ဖုတ်ဝင်နေသော မုဆိုးငကျိုး
*****
သူ့ရင်တစ်ခုလုံး မီးစနှင့်ထိုးသလို ပူဝေနေသည်။ ခြေလှမ်းတို့သည်လည်း ယိုင်နဲ့နဲ့။ အာခံတွင်းကလည်း ရေအေးအေးကို ဆာလောင်လှသည်။ ခြေထောက်ဆီမှ ဒဏ်ရာက တဆစ်ဆစ်။
အချိန်က နေဝင်လုပြီ။ သူသည် ဝါးတားတားမျက်ဝန်းများဖြင့် မှိုင်းရစ်နေသော ကောင်းကင်ကို မော့ကြည့်သည်။ ပြီးလျင် အခုနက ဖြစ်စဉ်ကိုပြန်တွေးသည်။
သူတောလိုက်ရာမှ သားကောင်ထမ်း၍အပြန်၊ ရွာနှင့် နှစ်မိုင်ခန့်သာ လိုတော့ချိန်။ ဆီအုန်းခြံတစ်ခုကို အဖြတ်၊ လမ်းဖြတ်ကူးလာသော မြွေတစ်ကောင်ကို နင်းမိပြီး ထိုမြွေ၏ ရစ်ပတ် ကိုက်ခဲမှုကို ရုတ်တရက် သူခံလိုက်ရ၏။ မြွေကတော့ ကိုက်ပြီးပြီးချင် ချက်ချင်းထွက်ပြေးရန်ကြိုးစား၏။ သို့သော် သူက နဂိုဒေါသကြီးတတ်သူမို့ ဒေါသထွက်ပြီး မြွေကို မရမကဖမ်းလိုက်ကာ ဓားဖြင့်ပိုင်းလိုက်သည်။ ပြီးလျင် နုတ်နုတ်ထပ်စင်း၏။ ဒေါသကြောင့် မြွေဆိပ်ကို တားရစ်ရန် သူမေ့သွားသည်။ ခန္ဓာကိုယ်လှုပ်ရှားမှုကို သူပြု၏။ ထိုခဏအတွင်း သူ့ရင်ထဲက တလှပ်လှပ်မောလာသည်။ တဖြေးဖြေး အသက်ရှူရခက်လာ၏။
သည်တော့မှ မြွေဆိပ်တားဖို့ကို သူသတိရသွားတော့သည်။ နံဘေးက နွယ်တစ်ချောင်းကို ဆွဲယူဖြတ်ကာ ဒဏ်ရာအထက်ကို စည်းနှောင်လိုက်သည်။ အနာက သွေးများကို သူရသလောက်ညှစ်ထုတ်သည်။ သို့သော် မရတော့။ သူနောက်ကျခဲ့ပြီ။ ရင်ထဲက ပူလောင်မှုက တစ်စတစ်စပိုမိုဆိုးရွားလာ၏။ အသက်ရှူရခက်လာသည်။ မျက်လုံးအမြင်တို့ကလည်း လင်းတစ်လှည့် မှောင်တစ်လှည့်။ သူနားလည်လိုက်လေပြီ။ မကြာမီ သူသေရပေတော့မည်။ သို့သော် ယောကျ်ားတို့ဇွဲ သေကာမှပင် လျော့ပေမည်။
သူအားတင်းထကာ တောလမ်းခရီး နှစ်မိုင်ခန့်ကျန်ရှိသေးသော ရွာဆီကို ပြေးသွားဖို့ကြိုးစားကြည့်သည်။ အသက်ရှူရခက်မှုကြောင့် ပြေးမရ။ အိမ်က ဇနီးသည်နှင့် သားကလေးတို့၏ မျက်နှာက အာရုံတွင် ထင်ဟပ်လာသည်။
တစ်ချက်တစ်ချက် ခေါင်းထဲက မိုက်ခနဲ၊ မိုက်ခနဲ ဖြစ်နေသည်။ မကြာပါ။ ဘိုင်းခနဲ သူလဲကျသွားခဲ့ရပြီး မချိမခံသာ လူးလွန့်နေကာ အတန်ကြာသော် တဖြေးဖြေး ငြိမ်သက်သွားခဲ့ရလေတော့၏။
*****
” လှခင်…လှခင်….”
ခင်ပွန်းသည် အပြန်နောက်ကျလှသဖြင့် လှခင်တစ်ယောက် စောင့်နေရင်း တောထဲတွင် ညအိပ်တာပဲ ဖြစ်ရမည်ဟုတွေးကာ အိပ်ပျော်သွားခဲ့ရသည်။ ယခု ခေါ်သံကြောင့် လှခင် လူးလွန့်ကာ ထရင်း ခင်ပွန်းသည် ပတ်သော စီကိုနာရီကြိုးအပြတ်ကလေးကို စမ်းကာ ကြည့်မိသော် နံနက်သုံးနာရီပင်ထိုးပေတော့မည်။
” ဟဲ့…လှခင်။ တံခါးလာဖွင့်ပါဦးဟ။ ငါနင့်ယောကျ်ား ငကျိုးအစစ်ပါ”
အလွတ်ရနေသည့်အသံမို့ လှခင်လည်း ခင်ပွန်းသည် ပြန်လာသည်ကို ဝမ်းသားအားရဖြင့် ထကာ တံခါးဖွင့်ပေးလိုက်သည်။
” ဘုတ်…”
” ရော့…အဲ့ဒါ ဒီည ရလာတဲ့ အမဲပဲ။ ဒီကောင်အပြေးကောင်းလို့ လိုက်ရင်းနဲ့ ညဉ့်နက်သွားတယ်။ ဒါတောင် အခုနလေးတင်ကမှ မိပြီး အသေသတ်လာတာ။ ကဲ… ငါပင်ပန်းလွန်းလို့ အိပ်ချင်နေပြီ။ သားကောင်ကို နင်သေချာသိမ်းထားလိုက်။ မနက်ကျမှဘဲ ငါဖျက်ပေးတော့မယ်”
လှခင်သည် စကားခပ်ပြတ်ပြတ်ပြောပြီး သေနတ်ကို ထုတ်တန်းဆီ ထိုးတင်ကာ အိပ်ရာထဲကို ဝင်သွားသော ခင်ပွန်းသည်ကို အနည်းငယ် ထူးဆန်းသလိုဖြစ်နေသည်မို့ တခဏတွေဝေကာ ကြည့်နေမိသည်။
ယခင်ကဆိုပါလျင် ယခုလို ခင်ပွန်းသည် ညတောလိုက်၍ သားကောင်ရပါမူ သူ့ကိုသာ အမြဲလိုဖျက်ခိုင်းတတ်သည်။ ခင်ပွန်းသည် သည် သားကောင်ကို ဘယ်တော့မှမဖျက်။ ပြီးတော့ ယခုလိုလည်း နံနက်ဝေလီဝေလင်းကြီး တစ်ခါမှ ပြန်မလာတတ်။ လင်းအားကြီးချိန်မှသာ ပြန်လာတတ်သည်။ ယခုတော့ အချို့အကြောင်းအရာများကား တစ်မူထူးဆန်းနေလေသည်။
” ကိုကျိုး ထူးတော့ထူးဆန်နေတယ်။ အို…ငါစိတ်ထင်တာဘဲနေမှာပါ”
လှခင် ကိုယ့်ဘာသာတွေးပြီး ကြမ်းပြင်ဆီက သားကောင်ကို ကောက်မယူလိုက်သည်။
” အို…ကိုကျိုးပြောတော့ အခုနလေးတင်ကမှရတဲ့ သားကောင်ဆိုပြီး အခု ဂျေက တောင့်တောင်နေပြီကောလား”
မုဆိုးမယားလက်ပေမို့ အထိအတွေ့က သိသာလှသည်။ သားကောင်တို့ မည်သည် သေဆုံးပြီး သုံးလေးနာရီအတွင်း ဘယ်တော့မှ အေးစက်တောင်းမသွားတတ်။ ယခုကား ဂျေမှာ အေးစက်ရုံတင်မက တောင့်တင်း၍ပင်နေလေသည်။
” ကိုကျိုးတော့ ဘာတွေဖြစ်လာတယ်မသိပါဘူး။ စကားတွေကလည်း ပေါက်ကရတွေချည်းပြောနေတယ်။ ဘာတဲ့ ငါက နင့်ယောကျ်ား ငကျိုးအစစ်ပါဆိုပဲ။ မသိရင် ငကျိုးက အတုရှိတာကျလို့”
လှခင် ခပ်တိုးတိုးရေရွတ်မိသည်။ ပြီးလျင် အိပ်ချင်စိတ်က ရှိသေးသည်မို့ ဂျေကောင်ကို ဗျက်တောင်းကြီးထဲထည့်လို့ အအုပ်အဖြစ် စားပွဲခုံငယ်တစ်လုံးကို ဖိကာ အပေါ်က အလေးထပ်ဖိထားလိုက်သည်။ သို့လိုမထားပါက အိမ်က တစ်ဖက်လပ် မြေစိုက်တဲပေမို့ ခွေးတို့က မထင်လျင် မထင်သလို ဝင်ဆွဲယူသွားတတ်၏။
ထားခင် အိပ်ရာထဲ ဝင်ရောက်လိုက်သည်။ ခင်ပွန်းသည် ငကျိုးကို ကြည့်သော် ငကျိုးကား ကလေးတွေကြားဆီမှာ နှစ်နှစ်ခြိုက်ခြိုက်ပင် အိပ်ပျော်နေခဲ့လေပြီ။ အိပ်နေပုံကား ဆန့်ဆန်ကြိးနှင့် မသိလျင် လူသေကြီးအတိုင်းပင်။
” အို…ငါဘာတွေ တွေးနေမိပါလိမ့်”
ဝင်ရောက်လာသည့် ပေါက်ကရအတွေးတို့ကို ပျောက်သွားစေရန် လှခင် ခေါင်းကို တွင်တွင် ရမ်းခါလိုက်သည်။ ပြီးနောက် ခေါင်းအုံးထက်ဆီကို ခေါင်းချလိုက်သည်။ ပြီးနောက် မကြာမီအချိန်တွင် လှခင်လည်း အိပ်ပျော်သွားလေပြီတကား။
*****
ကျွန်တော်နှင့်စိုးလေးတို့သည် ၂၀၀၂ ခုနှစ်၏ လအပိုင်းအခြားတစ်ခုဝယ်၊ ကော့သောင်းမြို့ဆီသို့ ခရီးရှည်တစ်ခု အားချင်းထွက်ဖို့ အကြောင်းဖန်လာခဲ့သည်။
အကြောင်းမှာ မိတ်ဆွေထောင်မှူးတစ်ဦးသည် ကော့သောင်း သို့ အပြောင်းပါသည်။ သို့အတွက် ကျွန်တော်မှာ ထိုသူနှင့် ညီရင်းအကိုပမာရှိရသည်မို့ အပြောင်းအရွှေ့ကိစ္စအား လိုက်ပါကူညီပေး၍ ထိုဆီဝယ် ခဏနေကာ တနင်္သာရီရိုးမကြီးဆီ၌ အမဲပစ်ခတ်ရန် စီစဉ်ဖြစ်ခဲ့ခြင်းပင်တည်း။
ယခင်ကတည်းက ကျွန်တော်မှာ အကိုဝမ်းကွဲတော်စပ်သူ ကိုစိုးဝင်းသည် ကော့သောင်းရှိ ဆီအုန်းကုမ္ပဏီတစ်ခု၏ ဆီအုန်းခြံတစ်ခုဝယ် တာဝန်ကျလေပြီး ထိုအကိုက သူတို့ဆီဝယ် တောကောင်ပေါကြောင်း၊ အမြဲတစေ ပြောဖူးခဲ့သည်။ သည့်အတွက် ကျွန်တော်ကား သားကောင်ပေါလှသော တနင်္သာရီရိုးမကြီးဆီကို ယခင်ကပင် ခြေဆန့်လိုခဲ့၏။ ယခုတော့မူ အကျိုးအကြောင်းသင့်လျော်လှစွာဖြင့်ပင် ခရီးကို အစပျိုးခဲ့ကြရတော့သည်။ ပြောင်းမည့်ထောင်မှူး ကိုညီမော်မှာ လတ်တလောလူချည်းသာသွားပေမည်မို့ ခရီးကား ပေါ့ပေါ့ပါးပါးသာ။
ဦးစွာ သုံးဦးသား ရန်ကုန်မှ ကားဖြင့် ခရီးစတင်ခဲ့ကြပြီး ကော့သောင်းအထိကို ကုန်းလမ်းခရီးခက်ခဲသည်မို့ မော်လမြိုင်ရောက်သောအခါ သင်္ဘောထက်ဆီဝယ် ပြောင်း၍စီးနင်းရလေ၏။ သင်္ဘောစီးနင်းစဉ်ဝယ် ကျွန်တော်တို့ကား လူရွယ်တွေချည်းသာမို့ အများသူငါထက် လွတ်လပ်ပေါ့ပါးလှသည်။ တစ်ကိုယ်ရေသုံးပစ္စည်းများသာပေမို့ အခက်အခဲမရှိ။ တစ်ခုသော နေ့လည်ပိုင်းတွင်တော့ ကျွန်တော်တို့နှစ်ဦးသား ကုန်းပတ်ဆီမှ ပင်လယ်ပြင်ဆီက်ု ငေးမောကြည့်နေကြသည်။ စိုးလေးကတော့ ပစ္စည်းတွေနားဆီတွင် အစောင့်အဖြစ်ရှိနေ၏။
ပြာလွင်သော ပင်လယ်ပြင်ကြီးကား အဆုံးမဲ့နေသည်။ နှစ်ဦးသား ပင်လယ်ပြင်ကြီးနှင့် သင်္ဘောနံဘေး ဝဲကာ၊ သီကာ ပျံသန်းနေသည့် စင်ရော်တို့ကို ကြည့်ရင်း ရောက်တတ်ရာရာကို စကားပြောဖြစ်နေကြစဉ်…
” တကာကြီးတို့ ဥူးဇင်းလေး နေ့ဆွမ်းအတွက် အလှူခံပါတယ်”
သြရှရှ အသံ။ ကျွန်တော်တို့ လှည့်ကြည့်သော် သက်တော် ၃၀ ဝန်းကျင်ခန့်သာ ရှိပေဦးမည့် ရဟန်းတစ်ပါး။ ဆင်မြန်းထားသည့် သင်္ကန်းမှာ ခရီးတာရှည်ကို နှင်ခဲ့ရသည်လား၊ နဂိုကပင် နွမ်းလှနေသည်လား မရေရာ။ ဟောင်းနွမ်းနေသည်။ သို့သော်…ဥပဓိရုပ်ကတော့ အတော့်ကိုသိသာစွာပင် ကြည်လင်ဝင်းပနေ၏။
” တင်ပါ့ဘုရား…တပည့်တော်တို့ လှူပါ့မယ်”
ကိုညီမော်က လျှောက်တင်၏။ ကျွန်တော်ကား လက်ကနာရီကို ကြည့်လိုက်သော်…။
” ဟာ…ဆယ့်နှစ်၊ မတ်တင်းတောင် ဖြစ်နေပြီ။ ဆွမ်းစားချိန် ကျော်တော့မယ်။ နေဦး ကိုညီမော် ကျွန်တော် ဆွမ်းအတွက် ပြေးဝယ်ဦးမယ်။ ဦးဇင်းလေးကို နည်းနည်းနေရာထိုင်ခင်းလုပ်ပေးထားလိုက်ပါ”
ကျွန်တော် အောက်ကို ပြေးဆင်းခဲ့သည်။ ပြီးလျင်…အောက်က ဈေးသည်ဆီမှ ထမင်းဘူးနှစ်ဘူးနှင့် ရေသန့်တစ်ဗူးအား ဝယ်လိုက်သည်။ ထို့နောက် အပေါ်ဆီ အမြန်ပြန်ပြေးခဲ့သည်။
ကျွန်တော်ပြန်ရောက်သော် ဥူးဇင်းလေးကား ထိုင်ခုံတစ်လုံးထက်ဆီဝယ် ထိုင်တော်မူနေလေ၏။
” ဥူးဇင်းလေးဘုရား ဘုန်းပေးတော်မူပါ”
ကျွန်တော်သည် ထမင်းဗူးတစ်ဗူးအား ဖွင့်၍ ဥူးဇင်းလေးအား ကပ်လိုက်သည်။
ဥူးဇင်းလေးကား အိန္ဒြေရစွာပင် ထမင်းဘူးကို ယူလေ၏။ ပြီးလျင် ငြင်သာစွာ ဘုန်းပေးနေလေသည်။ မကြာမီ မွန်းလွဲတော့မည်ဆိုပြီး ဆွမ်းကို အလောတကြီး မဘုန်းပေ။ ကျွန်တော်ကတော့ တစ်လုတ်ချင်းဖြေးညှင်းစွာ ဘုန်းပေးနေသော ဥူးဇင်းလေးအား တစ်လှည့်၊ လက်က မကြာမီ ဆယ့်နှစ်နာရီထိုးတော့မည့်နာရီကို တစ်လှည့် ကြည့်ကာ စိတ်လောနေမိသည်။
ဆယ်နှစ်နာရီကား ထိုးပေတော့မည်။ ဥူးဇင်းလေး အာပါတ်သင့်မှာကို ကျွန်တော်က အလိုလိုစိုးရိမ်မိနေသည်။ စက္ကန့်ပိုင်းမျှသာလိုတော့သည်။ ကျွန်တော်ကား စိတ်လောနေသူမို့ ဘာရယ်မဟုတ်၊ စက္ကန့်တွေကိုရေတွက်နေမိလေသည်။ သုံးစက္ကန့်မျှအလိုတွင်…
” ဥူးဇင်းလေး ရောင့်ရဲပါပြီ။ တကာတို့ ကျန်းမာ၊ ချမ်းသာပါစေ…လိုရာခရီးကို ချောမောစွာ ရောက်ရှိပါစေ။ ဪ…ဟိုတကာကြီးလည်း ဥူးဇင်းလေးကြောင့် အတော်လေးပင်ပန်းရှာရောပေါ့”
” ရပါတယ် ဘုရား။ တပည့်တော်က အခွင့်အခါကြုံလို့ အခုလိုလှူခွင့်ရတာကိုပဲ ဝမ်းမြောက်လှပါပြီ”
” အင်း…တကာကြီးက အကုသိုလ်အဟုန်ပါနေပေမယ့် ဘာသာတရားတော့ မပျောက်သေးဘူး။ ဒီအတွက်ကို ဥူးဇင်းက ချီးကျူးပါတယ်။ တစ်ခုလောက်တော့ တောင်းဆိုပါရစေ။ ကိုယ်သွားနေတဲ့လမ်းမှာ အခက်အခဲကြုံနေတဲ့သူကိုတော့ တတ်နိုင်သလောက်ကူညီပါ။ တကာကြီးကို ဥူးဇင်းလေး အဆောင်တစ်ခုပေးခဲ့မယ်…”
ဥူးပဇ္ဇင်းလေးက သူလွယ်ထားသော သင်္ကန်းရောင်လွယ်အိတ်လေးထဲကို လက်နှိုက်လိုက်၏။ ပြန်ထုတ်လိုက်သော် အနက်ရောင်ကျောက်တစ်လုံးကို ငုံကွင်းကာထားသော ငွေလက်စွပ်တစ်ကွင်းပါလာ၏။
” ရော့…တကာကြီး။ ဒီလက်စွပ်လေးက ဥူးဇင်းရဲ့ ဆရာတော်က ချီးမြှင့်ခဲ့တာပဲ။ နှယ်နှယ်ရရတော့ မဟုတ်ပေဘူး တကာကြီးရဲ့။ သိမ်ဝင်ထားတယ်။ ဥူးဇင်းရဲ့ဆရာတော် သိမ်ထပ်တိုင်း အကြိမ်ကြိမ်ပါဝင်ခဲ့သလို၊ ဥူးဇင်းနဲ့လည်း ငါးကြိမ်တိတိ သိမ်ထပ်ပြီးပါပြီ။ လောကီရေးရာနဲ့ ကြည့်ရင်တော့ ငွေနဲ့လုပ်ထားတာမို့ တန်ကြေးနည်းပေမယ့် လောကုတ္တရာဘက်က ကြည့်ရင်တော့ တန်ဖိုးသိပ်ကြီးပါတယ်လေ။ ကံအကြောင်းမလှလို့ အခက်အခဲနဲ့ အတိုက်အခိုက်တွေ ကြုံခဲ့တဲ့အခါကျရင် ဒီလက်စွပ်လေးနဲ့ ဉာဏ်စွမ်းရှိသလို အသုံးချချေ။ ဥူးဇင်းတစ်ခု ထပ်မှာလိုတာကတော့ ဒီလက်စွပ်ကလေးကို စွပ်ပြီးတဲ့အချိန် တကာဟာ ကံငါးပါးကို စောင့်ထိန်းပါ။ တကယ်လို့ အကြောင်းကြောင်းကြောင့် မဖြစ်မနေ ကံတစ်ပါကို ကျူးလွန်နေဖြစ်တယ်ဆိုရင်တောင် ကျန်တဲ့ကံလေးပါးကို ရအောင်စောင့်ထိန်းပါတကာ…”
” တင်ပါ့ဘုရား။ တပည့်တော် စောင့်ထိန်းပါ့မယ်။ တပည့်တော်ကို အခုလို အဆောင်လေး ချီးမြှင့်ပေးတာ တကယ့်ကို ဝမ်းသာ ပီတိဖြစ်ရပါတယ် ဘုရား”
” ကဲ…ကဲ…တကာကြီး။ ဥူးဇင်လေးလည်း စင်္ကြလျောက်ဦးမယ်…”
ဥူးပဇ္ဇင်းလေးက ကျွန်တော်တို့နားက လှည့်ထွက်သွားလေသည်။
ကျွန်တော်ကတော့ ဦးပဇ္ဇင်းလေး စွန့်ထားခဲ့သော လက်စွပ်လေးအား တရိုတသေကိုင်ကြည့်လျက် လက်ဆီတွင် စွပ်ကြည့်လိုက်သည်။ ကံအားလျော်လှစွာပင် လက်စွပ်နှင့် လက်သန်းကြွယ်လေးမှာ အံကိုက်ပင် ဖြစ်ရလေ၏။
*****
ကျွန်တော်တို့ ထားဝယ်ကို ရောက်ခဲ့လေပြီ။ ပင်လယ်ဒေသ၊ မုတ်သုန်ဒေသပေမို့ ရာသီဥတုကား စိုနွေးနွေး၊ ပူစပ်စပ်။
နေရေးထိုင်ရေးကတော့ ကိုညီမော်အပြောင်းကျသော ထောင်က စီစဉ်ပေးသည့် ထောင်ဝန်းပြင်ပ အိမ်ကလေး၌ နေရသည်။ ထောင်ဝန်းပြင်ပတွင်ဖြစ်ပြီး သီးခြားနေရသည်မို့ အဆင်ပြေသည်။
နံနက်မိုးလင်းသော် ကိုညီမော်ကား အစောပင် ထောင်ထဲကို သွားသည်။ စိုးလေးကလည်း သူ့မိတ်ဆွေတစ်ယောက်ထံ လက်ဆောင်သွားပေး၏။ ကျွန်တော့်အား ညနေမှပင် ပြန်လာမည်ဟု ပြောသွားလေသည်။ သို့အတွက် ကျွန်တော်မှာ အိမ်ကလေးဆီတွင် တစ်ယောက်ထဲ ကျန်ရစ်ခဲ့ရသည်။
အိမ်နံဘေးပတ်ဝန်းကျင် အလှအပများကား မြန်မာပြည်အထက်ပိုင်းနှင့် ရန်ကုန်လောက်တွင်သာ နေထိုင်ဖူးသော ကျွန်တော့်အဖို့ အသစ်တစ်လှယ်ဖြစ်နေသည်။ တစ်ယောက်ထဲ ခြံလေးထဲ လမ်းလျှောက်လိုက်၊ ညောင်းလာလျင် ခုံကလေးထက်ထိုင်ပြီး စာဖတ်လိုက်ဖြင့်သာ အချိန်ကုန်အောင် စောင့်စားနေရတော့သည်။
နေ့လည် တစ်နာရီဝန်းကျင်တွင်တော့ ကိုညီမော်ပြန်ရောက်လာသည်။ သူနှင့်အတူ ငါးဆင့်ထမင်းချိုင့်တစ်လုံးပါလာသည်။ ထောင်ဝန်းထဲက ဆိုင်ဆီမှ ဝယ်လာခဲ့သည်ဟုဆို၏။ ဟင်းမှာ ငါးကြော်နှပ်နှင့် ပင်လယ်စာအချို့။
နှစ်ဦးသား ဆာနေကြပြီမို့ ထမင်းကို အမြန်စားလိုက်ကြသည်။ ပြီးလျင် ကိုညီမော်က ဆေးလိပ်သောက်တတ်သူမို့ စီးကရက်ကို ဖွာရင်း ခုံကလေးများထက်တွင် ထိုင်ဖြစ်ကြလေသည်။ ထိုအခါမှပင် နှစ်ဦးသား စကားကောင်းကောင်းဆိုဖြစ်လေ၏။
” ကဲ…ကိုစိုင်း။ ဒီမနက် ကျုပ် ထောင်ပိုင်နဲ့ဝင်တွေ့လာတာ ကိုစိုင်းအတွက် သတင်းကောင်းပါလာလေရဲ့”
ကိုညီမော်ကား မိတ္ထီလာသားပေမို့ စကားပြောလျင် များသောအားဖြင့် ‘ ကျုပ်’ ဟုသာ သုံးနှုန်းတတ်သည်။
” ဘာများလဲ ကိုညီရဲ့။ လုပ်စမ်းပါဦး”
” အင်း…ဒီလိုဗျ။ ကျုပ် နေ့လည်က ထောင်ပိုင်နဲ့တွေ့ရတော့ ထောင်ပိုင်ကပြောတယ်။ ဒီကနေ ၁၅မိုင်လောက်ဝေးတဲ့ခင်တန်းရွာနားမှာ အစိုးရ ဧကတစ်ရာ ဆီအုန်းခြံရှိတယ်တဲ့။ ကျုပ်အဲ့ဒီ့ကို သဘက်ခါ စခန်းသွားထိုင်ရမယ်။ လေးလလောက်ကြာမယ်တဲ့။ ထောင်ဝန်ထမ်းတစ်ချို့ ပြောပြချက်အရဆိုရင် အဲ့ဒီ့နေရာက အမဲသိပ်ပေါတယ်တဲ့။ တောဝက်များဆိုရင် ကွင်းထဲမှာ စောင့်ပစ်ရုံပဲတဲ့ ကိုစိုင်းရ။ ပြီးတော့ ရဲဘက်အင်အားကလည်း ၂၀၀ ကျော်ရှိတယ်တဲ့ဗျ”
ကိုညီမော့်စကားက ကျွန်တော့်အတွက် မှိုရသည့်သူပမာ။
” ဟား…ဒါဆိုရင်တော့ ကိုညီမော်နဲ့ ကျွန်တော့်အတွက် သိပ်ကောင်းတဲ့ အစိုးရ တာဝန်ပေးချက်ပေါ့ဗျာ…ဟား…ဟား…”
နှစ်ဦးသား သဘောကျကာ ရယ်မောမိကြသည်။
နေ့လည်နှစ်နာရီခန့်တွင်တော့ နှစ်ဦးသား တစ်ရေးအိပ်ကြသည်။ ကိုညီမော်က စခန်းထိုင်ရမည်မို့ ထောင်တွင်းအလုပ်မရှိ။ ထောင်မှူးက အနားလည်း ပေးထားသည်ပင်။ သို့အတွက် အားပြည့်အင်ပြည့် အနားယူလိုက်ကြသည်။
ညနေစောင်းတွင်တော့ စိုးလေးသည် ပြန်ရောက်ခဲ့လေပြီ။ သူ့မိတ်ဆွေ ပြန်ထည့်ပေးလိုက်သော ပင်လယ်ထွက် လာက်ဆောင်အချို့ပင် ပါလာသေး၏။
ကျွန်တော်တို့ကား စိုးလေးကို အစီအစဉ်ပြောပြသည်။ ထို့နောက် ညနေစာကို ကိုညီမော်နေ့လည်က ဝယ်ယူလာသော ဆိုင်ကလေးဆီ ချိုင့်ပို့ရင်း သွားကာ စားသောက်လိုက်ကြသည်။
ညပိုင်းတွင်တော့ နေရာဒေသသစ်ပေမို့ နေရသည်မှာ ပျင်းရိဖွယ်ကောင်းလှသည်။ သို့ကြောင့်ပင် သုံးဦးသား ကိုယ်စီ အိပ်ရာဝင်ခဲ့ကြတော့လေသည်။
*****
ကျွန်တော်တို့ ခင်တန်းရွာ စခန်းကို နံနက်အစော စထွက်ခဲ့သည်။ ထောင်က T 2000 ( တီတူးသောင်စင်)ကားကလေးဖြင့် တောင်ခြေအထိ လိုက်ပို့ပေးသည်။
ကားခရီးက ခြောက်မိုင်သာသာလောက်သာ။ ထိုမှသည် စခန်းရောက်သည်အထိကိုကား တောင်ပေါ်တောလမ်းကိုသာ ခြေလျင်သွားရပေမည်။ တက်ရမည့် တောင်များကား ပဲခူးရိုးမကဲ့သို့ တောင်နိမ့်များမဟုတ်။ ပေ၃၀၀၀ ဝန်းကျင် တောင်စဉ်တောင်တန်းများဖြစ်၏။
ကျွန်တော်တို့နှင့်အတူ ထောင်က လွတ်ရက်နီး ရဲဘက်ဆယ်ဦးခန့် ပါလာသည်မို့ ပစ္စည်းများကိုတော့ ကျွန်တော်တို့သယ်စရာမလို။ ရဲဘက်များက သယ်၏။ ကျွန်တော်တို့ကတော့ သေနတ်နှင့် တစ်ကိုယ်ရည်သုံး ပစ္စည်းအနည်းငယ်သာ သယ်ရလေသည်။ သေနတ်ကိုတော့ တောင်ပေါ်ရောက်ကတည်းက လုံခြုံရေးအတွက် အသင့်ဖြစ်အောင် ကျည်ထိုးပြီး သော့ပိတ်ထားဖြစ်သည်။
ထိုစခန်းဆီကို အခွင့်သင့်သည့်အခါများတွင် ဆင်အကြုံဖြင့်လိုက်လို့ ရတတ်၏ဟု သိရသည်။ သို့သော် ကျွန်တော်တို့ကတော့ ဆင်အကြုံမရှိသည်မို့ မိမိကိုယ်သည်သာ အားကိုးရာအဖြစ် ခြေလျင် ရုန်းကြရသည်သာ။
သို့နှင့် လမ်းခရီးတွင် ထွေထွေထူးထူး ကြုံကြိုက်မှု မရှိဘဲ နားလိုက်၊ သွားလိုက်ဖြင့် ညနေလေးနာရီလောက်တွင် ခင်တန်းစခန်းကို ရောက်လေပြီ။ လူလည်းပန်း၊ စိတ်လည်းနွမ်းရ၏။ ဒါတောင် ကျွန်တော်တို့က အလေးအပင် သယ်ရသည်မဟုတ်သေး။ အလေးအပင်သယ်ရရှာသော ရဲဘက်တို့ခမျာဆို ဆိုဖွယ်ရာပင် ရှိမည်မထင်။ မုဆိုးခြေပင် နွမ်းရလေသော တနင်္သာရီတောင်တန်းများ၏ အထိအတွေ့က တကယ့်ကို မှတ်ကျောက်တင်သင့်သည်။
ညနေစာကို ကျွန်တော်တို့ ရောက်ပြီး မကြာမီ ဖိုကြီး( စားဆောင်)တွင် အသင့်ပြင်ပြီးကြောင်းရဲဘက်တစ်ဦးက သတင်းလာပို့သဖြင့် ကျွန်တော်တို့ သွားစားဖြစ်ကြသည်။ ရိက္ခာငါးခြောက်ကို အာလူးဖြင့် ရောချက်ထားပြီး ငပိရည်တို့စရာတို့ကား ခရီးပန်းလာသော ကျွန်တော်တို့အတွက် နတ်သုဒ္ဒါတမျှ စားကောင်းလှသည်။
ထမင်းစားသောက်ပြီးသော် ကိုညီမော်က စာရင်းဇယားများကို လွှဲပြောင်း၊ လက်ခံရန် ထွက်သွားလေ၏။ ကိုညီမော်ထွက်သွားပြီး တအောင့်ကြာသော် ရဲဘက်တစ်ဦး ကျွန်တော်တို့ထံကို ရောက်လာ၏။ ကိုညီမော်က ထည့်ပေးလိုက်ကြောင်း ပြောကာ တပ်မတော်အာမီရမ် တစ်လုံးနှင့် ငှက်ကြော်တစ်ပန်းကန်ပေးလာသည်။
ကျွန်တော်တို့က်ုလည်း အညောင်းပြေ၊ အညာပြေ သောက်နှင့်ရန်မှာ၏။ သူကတော့ စာရင်းလွှဲပြောင်းမှုကို ညဉ့်နက်မှသာ ပြီးမည်ဟုလည်း မှာလိုက်သေးလေသည်။
သို့အတွက် ကျွန်တော်နှင့် စိုးလေးတို့မှာ ကိုညီမော်အလာကို မစောင့်တော့ဘဲ အာမီရမ်နှင့် ငှက်ကြော်ကို မြည်းကာ ရေချိန်ကိုက်သော် အိပ်ရာဆီဝင်ကာ စက်တော်ခေါ်ခဲ့ကြတော့သည်။
ကျွန်တော်တို့က ခင်တန်းစခန်းမှာ နေသည်မှာ သုံးရက်ခန့်ရှိပြီ။ ထိုအတောအတွင်း ကျွန်တော်နှင့် စိုးလေးမှာ ဧည့်သည်များပေမို့ အလုပ်မရှိ အကိုင်မရှိ အားလျားနေကြသည်။
သို့သော် ရဲဘက်တို့မှာတော့ မစားသာလှ။ နံနက်စောစောအချိန်၊ မိုးမလင်းမီပင် လုပ်ငန်းခွင်သို့စဝင်ကြရသည်။ အပြစ်ကြွေးဆပ်နေကြသူများဖြစ်ပြီး မကြာမီလွတ်မြောက်တော့မည့်သူတွေမို့ အလုပ်လုပ်သည်မှာတော့ ကြိုးစားပမ်းစာစလုပ်ကြသည်။ ထွက်ပြေးမှာကိုလည်း စိတ်မပူရ။ စိတ်ချစွာ လွှတ်ထား၍ ရသည်။ စိုးလေးသည်ပင် ရဲဘက်တို့နှင့် အဖွဲ့ကျနေလေပြီ။
” ကိုစိုင်းရေ…ခင်ဗျားတို့လည်း ပျင်းနေလောက်ပြီ။ ကျုပ်မလည်းဗျာ.. စခန်းကို ရောက်ကတည်းက စာရင်းဇယားနဲ့ လူအင်အား၊ ရိက္ခာတွေ လွှဲပြောင်းပြီး အသစ်ပြန်တင်နေရတာနဲ့ပဲ မအားနျုင်ဘူးဗျာ။ ဒါပေမယ့် သဘက်ခါကျရင်တော့ ကိုစိုင်းတို့ကို တောလည်ဖို့ စီစဉ်ပေးပါ့မယ်”
ကျွန်တော် ကိုညီမော်ကို အားနာမိသွားသည်။
” ဟာ…မအားရင် မလုပ်ပါနဲ့ ကိုညီမော်ရယ်။ ကျွန်တော်တို့ ဆရာတပည့်က လူလွတ်တွေချည်းပဲ။ ဘာမှ နောက်ကြောင်းပူစရာမလိုဘူး။ အေးဆေးမှ သွားကြမယ်”
” အင်းလေ…အဲ့ဒါဆိုလည်း ဒီရက်ပိုင်း ကိုစိုင်းတို့ အနီးအနားကို တောလည်ရအောင် ကျုပ်ဆီက တောကျွမ်းတဲ့ ရဲဘက်နှစ်ယောက်လောက် စီစဉ်ပေးမယ်လေ”
” ဟာ…အဲ့ဒီလိုသာဆိုရင်တော့ ကျေးဇူးတကယ်တင်မိတယ်။ ဒါပေမယ့် ကိုညီရ ခင်ဗျားအတွက် ဝန်ဖြစ်စေမယ်ဆိုရင်တော့ ရဲဘက်မစီစဉ်ပေးနဲ့။ လုပ်အားလျော့မယ်။ ကျွန်တော်တို့ဘာသာ သွားလည်လို့လည်း ရပါတယ်ဗျာ”
” အင်း…ကိုစိုင်းပြောသလိုပဲဗျ။ ကျုပ်တို့ကို အထက်က ဒီတစ်ပါတ်အတွင်း ရက္ကာတောင်မှာ အကွက်ရိုက်ခိုင်းထားတာ။ အဲ့ဒီ့အတွက် လူတော့လိုတယ်ဗျ။ ဒါပေမယ့် ကိုစိုင်းတို့ကိုကျတော့လည်း ရဲဘက်မှ မထည့်ပေးရရင် ကျုပ်စိတ်မချဘူး။ တောစိမ်းတော့ မျက်စိလည်မှာ စိုးတယ်ဗျ”
ကိုညီက ကျွန်တော်တို့အတွက် အတော်ကလေးကို တာဝန်ပိနေသလို ခံစားမိသည်။ ငြိုငြင်ခြင်းတော့ မဟုတ်။ ဒါကိုတော့ ကျွန်တော် အတတ်သိသည်။ သူမအားချိန် ကျွန်တော်ချညိးသွားရင်း စိတ်မချ၊ စိတိပူနေခြင်းရယ်သာ။ ကျွန်တော် သူ့ကို အားနာမိပြီး သူ့အတွက် သက်တောင့်သက်သာ ဖြစ်စေမည့် နည်းလမ်းကို စဉ်းစားကြည့်သည်။
” ဟုတိပြီ…ဒါဆိုလည်း ဒီလိုလုပ်ကိုညီရာ။ ခင်တန်းရွာမှာ မုဆိုးတော့ရှိမယ်ထင်တယ်ဗျ။ သူ့ကို လမ်းပြကြေးပေးပြီး ငှါးလိုက်မယ်။ ဒါဆို ကိုညီလည်း စိတ်အေးရတာပေါ့”
ကျွန်တော့်စကားကို ကိုညီက ချက်ချင်း ခေါင်းညိတ်ပြလေပြီး
” ကောင်းပြီကိုစိုင်း။ အဲ့ဒါဆိုလည်း ကျုပ် အခုပဲ တပည့်တွေကို သွားငှါးခိုင်းလိုက်မယ်”
ကိုညီ ရုံဘက်ကို ထွက်သွားသည်။ ကျွန်တော်ကတော့ မနက်ဖြန်တောလည်ရမည်မို့ လက်စွဲတော်သေနတ်ကို တိုက်ချွတ်ဖို့ ယူရနိပြင်သော်၊ ဘယ်အချိန်ကပင် ကျွန်တော်တို့ ပြောနေသည်ကို ကြားလိုက်သည် မသိသော စိုးလေးက သေနတ်အား ယူကာ တိုက်ချွတ်နေလေ၏။ တကယ်ကို တက်ကြွသော တပည့်ကျော်ပါပေတည်း။
*****
” ကဲ…ကိုစိုင်း။ ဒါကတော့ ခင်တန်းရွာက မုဆိုးငကျိုးတဲ့။ မနေ့က သွားငှါးခိုင်းလိုက်တာ။ သူကတော့ ဒီရေဒီမြေမှာ အကျွမ်းကျင်ဆုံး မုဆိုးပဲဗျ”
ကိုညီမော်နှင့်အတူ ပါလာသော မုဆိုးငကျိုးဆိုသူကို ကျွန်တော် အကဲခတ်မိသည်။
လူပုံစံက ဂင်တိုတို။ ပြောရလျင် လူပုပေမယ့် ဗလတောင့်သည်ပင်။
” ကဲ…ကိုငကျိုးရေ။ ကျွန်တော့်နာမည်က ကိုစိုင်းပါ။ သူကတော့ စိုးလေးပေါ့”
ကျွန်တော် မုဆိုးငကျိုးနှင့် မိတ်ဆက်ကာ ဘက်ဆွဲနှုတ်ဆက်ရန် လက်ကမ်းလိုက်သည်။
မုဆိုးငကျိုးက ရယ်ဖြဲဖြဲဖြင့် ကျွန်တော်ကမ်းပေးသောလက်ကို ဆုပ်ကိုင်၏။
” အားလား….”
ကျွန်တော့်လက်ကို ဆုပ်ကိုင်မိချိန် မုဆိုးငကျိုးမှာ မီးကို ကိုင်မိသည့်အလား တွန့်ခနဲ လက်ကို ပြန်ရုတ်သွား၏။ ပြီးလျင် အလွန်နာကျင်သွားဟန်ဖြင့် ရှုံ့မဲ့ကာ လက်ကို ခါလိုက်၊ ကြည့်လိုက်ဖြင့် ရှိနေသည်။ အားလုံးကလည်း အဖြစ်အပျက်ကို အံအားသင့်ကုန်ကြသည်။ ကျွန်တော်ကတော့ သူ့ကို အားနာမိသွားရကာ
“ဟာ… ဆော..ဆောရီးဗျာ။ ကျွန်တော့်လက်ကနေ တစ်ခုခု စူးသွားတာထင်တယ်ဗျ။ အားနာလိုက်တာဗျာ”
ကျွန်တော် ပြောပြောဆိုဆိူ သူ့အနားကို ကပ်ကာ ဖေးကူရန်ပြင်မိလိုက်သည်။ သို့သော် ငကျိုးက အနောက်ကို အလန့်တကြားဟန်ဖြင့် ဆုတ်သွားလေ၏။ ထို့နောက် ရယ်ဖြဲဖြဲဖြင့်
” အာ…ရ…ရတယ် ဆရာလေး။ ကျုပ်လက်က မီးနဲ့ထိုးသလို ပူခနဲ ရုတ်တရက်ခံစားလိုက်ရလို့ဗျ”
သူ့စကားကြောင့် ကျွန်တော် ကိုယ့်လက်ကို ပြန်ကြည့်မိသည်။ လက်တွင် ငွေလက်စွပ်ကလေးက လွဲ၍ ဘာတိုဘာမှ ရှိမနေ။ မုဆိုး ငကျိုးက
” ရတယ် ဆရာလေး။ ကြည့်မနေနဲ့။ ကျုပ်က တစ်ခါတစ်ရံ အဲ့ဒီ့လို ဖြစ်တတ်တယ်”
ကျွန်တော် သူ့ကို အားနာစွာ ခေါင်းညိတ်ပြမိသည်။ ကိုညီမော်က သူ့လက်က နာရီကို တစ်ချက်ကြည့်၍
” ကဲ…ကိုစိုင်းရေ။ ရှစ်နာရီတောင် ထိုးတော့မယ်။ သွားမယ်ဆိုလည်း စောစောသွားချေဗျ။ ဒီကနေပူရင် လေပါပူတယ်။ ပြီးတော့ လေထဲမှာ ဆားဓာတ်နည်းနည်းပါတယ်ဗျ”
” အာ… ဟုတ်သားပဲ ကိုညီရေ။ ကဲ…ကဲ…သွားကြစို့။ ဪ…ဒါနဲ့ ကိုငကျိုးက ဘာလက်နက်မှ မပါပါ့လား”
ကျွန်တော်သွားဖို့ ဆော်သြရင်း မုဆိုးငကျိုးတွင် လက်နက်မပါသည်ကို သတိထားမိလိုက်သည်မို့ မေးလိုက်ခြင်းပင်။
မုဆိုးငကျိုးက ဝါကျင်နေသော သူ၏ သွားများကို မြင်နိုင်အောင်ပင် အစွမ်းကုန်ရယ်ပြလာကာ
” ကျုပ်က လက်နက်မသုံးဘူး ဆရာသမားရဲ့”
” ဟင်…လက်နက်မသုံးဘူး ဟုတ်လား”
သူ့စကားကို ကျွန်တော် အံ့သြမိသွားသည်။
” လက်နက်မသုံးဘဲ ဘယ်လိုများ သားကောင်ဖမ်းသလဲဗျ”
ကျွန်တော် ဆက်မေးမိသည်။ သူက
” အရင်ကတော့ သုံးတယ်ဆိုပါတော့လေ။ အခုကတော့ မသုံးတော့ဘူး။ ကျုပ်ရဲ့ ပညာကိုတော့ တောထဲကျရင် ဆရာသမားမြင်သာပါလိမ့်မယ်။ ဒီနားတဝိုက်ကတော့ ကျုပ်အကြောင်းကို သိနေလို့ တစ်ပွဲစားလို့တောင် သမုတ်နေကြတယ်ရယ်ဗျ”
” ဪ…”
ကျွန်တော်သူ့ကို ‘ဪ’ တစ်လုံးသာ တုန့်ပြန်မိသည်။ စိတ်ကတော့ အတော့်ကို ထူးဆန်းသော သူရယ်လို့ မှတ်ချက်ချမိသည်။
ထို့နောက်တွင်တော့ ကျွန်တော်တို့သည် တောထဲဆီကို ဝင်ခဲ့ကြသည်။ စခန်း၏ အနောက်ဘက်အရပ်ကို ဦးတည်ကာ ထွက်ခဲ့ကြခြင်းပင်။
တောထဲကို အတန်ကြာသွားမိပြီး တောင်နှစ်လုံးခန့် ကျော်ချေပြီ။ သားကောင်က မတွေ့သေး။ သားကောင်ပေါသည်ဆိုသော တောက ယခု သားကောင်ပင် မတွေ့။ ကျွန်တော် စိတ်လေချင်သလိုလိုပင် ဖြစ်လာရသည်။ စိုးလေးကလည်း မျက်မှောင်ကြုတ်ကာ လိုက်လာနေ၏။
သို့နှင့် နောက်ထပ်တောင်တစ်လုံးကို တက်ဟန်ပြင်ကြစဉ် မုဆိုးငကျိုးက
” ဆရာလေးတို့က ဘာကောင်ပစ်မယ် ရည်မှန်းသလဲ”
” ကျွန်တော်တို့ ဝက်ပစ်မယ်လို့တော့မှန်းထားတယ်ဗျ။” စခန်းက ရဲဘက်တွေကလည်း အခုတလော ငါးချည်းစားနေရလို့ ညည်းနေကြတော့ လောက်လောက်ငှငှဖြစ်အောင် ဝက်ပစ်ချင်တာရယ်။ ဒါပေမယ့် အခုထိ ဘာကောင်မှလည်းမတွေ့ရသေးဘူး”
” အင်း…ကောင်းပြီလေ။ အဲ့ဒါဆိုလည်း ဆရာလေးတို့ပစ်ချင်တဲ့အကောင် ပစ်ရအောင် ကျုပ်လုပ်လိုက်ဦးမယ်။ ဆရာလေးတို့ ခဏစောင့်ဦး”
မုဆိုးငကျိုးက ပြောပြောဆိုဆို သူ့ခါးပိုက်ထောင်ထဲက ကွမ်းတစ်ယာကို ထုတ်၍ ဝါး၏။
ပြီးလျင် တစ်ပေခန့်ကျယ်သော မြေပြောင်ပြောင်ကလေးဆီက သွားပြီး ကွမ်းတံတွေးကို ထွေးသည်။ ထို့နောက် မြေပြင်ကို လက်ဝါးဖြင့် ပုတ်ကာ တတွတ်တွတ် ရေရွတ်နေသည်။ စိုးလေးက
” ဆရာစိုင်း…သူဘာလုပ်နေတာလဲ”
“ငါလည်း မသိဘူး။ စောင့်ကြည့်တာပေါ့”
ကျွန်တော်တို့ တီးတိုးဆိုဖြစ်ငြသည်။ တအောင့်ကြာသော် မုဆိုးငကျိုးထလာ၏။
” ကဲ…ဆရာလေး ရပြီ။ ကျုပ်တို့ ဒီဘက်ကို သွားကြစို့။ ခဏနေရင် ဆရာလေး ပစ်ချင်တဲ့ကောင်တွေ ဒီဘက်ကို လာလိမ့်မယ်”
မုဆိုးငကျိုးက ရုတ်တရက် တောင်ဘက်ကို ချိုးဝင်သွား၏။ ကျွန်တော်တို့လည်း သူ့နောက်က လိုက်ခဲ့သည်။
မကြာပါ။ အရှေ့ဆီက တောတိုးသံများ ကြာလာရသည်မို့ ကျွန်တော်တို့ သစ်ပင်များဘေးကပ်ကာ အခြေအနေကြည့်လိုက်ကြသည်။
” ဟာ…တောဝက်အုပ်ပါလား”
ကျွန်တော်တို့ဆီကို တူရှု၍ လာနေသည်က အစွယ်ကွေးနေသော ဝက်တောင်းကြီးတစ်ကောင် ဦးဆောင်သည့် တောဝက်အုပ်။ ဆယ်ကောင်ခန့် ရှိပေမည်။
ကျွန်တော် အံ့သြမှုနှင့်အတူ မုဆိုး ငကျိုးကို ကြည့်မိသည်။ သူက ကျွန်တော့်အား ကြည့်ကာ ဝက်များကို စိတ်ကြိုက်ရွေးပြီး ပစ်ရန် လက်ဟန်ခြေဟန်ဖြင့် ပြောနေ၏။
ဝက်အုပ်က မီတာငါးဆယ်ခန့်အထိ ရောက်နေလေပြီ။ ကျွန်တော် မျက်နှာချင်းဆိုင် သစ်ပင်မှာ ကွယ်နေသော စိုးလေးထံ လှမ်းကြည့်ပြီး လက်နှစ်ချောင်းထောင်ပြလိုက်သည်။ သဘောက ဒုတိယနေရာက ဝက်ကို ပစ်ရန်ပြောခြင်းပင်။
ကျွန်တော်ကတော့ ရှေ့ဆုံးက ဝက်တောင်းကြီးကို သေနတ်ဖြင့် ထိုးချိန်လိုက်သည်။ ပြီးလျင် စိုးလေးကို တစ်ချက်ကြည့်ကာ ခေါင်းညိတ်ပြလိုက်ပြီးနောက် မောင်းခလုတ်ကို ပြိုင်တူ ဆွဲချလိုက်တော့သည်။
” ဒိန်း…ဒိန်း….”
” အွတ်…ကျွီး…”
သေနတ်သံနှစ်ချက်ဆင့် ထွက်ပေါ်လာပြီး ဝက်အုပ်က ကစဉ့်ကလျား ထွက်ပြေးကုန်သည်။ ကျွန်တော်တို့၏ ပစ်မှတ်ဖြစ်သော ဝက်နှစ်ကောင်ကတော့ သွေးရူးသွေးတန်းဖြင့် တရှူးထိုးပြေးကာ ကျွန်တော်တို့ ကွယ်နေသော သစ်ပင်ကြီးကို ပြေးဝင်အောင်းပြီး ငြိမ်သက်သွား၏။ တော်သေးသည်။ ကျွန်တော်တို့မှာ ဝက်ပစ်သားကျနေပြီမို့ ပစ်ခတ်ပြီးသည်နှင့် သစ်ပင်နောက်ဆီ အမြန်ဝင်ပုန်းကွယ်လိုက်နိုင်ပေသည်။
” ဆရာလေးတို့ လက်တွေကိုတော့ ချီးကျူးတယ်ဗျာ။ တိကျချက်ပဲ ဟဲ…ဟဲ…”
မုဆိုး ငကျိုးက ကျွန်တော်တို့ကို လက်ခုပ်တီးကာ ချီးကျူးသည်။ ပြီးလျင် လဲကျနေသော ဝက်နှစ်ကောင်ထံသွားပြီး လည်မျိုကို ဓားဖြင့် လှီးလိုက်ကာ သူ့ဆီတွင် ပါလာသော ဝါးဆစ်ဗူးကလေးများဖြင့် ခံယူနေ၏။
” ဘယ်ဟုတ်ပါ့မလဲဗျာ။ ကျုငကျိုးကြောင့်သာ မဟုတ်ရင် ကျွန်တော်တို့ အခုလိုပစ်နိုင်မှာ မဟုတ်ဘူး”
” ထားပါတော့လေ…ဒါနဲ့ ဆရာလေးတို့က ဒီလောက်ရရင် တော်ပြီလား”
” အင်း…တော်ပါပြီ။ ဒီလောက်ဆို စခန်းအတွက်လည်း ရိက္ခာလောက်လောက်ပါပြီ”
” ဒါဆိုလည်း ပြန်ကြတာပေါ့။ ဒီကောင်တွေကိုတော့ ဒီအတိုင်းထားခဲ့လိုက်ချေ”
မုဆိုးငကျိုးနှင့် သွေးခံနေသော ဗူးကို အဖုံးပိတ်၍ ပြန်သိမ်းရင်း ပြောလာ၏။
” ဟင်…ဖြစ်ပါ့မလားဗျ။ တော်ကြာ တောဝင်တာတို့ အခြားတောကောင်တို့က ဆွဲသွားပါဦးမယ်”
” အို…ရပါတယ် ဆရာလေးရယ်။ ဒီတော၊ ဒီတောင်တစ်ခွင်မှာ ကျုပ်လက်နဲ့ ထိပြီးတဲ့ သားကောင်ကို ဘယ်သူမှ မထိရဲကြပါဘူး”
မုဆိုးငကျိုးက အခိုင်အမာပင် ပြောပြီး စခန်းဘက်ကို ပြန်ထွက်သွားလေသည်။
ကျွန်တော်တို့လည်း သူ့နောက်က လိုက်ခဲ့ကြသည်။ ထူးခြားသည်တစ်ခုကတော့ မုဆိုးငကျိုးမှာ ကျွန်တော့်ကို အနားအကပ်မခံဘဲ ခပ်ခွာခွာနေနေသည်ကို ကျွန်တော်သတိထားမိနေ၏။
စခန်းကို ရောက်ချေသော် ရဲဘက်တစ်ချို့က ကျွန်တော်တို့ကို နှုတ်ဆက်သည်။ သားကောင်ရလား မေးကြ၏။ ကျွန်တော်က ရသည်ဟု ဖြေသော် မီးဖိုကြီးတွင်နေသော ရဲဘက် မြင်ကျော်က
” အဲ့ဒါဆိုလည်း နေရာလိုက်ပြချေ။ ကျွန်တော်တို့ သွားသယ်မယ် ဆရာလေး”
ဟု ဆိုလေ၏။ သို့ကြောင့် ကျွန်တော်က စိုးလေးအား သူတို့နှင့်အတူ လမ်းပြအဖြစ်ပြန်ထည့်ပေးလိုက်တော့သည်။
သူတို့ထွက်သွားသော် ကျွန်တော် မုဆိုးငကျိုးကို ရှာ၏။ မတွေ့။ အိမ်သာတံခါးပိတ်ထားသည်မို့ အိမ်သာတက်နေသည်ဟု ထင်မိလိုက်၏။ မကြာပါ။ ထင်သည့်အတိုင်းပင် မုဆိုးငကျိုး အိမ်သာထဲက ထွက်လာသည်။ ထွက်ထွက်ချင်း သူဝတ်ထားသော ပုဆိုးကို ဖြေကာ နှုတ်ခမ်းကို သုတ်ရင်း ကျွန်တော့်ဆီ လျောက်လာနေ၏။
” ကဲ…ကိုငကျိုး လာဗျာ။ ရေနွေးကြမ်းလေးဘာလေးသောက်ပြီး အမောဖြေဦး။ တန်ကာနေ သားကောင်တွေ ပြန်ရောက်မှ ဖျက်ပြီး ခင်ဗျား အိမ်စားဖို့ ကျွန်တော်ထည့်ပေးမယ်”
မုဆိုးငကျိုးက သူ့ထုံးစံအတိုင်းပင် ပြုံးစစဖြင့် ကျွန်တော့် ခပ်လှမ်းလှမ်းတွင် ဝင်ထိုင်သည်။
သူ့နှုတ်ခမ်းတွင် သွေးကဲ့သို့သော် ပေကျံနေသည့် အရာကို ကျွန်တော်မြင်မိသည်။
” ကိုငကျိုး ခင်ဗျား နှုတ်ခမ်းက ဘာတွေ ပေနေတာလဲဗျ”
မုဆိုးငကျိုးက သူ့နှုတ်ခမ်းသူ လက်ခုံဖြင့် ပွတ်လိုက်ပြီး
” ဪ…ကွမ်းဖတ်တွေ ပေနေတာပါ ဆရာလေးရ”
” ဪ….”
ကျွန်တော့်ကို မုဆိုးငကျိုးက ပြုံး၍ ကြည့်နေ၏။ ကျွန်တော် သိချင်သည့် အရာတစ်ခုကို သူ့အား မေးရန်စဉ်းစားလိုက်မိသည်။
” ဒါနဲ့ ကိုငကျိုး…ဟို…တောထဲမှာ ကွမ်းနဲ့ လုပ်တဲ့ သားကောင်ခေါ်နည်းက ဘာနည်းလဲဗျ။ ကျွန်တော် သိခွင့်များရှိမလား”
” အင်း…အဲ့ဒါတော့ ပြောလို့ မဖြစ်ဘူး ဆရာလေးရ။ စိတ်တော့ မဆိုးချေနဲ့”
သူ့အဖြေကြောင့် ကျွန်တော် စိတ်ခုသလိုလို ဖြစ်သွားရသည်။ သို့သော် ချက်ချင်းပင် ဖြေခွင့်၊ မဖြေခွင့်သည် သူပိုင်သည့် အခွင့်အရေးသာ ဖြစ်သည်ဟု တွေးမိလိုက်ပြီး ခုနေသည့်စိတ်ကို ဖြေလိုက်သည်။
” ကဲ…ကိုငကျိုး။ ခဏထိုင်ဦးဗျာ။ ကျွန်တော် ရုံးဘက်ကို သွားပြီး ကိုညီ့ကို အကျိုးအကြောင်း ပြောလိုက်ဦးမယ်”
မုဆိုးငကျိုး ခေါင်းညိတိပြသည်။ ကျွန်တော် ရုံးဘက်ကို ထွက်ခဲ့လိုက်၏။
ရုံးကု် ရောက်သော် ကိုညီမော်ကို အဆင်သင့်ပင် တွေ့ရကာ
” ဟာ…ကိုစိုင်း ပြန်ရောက်ြပ်ီပေါ့။ ဘယ့်နှယ့်လဲ အဆင်ပြေရဲ့လား”
” ပြေပါ့ ကိုညီရေ။ ကိုငကျိုးရဲ့ ကျွမ်းကျင်မှုနဲ့ တောဝက်နှစ်ကောင်တောင် ရခဲ့တယ်။ တစ်ကောင်ကို ၂၅ လောက်တော့ ထွက်နိုင်တယ်ဗျ”
” ဟာ…အဲ့ဒါဆိုရင်တော့ ကောင်းတာပဲဗျ။ စခန်းအတွက်တော့ ရိက္ခာဖူလုံပြီရယ်”
” အင်း…အခု စိုးလေးနဲ့ မြင့်ကျော်တို့ သွားသယ်နေကြတယ်။ ခဏနေတော့ ပြန်ရောက်ကြလိမ့်မယ်”
” အဲ့ဒါဆိုလည်း ခဏစောင့် ကိုစိုင်းရာ။ ဒီက လက်မှတ်ထိုးစရာလေးတွေ အမြန်ဖြတ်ပြီး ကျုပ်လည်း လိုက်ခဲ့မယ်”
” အိုကေ…ကိုညီ။ ဖြေးဖြေး လုပ်။ အမှားပါမယ်”
ကိုညီ လက်မှတ်ထိုးနေသည်ကို ကျွန်တော် ထိုင်စောင့်နေလိုက်သည်။
ခဏကြာသော် ကိုညီအလုပ်ပြီးပြီမို့ နှစ်ဦးသား တန်းလျားဘက်ကို ထွက်ခဲ့သည်။
တန်းလျားရောက်သော် ဖိုကြီးဘက်ဆီက စိုးလေးတို့ ပြန်ရောက်ပြီး အသားဖျက်နေသည်ကို တွေ့ရသည်မို့ ထိုဘက်ကို လှမ်းခဲ့ကြသည်။
အသားကို စိုးလေးနှင့် မုဆိုးငကျိုးက တစ်ကောင်ဆီ ဖျက်နေကြ၏။ မုဆိုးငကျိုးဖျက်နေသည်မှာ အလွန်ပင် လျင်မြန်လှသည်။ ရေနွေးဖျောပြီး အမွှေးချွတ်ကာ နောက်ဆယ်မိနစ်ခန့်ဖြင့်ပင် တောဝက်တစ်ကောင်လုံး ဖျက်ပြီး၏။
အသားများကို အိုးသူကြီး မြင့်ကျော်က ခုတ်ထစ်ကာ ချက်ပြုတ်ရန် ပြင်နေ၏။
အားလုံးပြုလုပ်ပြီးကြသော် ကျွန်တော်က စိုးလေးအား မုဆိုးငကျိုးအတွက် ဝမ်းတွင်းသားနှင့် အသားတစ်ချို့ကို ပေးစေသည်။ ကိုညီက မုဆိုးငကျိုးကို ပိုက်ဆံပေး၏။
ထို့နောက်တွင်တော့ မုဆိုးငကျိုးသည် ကျွန်တော်တို့အား နှုတ်ဆက်လျက် အသားထုပ်များယူကာ ပြန်သွားခဲ့လေတော့သည်။
*****
တစ်လခန့်ကြာခဲ့လေပြီ။ထိုအတောအတွင်း ကျွန်တော်တို့ဆရာတပည့်နှစ်ဦးမှာ ခင်တန်းစခန်းအတွက် တောလိုက်ကာ အမဲများ တစ်ပါတ်နှစ်ကြိမ်ခန့် ပစ်ခတ်ရှာဖွေပေးနိုင်ခဲ့သည်။
ထိုသို့ ရှာဖွေလေတိုင်း မုဆိုးငကျိုးကို လမ်းပြအဖြစ်ခေါ်ခဲ့၏။ တောဝင်ရာ၌ တစ်ခါတစ်ရံတွင် သားကောင်ကို အလိုလိုတွေ့ပြီး ပစ်ခတ်ရသော်လည်း တစ်ခါတစ်ရံ လုံးဝကို ရှာမတွေ့။ သည်အခါမျိုးတွင် မုဆိုးငကျိုးက ကျွန်တော်တို့အား ဘာကောင်ပစ်မလဲမေး၍ ယခင်ပြုနေကျ နည်းအတိုင်း ပြုကာ သားကောင်ခေါ်ပေး၏။
အတိအကျပင်၊ လုံးဝမလွဲ။ ကျွန်တော်ပြောသော သားကောင်က သူ့အလိုလို ကျွန်တော်တို့ ရှိရာဆီ ရောက်လာတတ်သည်။ ဤသည်က အလွန်ထူးဆန်း၏။ ကျွန်တော်တင်မက တစ်ခေါက်က လိုက်လာဖူးသော ကိုညီမော်ပင် မုဆိုးငကျိုး၏ သားကောင်ခေါ်သော ထိုအစွမ်းအစကို မြင်ကာ အလွန်ပင် ချီးကျူးမိနေလေသည်ဟု ပြောဖူး၏။
” ကဲ…ကိုစိုင်းရေ။ ခင်ဗျားတို့တော့ ကံကောင်းတယ်ဗျာ။ လာမယ့်အပါတ်ကို ဆင်ကြုံရှိတယ်ဗျ”
ကျွန်တော်တို့ ဆရာတပည့်နှစ်ဦး လာမည့်အပါတ်တွင် ရန်ကုန်ကို ပြန်ကြရပေမည်။
” ဟာ…ဟုတ်လား”
” အင်းဗျ…။ ဆင်ကြုံက တောင်ခြေအထိရောက်မှာ။ ဟိုဘက်ကိုတော့ ကျွန်တော် ကားလှမ်းမှာပေးထားတယ်။ စိတ်မပူနဲ့”
” ကျေးဇူးပါ ကိုညီရာ။ ဪ…ဒါနဲ့ ကိုညီ…ကျွန်တော်တို့ မပြန်ခင် မုဆိုးငကျိုးကို သွားနှုတ်ဆက်ချင်တယ်ဗျာ။ သူ့အိမ်ကိုလည်း လည်ရင်းနဲ့ပေါ့…”
ငါးရက်ခန့်ရှိပြီ။ ထိုရက်ပိုင်း အမဲမပစ်ဖြစ်သည်မို့ မုဆိုးငကျိုးကို ကျွန်တော်တို့ မခေါ်ဖြစ်။ သူကလည်း ကျွန်တော်တို့ထံ ရောက်မလာ။ သည့်အတွက် ကျွန်တော်တို့ ပြန်မည့်အရေးကို သူမသိနိုင်။ နောက်ပိုင်းတွင်လည်း ပြန်ခါနီးပေမို့ အမဲပစ်ရန်မရှိသည်ဖြစ်ရာ သွားနှုတ်ဆက်မှပင် သူ သိနိုင်ပေမည်။
” အင်း…အဲ့ဒါဆိုလည်း မပြန်ခင်တစ်ရက်လောက် ကျုပ်တို့ ခင်တန်းကို သွားကြတာပေါ့။ တစ်လက်စတည်း ခင်တန်းကနေ လိုအပ်တဲ့ ရိက္ခာအမယ်လေးတွေလည်း ဆွဲခဲ့မယ်ဗျာ။ တစ်ခါမှတော့ ခင်တန်းဘက်ကို အသွားအလာ မရှိသလို ဈေးလည်းမဝယ်ဖူးဘူး။ မြို့ကပို့တဲ့ ရိက္ခာကိုပဲ အဆင်ပြေအောင် စားနေရတာ။ တကယ်လို့သာ အဲ့ဒီ့မှာ ဈေးဝယ်ရတာ အဆင်ပြေရင်တော့ ကျုပ်တို့စခန်းအတွက် ဈေးဆိုင်နီးပြီပေါ့ဗျာ”
” အင်း…ဟုတ်သားဘဲ။ အဲ့ဒါ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲပေါ့။ ဒါဆို ကိုညီ ဘယ်နေ့လောက်များ သွားမလဲဗျ”
” ကြာတယ်ဗျာ။ မနက်ဖြန်ကိုပဲ သွားကြတာပေါ့”
” အင်း…အဲ့ဒါဆို ဒီည သူ့အတွက် လက်ဆောင်အချို့ ပြင်ထားလိုက်ဦးမယ်ဗျာ”
” ကောင်းတယ် ကောင်းတယ်။ ကျုပ်လည်း ဒီမလာခင်ကမှ ဝယ်ထားတဲ့ ပုဆိုးနဲ့ အင်္ကျ ီ သူ့ကို လက်ဆောင် ပေးခဲ့လိုက်မယ်”
ကျွန်တော်နှင့် ကိုညီတို့ ဆုံးဖြတ်ချက်ချပြီး မနက်ဖြန်ကို ခင်တန်းသွားရန် ပြင်ကြတော့သည်။
*****
” ရှေ့နား သုံးအိမ်ကျော်က အိမ်ပဲ ဆရာ”
မုဆိုးငကျိုးကို စငှါးစဉ်က သွားခဲ့သော ရဲဘက်စာရေးတွဲထားသူ မောင်ပါကို ခေါ်၍ ခင်တန်းကို လာခဲ့ကြခြင်းပင်။
မုဆိုးငကျိုးအိမ်က ရွာစွန်ဘက်တွင် ဖြစ်ပြီး ကြားတွင် အိမ်သုံးလုံးခန့် ခံနေသည်မို့ သေချာမမြင်ရသေး။ ဆက်လျောက်ရင်း အိမ်နားနီးလာသော်
” ဟင်…”
မုဆိုးငကျိုး၏ ခြံထဲတွင် လူများစုရုံးနေသည်။
” လူတွေ အများကြီးပဲဗျ။ ကိုငကျိုး ဘာများဖြစ်သလဲမသိဘူး”
ကျွန်တော်တို့ ထိတ်ထိတ်ပြာပြာဖြစ်ကာ အိမ်ဆီကို အမြန်သွားလိုက်ကြသည်။
” ဟာ…ဧည့်သည်တွေ ထင်တယ်”
အသက်ကြီးကြီး လူတစ်ဦးက ကျွန်တော်တို့ကို ကြည့်ရင်း ဆိုလာ၏။ မောင်ပါက
” ဟုတ်တယ် ဦးလေးရ။ ဒါက ခင်တန်းရဲဘက်စခန်းက ထောင်မှူးနဲ့ သူ့မိတ်ဆွေတွေပါ။ ကိုငကျိုးကို လမ်းပြငှါးတဲ့ ဆရာတွေပေါ့”
” ဪ…ဒါဆို ဆရာဆို့က ငကျိုးကိစ္စအတွက် လာကြတာလား”
လူကြီးက ကျွန်တော်တို့ကို အကဲခတ်သလိုကြည့်ကာ ပြောလာသည်။ ကျွန်တော်က
” ဟို…ဦးလေး..ကျွန်တော်တို့က ပြန်တော့မှာမို့ သူ့ကို လာနှုတ်ဆက်တာ။ သူ့ဘာဖြစ်တာလဲ…ကျွန်တော်တို့မသိဘူးရယ်”
” ဪ…အဲ့ဒီ့လိုလား။ အင်းလေ…ဒါဆိုလည်း ပြောပြမယ်ဆရာရေ။
ပြောရမှာတော့ စိတ်မကောင်းဘူး ဆရာတို့ရ။ ဟို ငကျိုးလေ…။ သူက ဖုတ်ဝင်နေတာတဲ့ဗျာ။ အဲ့ဒါ….”
” ဗျာ…”
” ဘယ်လို…”
ကျွန်တော်တို့ ကိုယ့်နားကိုပင် မယုံနိုင်အောင် ဖြစ်ကုန်ကြရသည်။ ထိုဦးလေးက…
” ဟုတ်တယ် ဆရာရ။ သူ့ကို ဝင်နေတဲ့ ဖုတ်က သုံးနှစိလောက်တောင်ကြာနေပြီပြောတယ်။ အခု ထားဝယ်ဘက်က ဆရာမြဆိုတဲ့ ပုဂ္ဂိုလ်က ဒီရွာကို အဓိဋ္ဌာန်ဝင်မလို့ဆို ရောက်လာပြီး အဓိဋ္ဌာန်မဝင်ခင်ပြောမှ ဒီကိစ္စကို သိရတာ။ အဲ့ဒါ…ဒီညကို ဆရာမြက အဓိဋ္ဌာန်ထွက်ပြီ။ ပြီးရင် တစ်ဆက်တည်း ငကျိုးဆီက ဖုတ်ကို ထုတ်မယ်ပြောတယ်။ ငကျိုးကတော့ ဒီကိစ္စကို သိနေတယ်ထင်ရဲ့ဗျာ။ အဲ့ဒီ့ဆရာ အဓိဋ္ဌာန်ဝင်နေတဲ့ ကာလတစ်လျောက် ရွာထဲမှာ လှည့်ပတ်ပြီး ဗြောင်းဆန်အောင် သောင်းကျန်းနေတော့တာပဲ”
” ဟင်…ဘယ်လိုများ သောင်းကျန်းတာလဲဗျ”
” ဒီလိုဆရာရေ။ သူက အရင်ကတော့ ပုံမှန်ပဲ။ ဆရာမြရောက်လာမှ မူမမှန်တော့ဘူး။ သူ့မိန်းမ ခင်လှနဲ့ ကလေးတွေကို အယုတ္တ၊ အနတ္တတွေ ဆဲတယ်။ ပြီးတော့ နေ့ဘက်ဆို စောင်ခြုံထဲက မထွက်တော့ဘူး။ ညကျတော့ လူခြေတိတ်ပြီဆို ရွာထဲလှည့်သွားပြီး မွေးထားတဲ့ အကောင်တွေကို ဝင်ခိုး၊ ပြီးရင် ရွာပြင်ယူသွားပြီး သွေးစုတ်တော့တာဗျ။ အဲ့ဒါကို တစ်ညသား ရွာက အမျိုးသမီးတစ်ယောက်ကတွေ့ပြီး ဝိုင်းလိုက်ကြတော့ ငကျိုးမှန်းသိကြတယ်။ ဒါပေမယ့် သူက တောထဲ ပြေးသွားတာ။ မနက်လင်းတော့ သူ့အိမ်ပြန်ရောက်လာပြီး ပုံမှန်အတိုင်း ဝင်အိပ်နေတုန်း ဝိုင်းဖမ်းပြီး ကြိုးနဲ့ ဝိုင်းတုတ်ထားကြတာ။ ဒီမနက်ကျတော့ ကြိုးနဲ့ တုတ်ထားတာကို အတင်းရုန်းနေတယ်။ အဲ့ဒါနဲ့ ရွာကလူတွေအကုန်စုပြီး ဆရာမြ အဓိဋ္ဌာန် မထွက်မချင်း စောင့်နေဖို့ သူကြီးက အမိန့်ချထားတာနဲ့ စောင့်နေကြတာ”
အဖြစ်အပျက်က ကျွန်တော်တို့ နားမလည်နိုင်၊ ဉာဏ်မမှီသော အပလောကနှင့် သက်ဆိုင်နေသည်။
ကျွန်တော်တို့သည် ယခင်က ပရလောကနှင့် ပက်သက်၍ မကြာခဏကြုံကြိုက်ရသော်လည်း ယခု မုဆိုးငကျိုးကဲ့သို့သော အဖြစ်အပျက်မျိုး မကြုံဖူးသေး။
” ကျွန်တော်တို့ သူ့ကို ဝင်ကြည့်လို့ရမလား”
ကိုညီမော်က မယုံသည့်ထင်။ တွေ့ရန်တောင်းဆို၏။ ဦးလေးကြီးက
” ဟုတ်ကဲ့…ဆရာ။ ဆရာ တွေ့ချင်တယ်ဆိုရင်တော့လည်း ကျုပ်လိုက်ပြပါ့မယ်”
ဦးလေးကြီး အရှေ့ကနေ အိမ်ထဲကို ဝင်သွား၏။ ကျွန်တော်တို့လည်း ထိုဦးလေးကြီးနောက်က ကပ်ကာ အိမ်ထဲ လိုက်ဝင်ခဲ့ကြတော့သည်။
” လှခင်…လှခင်…ငါ့ကို ကယ်ပါဦး လှခင်ရယ်။ ငါနင့်ယောကျ်ား ငကျိုးပါ။ ငါနင့်ကို သားမှတ်မှတ်၊ မယားမှတ်မှတ် လုပ်ကျွေးခဲ့တာကို နင်သတိရပါဦးလားဟင်…”
အိမ်ထဲ ဝင်ဝင်ချင်း ငကျိုး၏ အော်သံကို ကျွန်တော်တို့ ကြားကြရသည်။ သူ့အား အိမ်တိုင်တစ်ခုဆီတွင် ကြိုးဖြင့် တုပ်နှောင်ထား၏။
” ကိုငကျိုး…ဘယ်လိုများ ဖြစ်ရတာလဲဗျာ”
” ဟာ…ဆ..ဆရာတို့ ကျုပ်ကို ကယ်ကြပါဦးဗျာ။ ကျုပ်ကို သူတို့ သတ်တော့မှာဗျ”
ငကျိုးက ငိုသံပါကြီးဖြင့် ပြောသည်။ ကျွန်တော်တို့မှာ သူ့ကို ကြည့်ပြီး စိတ်မကောင်းကြ။ ဖြစ်နိုင်လျင် ကြိုးကို ဖြေကာ လွှတ်ပေးချင်မိသည်။ အမြဲလို ပြုံနေတတ်သော သူ့မျက်နှာက ယခုလိုငိုနေတော့ ကြည့်ရသည်မှာ စိတ်မသက်သာ။
သို့သော်…မတတ်နိုင်။ ယခုကိစ္စသည် မမြင်နိုင်သော နာမ်လောကနှင့် ဆက်စပ်နေသည်မို့ ကျွန်တော်တို့ ကိုယ့်ချည်းသာ မဆုံးဖြတ်နိုင်။ နာမ်လောကကို မြင်နိုင်ကြားနိုင်သော ဆရာမြဆိုသူလာမှပင် အခြေအနေက်ု ကြည့်ရပေမည်။ ထို့ပြင် ဆရာမြသည် အစစ်အမှန်လော၊ ဆရာလိမ်လော။ သို့မဟုတ် ငကျိုး ဖုတ်ဝင်နေခြင်းကပင် အစစ်အမှန်လော ကျွန်တော်သိလိုလှသည်။
” အားတော့…မငယ်ပါနဲ့။ ကျုပ်တို့ ခင်ဗျားအနားမှာ ရှိနေမှာပါ ကိုငကျိုးရယ်”
ကျွန်တော် ပြောပြောဆိုဆို လက်က သူ့ပုခုံးကို ပုတ်မိသွား၏။
” အား…ပူတယ် ပူတယ်။ ငါ့အနားမကပ်နဲ့ မင်းကို ငါကြောက်တယ်။ မင်းကို ငါကြောက်တယ်”
ငကျိုးက အတင်းရုန်းကန်ကာ အော်ဟစ်နေသည်။
” ကိုငကျိုး…စိတ်ထိန်းလေဗျာ။ ကျွန်တော် ခင်ဗျားကို ဘာမှ မလုပ်ပါဘူး”
အောက်ကလူများက ကိုငကျိုးကို ကျွန်တော် တစ်ခုခုလုပ်လိုက်သည် ထင်မည်စိုး၍ အလန့်တကြား ပြောမိသည်။ ထိုစဉ် ကိုညီမော်က ကျွန်တော့်ကို လှမ်းဆွဲလိုက်ပြီး
” ကိုစိုင်း…လာဦးဗျာ။ ကျုပ် ပြောစရာရှ်တယ်”
ကိုညီမော်က ကျွန်တော့်ကို အောက်ဆီ ခေါ်လာ၏။
” ဟား…ဟား…လှခင်။ ခွေးမ…ငါလုပ်ကျွေးခဲ့တာတွေကိုကျတော့ ပါးဖြဲနားဖြဲစားသောက်ပြီး အခု ငါ့ကို သတ်မယ်ဆိုတော့ ညည်းက လက်ပိုက်ကြည့်နေတယ်ပေါ့ ဟင်…ခွေးမ…”
ငကျိုးက ကျွန်တော်တို့ထွက်သွားသည်နှင့် သူ့မိန်းမကိုသာ ဖိဆဲနေလေသည်။
” ကိုညီ…ဘယ်များလဲဗျ”
” ကိုစိုင်း…ငကျိုးက ဖုတ်ဝင်နေတာ သေချာလောက်တယ်ဗျ”
” ဗျာ…”
” ဟုတ်တယ်ဗျ။ ခင်ဗျား လက်နဲ့ ထိလိုက်တိုင်း သူပူတယ်ဆိုပြီး ဖြစ်တာလေ။ အဲ့ဒါ ကျုပ်သိပြီရယ်”
” ကိုညီက ဘာကို သိတာလဲဗ်”
” ဪ… ဟို ခင်ဗျားလက်စွပ်လေ…။ သင်္ဘောပေါ်မှာ ဥူးဇင်းလေး စွန့်တဲ့ လက်စွပ်”
” အင်း…ဒီမှာလေ”
ကိုညီ့ စကားကို ကျွန်တော် လက်က လက်စွပ်ထောင်ပြရင်း ဖြေလိုက်သည်။ ဖြေရင်းက ကျွန်တော် တစ်စုံတစ်ရာကို အတွေးပေါက်ရလေပြီး
” ဟာ…သဘောပေါက်ပြီ။ သိမ်ဝင်လက်စွပ်နဲ့ ထိတိုင်း သူမခံနိုင်ဘဲ ဖြစ်နေတာ။ ဒါဆို…သူက ကျွန်တော်တို့နဲ့ မဆုံခင်ကတည်းက သေပြီး ဖုတ်ဝင်နေတာပေါ့”
ကျွန်တော်နှင့် စတွေ့စဉ်က ကျွန်တော့်လက်နှင့်ထိစဉ် ငကျိုး ယခုလိုဖြစ်ဖူးသည်။
” ဟုတ်တယ် ကိုစိုင်း။ ကျုပ်ပြောချင်တာ အဲ့ဒါ။ ဖြစ်ကြောင်းကုန်စင်ကိုတော့ ဆရာမြလာမှပဲ သိရလိမ့်မယ်”
” အင်းလေ…ဒါဆိုလည်း.ဆရာမြကို စောင့်ကြတာပေါ့ဗျာ။ ဒါပေမယ့် သူ့အတွက် စိတ်မကောင်းတာတော့ အမှန်ပဲဗျ”
” မတတ်နိုင်ဘူးလေ…ကံစီမံရာပေါ့”
ကျွန်တော်တို့သည် ငကျိုး ဖူတ်ဝင်နေသည်ဆိုတာကို ယုံကြည်မိလိုက်ကြ၏။ သို့အတွက် ဆရာမြ ဖုတ်ထုတ်သည့်အခါကို စောင့်ကြည့်ရန် ဆုံးဖြတ်မိကြတော့သည်။
*****
ညနေစောင်းအချိန်တွင် ဆရာမြရောက်လာလေ၏။
” ဆရာမြ ကြွလာပြီဟေ့…လှခင်ရေ နေရာထိုင်ခင်းပေးပါဦးဟ”
ဆရာမြ၏ ပုံစံမှာ ဆံပင်ရှည်တို့ကို အနောက်တွင် စုသိမ်းကာ စည်းနှောင်ထားလေပြီး ရုပ်ရည်ကတော့ တည်ကြည်နေသည်။ အသက်ကတော့ ရှိလှမှ ၄၀ စွန်းစွန်းလောက်သာဖြစ်ပေမည်။
ဆရာမြက ခြံထဲ ဝင်ပြီးသော် အနားက လူများထံ မျက်စိကစားပြီး အကဲခတ်၏။ ကျွန်တော်တို့ကို မြင်သော်
” ဪ…စေတနာကောင်းတဲ့ မုဆိုးကြီး ဆရာတပည့်နဲ့ ထောင်မှူးကြီးပါ ရောက်နေတာပဲ”
ဟု ပြောလေသည်။ ကျွန်တော်တို့က ဆရာမြ၏ မှတ်ချက်စကားကို အံ့သြမိသွားကြကာ
” ဆရာမြက ကျုပ်တို့ကို သိနေတာပဲဗျ”
ကိုညီမော်က ဆရာမြကို ပြောလိုက်သည်။
” အင်း… သိတာပေါ့ဗျာ။ ကျုပ် လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က ဆရာတို့ မီးဖိုးကြီးမှာ အလှူဝင်ခံသေးတယ်။ အဲ့ဒီ့တုန်းက ဆရာတို့ကို အဝေးက ကျုပ်မြင်ဖူးတာပါ။ ဆရာတို့အကြောင်းကိုတော့ စားဖိုမှူး ကိုမြင့်ကျော် ကျုပ်ကို ပြောပြတာပ့။ ဒါကြောင့်လည်း ကျုပ်က သိပြီး နှုတ်ဆက်တာပါ။ ကဲလေ… ဒီကိစ္စပြီးမှပဲ စကားအေးဆေးပြောရင်း ဆရာတို့ကို ကျုပ်အကူအညီတစ်ခု တောင်းလိုတယ်ဗျ။ အခုတော့ လုပ်စရာရှိတာလေး လုပ်လိုက်ဦးမယ်”
ဆရာမြက ကျွန်တော်တို့ကို စကားရှည်ကြီးပြောပြီး တစ်ခါတည်း စကားစပါ ဖြတ်ချလိုက်သည်။ ပြီးသော် အသက်ကြီးကြီး လူကြီးတစ်ဦးကို ကြည့်ကာ
” ဪ…ရွာလူကြီး ကျုပ် ပြင်ခိုင်းထားတဲ့ ပစ္စည်းတွေ ပြင်ပြီးပြီလား”
” ဟုတ်ကဲ့ ပြင်ပြီးပါပြီ ဆရာမြ”
” ခေါင်းတလားကော ပါတယ်လား”
” ပါပါတယ်ဗျာ။ ဆရာမြပြောသလိုပဲ အထဲက ပလက်စတစ်စပါ ခံထားသေးတယ်”
” အင်း…ကောင်းတယ်ဗျာ…ကောင်းတယ်။ သူက ဝင်နေတာ နှစ်ပေါက်နေပြီဆိုတော့ အထဲက ထွက်တာနဲ့ ကျန်ရစ်တဲ့ ခန္ဓာကြီးက ရိလာမှာ။ ဒါကြောင့် ပလပ်စတစ်စ ခံခိုင်းတာ။ အမှန်ကို ဆိုရရင်တော့ဗျာ…ကျုပ်အနေနဲ့ ဒီဖုတ်ကို မထုတ်လိုဘူး။ ဘာလို့လဲဆို သူက သေသူ ငကျိုးရဲ့ ကျန်ရစ်တဲ့ မိသားစုကို လုပ်ကျွေးနေတဲ့ ကောင်းကျိုးဆောင်တဲ့ ဖုတ်မို့ပဲ။ ဒါပေမယ့်ဗျာ…ကျုပ်တို့ ဘုရားရှင်ဟောသလိုပြောရရင် သုံးဆယ့်တစ်ဘုံ သားတို့မည်သည် သူ့ဘုံနဲ့သူသာ ရှိအပ်၊ ရှိသင့်တယ်တဲ့ဗျ။ ဒါကြောင့် ကြာရင် မကောင်းတာတွေ ဖြစ်လာမှာစိုးလို့ ထုတ်မှာ…။ ကဲပါလေ…အချိန်မတန်သေးလို့ ကျုပ်က စကားပြောနေတာပါ။ ဪ…ဒါနဲ့ လှခင်တို့ သားအမိတွေကိုကော တခြားမှာ သွားထားပြီးပြီလား”
ဆရာမြ၏ စကားကြောင့် သူကြီးက ခေါင်းညိတ်ကာ
” ဟုတ်ကဲ့ ဆရာမြ။ သူတို့ကိုလည်း ဆရာမြပေးထားခဲ့တဲ့ ချည်ကြိုးလေးတွေ ချည်ပေးထားပြီး ကျုပ်အိမ်မှာ သွားထား ထားပါတယ်”
” အင်း…ကောင်းတယ်။ ဒါဆိုရင်တော့လည်း ကျုပ်တို့ လုပ်စရာရှိတာကို အနှောင့်အကင်းလွတ်လွတ် လုပ်နိုင်တာပေါ့လေ။ ကဲ… မကြာခင် အချိန်ကျတော့မယ် စကြစို့ရဲ့။ သူကြီး ကျုပ်ကို ပစ္စည်းတွေ ယူခဲ့ပေးတော့”
သူကြီးနှင့် ကာလသားအချို့က ခြံထဲတွင် အသင့်ပြင်ထားသော ခေါင်းတလားကြီးကို မယူလာကြ၏။
ပြီးလျင် ဆရာမြထံ ပစ္စည်းတစ်ချို့ကို ပေးလေသည်။ ဆရာမြက သူလိုသော ပစ္စည်းများရသော်
” ကဲ…ခေါင်းတလားကြီးကိုတော့ ဒီလှေကားအတက်အဆင်းမှာ အလျားလိုက်ချထားကြ။ ပြီးရင် ကျုပ်က အိမ်ပေါ်ကို တက်မယ်။ ကျုပ်အိမ်ပေါ်တက်တာနဲ့ ခြံထဲက လူတွေ အကုန်လုံးက ခြံပြင်ကို ထွက်ပေးချေ။ တစ်ယောက်မှ အထဲ မဝင်ကြနဲ့နော်”
ဆရာမြ အိမ်ပေါ်ကို တက်သွား၏။
ကျွန်တော်တို့နှင့်အတူ ရွာသူရွာသားတို့လည်း ဆရာမြမှာသည့်အတိုင်း ခြံအပြင်ကို ထွက်ခဲ့ကြကာ အထဲကို လှမ်းကြည့်နေမိသည်။
တဖြေးဖြေးနှင့် အချိန်က ညနေခြောက်နာရီထိုးပေတော့မည်။ ဝတ်ဝန်းကျင် အလင်းရောင်က တဖြေးဖြေးဝါးလာ၏။ ထိုအချိန် အိမ်ဆီက ” ဒုန်း”ဟူသော အသံတစ်ချက် ကြားလိုက်ကြရပြီး လူအုပ်ထဲကတစ်ယောက်က
” ဟာ…ဟိုမှာ ဆင်း…ဆင်းလာပြီ။ ငကျိုးဆင်းလာပြီ”
သူ့အော်သံကြောင့် အားလုံးလှေကားကို ကြည့်မိကြသည်။
ငကျိုးက လှေကားအတိုင်း ပုံမှန်လျှောက်ကာ ဆင်းလာ၏။ သူလမ်းလျှောက်နေသော ဟန်ပန်မှာ အိပ်နေစဥိ အိပ်မက်ယောင်ပြီး လမ်းလျှောက်နေသူကဲ့သို့ပင်။
ကျွန်တော်ကတော့ ကြည့်နေရင်း ငကျိုးတစ်ယောက်သာ ဆင်းလာသည်မို့ အိမ်ပေါ်က ဆရာမြကို ငကျိုး တစ်ခုခုများ လုပ်လိုက်လေသလားဟု တွေးမိနေသည်။
” ဟာ…သူ အခေါင်းထဲ ဝင်သွားပြီ…”
ငကျိုးသည် အခေါင်းထဲကို ဝင်ကာ ပက်လက်အနေအထား လှဲသွားသည်ကို မြင်ကြရ၏။
ထိုအချိန်ဝယ် ဆရာမြသည် အိမ်ပေါ်က ဆင်းလာလေပြီး လှေကားရင်း၌ ရပ်ကာ
” ဟေ့…မင်းရဲ့ အဖုံးကို မင့်ဘာသာ ပိတ်သွား…ကျန်တဲ့သူတွေကို ဒုက္ခမပေးနဲ့ ကြားလား”
ဆရာမြက ပြောပြောဆိုဆို သူ့လက်က တောင်ဝှေးကို လှေကားဆီ ” ဒုန်း” ခနဲ ဆောင့်ချလိုက်သည်။
” ဟာ…”
” အိုး…”
ဆရာမြ၏ စကားအဆုံးမှာတော့ ငကျိုးသည် ထထိုင်လာပြီး လက်တစ်ဖက်က နံဘေးက အဖုံးကို ယူကာ လှဲချရင်း ပြန်ပိတ်လိုက်လေသည်။
ထိုအချိန်ဝယ် ဆရာမြသည် အခေါင်းကြီးကို ပတ်လျက် လျှောက်နေလေ၏။ ပါးစပ်ကလည်း တစ်စုံတစ်ရာကို တီးတိုး ရွတ်ဆိုနေဟန်ရှိလေသည်။
မကြာပါ။ ကျွန်တော်တို့ နှာခေါင်းဆီက စူးရှဆိုးရွားလှသော အနံ့ကြီးတစ်ခု ကို ရလိုက်ကြသည်။
” အ…နံလိုက်တာ”
” ဝေါ့…ထွီ….”
နှလုံးမသန့်သူတို့က အနံ့ကြီးကြောင့် မူးမော် အော့အန်ကုန်ကြသည်။
တအောင့်ကြာသော် ဆရာမြသည် ခြံပြင်ကို လှမ်းကြည့်လာပြီး
” ရပြီဟေ့…လာသယ်ပြီး သုသာန်မှာ မီးချက်ချင်း သင်္ဂြု ိဟ်ကြတော့။ သူ့မိန်းမနဲ့ ကလေးတွေ နောက်ဆုံးကြည့်လိုတယ်ဆိုရင်လည်း စိတ်ခိုင်တယ်ဆို ကြည့်ခိုင်းလိုက်ချေ”
ရွာသားတစ်ချို့ ခြံထဲကို ဝင်သွားသည်။ ပြီးသော် အခေါင်းကြီးကို သယ်ပြီး ထွက်သွားကုန်ကြ၏။
” ကိုစိုင်း..သွားကြည့်ကြမလား”
” အင်း…သွားကြည့်မယ်ဗျာ။ ကြုံတောင့်ကြုံခဲ ကြုံရတာပဲ ကြည့်ဖူးတယ်ရှိအောင် ကြည့်ချင်တယ်”
” ကျွန်တော်လည်း ကြည့်ချင်တယ် ဆရာစိုင်း”
ကျွန်တော်တို့ကို စိုးလေးကလည်း တောင်းဆိုလာ၏။
သို့နှင့် ကျွန်တော်တို့ လေးဦးလည်း ရွာသားများနှင့်အတူ သုသာန်ဆီကို လိုက်ခဲ့ကြတော့သည်။
သုသာန်ရောက်သော် ရွာသားတို့က မီးသဂြိုဟ်ရန်အတွက် ကြိုတင်ကာ ထင်းများစုပုံထားပြီးနှင့်လေသည်မို့. အခေါင်းကို ချက်ချင်း မီးသဂြိုဟ်ဖို့ အသင့်ဖြစ်လေပြီ။ အနံကတော့ မခံမရပ်နိုင်အောင် ဆိုးရွားလှ၏။
” ခဏစောင့်ကြဦး။ လှခင်တို့ သားအမိတွေ သူ့ယောကျ်ားကို လာကြည့်ဦးမယ်တဲ့”
လူကြီးတစ်ယောက်က၏ စကား။ ငါးမိနစ်ခန့်ကြာသော် အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်နှစ်ဦး ငိုယိုကာ သုသာန်အတွင်း ဝင်လာကြသည်။
” ဖွင့်ပြလိုက်ကြဦး…”
ရွာသားတစ်ယောက်က အခေါင်းကို ဖွင့်လိုက်သည်။
” ဟာ…”
” အလို…”
” အမလေး…”
အာမေဋိတ်များ ဆူညံစွာ ထွက်လာသည်။
အခေါင်းထဲက ငကျိုးကား အသားများ ရိရွဲနေလေ၏။ ဆံပင်တို့က ဦးခေါင်းထက်က ကျွတ်ကာ၊ မျက်လုံးများကလည်း အပြင်ကို ထွက်ကျလုနီးပါးပင်။ ချုပ်၍ ပြောရသော် အတော့်ကို ရုပ်ပျက်ဆင်းပျက် ဖြစ်နေသည်။
အခုနကပင် အခေါင်းထဲဝင်ကာ အသက်ထွက်သွားသော သူက ချက်ချင်း ယခုလို ဖြစ်သွားလိမ့်မည်ဟု ကျွန်တော်တို့ မထင်မိကြ။
ယခုတော့…မျက်ဝါးထင်ထင် မြင်ကြရပြီမို့ အံ့အားသင့်မိကြသည်။ ကျွန်တော် ယခုလို အဖြစ်အပျက်မျိုးကို ယခင်က စာအုပ်တစ်အုပ်တွင် ဖတ်ဖူးခဲ့၏။ ထိုစာအုပ်ဆီ၌ ဖုတ်ဝင်သူသည် လူမိန်းမနှင့် ပေါင်းသင်းကာ သားသမီးများပင် ရလေသည်။
သို့သော် ကျွန်တော်ကား ထိုကိစ္စမျိုးကို လက်တွေ့တွင် ရှိမည် မထင်ခဲ့။ ယခုတော့ ကျွန်တော်တို့ကား ပြောမယုံ ကြုံဖူးမှ သိခဲ့ကြရပြီပင်။
*****
ရွာထဲ ပြန်ရောက်ခဲ့ပြီ။ ငကျိုး၏ အိမ်ကား ယခုတော့ ချက်ချင်းပင် နာရေးအိမ်အဖြစ် ပြောင်းသွားခဲ့ပြီ။
ငကျိုး၏ အိမ်တွင်ပင် ဆရာမြနှင့် ကျွန်တော်တို့ တစ်ဝိုင်းထဲထိုင်ကာ ရေနွေးဝိုင်းဖွဲ့ဖြစ်ခဲ့သည်။
ထောင်မှူးနှင့် ဆရာမြထိုင်နေသည့် အထူးဝိုင်းပေမို့ အခြားသူများ မလာကြ။
ရေနွေးဝိုင်းတွင် ကိုညီမော်က…။
” ဆရာမြ…ဒီနေ့အဖြစ်အပျက်ကတော့ တကယ့်ကို ထူးဆန်းလွန်းတယ်နော်။ ဘဝမှာ နောက်ထပ်ကြုံနိုင်ဖို့ မလွယ်တော့ဘူး”
ဆရာမြက ချပေးထားသော လက်ဖက်သုတ်ကို တစ်ဇွန်းခပ်စားလိုက်လေပြီး
” ဟုတ်တယ်ဗျ။ အင်း…ပြောရရင်တော့ဗျာ။ ဒါမျိုးက ဖုတ်ဝင်သည် တစ်ရာမှာတစ်ယောက် ဖြစ်ခဲတယ်။ ဥပမာ ဖုတ်ဝင်တယ်ဆိုတာနဲ့ဗျာ…အဲ့ဒီ့ဖုတ်က သူ့လိုအင်အတွက် တောင်းဆိုမှုတွေများမယ်။ လူချင်းကပ် သွေးစုပ်မယ်၊ ဒါမျိုးတွေပေါ့။ အဲ…အခု ငကျိုးမှာ ဝင်တဲ့ ဖုတ်ကျတော့ အဲ့ဒါမျိုး မဟုတ်ဘူး။ သူက ဝင်ပြီးတော့ ကျန်ရစ်တဲ့ မိသားစုကို လုပ်ကျွေးနေတာ။ ဘယ်လောက်ထိ လုပ်ကျွေးလဲ…ဟောကြည့် သူ့အိမ်ကလေးမြေစိုက်ကနေ အခုလို ခိုင်ခံတဲ့ အိမ်မြင့်ကို ဆောက်နိုင်သွားတယ်။ သားသမီးနဲ့ ဇနီး ခါးလှ၊ ဝမ်းဝတယ်။ ပြီးတော့ သူက ဘယ်သူ့ကိုမှ အန္တရာယ်မပေးခဲ့ဘူး။ သူ့အတွက် လိုအပ်တဲ့အရာကို သူ့ဘာသာ ရှာဖွေတယ်ဗျ။ ဒါပေမယ့် နောက်ဆုံး သူ ကျုပ်ကို မြင်တော့ သူ့ကို နှင်တော့မယ်ဆိုတာ သိသွားတယ်။ ဒါကြောင့် သူဟာ သာမန်ဖုတ်ဝင်သည်လိုဖြစ်သွားတယ်။ ပြီးတော့ နောက်ဆုံး ရိက္ခာယူတဲ့အနေနဲ့ ရွာထဲက အကောင်တွေကို လိုက်ဖမ်းစားတော့တယ်။ ဒါပေမယ့်ဗျာ ခြုံပြောရရင်တော့… ဘယ်လိုပြောရမလဲဗျာ…လူတစ်ယောက်လိုသာဆိုရင်တော့လည်း သူ့ကို သူတော်ကောင်းလို့ပဲ ဆိုရမှာပေါ့လေ”
ဆရာမြ၏ စကားကို ကျွန်တော်တို့ ခေါင်းညိတ်ကာနားထောင်မိကြသည်။ စိုးလေးက
” ဒါနဲ့ ဆရာမြ။ ကိုငကျိုးက ဘယ်အချိန်ကတည်းက ဖုတ်ဝင်နေတာလဲဗျ။ ပြီးတော့ ဘယ်လိုများ သေခဲ့တာလဲ”
” အင်း…ဒီအကြောင်းကို ကျုပ် ဖုတ်မထုတ်ခင်မှာ သူ့ကို မေးကြည့်တယ်ဗျ။ ငကျိုးက လွန်ခဲ့တဲ့ သုံးနှစ်လောက်တုန်းက တောထဲက အပြန် ပိုးထိပြီး သေတာတဲ့။ အဲ့ဒီ့အချိန် အနားမှာ ရှိနေတဲ့ သူက ဝင်တာ။ နောက်တော့ သူက နေထိုင်ရင်း လှခင်ကို မေတ္တာရှိသွားတယ်တဲ့။ ကျုပ်ကိုလည်း သူ့ကို မနှင်ထုတ်ဖို့ တောင်းပန်လေရဲ့။ ဒါနဲ့ ကျုပ်လည်း သူ့ကို ဗုဒ္ဓဝင်တစ်ချို့ကို မှီပြီး တရားတွေဘာတွေ ဟောပြလိုက်ရတယ်။ မဆိုင်တဲ့သူဟာ မထိုက်တဲ့နေရာမှာ မနေသင့်ကြောင်း၊ လွတ်မြောက်ရာကို ရှာဖွေကြံဆသင့်ကြောင်းပြောလိုက်တယ်။ ဒီတော့မှ သူက လက်ခံပြီး အခေါင်းထဲ ဝင်လေရဲ့။ သူထွက်သွားဖို့အတွက်ကတော့ ကျုပ်က အမိန့် တော့ ပြန်ပေးရတာပေါ့လေ…”
ဆရာမြပြောပြသဖြင့် ငကျိုး၏ ဖြစ်စဉ်ကို ကျွန်တော်တို့ ဂဃနဏ သိကြရလေသည်။
ထို့နောက်တွင်တော့ ကျွန်တော်နှင့် ဆရာမြတို့သည် ရောက်တတ်ရာရာစကားတို့ကို ပြောဆိုဖြစ်နေကြသည်။
သို့နှင့် ညဉ့်နက်လာလေသော် ဆရာမြက
” ဪ…ဆရာတို့ကို ကျုပ် အကူအညီတောင်းစရာရှိတယ်လို့ ပြောထားသေးတယ်နော်”
” အား…ဟုတ်ပါ့ဆရာမြရယ်။ ဘာများလဲဗျ။ ကျုပ်တို့ဘက်က ဘာမဆို ကူညီဖို့ အသင့်ပါ ”
ကိုညီက တက်ကြွစွာ ပြောလိုက်လေသော် ဆရာမြက
” အင်း…ဆရာထောင်မှူးလေးကို တော့ အစိုးရဝန်ထမ်းပေမို့ ကျုပ် အကူအညီမတောင်းရက်ဘူး။ ဒီက မုဆိုးဆရာနှစ်ယောက်ကိုတော့ အကူအညီတောင်းလိုတယ်”
ဆရာမြက ကျွန်တော့်ဘက်ကြည့်ကာ ဆိုလာ၏။
” ဟုတ်ကဲ့ ပြောပါ ဆရာမြရဲ့”
” အင်း…ဒီလိုပါဗျာ။ လက်ရှိမှာ ကျုပ်အနေနဲ့ ကျင့်စဉ် တစ်ခုကျင့်နေရတယ်။ အဲ့ဒီ့ကျင့်စဉ်မှာ အာဟာရဓာတ်တစ်ခုကို လိုအပ်နေတယ်။ ဒါကို မှီဝဲရမယ်။ ဒါမှသာ ရှေ့ဆက်လို့ ရနိုင်မယ်ဗျ။ ဒီအတွက် ကျုပ်က ဆရာတို့ကို ပစ္စည်းလေးတစ်ခုလောက် ကူညီရှာပေးပါလို့ ဆိုချင်တာရယ်ပါ”
” ဘာကို ရှာပေးရမလဲဗျ။ အားမနာပါနဲ့ ပြောစရာရှိတာ ပြောပါ ဆရာမြ။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ကူညီပါ့မယ်”
” အင်း…အဲ့ဒါကတော့ ဇီဝစိုးငှက်ရဲ့ အသိုက်ပဲဗျ”
” ဟင်…ဇီဝစိုးငှက်”
၎င်းငှက်ကို ကျွန်တော်ကား ကြားသာ ကြားဖူးခဲ့သည်။ မမြင်ဖူးခဲ့။ ဆရာမြက
” ဟုတ်တယ် ဆရာရ။ ဇီဝစိုးငှက်သိုက်ကို လိုတာ။ ဒါပေမယ့် လိုအပ်တဲ့ ငှက်သိုက်ဟာ ပိုင်ရှင်ငှက်သေနေရမယ်။ သေရမယ်ဆိုတာက သတ်ရမှာမဟုတ်ဘူး။ သူ့ဘာသာ သေသွားတာမျိုး။ အို…ရှင်းရှင်းပြောရရင်တော့ သူ့ဘာသာ သေတာကြာနေပြီဖြစ်တဲ့ ပိုင်ရှင်မဲ့ ငှက်သိုက်ကို လိုချင်တာ ဆရာရ။ အဲ့ဒါကို ဆရာတို့ ရှာပေးနိုင်မလား။ ကျုပ်က ဒီကြားထဲ အဓိဋ္ဌာန် ကိစ္စတစ်ခု ရှိနေသေးလို့ သွားမရဘူးရယ်။ ဖြစ်နိုင်ရင်တော့ ကူညီပေးပါဗျာ။ ဒီအတွက်ကိုလည်း ဆရာတို့ကို ခရီးရဲ့ စရိတ်စက ကျုပ်အားလုံး ထုတ်ပေးပါ့မယ်”
ဆရာမြပြောသော အလုပ်ကား ကျွန်တော့်အတွက် ခက်ခဲလှသည်။ သို့သော် ကျွန်တော် စကားကျွံနေပြီ။ ပြီးတော့ ဆရာမြကို အားနာမိသည်။ သည့်အတွက် ကျွန်တော် ခေါင်းကို အသာညိတ်ပြလိုက်တော့သည်။
သို့နှင့် နောက်တစ်နေ့ နံနက်တွင် ကျွန်တော်တို့သည် ငကျိုး၏ နာရေးအတွက် ကူငွေထည့်ရစ်ခဲ့ကြပြီးစခန်းဆီပြန်ခဲ့ကြသည်။ ဆရာမြကတော့ ကျွန်တော်တို့ကို သူ၏ ဖုန်းနံပါတ်နှင့် လိပ်စာအား ပေးထားလေ၏။ ခရီးစရိတ်အဖြစ် ငွေငါးသိန်းကိုလည်း ပေးလေသည်။
သို့အတွက် ကျွန်တော်နှင့် စိုးလေးကား ရန်ကုန်ကိုပြန်မည့်ကိစ္စကို ဖျက်ရလေပြီး ဆရာမြကို ကူညီရန်အတွက် ဇီဝစိုးငှက်တို့ ပျော်စံရာ မြိတ်ကျွန်းစုဆီကို ဆက်ထွက်ခဲ့ကြတော့သည်။
ပြီးပါပြီ။
စာရှုသူများကို လေးစားဦးညွှတ်ပါ၏။
အကျိုးအကြောင်းဆီလျော်သည့်အခါတွင် ကိုစိုင်းတို့ဆရာတပည့် ဆရာမြရှာဖွေခိုင်းလေသော ဇီဝစိုးငှက်သိုက် ရှာဖွေသည့်အကြောင်းကို စာမူတစ်ပုဒ်အဖြစ် သီးသန့်ထပ်မံ ရေးသားတင်ပြပါမည်။
နောင်ရိုး(ဆေးတပ်)