• July 4, 2025
  • admin
  • 0

မောင်ခြိမ့်
ဖားပေါင်ဟင်းနှင့် ခံတွင်းချိုစေ့မယ်

လယ်ကန်သင်းရိုးအတိုင်းခေါင်းကိုအောက်ငုံ့ပြီး ဘယ်ညာဂရုစိုက်၍ကြည့်ကာ လျှောက်လာခဲ့သော ဖိုးနီသည် ဇက်ညောင်းလာသဖြင့် ခဏရပ်လိုက်သည်။ ခေါင်းကိုလှည့်၍ လှန်၍ စောင်း၍ ဂျွတ်ဂျွတ်မြည်အောင် ချိုးလိုက်မှသာ နေသာထိုင်သာရှိသွားတော့၏။

ကန်သင်းရိုး၏ ဘယ်ညာတွင် သန်မာထွားကျိုင်းလှသော စပါးပင်များသည် အောင်မြင်လှသော အသီးအဆန်များကို ခေါင်းပေါ်ရွက်ကာ လေအလာတွင်ဘယ်ညာယိမ်းနွဲ့လျက် တရှဲရှဲအသံပေးလျက်ရှိ၏။ရေနက်ကွင်း လယ်များဖြစ်၍ သက်ရင့်စပါးပင်တို့သည် လူကြီးတစ်ယောက်၏ ရင်စို့ခန့်အထိ မြင့်မားလျက်ရှိကြ၏။

ဖိုးနီသည် လယ်ကွင်းပြင်တစ်မျှော်တစ်ခေါ်ကိုလှမ်း၍ကဲ၍ကြည့်နေရင်း ငယ်စဉ်က ကျောင်းတွင် သင်ခဲ့ဖူးသော ကဗျာကလေးတစ်ပိုင်းတစ်စကို အမှတ်ရမိတော့၏။

“လယ်ပြင်မှာ ဆင်ကောင်ပျောက်တယ် ဖြိုးမောက် လို့သီး”

ထိုစာဆိုအရ လယ်ကွင်းစပါးခင်းထဲ ဆင်တစ်ကောင်ဝင်သွားလျှင် မမြင်နိုင်လောက်အောင် စပါးပင်တို့ သန်စွမ်းအောင်မြင်လှကြောင်း တင်စားဖွဲ့ဆိုထားခြင်း ဖြစ်ပေလိမ့်မည်။

သို့သော် လယ်သမားလောက၌ စပါးပင်များ ဘယ်မျှအောင်မြင်သန်စွမ်းကြောင်း စကားတစ်ရပ်လည်း ရှိပါသေး၏။

“အိုးပစ်မကွဲ” ဆိုသောစကားပင် ဖြစ်ပါ၏။

ထိုစကားကိုတော့ ဖိုးနီ လှိုက်လှိုက်လှဲလှဲ ထောက်ခံသဘောကျမိတော့သည်။ စနစ်တကျလည်း စိုက်ပျိုးထားမည်။ မျိုးကလည်း ကောင်းမည်။ နွားချေး၊ သစ်ရွက်ဆွေး၊ မြေဩဇာကလည်း ပြည့်စုံမည်။ ရောဂါပိုးမွှားလည်း ကင်းမည်ဆိုပါက စပါးပင်တို့ စိတ်ကြိုက်ရှင်သန်ကြီးထွားကာ အဘယ်မှာလျှင် အိုးကိုပစ်၍ ကွဲနိုင်ပါတော့မည်လဲ။

“အင်း”ရာသီဥတုကလည်း မှန်ဖို့လိုသေးတာပဲဟု ထပ်ဆင့်တွေးရင်း တစ်ယောက်တည်း ပြုံးမိရသေး၏။

ငါတို့လူသားတွေရဲ့အသက်သခင်အပင်တွေပါလားဟူ၍လည်း သူ စဉ်းစားမိရပြန်သည်။

လယ်ပိုင်ရှင်မဟုတ်၊ လယ်သမားမဟုတ်သော်ငြား စပါးတစ်ပင်၊ ကောက်နှံတစ်နှံ အလဟဿ မဖြစ်ရအောင်၊ မပျက်စီးရအောင် သူ ဂရုတစိုက် လျှောက်၍ လာခဲ့ပြန်၏။

“ကွင်းအငူ နှင်းမြူမစဲခင်က” ဆိုသကဲ့သို့ နံနက်စောစော နှင်းသောသောတွင် စ၍ ကွင်းတကာ့ ကွင်း နှံ့နေခဲ့ရပြီ။ သူ ရှာဖွေနေသော အရာကိုမူ မတွေ့ရသေး။ မတွေ့၍မူ မဖြစ်ပါလေ။ သူကတိခံထားမိခဲ့ပြီ။ ထိုကတိကလည်း တည်ရန် အရေးကြီးလှတော့၏။

သူ့ပညာ၊ သူ့ဂုဏ်သိက္ခာကို သူ အားကိုး၍ ထိုကတိကို ပေးခဲ့ခြင်းသာ ဖြစ်ပါ၏။

ကတိဆိုတာမျိုးကလည်း ပေးရန် အလွန်လွယ်ကူလှပေငြား ထိုကတိ တည်ရန်ကိုတော့ အလွန်ကြိုးစားရသည့် အမျိုးဖြစ်တော့၏။ ထို့ကြောင့်ပင် သူ၏ ခြေလှမ်းတို့သည် ပို၍ သွက်လာတော့၏။

ထိန်ပင်ရိုးကွင်းစပ်သို့ပင် ရောက်လာခဲ့ပြီ။ နှင်းရည်နှင်းပေါက်တို့ကို သောက်စို့၍ လန်းဆန်းနေသော မြေစာမြက်များ၊ပန်တော်ဖြူမြက်များ၊ ကပ်စေးနှဲပင်ကလေးများ၊ ကုလားခတ်တက်ပင်များ၊ ပုစွန်စာပင်ကလေးများသည် အရှေ့ဘက်ဆီမှ ပျို့အန်ဝင်းပလာသော နေရောင်ခြည်ကို ခေါင်းမော့၍ ကြိုဆိုနေကြပါပြီ။

ဝါဆိုဝါခေါင် ရေဖောင်ဖောင် ကာလကတည်းက ရှင်သန်ကြီးထွား ပေါက်ဖွားလာခဲ့သော“ခရုမျက်ပြဲ” ကောင်များ၏ အခွံတို့သည် ကျွတ်ဆတ်လျက်ရှိကာ ဖိုးနီ၏ ခြေဖဝါးအောက်တွင် တခွပ်ခွပ်မြည်အောင် ကွဲ၍ ကြေ၍ ကျန်ရစ်ခဲ့ကြသည်။

တာရာဖိနပ်နီးပါး ကျွဲပခုံးအသားမာတက်၍ ငါးပြေမ ပါးဟက်ထနေသော ဖိနပ်ဗလာနှင့် ဖိုးနီ၏ ခြေဖဝါးပြင်တို့ကိုမူ စူးနိုင် ရှနိုင်စွမ်း မရှိပါလေ။

ဖိုးနီ၏အကြည့်သည် သူ့ရှေ့ နှစ်လံခန့်အကွာ ကန်သင်းရိုးဘေးတွင် ကပ်လျက် စုန့်စုန့်ပုံ့ပုံ့ကလေး ရှိနေသော“ကျစ်စာပုံ”ကို သွား၍တွေ့သည်။

အသာ အနားသွား၍ ကြည့်သည်။ မြေပြင်မှ တစ်ထွာခန့်မြင့်တက်နေသော ကျစ်စာပုံပတ်လည်တွင် အစင်းရာ၊ ခြစ်ရာကလေးများကို သေသေချာချာကြည့်လျှင် တွေ့ရသည်။ မာလကာသီး အပွပေါ်တွင် လက်သည်းနှင့် ဖိနှိပ်ထားသကဲ့သို့တည်း။

ဟုတ်တော့ ဟုတ်နိုင်ပေသည်ဟု သူတွေး၏။

ခြေထောက်နှင့် အသာတွန်း၍ ဖြိုလိုက်သည်။ ကျစ်စာမြေစုန့် ဘေးသို့ လဲကျသွားချိန်တွင် အောက်၌ ကန်သင်းရိုး၏ဘေးကို မြောင်၍ အပေါက်တစ်ပေါက်။

ပခုံးပေါ်တွင်ထမ်းလာသော ပေါက်တူးအရိုးတိုကလေးနှင့် လက်ညှိုးခန့် အလုံးရှိသော ဝါးစိမ်းကိုင်းကလေးကို ကန်သင်းပေါ် အသာချသည်။ ကန်သင်းဘေးသို့ အသာဆင်းကာ လဲကျနေသော ကျစ်စာခဲကို အသာလှန်၍ ကြည့်၏။ အောက်ခြေဘက်တွင် ခေါင်းဆောင့်ရာကို သူ ထင်ရှားစွာ တွေ့၏။

ဖိုးနီ အသာပြုံးလိုက်၏။ တွေ့ပြီ။ သူရှာနေသောအကောင်သည် ထိုတွင်းထဲတွင် ရှိရမည်။

နတ်တော်ကုန်စ ပြာသိုလသို့ ရောက်တော့မည်ဖြစ်ရကား လယ်ကွင်းရှိ မြေသားများ မာစပြုနေပြီ။ သို့သော် အစိုဓာတ် ရှိနေသေး၏။

ဝါးစိမ်းကိုင်းတံကလေးကို အသာလှမ်း၍ ယူသည်။ အဖျားဘက်တွင် ဖဲထီးသံချောင်းကို မီးပြ၍ ကွေးကာ အဖျားချွန်ထားသော ချိတ်ကလေး တပ်ဆင်ထားလျက် ရှိ၏။ ထိုချိတ်ဖြင့် တွင်းပေါက်ဝထဲသို့ ထိုး၍ သွင်းလိုက်သည်။

သူ့အတွေ့အကြုံအရ တွင်းသည် မြေအောက်သို့ တည့်တည့်မတ်မတ် ဖောက်ထားသည်မရှိ။ ဘေးသို့ ခပ်စွေစွေ (အထူးသဖြင့် ကန်သင်းဘောင်မြေသားဘက်သို့သာ)ဖောက်ထားလေ့ရှိပါ၏။ များသောအားဖြင့် တဖြောင့်တည်းရှိကြပြီး ကောက်ကွေ့သောတွင်းက အတွေ့နည်းပါသည်။

ယခုတွင်းသည် တစ်ဝက်လောက်တွင် အနည်းငယ် ကွေ့ကောက်လျက် ရှိ၏။ ဝါးစိမ်းကိုင်းကို အသာချော့၍ တွင်းအောက်ခြေသို့ ရောက်အောင်ထည့်သည်။ လူ့လက်တစ်ဆုံး နှစ်ပေခွဲခန့်တွင် တွင်းဆုံးသွားပြီ။

မျက်ခုံးနှစ်ဖက်ကို အသာကျုံ့၍ အာရုံကို လက်သို့ပို့၍ စူးစိုက်ပြီး ခပ်ဆတ်ဆတ်ထိုးကြည့်သည်။ရာဘာပြားကို ထိုးမိသလိုမျိုး တုံ့ပြန်ကန်မှုကို သိလိုက်ရ၍ သူ ဝမ်းသာသွား၏။ ကျိန်းသေပြီ။

ဝါးစိမ်းတုတ်အဖျားတွင် တပ်ထားသော သံချိတ်၏ အသွားဘက်နှင့် မှန်း၍ ချိတ်ဆွဲယူသည်။ ဘာမျှပါမလာ။ ချိတ်တွင် ဘာမှမငြိပေ။ သို့ဖြင့် တုတ်တံကို အသာလှည့်ကာ လှည့်ကာဖြင့် ချိတ်၍ ချိတ်၍ ဆွဲကြည့်လိုက်သည်။ အတွင်းမှ တုံ့ပြန်ရုန်းကန်သည်ကို လက်က ခံစားလိုက်ရသည်။

ဟုတ်ပြီ။ သူသည် သတိကြီးစွာထား၍ ဆွဲတင်လိုက်၏။ ချိတ်၏ အဖျားတွင် သတ္တဝါတစ်ကောင်ကောင် ငြိတွယ်၍ ပါလာနေပြီ။ သို့သော် တွင်းတစ်ဝက်ခန့်သာ ဆွဲတင်ရပြီး တစ်နေတော့သည်။ တွင်းထဲကအကောင် ကြီးနေပြီဟု သိလိုက်၍ ဝမ်းသာသွားမိသည်။

သို့ဖြစ်၍ ညာလက်မှ တုတ်တံကို ဘယ်လက်ဖြင့် အသာပြောင်း၍ ကိုင်သည်။ ညာလက်ဖြင့် သူ စောစောကချထားသော ပေါက်ပြားကို လှမ်းလိုက်၏။

ဆိတ်တံဆိပ် ပေါက်ပြားသည် မူလက တစ်ထွာကျော်ကျော်မျှ အသွားရှိခဲ့သော်လည်း ယခုမူ နှစ်ပေါင်းများစွာ သုံးစွဲလာခဲ့ပြီးဖြစ်သဖြင့် အသွားတစ်မိုက်ခန့်သာ ကျန်တော့၏။ ထို့ကြောင့် ညာလက်တစ်ဖက်တည်းဖြင့် တွင်းဘေးမှမြေကို ဝိုက်၍ ဝိုက်၍ ပေါက်လိုက်သည်။

နွေပီပီမရောက်သေးသည်မို့ လယ်မြေသည် ခပ်မွမွနှင့် တူးရမခက်လှချေ။

မကြာမီ တစ်တောင်ခန့်အနက်သို့ ရောက်လာပြီ။ အားစိုက်၍ မပေါက်တော့။ မြေသားကို ခြစ်၍ ခြစ်၍ ဖယ်လိုက်သည်။ ဝါးစိမ်းကိုင်း၏အဆုံး သံချိတ်အထိ တူးမိချိန်တွင်တော့ ပေါ်လာခဲ့ပြီ။

ဖီးကြမ်းငှက်ပျောသီးမှည့်၏ အရောင်နှင့်တူသော ဝါညို့ညို့နှင့် ဖီးနေသော တွင်းအောင်းဖားကြီးတစ်ကောင်။ လေးဆယ်သားထက်တော့ မငယ်ပြီ။ ဤရာသီ ဤလမျိုးတွင် တွင်းအောင်းဖားသည် အဝဆုံး အဆူဆုံး မဟုတ်ပါလော။

သို့နှင့်ပင် လယ်ကန်သင်းတစ်လျှောက် လှည့်ကာ တွင်းရှာလိုက်၊ တူးလိုက်၊ချိတ်လိုက်နှင့် ဖားရှိသည့်တွင်းက ရှိ၊ ပုစွန်လုံးရှိသည့်တွင်းက ရှိနှင့် နေအတော်မြင့်လာချိန်တွင်မူ သူ့ပလိုင်းထဲတွင် ဖားလေးကောင် ရနေခဲ့ပြီး လူလည်း အတော်ပင်ပန်းနေပြီ။

သို့နှင့် အိမ်သို့ အမြန်သုတ်ချေတင်တော့သည်။

ဖိုးနီ အိမ်သို့ ရောက်ချိန်သည် ဆွမ်းခံဝင်ပြီးသွားလေပြီ။ သို့ဖြစ်၍ ရလာသော ဖားကြီးများကို ဟင်းဖြစ်စေရန် ဇနီးဖြစ်သူ မကျင်ငွေထံ ပေးလိုက်စဉ်မှာပင် သားအငယ်ကောင် သာမောင်နှင့် ကျောင်းဆရာ နှစ်ယောက် ရောက်လာခဲ့ပါပြီ။

ဆရာများသည် မြို့သားပညာတတ်များဖြစ်ကြပြီးလူပျိုကိုယ်လွတ်များဖြစ်၍ ကျောင်းပိတ်ရက်များတွင် တပည့်များ၏ ကျေးရွာများသို့ လိုက်လည်ရင်းဗဟုသုတလည်းရ၊ တောဓလေ့ တောစရိုက် တောသဘာဝများကိုလည်း ကိုယ်တိုင်တွေ့မြင်ခံစားချင်ကြသူများ ဖြစ်ကြပေ၏။

အထူးသဖြင့် အစားအစာအထူးအဆန်းများကို ကြိုက်နှစ်သက်သူများလည်း ဖြစ်ကြသည်။ ထိုဆရာ များကိုပင် မနှစ်က ဖိုးနီကိုယ်တိုင် ရေဘဲများဖမ်းကာ ချက်၍ ကျွေးခဲ့ဖူးပါ၏။

“အဖေ… ဟင်းစား အဆင်ပြေရဲ့လားဗျ။ ကျွန်တော်က လမ်းမှာ ဆရာတို့ကို ပြောပြောနေခဲ့တာ။ တွင်းအောင်း ဖားကြီးတွေရဲ့အကြောင်း၊ ဆူလည်း ဆူ၊ စားလို့လည်း အလွန်ကောင်းဆိုတော့ ဆရာတွေက သဘောကျနေလေရဲ့ဗျား”

ဖိုးနီက အသာပြုံးလိုက်ရင်း –

“သားကို အဖေ ကတိပေးထားရင် ဘယ်တုန်းက ပျက်ဖူးလို့လဲ သားရဲ့”

သားမျက်နှာမငယ်စေရအောင်လုပ်ပေးနိုင်ခဲ့သည့်အတွက် ကျေနပ်စွာ ပြောမိ၏။

“ဒါဆို ဘယ်မှာလဲ၊ ဆရာတို့က ကြည့်ချင်နေတာ”

“ဟုတ်တယ်… ပြစမ်းပါ ဦးဖိုးနီ။ တော်တော်ကြီးရဲ့လား”

ဆရာနှစ်ယောက်ကပါ စိတ်ဝင်စားစွာ မေး၏။

“မကျင်ငွေရေ ပလိုင်းယူခဲ့စမ်းပါကွာ”

ပလိုင်းထဲမှ သွန်ချလိုက်သော ဖားများသည် ဒန်လင်ပန်းထဲတွင် ခြေကားရားလက်ကားရားနှင့်။

“အလို ကြီးလှချေလား။ ကျွန်တော်တို့က ဒါလောက်ကြီးတဲ့ဖား တစ်ခါမှတောင် မမြင်ဖူးဘူး”

ဆရာနှစ်ယောက်က အံ့သြစွာ ပြောကြသည်။

ဟုတ်လည်း ဟုတ်ပါပေ၏။ မြို့က ဈေးများတွင် မိုးဦးကျအချိန်၌ ရောင်းချတတ်သည်မှာ ကွင်းထဲမှာ ရှာဖွေ၍ရသော မိုးဖားများသာဖြစ်၍ လက်နှစ်လုံး၊ လက်သုံးလုံးခန့်၊ ကြီးမှ လက်လေးလုံးခန့်ပင် ရှိတတ်ပါ၏။

ယခု တွင်းအောင်းဖားကြီးနှစ်ကောင်မှာ လေးဆယ်သားခန့်စီ ရှိကြပြီး ကျန်နှစ်ကောင်မှာ အနည်းဆုံး သုံးဆယ့်ငါးကျပ်သားခန့် ရှိလိမ့်မည်။ ထိုဖားကြီးများကို သေသေချာချာကြည့်ကာ-

“ပေါင်မှာလည်း ထိုးကွင်းထိုးထားသလိုပါပဲလား”

ဟု ဆရာတစ်ယောက်က ပြောရင်း-

“အဲဒါ ဘယ်လိုချက်မှာလဲ ဦးဖိုးနီ”

“ဖားချက်တာက နှစ်မျိုးရှိတယ် ဆရာရဲ့။ ရေနွေးဖျောရင်ဖျော၊ ဒါမှမဟုတ် မီးမြှိုက်တာပဲ။ ဆရာတို့ကိုတော့ သန့်သန့်ရှင်းရှင်းဖြစ်အောင် သေသေချာချာ ရေနွေးဖျောပြီးမှ ချက်ပေးမယ်။ ဆရာစားတော့ကြည့်ပေါ့၊ အရသာနှစ်မျိုးဖြစ်အောင် ချက်ပေးမယ်”

ဆရာနှစ်ယောက်က ဗဟုသုတဖြစ်အောင် လေ့လာချင်သဖြင့်-

“ကဲ . . . ဦးဖိုးနီ၊ တွင်းအောင်းဖားအကြောင်း ပြောပြစမ်းပါဗျာ။ မှတ်သားရအောင်။ ရော့ … စီးကရက်လည်း သောက်ပါ”

“ပြောပြပါ့မယ် ဆရာ။ စီးကရက်တော့ မကြိုက်ဘူး၊ သောက်လို့ အားမရဘူး။ ဆေးပေါ့လိပ်သာ စွဲနေပြီ။ မကောင်းဘူးဆရာ။ ဆေးလိပ်သောက်ရင် အမောမခံနိုင်ဘူ။ အင်း . . . ကျွန်တော်လည်း ဖြတ်ဖို့ ကြိုးစားနေတာပါပဲ”

ပြောရင်းက ဝါစိမ်းနီ ဆေးပေါ့လိပ်တိုကို မီးညှိလေရာ ဆရာနှစ်ယောက်က သဘာကျစွာ ရယ်ကြ၏။

“တွင်းအောင်းဖားတွေက သာမန်ဖားတွေ မဟုတ်ဘူး ဆရာ။ အောင်ပွဲခံ ဖားတွေခင်ဗျ”

“ဗျာ အောင်ပွဲခံဖား ဟုတ်လား။ စိတ်ဝင်စားစရာပါလားဗျို့၊ ဆက်ပါဦး”

“ဟုတ်ပါတယ်ဆရာ၊ အခု ကျွန်တော်ရလာတဲ့အချိန်ကစပြီး ပြောပြမယ်။

အခု ကျွန်တော်ရလာတဲ့ ဖားတွေဟာ လူသူအသတ်အဖြတ်မခံရဘူးဆိုရင် မိုးကုန်ကတည်းကစပြီး တွင်းအောင်းနေလာကြတာ တစ်ဆောင်းလုံး၊ တစ်နွေလုံး ပြောပါတော့ဆရာ။

အဲသလို နေလာကြရင်း တန်ခူးကုန် ကဆုန်လောက်ကစပြီး ကျွန်တော်တို့အောက်အရပ်မှာ မိုးက စရွာတယ်။ တစ်ခါတလေနှစ်များမှာ သင်္ကြန်လက်ဆေးမိုးပြီးတာနဲ့ ဆက်ရွာလိုက်တာ မိုးကိုကျရောဆိုပါတော့”

“နေပါဦးဗျ … ဦးဖိုးနီ၊ ခင်ဗျားပြောသလို တစ်ဆောင်းလုံး တစ်နွေလုံး တွင်းထဲမှာအောင်းပြီးနေတယ်ဆိုတော့ ဘာမှမစားဘဲ အသက်ရှင်နိုင်ပါ့မလားဗျ”

“ဟုတ်ပါတယ် ဆရာ၊ အဲသလို ဘာမှမစားဘဲ နေကြတာပါ။ ဆရာမေးသလိုပဲ ကျွန်တော့်အဖေနဲ့ ဘိုးအေများကိုလည်း ကျွန်တော် ငယ်ငယ်က မေးဖူးပါတယ်။ သူတို့ကတော့ အလွယ်ပြောတာပဲ ထင်ပါရဲ့။ မြေဆီစားပြီး နေကြတာလို့ ပြောတယ်”

ဆရာနှစ်ယောက်က စိတ်ဝင်စားစွာ ငြိမ်၍ နားထောင်လျက် ရှိကြ၏။

“ကျွန်တော် ထင်တာကတော့ သူတို့ တိရစ္ဆာန်တွေမှာ ထူးခြားတဲ့ အစွမ်းသတ္တိတွေ အရည်အချင်းတွေ ရှိကြလို့သာ အခုလို အကြာကြီး ဘာမှမစားဘဲ နေနိုင်ကြတယ်ထင်တာပဲ။ ဥပမာ ကုလားအုတ်တွေ သဲကန္တာရထဲ သွားတဲ့အခါ ရေလည်း မသောက်၊ အစာလည်း မစားဘဲ ရက်အတော်ကြာ နေနိုင်သလိုမျိုးပေါ့ ဆရာ”

“ဟာ… ဟုတ်မယ်ဗျ၊ ခင်ဗျားပြောမှ သတိရတယ်။ ဝင်ရိုးစွန်းမှာနေတဲ့ ဝက်ဝံကြီးတွေဟာ ပြင်းထန်အေးမြလှတဲ့ ဆောင်းအခါမှာ ရေခဲတွင်းကြီးထဲ ခိုအောင်းပြီး လပေါင်းများစွာ အစာမစားဘဲ ဆောင်းခိုပြီး နေကြတယ်၊ အိပ်စက်နေကြတယ်လို့လည်း ဖတ်ဖူးတယ်ဗျ”

ဆရာတစ်ယောက်က ဝင်၍ ထောက်ခံလေသည်။

“ဟုတ်မှာပေါ့ ဆရာ။ အဲသည်သဘောလိုပဲ နေမှာပေါ့။ အဲသလိုနဲ့ မိုးကလေးလည်းစပြီး ကျလာတော့ သူတို့က တွင်းထဲမှာနေပေမယ့် သဘာဝအလျောက် သိတယ်ဆရာ။ တွင်းထဲကနေပြီး အော်တော့တာပဲ။ မိုးခေါ်တယ်ဆိုပါစို့ ဆရာ။

တစ်ခါတစ်ခါ ကျွန်တော်တို့ လယ်ကွင်းထဲ ရောက်နေတုန်းမှာ မြေကြီးက ဖားအော်သံတွေ သဲ့သဲ့ကြားရတတ်ပါတယ်။ နောက်ပြီးတော့ တွင်းဝကို ပိတ်ဆို့ထားတဲ့ မာကျောနေတဲ့ ကျစ်စာခဲကို ခေါင်းနဲ့ဆောင့်ဆောင့်ပြီး တွန်းကြည့်ကြတယ်။ မိုးရေကြောင့် ကျစ်စာခဲ နူး မနူး စမ်းကြတာပေါ့ ဆရာ။ တွင်းဝက ကျစ်စာခဲက နူးလာပြီ ပျော့လာပြီဆိုရင် တွန်းဖွင့်ပြီး ထွက်လာတော့ပါပဲ”

“တကယ့်ကို စိတ်ဝင်စားစရာပဲဗျာ၊ ဦးဖိုးနီ ဆက်ပါဦး”

ဖိုးနီက အာခြောက်သွားဟန်ဖြင့် ရေနွေးကြမ်းကို မော့လိုက်သည်။

“အဲသလို လယ်ကွင်းတွေထဲ ရေတွေက ဝင်စပြုပြီဆိုတာနဲ့ ခရုတို့၊ ရေပုရစ်တို့၊ မျှော့တို့၊ ပလီမတို့၊ ရေပင့်ကူတို့ စတဲ့သတ္တဝါတွေဟာ အလိုလို ရောက်လာကြတော့တာပါပဲ။ တခြား အမျိုးအမည် မသိနိုင်တဲ့ ပိုးကောင် မွှားကောင်ကလေးတွေလည်း သန္ဓေတဇကိုမှီပြီး ဖြစ်လာတာနေမှာပေါ့ ဆရာ။

ဘာကောင်ကလေးတွေရယ် မဆိုနိုင်ဘူး၊ အစုံပဲ။ လက်သည်းခွံလောက်ရှိတဲ့ ဖားလတက်ကလေးတွေ၊ကျောစံကေးလို့ခေါ်တဲ့ ဖားဝါစိမ်းကလေးတွေ၊ ငါးသားပေါက်ကလေးတွေ၊ အိုး… ရေသတ္တဝါတွေဆိုတာ မိုးဦးကျကစပြီး တစ်နေ့ထက်တစ်နေ့ တစ်ရက်ထက်တစ်ရက် စုံလာကြတော့တာပါပဲ ဆရာ”

“နေဝင်ရီသရော မှောင်စပျိုးချိန် မိုးကလေးကလည်း တဖွဲဖွဲများ ရွာနေရင် ဆရာတို့ကိုခေါ်ပြီး ပြလိုက်ချင်တယ်။ တစ်ကောင်စီ တစ်ကောင်စီ ကနေ တစ်မျိုးစီ တစ်မျိုးစီ စုပြီး အော်လိုက်တဲ့အသံတွေဟာ နားထောင်လို့ အလွန်ကောင်းတာပဲ ဆရာ။

ဆရာတို့မြို့မှာ ပြောပြောနေကြတဲ့ “ဩခက်စတြာ”သံစုံတီးဝိုင်းကြီး လယ်ကွင်းထဲ ရောက်နေသလား ထင်ရမယ်။ ကျွန်တော်တို့ တောရွာတွေရဲ့ သံစုံတီးဝိုင်းကြီးတစ်ခု သဘာဝက ဖန်တီးပေးထားတာပေါ့ ဆရာ”

ဆရာနှစ်ယောက်သည် ဖိုနီ၏ အပြောတွင် နစ်မြောနေရာမှ-

“ဦးဖိုးနီက ဗဟုသုတလည်းစုံ၊ အပြောကလည်းကောင်းတော့ ကျေးလက်ပန်းချီကားတစ်ခုကို မြင်နေရသလိုပါပဲဗျာ”

ဟု ချီးမွမ်းလေ၏။

“အဖေက စာသိပ်ဖတ်တယ်ဆရာ၊ အခု ရွာမှာ စာကြည့်တိုက်ကလည်း လာပြီး ဖွင့်ပေးပြန်တော့ အဖေဆိုရင် အားတာနဲ့ စာကြည့်တိုက် သွားတော့တာပဲ။ အဲဒါကြောင့်ပါ ဆရာ”

သားငယ် သာမောင်က သူ့အဖေအတွက် ဂုဏ်ယူစွာ ဝင်၍ ပြောလေသည်။ ဖိုးနီက စကားဆက်ရန် ပြင်ဆဲတွင် မီးဖိုထဲမှ သားကြီးဖြစ်သူ သာအောင်က –

“အဖေ ဖားတွေ ရေနွေးဖျောပြီး ကိုင်ထားလိုက်မယ်နော်”

ဟု လှမ်း၍ပြော၏။

“အဲသလို ကျွန်တော်တို့ မြစ်ဝကျွန်းပေါ်ဒေသရဲ့ တစ်ခွင်တစ်ပြင် ကျယ်ပြန့်လှတဲ့ လယ်ကွင်းတွေနဲ့၊ ရိုးချောင်း၊ တမံ၊ အင်းအိုင်တွေမှာ ရေက တဖွေးဖွေး၊ မိုးသေးမိုးဖွဲကလေးတွေကလည်း မပြတ်၊ တရစပ်ရွာချ၊ ချောင်းရေကလျှံ၊ ကန်ရေကတိုးနဲ့ မြေပြင်ထက် ရေပြင်က ပိုများနေတော့ ရေရှိ ငါးရှိ ဆိုသလို ငါးသေးငါးမွှား၊ ရေပိုးရေမွှား၊ ပုစွန်ကအစ ငါးကြီး ငါးအကောင်းတွေ ပျော်ကြမြူးကြနဲ့ ရေသတ္တဝါပေါင်းစုံတဲ့ ကမ္ဘာကြီးတစ်ခုပေါ့ ဆရာ။

အဲသည်အထဲမှာ ကျွန်တော်ပြောချင်တဲ့ ဖားတို့၊ ပုစွန်လုံးတို့လည်း ပါတာပေါ့ ဆရာ။ တစ်မိုးတွင်းလုံး ပျော်မြူးနေခဲ့ကြရာက သီတင်းကျွတ်၊ တန်ဆောင်မုန်းမှာ ရေစပြီး“ဆုတ်” တယ် ဆရာ။ “ကျ” “မ” ဆွဲတယ်လို့လည်း ခေါ်ပါတယ်။ ပင်လယ်ဘက်ကစပြီး ရေဆုတ်တယ်။

ပြီးတော့ မြစ်မကြီးတွေက ရေဆုတ်တယ်။ မြစ်မကြီးတွေဝရေဆုတ်တော့ ချောင်းတွေ၊ မြောင်းတွေ၊ လယ်ကွက်တွေ၊ တမံတွေအဆုံး ရေဆုတ်တော့တာပါပဲ ဆရာ။ တဖြည်းဖြည်း ရေခန်းတော့မယ်ဆိုတာကို ရေသတ္တဝါတွေ၊ ရေတစ်ပိုင်း ကုန်းတစ်ပိုင်း သတ္တဝါတွေက သိကြတယ် ဆရာရေ။ အထင် မသေးနဲ့”

“ဟုတ်တယ်ဗျ၊ စာကလေးတွေ အသိုက်နိမ့်နိမ့်ဆောက်ရင် လေတိုက်ကြမ်းမယ်၊ မြင့်မြင့်ဆောက်ရင် ပုံမှန်ပေါ့ဗျာ။ အဲသလိုမျိုး တိရစ္ဆာန်တွေမှာ သဘာဝက ပေးထားတဲ့ အသိဉာဏ်တွေရှိတယ်ဗျ”

ဆရာတစ်ယောက်က ဝင်၍ ထောက်ခံပြန်၏။

“ဒါကြောင့် တော်သလင်း၊ သီတင်းကျွတ်မှာ ဒါမှမဟုတ် နောက်ကျရင် တန်ဆောင်မုန်းလဆန်းလောက်မှာ ငါးဆင်းမိုးဆိုပြီး သည်းသည်းထန်ထန် ရွာချတတ်တယ်။ အဲသလို မိုးရွာလို့ ရေများလာတာနဲ့ လယ်ကွင်းတွေထဲက ငါးတွေက မနေတော့ဘူးဆရာ။ နီးစပ်ရာ ကတွက်ပေါက်တွေကနေတစ်ဆင့်ဝချောင်းတွေ၊ မြောင်းတွေထဲ ဆင်းကုန်ကြတော့တာပဲ။ ကွင်းထဲမှာ ငါးသေးငါးမွှားတွေနဲ့ တွင်းအောင်းသတ္တဝါတွေသာ ကျန်ခဲ့တော့တာပဲဆရာ”

“ဦးဖိုးနီ ပြောမယ်ဆိုတဲ့ အောင်ပွဲခံဖားကကောဗျ”

ဆရာတစ်ဦးကဝင်၍ထောက်သည်။

“ပြောမယ်ဆရာ… ပြောမယ်။ ရေထုတ်တော့မယ်ဆိုတာကို ငါးတွေ သိသလို၊ ဖားတွေ ပုစွန်လုံးတွေကလည်း သိတာပါပဲ။ အဲသည်အခါမှာ ပုစွန်လုံးတွေက ချွန်ထက်တဲ့ သူတို့ခြေလက်တွေနဲ့ တစ်ဆောင်းလုံး၊ တစ်နွေလုံး ခိုလှုံနိုင်ဖို့ တွင်းတူးတော့တာပဲ။

တွင်းတူးစရာ ဘာလက်နက်မှ အားကိုးစရာမရှိတဲ့ဖားတွေကတော့ အသာချောင်းနေကြတာပေါ့။ ပုစွန်လုံးက တွင်းတူးပြီးတော့မယ်၊ တွင်းဝနှုတ်ခမ်းအနားသတ်နေချိန်မှာ ပုစွန်လုံးတွင်းထဲ အတင်းလုဝင်တော့တာပဲ ဆရာ။ အဲသည်အခါမှာ လယ်ကွင်းထဲ က အသက်လုပွဲတစ်ခု ပေါ်ပေါက်လာရတော့တာပါပဲ”

ဆရာနှစ်ယောက်က သောက်လက်စ ရေနွေးကြမ်းခွက်များကို ကိုင်ကာ ဖိုးနီ၏စကားကို နားစွင့်လျက်ရှိ၏။

“တွင်းထဲမှာရှိနေတဲ့ တွင်းပိုင်ရှင် ပုစွန်လုံးနဲ့ အတင်းဝင်ပြီး နေရာလုတဲ့ ဖားတို့ရဲ့တိုက်ပွဲပေါ့ဆရာ။ အဲသည်တိုက်ပွဲမှာ တော်သူနေ မတော်သူသေဆိုတဲ့ တရားဟာ ပေါ်လွင်လာတော့တာပဲ။

ဖားကနိုင်ရင် ဖားတွင်းအဖြစ် အပိုင်သိမ်းလိုက်တော့တာပဲ။ ပုစွန်လုံးကနိုင်ရင်တော့ ဖားကို စားပစ်လိုက်တာပေါ့ ဆရာ။ ကျွန်တော်တို့ အဖေတွေ အဘိုးတွေက ပြောခဲ့ဖူးတယ်။ ဖားတွေကချည်း အမြဲမနိုင်သလို ပုစွန်လုံးတွေကလည်း အမြဲမနိုင်ဘူးတဲ့ ဆရာ”

“ဒါမှ သဘာဝကျမယ်ဗျ။ ပုစွန်လုံးတွေကသာ အမြဲနိုင်နေရင် ဖားတွေ ပေါက်ဖွားရှင်သန်ဖို့ ဘယ်ဖြစ်နိုင်တော့မလဲ။ အဲသလိုပဲ ဖားတွေကသာ အမြဲနိုင်နေရင်လည်း ပုစွန်လုံး မျိုးတုန်းသွားတော့မှာပေါ့”

“ဒါဟာ သဘာဝတရားက ထိန်းညှိပေးထားတဲ့ဟန်ချက်တစ်ခုပဲလို့ ကျွန်တော်ထင်တယ်”

ဆရာတစ်ယောက်က ဝင်၍ထောက်ခံလေသည်။

“အေးဗျာ၊ တိရစ္ဆာန်လောကမှာတော့နိုင်ရာစားဝါဒက အတော်ကြီးကို ပေါ်လွင်ဗျ။ အားကြီးတဲ့သူကအားနည်းသူကို၊ အဆိပ်ရှိသူက အဆိပ်မဲ့သူကို၊ အစွယ်ရှိသူက အစွယ်မဲ့သူကို နိုင်ရာစား ဖြစ်နေကြတာပဲ။

ဒါပေမဲ့ တိရစ္ဆာန်တွေဟာ ဘယ်လောက်ပဲ အသိဉာဏ်ရှိရှိ၊ ဘယ်လောက်ပဲ ခွန်အားကြီးကြီး ကျွန်တော်တို့ “လူ” ဆိုတာနဲ့ တွေ့ရင် သူတို့တွေ အရှုံးပေးကြရတာပါပဲ”

“အဲဒါကတော့ အမှန်ဆုံးပါပဲ ဆရာ။ သူတို့တိုက်ပွဲမှာဖားကပဲနိုင်နိုင် ပုစွန်လုံးကပဲနိုင်နိုင် နိုင်တဲ့အကောင်ကို ကျွန်တော်တို့က စားတာပါပဲ။ အခုလည်း ပုစွန်လုံးကို ယှဉ်ပြိုင်တိုက်ခိုက် အနိုင်ယူထားတဲ့ တွင်းအောင်းဖားကြီးတွေ ကျွန်တော်တို့ စားကြဦးစို့ ဆရာ”

သာမောင်က ဝင်၍ပြောလေရာ အားလုံးက သဘောကျစွာ ရယ်လိုက်ကြ၏။

ထိုနေ့မနက် ထမင်းဝိုင်းတွင် ဖားသားကို တုံး၍ တစ်၍ ဆီပြန်ချက်ထားသော ဟင်းကတစ်ခွက်၊ ဖားတစ်ကောင်လုံး နုတ်နုတ်စင်း၍ စပါးလင်၊ ချင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးနိုင်နိုင်ဖြင့် ကြွပ်ရွနေအောင် ကျော်ထားသော ဟင်းကတစ်ခွက်ဖြင့် ဖိုးနီတို့သားအဖနှင့် ဆရာနှစ်ယောက် စားလိုက်ကြသည်မှာ ဆန်တစ်ပြည်ချက် တက်တက်ပြောင်လေတော့ သတည်း။

– ပြီး –

​စာရေးသူ – မောင်ခြိမ့်

Leave a Reply

Your email address will not be published. Required fields are marked *