံလို့ပါလား။

လှလည်းလှ၊ မိန်းမလည်းပီသတဲ့အပြင် သူနဲ့တူတဲ့သားလေး မွေးပေးထားတဲ့သူမကို မောင်က သိပ်ချစ်မှာပဲလို့ တွေးလိုက်မိတဲ့အချိန် ကျွန်မရင်ထဲ တစစ်စစ်နာလာတယ်။

ခုလို ဖြစ်သလိုနေလို့မဖြစ်တော့ဘူး။ ကျွန်မတစ်ခုခုလုပ်မှဖြစ်မှာပါ။

ဆက်ရန် ……

+++++++ +++++++ +++++++ +++++++ +++++++

ပွဲတက်မယား(ဇာတ်သိမ်း)

ဒီမြို့လေးကိုရောက်ပြီး နှစ်လအကြာမှာ ကျွန်မနေသားကျသွားပြီ။

ခြံထဲကစိုက်ခင်းလေးမှာ ငြုပ်၊ ခရမ်းနဲ့ရုံးပတီသီးလေးတွေ သီးစပြုနေပြီ။ချဥ်ပေါင်ခင်းလေးက သုံးလေးခါတောင် ခူးချက်ပြီးပြီပေါ့။

လတ်ဆတ်တဲ့လေကိုရှူ ၊ လတ်ဆတ်တဲ့အသားငါး၊ အသီးအရွက်တွေစားပြီး အရင်က ပေါင် ၁၁၀ပဲရှိတဲ့ကျွန်မ ခုတော့ပေါင် ၁၃၀ကျော်ကျော်။

အိမ်မှာကြိုးဖုန်းရှိပေမယ့် အမေတို့ဆီဖုန်းခေါ်ရင် ဟဲလို၊ဟဲလို..ကြားရလား၊ ကြားရလားနဲ့ပဲ လိုင်းမကောင်းတော့ စာတိုက်ကနေ စာတွေရေးပြီး သတိရကြောင်း၊လွမ်းနေပြီ၊ ကျန်းမာရေးကို ဂရုစိုက်ဖို့ မှာရပါတယ်။

လေးလလောက်အကြာမှာ ကျွန်မရာသီမလာတော့ဘူး။ စိတ်ထဲထိတ်ကနဲဝမ်းသာသွားပေမယ့် မသေချာသေးတာနဲ့ ဘယ်သူ့မှမပြောပဲ စောင့်ကြည့်နေတယ်။

နှစ်လကျော် သုံးလနီးပါးမလာတော့မှ ကျွန်မနေတဲ့အိမ်ကနေ ဆယ့်ငါးမိနစ်လောက်သွားရတဲ့ လက်သည် အမိုးအိမ်ကို သွားခေါ်ခဲ့လိုက်တယ်။ဒီမြိုလေးက ကလေးတွေ အတော်များများ သူမွေးပေးခဲ့တာတဲ့။

အမိုးလိုက်လာပြီး ဗိုက်ကိုစမ်းပေးတော့ ကလေးရှိနေပြီတဲ့လေ။ အမိုးပြန်သွားတော့ ဝမ်းသာလွန်းလို့ မျက်ရည်တွေကျ၊ အိမ်ထဲမှာ လှည့်ပတ်ကနေမိတယ်။

မောင်ရုံးကပြန်လာတော့ မပြောသေးဘူး။ ရေချိုး၊ထမင်းစားပြီးမှ မောင့်လက်ကိုဆွဲ ကျွန်မဗိုက်ပေါ်တင်ပေးလိုက်တော့ “ဟင်” ဆိုပြီး မောင်က ကျွန်မမျက်နှာလှည့်အကြည့်မှာ ခေါင်းညိတ်ပြလိုက်တော့

“ဝမ်းသာလိုက်တာမော်ရာ” ဆိုပြီး ကျွန်မကိုဖက်ထားတော့ မောင့်ကိုပြန်ဖက်ပြီး တဟီးဟီးနဲ့ အားရပါးရငိုချလိုက်မိတယ်ရှင်။

ကျွန်မကိုယ်ဝန်ရှိပေမယ့် ထူးဆန်းလိုက်တာ။ အစားအသောက်မပျက်၊အော့အန်ခြင်းမရှိ ပကတိနဂိုအတိုင်းပါပဲ။

ကိုယ်ဝန်ရှိပြီဆိုတော့ ကျွန်မတို့နေတဲ့ တစ်ထပ်တိုက်လေးဘေးမှာ အဆောင်တစ်ခုဆောက်ပြီး သူ့တပည့် မြို့ခံလင်မယားနှစ်ယောက်ကို ခေါ်ထားလိုက်တယ်။ကျွန်မတို့ထက်အသက်ကြီးပါတယ်။

ကျွန်မလည်း စကားပြောဖော်ရသွားတာပေါ့။ သူတို့လည်း ငယ်ငယ်နဲ့အိမ်ထောင်ကျ သားသမီးသုံးယောက်လုံး တဘက်ကမ်းမှာ အလုပ်သွားလုပ်နေကြပြီ။ဒီမြို့က ကလေးအတော်များများက တဘက်ကမ်းမှာပါ။ပညာတတ်မရှိသလောက်ပါပဲ။

အိမ်သန့်ရှင်းရေးနဲ့လျှော်ရေးဖွပ်ရေး မိန်းမကလုပ်ပေးပြီး ခြံထဲကအပင်တွေကို အလုပ်ကပြန်လာတာနဲ့ သူ့ယောက်ျားက ရေလောင်းပေးတယ်။

ဟင်းကတော့ ကျွန်မကိုယ်တိုင်ချက်ရမှ။ ကျွန်မ ရန်ကုန်မုန့်ဟင်းခါးချက်တဲ့နေ့ဆို ကောင်းလိုက်တာ..ကောင်းလိုက်တာနဲ့ လင်မယားနှစ်ယောက် ခေါင်းမဖော်တမ်းစားကြတာပါ။

ကိုယ်ဝန်ရင့်လာတော့ မြို့ကဆေးရုံလေးကို ဆရာဝန်ရောက်မလာသေးတော့ မောင်ကစိတ်ပူသွားတယ်။ သူနာပြုနှစ်ယောက်တော့ရှိတယ်။

လိုလိုမယ်မယ် ခက်ခဲလာရင် ဘယ်လိုလုပ်ရပါ့မလဲလို့တော့ စိတ်ပူသွားမိတယ်။

မိုးတွေသည်းကြီးမည်းကြီးရွာတဲ့နေ့၊ မောင်ကရုံးမှာဂျူတီကျတဲ့နေ့ သန်းခေါင်ကျော်ကြီး ဗိုက်နာပြီး လန့်နိုးသွားတယ်။လက်သည်အမိုးက ဗိုက်လာပြင်ပေးရင် ကလေးမွေးချင်ရင် ဘယ်လိုနာလာတာလဲလို့ မေးထားဘူးတော့ မွေးချင်နေတာ သေချာပါပြီ။

ဘေးအိမ်က လင်မယားကို နှိုးပြီး မောင့်ဆီဖုန်းခေါ်တော့ လိုင်းမမိဘူး။မိန်းမလုပ်သူက လက်သည်အမိုးကိုသွားခေါ်ပါတယ်။ မသွားခင် ကျွန်မကို ပြောသွားသေးတယ်။

“စိတ်မပူနဲ့ဆရာမ၊ ကလေးမွေးချင်ရင် သေလုအောင်နာတာ။ ဆရာမကြည့်ရတာ မိုးလင်းမှမွေးမှာပါ”

တဲ့။ အမိုးရောက်လာတော့ ကျွန်မကို အခန်းထဲခေါ်သွားပြီး မီးတွေထိန်နေအောင်ထွန်းခိုင်းတယ်။

သူကြည့်လိုက်တော့
“အိုး..ရေမွှာတောင်ပေါက်နေပြီ”
တဲ့။ အိမ်ကမောင့်တပည့်က မောင့်ကိုသွားခေါ်ပြီး မောင်ရောက်အလာ သမီးလေးက အူဝဲ၊ အူဝဲနဲ့ စငိုနေပါပြီ။

ကံကောင်းခြင်းလက်ဆောင်တွေကို ယူလာပေးတဲ့သမီးလေး ကျွန်မကို ဒုက္ခမရောက်စေဘူး။ ဗိုက်လည်းအပြင်းအထန် မနာလိုက်ရပဲ ရှောရှောရှူရှူထွက်လာရှာတယ်။ပေါင်ကလည်းခုနှစ်ပေါင်ကျော်မယ်။

မနက်လင်းလင်းချင်းချင်းမှာ အနှီးလေးနဲ့ ထွေးထားတဲ့ သမီးလေးကိုကြည့်ပြီး ကျွန်မတို့လင်မယား ပီတိတွေဖြာလို့။ကျွန်မက နို့ထွက်ကောင်းတော့ အမေ့နို့စို့ပြီး တစ်လအကြာမှာ အသားဖြူဖြူဖွေးဖွေး၊ ကြည်လင်ပြီး ဝိုင်းစက်နေတဲ့မျက်လုံး၊ မျက်တောင် ကော့ကော့ရှည်ရှည်ကြီးတွေနဲ့ မောင်နဲ့လဲမတူ၊ ကျွန်မနဲ့လဲမတူတဲ့ သမီးလေးကို သူ့ကိုမွေးပေးတဲ့ အမိုးခေါ်သလို တမြို့လုံးက ဘောစိမလို့ခေါ်ကြတယ်။

ကျွန်မက မော်မော်ထွန်းလို့ နာမည်ပေးတော့ မောင်ကရိုးလွန်းတယ်တဲ့။ သမီးလေးက လက်မရွေးဘူး။ ခေါ်တဲ့သူတိုင်းကိုလိုက်တော့ ကျွန်မ မပင်ပန်းရပါဘူး။

မောင်က မြို့လေးထဲက လမ်းတွေကို ကတ္တရာလမ်းတွေဖြစ်အောင် ၊ ပန်းခြံနဲ့ ကလေးကစားကွင်း၊ စျေးလေးတစ်ခုဖြစ်အောင် လုပ်ပေးလို့ တမြို့လုံးက လေးစားချစ်ခင်ကြပါတယ်။

သမီးလေးသုံးနှစ်ကျော်ကျော်မှာ မောင်ရာထူးတိုးပြီး ရန်ကုန်ကိုပြောင်းဖို့ အမိန့်စာထွက်လာတော့ ကျွန်မမှာ ဝမ်းသာ ဝမ်းနည်းဖြစ်ရတယ်။မောင်လည်းအဲဒီလိုပဲခံစားရမှာပါ။ ဟန်ဆောင်မှုမရှိ ရိုးသားတဲ့ မြို့ခံတွေကို သံယောဇဥ်တွယ်နေပါပြီ။

ကျွန်မတို့ပြန်မယ့်နေ့ ပိုပြီး စိတ်ထိခိုက်ရပါတယ်။ ကားနားမှာ မိန်းမတွေကငို၊ ယောက်ျားတွေက မျက်ရည်တွေဝဲနဲ့ ကျွန်မတို့ကို လာနှုတ်ဆက်ကြပါတယ်။ လက်ဆောင်တွေကလည်း အများကြီးပါ။

“ဘောစိမရေ၊ အမိုးတို့ဆီလာလည်ဦး”

လို့ အသံတုန်တုန်နဲ့ အမိုးကပြောလိုက်တော့ စိတ်မထိန်းနိုင်တော့ပဲ ကျွန်မ ရှိုက်ကြီးတငင် ငိုချလိုက်မိတယ်။

ကျွန်မတို့ကားလေး မမြင်ရတော့တဲ့အထိ လက်ပြနှုတ်ဆက်ကြတာ ဝမ်းနည်းစရာပါ။

ရန်ကုန် ပြန်ရောက်တော့ အဖွားနှစ်ယောက်လုံးက မြေးလေးကို တပွေ့ပွေ့တပိုက်ပိုက်နဲ့ ချစ်နေကြတာ။

ညဘက် သမီးလေးအိပ်သွားတော့ မောင်က ပြောစရာရှိတယ်တဲ့။သူဘာပြောမလဲဆိုတာ ကျွန်မသိနေတယ်လေ။

စန္ဒာနဲ့ သူ့အကြောင်း၊ သားလေးတစ်ယောက်ရှိတယ်ဆိုတာ သူပြောအပြီးမှာ ကျွန်မ သိနေပြီးသားအကြောင်းပြန်ပြောတော့ မောင်အံ့သြနေတယ်။

သည်းခံနိုင်လွန်း၊မြိုသိပ်နိုင်လွန်းတဲ့ ကျွန်မကို သူ ပို..ပို ..ချစ်မိလာတယ်တဲ့လေ။

ရန်ကုန်ရောက်ပြီး အတော်လေးကြာတော့ စန္ဒာတို့သားအမိကို မောင်ကအိမ်ကို ခေါ်လာတယ်။ အကြောင်းစုံသိသွားတော့ အမေတို့က အံ့သြနေကြတယ်။

မောင့်အမေကတော့ မောင်ငယ်ငယ်ကနဲ့ တစ်ပုံစံထဲတူတဲ့ မြေးလေးကို ချစ်မဝဖြစ်နေတယ်။မောင့်သားလေးတောင် ကိုးတန်းအောင်သွားပြီတဲ့။

ဒီနေ့ကတော့ သမီးလေး မော်မော်ထွန်း ကျောင်းစတက်တဲ့နေ့ပါ။ကျွန်မက သမီးလေးကို အ.ထ.က(၁)ဒဂုံကျောင်းမှာပဲထားတယ်။ကျွန်မကိုယ်တိုင် ကားမောင်းပြီး ပို့ပေးတာ၊

သမီးလေးနှစ်တန်းရောက်တဲ့နှစ်မှာ မောင့်သားလေးစင်္ကာပူမှာ ကျောင်းသွားတက်တော့မယ်။ စန္ဒာက အုပ်ထိန်းသူအနေနဲ့ နေခွင့်ရလို့ သူပါလိုက်သွားမယ်တဲ့။

လေဆိပ်ကို စန္ဒာ့ အဖေ၊ အမေ ၊ မောင့်အမေနဲ့ ကျွန်မတို့သားအမိသုံးယောက်လိုက်ပို့ကြတယ်။

လေဆိပ်ထဲမဝင်ခင် လူကြီးတွေကိုကန်တော့ပြီး စန္ဒာက ကျွန်မလက်ထဲ စာလေးတစ်စောင်ထည့်ပေးသွားတယ်။

အိမ်ပြန်ရောက်တော့ ကျွန်မအခန်းထဲမှာ သူပေးသွားတဲ့စာကို ဖတ်ကြည့်လိုက်တယ်။

“ကျေးဇူးရှင်မမကို အရင်ဆုံးကန်တော့ပါတယ်။ မမက မမှတ်မိလို့ပါ။

ညီမ လှယဥ်ကျေးမယ်ပြိုင်ပွဲမှာ ပထမဆုရတော့ မမကိုယ်တိုင် 👑 ဆောင်းပေးခဲ့တာပါ။

မမ သန်လျင်အိမ်ကို ပထမတစ်ခေါက် ရောက်လာတော့ စန္ဒာလည်း မမှတ်မိဘူး၊ မြင်ဘူးသလိုလိုရှိတယ်ပဲ ထင်နေတာ၊

ဒုတိယအခေါက်ရောက်လာတော့ စန္ဒာမီးဖိုထဲမှာ ဂဏန်းဟင်းချက်နေတုန်း မီးဖိုနဲ့ကပ်ရက်က ပိန္နဲပင်ကိုကြည့်ပြီး ဒီပိန္နဲပင်တောင်သီးနေပြီပဲလို့ ပြောသံကြားလိုက်တော့မှ ကိုကို့ဇနီးမှန်းမှတ်မိသွားတာပါ။

အစစအရာရာအတွက် တောင်းပန်ပါတယ်မမ၊ ညီမတို့သားအမိ သားလေးကျောင်းပြီးရင် စင်္ကာပူမှာပဲနေတော့မယ်။

တကယ်တော့ မမက ကိုကို့ရဲ့ ပွဲတက်မယားအစစ်ပါ၊ ပွဲတက်ရတယ်ဆိုတာ တရားဝင်မှတက်လို့ရတာပါ။

တရားဝင်မဟုတ်တဲ့ စန္ဒာတို့ တက်ချင်လို့ တက်လို့မှမရတာ။

စိတ်သဘောထားကြီးမြတ်ပြီး ကျက်သရေရှိတဲ့မမ ကိုကို့လက်ကိုဆွဲ သက်ဆုံးတိုင်ပွဲတက်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။သားသားဘွဲ့ရရင် ညီမနဲ့အတူ စင်္ကာပူမှာ ပွဲလာတက်ပေးပါဦးမမရယ်…

ချစ်ခင်လေးစားလျက်
စန္ဒာ

သူ့စာလေးဖတ်ပြီး သနားသွားတယ်။ ကျွန်မစိတ်သဘောထားကြီးသလို သူလည်းစိတ်ထားကောင်းသူပါ။ မောင့်ကို သူအပိုင်မချည် ဇွတ်မတိုးရှာပါဘူး။

….. ….. …. …… ……. ……. …….. ……. …….. ……… …..

အမေတွေနှစ်ယောက်လည်း အသက်ကိုးဆယ်ကျော်၊ မောင်လည်း ပင်စင်ယူအပြီးမှာ သမီးလေး မော်မော်ထွန်း ဆရာဝန်ဖြစ် ဆေးခန်းတောင်ထိုင်နေပါပြီ၊ သားလေး အာကာမြင့်ထွန်း ဘွဲ့ယူတော့ ကျွန်မ စင်္ကာပူရောက်သွားသေးတယ်။

ပင်စင်ယူပြီးလည်း မောင့်လက်ကိုတွဲ ခုထိပွဲတွေတက်နေရတုန်းပါရှင်။

ပြီးပါပြီ
ရွှင်လန်းချမ်းမြေ့ကြပါစေ..

+++++++ +++++++ +++++++ +++++++ +++++++