ထူထပ်စွာ ပေါက်ရောက်နေသော ဝါးဗျိုက်တောအတွင်းမှကျားတစ်ကောင်သည် တိုးထွက်လာခြင်းကြောင့် ဝါးပင်ပျိုတို့ လှုပ်ရမ်း
ခါနေတော့၏။
ကျားကောင်လုံးကိုတော့ဖြင့် မမြင်ရ။ “ဝေါင်း” “ဝေါင်း” ရယ်လို့ အသံကိုတော့ဖြင့် သားကောင်ငယ်တို့ ကြားရသည်ဖြစ်၍ ထွက်ပြေးသွားကြကုန်၏။
သို့တောင်မှ ထိုကျားကောင်သည် သားကောင်ဖမ်းရန် ချောင်းမြောင်းလာလေခြင်း မဟုတ်ချေ။ သူ့လမ်းသူ လျှောက်လှမ်းလာခြင်းဖြစ်၏။
မည်သို့ပင်ဖြစ်စေ ထိုကျားကောင်သည် မထင်လျှင်မထင်သလို လုပ်တတ်ခြင်းကြောင့် ဝေးဝေးရှောင် သည်အကောင်းဆုံးရယ်လို့ သတ် မှတ်ထားကြကာ ရှောင်ပြေးကြခြင်းဖြစ်သည်။
“ဝူး” “ဝူး”
“ဝူး . ” “ဝူး . ” “ဝူး …ဝူး…”
ထိုအသံကြောင့် ကျားကောင်သည် လှမ်းလက်စခြေကို ရပ်လိုက်ပြီး နားစွင့်လိုက်၏။
“ဝူး- . ဝူး. . . ကွီး. . ကွီး.. ဝူး”
ဆင်အော်သံဖြစ်သည်။ တစ်ကောင်တည်း အော်သံတော့မဟုတ်။ သားပေါက်ဆင်ငယ် ပါ
ဟန်တူ၏သို့ဆိုပါလျှင် သူနောက်ကြောင်း ပြန်လှည့်သင့်ပြီကို သိလိုက်သည်ကြောင့် “ဝါးဗြိုက်” တောအစပ် ရောက်နေပြီဖြစ်ငြား နောက်
ကြောင်း ပြန်လှည့်ပြေးသွားတော့၏၊
မကြာမီ အချိန်ကလေးတွင် ထိုဝါးဗိုက်တော အနားသို့ တောဆင်တစ်အုပ် ရောက်လာကြသည်။
ထိုအချိန်မှာပင် အရုဏ်ဦး လင်းရောင်ခြည် ပေါ်ထွက်လာပြီဖြစ်၏။
ထိုနေရာလေးမှ တောဆင်အုပ် ဖြတ်သန်းသွားပြီး မကြာမီအချိန်ကလေးတွင် လူသားနှစ်ဦး ရောက်လာကြပြန်သည်။
“ဖထီ… ဒီမယ် ဆင်အုပ်ခြေရာဗျ”
အသက်အားဖြင့် ဆယ့်ခြောက်ဝန်းကျင်သာ ရှိသည့် ခပ်ညှက်ညှက်ကောင်လေးက သူနှင့်ပါလာသော ထောင်ထောင်မောင်းမောင်းဗလတောင့်တောင့်၊ ရုပ်ရည်အားဖြင့် ကြမ်းတမ်းခက်ထန်ဟန် ရှိသည့်ယောင်ထုံးနှင့် ကရင်ကြီးကို ပြောလိုက်၏။
“အဲဒီ ခြေရာတွေက အရိုင်းကောင် ခြေရာကွ. . . မင်းဆင်ရဲ့ ခြေရာပါလား သေချာကြည့်ချေကွာ”
ကွမ်းတမြုံ့မြုံ့ ဝါးရင်း ပြောလိုက်သည်။
ဤတွင် “ဖညက်” ဟု ခေါ်သော ကောင်လေးက မြေပြင်တွင်ထင်ကျန်ရစ်လေသည့် ဆင် ခြေရာများကို လိုက်လံကြည့်ပြီး..
“ဟာ ဒီမယ်. . . ဒါ ကျွန်တော့်ဆင်လေး ခြေရာ ဗျ” ပြောလိုက်· သည်။
“နားသန်” ဆိုသော ကရင်ကြီးက “ဖညက်” ပြောသော သူ့ဆင်လေးခြေရာဆိုသည်ကို သေချာ စူးစမ်းကြည့်လိုက်ပြီး-
“ဟုတ်နိုင်တယ် ကောင်လေး. . . ထူးသံကြိုးရာလည်း တွေ့တယ်။ ပြီးတော့ ခြေလှမ်းစိပ်တယ်။ နို့ဆိုလျှင်ဖြင့် မင်းဆင်လေး တောဆင်တွေနဲ့ ပါသွားတာ ဖြစ်မယ်”
“ဟင်!… ဘယ်လို လုပ်ရမလဲ ဖထီ”
ဦးနားသန် ထိုင်ရာမှ ထရပ်လိုက်ပြီး
“သည်အုပ်စုနောက် လိုက်သွားပြီး ပြန်ခေါ်ရုံပေါ့. . .”
“လွယ်ပါ့မလား ဖထီရယ်”
ဖညက်က သို့ပြောလိုက်သည်တွင် ဦးနားသန်က သူ့လက်တွင်းကိုင်ထားလေသည့် သေနတ်ကို ပုတ်ပြလိုက်ကာ ထို ဆင်ခြေရာတို့နောက် လိုက်သွားလေတော့၏။
ဖညက်သည်လည်း ဦးနားသန်နောက် ပြေးလိုက်သွားတော့၏၊လမ်းတစ်လျှောက် တွေ့ ရသော ဆင်ချေးပုံတို့သည် လတ်ဆတ်ပူနွေးဆဲဖြစ်သည်ကြောင့် ဦးနားသန်တစ်ယောက် ပြုံးလိုက်မိသည်။သို့ဆိုပါလျှင် ထိုဆင်အုပ်ကို သူ နေမွန်းမတည့်မီ လိုက်မီပေလိမ့်မည်ဟု တစ်ထစ်ချယုံ ယုံလိုက်တော့၏။သူ တွက်ဆထားသလိုပင် တောဆင်ရိုင်းအုပ်ကို ပျဉ်းကတိုးတောတွင် လိုက်မိသွားတော့၏။
“.ဝူး..ဝူ..ဝူ.. …”
“ကွီး. . . ကွိုင်. . . ကွိုစ်. . . “
”ဝူး.. . .ဝူ”……
ဆူညံစွာ အသံပြုလျက် သွားနေကြ၏။ ·
ဦးနားသန်သည် သူ့လက်တွင်းမှ သေနတ်ဖြင့် နောက်မှနေ၍ လှမ်းပစ်လိုက်တော့သည်။
ခြောက်လှန့်ပစ်လိုက်ခြင်းသာ ဖြစ်၏။
“ဒိန်း”
”ဝူး.. ၀ရူး… ဝူး… ကွိစ်”
“ဝူး… ကွိစ်.. ကွိစ်…
ဆင်အုပ်သည် ပြင်းထန်သော ယမ်းအားပေါက်ကွဲသံကြောင့်ခြေဦးတည့်ရာ ပြေးထွက်သွားကြတော့၏။
“ဒိန်း”
“ဒိန်း”
“ဟာ. . . ဟိုမယ် ကျွန်တော့်ဆင်လေး ဖထီ”
နောက်ဆုံးမှ ပြေးလိုက်သွားသော ဆင်တစ်ကောင်ကို ဖညက်က လှမ်းပြရင်း ပြောလေ၏၊
“သူပါ ပြေးလိုက်သွားပြီ ဖထီ။ ဘယ်လို လုပ်မလဲ”
ဖညက် စကားကြောင့် “ဦးနားသန်” သည်ပြုံးလိုက်ပြီး. . .
“စိတ်ချ ကောင်လေး။ သူ. . . ရှေ့က ကောင်တွေနောက်ကိုဘယ်တော့မှ လိုက်မီမှာ မဟုတ်ဘူး။ မျက်ခြေပြတ်သွားလိမ့်မယ်၊ သည်တော့ သူတစ်ကောင်တည်း ကျန်ရစ်လေမှ မင်းပြန်ခေါ်ပေါ့. . . ဒီလိုလုပ်မှလဲ ရမှာကိုး ကဲလာ. . . အဲဒီ ဆင်နောက် လိုက်ကြဦးစို့. . .သိပ် ဝေးဝေး မလိုက်ရပါဘူးကွာ။ နာရီဝက် တစ်နာရီပေါ့.. မယုံကြည့်နေ”
သို့ပြောပြီး ခပ်သွက်သွက် ထွက်သွားပြန်၏။
ဖညက်သည် သူ့ဆင်ဦးစီး သက်တမ်းတစ်လျှောက် ယခုကဲ့သို့မဖြစ်ဘူးပါချေ။ သည်သို့ ဖြစ်တတ်သည်။ ဖြစ်လာနိုင်သည်ကို သူမတွက်မိခဲ့ချေ။
သူသည်ဖထီစောအားပိုလို၏ ဆင်ဝိုင်းတွင် အသက်အငယ်ဆုံး၊ ဆင်ဦးစီးလေး တစ်ယောက် ဖြစ်၏။ သူသည် ဆင်ဝိုင်းတွင်သာမွေးဖွား ကြီးပြင်းလာရသူ ဖြစ်သည်။ သူ့ဖခင်သည် ဆင်ဦးစီးတစ်ယောက်ပင် ဖြစ်၏။
ဆင်ဝိုင်းထဲတွင် မွေး၊ ဆင်ဝိုင်းထဲတွင် ကြီးပြင်းလာရသူ ဖြစ်သဖြင့် တံငါနားနီး တံငါ ဆိုသလို သူသည်လည်း ဆင်နောက်လိုက်ဘဝမှ ဆင်ဦးစီးလေး ဖြစ်လာရသူပင်။အတန်းပညာကတော့ လုံးဝမတတ်ပါချေ။ ဖအေတစ်ခု သားတစ်ခု ဖြစ်သည်။ဖခင်ဖြစ်သူ ဆင်ဦးစီးနောက် တကောက်ကောက်၊ သူအမေသည် သူ (၁၂)နှစ်သားလောက်က ပိုးထိ၍ ဆုံးသွားသည်။ သို့ကြောင့်သူ့ဖခင်နောက်မှ တကောက်ကောက် လိုက်ရင်း ဆင်ကိုအစာကျွေးခြင်း၊ရေချပေးခြင်း (ရေချိုးပေးခြင်းကို ဆိုလို၏။) ဆင်လိုက်ကောက်ခြင်း(အစာကျွေး လွှတ်ထားရာမှ လိုက်လံပြန်ခေါ်ရခြင်း) တို့ကို လုပ်ရ၏၊
သူ့အဖေကို လိုက်လံကူညီ လုပ်ပေးရခြင်း ဖြစ်၏။ ထိုသည် အလုပ်များလုပ်ရခြင်းကို ဆင်နောက်လိုက် ဟုခေါ်သည်။သို့နှယ်သူသည် အသက်ငယ်ငယ်ဖြင့် ဆင်နောက်လိုက်လုပ်လုပ်ငန်းများ လုပ်ကိုင်ရခြင်းကြောင့် ဆင်များနှင့် ရင်းနှီးလာရ၏၊လက်ပွန်းတတီး ရှိလာရ၏။သို့ကြောင့် ဆင်နှင့်သူ ယဉ်ပါးခဲ့ရတော့သည်။ သို့ဖြင့် ဆင်နောက်လိုက်ဘဝဖြင့် လေးနှစ်တိတိ ကျင်လည်ခဲ့ရသည်။
“စောအယ်ဒိုး. . . ငါ့ဆင်ဝိုင်းမယ် ဆင်စီးဖို့ တစ်ယောက်လိုတယ်။ မင်းသားကို ဆင်စီး သင်ပေးလိုက်တော့. . . ငါ သူစိမ်းလူ မခေါ်ချင်တော့ဘူး”
ဆင်ပိုင်ကြီးက သူ့အဖေကို ပြောလာသည်ကြောင့် သူလွန်မင်းစွာ ဝမ်းသာသွားမိ၏။
သူ ဆင်စီးရတော့မည်။ ဆင်ဦးစီး ဖြစ်တော့မည်။ဖညက်သည် အတန်းပညာ မတတ်ပေမင့် ဆင်ဦးစီးအတတ်ပညာ ကိုတော့ဖြင့် ခဏလေးနှင့် တတ်မြောက်သွားတော့၏။ သည်တော့
သူ (၁၆)နှစ်သားတွင် ဆင်ဦးစီး တစ်ယောက် ဖြစ်လာရတော့သည်။ သူစီးရမည့်ဆင်သည် ထိုဆင်ဝိုင်းတွင် အငယ်ဆုံးနှင့် အလိမ္မာဆုံး ဆင်ဖြစ်ခြင်းကြောင့်လည်း သူ့တွက် အဆင်ပြေလွန်းလှသည်။
သူ ဆင်စီးခဲ့ရာမှ သုံးလအကြာတွင် ဝမ်းနည်းပူဆွေးမှု တစ်ခုကြောင့်ကြုံခဲ့ရတော့၏။
“ဖညက်. . . မင်းအဖေ ဆုံးပြီ”
“ဟင်”
သူ လုပ်ငန်းခွင်မှ အပြန် သတင်းဆိုး ကြားလိုက်ရ၏။
“ဘယ်လို ဖြစ်ရတာလဲ။ ကျွန်တော်နဲ့ မနက်က ရယ်ရယ်မောမောပြောဆိုခဲ့သေးတာ…”
အဖေသည် သူ့တွက် မိခင်ဆိုလည်း ဟုတ်သည်။ သူ့ဘဝအတွက် အရင်းနှီးဆုံးနှင့် တစ်ဦးတည်းသော ဆွေမျိုးဖြစ်သည်။
သည်သို့ဖြင့် သူသည် လူ့လောကကြီးတွင် တစ်ကောင်ကြွက်ဘဝဖြင့် နေခဲ့ရ၏။
ဦးနားသန်သည် မုဆိုးကျော်ကြီးဖြစ်သည်။ သူနှင့် လွန်စွာမျှရင်းနှီးလွန်းလှ၏၊ မီးလောင်ကုန်း ကျေးရွာသားဖြစ်၏။ အမဲပစ်ရောက် လေတိုင်း သူ့ထံတွင်သာ နေ၏။ သူ့ကိုလည်း သားတစ်ယောက်နှယ်ချစ်၏။
တစ်နေ့ သူစီးသောဆင် အစာစားလွှတ်လိုက်ရာမှ ပြန်ရောက်လာ၊ သည်တော့ ဦးနားသန်လည်း ရောက်နေသည်ကြောင့် သူ၏ဆင်လိုက်ရှာရန် ထွက်ခဲ့ကြခြင်းဖြစ်၏၊ယခု တွေ့ချေပြီ. . . တောဆင်ရိုင်းများနောက် ပါသွားခြင်းဖြစ်၏။ သည်သို့ဖြင့် သူနှင့် ဦးနားသန် ခြေရာခံလိုက်ခဲ့ကြခြင်း ဖြစ်သည်။ဦးနားသန်ပြောသလိုပင် သူ့ဆင်ကလေးကို တွေ့ လိုက်ကြချေပြီ။
““ဖညက်. . . ဟိုမယ် မင်းဆင် မဟုတ်လား”
“ဟုတ်တယ် ဖထီး နေ. .. နေ ကျွန်တော် သွားခေါ်မယ်သို့ပြောပြီး ဖညက်သည် အစာစားနေသည့် ဆင်လေးနား တိုးကပ်သွားလိုက်၏။ခြေသံကြားသည်ကြောင့် ဆင်သည် နောက်လှည့်ကြည့်လာ၏၊
“လာ…လာ..လာ”
ဖညက်က ခေါ်လိုက်၏။
“ဟင်”
ဘယ်လိုဖြစ်ရတာပါလိမ့်။
ဆင်သည် သူ့ကို သူစိမ်းတစ်ယောက်လို ကြည့်နေပါကလား။သို့ ဘာကြောင့် ဖြစ်ရတာပါလိမ့်။
“မက်…မက်. မက်..”
ဖညက်သည် ဆင်လေးကို ဝပ်တွားခိုင်း၏။
“မတ်… မက်”ခါတိုင်းဆိုလျှင် တစ်ခွန်းသာ ပြောရ၏။ ခု သူအခါခါ ပြောငြားခပ်တွားခြင်း လုံးဝ မရှိပါချေ။သို့ကြောင့် သူသည် ထိုဆင်ရှိရာသို့ တိုးကပ်သွားလိုက်၏။
“ဟင်”
ဆင်လေးသည် သူ့အား သူစိမ်းတစ်ဦးနှယ် စိုက်ကြည့်နေ၏၊သူကလည်း စူးစိုက်ကြည့်လိုက်သည်။
“ကွီစ်း”
ဆင်လေး၏ မျက်လုံးအစုံသည် မြင်နေ တွေ့ နေကျလိုမဟုတ်တစ်ခုခု ထူးခြားနေသလို ဖြစ်၏။
ဆင်လေး၏ အကြည့်တွင် အန္တရာယ် အငွေ့ အသက်များ ပါနေ၏။ သို့အော်လိုက်သည့် အသံသည် စစ်ကြေညာသံကဲ့သို့ ဖြစ်ချေ၏။
ပြီး သူ့ထံ ပြေးဝင်လာတော့၏။
“ဟာ…”
ဦးနားသန်သည် လုံးဝ ထင်မှတ်မထားသော မြင်ကွင်းတစ်ခုကိုမြင်လိုက်ရတော့၏။
“အား”
ဖညက်လေးသည်လည်း အံ့ဩစွာဖြင့် မည်သို့ လုပ်ရမည်ကိုမစဉ်းစားတတ်ချိန်လေးမှာပင် သူသည် နာကျင်မှုတစ်ခုကို ခံစားလိုက်ရလေပြီး လေပေါ်မြှောက်တက်သွားကာ “ဘုတ်” ခနဲ မြေပြင်သို့ ခြေလွတ်လက်လွတ် ကျလာရ၏။ သည်အထိ သူသိနေသေး၏။ သို့ပေမင့်သူနောက်ဆုံး သိလိုက်သည်မှာ မြေပြင်သို့ လူပြန်အကျတွင် ထင်မှတ်မထားလေဘဲ သူ၏ ခန္ဓာကိုယ်ပေါ်သို့ ဆင်ခြေထောက်ကြီးက ကျလာတော့၏။
မတော်တဆ မဟုတ်။ တမင်တကာ အငြိုးတရားကြီးစွာဖြင့်လုပ်လာခြင်း ဖြစ်တော့၏။
အသည်းတွေကြွေ၊ နံရိုးတွေကျိုး၊ သူ့မျက်လုံးများ ပြူးထွက်လာတော့၏။
“ဟာ”
ဦးနားသန်သည် လက်တွင်းရှိသေနတ်ဖြင့် ပစ်ခတ်ချိန်ပင် မရလိုက်။ သူ့ထံသို့ ဦးတည်ပြေးလာသော ဆင်လေးကို မည်သို့မျှ တားဆီး
နိုင်ခြင်းပင် မရလိုက်။သူသည်လည်း လေပေါ်ဝဲသွားတော့၏။
“ဘုတ်”
မြေပြင်ပေါ် ပြန်ကျလာ၏။ သူကား ခန္ဓာကိုယ် ထွားကြိုင်းသန်မာသူ ဖြစ်ခြင်းကြောင့် မြေပေါ် ပြန်အကျတွင် ကမန်းကတန်း လူးလဲထပြီး သူ့လက်တွင်းရှိ သေနတ်ဖြင့် ကပျာကသီ ထိုးချိန်ပစ်လိုက်တော့၏။
”..ဒိန်း…”
”ဝူး…”
“ကွီစ်း”
ကံအားလျော်စွာပင် သူ ပစ်လွှတ်လိုက်သော ကျည်ဆံသည်ဆင်လေး၏ မျက်လုံးတစ်ဖက်ကို ဖောက်ဝင်သွားတော့၏။ မျက်လုံးရယ်လို့ ရည်ရွယ်ပစ်ခြင်းမဟုတ်။ သို့ငြား ဦးနားသန်တစ်ယောက် ကံကောင်းသွားသည်။
ဆင်လေးသည် နာကျင်ခြင်းများစွာဖြင့် တောအုပ်အတွင်းအော်ဟစ်ပြေးသွားလေတော့၏၊သည်တော့မှ ဦးနားသန်တစ်ယောက် သက်ပြင်းချနိုင်တော့၏၊
“ဟင်း”
ဖညက်လေးကို လှမ်းကြည့်လိုက်၏။
“ဟာ…”
ဦးနားသန်သည် ဖညက်လေးထံ သွားရန် ထလိုက်၏။
“အား”
သူ ပြန်ခွေလဲကျသွားတော့၏၊သူ့ပေါင်ရိုး ကျိုးသွားလေပြီပဲ။ဖညက်လေးလို ဖြစ်မသွားသည်ဘဲ ကံကောင်းလှတော့၏။သို့ငြား သူသည် အားယူကြိုးစား ထလိုက်၏၊ ဖညက်လေး၏
ကိုယ်ခန္ဓာကိုလည်း တရွတ်တိုက် ဆွဲကာ တရွေ့ရွေ့ဖြင့် ရွာသို့ အရောက်ပြန်ခဲ့လေတော့၏။ ထိုမြင်ကွင်းကို တွေ့လိုက်ကြသူတို့အတွက် ရင်နှင့်စရာပင် ဖြစ်တော့၏၊
ကျွန်တော်နှင့် လင်းမြင့်လှိုင်သည် သူကြီး ဦးဇာမဏီ ပြောပြလာသည့် ပညက်လေး၏ဇာတ်လမ်းကို ကြားလိုက်ရသည်တွင် ရင်ဆို့သွားရတော့၏။
ဖညက်လေးကိုလည်း မျက်စိတွင်း မြင်ယောင်နေမိ၏။ လင်းမြင့်လှိုင်သည်လည်း စိတ်မကောင်း ဖြစ်သွားပုံရ၏။ကျွန်တော်နှင့် လင်းမြင့်လှိုင် အမဲပစ်ရောက်လာတိုင်း ဦးဇာမဏီ၏ ညီဖြစ်သူ စောအားပိုလို၏ ဆင်ပိုင်းတွင် တည်းခိုနေထိုင်တတ်၏။
နံနက်လင်း အရုဏ်မရောက်မီ “မီးတုတ်” ကိုယ်စီကိုင်၍ ဆင်ဦးစီးများ ဆင်ကောက်သွားကြသည်တွင် ဖညတ်လေးကို တွေ့နေကျ ဖြစ်၏။
အသက်အငယ်ဆုံး ဆင်ဦးစီးလေး ဖြစ်၏။ ဘောင်းဘီတို၊ ပုဆိုးကွင်းသိုင်း မီးတုတ်တစ်ချောင်း ကိုင်လျက်။ ဖညက်လေးကို စတင်မြင်စကအင်မတန် အံ့ဩခဲ့ဖူးသည်။
မြို့မှာဆိုလျှင် သည်အရွယ်ကလေး ကျောင်းနေဆဲအရွယ်ဖြစ်၏။ ကလေးတစ်ယောက်ပင် ဖြစ်ငြား ညမှောင်မှောင် တောတောင်ထဲတွင် မီးတုတ်ကိုင်လျက် လျှောက်သွားဝံ့သည့်ကလေးမျိုး သည်တစ်ယောက်သာလျှင် တွေ့ဖူးတော့၏၊
လင်းမြင့်လှိုင်က သူလေးအားတွေ့တိုင်း “ဖိုးခွားလေး… သွားပြီလားဟေ့” ရယ် လှမ်းမေးလေတိုင်း “အေးကွာ. . . ငါ ဆင်ကောက်သွားတော့မယ်” ဟုပြန်ပြောတတ်၏။
သူ့အပြော သူ့အသံလေးကို သဘောကျမိပေသည်။ခုတော့ သူကလေး မရှိတော့ပါကလား။ သူ့တွက် မျက်ရည်ကျမိတော့သည်။ သူစီးသည့်ဆင်က သူ့ပြန်သတ်သွားလေပြီပဲ။
“ဘယ်လိုကြောင့် ဖြစ်ရတာတုန်းဗျာ” မေးမိသည်။
“သူ ဆင်လေးက မုန်ယိုနေတာကိုး. . .”
“အော်”
“အဲဒီနေ့မှာလဲ. . . ဖညက်လေးကိုသာမဟုတ် ဝါးခုတ်သမားတစ်ယောက်ကိုပါ နင်းသတ်သွားလေရဲ့”
သည်သို့ဖြင့် ကျွန်တော်နှင့်လင်းမြင့်လှိုင်သည် ထိုဆင်ဆိုးကိုတောနင်းရှာရန် ထွက်ခဲ့ကြတော့၏။တောတောင်အတွင်း မည်သူမျှ သွားလာခြင်း မရှိကြချေ။ ထိုဆင်ဆိုး ရန်ကြောင့်ဖြစ်၏။ သည်တော့ တောကိုမှီ စီးပွားရှာရသူတို့အတွက် ထိုဆင်ဆိုးကို နှိမ်နင်းရပေလိမ့်မည်။ကျွန်တော်ရယ်၊ ဆင်ပိုင်ကြီး စောအားပိုလိုရယ်၊ လင်းမြင့်လှိုင်ရယ် သုံးယောက်တည်း လာကြခြင်းဖြစ်၏။
သို့ဖြင့် တောထဲတွင် တစ်ညအိပ်လိုက်ရငြား ထိုဆင်ဆိုးခြေရာပင် မတွေ့မိပါချေ။နောက်တစ်နေ့ ခရီးဆက်ခဲ့ကြပြန်၏။သို့ လျှောက်ခဲ့ရာမှ ဝါးတောမြေပြန့်လေးတစ်ခုတွင် ကျွန်တော်တို့ လိုက်ရှာနေသော ဆင်ဆိုးကို တွေ့ လိုက်သည်။ရှေ့ခြေတစ်ဖက်တွင် ငြောင့်ဆူးထားပုံရ၏။ ထော့နင်း ထော့နင်းဖြစ်နေ၏၊ကျွန်တော်က ဆင်ပိုင်ကြီး စောအားပိုလိုကို လှည့်ကြည့်လိုက်၏။
သူက ခေါင်းညိတ်ပြငြား မျက်နှာမှာမူ ညှိုးနွမ်းနေ၏။ သူ့ဆင်လေးကို သူ သတ်ချင်ပုံမရ။ သို့ပေမင့် လူသတ်ဖူးပြီး စိတ်ရိုင်းဝင်နေသည့်ဆင်ကို မသတ်၍လည်း မဖြစ်၊ နို့မဟုတ်ပါမူ တောကို မှီခို၍ လုပ်ကိုင်စားနေရသူတို့အတွက် ကြီးစွာသော ရန်သူ ဖြစ်နေပေလိမ့်မည်။ကျွန်တော်နှင့် လင်းမြင့်လှိုင်သည် ထိုဆင်ဆိုးထံသို့ သေနတ်ကိုယ်စီဖြင့် ပစ်မှတ် ရွေးချိန်လိုက်သည်။
“အိုကေလား ကိုလင်း”
ဆင်ဆိုး၏ ဦးကင်းသို့ ပစ်မှတ် ရွေးချယ်ထားရင်း မေးလိုက်၏။
“အိုကေ”
ကျွန်တော် အသက်ကို ရှူသွင်းလိုက်၏။ ပြီး အသက်အောင့်ထားလိုက်သည်။ မောင်းထိန်းခလုတ်ပေါ် တင်ထားသည့် လက်ညှိုးလေး
ကို ဆွဲကွေးလိုက်မည် အလုပ်တွင်-
“ဝေါင်း”
“ကို့စ်. . . ”
“ဝေါင်း. . . ကွီစ်”
ထင်မှတ်မထားသော ဖြစ်ရပ်တစ်ခုပင်။ ဘယ်အချိန်က ချောင်းနေမှန်းမသိသော ကျားကောင်သည် ကျွန်တော်တို့၏ ပစ်မှတ်ဖြစ်သည့်
ဆင်ဆိုး၏ ကုပ်ပိုးပေါ်သို့ ခုန်လွှားတက်ကာ ဝင်ကိုက်ခဲလေတော့၏၊ဆင်ဆိုးသည်လည်း သူ့ကုပ်ပိုးပေါ်မှ ကျားကောင်ကို ခါယမ်းချလေတော့၏။
မိမိရရ ကုပ်တွယ် မထားမိသော ကျားကောင်သည့် မြောင်တွင်းသို့ ဘုတ်ခနဲ ကျလာ၏။
ဆင်ဆိုးသည် ကပျာကသီ လူးလဲထနေသည့် ကျားကောင်ကိုသူ၏ ခြေထောက်ကြီးနှင့် ဖိနင်းကြိတ်ရန် ကြိုးစားလိုက်ငြား ကျားကောင်သည် လျှပ်တစ်ပြက် ခုန်ထွက်သွားတော့၏။
အတော် ပါးနပ်သော ကျားကောင်ဖြစ်သည်။ ဆင်ဆိုး၏ မမြင်ရသော မျက်စိအခြမ်းဘက်သို့ နေရာယူလျက် တိုက်ခိုက်နေခြင်း ဖြစ်၏။
ကျွန်တော်၏ မုဆိုးသက်တမ်းတစ်လျှောက် ကျားနှင့်ဆင်တိုက်ပွဲကို သည်တစ်ကြိမ်တွင်သာ မြင်ဖူးလေခြင်းဖြစ်တော့၏။
သူတို့ သဲကြီးမဲကြီး တိုက်ခိုက်နေကြ၏။
ကျွန်တော်တို့ သုံးယောက်သည် ပွဲကြည့်ပရိသတ်ဖြစ်သည်။ဆင်ဆိုးသည် ရှေ့ခြေတစ်ဖက် ကြောင့်ဆူးထားသည်ကြောင့် တိုက်ကွက်ပျော့နေ၏။ သို့ငြား ဆင်ဆိုးသည် မာန်တော့ မလျှော့ချေ။ကြောက်ခမန်းလိလိ တိုက်ခိုက်နေကြခြင်း ဖြစ်၏။ ကျားကောင်သည်လည်း ဆင်ဆိုး၏ ခြေကန်ချက်၊နှာမောင်းဖြင့် ရိုက်ချက်၊ အစွယ်၏ ထိုးချက်များ ခံရသလို ဆင်ဆိုးသည်လည်း ကျားကောင်၏ ကုတ်ခြစ်ခြင်း၊ ကိုက်ခဲခြင်းဒဏ်ကို လူးလိမ့်ခံနေရပြန်၏။
“ကဲ… ကိုပိုက် တိုက်ပွဲကတော့ သရေဖြစ်နိုင်တယ်။ ဒါကြောင့် ကျွန်တော်တို့ကပဲ ဒိုင်ပွဲရပ် လုပ်ရတော့မှာပဲဗျာ”
လင်းမြင့်လှိုင်က သို့ပြောပြီး သူ၏ သေနတ်ပြောင်းဝကို တိုက်ပွဲရှိရာသို့ ထိုးချိန်လိုက်၏။
ကျွန်တော်သည်လည်း သူနှယ် ဆင်ဆိုးထံသို့ ထိုးချိန်လိုတ်၏၊ပစ်မှတ် ငြိမ်သွားသည်နှင့် လက်ညှိုးလေးကို ကွေးချလိုက်တော့သည်။
“ဒိန်း”
”ဒိန်း..”
လင်းမြင့်လှိုင်သည်လည်း ဆင်ဆိုးထံသို့ ကျည်တစ်တောင့်လွှတ်လိုက်တော့၏။
ဆင်ဆိုး ခွေလဲသွားတော့၏
“ဒိန်း”
“ဒိန်း”
တစ်ချက်စီ ထပ်ပစ်လိုက်ကြပြန်၏။ ဆင်ဆိုး ငြိမ်သွားချေပြီဖြစ်သည်။ကျားကောင်သည် ကျွန်တော်တို့ ပထမ တစ်ချက်စီ ပစ်လိုက်ကတည်းက ထွက်ပြေးသွားပြီး ဖြစ်တော့၏။
ဆင်ဆိုးဘဝ ဇာတ်သိမ်း သွားချေပြီ။ တောကိုမှီ၍ ဝမ်းစာရှာဖွေကြသူတို့ အဖို့တော့ဖြင့် ကောင်းသွားချေပြီပေါ့။
ကျွန်တော် ဆင်ပိုင်ကြီးအားပိုလိုကို လှည့်ကြည့်လိုက်၏။ သူကပြုံးပြလေငြား မျက်ဝန်းမှ မျက်ရည်တို့ စီးကျနေတော့သည်။
ဪ. . . သူပိုင် ဆင်ကလေးကိုး။ သားဆိုး သမီးဆိုး လိုဖြစ်နေသဖြင့် သံယောဇဉ်တော့ဖြင့် ရှိနေပေသည်။
“ဖထီ ခွင့်လွှတ်ပါဗျာ”
သို့သာပြောပြီး ကျွန်တော်သည် ထိုနေရာလေးမှ တစ်လှမ်းချင်းလျှောက်ထွက်ခဲ့ပေတော့သည်။ကျွန်တော်တို့ သုံးယောက်၏ အပြန်ခရီးသည် လေးဖင့်လို့နေတော့၏။
ဆင်ဆိုးလေးသည် အသက်နှင့်ခန္ဓာ ကင်းမဲ့စွာဖြင့် ကျန်ရစ်ခဲ့တော့၏။ကျွန်တော်တို့သည် သူ့အပါးမှ ခွဲခဲ့ပေမင့် သူနှင့် တိုက်ခိုက်ခဲ့သော ကျားကောင်သည် သူ့ အနားတစ်ဝိုက်တွင် ရှိနေ၏။မကြာမီ ရောက်လာကာ ပွဲတော်တည်ပေလိမ့်မည်။
၆-၂- ၂ဝဝ၃
#စာရေးဆရာ – ကိုပိုက်