ဖိုးကျော့
မိုးနှောင်းကာလ တစ်နေ့၏ နံနက် ရှစ်နာရီခန့် အချိန်တွင် ဖြစ်သည်။
အဖေနှင့် အမေတို့သည် မနက်စောစောကပင် လယ်ကွင်းဘက် ထွက်သွားကြသည်။ အမေ့လက် ထဲတွင် ခရုမျက်ပြဲတူးရန် တူရွင်းတစ်လက်နှင့် ခြင်းငယ်တစ်လုံး ပါသွားသည်။
အဖေလက်ထဲတွင်မူ ပေါက်တူးတစ်လက် ပါ၏။ ငိုက်မျည်းစပြုနေပြီဖြစ်သော စပါးကွင်းထဲတွင် ရေမရှိဘဲ ခြောက်သွေ့နေမှ စပါးမှည့်လျှင် ရုပ်သိမ်းသော အခါ အဆင်ပြေလေသည်။
အမေနှင့်အဖေတို့ လယ်ကွင်းထဲ ထွက်သွားကြသောအခါ လယ်တဲတွင် ကျွန်တော်တို့ ညီအစ်ကို သုံးယောက်သာ ကျန်နေခဲ့ကြလေသည်။
ထိုအချိန်မှာပင် ကျွန်တော်တို့ လယ်တဲနှင့် တစ်ခေါ်သာသာပေးသော လယ်တဲမှ ဦးလေး ဦးသာအောင် ရောက်လာသည်။
ဦးလေးဦးသာအောင်၏ လက်ထဲတွင် ဓားမကြီး တစ်လက်ပါသည်။ တဲပတ်ဝန်းကျင်ကို ကျီးကန်း တောင်းမှောက်ကြည့်ပြီး
“မင်းတို့ ဗိုလ်ကျားကောကွ” ဟု မေး၏။
ဗိုလ်ကျားမှာ ကျွန်တော်တို့ အိမ်ကခွေးဖြစ်သည်။ အလွန်တောလိုက်ကောင်းသည်ဟု မုဆိုးများကပင် ချီးကျူးဂုဏ်ပြုစကား ဆိုခြင်းကို အကြိမ်ကြိမ် အခါခါ ခံထားရသောခွေး ဖြစ်၏။
“ရှိမှာပေါ့ … ဦးလေး ဘာလုပ်မလို့လဲ”
အစ်ကိုကြီးက ပေါ့ပေါ့ပင် မေးလိုက်၏။
“ဒီလိုကွ ထွန်းကျော်ရာ၊ ဒီနေ့မနက် ဦးလေး ညောင်ကြပ်ပင်တာအောက်က လယ်ကွင်းထဲ ရေအိုင်ကြီး တစ်အိုင်ကို ရေသွားဖောက်တော့ ဧရာမစပါးကြီးမြွေတစ်ကောင် ရေစိမ်နေတာတွေ့တယ်။ အဲဒါနဲ့ ပေါက်တူးနဲ့ကလဲ ပေါက်လို့မဖြစ်တော့ ဓားနဲ့ခုတ်မလို့ တဲထဲပြန်ပြီး ဓားယူနေချိန်မှာ ပျောက်သွားတယ်ကွ။
လူကြံမှန်းသိလို ထွက်ပြေးသွားတာဖြစ်မှာပဲ။ နည်းနည်းနောနော အကောင်ကြီးမဟုတ်ဘူးကွ။ ငါ့ပေါင်လုံးလောက်ကို ရှိတယ်။ ရသာ ရလိုက်ရင် သည်းခြေရောင်းတာနဲ့ သုံးလေးရာ ရမှာ။ ဒီကောင်ကြီး ဘယ်များ ထွက်ပြေးသွားလဲလို့ ငါ ခြေရာခံကြည့်တော့ တို့ယာဟောင်း ဖုံးဆိုးတောထဲ တက်သွားတဲ့ ခြေရာစွပ်ကြောင်းတွေ တွေ့ထားတယ်။
အဲဒါ တောလိုက်ကောင်းတဲ့ မင်းတို့ ဗိုလ်ကျားနဲ့လိုက်ရင် ချက်ချင်းမိမှာပဲကွ။ ဒီလောက်ကြီးတဲ့ စပါးကြီးမြွေဟာ ချက်ချင်းတော့ ဝေးဝေးလန်လန်ကို ထွက်သွားမှာ မဟုတ်ဘူး။ ရေစိမ်ပြီးရင် တစ်နေရာ နားနေဦးမှာ မုချပဲ။ အဲဒါ ဦးလေးနဲ့ မင်းတို့လဲ လိုက်ခဲ့ကြ။ ဒီစပါးကြီးမြွေကိုသာ ရလိုက်ရင် ပွပေါက်ပဲကွ”
ဦးလေးသာအောင်၏ စကားကြောင့် ကျွန်တော်တို့ ညီအစ်ကိုသုံးယောက်မှာ ချက်ချင်း လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။
ကိုလတ်က ဘယ်ရောက်နေမှန်း မသိသော ဗိုလ်ကျားကို “အိုး….အိုး….” ဟု အသံပေးကာ ခေါ်နေ၏။
အစ်ကိုကြီးက ဒူးလေးကို တဲထဲဝင်ယူ၏။
ကျွန်တော်က ဝါးပြောင်းဆွဲသည်။
ဗိုလ်ကျား အမြီးနှံပြီး တဲရှေ့ ပြေးထွက်လာသောအခါ ကိုလတ်က စပါးကြီးမြွေကိုထိုးရန် လှံရှည်တစ်ချောင်းကို ဆွဲထုတ်လာပြန်၏။
ဒီလိုနှင့် ကျွန်တော်တို့ညီအစ်ကိုသုံးယောက်၊ ခွေး ဗိုလ်ကျားနှင့် ဦးလေးသာအောင်တို့သည် စပါးကြီးမြွေကိုရှာရန် အလောသုံးဆယ် ထွက်လာကြလေသည်။
လမ်းတွင် ကိုလတ်က
“ဦးလေး စပါးကြီးမြွေမိလို့ သည်းခြေရောင်းရရင် ကျွန်တော်တို့ကို ဝေစုလေးစု ပေးရမယ်နော်”
ဟု ပြောလိုက်၏။
“ဟာ မင်းတို့ဟာ လေးစုတောင်ပေးရမယ်ဆိုတော့ မများဘူးလားကွ”
“မများဘူး ဦးလေး … ဒါ ထုံးစံပဲ။ မြို့တောင်မှာ ဆတ်ပျောက်လို့ ကျွန်တော်တို့နဲ့ ဗိုလ်ကျား လိုက်သွားတုန်းကလဲ ဒီလိုပဲ လေးစုရတယ်။ ကျွန် တော်တို့ ညီအစ်ကိုသုံးယောက်က သုံးစု၊ ဗိုလ်ကျားက တစ်စုလေ”
အစ်ကိုလတ်၏စကားကို ကျွန်တော်ကလည်း သက်သေသာဓကနှင့် ပြောလိုက်၏။
မြို့တောင်၌ ကျွန်တော်တို့ရွာက ဆတ်တစ်ကောင် ရသည်မှာ တစ်လကျော်သာ သေးလေသည်။ ထို့ကြောင့် ဦးလေးကလည်း မငြင်းသာတော့။
“ကောင်းပြီ ငါ့တူတို့ကို ဦးလေး တစ်ခုပြောမယ်။ ငါ့တူတို့ကို ဦးလေးက လေးစုပေးမယ်။ ဒါပေမင့် နှစ်စုကိုတော့ ဦးလေးယူမယ်”
“ဟာ ဦးလေးကလဲ မဟုတ်တာ။ လေးစုထဲက ဦးလေးနှစ်စုယူတော့ ကျွန်တော်တို့နဲ့ ဦးလေး တစ်ယောက်တစ်ဝက်စီ ဖြစ်သွားပြီပဲ။ ဒါ ဘယ် တရားပါ့””
“မဟုတ်ဘူးလေကွာ၊ ငါပြောတာက ဒီလိုပါ။ ခု ငါ့တူတို့ စပါးကြီးမြွေကို ရပြီဆိုပါတော့။ ဝေစု ခြောက်စုပုံပြီး ခွဲမယ်။ လေးစုကို မင်းတို့ကို ပေးမယ်။ နှစ်စုကို ငါယူမယ်။ ဒါလဲ မင်းတို့က ထုံးစံဆိုတဲ့စကားကို ပြောလို့ပါ။ ငါက ပထမဦးဆုံး သားကောင်တွေ့သူ (မြွေတွေ့သူ) အဖြစ် တစ်ဖို့ တစ်စုယူမယ်။ ခု မင်းတို့နဲ့ပေါင်းပြီး ရှာရတဲ့အတွက်က တစ်ဖွဲ့ တစ်စုလေ။ ဒီတော့ ငါက နှစ်ဖို့ နှစ်စုယူတာ မတရားဘူးလား … ကဲ ပြော”
စပါးကြီးမြွေက ဘယ်ဆီနေမှန်း မသိသေး။ လမ်းတွင် ဝေစုခွဲ စကားဆိုလာကြ၏။ ဦးလေးနှင့် တူများပင် ဖြစ်သော်လည်း ဦးလေးသာအောင်မှာ ကပ်ဖဲ့လုပ်သည့်နေရာတွင် နှစ်ယောက်မရှိသူ ဖြစ်သဖြင့် ကိုလတ်က ပြတ်ပြတ်သားသား ပြောထားခြင်း ဖြစ်သည်။
“ဦးလေးမြွေက ရေထဲက ပျောက်သွားတဲ့ မြွေနော်။ ခု ကျွန်တော်တို့ချည်းရှာလို့လဲ ဘယ်လိုမှ ရနိုင်မှာ မဟုတ်ဘူး။ ဒီတော့ ကျွန်တော်တို့ထံ ဘယ်လူက အရေးပါဆုံးလဲ။ ဗိုလ်ကျားပါမှ ရမည့်ကိစ္စဆိုတော့ ဦးလေးက နှစ်ဖို့နှစ်စုံယူမယ်ဆိုရင် ဗိုလ်ကျားကိုလ် နှစ်ဖို့နှစ်စု ပေးရမယ်။ စကားပုံ ရှိတယ်မဟုတ်လား၊ရေအဆုံး ကုန်းတစ်ဝက်တဲ့။ အဲဒီတော့ ဗိုလ်ကျား …”
“ဟေ့ကောင် တော်တော့၊ မြွေက ဘယ်ဆီနေမှန်း မသိသေးဘူး၊ ခုကတည်းက စကားများနေပြီ။ ဦးလေးသာအောင်က သူ နှစ်ဖို့နှစ်စုပဲ ယူမယ်၊ တို့ကို လေးစုလေးဖို့ပေးမယ် ပြောတာပဲ။ တော်ရောပေါ့””
လူဖြောင့်စိတ်တိုဖြစ်သူ အစ်ကိုကြီးက အော်လိုက်သောအခါ အစ်ကိုလတ်က ပြန်ပြောဝံ့သည် မဟုတ်။ ပြန်ပြောလျှင်
“မင်း သိပ်စကားများတယ်၊ ပြန် … ပြန် ခုပြန်”
ဟု ပြောလာတော့မည်။ အစ်ကိုကြီးက အစ်ကိုလတ်အား သားကောင်ရှာသွားကြရင်း အချင်းချင်း စကားများသဖြင့် ပြန်လွှတ်ဖူးသော သာဓကတွေလည်း ရှိထားရာ အစ်ကိုလတ်မှာ မကျေနပ်သော်လည်း ပြန်မပြောတော့ပေ။ ဦးလေးဦးသာအောင်ကလည်း
“အေးလကွာ … ငါ လူကြီးပဲ၊ ငါ့တူတွေကို ငါ မတရား လုပ်ပါ့မလား။ မင်းတို့မျက်နှာ မကြည့်တောင် အစ်ကိုကြီးနဲ အစ်မကြီးက ရှိသေးတာပဲ၊ ငါ မတရားမလုပ်ပါဘူး”
ဟု ပြောလာ၏။
ထို့ကြောင့် ဝေစုထဲက ခြောက်ပုံ၊ လေးပုံ၊ နှစ်ပုံနှင့် စပါးကြီးမြွေရှာရန် ကျွန်တော်တို့ ညောင်ကြပ်ပင်ကွင်းဘက် ထွက်လာကြလေသည်။
X X X X
ဦးလေးသာအောင် ပြောသည်မှာ အမှန်ဖြစ်သည်။ လယ်ကွင်းထဲရှိ ရေအိုင်ကို ဦးလေးက အရင်ပြ၏။ ရေအိုင်ထဲက စပါးကြီးမြွေတက်သွားသော ဗိုက်ချပ်ရာ စွပ်ကြောင်းကို မြေပျော့တွင် တွေ့ရသည်။ ထိုမှ မြွေကြီးသည် စပါးတွေကိုတိုးကာ လယ်ကွင်းဘေးရှိ ဖုံးဆိုးယာဟောင်းထဲ ဝင်သွားရာကို တွေ့ရသည်။
“ဗိုလ်ကျား လိုက်စမ်း … စမ်းစမ်းကွာ၊ အနံခံကြည့်စမ်း။ ဝုတ် … ဝုတ် … အို့ … အို့”
ဗိုလ်ကျား၏ နားရွက်ကိုဆွဲပြီး အစ်ကိုကြီးက အနံ့ခံခိုင်း၏။ အစ်ကိုကြီး ပါးစပ်ထဲက စုတ်ထိုးသံရော၊ စုတ်သတ်သံရော၊ အနံခံခိုင်းသံရော အစုံထွက်နေသလို ဗိုလ်ကျားပါးစပ်ကလည်း တအင့်အင့် တအင်းအင်း တကိန်ကိန်နှင့် အနံ့ခံနေသည်။
မကြာပါချေ။ စပါးကြီးမြွေ တက်သွားသော စွပ်ကြောင်းကို နှုတ်သီးနှင့်ထိုးပြီး အနံ့ခံနေသော ဗိုလ်ကျားသည် တအင့်အင့် တအစ်အစ် အသံပေးကာ ယာဟောင်းဖုံးဆိုးထဲ ပြေးတက်သွားသည်။
“တွေ့ပြီ ဦးလေး၊ စပါးကြီးမြွေနဲ့ ဗိုလ်ကျား တွေ့သွားပြီ။ ဘယ်မှ ပြေးမလွတ်တော့ဘူး။ လာ … လာ”
ဗိုလ်ကျားနောက်ကို ဦးလေးနှင့် ကျွန်တော်တို့ လိုက်ကြသည်။ အစ်ကိုကြီးကမူ ပြောလည်း ပြော၊ ပြေးလည်းပြေးသဖြင့် ရှေ့ဆုံးကလူ။
“အေးကွ … ဟဲ ဟဲ … အဲဒါကြောင့် မင်းတို့ဗိုလ်ကျား နာမည်ကြီးတာကိုး”
“ခြေရာတွေ့လို့ကတော့ ဟိမဝန္တာအထိ ပြေးမလား၊ ပြေးချင်သလောက် ပြေး၊ ဗိုလ်ကျား နှာခေါင်းထဲသားကောင်နံ့က မပျောက်စေရဘူး ဦးလေး။ ဒါကြောင့်လဲ မုဆိုးတွေက ဗိုလ်ကျားကို စပါး တင်း ငါးရာပေးမယ် ပြောတာပဲ ဦးလေး”
“အေးကွ မင်းတို့ဗိုလ်ကျားက တကယ့် ခွေးကောင်းပဲကွ။ ဒီလို တောလိုက်ကောင်းတဲ့ခွေးက ဆယ်နှစ် တစ်ကောင်ပေါ်ဖို့ မလွယ်ဘူးဟေ့။ မြို့တောင်မှာ ဆတ်ပျောက်တုန်းကများ ဒီဆတ်ဖားကြီးကို ပြန်တွေ့မယ်လို့ ဘယ်လူမှ မထင်ကြတော့ဘူး။ ဗိုလ်ကျားလဲ တောတက်လိုက်ရော ဘာကြာလိုလဲ၊ နာရီပိုင်းပဲ အသံပေးတော့”
“ဟုတ်တယ် ဦးလေး၊ ခုလဲ နားထောင်စမ်းပါဦး၊ ဗိုလ်ကျား အသံပေးပလား”
မှန်သည်။ စပါးကြီးမြွေနံ့ကိုခံပြီး ရှေ့က ပြေးလိုက်သွားသော ဗိုလ်ကျား၏အသံသည် အစ်ကိုကြီး စကားအဆုံးမှာပင် ပေါ်လာလေသည်။
“ဝေါင်”
“ဝေါင်”
“ဟာ သေချာပြီ ဦးလေး၊ ဒါ ဗိုလ်ကျား သားကောင် တွေ့လို့ လူတွေကို အချက်ပေးတဲ့ အသံပဲ။ စပါးကြီး သည်းခြေက ဦးလေး ပြောပုံဆို သုံးလေးရာတော့ ကျိန်းသေနော် ဦးလေး”
“သိပ်ကျိန်းသေတာပေါ့ မောင်ထွန်းရာ။ ငါ့ပေါင်လုံးလောက်ရှိတဲ့ အကောင်ကြီးပဲကွ။ သည်းခြေက သုံးလေးရာ မရဘဲ ဘယ်နေလိမ့်မတုန်း”
သည်းခြေက သုံးလေးရာ ရမည်ဟူသော လောဘဇောနှင့် ကျွန်တော်တို့မှာ ချက်ချင်း ဗိုလ်ကျား ထိုးဟောင်ရာ နေရာနား ရောက်လာကြသည်။
ဗိုလ်ကျား ထိုးဟောင်နေသော နေရာမှာ တောင်ပို့တစ်လုံးအောက်ရှိ ကျင်းခေါင်းတစ်ခေါင်းကို ထိုးဟောင်နေခြင်းဖြစ်သည်။
ထိုကျင်းပေါက်ကြီးမှာ ခွေအ,များ စွန့်ပစ်သွားသော ကျင်းပေါက်လား။ ဖြူကောင်များကို မုဆိုးတို့ ထောင်ဖမ်းသွား၍ ဗလာချည်း ကျန်ခဲ့သော ကျင်းပေါက် လားတော့ မသိ။ ကျင်းပေါက်မှာ ဗိုလ်ကျားပင် ဝင်သွား၍ ရနိုင်၏။
သို့သော် ဗိုလ်ကျားသည် တောလိုက်ကောင်းသော ခွေးပီပီ လူအလာကိုစောင့်ကာ အသံပေးနေသေး၏။ ကျွန်တော်တို့ ဗိုလ်ကျားနားရောက်လာကြသောအခါ ဗိုလ်ကျားသည် လူအားကိုးနှင့် ကျင်းထဲ ဝင်သွား၏။
အစ်ကိုကြီးက ဗိုလ်ကျားခါးကို အတင်းလိုက် ဆွဲထား၏။
“ဟေ့ကောင် လွှတ်လိုက်လေကွာ၊ ဘာလို ဆွဲထားလ်”
“ဟာ ဦးလေးကလဲ၊ ဒီကျင်းထဲ စပါးကြီး မြွေရှိနေပြီဆိုတာ ဗိုလ်ကျားက ကျွန်တော်တို့ကို ပြပြီးပြီပဲ။ ဗိုလ်ကျားကို ကျင်းထဲလွှတ်လိုက်လို ဘယ်ဖြစ်မလဲ။ ကျွန်တော်တို့က ကျင်းကို တူးသင့် တူးကြရမှာပေါ့။ မတော်လို့ မြွေကြီးက ဗိုလ်ကျားကို ကျင်းထဲ ကျပ်ထဲ လှမ်းပေါက်လိုက်လို သေသွားရင် ဘယ့်နှယ်လုပ်မလဲ”
ဦးလေးသာအောင်၏ စကားကို အစ်ကိုကြီးက ပြန်ပြောလိုက်၏။
“ဟဲ့ကောင်… စပါးကြီးမြွေဆိုဘာ အဆိပ်ရှိတဲ့ မြွေမျိုးမဟုတ်ဘူးကွ။ မြွေပွေး မြွေဟောက်တို့လို ပေါက်လဲ မပေါက်တတ်ဘူး။ မျိုရင် မျို ၊ မမျိုရင် ခွေးလိုပဲ ဆွဲဟပ်ဖက်ကိုက်တတ်တဲ့ မြွေမျိုးပဲ။ ဘာမှစိုးရိမ်စရာ မရှိဘူး။ လွှတ်သာ လွှတ်လိုက်၊ စပါးကြီးမြွေကိုတွေ့ရင် မင်းတို့ ဗိုလ်ကျားက ခေါင်းကို ဒါမှမဟုတ်ရင် ဇက်ကိုကိုက်ပြီး ဆွဲထုတ်လာလိမ့်မယ်။ လွှတ် လိုက် … လွှတ်လိုက်စမ်းပါ””
“ဟုတ်ပါ့မလား ဦးလေး”
“မင်းကလဲ ဟုတ်ပါတယ်ဆို၊ စပါးကြီးမြွေဆိုတာ အဆိပ်ရှိတယ်လို့ မင်းကို ဘယ်မုဆိုးက ပြောဖူးလို့လဲ၊ လွှတ်လိုက်စမ်းပါ။ စပါးကြီးမြွေကိုက်ရင် မင်းတို့ဗိုလ်ကျား မသေပါဘူးကွ။ အေး တစ်ခုပဲ ရှိတယ်၊ လူမပါရင်တော့ စပါးကြီးမြွေက ဗိုလ်ကျားကို ညို့ပြီး မျိုရင်သာ မျိုမယ်။
အဲ မြွေက ညို့ပြီး မျိုရအောင်လဲ တို့မပါတာမှ မဟုတ်တာ။ ဒီကောင် ဒီလောက် ရုန်းကန်ပြီး ကျင်းထဲ ဝင်ချင်နေတာ ကြည့်ခြင်းအားဖြင့် လူသံ ခွေးသံ ကြားတာန် ဒီကျင်းထဲ ဝင်ပုန်းနေတာတော့ သေချာတယ်ကွ။ လွှတ်လိုက်စမ်းပါဆို။ မင်းတို့ ဗိုလ်ကျား ငါ ပြောသလို မြွေကြီးကို ကိုက်ဆွဲ ထုတ်လာပါလိမ့်မယ်၊ လွှတ်လိုက် … လွှတ်လိုက်”
ဦးလေးနှင့် အစ်ကိုကြီးတို့ အခြေအတင် ပြောနေကြစဉ် ဗိုလ်ကျားသည် တောင်ပို့အောက်ရှိ ကျင်းထဲဝင်ချင်နေသဖြင့် အစ်ကိုကြီး ခါးကို ဆွဲထားသည့်ကြားထဲက ကိုယ်တစ်ပိုင်း ကျင်းခေါင်းထဲဝင်ပြီး ရုန်းကန်လှုပ်ရှားနေသည်။
“ဦးလေး စပါးကြီးမြွေက အဆိပ်မရှိဘူးဆိုတာ သေချာတယ်နော်။ ဦးလေးကို ဘယ်မုဆိုးပြောဖူး…”
“ဟာ အစ်ကိုကြီးကလဲဗျာ၊ စပါးကြီးမြွေဟာ အဆိပ်မရှိဘူးဆိုတာ ကျွန်တော်လဲ ကြားဖူးတယ် … လွှတ် လိုက်စမ်းပါ။ ဗိုလ်ကျား ကျင်းခေါင်းထဲဝင်ချင်လို့ ဒီလောက်ရုန်းကန်နေတဲ့ဥစ္စာ၊ လွှတ်လိုက်”
အစ်ကိုလတ်ကလည်း ဦးလေးသာအောင်ဘက်က ထောက်ခံစကားဆိုပြီး ဗိုလ်ကျားကို လွှတ်လိုက်ရန် ပြော၏။ ဤသည်အထိ သူ့ခွေး တစ်စုံတစ်ခု ဖြစ်သွားမှာ စိုးရိမ်နေသော အစ်ကိုကြီးက
“အေး ဗိုလ်ကျား တစ်စုံတစ်ခုဖြစ်သွားရင်တော့ မင်းနဲ့ ဦးလေးပဲ၊ ငါ့တာဝန် မရှိဘူး။ ဖေဖေ့ကို ဦးလေးနဲ့ မင်းပဲ ကြည့်ပြောကြ”
“အေးပါကွာ ငါ့တာဝန်ထားစမ်းပါ။ မင်းဗိုလ်ကျား ဘာမှ မဖြစ်စေရပါဘူး”
အစ်ကိုကြီးသည် သူ့ခါးကို ဆွဲထားသည့်ကြားထဲက အတင်းတအား ရုန်းကန်ယက်တွန်းနေသော ဗိုလ်ကျားကို လွှတ်လိုက်၏။
ဗိုလ်ကျားသည် တဝေါင်းဝေါင်း အသံပေးကာ မြေကျင်းထဲ ဝင်သွား၏။
“မင်းတို့ ဗိုလ်ကျား ဝင်သွားတာ မြင်တယ်မဟုတ်လား။ စိတ်ချ ဘာမှမဖြစ်ဘူး။ အတော်ကြာ ဗိုလ်ကျားက စပါးကြီးမြွေ ဇက်ကိုကိုက်ပြီး ဆွဲထုတ်လာလိမ့်မယ် … ကြည့်နေ။ အဆိပ်ရှိတဲ့မြွေဆိုရင် ဗိုလ်ကျားဟာ ဒီလို ရဲရဲဝံ့ဝံ့ မြေကျင်းထဲ ဘယ် ဝင်သွားရဲမလဲ။ အပြင်ကပဲ ဟောင်ပြီး အသံပေးနေမှာ။
ဒီမှာ ငါပြောမယ် … မင်းတို့ တစ်သက်လုံး မှတ်ထားကြ။ တိရစ္ဆာန်တွေဟာ သူတို့အန္တရာယ်ကို သူတို့ သိကြတယ်တဲ့။ တကယ်လို့ မြေကျင်းထဲမှာ စပါးကြီးမြွေမဟုတ်ဘဲ မြွေပွေး မြွေဟောက် တစ်ကောင်သာ ရှိနေမယ်ဆိုရင် ဘယ်တော့မှ ဒီလို စွပ်ရွတ်ပြီး မဝင်ကြဘူးတဲ့။ အဲဒါ ငါ့ကို မုဆိုး တစ်ယောက်က ပြောဖူးတာ”
“ဟာ … ဦးလေးဟာ မဟုတ်သေးပါဘူး။ မြွေကိုက်သေတဲ့ ခွေးတွေ အများကြီးဗျ”
“မြွေပွေး မြွေဟောက် ကိုက်ရင်တော့ သေပါတယ် ဆို။ ခုဟာက မြွေပွေး မြွေဟောက်မှ မဟုတ်တာ၊ စပါးကြီး….”
“အဆိပ်ရှိပြီး သူတို့အန္တ ရာယ် သူတို့သိတယ်လို့ ဦးလေးက ပြောလို့ပါ။ သိရင် ဘာဖြစ်လို့ အကိုက်ခံလဲ”
“ဟ ဒါကတော့ လူတောင် မြွေကိုက်ခံရလို့ သေသေးတာပဲကွ။ တစ်ခါတလေမှာ မလွှဲမရှောင်သာတော့လဲ….”
“ဦးလေးကလဲ ဒီကောင့်အကြောင်းသိသားနဲ့ဗျာ။ နားထောင်ကြစမ်းပါ၊ ကျင်းခေါင်းက ဗိုလ်ကျား အော်သံ ကြားတယ်”
ဘယ်သူ ဘာပဲပြောပြော သူ့ခွေး ဗိုလ်ကျားကိုသာ
ဂရုစိုက်နေသော အစ်ကိုကြီးက ပြောလိုက်သဖြင့် အားလုံး နားစွင့်နေကြသည်။ အစ်ကိုကြီးကမူ ကျင်းထဲ နားကပ်ကာ လေးဘက်ကုန်းလျက်။
တဝေါင်းဝေါင်း ဟောင်ပြီး ဝင်သွားသော ဗိုလ်ကျားသည် ဦးလေးပြောသလို စပါးကြီးမြွေ၏ ကုပ်ဆက်ကိုခဲကာ ဆွဲထုတ်လာတော့မည်ဖြစ်သဖြင့် ကျွန်တော်တို့အားလုံးမှာ ကျင်းပေါက်ထဲကိုသာ ငေးကြည့်နေကြသည်။
ထို အချိန်မှာပင် ကျင်းပေါက်ထဲ နားကပ်ထောင်ပြီး မြေပြင်တွင် လေးဘက်ကုန်းနေသော အစ်ကိုကြီးက လန့်ပြီး ထခုန်လိုက်၏။ ပါးစပ်ထဲကလည်း
“ဟိုက်”
ဟု အော်ကာ အယုတ္တ အနတ္တတွေ ထွက်သွားသည်။
အကြောင်းမှာ မြေကျင်းထဲမှ ပဒတ်တစ်ကောင် ထွက်ပြေးလာသဖြင့် ဖြစ်သည်။
မြေကျင်းထဲက ထွက်ပြေးလာသော ပဒတ်၏ နောက်မှာ ဗိုလ်ကျားကလည်း ပြေးထွက်လိုက်လာရာ ကျွန်တော်တို့မှာ ပဒတ်နှင့် ဗိုလ်ကျားကို ငေးကြည့်ပြီး ကြက်သေသေနေ၏။
ဗိုလ်ကျားသည် တအစ်အစ်အသံပေးကာ ပဒတ်နောက် ပြေးလိုက်သွား၏။
“ဟင် မင်းတို့ခွေးက တောကောင်းလှချေရဲ့ဆိုကွ။ ခုတော့ စပါးကြီးမြွေကို တွေ့အောင်မရှာနိုင်ပဲ ပဒတ်တစ်ကောင်နောက်ကိုသာ လိုက်နေပါလားကွဲ့။ ဘယ့်နှယ်တုန်း မင်းတို့ ဗိုလ်ကျားက “ဖိုးသင်းမျောက် ဖြစ်သွားပါပကောလား”
“ဘာလဲ ဦးလေး၊ ဖိုးသင်းမျောက်ဆိုတာ”
“မင်းတို့ မကြားဖူးဘူးလား၊ ဟိုရှေးတုန်း ဖိုးသင်းဆိုတဲ့လူမှာ အင်မတန်လိမ္မာတဲ့ မျောက်တစ်ကောင်ရှိတယ်တဲ့။ ဖိုးသင်းနဲ့ သူနဲ့ နှစ်ယောက်တည်းဆိုရင် ဖိုးသင်း ခိုင်းသမျှ အကုန်လုပ်ပြတတ်တယ်တဲ့။
ငိုချင်းချမလား၊ ဇော်က မလား၊ ဘီလူး ထွက်မလား၊ ဖိုးသင်း ပါးစပ်ထဲက ဆိုလိုက်တာနဲ မျောက်က ချက်ချင်း လိုက်လုပ်တတ်တယ်တဲ့။ ဒါနဲ့ ဖိုးသင်းက ဒီ မျောက်လိမ္မာနဲ့ ငါ ပွဲပြစားရင်တော့ သိပ်ဟန် ကျမှာပဲဆိုပြီး မျောက်ပွဲပြရော ဆိုပါတော့ကွာ။
လူစု လူဝေးရှိတဲ့ ဈေးထဲမှာ ဖိုးသင်းက သူ မျောက်ကိုအဝတ်ဆင်ပေးပြီး
‘ကဲ သား ဘုရားတကာကြီး ဦးဖိုးစိန် ငိုချင်းချတော့မယ်၊ သားလုပ်ပြလိုက်စမ်း၊ အဖေကြီးက သီချင်းဆိုပေးမယ်’ ပြောပြီး
‘ကာမ ဆယ့်တစ်ဘုံမှာလေ ရာဂ ရာဂ မီးဟုန်တွေ တစ်ထောင့်ငါးရာတွေနဲ့ ဟဲ ဟဲ ဟဲ” လို့ ဆိုလိုက်ရော။
ဖိုးသင်းမျောက်က ပရိသတ်ကို ငိုချင်းချတဲ့ အမူအရာ လုပ်ပြရမယ့်အစား ပရိသတ်ဘက် နောက်ခိုင်းပြီး ဖင်ဖြဲပြသတဲ့။
ဖိုးသင်းက အကြီးအကျယ် စိတ်ဆိုးပြီး မျောက်ကို ရိုက်၊ ပရိသတ်က တဝါးဝါး တဟားဟား ရယ်ကြနဲ့ နောက်တော့ ဖိုးသင်းက စိတ်ဆိုးပြီး သူ့မျောက် သူ ရိုက်သတ်ပစ်လိုက်ရောတဲ့။
ခုလဲ မင်းတို့ ခွေး ဗိုလ်ကျားက ဖိုးသင်းမျောက်လိုပဲ၊စပါးကြီးမြွေရှာခိုင်းတာ၊ ခုတော့ တွေ့လား ပဒတ်တစ်ကောင်နောက် လိုက်သွားပြီ”
ကျွန်တော်တို့ ညီအစ်ကိုတွေမှာ ပဒတ်တစ်ကောင်နောက် ပြေးလိုက်သွားသော ဗိုလ်ကျားကို သတ်ပစ်ချင်လောက်အောင် စိတ်ဆိုးမိကြသော်လည်း ဦးလေးစကားကြောင့် ရှက်ရှက်နှင့် ပြုံး၍သာ နေလိုက်ကြရလေတော့သည်။
စပယ်ဦးမြန်မာဝတ္ထုတိုမဂ္ဂဇင်း
အမှတ် ၆၇၊ ဩဂုတ်လ၊ ၁၉၉၀
– ပြီး –
စာရေးသူ – ဖိုးကျော့
စာစီစာရိုက် – မုဆိုး တံငါ စာပေများ