• June 25, 2025
  • admin
  • 0

ချမ်းမြအောင်
ဖားဝိုင်း

သင်္ကြန်မိုးတစ်ပြိုက် ရွာချလိုက်သည်။ နေအပူရှိန်ကြောင့် အငွေ့တထောင်းထောင်းထနေသည့် မြေလွှာသည် အေးစိမ့်သော မိုးပေါက်တို့နှင့်ရောယှက်ကာ တဖြည်းဖြည်း အေးမြလာလေသည်။

မိုးပေါက်တို့ ဆွတ်ဖျန်းလိုက်သည်နှင့် နွေပိတောက်တွေ ပွင့်ကြပါလေပြီ။

“ဥဩ … ဥဩ … ဥဩ”

နွေဥဩက ပိတောက်အလှကို ညွှန်းဆိုဖွဲ့သီ တေးဆိုလေပြီ။ ရွာက ကောင်မလေးတစ်သိုက်က ပိတောက်ပန်းတွေကို တစ်ပွေ့ ကြီး ပိုက်လာကြသည်။ ခေါင်းမှာလည်း ပန်းတွေက ဝေဝေလွင်လို့။ ပန်းတွေကို ပွေ့ထားသော ကောင်မလေးတစ်သိုက်သည် မြူး ထူးပျော်ရွှင်ကာ တစ်ဦးနှင့်တစ်ဦးလည်း ကျီစယ်နောက်ပြောင်နေကြလေသည်။

အဘမောင်သည် သူ့အိမ်ရှေ့က ဖြတ်သွားကြသော ကောင်မလေးတစ်သိုက်ကိုကြည့်ရင်း အတိတ်ကို ခေတ္တမျှ ပြန်ရောက်သွားလေ၏။

လွန်ခဲ့သော ဆယ်စုနှစ်သုံးခုကျော်။ သူ့အသက်နှစ်ဆယ်ဝန်းကျင် ကာလသားဘဝ။

သူသည် မေနှောင်းဆိုသည့် မိန်းမချောလေးတစ်ယောက်ကို ချစ်ရေးဆိုခဲ့သည် မဟုတ်လား။

မေနှောင်းသည်လည်း ကိုမောင်ဆိုသည့် လူတစ်ယောက်ကို ချစ်ခွန်းတုံ့တင်လိုသော်လည်း မိန်းမ
သားတို့၏တန်ဖိုးကား ဣန္ဒြေ။ သို့သော် နောက်ဆုံးတော့ ပိတောက်တစ်ခက် ပန်ပြခြင်းဖြင့် ကိုမောင့်ကို ချစ်အဖြေပေးခဲ့သည်။

ထိုစဉ်က ကိုမောင်တစ်ယောက် ရင်ခုန်သံတွေမြန်ကာ ဝမ်းသာပျော်ရွှင်ရသည့် အဖြစ်ရယ်လေ။

“နှောင်းရယ် … ကိုမောင် ဘယ်လိုပြောရမှန်းတောင် မသိဘူး။ ရင်ထဲက တသိမ့်သိမ့်တုန်အောင် ဝမ်းသာမိတယ် နှောင်းရယ်”

ကိုမောင်က နှောင်းရဲ့လက်ကလေးကို ဆုပ်ကိုင်၍ ပြောသည်။ မေနှောင်းက ပါးချိုင့်လေးပေါ်အောင် ပြုံးသည်။ ထိုအပြုံးလေးသည် ကိုမောင့်ဘဝအတွက် မေ့ပစ်လို့မရအောင် စွဲထင်နေခဲ့သည်။ ကန့်လန့် ကာခြား၍ ခွဲခွာခဲ့ရသောဘဝကြားတွင် ထိုအပြုံးက နှိပ်စက်ကလူ ပြုခဲ့လေသည်။

မေနှောင်းသည် မိဘများ သဘောတူသော တစ်ရွာသားနှင့်လက်ထပ်ပြီး သျှောင်နောက် ဆံထုံးပါသွားခဲ့သည်။ ကိုမောင်သည်လည်း လူကြီးတွေသဘောတူသူနှင့် လက်ထပ်ကာ သားသမီးသုံးယောက် ထွန်းကားခဲ့သည်။

သမီးနှစ်ယောက်နှင့် သားတစ်ယောက်။ သမီးကြီးနှင့် သားလတ်တို့ တစ်နယ်သားများနှင့် အိမ်ထောင်ကျ သဖြင့် အငယ်ဆုံးသမီး မိစူးသာ ကျန်ခဲ့သည်။

ယခုတော့ သူ့ဇနီး မသိန်းခင်လည်း မရှိတော့ပြီ။ တီးတိုးဖော်ဆို၍ သူနှင့် သမီးလေး မိစူးရယ်သာ။

“ဗျို့ … အဘမောင်၊ မိုးနှီးတွေ ဖြာနေတာလားဗျ”

အိမ်နီးချင်းလည်းဖြစ်၊ တဲနီးချင်းလည်းဖြစ်သည့် ကိုချစ်ပိုင်က အိမ်ရှေ့သို့ဝင်လာပြီး နှုတ်ဆက်သည်။ အဘမောင်က ဖြာလက်စနှီးများကို ဘေးသို့ချရင်း –

“အေးကွ ချစ်ပိုင်ရ၊ နှီးရှည်တွေတော့ ကျပ်ခိုးတင်ထားပြီးပြီကွ။ ခေါင်မိုးအတွက် မိုးနှီးတွေလိုနေ တာနဲ့ ဖြာနေတာ”

“ကျွန်တော်ကတော့ နှီးကိစ္စ ပြီးပါပြီ။ မီးရေးထင်းရေးသာ လုပ်ဖို့ကျန်နေတာ”

“ဒါကတော့ မင်းနဲ့ငါ ပြောင်းပြန်ဖြစ်နေပြီ။ မိုးတွင်းအတွက် ထင်း အတော်လုံလောက်နေပြီကွ။ ဒါတောင် မနက်ကပဲ တို့သားအဖတစ်တွေ နွယ်ခွေတော ဝင်ခဲ့သေးတယ်။ တစ်ပတ်လောက် တောထဲဝင် ရင်တော့ အဆင်ပြေလောက်ပါပြီ။ အေး … ဒါနဲ့ ပြောရအုံးမယ်။ မနေ့က တို့ တောထဲရောက်တော့ ပုတတ်စာတွေ ဖွေးဖွေးရိုက်နေတာတွေ့လို့ နုတ်ခဲ့သေးတယ်။ မင်းပြန်ရင် ယူသွားအုံး၊ ပြီးတော့လဲကွာ …”

“အတော်ပဲ၊ ဒီမနက် အရည်သောက်မရှိတာနဲ့။ ခါတိုင်းဆိုရင်တော့ ရွှေမိက သနပ်ရွက်အချဉ်ရည်လေးတော့ ချက်ပါတယ်။ ဒါနဲ့ ပြောပါအုံး အဘမောင်ရဲ့၊ ပြီးတော့လဲ ဘာဖြစ်လဲ”

“အေး … မင်းလဲ စားရကံကြုံလို့ မုတ်ဆိတ်ပျားစွဲဆိုသလိုပဲ။ ဒီမနက် အိမ်မှာ ထမင်းစားပြီးမှပြန်”

“ဘာဟင်းများ ထူးထူးခြားခြားချက်လို့လဲ အဘမောင်ရဲ့”

“ယုန်သားဟင်းကွ၊ ယုန်သားဟင်း”

“အဘမောင် ယုန် လိုက်လို့ ရတာလားဗျ”

“ချစ်ပိုင်ရယ် … ငါ့အသက်အရွယ်နဲ့ ယုန်လိုက်လို့ ရပါ့မလားကွ။ ကြည့်ကျက်လဲပြောပါအုံး”

“ဒါဖြင့် ယုန်က ဘယ်လိုရလာတာလဲ”

“အိမ်က ခွေးညို ရလာတာလေ။ တို့နဲ့ တောထဲလိုက်လာရင်းက ရတာ။ ဒီကောင်က တောလိုက်တော် တယ်လေကွာ။ တို့ ထင်းခုတ်နေတဲ့ ချုံက ယုန်ထွက်ပြေးသွားတော့ အသာစောင့်ဖမ်းခဲ့တာ”

“အေးဗျ၊ ဒီလိုဆိုတော့လဲ ယုန်သားချိုချိုလေး စားရင်း အဘမောင်ကိုလဲ နှီးဝိုင်းထိုးပေးမယ်လေ”

ကိုချစ်ပိုင်ကပြောရင်း နှီးဖြာရန် ဓားတစ်ချောင်း ဆွဲယူလိုက်လေသည်။

“ဝိုင်းကူတာတော့ ဟုတ်ပါပြီ။ ငါက သပ်ရပ်မှ ကြိုက်တယ်ဆိုတာတော့ သိတယ်နော်”

“ဟုတ်ကဲ့ပါ အဘမောင်ရယ်။ အဘမောင်က လူတိုင်းကို စိတ်တိုင်းမကျလို့ ဝိုင်းကူတာတောင် မကြိုက် တဲ့သူဆိုတာ သိပြီးသားပါ။ ကျွန်တော်ကလဲ အဘမောင် လက်ထွက်ပါဗျ။ ခေသူမဟုတ်ပါဘူး”

ကိုချစ်ပိုင်စကားကြောင့် အဘမောင် သဘောကျသွားသည်။ ထို့နောက် မီးဖိုချောင်ဘက်သို့လှည့်၍

“သမီးမိစူးရေ… ဒီမနက် နင့် ဦးလေးချစ်ပိုင် အိမ်မှာထမင်းစားမယ်ကွဲ့”

ဟု လှမ်းအော်ပြောလိုက်သည်။ ပြီးမှ ဝါးဆစ်ဘူးထဲတွင် ထည့်ထားသော ဦးချစ်ခင်တံဆိပ် ဆေးပြင်းလိပ်တိုကို မီးညှိ၍ဖွာနေလေသည်။

ကိုချစ်ပိုင်က ဝါးစိတ်ကို ဓားဖြင့် အမွေးသတ်ကာ နှီးဖြာတော့သည်။ အဘမောင်ဖြာထားသောနှီးဆိုလျှင် အမွေးအမှင်မရှိ၊ ပြောင်ချောလျက် သပ်ရပ်လှသည်။

အဘမောင်သည် ဆေးပြင်းလိပ်ကို အားရအောင်ဖွာရှိုက်ပြီးနောက် ခွက်ထဲသို့ အသာထည့်လိုက်သည်။

“ဒါနဲ့နေပါအုံး ချစ်ပိုင်ရဲ့။ ဒီနှစ် မိုးလေဝသအခြေအနေ ဘယ်လိုရှိလဲ။ သင်္ကြန်စာမှာ ဘာရေးထားသလဲကွ”

“အဲဒီသင်္ကြန်စာအကြောင်း ပြောရအောင်ပဲ အဘမောင်ဆီ လာခဲ့တာဗျ”

“ကဲ … ဆိုပါအုံး ချစ်ပိုင်ရ၊ သိကြားမင်း ဘာစီးပြီး ဆင်းလာလဲ”

“အင်း … သင်္ကြန်စာအဆိုအရတော့ တနင်္ဂနွေဂြိုဟ်မင်းသည် ရွှေအဆင်းနှင့်တူသော အဝတ်တန်ဆာကို ဝတ်ဆင်လျက် နွားလားဥသဘစီး၍ လက်တစ်ဖက်ကား ပုဆိန်၊ လက်တစ်ဖက်ကား တံစဉ်ကိုင်လျက် အရှေ့တောင်ထောင့်ကနေ အနောက်သို့ဝင်၏တဲ့ အဘမောင်ရဲ့”

“ဪ… ဩော်၊ ဒါနဲ့ မိုးလေဝသအခြေအနေကကော ချစ်ပိုင်ရဲ့”

“မိုးဦး၊ မိုးလယ်မှာ မိုးနည်းပြီး မိုးနှောင်းကတော့ ကောင်းမယ်တဲ့ အဘမောင်ရဲ့။ နွား၊ ကျွဲတို့လဲ အနာဥပဒ် ကျရောက်လိမ့်မယ်လို့ ဟောထားတော့ ခိုင်းနွားတွေကို ဂရုစိုက်ဖို့တော့လိုမယ် အဘမောင်”

“ဒီအတွက်တော့မပူနဲ့ ချစ်ပိုင်ရေ။ ငါ့နွားတွေက မင်းမြင်တဲ့ အတိုင်းပဲ။ သခင်က ဂရုစိုက်ကျွေးမွေးလို့ ဒေါင်ဒေါင်ကိုမြည်နေတယ်။

အင်း … ဒီမိုးတော့ နွေက ထမ်းပိုးကျင့်ထားတဲ့ နွားပြာလေးကိုတော့ ထယ်စမ်းကြည့်အုံးမယ်။ နောင်နှစ် ဆိုရင်တော့ လေးချောင်းပဲ့ညီ (သွားလေးချောင်းသည် အသက် ၄ နှစ်ရှိ) ပြီဆိုတော့ သေချာပေါက် ခိုင်းလို့ရပါပြီ ချစ်ပိုင်ရာ”

“လယ်ယာစိုက်ပျိုးရေးကဏ္ဍ အတွက်ကတော့ စိတ်မသက်သာဘူး အဘမောင်ရေ။ လေပြင်းတိုက်ပြီး နေအလွန်ပူပြင်းတာရယ်၊ မိုးသီးကြွေပြီး မသန့်ရှင်းတဲ့ရေတွေကြောင့် သီးနှံအထွက်လျော့နည်းမယ်တဲ့ အဘမောင်”

“ကိုယ်လုပ်လို့ရတဲ့ကိစ္စတွေမှ မဟုတ်တာကွာ။ ကံပေးသမျှ စားရတော့မှာပေါ့။ ဘာပဲဖြစ်ဖြစ် ကိုယ် တတ်နိုင်တဲ့ဘက်ကတော့ စပါး အထွက်တိုးအောင် လုပ်ပေးရမှာပဲကွာ။ မနက်ဖြန်ကစပြီး တို့သားအဖ လဲ နွားချေးချဖို့ လုပ်နေပြီ။ ထုံးစံအတိုင်း ပျိုးခင်းလယ်ကွက်ကိုပဲ အဓိက မြေသြဇာရဖို့ လိုတယ်မဟုတ်လား ချစ်ပိုင်ရ”

အဘမောင်နှင့် ကိုချစ်ပိုင်တို့ စကားကောင်းနေစဉ်မှာပင် မိစူးက

“အဘရေ … ထမင်းခူးပြီးပြီ”

ဟု ဆိုသဖြင့် စကားပြတ်သွားကြသည်။

အဘမောင်တို့နှစ်ယောက်စလုံး ယုန်သားဟင်းချိုချို၊ ငါးပိရည်ဖျော်၊ သခွတ်ပွင့်တို့စရာဖြင့် ထမင်းမြိန်ကြဦးမည် ဖြစ်ပါသည်။

xxx xxx xxx

စပါးပျိုးခင်းလုပ်မည့် လယ်ကွက်ထဲသို့ နွားလှည်းမောင်းဝင်လိုက်သည်။ လှည်းပေါ်တွင် ရိုင် ပတ်အဟောင်းဖြင့် သယ်ယူလာသည့် နွားချေးမြေဆွေးတွေ အပြည့်။ လှည်းမောင်းသူက မိစူး။

မိစူးသည် နွားချေးချမည့် နေရာအရောက်တွင် နွားဇက်ကြိုးကို ဆွဲ၍ရပ်လိုက်လျှင် အဘမောင်က နွားချေးများကို ပေါက်ပြားဖြင့် ယက်ချလိုက်သည်။ နွားချေးပုံအကွာအဝေးကို အဘမောင်က ပြောရသည်။ လှည်းမောင်းသူက အကွာအဝေးကို မှန်းဆမရ။

ဟိုတုန်းကမူ သည်အလုပ် mတွေကို အဘမောင်တို့လင်မယားနှစ်ယောက်ပဲ လုပ်နေကျ။ မသိန်းခင်က စိတ်မြန်သူ။ မြေဆွေးနွားချေးတွေကို တုံ့နှေးနှေးယက်ချနေသည့် အဘမောင်ကိုကြည့်ပြီး စိတ်မရှည်။

“ကိုရင်မောင်ရယ် … ရှင် နွားချေးချတာ ပေါက်ပြားနဲ့ယက်ချတာနဲ့မတူဘူး။ နားဖာကလော်နဲ့ ယက်ချတာနဲ့တူတယ်။ လာ … ရှင် လှည်းမောင်း၊ ကျုပ် နွားချေးချမယ်”

“မယ်ခင်ရယ်၊ နင့်မလဲ စိတ်ရှည်တယ်ဆိုတာကို မရှိဘူး။ ငါက နွားချေး အပုံမညီမှာစိုးလို့ ချိန်ဆပြီး လုပ်နေရတာဟဲ့”

“ရှင့်ပြောရင် ဆင်ခြေတွေချည်းပဲ။ ကဲ … လာပါ။ နွားလှည်းသာ မောင်းတော့”

“အေးပါ … မယ်ခင့်သဘော … ခင့်သဘော”

“အဘ… ဘာတွေပြောနေတာလဲ။ မယ်ခင့်သဘော … ခင့်သဘောနဲ့”

အဘမောင် အတွေးထဲက စကားလုံးများ ယောင်ယမ်းထွက်သွားမှန်း မိစူးပြောမှပင် ပြန်လည်သတိဝင်သွားလေသည်။

ဟိုတုန်းက သူနဲ့ သူ့ဇနီး မသိန်းခင်တို့နှစ်ယောက်ရဲ့အလုပ်။ စိတ်မရှည်သော မသိန်းခင်နှင့် သူက တကျက်ကျက်။

အဘမောင်တို့ သားအဖ နွားချေးချပြီးသည်နှင့် အိမ်ပြန်ကြလေသည်။

နွားလှည်းဖြုတ်နေစဉ် ကိုချစ်ပိုင် ရောက်လာသည်။ ကိုချစ်ပိုင်သည် အလှည့်နွား (လှည်း၏ညာဘက်တွင် တပ်သည့်နွား) နွားပြာလေးကို စေ့စေ့စပ်စပ်ကြည့်၍-

“အဘမောင် … အဘမောင် သားကိုလဲ ကြည့်ပါအုံးဗျ။ ဒီကောင့် ကြည့်ရတာတစ်မျိုးပဲ၊ အမွေးစောင်း ပြီး နှာရည်ပါ ကျနေတယ်”

ကိုချစ်ပိုင်အပြောကြောင့် အဘမောင် ခြေလှမ်းတုံ့သွားသည်။ ထို့နောက် မြက်စင်သို့ မပို့သေးဘဲ နွား ပြာနွားလေးကို သေသေချာချာကြည့်မိသည်။

“အေးကွာ… ချစ်ပိုင်ရယ်၊ မင်း ပြောမှပဲ ငါ သတိထားမိတော့တယ်။ ဒီကောင် စားမြုံ့ပြန်နေတာလဲ မတွေ့ ရဘူး။ သေချာတယ် … ငါ့သား အပူလျှပ်ပြီ”

“ဒါဆို ရေနံချေးနဲ့ ကြက်ဥတိုက်ဗျာ”

“လောလောဆယ် ငါ့မှာ ရေနံချေး မရှိဘူးကွ။ ရပါတယ်၊ ကြက်သွန်နီနဲ့ မန်ကျည်းသီးထောင်းပြီး တိုက်မယ်။ မသက်သာမှ ရေနံချေး ရှာတိုက်မယ်”

“လုပ်တော့ အဘမောင်ရေ။ အဘမောင်သားက ဒီနှစ်မှ ထယ်စမ်းရမဲ့ကောင် မဟုတ်လား။ တိရစ္ဆာန်ဆေးကုဆရာဝန်တွေကလဲ မိုးဦးကျ ခွာနာလျှာနာချိန်ရောက်မှ လာကြတာဆိုတော့ မတတ်နိုင်ဘူးလေ။ မြန်မာ့ရိုးရာဆေးမြီးတိုကိုပဲ အသုံးချရတော့မှာပေါ့ဗျာ”

“ဒါပေါ့ကွ… ဒါပေါ့၊ ကျေးဇူးပဲ ချစ်ပိုင်ရေ၊ အခုပဲ တို့သားအဖ ဆေးစပ်ပြီး တိုက်တော့မယ်ကွာ”

ထို့နောက်တွင် မီးဖိုချောင်ဆီက ငရုတ်ဆုံသံ တညံညံကြားရပါတော့သည်။ အဘမောင်တို့သားအဖ အလုပ်ရှုပ်ချေပြီ။

xxx xxx xxx

မုတ်သုံမဝင်မီ တစ်ပတ်ခန့် အလိုတွင် မိုးကြီးတစ်မရွာချသည်။ လယ်ပြင်တစ်ပြင်လုံး ရေတွေ ဖွေးဖွေးရိုက်သွားသည်။ ညမှောင်သည်နှင့် ဖားလက်တက်အသံ၊ ဖားခုံညင်းအသံတို့က သံစုံတီးဝိုင်းပမာ ညံလာသည်။

“အဘ”

“ပြောလေ သမီး”

“ဒီမိုးနဲ့ဆို ဖားကျပြီအဘရဲ့။ ကျုပ်လဲ စပါးရိတ်ချိန်တုန်းက တစ်ခါပဲ စားရပြီး မစားရတာ အတော် ကြာသွားပြီ။ ကျုပ် ဖားသားစားချင်တယ်အဘ”

“အေးပါ … ဖားကျလောက်ပါတယ်။ ဒီည အဘ ဖားထွက်ရိုက်ပေးမယ်လေ”

“ဟာ … အဘတစ်ယောက်တည်း ဘယ်ဖြစ်ပါ့မလဲ။ ကျုပ်လဲ လိုက်မှာပေါ့ အဘရဲ့”

“ဒီတစ်ခါတော့ လူမကွဲစေနဲ့။ မနှစ်ကလဲ သမီး မျက်စိလည်နေလို့ မနည်းအော်ခေါ်ရတယ်မဟုတ် လား”

ဖားရိုက်ရာတွင် အတူတူရိုက်နေသော်လည်း ဖားအော်သံကြားရာ လိုက်သွားရင်း လူကွဲကာ မျက်စိ လည်တတ်သည်။ ညဆိုတော့ ကြယ်နှင့် ရွာမီးရောင်များကို အမှတ်အသားပြုရသည်။ အတွေ့အကြုံ နည်းလျှင် မျက်စိလည်သွားတတ်သည်။

“စပါးရိတ်ချိန်တုန်းကရတဲ့ ဖားကတော့ တွင်းအောင်းချိန်မို့ ဘယ်လိုဆူမှန်းမသိဘူး။ စားလို့ ကောင်းလိုက်တာ အဘရယ်”

“အင်း … ပြောရရင် ကံဆိုးတဲ့ ဖားလို့ ခေါ်မလား၊ စားရကံကြုံလို့ မုတ်ဆိတ်ပျားစွဲတယ် ခေါ်မလား၊ စားရကံကြုံလို့ ဖားဦးထုပ်ကို ခလုတ်တိုက်မိတယ်ခေါ်မလားပဲ”

ဟုတ်သည်။ အဘမောင် စပါးရိတ်အပြန် ကန်သင်းပေါ်လျှောက်လာရင်း ကဏန်းကျစ်စာကို တိုက်မိ သည်။ ကျစ်စာခဲကိုကြည့်တော့ ဖားဦးထုပ်ရာလေး တွေ့တော့သည်။ သေချာပြီ။ ကဏန်းတွင်းထဲတွင် ဖားရှိပြီ။ နွေရာသီတွင်းအောင်းချိန်မို့ ဆူလိုက်သည့်ဖား။ အကောင်ကလည်းကြီး။ အော်သံက ကလေးငိုသံကဲ့သို့။

“ကဲ … သမီး၊ ညနေကျရင် ဒေါ်စောတို့ ကုန်စုံဆိုင်ကနေ ရေနံဆီတစ်ပုလင်း ဝယ်ထားတော့။ အိမ်မှာလဲ လက်ကျန်ရှိသေးတော့ လောက်ပါတယ်။ မီးအုပ်ဆောင်းနဲ့ မီးခွက်ပါ ပြင်ထားတော့။ မီးခွက်က မီးစာ မကောင်းရင် လဲထားကွယ့်”

“ဟုတ်ကဲ့ပါ အဘ”

အဘမောင်က စကားဖြတ်ပြီးနောက် မီးဖိုကျပ်ခိုးစင်ပေါ်က ကြိမ်လုံးများကို ရွေးနေလေတော့သည်။

xxx xxx xxx

လမိုက်ည။

ညဦးပိုင်းတွင် မိုးဖွဲဖွဲရွာသော်လည်း ခေတ္တမျှသာ။ ညလယ်ပိုင်းတွင်မူ မိုးတစ်ပေါက်မျှ မကျ။

ဒီညအဖို့ အဘမောင်တို့ စောစောစီးစီး အိပ်ရာဝင်ကြသည်။

ညဦးပိုင်းဖားရိုက်လျှင် ကျော်စံကေးလောက်ပဲ ရတတ်သည်။ စားဖားကြီးများ မရတတ်။ စားဖားကြီးများက နံနက် ၄ နာရီဝန်းကျင်မှ ရတတ်သည်။

ဖားဆိုသည့် အကောင်တွေကလည်း လူသံကြားလျှင် အသံတိတ်သွားသည်။

မီးရောင်တွေ့လျှင် အအော်ရပ်သွားသည်။ ထို့ကြောင့်
မီးအုပ်ဆောင်းကို နောက်လှည့်၍ မီးရောင်ကွယ်ပြီးသွားရသည်။ ခြေသံလုံအောင် ချဉ်းကပ်ရသည်။

တစ်ခါတစ်ရံ အနားရောက်သွားသည့်တိုင် ရှာမရတတ်။ အဘယ်ကြောင့်ဆိုသော် ဖားအရောင်နှင့် မြေသားသည် တစ်သားတည်းဖြစ်ပြီး ပြားအောင်ဝပ်ထားတတ်သောကြောင့် ရှာမတွေ့တတ်ချေ။

နေရာတွင် လှည့်ရှာရင်း တက်နင်းမိမှပဲ တွေ့တတ်သည်လည်း ရှိ၏။

ဖားရိုက်သမားများ မီးအုပ်ဆောင်းနောက် လှည့်ပြီး ဖားအသံကို ချဉ်းကပ်ရာတွင် အများဆုံး ကြုံတွေ့ရသည့်အန္တရာယ်ကား မြွေအန္တရာယ်ပင်။ အများဆုံးအကိုက်ခံရသည့် မြွေများမှာ မြွေပွေးနှင့် မြွေဟောက်များဖြစ်သည်။

သူတို့ကလည်း ဖားသံကြားရာလာ၊ ဖားရိုက်သူများကလည်း ဖားသံကြားရာသို့ လာရာမှ တွေ့ကြခြင်းပင်။ မြို့ဆေးရုံသို့ အမြန်ပို့နိုင်သူများကတော့ အသက်ရှင်ခွင့်ရကြသည်။

အဘမောင်သည် မီးအုပ်ဆောင်းကို ဘယ်ဘက်၊ ကြိမ်လုံးကို ညာလက်ဖြင့်ကိုင်ရင်း လယ်ကွင်းထဲ ထွက်ခဲ့ကြသည်။

လမိုက်ညမို့ မှောင်မည်းနေသည်။ လယ်ကွင်းထဲ တွင်မူ ပွဲဈေးတန်းကဲ့သို့ ဖားရိုက်သူများ၏ မီးရောင်များကို မြင်နေရသည်။

“သမီးရေ … ခြေသံလုံအောင် လိုက်ခဲ့နော်”

ဟု အဘမောင်က ပြောသည်။

“ဟုတ်ကဲ့ပါအဘ၊ ကျုပ် သိပါတယ်တော့”

မိစူးက ပလိုင်းကို စလွယ်သိုင်း ယရင်း အဘနောက်က လိုက်ရှာသည်။ ထဘီကိုလည်း ဒူးဆစ်အထိ ခပ်တိုတို ဝတ်ထားလေ၏။

အဘမောင်တို့ သားအဖနှစ်ယောက်အတွက် ကျော်စံကေးချည်းသာ ရနေသည်။ ညလယ်ရောက်သည့်တိုင် ကျော်စံကေးတွေနှင့်သာ နှစ်ပါးသွားနေကြသည်။

ဘာပဲရရ ကျော်စံကေးကလည်း စဉ်းကောချက်စားလျှင် တကြွပ်ကြွပ်ဖြင့် စားကောင်းလှသည်။ အမွှေးအကြိုင် မဆလာနိုင်နိုင်လေးဖြင့်ချက်လျှင် ဟင်းနံ့ရတာနှင့် ဗိုက်ဆာလာသည်။

သို့ဖြင့် တဖြည်းဖြည်း အရုဏ်တက်ချိန်သို့ ရောက်လာသည်။ နံနက် ၄ နာရီလောက်တော့ ရှိချေပြီ။

အဘမောင်တို့ သားအဖနှစ်ယောက် ကြိမ်ပိုက်ချောင်း ရောက်ခါနီးတွင် “အွန် … အွန်” ဟူသော ဖား အော်သံ ကြားလာရသည်။

စားဖားသံ။ တစ်ကောင်မဟုတ်။ နှစ်ကောင် မဟုတ်။ သုံးကောင်မဟုတ်။

အဘမောင် ထိတ်ခနဲ ဝမ်းသာသွားသည်။

“လာ… သမီး၊ အဘနောက်က ခပ်ဖြည်းဖြည်းလိုက်ခဲ့”

အဘမောင်သည် မီးအုပ်ဆောင်းကို နောက်လှည့်ကိုင်ပြီး အသံများကြားရာဆီသို့ တဖြည်းဖြည်း ချဉ်းကပ်သွားလေသည်။ ဒီအသံတွေဆိုလျှင် အဘမောင်က နောကျေပြီးသား။

အသံတွေနှင့် အနီးဆုံးနေရာ ရောက်ချေပြီ။ ဖားသံများမှာ မရပ်။ ဆက်တိုက်အော်နေကြသည်။

ထို့နောက် အဘမောင်သည် ကြိမ်လုံးကို မြေပျော့ထဲသို့ စိုက်လိုက်သည်။ ကြိမ်လုံး မလိုတော့။ ထို့နောက် မီးအုပ်ဆောင်းကို လှည့်လိုက်လေသည်။

“အင်း … ငါထင်တဲ့အတိုင်းပါပဲ”

မြင်ရသော မြင်ကွင်းအပေါ် အဘမောင်က အေးစက်စက်။

ဖားဝိုင်း။

ရေအိုင်လေးကို ဝိုင်း၍ အော်နေကြသော ဖားဝိုင်း။

ယင်းသို့ ဝိုင်းဖွဲ့နေသည့် ဖားအုပ်ကို အဘမောင်တို့က “ဖားဝိုင်း” ဟုခေါ်ကြသည်။

“ဖားဝိုင်း… ဖားဝိုင်းကွဲ့ သမီး။ မြန်မြန် ပလိုင်းယူခဲ့စမ်း”

ဤကဲ့သို့ ဖားဝိုင်းကိုတွေ့လျှင် ကြိမ်လုံးနှင့် ရိုက်စရာမလိုတော့။ တစ်ကောင်ချင်း ပလိုင်းထဲသို့ ကောက်ထည့်ရုံသာ။

အကောင်ကြီး ၂ဝ နီးပါးရသည်။ ပလိုင်းက ကြီးပေ၍ တော်သေးသည်။ ဖားကောင်တွေက ပလိုင်းလည်ပင်းတိုင်အောင် ပြည့်နေသည်။

မိစူးက ခုန်မထွက်ရန် ပလိုင်းဆို့ဖြင့် ဖိပိတ်ထားလိုက်သည်။

မိစူးပျော်နေသည်။

မနက်လင်းသည်နှင့် အိမ်အတွက် ဟင်းစားချန်ထားပြီး ကျန်သည့်ဖားများကို မြို့တက်ရောင်းမည်။ ဖားရောင်းရငွေဖြင့် ခေါက်ထီးလေးတစ်လက် ဝယ်လာမည်။ နွေကတည်းက သူ အဘကို ပူဆာနေတာ ကြာပြီ။

မိစူးတစ်ယောက် သူ့အတွေးနှင့်သူ ပျော်နေရှာသည်။

အမှောင်ထုသည် တဖြည်းဖြည်းလင်းလာသည်။ အဘမောင်တို့ သားအဖနှစ်ယောက်၏ ရွာအပြန် ခြေလှမ်းများကား သွက်လက်နေပါသည်။

တကယ်တော့ ဖားဝိုင်းဆိုသည်မှာ တစ်နွေလုံး ခွဲခွာနေကြသည့် ဖားလူပျို၊ ဖားအပျိုတို့ တွေ့ဆုံ ချစ်တေးဖွဲ့သီရာ မြကန်သာ အချစ်ရပ်ဝန်းတစ်ခုဟု ဆိုပါလျှင်။

ငွေတာရီမဂ္ဂဇင်း၊ ဩဂုတ်လ၊ ၂၀၂၃

– ပြီး –

စာရေးသူ – ချမ်းမြအောင်
စာစီစာရိုက် – မုဆိုး တံငါ စာပေ

Leave a Reply

Your email address will not be published. Required fields are marked *