—————————–

ကျွန်တော့်အမည်က ဟန်ထွန်း ။ တစ်ကိုယ်တည်းသမားပဲ ။ ဒါပေမဲ့အမေရှိတယ်။ ကျွန်တော့်အလုပ်က ရန်ကုန်မြို့ပေါ်မှာ TAXI ဆွဲတာ။ နေတာကတော့ ရွှေပေါက်ကံထဲမှာပဲ သားမိနှစ်ယောက် အိမ်ငှားပေါ့။
အုံနာကြေးလေး ပေးလိုက် ချို့ယွင်းသွားတဲ့ ကားအစိပ်အပိုင်းလေးတွေကို ပြုပြင်လိုက်ဆိုတော့ မငတ်ရုံပါပဲ။
ပုံမှန်ဖောက်သည်ရယ်လို့လဲ များများစားစားမရှိပါဘူး။ လေးငါးယောက်ပေါ့ ။
ဟန်ထွန်းရေ ဘယ်ကိုလိုက်ပို့ပေးအုံးဟေ့ ဆိုပြီး ဖုန်းဆက်ခေါ်တတ်တဲ့လူကို ဖောက်သည်လို့ ကျွန်တော်ကိုယ်တိုင် သတ်မှတ်ထားခဲ့တာပါ။ ဒါပေမဲ့ ဖုန်းဆက်မခေါ်တဲ့ ဖောက်သည်တစ်ယောက်ရှိတယ်။

အဲဒီဖုန်းဆက်မခေါ်တဲ့ ပုံမှန်ဖောက်သည်ကြီးက အသက်လေးဆယ်ကျော်အရွယ် ၊ အသားခပ်လတ်လတ် ၊ နဖူးကျယ်ကျယ် ၊ နှာတံစင်းစင်း ၊ ဆံပင်ဘုတ်သိုက်နဲ့ ညာဘက်လက်ဖျံမှာ “သီတာဝေ ” ဆိုတဲ့တတ်တူး တစ်ခုလဲရှိနေသေးတယ်။
အထူးခြားဆုံးကတော့ သူ့မျက်လုံးတွေပဲလို့ထင်တယ်။ နာကျင်နေတဲ့ မျက်ဝန်းဟာ တရံတစ်ခါ ဒေါသငွေ့တွေ တတောင်းတောင်းထလို့လေ။

ကျွန်တော် ညဘက် အိမ်ပြန်လာတိုင်း လေဆိပ်လမ်းဆုံးမီးပွိုင့်ညာဘက်ခြမ်းကို ပုံမှန်လိုမျိုး ဖောက်သည်ကြီးက ထိုင်စောင့်နေတတ်တယ်။ ကျောက်ရေတွင်းဂုံးကျော်တံတား ပေါ်ကိုပို့ပြီး ကျနော်လဲအိမ်ပြန်တော့တာပဲ။

ဖောက်သည်ကြီးက တခါတစ်ရံ ကျွန်တော့်ကို ပြောသလိုနဲ့ ကားမှန်ချပြီး အပြင်ကိုငေးကာ စကားတွေပြောနေလေ့ရှိတယ်။

“သိပ်ချစ်ဖို့ကောင်းတဲ့ ငါ့သမီးလေးက သူ့အမေအိမ်ပြန်အလာကို အမြဲတမ်းမျှော်နေတတ်တာ သူသိရင်ကောင်းမယ် နင့်အမေဟာ ဖောက်ပြန်နေပါတယ်လို့ ငါမပြောရက်ခဲ့ဘူး ဒါပေမဲ့ ငါသိနေတယ် သူ့ခြေလှမ်းတွေကအစ ငါသိနေတယ် ”

စီးကရက်ငွေ့တွေကို သက်ပြင်းနဲ့အတူ ရောရောထုတ်တတ်တာလဲ ဖောက်သည်ကြီးရဲ့အကျင့်ပဲ။

ကျွန်တော် အိမ်ပြန်လာချိန်တိုင်းရဲ့ ညများစွာမှာ ဖောက်သည်ကြီးဟာလဲ ရက်မပျက်ခဲ့ဘူး။ သူကျွန်တော့်ကို စောင့်နေဆဲပဲ။ အဲဒီကျောက်ရေတွင်း ဂုံးကျော်တံတားပေါ် သူဘာကြောင့် ညစဥ်တိုင်းသွားနေတယ်ဆိုတာ ကျွန်တော်မမေးခဲ့ဘူး။ ဒါပေမဲ့ သူပြောနေတဲ့ ခေါင်းစဥ်တွေဟာ ဖောက်ပြန်နေတဲ့ မိန်းမတစ်ယောက်အကြောင်းပဲ။

” သနားစရာ ငါ့သမီးက သူ့အမေကို အိပ်မက်မက်သတဲ့ သူအော်ခေါ်တယ် အသံတွေကွဲအက်သွားတဲ့အထိလေ သူ့အမေ လှည့်မကြည့်ဘူး တစ်ချက်လေးတောင် လှည့်မကြည့်ခဲ့ဘူး သမီးမျက်ရည်ဟာ ငါ့သွေးစက်တွေပဲ ငါတို့နာကျင်ခဲ့ရတယ် ညတိုင်းပဲ အဲဒီဖောက်ပြန်တတ်တဲ့ မိန်းမဟာ ငါနဲ့ငါ့သမီးကို ညတိုင်းမျက်ရည်ကျအောင်လုပ်ခဲ့သူပဲ ”

ဝါကြန့်ကြန့်လမ်းမီးတိုင်တွေဟာ သွေးပျက်ခြောက်ချားဖွယ်ညကို တစ်နေ့နေ့တော့ မျက်မြင်ကိုယ်တွေ့ကြုံရမယ် ထင်တယ်။

ဖောက်သည်ကြီး ဘယ်မှာနေတယ် ၊ ဘာအလုပ်လုပ်တယ် ၊ ကျွန်တော်ဘာကိုမှ မသိခဲ့သလို သိချင်စိတ်လဲ မရှိခဲ့ဘူး။ ဒါပေမဲ့ ဖောက်ပြန်နေတဲ့ မိန်းမတစ်ယောက်ကြောင့် အကြီးအကျယ် ပြိုလဲနေတယ်ဆိုတာကိုတော့ ကျွန်တော်သိတယ်။ အရက်နံတစ်ချက်လေးတောင် မရခဲ့ပေမဲ့ သူ့စိတ်တွေညတိုင်း မူးရူးနေတယ်ဆိုတာလဲ ကျွန်တော်သိတယ်။ တကယ့်ကို အရူးမူးပါပဲ။

မှတ်မှတ်ရရ အဲဒီညမှာ မိုးတွေရွာလို့။ ဖောက်သည်ကြီးကတော့ ဖောက်သည်ကြီးပါပဲ ။ အဲဒီမိုးတွေထဲမှာလေ။

“ငါတို့သားအဖရဲ့ မျက်ရည်တွေကုန်ပြီ အဆုံးသတ်လိုက်ဖို့ အချိန်ရောက်လာပြီထင်တယ် ငါ့သမီးမျက်ရည်တွေကို ထိုင်ကြည့်နေဖို့ ငါ့မှာအားအင်မရှိတော့ဘူး ”

ကျွန်တော် ကျောက်ရေတွင်းဂုံးကျော်တံတားပေါ်ရောက်တော့ ဖောက်သည်ကြီးက သူဆင်းနေကျနေရာမှာ မဆင်းသေးပဲ ကျွန်တော့်ဘက်လှည့်ပြီး စကားပြောတယ်။

“ညီလေး ဟိုမှာ မီးလင်းနေတဲ့ တိုက်ခန်းကို မင်းမြင်လား ဟိုမှာလေ မီးလင်းနေတဲ့အခန်း အဲဒီမှာ မိန်းမတစ်ယောက်ကိုရော မင်းမြင်ရဲ့လား ”

ကျွန်တော် ခေါင်းညိတ်ပြပြီး
“အင်းကျွန်တော် မြင်ပါတယ်”
လို့ ပြန်ပြောလိုက်တယ်။

“အဲတာ ငါ့တိုက်ခန်းမဟုတ်ဘူး ဒါပေမဲ့ အဲတာငါ့မိန်းမပဲ ဖောက်ပြန်နေတဲ့မိန်းမလေ အဲဒီမှာတရုတ်တစ်ယောက်နေတယ် ငါသတ်တော့မှာ ငါ့မိန်းမကို ငါသတ်ပစ်တော့မှာ ညီလေး နောက်ညတွေမှာ မင်းရဲ့ TAXI ကို ငါစောင့်နေစရာမလိုတော့ဘူးပေါ့ ”

သက်ပြင်းချပြီး ကားပေါ်ကဆင်းရင်း ဖောက်သည်ကြီး ကျန်နေခဲ့တယ်။ မိုးစဲသွားတော့ ပိုးဖလံတွေဟာ မာကျူရီမီးရောင်ထဲ အတင်းတိုးဝင်လို့ပေါ့။

နောက်ဆုံးပါပဲ။ ဖောက်သည်ကြီးကို ကျွန်တော်မြင်ခဲ့ရတာ အဲတာနောက်ဆုံးညပါပဲ။
ဒါပေမဲ့ မူခင်းသတင်းစာထဲမှာတော့ ဖောက်သည်ကြီးရဲ့ ဓာတ်ပုံနဲ့
ဇနီးဖြစ်သူအား မသေမချင်းဓားဖြင့်ထိုးသတ်မှု ဆိုတဲ့ စာလုံးအမည်း ခေါင်းစဥ်ကြီးနဲ့တွေ့လိုက်ရတယ်။ အကြောင်းအရာကို ကျွန်တော်ဆက်မဖတ်ခဲ့ဘူး။

ကျွန်တော့်ရဲ့ အိမ်ပြန်ညတွေတိုင်း လေဆိပ်လမ်းဆုံးမီးပွိုင့်ဟာ အမှတ်တရဖြစ်ခဲ့ရတယ်။ မိုးစက်တွေဟာ ဖောက်သည်ကြီးကို သတိရစေဖို့ အကြောင်းအရာတစ်ခုဖြစ်ခဲ့ရတယ်။ ကျွန်တော်တစ်ခါမှ မမြင်ဖူးတဲ့ ဖောက်သည်ကြီးရဲ့ သမီးလေးဆိုတာကို ပုံဖော်ကြည့်ရင်း အမည်ဖော်လို့မရတဲ့ အရာတစ်ခုဟာ ကျွန်တော်ရင်ဘတ်ထဲမှာ မိုးရိပ်မိုးသားအသွင်။

ကြာခဲ့ပါပြီ။ နာရီလက်တံတွေဟာ ရာသီစက်ဝန်းအလီလီကို သယ်ဆောင်တိုက်စားရင်းပေါ့။

ဒီနေ့ကျွန်တော့်အမေဆုံးပါးသွားတာ ခြောက်နှစ်တင်းတင်းပြည့်တဲ့နေ့မို့ အမေ့အတွက် ရည်စူးပြီး သီလရှင်ကျောင်းမှာ အာရုံဆွမ်းကပ်ဖြစ်ခဲ့တယ်။ တိမ်စိုင်တွေဟာ အုံ့အုံ့စိုင်းစိုင်း မှိုင်းမှိုင်းညို့ညို့ ။

ကျွန်တော်သီလရှင်ကျောင်းကအထွက် ကျွန်တော်ကြိမ်ဖန်များစွာ မှတ်မိနေတဲ့ လူတစ်ယောက်ကို အမှတ်မထင်တွေ့လိုက်တယ်။

“ဟေ့လူ ခင်ဗျားမို့လား ကျွန်တော်လေ ကျွန်တော့်ကိုမှတ်မိလား ”

ဟုတ်တာပေါ့ ။ ကျွန်တော့်ဖောက်သည်မှ ကျွန်တော့်ဖောက်သည် အစစ်ပါပဲ။

“မင်း ခုထိ TAXI ဆွဲတုန်းပဲလားညီလေး ငါထောင်ကလွတ်လာတာ တပတ်တောင်မပြည့်သေးဘူး ”

ဖောက်သည်ကြီးရဲ့ မျက်လုံးတွေဟာ အရင်ကလို စူးရဲတောက်ပမှုတွေ ပျောက်ဆုံးနေပါလား ။

“လာဗျာ ကားပေါ်တက် ကျွန်တော်တို့ ဆိုင်တစ်ဆိုင်မှာ ထိုင်ပြီးစကားအေးအေးဆေးဆေး ပြောကြရအောင် ”

လူရှင်းနေတဲ့ လဖက်ရည်ဆိုင်လေးထဲ ကျွန်တော်တို့နှစ်ယောက် သစ်သားခုံပုပုလေးတွေပေါ်မှာ အသီးသီးနေရာယူလိုက်တယ်။

“ညီလေးနဲ့ နောက်ဆုံးတွေ့တဲ့ညက ငါ့မိန်းမရဲ့ နောက်ဆုံးနေ့ပေါ့ ငါမခံစားနိုင်တော့ဘူးညီလေးရဲ့ ဒီစိတ်နဲ့ငါသေတော့မှာလေ ငါသေမှာစိုးလို့ သူ့ကိုသတ်ပစ်လိုက်တယ် ”

စီးကရက်ငွေ့တွေကို ငေးကြည့်ရင်း အတိတ်ကပုံရိပ်တွေက သူ့မျက်လုံးထဲမှာ ရုပ်ရှင်အနှေးပြကွက်သဖွယ် တစ်ခန်းချင်း ၊ တစ်ကွက်ချင်း ။

“ဒါနဲ့နေပါအုံးဗျ အစ်ကို့သမီးလေးကကော သူဘယ်မှာလဲ ”

ဖောက်သည်ကြီးရဲ့ မျက်နှာဟာ နေလောင်ခံထားရတဲ့ သစ်ရွက်လို။

“မနက်က ညီလေးထွက်လာတဲ့ သီလရှင်ကျောင်းမှာလေ လွန်ခဲ့တဲ့ ခြောက်နှစ်ကျော်လောက်ကနေ ကျောင်းထိုင်ဆရာကြီးဆီ အပ်ထားခဲ့တာ ဒီနေ့အချိန်ထိပဲဆိုပါတော့ကွာ ငါထောင်ကျတာ ရှစ်နှစ်လေ စည်းကမ်းကောင်းမွန်လို့ လျော့ရက်တွေကြောင့် ခြောက်နှစ်ပဲနေခဲ့ရတာ သမီးဆီသွားတာ သုံးရက်ရှိပြီ သူအေးချမ်းနေပြီ သူအပူကင်းနေပြီ သူ့မှာရှိတဲ့တရားလေးနဲ့သူပျော်နေပြီ သမီးလေးက ငါ့ကိုဒကာကြီးတဲ့ ညီလေးရဲ့ ”

အသံတွေဟာ ဟိုးအဝေးကြီးကလာတဲ့ အသံတွေလိုမျိုး တုန်ရင်ကွဲအက်နေတယ် ။ မြင်ကွင်းထက် ဝေးတဲ့နေရာမှာ သူ့အကြည့်တွေရှိတယ်။

“ဘဝမှာ ဆုံးရှုံးမှုတွေ များလိုက်တာ ညီလေးရာ တစ်နေ့နေ့တော့ ငါ့ဖိနပ်လေး တံတားပေါ်မှာ ပိုင်ရှင်မဲ့သွားမယ်ထင်ပါရဲ့ ”

သူကိုယ်တိုင်သတိထားမိမယ် မထင်ဘူး။ သူ့ပါးပြင်ပေါ်က မျက်ရည်တွေကိုလေ ။

ကျွန်တော့်အိမ်ပြန်လမ်းမှာ သစ်ပင်တွေ ယိင်းထိုးကခုန်ရင်း ကျန်ခဲ့တယ် ။ ကျွန်တော့်ရဲ့ ဖောက်သည်ကြီးကော ဘယ်လိုကျန်ခဲ့မလဲ… သူဘယ်လိုကျန်နေခဲ့မလဲ။ ဒါမှမဟုတ် သူကအားလုံးကို ဘယ်လိုချန်ရစ်ခဲ့မလဲ သူပြောသလို တစ်နေ့နေ့တစ်ချိန်ချိန် သူ့ဖိနပ်လေး တံတားတစ်စင်းပေါ်မှာ ပိုင်ရှင်မဲ့စွာ ကျန်ရစ်ခဲ့လေမလား …… ။

#ကျီးကန်း_မကွေး