*ဖရဲသီးအပင်း*
**************

တရကြမ်းတိုက်ခတ်သောလေနှင့်အတူ မိုးစက်မိုးပေါက်များလည်းပါလာသည်။ သည်အတိုင်းဆို မနက်မကူးဘဲ ယောကျာ်းဖြစ်သူအသက်ပါသွားလိမ့်မည်။ ဘာမှမသိသေးသော သားငယ်မှာ နှစ်ခြိုက်စွာအိပ်မောကျနေသည်။

” မိန်းမရယ်…မခံနိူင်တော့ဘူးကွာ….အား..သေပါပြီကွာ….အမေရေကယ်ပါဦး…”

” ဘယ်လိုလုပ်ကြမလဲယောကျာ်းရယ်…မိုးသည်းလေသည်းထဲ ညအချိန်မတော်ကြီး အိမ်နီးနားချင်းလည်းအိပ်ကုန်ပြီ….နေဦးကျွန်မ မဟာဖြေဆေးဝယ်ထားတာရှိသေးတယ်…”

ဇနီးဖြစ်သူက အိပ်ယာမှထလိုက်ရင်း ဆေးဝါးသိမ်းထားသည့်နေရာသို့ သွား၏။

” အား…..နာလိုက်တာကွာ…ငါ့အူတွေပြတ်ထွက်တော့မဲ့အတိုင်းဘဲ….”

ခဏ၌ ဇနီးဖြစ်သူက ဆေးတစ်ခွက်ယူလာပြီး သူ့ကိုဆွဲထူကာ တိုက်ထားလိုက်သည်။

” ညနေကမှအကောင်းကြီးပါယောကျာ်းရယ်….ဘယ်လိုဖြစ်ရတာလဲတော်….”

” မသိပါဘူးမိန်းမရာ ငါလဲအိပ်နေရင်း ဗိုက်ထဲရစ်တစ်တစ်ဖြစ်နေတာနဲ့ အိမ်သာသွားတက်တာ…ဒါပေမဲ့အိမ်သာတက်ချင်လို့ ရစ်နေတဲ့ဝမ်းမျိုးမဟုတ်ဘူးဟ….အူတွေကိုအခွေလိုက်ဆွဲထုတ်နေသလိုမျိုးကိုနာနေတာ….အား….သေပါပြီဗျာ….”

ထိုလူက ဖြစ်စဉ်ကိုရှင်းပြရင်း ဗိုက်ကိုလက်နှစ်ဖက်နှင့်နှိပ်ထားကာ အိပ်ယာထက်၌လူးလှိမ့်နေ၏။ နဖူးသာမက တစ်ကိုယ်လုံးမှာလဲချွေးဇောပျံကာ ရွှဲရွှဲစိုနေချေပြီ။ ဇနီးဖြစ်သူမှာဘာလုပ်ပေးရမှန်းမသိတော့။ နာရီကိုလှမ်းကြည့်လိုက်သော်လည်း ညတစ်ချက်တီးသာရှိသေးသည်။

” ကျွတ်…ဒီညကျမှဘာလို့အချိန်ဒီလောက်ကြာရတာလဲ….အရေးထဲမိုးတွေလေတွေကလဲ ကြမ်းလိုက်တာ…”

ဇနီးသည်က ယောကျာ်းဖြစ်သူကိုကြည့်ရင်း အားမလိုအားမရဖြစ်ကာ စုတ်တစ်သပ်သပ်ဖြစ်နေ၏။

” မိန်းမရယ်…ငါ့ကိုမကယ်နိူင်တော့ဘူးလားကွာ….ငါမခံနိူင်တော့ဘူး….အား….”

” တောင့်ခံထားစမ်းပါယောကျာ်းရယ်….ငါလည်းမိုးမြန်မြန်လင်းဖို့ဘဲဆုတောင်းနေတာ…”

” ဂီး…ဂစ်…ဂစ်….”

” ဖလပ်…ဖလပ်….ဖလပ်…”

ညကြီးအချိန်မတော် အိမ်ဝန်းကျင်မှကြားလိုက်ရသောညည့်ငှက်အသံကြောင့် မိန်းမကြီးမှာ ထိတ်လန့်သွားမိ၏။ လူနာရှိသည့်အိမ်၌ ငှက်ဆိုးထိုးသံကြားရလျှင် နိမိတ်မကောင်းဟု လူကြီးသူမပြောဖူးသဖြင့်

” ဟ…ဘာသံတွေလဲ….ညချိန်မတော် ကြားရဆိုးလိုက်တဲ့အသံ….အခြေနေမကောင်းဘူး….ပရိတ်ရေဖြန်းထားမှတော်ကာကျမယ်….”

ဇနီးသည်ကထိုသို့တွေးပြီး ဘုရားကျောင်းဆောင်ပေါ်ရှိ ပရိတ်ရေဗူးကိုယူကာ တစ်အိမ်လုံးကိုပက်ဖျန်းထားလိုက်၏။

” ယောကျာ်း ထ ထ…ရော့ပရိတ်ရေသောက်ထားလိုက်….ခေါင်းပေါ်လည်းတောက်ထားပေးမယ်….”

” အား….သေရချည်ရဲ့….အား…….”

” ယောကျာ်း….ယောကျာ်း….ရရဲ့လား…”

ပရိတ်ရေသောက်ပြီးသည်နှင့် ဝမ်းဗိုက်တစ်လုံး ပူထူသွားပြီး အလုံးကြီးတစ်လုံးပတ်ပြေးသွားသလိုခံစားလိုက်ရ၏။ ခဏ၌ အမျိုးသားမှာဗိုက်ကလေးနှိပ်ပြီး ငြိမ်ကျသွား၏။

” ယောကျာ်း….ယောကျာ်း….ရှင်ရရဲ့လား…ဘယ်လိုဖြစ်တာလဲ…”

” ဟင်း……”

အမျိုးသားမှာသက်ပြင်းချလိုက်ပြီး ဘာမှမဖြေဘဲ မှိန်းနေ၏။ ချွေးစေးချွေးသက်များလည်း ပျံနေဆဲ။ တအောင့်၌ အမျိုးသားထံမှဟောက်သံသဲ့သဲ့ထွက်လာပြီး အိပ်ပျော်သွားပြီဖြစ်မှန်းသိလိုက်ရမှ အမျိုးသမီးမှာ စိတ်ဒုံးဒုံးချနိူင်ပြီး အမျိူးသား၏ဘေးတွင်ခွေခွေလေးလှဲအိပ်လိုက်၏။

သာယာသောမနက်ခင်းတွင် မသာယာနိူင်သူကား ဘကြီးသက်ပင်။ နှစ်အိမ်ကျော်မှ သူကြားချင်သည့် သတင်းကိုမကြားရသောကြောင့်ပင်။

” တောက်! ဘယ်လိုဖြစ်ရတာလဲကွာ…ဒီဟာမကိုယုံစားမိတာမှားပြီထင်ရဲ့…ဟင်း…အသုံးကိုမကျဘူး….”

” အဖေ…စောစောစီးစီးဘာတွေဒေါသထွက်နေတာလဲရှင့်….ကျက်သရေရှိလှတဲ့ဒီလိုမနက်ခင်းဆို မင်္ဂလာစကားတွေပြောပြီး တစ်နေ့တာကို ဖြတ်သန်းရတယ်တဲ့ရှင့်….”

” အသာနေစမ်းပါငါ့သမီးရာ…ညည်းဘာမှမသိဘဲဝင်မပါစမ်းနဲ့… “

” အဖေက သမီးပြောလိုက်ရင် အဲလို့ချည်းဘဲ….”

” ဒါနဲ့နင့်အစ်ကိုဖိုးစောအိမ်ရောက်ခဲ့သေးလား….သူတို့မိသားစုထဲကတစ်ယောက်ယောက်များနေမကောင်းတယ်ကြားမိသေးလား….”

” မနက်အစောကြီး အိမ်မလည်ကောင်းဘူးလေအဖေရဲ့….ဒါနဲ့အဖေ့စကားကအဆန်းပါလား….ကိုကြီးစောတို့ဘာဖြစ်လို့လဲ…”

” ထားတော့…ငါကသူတို့မိသားစု အိမ်မရောက်တာကြာလို့ နေများမကောင်းတာလားလို့ထင်မိလို့မေးကြည့်တာ…”

ဖခင်ဖြစ်သူ၏စကားကြောင့် မြနှင်းမှသံသယမဝင်တော့ဘဲ ဘုရားပန်းအိုးကိုသယ်ယူကာ ဘေစင်ရှိရာသို့ဦးတည်သွား၏။

” ဒီတစ်ခါမင်းကံကောင်းပေမဲ့ နောက်တစ်ခါတော့မကောင်းနိူင်ပါဘူးကွာ…ဘုရားတရားသာများများလုပ်ပေတော့”

ဦးဘသက်က သူ့အတွေးနဲ့သူကျေနပ်နေ၏။
နံနက်၈နာရီထိုးချိန်၌ ဘကြီးသက်တို့မိသားစုက စားပြီးသောက်ပြီး အိပ်ရှေ့ကွပ်ပျစ်၌ ထမင်းလုံးစီရင်း ဆက်ရက်မင်းစည်းစိမ်ခံနေ၏။

” ဘကြီးသက်ရေ….ဒီနေ့သားမောင်ကိုလာထားမလို့တော့… ဘကြီးသက်ဒီနေ့အားသလား….”

ဟူသောအသံနှင့်အတူဝင်လာသူက မနှင်းယဉ်။ ထိုအသံကြောင့်ဘကြီးသက်လည်း

” ဟေ….အားပါတယ်ကွယ်….ဒီနေ့ဘကြီးလည်း ဘယ်သွားစရာရှိတယ်မှတ်လို့….လာထားစမ်းပါ ကျူပ်ထိန်းပေးပါ့မယ်….”

” ကျေးဇူးပါဘကြီးသက်ရယ်…ကျုပ်တို့လင်မယားမယ် ဘကြီးသက်တို့မိသားစုကိုဘဲအရာရာအားကိုးနေရတာမလား….ဒါနဲ့
မြနှင်းရောဒီနေ့ဘယ်တဲ့လဲ….”

” ကျုပ်လည်း တောင်ပိုင်းကပဲခင်းဘဲသွားရမှာ မမယဉ်ရေ…ကျုပ်တို့အခင်းကမမယဉ်တို့လောက်မကောင်းပေမဲ့ အလိုက်အထိုက်တော့ရှိရှာပါတယ်….”

” အေးပါအေ…ညည်းခြံပြီးရင်လည်း ကျုပ်ခြံဘက်လှည့်ကူအုံးနော်အေ့….”

” အေးပါမမယဉ်ရဲ့….”

နှင်းယဉ်က သားမောင်ကို ဘကြီးသက်ထံအပ်ခဲ့ပြီး အိမ်သို့ပြန်လာခဲ့၏။ အိမ်ရောက်သည်နှင့်

” ကိုစော… ဒီနေ့ရှင်ခြံဘက်မလှည့်နဲ့ဦး အိမ်မှာဘဲအေးဆေးအနားယူနေ….”

” ကျုပ်သက်သာပါပြီမိန်းမရာ…. ကျုပ်တို့ပဲတွေမြန်မြန်နူတ်ပြီး အိမ်ပြန်ထားမှရမှာ….နိူ့မို့ဆိုသူခိုးကသောင်းကျန်းလွန်းလို့ ကျုပ်ပဲတွေ နူတ်သွားမှဟုတ်ပေ့ဖြစ်နေမယ်….”

” ဥစ္စာခြောက်မနေပါနဲ့အေ…ဒီနေ့တစ်ရက်ထဲရှင်နားလိုက်….ကျန်းမာရေးလောက်ဘာမှအရေးမကြီးဘူးအေ့….ကဲ…ကျုပ်သွားပြီ တော်ကသူခိုးရန်ကြောက်ရင်လည်း ခြံထဲနူတ်ပြီးလှန်းထားတဲ့ပဲတွေ ကျုပ်လှည်းနဲ့တိုက်ယူလာခဲ့မယ်….”

မနှင်းယဉ်ကထိုသို့ပြောပြီး ထမင်းထုပ်နဲ့ဝါးခမောက်ကြမ်းကြီးကိုယူကာ လှည်းကိုတအိအိမောင်းထွက်သွား၏။

ကိုဖိုးစောလည်း ကိုင်းထဲလိုက်မည်ဟုသာပြောရသည်။ မနေ့ညကနာထားသည့် ဗိုက်အနာကလုံးဝအရှင်းမပျောက်သေး။ သို့သော် မနေ့ညကလောက်မနာတော့သဖြင့် ခံသာနေသေး၏။

နေ့လည်ပိုင်းရောက်သည်နှင့် နေကပူစပ်စပ်အိုက်စပ်စပ်ဖြင့်အနေရခက်လှ၏။ မနေ့ညက မိုးရောလေပါတရကြမ်းတိုက်ခတ်ရွာသွန်းထားသော်လည်း ယခုမူကား ပူလွန်းလှ၏။

” အင်း…မနေ့ကဝယ်ထားတဲ့ဖရဲသီးရှိသေးတာဘဲ… အပူသက်သာအောင်ခွဲစားဦးမှ….”

ကိုဖိုးစောက အုပ်ဆောင်းဖြင့်အုပ်ထားသောဖရဲသီးအကျန်ကို ခွဲစားလိုက်၏။ နေပူပူထဲ ဖရဲသီးချိုချိုလေးစားလိုက်ရသောအခါ လူမှာရေငတ်ပြေပြီး ရင်ထဲအေးချမ်းသွား၏။

” အင်းခုမှဘဲ နေသာထိုင်သာရှိသွားတော့တယ်….”

ဖရဲသီးစားပြီး အိမ်ရှေ့မန်ကျည်းပင်အောက်ရှိ ခုံတန်းပေါ်၌ လှဲနေလိုက်၏။ ထိုစဉ်ဝမ်းသွားချင်သလိုလိုဖြစ်သဖြင့် ရေအိမ်ရှိရာသို့အမြန်ပြေးလိုက်၏။ တအောင့်၌ပြန်ထွက်လာပြီး

” ဝမ်းသွားချင်တာလဲမဟုတ်ဘူး….မနေ့ညကလိုပြန်ဖြစ်လာပြီထင်ရဲ့….အား….နာလိုက်တာကွာ….”

ဗိုက်ကလေးကို လက်ဖြင့်နှိပ်ပြီး ခံတန်းဆီသို့ အိပဲ့အိပဲ့ဖြင့်လာနေ၏။

” အား….နာလိုက်တာ…. သေတော့မှာဘဲ…ငါ့…ငါ့အူတွေ….”

” ကျွတ်….ကျွတ်…ကျွတ်…. “

ခုံတန်းဆီပင်ရောက်အောင်မသွားနိူင်တော့ချေ။ ဗိုက်ကြီးမှာအထဲမှ လေလုံးကြီးတွေပြေးနေသကဲ့သို့ အူသိမ်အူမများကို ပြောင်းပြန်လှန်ပစ်သကဲ့သို့ပင် နာကျင်လှ၏။

” အား…..သေပါပြီဗျာ….နာတယ်….အား…”

ကိုဖိုးစောတစ်ယောက်တည်း ညည်းညူရင်း မြေပေါ်သို့လဲကျသွား၏။ ထိုစဉ်ခြံထဲသို့ သားငယ်ဖြစ်သူဝင်လာ၏။

” ဟာ…အဖေ…ဒီမှာ ဘာလို့အိပ်နေတာလဲဗျ…ဖုန်တွေနဲ့အဖေအဝတ်တွေပေကုန်မှာပေါ့ဗျ….”

” သား….မြန်မြန် မင်းအမေကိုသွားခေါ်….ခုချက်ချင်းပြန်လာခဲ့လို့….အား…..သေပါပြီဗျာ…..”

ကိုဖိုးစောက သားမောင်ကိုထိုသို့မှာပြီး တအားအားအော်နေတော့၏။ ကလေးလည်း ဖခင်ပြောသည့်အတိုင်းရွာတောင်ပိုင်းရှိ ကိုင်းတောထဲသို့ အပြေးသွားတော့၏။

နှင်းယဉ်မှာ မြေပဲပင်ကိုစနစ်တကျနူတ်ယူနေ၏။ ယခုတစ်နှစ်သူတို့လင်မယားစိုက်သောပဲခင်းသည် ကိုင်းတောထဲရှိအခြားသူတို့၏ပဲခင်းထက်အဆများစွာသာ၏။ သူများကဲ့သို့ ပုလဲမြေဩဇာသာသုံးသော်လည်း ကံအကျိုးပေး၍ထင့် တခြားပဲခင်းထက် နှစ်ဆပိုကောင်းနေ၏။ ယခုပဲရာသီပြီးလျှင် ရသမျှပဲကိုဆီကြိတ်ရောင်းပြီး သားမောင်ကို သင်္ကန်းစည်း အလှူလုပ်ပေးရန် တွေးထားကြ၏။ ယခုပဲခင်းသည် သူတို့ပိုင်မြေမဟုတ်။ ဘကြီးသက်တို့မိသားစုပိုင်၏။ ပဲအထွက်နူန်းမကောင်းသဖြင့် ထိုမြေကိုသူတို့အား ငှါးထားပေးခြင်းသာ။ နေပူစပ်ကျဲ၌ နှင်းယဉ်က သူ့အတွေးနဲ့သူပျော်နေ၏။ ထိုစဉ်

” အမေ…အမေရေ….အဖေကမှာလိုက်တယ်…ခုချက်ချင်းအိမ်ကိုပြန်ခဲ့ပါတဲ့… “

” ဟေ…သား…သားကဘကြီးသက်တို့အိမ်မှာမလား…ဘယ်လိုလုပ်ဒီရောက်လာတာတုံး…မင်းအဖေကရောဘာဖြစ်လို့တုံးဟဲ့….”

” သားက ဘကြီးသက်တို့အိမ်မှာ အိမ်သာမတက်ချင်လို့ သားတို့အိမ်မှာပြန်တက်ရအောင်ပြန်လာခဲ့တာ….အဲဒါအဖေက မြေပြင်မှာကွေးကွေးလေးလှိမ့်နေပြီး အမေ့ကိုအခေါ်လွှတ်လိုက်တာဘဲ….”

” ဘာ…ဘယ်လိုသား…သားအဖေကမြေပြင်မှာကွေးကွေးလေးလူးလှိမ့်နေတယ်ဟုတ်လား….”

” ဟုတ်တယ်အမေ….”

” ဟာ…မဖြစ်ဘူးမဖြစ်ဘူး….”

မနှင်းယဉ်ရှည်ရှည်ဝေးဝေးတွေးမနေတော့ဘဲ အိမ်ကိုသာခြေကုန်ပြေးတော့၏။ အိမ်ရောက်တော့ ကိုဖိုးစောကိုမတွေ့ရ။

” ကိုဖိုးစော…ကိုဖိုးစောရေ….”

” ဟာ…အစ်မနှင်းယဉ်…ကိုဖိုးစောအိမ်မှာမဟုတ်ဘူးဗျ….ဘကြီးသောင်းလှတို့က ကျေးလက်ဆေးပေးခန်းကိုပို့လိုက်ပြီဗျ…အဲဒါကျုပ်ကိုအစ်မနှင်းယဉ်ကို အနောက်ကလိုက်ခဲ့ဆိုပြီးအခေါ်ခိုင်းလို့ ရောက်လာတာ…”

” ဟယ်ဟုတ်လား မောင်လိုင်း….အေးအေးအဲဆိုကျေးလက်ဆေးပေးခန်းကိုပြေးကြတာပေါ့….”

မနှင်းယဉ်မှာချွေးပင်မသုတ်အားဘဲ ရွာအရှေ့ပိုင်းရှိကျေးလက်ဆေးပေးခန်းသို့ပြေးရပြန်၏။ ဆေးခန်းရောက်ချိန်၌ ဘကြီသောင်းလှကဆီးကြိုပြီး

” တူမကြီး….အရမ်းလည်းစိတ်မပူပါနဲ့အုံး… ဖိုးစောကအစာအဆိပ်သင့်တာလို့ဆေးမှူးကပြောတယ်….ဆေးတွေတော့ထိုးပေးထားတယ်…”

” သူဘယ်မှာလဲဘကြီးသောင်းလှ…သူ့ကိုမတွေ့ရမချင်း ကျွန်မစိတ်အေးမှာမဟုတ်ဘူး…”

” အထဲမှာတူမကြီး….”

မနှင်းယဉ်က ဆေးခန်းထဲသို့ဝင်သွားပြီး ကုတင်ထက်၌ မှိန်းမောနေသော ယောကျာ်းဖြစ်သူကိုတွေ့ရ၏။

” ကိုဖိုးစော… နေသာရဲ့လားရှင့်….ကျွန်မမှာစိတ်ပူလိုက်ရတာ…”

ထိုစဉ် ကျန်းမာရေးမှူးက

” ဒီကအစ်မက လူနာနဲ့ဘာတော်လဲဗျ…”

” ကျွန်မကလူနာရဲ့ဇနီးပါ…”

” ဟုတ်ကဲ့….လူနာကအစာအဆိပ်သင့်နေတာပါ… သူဒီလိုမဖြစ်ခင်ဘာတွေစားမိသေးလဲ….”

” ကျွန်မကိုင်းထဲရောက်နေလို့ သူဘာစားမှန်းမသိဘူးဆေးမှူးရယ်…သူ့အခြေနေဘယ်လိုရှိလဲသိချင်ပါတယ်…”

” ခုတော့ဆေးထိုးပေးထားလို့အိပ်ပျော်နေတယ်…တကယ်လို့နိူးလာလို့မှမသက်သာရင်တော့ မြို့ကဆေးရုံကိုပို့ရမှာဘဲအစ်မ…”

” ရှင့်….!”

ဆေးမှူး၏စကားကြောင့် မနှင်းယဉ်လန့်သွား၏။ တောသူတောင်သားပေမို့ ဆေးရုံဆေးခန်းဟူသည့်အသံကြားသည်နဲ့ သေမတတ်ကြောက်ကြ၏။

” မသက်သာမှပို့မှာပါအစ်မ…သက်သာရင်တော့ ပို့စရာမလ်ိုဘူး…အိမ်မှာဘဲအေးဆေးအနားယူလို့ရပြီ….”

” ဟုတ်ကဲ့ပါဆေးမှူးရယ်…တကယ်ကျေးဇူးတင်ပါတယ်….”

ထို့နေ့က ရောဂါသက်သာသွားသဖြင့်မြို့ဆေးရုံသို့မသွားရဘဲ အိမ်သို့ပြန်ခေါ်လာ၏။ ဤနည်းဖြင့် တစ်ရက်ခြားတစ်ခါ၊သုံးရက်ခြားတစ်ခါ ပြန်ပြန်ဖြစ်လေရာ ကိုဖိုးစောမှာ တဖြည်းဖြည်းကိုယ်ခံအားကျဆင်းလာပြီး ပိန်လှီလာ၏။

” ဘယ်ဘဝက ဝဋ်ကြွေးကိုဆပ်နေရတာလဲကွာ….အမြန်ကြေပါတော့….မဟုတ်ရင်လည်းအမြန်သေပါတော့…. ငါမခံနိူင်တော့ဘူး… “

ကိုဖိုးစောက အိပ်ယာထဲ၌ ခွေခွေလေးအိပ်နေရင်း ညည်းညူနေမိ၏။ ထိုအခါ ထမင်းဟင်းချက်နေသော မနှင်းယဉ်က

” နိမိတ်နမာမရှိတဲ့စကားတွေမပြောစမ်းပါနဲ့အစ်ကိုရယ်…အချိန်တန်ရင် ပျောက်မှာပေါ့…ဆေးမှူးနဲ့ကုတာမပျောက်ဘူးဆိုတော့ အင်း…ပရောဂကုတဲ့ဆရာတွေနဲ့ကုကြည့်ရင်ကောင်းမလားဘဲ….”

လင်မယားနှစ်ယောက်စလုံး ပရောဂကိုမယုံကြည်သော်ငြားလည်း အရေးကြုံလာက ယုံရ၏။ သို့ကြောင့် ပရောဂဆိုအရမ်းနိူင်သည်ဟု နာမည်ကြီးသော ဆရာတစ်ယောက်ကို အိမ်သို့ပင့်လိုက်၏။

ဆရာမှာအသက်အရွယ်အားဖြင့် ၅၀စွန်းစွန်းသာရှိသေး၏။ ဥပဓိရုပ်ကောင်းကောင်းနှင့် သမားဂုဏ်ကိုဆောင်နေ၏။

” ကဲ…အဘဆီရောက်ရင်တော့ ငါ့သားခံစားရတဲ့ဝေဒနာတွေ ပိန်းကြာရွက်ပေါ် ရေမတင်သလို အရှင်းပျောက်စေရမယ်….”

” ဟုတ်ကဲ့ပါ…အားကိုးပါတယ်ဆရာရယ်…သူ့ရောဂါပျောက်အောင်ကုသပေးပါ…”

” စိတ်ချပါတူမကြီး….”

ထို့နောက်ဆရာကလိုအပ်သည်များပြင်ဆင်ပြီး စတင်ကုသ၏။

” ငါ့တူကြီး မြတ်ဘုရားကို အရင်ဆုံးကန်တော့လိုက်ပါဦး….”

ကိုဖိုးစောလည်းဆရာခိုင်းသည့်အတိုင်း မြတ်ဘုရားကိုရိုသေစွာကန်တော့လိုက်၏။

” ကဲ…စတင်ကုသတော့မယ်…ငါ့တူမကြီးက ကလေးကိုအဝေးခေါ်သွား….လန့်သွားမှာစိုးလို့….”

” ဟုတ်အဘ….”

မနှင်းယဉ်လည်း ကလေးကိုသူငယ်ချင်းများနဲ့သွားဆော့ခိုင်းလိုက်ပြီး အိမ်ပေါ်ပြန်တက်လာ၏။

” တူမကြီး…. ဘာဘဲမြင်မြင် ဘာဘဲဖြစ်ဖြစ် တစ်ခုမှဝင်မပြောနဲ့နော်….နားလည်းမယောင်နဲ့….ပရောဂတွေကသိပ်ကိုမာယာများတာကွဲ့….”

” ဟုတ်အဘ…”

” အေးအေး…”

ဆရာကထိုသို့ပြောပြီး ဘုရားစင်ဘက်လှည့်ကာ ဘုရားရှိခိုး၊ဆီမီးပူဇော်၏။ တအောင့်အကြာ၌ ကိုဖိုးစောကို ခြေဆင်းထိုင်ခိုင်းလိုက်ပြီး ပရောဂရှိမရှိစစ်ကြည့်ရာ ခြေထောက်နှစ်ဘက်စလုံး ချွ၍မရတော့သဖြင့် ပရောဂရှိမှန်းသိလိုက်၏။

” အင်း…ငါထင်တော့ထင်သားဘဲ…ဒင်းကသိပ်ပြီး သိုဝှက်တယ်မာယာများတယ်…ဘာပရောဂမှစစ်မရအောင် ဖျောက်ထားတာဘဲ….”

ဆရာကြီးကထိုသို့တွေးပြီး ပြုံးလိုက်၏။

” ကဲငါ့တူကြီး…စိတ်ကိုလွှတ်ထားလိုက်…”

” ဟုတ်အဘ…”

” ကဲ…ကြာသပတေးသား၏အသက်ကိုငါပိုင်တယ်….ဒီကြာသပေးသားကိုပြုစားနှောင့်ယှက်နေတဲ့ မိစ္ဆာကောင် ငါ့အရှေ့ကို နာရီမိနစ်မခြားဘဲအရောက်လာခဲ့စမ်း….အထက်ဆရာများရဲ့အာဏာ….ငါဆရာရဲ့အမိန့်ဟဲ့…မကြာချက်ချင်းရောက်လာစမ်း….”

ဆရာကဩဇာသံအပြည့်နဲ့ ခေါ်သော်လည်း
လူနာကတုတ်တုတ်မျှမလုပ်။ နဂိုတိုင်းရှိနေဆဲပင်။

” ကဲ…တယ်လည်းခေါင်းမာသဟေ့….ငါဆရာဒီလောက်ခေါ်တာကို မလာဘဲပေပြီးအာခံရဲသပေါ့…ဟုတ်စ….ကဲဆိုင်ရာပိုင်ရာတို့ ဒီမိစ္ဆာကောင်ကိုဖမ်းပြီးတုပ်ပြီး ဆွဲခေါ်ခဲ့စမ်းဟေ့….”

ထိုသို့တိုင် လူနာ၏ခန္ဓာသို့ မည်သည့်ပုဂ္ဂိုလ်မှဝင်မပူးချေ။ ဘေးမှကြည့်နေသော မနှင်းယဉ်မှာ ယောကျာ်းဖြစ်သူ၏ရောဂါသည်ပရောဂမဟုတ်ကြောင်းထင်ယောင်ထင်မှားဖြစ်လာဟန်ရှိ၏။ ဆရာလည်း မနှင်းယဉ်၏အမူအယာကိုသိသဖြင့် မိမိ၏သမားဂုဏ်တော့အပျက်မခံနိူင်။ မာယာများပြီးခေါင်းမာလှသောပရောဂကောင်အား ရအောင်ခေါ်ရပေတော့မည်။

” ကဲ…မင်းကတော်တော်ခေါင်းမာတဲ့ကောင်ဘဲ….ငါကလည်းမင်းထက်ပိုမာလို့ဆရာလုပ်လာတာကွ….လာစမ်းလဟဲ့ မိစ္ဆာကောင်….ဒီတစ်ခါမင်းမလာလို့မရဘူး….မင်းရဲ့နာမ်ပါတဲ့ဓာတ်ကိုငါခံစားမိပြီ….လာလေစမ်းဟဲ့မိစ္ဆာကောင်….ဘုန်း….ဘုန်း….ဘုန်း…..”

ဆရာကဒေါသအနည်းငယ်ထွက်နေဟန်ရှိ၏။ တတိယအကြိမ်ခေါ်သည့်အချိန်တွင်ကား လူနာသည်ဆတ်ခနဲတချက်ဖြစ်သွားပြီး တပလ္လင်ချိတ်ကာ ခေါင်းမော့ရင်ကော့လျက် ဆရာကြီးနှင့်မျက်နာချင်းဆိုင်ထိုင်နေ၏။

” ဆရာကြီးကလဲ…နဖူးမှာချွေးဇောပျံလို့ပါလားကွ….ကျုပ်ကိုခေါ်ရတာအတော်မောသွားပုံရတယ်…ကဲငါ့နှမ နင့်ရဲ့ဆရာကြီးကို ရေလေးတစ်ခွက်လောက်ခပ်တိုက်လိုက်ပါဦး….ဟားဟားဟား…”

မထီမဲ့မြင်စော်ကားလွန်းလှသော ဤမိစ္ဆာကောင်အား အလွှတ်ပေး၍မဖြစ်တော့။ ပြောင်းလဲသွားသောအခြေနေကြောင့် မနှင်းယဉ်လည်း လန့်သွားကာ အနောက်သို့ဆုတ်၍ထိုင်၏။

” ဒီမှာမိစ္ဆာကောင်…သင့်ကိုသင်ဘာထင်နေသလဲ…ဒူးပဆစ်တုတ်ပြီး ဘုရားကိုဦးချစမ်း….”

” ဟားဟားဟား…ဘုရားမဟုတ်ကုလားရုပ်ကို ငါကဘာကိစ္စကန်တော့ရမှာလဲ မကန်တော့ဘူးကွာ…မင်းဘာလုပ်နိူင်လဲ….”

” မင်းကများစော်စော်ကားကားကွာ….ကဲရိုးရိုးပြောမရတော့လဲဆန်းဆန်းပြောရတာပေါ့….ကဲဟဲ့လှံပိုင်ကြီး ဒီကောင့်ရဲ့ခြေထောက်တွေ ဒူးပဆစ်တုတ်ထိုင်တဲ့အထိ လှံနဲ့ထိုးစမ်း…ဆင်ပိုင်ကြီးက ဘုရားကိုဦးတိုက်အောင် ဒီကောင့်ဇက်ပိုးကို ဆင်နဲ့နင်းထားလိုက်စမ်းဟေ့…မသေစေနဲ့….”

ဆရာကြီးကထိုသို့မိန့်လိုက်သည်နှင့် ကိုဖိုးစောမှာ တချက်တုန်သွားပြီး

” အား….နာတယ်ကွ…အား…ငါ့ဇက်ပိုးကြိုးပါပြီ…အား….ဟားဟားဟား….ငါအဲလို့အော်မယ်ထင်လို့လား….ဟားဟားဟား
နင့်ရဲ့ဆင်ပိုင်လှံပိုင်လောက်နဲ့ ငါ့ကိုမချုပ်ချင်စမ်းပါနဲ့ကွာ….”

” ဟင်….”

ပြောင်းလဲသွားသောအခြေနေကြောင့် ဆရာကြီးမှာ အံဩမှင်သေသွား၏။ လူနာက ချက်ချင်းတပလ္လင်ချိတ်ထိုင်ပြီး အပေါ်သို့တစ်ထွာသာသာမျှ ကြွတက်လာ၏။ ဤမျှကြမ်းတမ်းသောပရောဂကို သူ့ဘဝတစ်လျှောက်တစ်ခါမှမတွေ့ဖူးသဖြင့် သွေးလန့်နေမိ၏။ နောက်ဆုံး၌ မိမိ၏သမားဂုဏ်ကို အကျမခံနိူင်သည့်အဆုံး ဘုရားသောက်တော်ရေကိုစွန့်ယူကာ ညာဘက်လက်ညိုးဖြင့် မွှေလိုက်ပြီး နူတ်မှလည်းမန္တာန်ရွတ်ဆိုနေ၏။ ပြီးသည်နှင့်

” ကဲ….မင်းခံနိူင်ရင်ခံဟေ့…အထက်ဆရာကြီးများရဲ့မျက်စဉ်းခတ်ရေစင်တဲ့ သေစမ်းမိစ္ဆာကောင်….”

” အား….ငါ့….ငါ့မျက်လုံး….”

ဆရာကထိုရေစင်ကိုလက်ဖြင့်ယူပြီး လူနာ၏မျက်လုံးအား ခတ်ထည့်လိုက်ရာ လူနာမှာလက်နှစ်ဘက်ဖြင့် မျက်လုံးကိုအုပ်ပြီးကျယ်လောင်စွာအော်ဟစ်နေ၏။ သို့သော် မထင်မှတ်လိုက်သောအချိန်မှာပင် လူနာသည်ဆရာ့လက်ပေါ်မှ ရေစင်ခွက်ကိုယူကာမော့သောက်ပစ်လိုက်ပြီး

” ထွီး…ငါ့မျက်လုံးကိုပျက်အောင်လုပ်တဲ့အကောင်သေပေစမ်း….”

” ခွပ်…..”

” အင့်….”

လူနာမှာငုံထားသောရေစင်ဖြင့် ဆရာကြီး၏မျက်နှာအားထွိးခနဲထွေးပစ်လိုက်ပြီးကိုယ်ရှိန်ပျက်သွားချိန် ဝိုက်လက်သီးဖြင့်ပါထပ်ဆင့်ထိုးလိုက်ရာ ဆရာမှာအနောက်ကကန်တော့ပွဲပြင်ထားသောစားပွဲပေါ်လှန်ကျသွားသဖြင့် ပွဲလည်းပျက်သွားတော့၏။

” ဟာ….”

” ဟားဟားဟား….ဟားဟားဟား..မတောက်တခေါက်ပညာလေးနဲ့ငါ့ကိုများ လာနှောင့်ယှက်ရဲသေးတယ်….ကိုယ့်အသက်ကိုနှမြောရင် လာရာလမ်းအတိုင်းလှည့်ပြန်စမ်းဟဲ့….”

ဆရာမှာ လှန်လဲကျနေရာမှ အားယူကာထလိုက်ပြီး

” တောင်းပန်ပါတယ်တူမကြီး…အဘဒီကောင့်ကိုမနိူင်တော့ဘူး…တခြားဆရာသာရှာလိုက်ပါတော့….”

ဆရာကြီးကထိုသို့ပြောပြီး ပုဆိုးကိုမကာ အိမ်ထဲမှ ခြေကုန်သုတ်ပြေးတော့၏။

” ဟားဟားဟား….ဟားဟားဟား…”

ကိုဖိုးစောမှာ အားရစွာအော်ရယ်ပြီး ကြမ်းပေါ်သို့ဗုန်းခနဲလှဲကျသွားတော့သည်။ ထိုအချိန်မှစ၍မနှင်းယဉ်မှာ ပရောဂတကယ်ရှိမှန်းယုံကြည်သွား၏။

ယခုမှာမူ ကိုဖိုးစောဝေဒနာခံစားရသည်မှာ ၃လပင်ပြည့်နေချပြီ။ သည်အတောအတွင်း ထွက်ပြေးသွားသောဆရာမှာလည်း ၅ယောက်မကတော့ချေ။ နောက်ဆုံး၌ မနှင်းယဉ်ကစိတ်ကိုလျှော့လိုက်ပြီး ဆေးမှူးဆီသို့သာ ဝေဒနာဖြစ်တိုင်း အိပ်ဆေးထိုးခိုင်းပြီး သိပ်ထားရတော့သည်။

လင်ယောကျာ်းနေမကောင်းသောမိန်းမတစ်ယောက်သည် မည်သို့မျှစိတ်မချမ်းသာနိူင်ချေ။ သားကိုသခင် လင်ကိုဘုရားဟုသတ်မှတ်ထားသော မိန်းမသားတို့အဖို့ လင်ယောကျာ်းနေမကောင်းလျှင် သူတို့နေရာ၌သာအစားဝင်ကာ ခံလိုက်ချင်တော့သည့် စိတ်ကအမြဲရှိနေ၏။ ယခုမနှင်းယဉ်လည်း ထိုနည်း၎င်းပင်။ လင်စိတ်ကြောင့် ပစ်ထားသောပဲခင်းကိုလည်းလှည့်မကြည့်နိူင်တော့ချေ။ စားမဝင်အိပ်မပျော်သည့်ဒဏ်ကြောင့် မျက်နှာမှာအတော်ပင်ချောင်ကျနေလေသည်။

သာယာသောနေ့တစ်နေ့၌ မောင်ရေခဲတို့ဆရာတပည့်နှစ်ယောက်သည် တစ္ဆေကုန်းဟူသောရွာလေးသို့ ရောက်ရှိလာခဲ့၏။
အတော်ကျယ်သောရွာကြီးတစ်ရွာဖြစ်ပြီး လူဦးရေလည်းများသည်။ ရွာလမ်းမကြီးအတိုင်း ဝင်လာကြရာ ရွာလည်ရောက်ချိန်၌ နွားလှည်းကိုကြိမ်တို့ကာ အလျင်လိုနေကြသော လူတစ်စုကို တွေ့လိုက်ရ၏။ လှည်းပေါ်၌ပါလာသောလူတစ်ယောက်ကလည်း
နာကျင်စွာညည်း၍လိုက်ပါလာ၏။ ပို၍ထူးဆန်းသည်က ထိုလူ၏ကိုယ်ပေါ်မှရှပ်တိုက်ပါလာသော သက်တမ်းရင့်သဘက်ကြီးတစ်ကောင်ပင်။ ထိုသဘက်ကြီးက လှည်းပေါ်ရှိ ညည်းနေသောလူနာ၏ဗိုက်ကို ချွန်မျှသောလက်သည်းများဖြင့်ထိုးဖောက်ရင်း အူနှင့်အသည်းနှလုံးကိုဆွဲထုတ်ချင်နေ၏။

” ဟာ….ထင်ပေါ်….အဲဒီလှည်းနောက်ကိုထက်ကြပ်မကွာလိုက်စမ်း…လှည်းပေါ်ကလူတွေမကြာခင်ဘေးကျရောက်လိမ့်မယ်….”

” ကျွန်တော်လည်းအာရုံခံမိတယ်ဆရာ…ဒီလူတွေအပြေးအလွှားဖြစ်ပုံထောက်ရင် ကျေးလက်ဆေးခန်းကိုသွားပုံရတယ်ဆရာ….”

” ကျေးလက်ကျန်းမာရေးမှူးနဲ့ဆိုင်တဲ့ရောဂါမဟုတ်ဘူးထင်ပေါ်…ခဏတာဘဲသက်သာလိမ့်မယ်…ငါတို့ကယ်မှရတော့မယ်…”

ဆရာတပည့်နှစ်ယောက် လှည်းနောက်သို့ လိုက်သွားခဲ့ကြ၏။ ထိုလှည်းမှာ ထင်သည့်အတိုင်းပင် ရွာအရှေ့ပိုင်းရှိ ကျေးလက်ကျန်းမာရေးဆေးခန်းသို့ သွားနေခြင်းဖြစ်၏။
ဆေးခန်းရောက်သည်နှင့် သဘက်ကြီးမှာအထဲသို့လိုက်မဝင်ဘဲ ဆေးခန်းနံဘေးရှိညောင်ပိန္နဲပင်ကြီးပေါ်သို့တက်နေရစ်၏။

မောင်ရေခဲတို့လည်းမလှမ်းမကမ်းမှ အခြေအနေကို စောင့်ကြည့်နေ၏။ ခဏ၌ထိုလူတစ်စုပြန်ထွက်လာ၏။ လူနာမှာကား စောင်ပခက်အတွင်း၌မလှုပ်မယှက်ဖြင့်ပါလာ၏။ လူနာကိုလှည်းပေါ်တင်ပြီးသည်နှင့် လှည်းပေါ်တက်ကြပြီး မောင်းထွက်သွား၏။ သဘက်ကြီးကား သစ်ပင်ပေါ်၌ရှိနေဆဲပင်။

လှည်းကြီးမှာတရွေ့ရွေ့လာနေရင်း မောင်ရေခဲတို့ရှေ့သို့ရောက်လာခဲ့၏။ ထိုအခါမောင်ရေခဲက လှည်းကိုတားလိုက်ပြီး

” ဒီကမိတ်တွေတို့ကို အကူညီတောင်းစရာရှိလို့ပါ…. ကျွန်တော်တို့ လှည်းကြုံလိုက်စီးလို့ရမလား….”

မောင်ရေခဲ၏စကားကြောင့် လှည်းပေါ်မှလူများမှာ အလိုက်ကန်းဆိုးမသိလှချည်လားဟူသောအကြည့်ဖြင့် လှမ်းကြည့်လာကြပြီး
အမျိုးသမီးတစ်ဦးက

” အားနာပါတယ် မောင်လေးတို့…အစ်မတို့လှည်းကလူနာပါလာလို့ လိုက်လို့မရတော့ဘူးရှင့်….လှည်းကြုံစီးချင်ရင်တေ့ာ နောက်လာတဲ့လှည်းကိုတားစီးကြပါနော်….”

” အစ်မကြည့်ရတာ စိတ်သောကရောက်နေသလိုဘဲ…. စိတ်မရှိရင်ကျွန်တော်သိခွင့်ရမလား….”

” အလိုက်ကန်းဆိုးမသိတဲ့လူတွေဘဲ…ကျွန်မလင်တစ်ယောက်လုံး နေမကောင်းဖြစ်နေတာကို ကျွန်မကပြုံးပျော်နေရမှာလား….”

” ကျွန်တော်လူနာကိုကြည့်ပါရစေ…. ကျွန်တော်က အထက်လမ်းပညာမတောက်တစ်ခေါက်လေ့လာထားပါတယ် “

” မင်းကြည့်တော့ရောဘာထူးမှာလဲ….မင်းတို့အရှေ့မှာ ထွက်ပြေးခဲ့တဲ့ဆရာပေါင်းမနည်းတော့ဘူး ….မင်းလည်းအသက်အပိုမပါရင် လှည်းရှေ့ကဖယ်လိုက်တော့ …”

အဖိုးကြီးတစ်ယောက်က ထိုသို့ပြောသဖြင့်မနှင်းယဉ်က သူ့ယောကျာ်းသက်သာလိုသက်သာငြားဖြင့်

” ကဲဒါဖြင့်လဲ ရှင်တို့နှစ်ယောက်လုံးလှည်းပေါ်တက်ပြီး ကျွန်မအိမ်လိုက်ခဲ့ကြပေါ့… ရှင်တို့အသက်ကိုတော့ ကျွန်မ အာမ မခံဘူးနော်….”

မနှင်းယဉ်၏စကားကြောင့်အဖိုးကြီးမှာ သိပ်မကျေနပ်သော်လည်း ဘာမှဆက်မပြောတော့ဘဲ နေရာဖယ်ပေးလိုက်၏။ အချိန်အတော်ကြာလှည်းစီးလာကြပြီးနောက် အမျိုးသမီး၏အိမ်သို့ရောက်လာခဲ့၏။ အိမ်ရောက်သည်နှင့် လူနာကိုအိမ်ပေါ်သို့ခေါ်သွားပြီးသိပ်လိုက်၏။ ဘောက်ဆတ်ဆတ်ရှိလှသောအဖိုးကြီးမှာ အမျိုးသမီးကိုနူတ်ဆက်ပြီး ပြန်သွား၏။ အိမ်တွင်ပုခက်ထမ်းသည့်ယောကျာ်းသားနှစ်ယောက်နှင့်အမျိုးသမီးသာကျန်ခဲ့၏။

” ထိုင်ကြပါမောင်လေးတို့…. “

” ဟုတ်ကဲ့အစ်မ…ဒါနဲ့အစ်မရဲ့အမျိုးသားကဘယ်လိုကနေဘယ်လိုစဖြစ်တာလဲ…ဖြစ်တာကြာပြီလား….”

မောင်ရေခဲ၏အမေးကိုအမျိုးသမီးက အစအဆုံးဖြစ်ခဲ့ပုံနဲ့ဆရာများထွက်ပြေးခဲ့ရသည့်အကြောင်းများပါ ထည့်သွင်းပြောပြလိုက်၏။

” ဒီကောင်ကအတော်ကြမ်းတယ်ဆိုပေမဲ့ မျက်စိအလင်းရပုံမပေါ်ဘူးဗျ….”

” မောင်လေးကဘာလို့အတပ်ပြောနိူင်ရတာလဲ…..”

” ကျွန်တော်အဲဒီကောင်ကိုမြင်ရတယ်ဗျ…အစ်မတို့ဆေးခန်းထဲဝင်သွားတော့ဒီကောင်ဆေးခန်းဘေးကအပင်ပေါ်မှာကျန်နေရစ်ခဲ့တယ်….အစ်မတို့ပြန်ထွက်လာတော့ သူမတွေ့လို့ပြန်လိုက်မလာခဲ့ဘူးဗျ…ဒါပေမဲ့ခုတော့ အိမ်အပြင်မှာရောက်နေပြီဗျ….”

” အမလေး…ကယ်ပါဦးဆရာလေးရယ်…ကျွန်မဖြင့်အတွေးနဲ့ပုံဖော်ကြည့်ရင်တောင် တော်တော်ကြောက်နေပါပြီ….သူအိမ်ထဲဝင်လာရင်ဒုက္ခဘဲ….”

” အစ်မစိတ်ချပါ…ဒီအိမ်ထဲကိုသူဝင်လာလို့မရအောင် ကျွန်တော်စည်းချထားတယ်ဗျ…”

မောင်ရေခဲပြောသည့်အတိုင်းပင် သဘက်ကြီးသည် ခြံအပြင်၌ရစ်သီရစ်သီလုပ်ရင်း တောက်တစ်ခေါက်ခေါက်ခတ်ကာ အမျက်ထွက်နေ၏။ ခဏ၌လူနာမှာနိူးလာပြီး

” မိန်းမ…ငါ့ကို ရေတိုက်ပါဦးရေဆာလိုက်တာ…ပြီးတော့ငါအိပ်ပျော်နေတုန်း အဖိုးကြီးတစ်ယောက်ကိုအိပ်မက်မက်တယ်…လူနှစ်ယောက်ငါ့အသက်ကိုကယ်ပေးလိမ့်မယ်တဲ့….”

ထိုစကားကြောင့် မနှင်းယဉ်မှာ အံ့ဩသွားပြီး

” ရှင်တကယ်ဘဲ အဲလို့မက်သလားကိုစော….ရှင်ကြည့်လိုက်စမ်း ငါတို့အိမ်ကိုဆရာလေးနှစ်ယောက်ရောက်နေတယ်…သူတို့က အထက်လမ်းပညာမတောက်တခေါက်လေ့လာထားတယ်တဲ့ ရှင့်ရောဂါကိုကုပေးကြည့်ချင်လို့တဲ့….”

” ဟေ…တကယ်လားမိန်းမ…ခေါ်ခဲ့လိုက်ဆရာလေးနှစ်ယောက်ကို ငါ့ဆီခေါ်ခဲ့လိုက်….”

မနှင်းယဉ်လည်း မောင်ရေခဲ တို့ဆရာတပည့်နှစ်ယောက်ကို အိမ်ရှေ့ဘုရားခန်း၌နေရာထိုင်ခင်းပေးလိုက်၏။ ကိုဖိုးစောလည်း
မောင်ရေခဲ တို့ရှေ့၌လာထိုင်ရင်း

” ကျွန်တော့ရောဂါကိုပျောက်ကင်းအောင်ကုပေးပါဆရာလေးတို့…ကျေးဇူးဆပ်ပါ့မယ်ဗျာ….”

” ဟာ…အစ်ကို…အိပ်ယာထဲမှာဘဲသက်သာသလိုနေပါဗျ….”

” ကျွန်တော်ဆရာလေးတို့ကိုတွေ့ကတည်းက အားရှိသွားပြီ….အိပ်ယာထဲမနေချင်တော့ဘူးဗျ….”

ကိုဖိုးစော၏စကားကြောင့် မောင်ရေခဲပြုံးလိုက်ပြီး
” ဒါဖြင့်ရင်ဗျာ….ကျွန်တော်တို့စလိုက်ကြစို့…အစ်မကြီးက ကျွန်တော်ပြောတာတွေကိုမှတ်ထားပြီး ရအောင်ရှာဝယ်ခဲ့ပေးဗျ…အစ်ကိုကတော့ ဒီနေရာမှာဘဲထိုင်ပြီး နာရီဝက်ရရ၊၁၅မိနစ်ရရ တရားထိုင်ပေးပါ….”

” ဟုတ်ပြီဆရာလေး…”

” အဲဆိုအစ်မအခုဘဲ လိုအပ်တာတွေသွားရှာဝယ်တော့မယ်ဆရာလေး….”

” ဟုတ်ပြီအစ်မ…ရော့ဒါလေးဆောင်သွား….”

မောင်ရေခဲက အမျိုးသမီးအား အန္တရာယ်ကင်းအဆောင်လက်ဖွဲ့ပေးလိုက်၏။ ကိုဖိုးစောက တင်ပလ္လင်ချိတ်ထိုင်ရင်း ငြိမ်သက်စွာတရားမှတ်နေ၏။ မောင်ရေခဲလည်း လုပ်စရာရှိသည်များကိုလုပ်ထားလိုက်ပြီး အိမ်ကိုအဝင်ပေါက်မျှသာချန်ပြီးစည်းချထားလိုက်၏။ နာရီဝက်မျှအကြာ၌ မနှင်းယဉ်က မှာလိုက်သောပစ္စည်းအစုံအလင်ဖြင့်ပြန်ရောက်လာ၏။

” ဆရာလေးမှာတဲ့ပစ္စည်းတွေအကုန်ရလာခဲတယ်ဆရာလေး….”

” အေးအေးအစ်မကျေးဇူးပါဘဲ…အုန်းပွဲငှက်ပျောပွဲပြင်ဖို့ ရေဆေးပေးထားပါအုံးဗျ….”

အမျိုးသမီးလည်းသွက်လက်စွာဖြင့် အကုန်လုပ်ပေး၏။ အားလုံးပြီးသွားသည်နှင့် မောင်ရေခဲလည်း ပိတ်ဖြူပိတ်နီခံကာ ကန်တော့ပွဲတင်လိုက်၏။ အားလုံးပြီးသွားသည်နှင့်

” ကဲ….ဒီကနောင်ကြီးရေ… တရားဖြုတ်လို့ရပြီဗျ….ခဏတော့အညောင်းအညာဆန့်ချေဦး….နောင်ကြီးထိုင်နေတာနာရီဝက်တစ်နာရီရပြီဆိုတော့ ညောင်းညာပေမှာဘဲ….”

ကိုဖိုးစောလည်းခဏအညောင်းအညာဆန့်လိုက်၏။ ပြီးမှ

” ရပြီဆရာ….ဆရာတို့လုပ်စရာရှိတာလုပ်လိုက်တော့….ဆရာလေးတို့ရှိနေရင်ကျုပ်ကလူကောင်းပကတိအတိုင်းဘဲဗျ….လေးလံထိုင်းမှိုင်းနေတဲ့ဟာတွေဘယ်ရောက်သွားမှန်းမသိဘူး….”

” ရှေ့ဆက်ဒီလိုဘဲနေကောင်းသွားအောင်လုပ်ပေးမယ်နောင်ကြီး….ကဲလာထိုင်ပြီးဘုရားကိုကန်တော့လိုက်ပါဦး….”

ကိုဖိုးစောလည်း မောင်ရေခဲပြောသည့်အတိုင်းဘုရားကိုဦးချလိုက်၏။

” စိတ်ကိုလွှတ်ထားနောင်ကြီး….ဘာမှမကြောက်နဲ့… “

မောင်ရေခဲကထိုသို့ပြောလိုက်ပြီး

” ကဲ…အိမ်အပြင်ကပုဂ္ဂိုလ်…သင်ဝင်လာခဲ့လို့ရပြီ….”

ထိုသို့မိန့်လိုက်သည်နှင့် အပြင်ကသဘက်ကြီးမှာ ဒေါသတကြီးဖြင့် ဝင်လာရာ အိမ်ကြီးပင်သိမ့်ခနဲတုန်သွားရ၏။

” ထင်ပေါ် …စည်းကိုပိတ်ချလိုက်တော့…”

” ဟုတ်ဆရာ….”

” ကဲသင်ရောက်ပြီဆိုတော့ ဘုရားကိုကန်တော့လိုက်ပါဦး….”

” တောက်! လူကြည့်တော့နိူ့နံ့တောင်မစင်သေးဘဲနဲ့ ငါ့များဆရာလာလုပ်နေတယ်…နင်လည်းအရင်ကောင်တွေလို နာချင်ပြီနဲ့တူတယ်….”

” အရင်ဆရာတွေကို သင်နိူင်ခဲ့ပေမယ့် ကျုပ်ကိုတော့ ထိခွင့်တောင်ရလိုက်မှာမဟုတ်ဘူးသိလား…အဲဒီတော့ ကျုပ်ခိုင်းသလိုဘဲဘုရားကိုရှိခိုးဦးချလိုက်….”

” ဟားဟားဟား….ဦးမချတော့ဘာဖြစ်လဲကွာ မင်းဘာလုပ်ချင်လဲ….”

ဆိုပြီး ခါးတောင်းကိုမြှောင်အောင်ကျိုက်ကာ ရန်လိုနေ၏။

” ပြန်ထိုင်လိုက်စမ်း….ခုချက်ချင်းပြန်ထိုင်လိုက်….”

” မထိုင်ဘူးကွာ… မင်းဘာလုပ်ချင်လဲ…ကဲဟာ….”

” ဒုတ်….”

” အား….”

သဘက်ကြီးက ထိုးထားသောကန်တော့ပွဲအားဖြတ်ကန်လိုက်သော်လည်း အနားမရောက်ခင်မှာပင် တစ်စုံတစ်ခုက သူ၏ခြေထောက်ကိုဖြတ်ရိုက်လိုက်သဖြင့် အားခနဲအော်ကာခုန်ဆွခုန်ဆွဖြစ်သွား၏။

” ငါမပြောဘူးလား…ငါ့ကိုထိလို့မရဘူးလို့…ကဲထိုင်….သင်သာငါ့ကိုမမြင်ရတာ ငါကတော့သင့်ကိုမြင်နေရတယ်….”

” ငါဘာလို့မင်းကိုမမြင်ရမှာလဲ….ငါမြင်ရတယ်…”

” ဘာလို့လဲဆိုတော့ အရင်ဆရာရဲ့မျက်စဉ်းခတ်ဆေးကြောင့် သင့်အမြင်အာရုံဝေဝါးသွားပြီလေ….”

” ဟင်…နင်နင်ဒါတွေသိနေတယ်….”

” သိရုံတင်ဘယ်ကမလဲ…ငါကသင့်ရဲ့ဘဝဇာတ်ကြောင်းပါသိတယ်….သင့်ကိုငါနာအောင်မလုပ်ချင်ဘူး သင့်ကိုခိုင်းတဲ့သူဘယ်သူလဲဆိုတာဘဲသိချင်တယ်….”

” မင်းပြောတိုင်းငါယုံမယ်ထင်နေလား…ဟားဟားဟား…မသေချင်ရင်ဝင်မပါနဲ့….”

” အတော်ခေါင်းမာပါလား….ကဲသင်ထိုင်မှာလားမထိုင်ဘူးလား….”

” မထိုင်ဘူးကွာဘာဖြစ်လဲ….”

” အဲဆိုလည်းသင့်သဘောဘဲလေ…ကဲ…
ဆိုင်ရာတွေ သူထိုင်အောင်လုပ်လိုက်စမ်း….”

” အား…..နာတယ်…နာတယ်….အမလေးငါ့ခေါင်းကွဲပြီထင်ရဲ့….”

” အားပူတယ်…သေပါပြီ… တော်ပါတော့
ငါမခံနိူင်တော့ဘူး…. ထိုင်ပါ့မယ်….”

သဘက်ကြီးကထိုသို့ပြောပြီး ကျုံ့ကျုံ့ကလေးထိုင်ကာ ဘုရားကိုဦးချ၏။

” ကဲပြော…ကြာသပတေးသားကိုဘာလို့နှောင့်ယှက်ရတာလဲ….”

” သူကိုယ်တိုင်ကျုပ်ကိုခေါ်ထားတာပါ….”

” မှန်မှန်ပြောစမ်း…. လိမ်ညာနေရင် အာခေါင်ထဲငရဲမီးထတောက်စေ….”

” တကယ်….ကယ်….အား….ဝူး…ဝါး….”

သဘက်ကြီးကထပ်မံလိမ်ညာရန် ကြိုးစားရာ မီးတောက်ကြီးမှာဟုန်းခနဲထတောက်လေရာ သဘက်ကြီးမှာဝူးဝူးဝါးဝါးအော်ပြီးထွက်ပြေး၏။

” မလိမ်နဲ့လို့ ငါပြောသားဘဲ…. ထွက်ပြေးဖို့လဲမကြံနဲ့ ပြန်ထိုင်ပြီးငါမေးတာမှန်မှန်ဖြေ…”

” ဟုတ်…ဟုတ်ကဲ့ ကြောက်ပါပြီ…မညာရဲတော့ပါဘူး…. ဖြေပါ့မယ်ဆရာ…. ကျုပ်သဘောနဲ့ကျုပ်နှောင့်ယှက်နေတာမဟုတ်ပါဘူး
ခိုင်းလို့လုပ်ရတာပါ….”

” ခိုင်းတိုင်းလုပ်ရရောလား…”

” မလုပ်ရင် ကျုပ်ကို နှိပ်စက်ပါတယ်ဆရာ…ကျုပ်သူ့ကိုမနိူင်ပါဘူး…”

” အခုရော …သင်ဒီတိုင်းပြန်သွားတာသိရင် အပြစ်လွတ်လား….”

” မလွှတ်တဲ့အပြင် စကြာကြိမ်တုတ်နဲ့လူးလှိမ့်နေအောင် ရိုက်ခံရပါတယ်ဆရာ….”

” သင်ကြောက်သလား….”

” ကြောက်တယ်ဆရာ…သူကအဲဒီကြိမ်စင်္ကြာတုတ်နဲ့ကျုပ်ကိုထိန်းထားနိူင်တာပါ…အဲဒါသာမရှိရင် ကျုပ်သူ့ကိုလည်လိမ်ချိုးသတ်တာကြာပြီ….”

” ကဲအဲဒါဆို သင်လုပ်ထားတာတွေပြန်ယူပြီးလွတ်ရာသွားတော့… သင့်ရဲ့ပေးဆပ်ရမဲ့ဝဋ်ကျွေးမကုန်သေးသ၍ တော့ဒီသဘက်ကြီးဘဝနဲ့ဘဲနေနေရဦးမှာဘဲ….ဒါပေမဲ့တစ်ပါးသူကိုထပ်ပြီးမနောင့်ယှက်တော့ရင် ဝဋ်ကြွေးအသစ်ထပ်မဖြစ်တော့ဘူးပေါ့….ငါပြောတာနားလည်လား….”

” နားလည်ပါပြီဆရာ….သွားခွင့်ပြုတဲ့အတွက်ကျေးဇူးတင်ပါတယ်….ကျုပ်လုပ်ထားတာတွေမရှိပါဘူး ကျုပ်ကဒီတိုင်းသူ့အူတွေအသည်းတွေနှိပ်ကလိတာဘဲရှိတာပါ….”

” သင်မလုပ်ထားဘူးသာဆိုတယ် ကြာသပတေးသားရဲ့ဝမ်းထဲကအပင်းတွေငါမြင်နေရတယ်….”

” တကယ်မလိမ်ဘူးဆရာ…အဲဒါကျုပ်လုပ်တာမဟုတ်ဘူး…ကျုပ်ကျိန်ရဲပါတယ်….”

” အင်းပါဘယ်သူလုပ်ထားတာလဲမကြာခင်သိရတော့မှာပါ….ကဲသင်လဲသွားတော့…လူ့အရပ်နဲ့ဝေးရာကိုသာသွားတော့…မဖြစ်သေးပါဘူး သင့်ကိုနတ်ဘီလူးတို့ရဲ့အချုပ်ရဲ့လက်ကိုအပ်မှရမယ်….”

သဘက်ကြီးလည်းဘာမှပြန်မပြောရဲဘဲငြိမ်၍နားထောင်နေ၏။ မောင်ရေခဲက ဘီလူးတို့၏အချုပ်ဖြစ်သောကုဝေရနတ်မင်းကြီးကို တိုင်တည်လိုက်ရာ နတ်မင်းကြီး၏လက်အောက်ခံနတ်စစ်သူကြီးရောက်လာခဲ့ပြီး သဘက်ကြီးအားလည်ဂုတ်မှဆွဲခေါ်သွားတော့သည်။ ကုဝေရနတ်မင်းကြီးကား နတ်ဘီလူးအစပြိတ္တာဘုံအဆုံးအုပ်ချုပ်ရသူဖြစ်၏။

သဘက်ကြီးပျောက်သွားသည်နှင့် ကိုဖိုးစောမှာ ကြမ်းပေါ်သို့ခွေခွေလေးလဲကျနေ၏။ သို့သော်အားပြင်းသောစက်ကို မောင်ရေခဲအာရုံခံမိနေဆဲပင်။

” အပင်းထည့်တဲ့လူ ပညာအစွမ်းထက်သလို မူယာမာယာလည်းအရမ်းများတဲ့လူဘဲ….ထင်ပေါ်သတိအမြဲကပ်နေပါစေနော်….”

” ဟုတ်ကဲ့ပါဆရာ….”

ထို့နောက်ရေစင်တစ်ပေါက်အား ယူပြီးကြာသပတေးသား၏ခေါင်းကိုတောက်ပေးလိုက်ရာ အင်းအဲအသံပြုပြီးနိူးလာခဲ့၏။

” ပက်လက်ကလေးအိပ်နေ နောင်ကြီး…”

ကိုဖိုးစောမှာ မောင်ရေခဲပြောသည့်အတိုင်းပက်လက်လှန်အိပ်လိုက်၏။ ထိုအခါမောင်ရေခဲက လက်တစ်ဖက်ကိုပါးစပ်အနားသို့တိုးလာပြီး ဂါထာတစ်ပုဒ်ကိုတီးတိုးရွတ်လိုက်၏။ ထိုလက်ဖြင့်ပင် ကြာသပတေးသား၏ဝမ်းဗိုက်အား သပ်လိုက်ရာ ဗိုက်ထဲ၌အလုံးလေးငါးလုံးသည် ဟိုပြေးသည်ပြေးဖြင့်ကဆုန်ပေါက်နေ၏။

” အား….သေပါပြီဗျာ….သေပါပြီ….ဆရာရယ်ကယ်ပါအုံး….”

ကြာသပတေးသားမှာ ဆရာရှေ့၌လူးလွန့်နေရင်း အော်ဟစ်နေရှာ၏။

” တောက်! မင်းကငါမွေးထားတဲ့သဘက်ကြီးကိုလဲလွှတ်လိုက်တယ်…ငါ့ကိစ္စတွေလည်းဝင်နှောင့်ယှက်ရဲတယ်ပေါ့….”

ဟူသောအသံသည် အိမ်ပတ်ပတ်လည်၌ထွက်ပေါ်လာခဲ့၏။ ထိုအသံကြောင့် မနှင်းယဉ်မှာ အသက်ပင်ဝဝမရှူရဲတော့ချေ။

မောင်ရေခဲလည်း

” စည်းဖွင့်ပေးလိုက်ထင်ပေါ်…သူဝင်ပါစေ”

မောင်ထင်ပေါ်ကစည်းဖွင့်ပေးလိုက်ရာ ကြာသပတေးသားမှာငေါက်ခနဲထ ထိုင်၏။

” ဘုရားကိုရှိခုိးလိုက်….ပြီးရင်ငါမေးတာဖြေ….”

” ငါ့သရဲကိုလွှတ်ပေးနိူင်တယ်ဆိုပြီး ငါကြောက်မယ်မထင်နဲ့ ကိုယ့်လမ်းကိုယ်သွား မဆိုင်ရင်ဝင်မရှုပ်နဲ့….”

” ငါဘာအပိုစကားမှမကြားချင်ဘူး….ခုထိုင်နေတဲ့ပုံစံကိုပြောင်းပြီး ဘုရားကိုရှိခိုးလိုက်စမ်း….”

” အာဏာထက်လှချည်လားဗျ…ဟားဟားဟား….”

” ကဲပြောနေတာနားမထောင်တော့လဲ ကိုယ့်အပြစ်နဲ့ကိုယ်ပေါ့….အရှင်ဥတေနနတ်မင်းက ဒီကဝေကောင်ကို ဆင်ကြီးနဲ့နင်းချလိုက်….”

မောင်ရေခဲကထိုသို့ပြောလိုက်သည်နှင့် ကြာသပတေးသား၏ခန္ဓာကိုယ်မှာညွတ်ကျသွားပြီးနဖူးနဲ့ကြမ်းပြင် ထိသွား၏။

” အား….လွှတ်စမ်း…ဖယ်လိုက်စမ်း….ငါမရှိခိုးနိူင်ဘူး….”

” နင်းစမ်းမသေစေနဲ့…သူဘယ်လောက်ထိခေါင်းမာနိူင်မလဲလို့….”

ထိုစဉ်ကြာသပတေးသားမှာ တပလ္လင်ချိတ်လျက်သားဖြင့် ကြမ်းပေါ်၌ ပြားပြားကြီးဖြစ်နေ၏။ သို့သော်မာနကတစ်ပဲသားမျှမလျှော့။

” ငါမရှိခိုးနိူင်ဘူး… ငါ့ကို သတ်ချင်သတ်လိုက်….ဟားဟားဟား….”

ကဝေကြီးမှာတစ်စက်မှကြောက်မည့်ပုံမရှိဘဲတဟားဟားအော်ရယ်နေ၏။

” ကဲဒီလောက်အသားနာချင်နေတော့လည်း ဖြည့်ဆည်းပေးရတာပေါ့…. “

မောင်ရေခဲကထိုသို့ပြောပြီး ကဝေအချုပ်အင်းကို ရေးဆွဲလိုက်သည်။ ထို့နောက်အင်းဆံနေရာကို ကဝေကောင်၏ နာမ်ဓာတ်အားထည့်လိုက်၏။

” ကဲ…ဘုရားကိုရှိခိုးချင်ရှိခိုး မရှိခိုးချင်လည်းသဘောဘဲ… ကြာသပတေးသားကိုဘာလို့ပြုစားထားတာလဲဖြေစမ်း….မဖြေရင်မင်းဘာဖြစ်မလဲဆိုတာသိတယ်နော်….”

မောင်ရေခဲက ထိုကဝေချုပ်အင်းချပ်အား မီးမြိုက်လိုက်ရာ ကဝေကောင်မှာ အပူဟပ်သကဲ့သို့ဖြစ်သွားပြီး လူးလွန့်နေ၏။

” ဟာ…တောက်!….”

” ဖြေစမ်း…မင်းဘာလို့အပင်းထည့်လိုက်တာလဲ….ဘာအပင်းထည့်လိုက်တာလဲ…”

” မဖြေနိူင်ဘူး….မင်းလည်းသေချင်ပြီနဲ့တူတယ်…ကဲသေစမ်းဟဲ့ဆရာစုတ်…”

” ရွှီး….ဖြန်း….”

” အာ့….”

ကဝေကောင်မှာ ကြိမ်စကြာ်နတ်မှော်ကြိုးအား ဝေ့ယမ်းပြီးမောင်ရေခဲကိုရိုက်ချလိုက်၏။ သို့သော် မောင်ရေခဲ ကိုမထိဘဲတွန်းကန်အားကြောင့် သူ့ကိုယ်သူပြန်ထိပြီး ကြိုးနဲ့တုတ်နှောင်ထားသကဲ့သို့ဖြစ်သွား၏။

” ငါ့ကိုလက်ဖျားနဲ့တောင်ထိလို့မရဘူးဆိုတာသဘောပေါက်သွားပြီလား….ကဲကိုယ့်ကိုကိုယ်ကြိုးနဲ့ပြန်တုပ်ပြီးပြီဆိုတော့ငါမေးတာဖြေ….”

ကဝေကောင်မှာမဖြေချင်သော်လည်း ကြိမ်စကြ်ာကြိုးမှာကြပ်သထက်ကြပ်လာသဖြင့် အသားများပွန်းပဲ့ကုန်၏။

” အား…ငါ…ငါဖြေပါ့မယ်…ကြိုးကိုဖြေလျော့ပေးပါ….ငါဖြေပါ့မယ်…”

မောင်ရေခဲလည်း ကဝေကောင်ကိုစိုက်ကြည့်လိုက်ရာ ကြိုးမှာအနည်းငယ်ပြေလျော့သွားသည်ကိုတွေ့လိုက်ရ၏။

” ကဲဖြေ.. ဘာလို့ပြုစားရတာလဲ…”

” မ…မနာလိုလို့ပါ….”

” မနာလိုလို့ဟုတ်လား….ဘာကိုမနာလိုတာလဲ…”

” ဟုတ်ပါတယ်….သီးနှံထွက်နူန်းမကောင်းတဲ့ကိုင်းတောကြီးကိုငါကစိတ်ပျက်ပြီး သူတို့ကိုတစ်နှစ်စာငှါးပေးတာ…. သူတို့ကအဲဒီကိုင်းတောထဲပဲမျိုးထည့်တော့ သူတို့ပဲခင်းကငါ့ပဲခင်းထက်ကောင်းနေတယ်….အဲဒါနဲ့ငါ့မှာစိတ်မချမ်းသာဘူး…မနာလိုဘူး…ဒါနဲ့ပြုစားလိုက်တာ….”

” သင့်ရဲ့မနာလိုဝန်တိုစိတ်က တကယ်ကိုကြောက်ဖို့ကောင်းတာဘဲ….အဲဒါနဲ့ဘဲနင်က ကြာသပတေးသားကိုအပင်းထည့်လိုက်တယ်ပေါ့ ဘာအပင်းထည့်လိုက်တာလဲ….”

” ငါကတစ်အိမ်လုံးကိုအပင်းထည့်တာ… တခြားလူကကံမြင့်နေတော့မထိဘဲ သူ့ကိုထိသွားတာ….ငါ့ခြံကထွက်တဲ့ဖရဲသီးနဲ့အပင်းထည့်လိုက်တာ….”

ထိုအခါမှ မနှင်းယဉ်မှာ ရွာစျေးသယ်မပုတိုထံကဝယ်ခဲ့သော ဖရဲသီးကြီးကိုသတိရမိသည်။ ထိုဖရဲသီးစားပြီး ကိုဖိုးစောမှာ စတင်ပြီးဗိုက်အောင့်သည့်ဝေဒနာကိုခံစားရခြင်းဖြစ်ကြောင်း ယခုမှဇာတ်ရည်လည်သွားတော့သည်။

” ကဲ…လုပ်ထားတာတွေပြန်ယူသွား…အပင်းတွေပြန်ထုတ်လိုက်….”

” လုပ်မဲ့လုပ်အသေလုပ်မှာ ပြန်မယူနိူင်ဘူး…”

” နောက်ဆုံးချိန်ထိငြင်းရဲသေးတယ်ပေါ့…
ကဲသင့်ပညာတွေငါအကုန်နူတ်တယ်…ထုတ်စမ်း….လုပ်ထားတာတွေပြန်ယူစမ်း….”

” အား…..သေ…သေပါပြီ…ယူပါ့မယ်…ယူပါ့မယ်….”

” အစ်မကြီး ထွေးခံဖြစ်ဖြစ်၊အိုးဖြစ်ဖြစ်အမြန်ယူလာပေး…”

မနှင်းယဉ်လည်း မောင်ရေခဲမှာသည့်အတိုင်း ထွေးခံကိုအိတ်စွပ်ပြီးယူလာပေး၏။

” ကဲ…ထုတ်စမ်း…အပင်းမှန်သမျှအကုန်ထုတ်…ငါစစ်လို့ထပ်တွေ့လို့ကတော့ဒီ့ထက်နာမယ်မှတ်….”

” မ…မလုပ်ရဲပါဘူး….”

” အော့….ဝေါ့….ဝေါ့….”

ကြာသပတေးသားကထိုသို့ပြောပြီး လက်ဖြင့်နဖူးမှသပ်ချကာ ထွေးခံထဲသို့ထိုးအန်လိုက်၏။ ထိုစဉ်ထွေးအံထဲ၌မဲပုပ်နံဟောင်နေသောအရည်ပျစ်ပျစ်ကြီးများကို ပြည့်လုနီးနီးအန်ချလိုက်၏။

” ကဲ…ကုန်ပြီလား….”

” ကုန်….ကုန်ပါပြီဆရာ…. “

မောင်ရေခဲလည်း သေချာစေရန်ထပ်မံစစ်လိုက်ရာ အပင်းမရှိတော့သည်ကိုတွေ့လိုက်ရ၏။

” ဆ…ဆရာ…ကျုပ်…ကျုပ်ပညာကိုမနူတ်ပါနဲ့….ကျုပ်ပညာကိုသင်စဉ်ကအသက်နဲ့လောင်းကြေးထပ်ထားလို့ပါ….ဆရာသာကျုပ်ပညာကိုနူတ်လိုက်ရင် ကျုပ်သေရလိမ့်မယ်….”

” မရဘူး…မင်းကိုပညာမနူတ်ဘဲထားရင် တခြားလူတွေကိုမလုပ်ဘူးလို့မဆိုနိူင်ဘူး…”

” မလုပ်တော့ဘူး ကျုပ်…ကျုပ်သစ္စာရေသောက်ပြီးကျိန်ဆိုကျိန်ပါ့မယ်….”

” မယုံဘူး…မင်းတို့လိုအမှောင်လောကကိုလျှောက်လှမ်းရဲတဲ့ကောင်တွေက ဂတိသစ္စာတွေကိုအလေးထားတဲ့ကောင်တွေမဟုတ်ဘူး….ဒီတော့ မင်းပညာတွေငါအကုန်နူတ်မယ်….မင်းအသက်မသေအောင်ငါလုပ်ပေးမယ်….”

မောင်ရေခဲကထိုသို့ပြောပြီး အချုပ်အင်းကိုထိုလူ၏နဖူး၌ကပ်ထားလိုက်ရာ ထိူလူမှာတဆတ်ဆတ်တုန်သွားပြီး ကြမ်းပေါ်သို့လဲကျသွား၏။ အချုပ်အင်းဆံ၌ကား မီးကျွမ်းသည့်သဏ္ဍာန်ပေါ်လာ၏။

” ဆရာ….အစ်မ အမျိုးသား….အစ်မအမျိုးသားဘာဖြစ်သွားတာလဲ….”

” စိတ်ချပါအစ်မ…. သူမောသွားလို့ခဏမှိန်းမောနေတာပါ…. တအောင့်နေရင်ပြန်သတိရလာလိမ့်မယ်…ဒီအင်းချပ်ကိုအစ်မတို့ပဲခင်းရဲ့စနေထောင့်မှာဟောဒီအရာတွေနဲ့အတူမြုပ်ပစ်လိုက်ပါ….”

မောင်ရေခဲက အင်းချပ်နှင့်အတူ ထွေးအင်ကိုပါအမျိုးသမီးအားကမ်းပေးလိုက်၏။

” ဟုတ်ကဲ့ပါဆရာ….ဒါနဲ့အစ်မအမျိုးသားကိုအပင်းထည့်တဲ့လူက တစ်ကယ်ဘဲဟိုလူကြီးလား….”

” ခွင့်လွတ်ပေးလိုက်ပါအစ်မကြီး…ခုဆိုသုလည်းသူ့အပြစ်သူခံယူသွားပါပြီ….”

ကိစ္စအားလုံးပြီးသွားသည်နှင့်အိမ်ရှင်တို့ကိုနူတ်ဆက်ပြီး တစ္ဆေကုန်းရွာလေးမှ ထွက်သွားခဲ့ကြတော့၏။

နောက်တစ်နေ့တွင်ကား နှစ်အိမ်ကျော်ရှိမမြနှင်း၏ဖခင်ကြီး ဘကြီးသက်တစ်ယောက် ကယောင်ကတမ်းဖြစ်ပြီး စိတ်မမှန်တော့ကြောင်း သတင်းကြားသိလိုက်ရ၏။ မနှင်းယဉ်လည်း မနာလိုစိတ်၏ အကျိုးအပြစ်ကိုသိပြီးသည်မို့ မိမိသာသိသောအမှန်တရကိုဝမ်း၌အပြီးတိုင်မျိုချထားလိုက်တော့သည်။…….။

# ပြီးပါပြီ

စာရေးသူ – ခွန်း

(ဒီစာမူကတကယ့်ဖြစ်ရပ်မှန်ဆိုပေသည့် ကုနည်းသနည်းသည်ကား ကျွန်ုပ်၏ဥာဏ်အတွေးဖြင့်သာ ရေးသားရသည့်အတွက်အမြင်မတူပါကခွင့်လွှတ်ပေးစေလိုပါသည်။ အားပေးဖတ်ရှုသူအပေါင်း ကိုယ်စိတ်နှလုံးရွှင်လန်းချမ်းမြေ့ပါစေ)