ထွန်းလှိုင်(မြိုင်)

အိမ်အပြန်ဖြစ်ပေမယ့် လှေကလေးကို ရေဆန်မှာ ခပ်မှန်မှန်ပဲ ညိုကြီး လှော်လာ၏။

နေကလည်း ဝင်တော့မည်မို့ ချောင်းကမ်းပေါ်က မညီမညာသစ်ပင်တွေနောက် ပျောက်ကွယ်လုလုရှိနေပြီ။ မကြာခင် မှောင်လာတော့မယ့် အရိပ်အယောင်ကို ညိုကြီးက မှုဟန်မရှိဘူး။

တက်မကို မသယ်ချင်သလိုလို လေးလေးတွဲ့တွဲ့ပဲ ခတ်လာ၏။ အိမ်ပြန်ရောက်ချင်တဲ့စိတ် ဘယ်လိုပဲရှိရှိ ညိုကြီး စိတ်ဓာတ်အကြီးအကျယ် ကျလာ၏။

ဈေးကအပြန် သူ့လှေထွက်လာရကတည်းက ညိုကြီးတစ်ယောက် ခြေကုန်လက်ပန်းကျလာခဲ့၏။ ကိုင်းပေါ်ချိန် ညိုကြီး စိုက်ပျိုးပြုစုခဲ့တဲ့ ခရမ်းခေါင်းသီးတွေ တစ်လှေကြီး ရောင်းခဲ့ရသော်လည်း အိမ်အပြန် မိန်းမမှာလိုက်တဲ့ ပါတိတ်ဝမ်းဆက်တစ်စုံ ဝယ်စရာ ပိုက်ဆံအပို ထွက်မလာဘူး။ သားလေးကစားဖို့ ပလတ်စတစ်ကားလေးတစ်စီးဝယ်ဖို့ဆိုတာကတော့ ဝေးရော။

“မိန်းမရေ … စောင့်အုံးပေါ့ကွာ။ နောက် နှစ်ခေါက် သုံးခေါက် ခရမ်းခေါင်းသီး ပို့ပြီးတဲ့အထိပေါ့။ ဒီတစ် ခေါက် ရခဲ့တာက သိပ်နည်းတယ်”

လို့ ပြောရဦးမှာမို့ ညိုကြီး စိတ်ဆင်းရဲနေ၏။ သူ့မိန်းမကို ဘယ်တော့မဆို ဒီလို ဝမ်းနည်းစွာ ပြောခဲ့ရတာတွေ အကြိမ်ကြိမ်။ ချော့ခဲ့ရတာလည်း အကြိမ်ကြိမ်။

ဒီတစ်ခါတော့ “အေး … တို့မိသားစု စားဖို့နဲ့ မိုးမကျခင် အိမ်ကလေး ဓနိပြန်မိုးနိုင်ဖို့ လိုလို့ပါကွာ” လို့ ပြောရဦးမှာပဲ။

သူ့ကိုင်းထွက် ခရမ်းခေါင်းသီးတွေကို ဖောက်သည်ယူမယ့် ဒေါ်ပိုကြီးဆီ အကြိမ်ပေါင်းများစွာ နှစ်စဉ် ရောင်းသွားရပြီးပါပြီ။ ကိုင်း တစ်ရာသီပေါ် ခရမ်းစိုက်ခဲ့သမျှ ပေါင်းသင်ရ၊ မြေဖို့ရ၊ ဓာတ်မြေဩဇာကျွေးရ၊ ဆေးဖျန်းရ၊ ပခုံးကြွပ်တက်အောင် ရေထမ်းလောင်းရနဲ့ အပင်ပန်းခံစိုက်ခဲ့သမျှ၊ ခါးကျိုး မတတ်လုပ်ခဲ့ရသမျှ ကိုယ်စားရတယ် မရှိဘူး။ သူများလုပ်ကျွေးရသလို ဖြစ်ခဲ့ရတာချည်းပါပဲ။

ညိုကြီးတို့ လင်မယားရဲ့ ချွေးသီးချွေးပေါက်တွေဟာ ပေါက်ခနဲ ပေါက်ခနဲ ကျလိုက်ရင် သူတို့ခန္ဓာကိုယ်မှာ ငန်ကျိကျိအရသာနှင့် စေးကပ်ကပ်ကျန်ခဲ့တာကလွဲလို့ ဘာအင်အားမှ ဖြစ်မလာဘဲ စိတ်ဓာတ် ကျစေခဲ့၏။

ဒါပေမဲ့ ဘယ်တတ်နိုင်မှာလဲ။ သူတို့ဘဝ သူတို့လောကမှာ ဒီလိုချည်းပဲဟာ။

ခရမ်းခေါင်းသီးတွေ ရောင်းရပုံကလည်း ကြည့်။ ဝယ်မယ့်သူက ဒေါ်ပိုကြီးတစ်ယောက်တည်း လက်ဝါးကြီးအုပ်နေတာ။ ခရမ်းခေါင်းသီးရောင်းဖို့ လှေတစ်စင်းဆိုက်လာရင် တခြားလှေတွေပေါ်က ခရမ်းခေါင်းသီး ရောင်းချပြီးသူတွေက “သူပေးသမျှ နဲ့ ရောင်းသာရောင်းကိုယ့်လူ။ မဟုတ်ရင် အပုပ်ခံရမှာ မဟုတ်လား”လို့ တိုးတိုးသတိပေးတတ်တယ်။ လည်စင်းခံဖို့ သေဖော်ညှိ သလိုပါပဲ။

ကြည့်လေ … ကျုပ်တို့ ခရမ်းခေါင်းသီးတွေကို ဒေါ်ပိုကြီးက တစ်လုံးကို အကြီး၊ အလတ်၊ အသေး ခွဲပြီး၂၅ ကျပ်၊ ၂ဝ ကျပ်၊ ၁၅ ကျပ် ဈေးဖြတ်တယ်။ ဖောက်သည်ပြန်ပေးတော့ တစ်လုံး ၄ဝ ကျပ်၊ ၃ဝ ကျပ်၊ ၂ဝ ကျပ်ဆိုပြီး ပြန်ပေးတယ်။ နေရာနဲ့ ပါးစပ်ပဲ စိုက်တယ်။ ဖောက်သည်တွေဆီက ပိုက်ဆံယူပြီး ကျုပ်တို့လှေသမားတွေကို ပြန်ပေးချေတာပဲ။ တစ်ခါတလေကျရင် မိုးချုပ်အထိ စောင့်ရသေးတယ်။

ကျုပ်တို့ကိုင်းသမားတွေ တစ်ရာသီ ပင်ပန်းခဲ့သမျှ ဒေါ်ပိုကြီးက နာရီပိုင်းနဲ့ ကျုပ်တို့နဲ့ တန်းတူရတယ်။ ဒေါ်ပိုကြီး လည်ပင်းက ရွှေဆွဲကြိုးကြီးက တစ်ခေါက်နဲ့ တစ်ခေါက် ကြီးကြီးလာတာနဲ့၊ ရွှေလက်ကောက်တွေက လက်ကောက်ဝတ်ကနေ တံတောင်ဆစ်အထိ တိုးတိုးလာတာပဲရှိတယ်။

ညိုကြီးတို့ ခရမ်းစိုက်သမားတွေကတော့ ရွှေဆိုလို့ မူးလို့တောင်ရှူစရာ မရှိ။ ခရမ်းစိုက်ဖို့ အရင်းမရှိရင် မိန်းမရဲ့ မင်္ဂလာဦးနားကပ်ကလေး အပေါင်ဆိုင်နဲ့ အိမ်ကို ကူးလိုက်သန်းလိုက်ရတာ အညောင်းမိပြီး အိမ်ကို လုံးဝ ပြန်မလာတော့ဘူး။ အပေါင်ဆိုင်မှာပဲ နေလိုက်တော့မယ်တဲ့။

“အေးလေ … ဘာတတ်နိုင်မှာတုံး။ အကျိုးပေးမှ မကောင်းခဲ့တာ။ တို့ ခုထက် နှစ်ဆသုံးဆပိုစိုက်ရမှာပေါ့။ ဒါမှ ဘုရားသွား ကျောင်းတက် လှူစရာလေး ဝတ်စရာကလေးနဲ့ နေနိုင်မှာပေါ့။ တို့လင်မယား လိုချင်တဲ့ ပစ္စည်းလေးတွေ ဝယ်နိုင်ဖို့ တခြားနည်းလမ်းလည်း စဉ်းစားလို့မှမရတော့ ခါးကျိုးမတတ် တိုးပြီး စိုက်ပျိုးအုံး၊ ပိုပြီး စိတ်ရှည်ရှည်ထားအုံး၊ ထပ်ပြီးမျှော်လင့်ရအုံးမှာပေါ့”

ခရမ်းစိုက်ပြီးရောင်းရတဲ့ ခရမ်းခေါင်းသီးသည်ရဲ့ မိန်းမဘဝဟာ မဆန်းပါဘူး။ ကျင့်သားရလို့ နေသားတောင်တော်တော်ကျနေပါပြီ။ သူ့ဘဝမှာ လိုချင်တာလေးတွေ ဘာမှ ပြည့်စုံခဲ့တာမှ မဟုတ်ဘဲ။

ညိုကြီးနဲ့ သမီးရည်းစားဘဝတုန်းက “တို့အိမ်ထောင်ကျရင် အလုပ်ပင်ပန်းတဲ့အခါ တွံတေးသိန်းတန်တို့၊ ဟင်္သာတထွန်းရင်တို့၊ ချိုပြုံးတို့ သီချင်းတွေ နားထောင်ဖို့ ကက်ဆက်ကလေး တစ်လုံးဝယ်မယ်။ မင်းလည်ပင်းမှာလည်း ရွှေဆွဲကြိုးတစ်ကုံး ဆွဲပေးမယ်”ဆိုတဲ့ စိတ်ကူးယဉ်ထားတာတွေဟာ ဘာတစ်ခုမှ အကောင်အထည် မပေါ်လာပါဘူး။

ညိုကြီး ရေဆန်ကိုလှော်ခတ်ရင်း ဘဝပုံရိပ်တွေ စဉ်းစားနေ၏။

ငှက်တွေ အိပ်တန်းပျံသန်းနေကြတာ မြင်ရ၏။ ကမ်းစပ်က သစ်ပင်ကြီးတွေက အရိပ်ရှည်ကြီးတွေ ထိုးကျနေပြီ။

ညိုကြီး လှေဦးကို လှမ်းကြည့်လိုက်ရင်တော့ ချောင်းကကွေ့မှာမို့ ရေပြင်ကျယ်ပြီး ကောက်နေ၏။ ကမ်းပါးပေါ်က သစ်ပင်အုပ်ရဲ့နောက်က အထက်ကို လိမ်တက်နေတဲ့ မီးခိုးကလေးကတော့ ဆည်းဆာထဲမှာ လိမ်ကောက်ပျောက်ကွယ်လို့ သွား၏။
တိတ်ဆိတ်တဲ့ နေဝင်ရီတရောမှာ ညိုကြီး လှေတစ်စင်းတည်း လှော်ခတ်လာတုန်း မျက်နှာချင်းဆိုင်က စက်လှေတစ်စင်းပေါ် လာပြီး သူ့လှေနားက အရှိန်ပြင်းပြင်းနဲ့ ဖြတ်မောင်းသွားတော့ ချောင်းရေပြင်ဟာ လှိုင်းဂယက်တွေ အကြီးအကျယ်ထပြီး ကျန်ရစ်တာပေါ့။

လှိုင်းဒဏ်ကို သက်သာအောင် လှေကိုကမ်းကပ်ဖို့ကြိုးစားတဲ့အခါ စက်လှေက တိုက်ခွဲသွားတဲ့ ဒိုက်တစ်ဖုတ်က သူ့လှေဦးကို လာတိုက်တော့ လှေဟာ ကသောင်းကနင်းဖြစ်သွားလို့ ညိုကြီး မနည်းထိန်းယူလိုက်ရ၏။

တက်ကိုကိုင်ရင်း လှေကိုဝင်တိုက်တဲ့ ဒိုက်တွေကို လှမ်းကြည့်လိုက်တော့ ကော်ရုပ်ကားကလေးက လှိုင်းနဲ့အတူ လှုပ်နေလေရဲ့။

ညိုကြီး ဒိုက်တွေကို တက်နဲ့တွန်းဖယ်လိုက်ပြီး ကော်ကားလေးကို ဆယ်ယူလိုက်သည်။ ကားလေးက အကောင်းအတိုင်းပဲဘရှိသေးတယ်။ ဒီကားလေး သာ သားလေးကို ပေးလိုက်ရင်တော့ သဘောကျဝမ်းသာသွားမှာပဲလို့ ညိုကြီး မြင်ယောင်မိ၏။

ရေစီးနဲ့အတူ မျောပါလာတဲ့ ကော်ကားလေးပိုင်ရှင်ကလေးကတော့ ငိုကျန်ရစ်သလား မဆိုနိုင်ဘူး။ ဒီကလေးအတွက် မှန်းမျှော်လို့ သနားလိုက်လေရဲ့။

ညိုကြီး အိမ်ကိုအမြန်ရောက်ချင်ပြီမို့ လှေကို အားသွန်ခွန်စိုက်နှင့် လှော်ခတ်လာ၏။ မှောင်စပျိုးလာပြီး ခဏနေရင် လရောင်ကလေး တက်လာတော့မယ်။ လရောင်ရှိရင် ချောင်းကို ကောင်းကောင်းမြင်ရ၏။

ညိုကြီး သူ့လှေကလေးကို ချောင်းကမ်းပါးနှင့် နီးနီး ကပ်ကပ် လှော်လာခဲ့၏။ ဒါကြောင့် ညငှက်တွေက ချောင်းဘေးချုံပုတ်တွေကနေ လန့်လန့်ပျံကြသည်။ ဒီလို အလန့်တကြား ပျံတဲ့အခါ အသံဆိုးကြီးတွေနဲ့ အော်ကြသေးတယ်။ ခေါင်းပေါ်နားကပ်ပြီး အတောင်နဲ့လည်း ရိုက်သွားကြသေးတယ်။

ညိုကြီး လှေကလေး တစ်ခါတစ်ခါ ကမ်းကို တိုးမိရင် ကမ်းစပ်မှာရှိတဲ့ ပုစဉ်းရင်ကွဲတို့၊ ပုရစ်တို့က မြည်ကြ အော်ကြပါလေရော။ ပုစဉ်းရင်ကွဲသံက ညိုကြီးအဖို့ စိတ်ဆင်းရဲစရာ ကောင်းလှ၏။

လရောင်ကလေးနှင့် ညိုကြီး ခပ်မှန်မှန်လှော်ခဲ့ရာ အဖော်လှေဆိုလို့ တစ်စင်းတလေမှ မတွေ့ရ။

ချောင်းကျဉ်းတစ်နေရာရောက်တော့ ညောင်ခြေထောက်ပင်ကြီးရဲ့အမြစ်တွေနဲ့ ဒိုက်တွေပေါ် ရောပြီး တင်နေတဲ့ ကျွဲလိုလို နွားလိုလို တိရစ္ဆာန်အသေကောင် တစ်ကောင်ကို တွေ့ရ၏။

ညိုကြီး လှေကလေးကို ညောင်ခြေထောက်ပင်ကြီးအောက် ကပ်သွား၏။ ညောင်ခြေထောက်ပင်ကိုင်းတွေ၊ ညောင်ရွက်တွေကြားက တိုးဝင်လာတဲ့ လရောင်မှိန်မှိန်ကို အားပြုပြီး တိရစ္ဆာန်အသေကောင်ကို သိချင်တာနဲ့ ကြည့်လိုက်တော့ နွားပေါက်တစ်ကောင် ဖြစ်နေ၏။

ညိုကြီး မျက်စိတို့ ကျယ်သွား၏။

နွားချင်းဝှေ့၍ အားလွန်ပြီး ရေထဲကျသလား၊ ရေသောက်ရင်း ကမ်းပါးပြိုပြီး ကျသလား၊ တိရစ္ဆာန်သဘာဝ ဆော့ရင်း အရှိန်လွန်ပြီး ကျသလား မသိ။ ရေစီးမှာ ကူးခပ်ရင်း သေသွားတာပဲ ဖြစ်ရမယ်။

ဘယ်ဆီဘယ်အရပ်က မျောလာတယ်မသိ၊ ပိုင်ရှင်ဆိုဝေလာဝေး၊ သိတောင် သိမှာမဟုတ်။

ပတ်ဝန်းကျင်အခြေအနေက တိတ်ဆိတ်နေ၏။

ညိုကြီး နားစွင့်လိုက်၏။ စက်လှေသံ၊ လှော်ခတ်သံတစ်စုံတစ်ရာမျှ မကြားရသဖြင့် ညိုကြီးက ကပျာကသီ လှေပေါ်က ဆင်းလိုက်၏။

ကမ်းစပ်ဖြစ်လို့ ရေက ရင်စို့လောက် ရှိ၏။ ဒီလောက်တော့ ညိုကြီး မမှု။

အသင့်ပါလာသော လှေထိန်းကြိုးနဲ့ နွားပေါက်ကလေး၏ လည်ပင်းကို ချည်လိုက်၏။ ညိုကြီးက နွားပေါက်ကလေးကို ကမ်းစပ်ပေါ် ခက်ခက်ခဲခဲ ဆွဲတင်နေ၏။

နွားပေါက်ကလေး ခြေထောက်နှင့် ညောင်ခြေထောက်မြစ် ညပ်နေ၍ လှေပေါ်တွင် အမြဲဆောင်ထားသော ဓားချွန်နှင့် နွားခြေထောက်ကို ဖြတ်ထုတ်လိုက်ရသေး၏။ ခုမှပဲ နွားပေါက်ကလေး ကမ်းပေါ် ရောက်သွား၏။

ညိုကြီး ပင်ပန်းလွန်း၍ ကမ်းစပ်တွင် ထိုင်လိုက်၏။ နွားပေါက်ကလေးကို ကြည့်နေရင်း မျှော်လင့် ချက်ရောင်ခြည်တွေ တသီတတန်းကြီး ဝင်လာ၏။

“အင်း … ဒီနွားပေါက်ကလေးကို အမဲဖျက်ပြီး ရောင်းလိုက်ရရင် မိန်းမ အလွန်ဝတ်ချင်လှတဲ့ ပါတိတ်ဝမ်းဆက်တစ်စုံမက နှစ်စုံ ဝယ်နိုင်တော့မယ်။ သားလေးအတွက်လည်း ကော်ကားလေးအပြင် ကစားစရာ သေနတ်ကလေးပါ ဝယ်လို့ရပြီ။ မိုးမကျခင် အိမ်လေးလည်း ဓနိမိုးလို့ရပြီ”

ဆိုတဲ့ အတွေးတွေနဲ့ ညိုကြီး ပျော်နေ၏။

သေလုအောင် ပင်ပန်းခံပြီး ရှာထားရတာမို့ သုံးခါနီးတော့ တွန့်ဆုတ်ဆုတ်နဲ့ နှမြောပြီး သုံးရတာမျိုး မဟုတ်ဘဲ ဒီတစ်ခါတော့ ပထမဦးဆုံးအဖြစ် ပျော်ပျော်ရွှင်ရွှင် ရက်ရက်ရောရော ဝယ်ခြမ်းရတော့မယ်။

ဒီနွားပေါက်ကလေးရဖို့ ညိုကြီး ဘာမှ ပင်ပန်းကြီးစွာမလုပ်ရ။ အိမ်အပြန် ရေဆန်ကို လှော်ပြန်ရတာပဲ ရှိတယ်။ ဒါလည်း ညိုကြီး အဖို့တော့ သမားရိုးကျအလုပ်ပဲ။

ညိုကြီး သွက်လက်စွာထလိုက်ပြီး ဓားချွန်ဖြင့် နွားပေါက်ကလေးကို အမဲဖျက်လိုက်၏။ ဒီပညာကို ညိုကြီး အထူးသင်စရာ မလို။ သူတို့ တဲတိုက်က ဘကြီးတုတ် နွားခြံမှာ နွားသေလျှင် လက်ခစား အသား ယူနှင့် မကြာခဏ အမဲဖျက်ဖူး၏။

နွားပေါက်ကလေးကို သားရေခွာပြီး အပေါ်အောက်လှန်လိုက်တော့ ရှေ့လက်တစ်ပြင်လုံး ညိုမည်းပုပ်ရိနေတာ တွေ့လိုက်ရ၏။

“ဒဏ်ရာက ဒီမှာပဲ၊ နွားဝှေ့တဲ့ဒဏ်ရာပဲ ဖြစ်ရမယ်”

ဆိုပြီး ဓားချွန် နှင့်ခုတ်ထစ်ဖယ်ရှားလိုက်၏။ ကျန် တဲ့ အသားတွေကို ခုတ်ထစ်ပြီး သာသာထိုးထိုး လက်ဆမှန်းပြီး တစ်ပိဿာတွဲတွေ နွယ်ကြိုးနှင့် အတွဲတွဲ လိုက်၏။

အမဲသားတွဲ ဆယ့်လေးငါးတွဲလောက် ရ၏။ ဝမ်းတွင်းကလီစာတွေက ညိုမည်းနေ၍ မယူတော့ဘဲ အရိုး၊ အရေ၊ ခြေထောက်တွေပါ ချောင်းရိုးအတိုင်း မျှောလိုက်၏။
အသားတွဲတွေကို ခရမ်းခေါင်းသီးထည့်သော ဆာလာအိတ်တွင်ထည့်ကာ လှေပေါ်တင်လိုက်၏။ သူ့လက်တွေနှင့် ခန္ဓာကိုယ်ပါ ပြောင်စင်သွားအောင် ချောင်းရေနှင့်ချိုးပစ်လိုက်၏။ ဓားနှင့် လှေနှုတ်ခမ်း တွင် ပေကျံနေသော သွေးကွက်တွေကိုပါ ဆေးပြီး ညိုကြီး သူ့လှေကလေးကို ကမ်းစပ်နှင့်ဝေးရာ ခွာ ပြီး ချောင်းလယ်ကို လှော်ခတ်ခဲ့၏။

လှေဝမ်းထဲက အမဲသားတွေကို ကြည့်ပြီး တစ်ခါမှမထွက်လာဖူးသေးတဲ့ ခွန်အားတွေနဲ့ လှေကလေးကို အိမ်အရောက် လှော်သွားခဲ့၏။

အိမ်ရောက်တော့ သူ့မိန်းမနဲ့ ကလေးလည်း အိပ်ပျော်နေပြီ။

ဒီအဖြစ်သနစ်တွေကို သူ့မိန်းမ ဘာမျှမသိ။

နောက်တစ်နေ့မနက် စောစောထပြီး သူ့မိန်းမခူးထား သော ခရမ်းခေါင်းသီးတွေကို လှေပေါ်တင်ပြီး ထွက်ခဲ့၏။

ချောင်းကမ်းစပ်က ဟိုတစ်ခု ဒီတစ်ခုရှိနေတဲ့ တဲတိုက်မှာနေတဲ့ သူတွေကို “ဘကြီးတုတ်ခြံက နွားပေါက်ကလေး မြွေကိုက်လို့သေတယ်” ဆိုပြီး မုသားပြော၍ အမဲသားများကို ရောင်းချလိုက်၏။

ဈေးကလည်းချို၊ အသားကလည်း သာသာထိုးထိုးဆိုတော့ သူတစ်တွဲ ငါတစ်တွဲနှင့် ပြိုက်ခနဲ ကုန်သွား၏။

ညိုကြီးထက် ချမ်းသာတဲ့သူတွေ၊ ဈေးသည်တွေတောင် မုသားဆို၍ ရောင်းဝယ်ကြသေးတာ။ ညိုကြီးလို ဆင်းရဲသားအဖို့တော့ မုသားဆိုတာ မဆန်းတော့။

ညိုကြီး ခရမ်းခေါင်းသီးတွေ ရောင်းရန် ဖောက်သည် ဒေါ်ပိုကြီးဆီအရောက် လှော်ခတ်သွား၏။ ခရမ်းခေါင်းသီးဈေးတောင် မမေးတော့ဘဲ ဒေါ်ပိုကြီးပေးသမျှငွေ ယူပြီး ဈေးထဲကို သူ့ခြေထောက်က ရောက်သွား၏။

အဆင်လှလှ ပါတိတ် တစ်စုံမက နှစ်စုံ ဝယ်လိုက် ၏။ သားလေးအတွက် ကားလေးနှင့် သေနတ်ကလေးပါ ဝယ်ပြီး လှေဆိပ်သို့ပြန်ခဲ့၏။

ဒီတစ်ခေါက် ရေဆန်မှာ လှေလှော်ရတာ မြန် တယ်ထင်နေ၏။ အပြန်လမ်းမှာဖြင့် သူ့မိန်းမနှင့် သူ့ကလေးအတွက် ဝယ်လာတဲ့ ပစ္စည်းတွေ ပေးလိုက်ရင် ဘယ်လောက်တောင် ပျော်နေမလဲဆိုတာ တွေးပြီး ပီတိတွေ လွှမ်းနေ၏။

ညိုကြီး ခါတိုင်းထက်စော၍ အိမ်သို့ ရောက်သွား၏။ ညိုကြီးတို့ မိသားစု မိုးမမြင် လေမမြင် ပျော်နေကြ၏။

နောက်တစ်ပတ် ဆယ်ရက်လောက်ရှိတော့ ကမ်းစပ်က တဲတိုက်တွေမှာ နွားလေးတွေ တစ်ကောင်စ နှစ်ကောင်စ သေကုန်ကြ၏။ နောက်တော့ နွားမတွေ၊ နွားလတ်တွေပါ လေးငါးကောင် သေဆုံးကုန်၏။

ရွာလူကြီးတစ်စု အလုပ်ရှုပ်ကုန်ကြတော့၏။ သက်ဆိုင်ရာသို့ သတင်းပို့တော့ တိရစ္ဆာန်ဆေးကုဌာနက ဆရာဝန်တွေ ရောက်လာကြ၏။

သေတဲ့နွားကို စစ်ဆေးကြည့်တော့ ကူးစက်တတ်တဲ့ “ပေါင်ပုပ်လက်ပုပ် ရောဂါ” ဖြစ်နေကြောင်း သိရ၏။ ကျန်တဲ့ နွားတွေ ကာကွယ်ဆေး ထိုးပေးလိုက်၏။

ရောဂါဇာစ်မြစ်ကို စုံစမ်းလိုက်တော့ လွန်ခဲ့တဲ့တစ်ပတ်ဆယ်ရက်လောက်က ဘကြီးတုတ်ခြံကနွား ပိုးထိလို့သေဆုံးတယ်ဆိုပြီး ညိုကြီး လာရောက်ရောင်းချကြောင်း သိလိုက်ရ၏။

ရွာလူကြီးက ညိုကြီးကို စစ်မေးရန်ခေါ်လိုက်၏။ ညိုကြီး မနေသာတော့။ ခရမ်းခေါင်းသီး ရောင်းပြီးအပြန် ချောင်းစပ် ညောင်ခြေထောက်မြစ်တွေနဲ့ ညပ်နေတဲ့ နွားပေါက်ကလေးတစ်ကောင် တွေ့လို့ အမဲဖျက်ရောင်းကြောင်း အဖြစ်မှန်ကို ပြောလိုက်၏။

“ခရမ်းသီးကရှုံး၊ မိန်းမက ပါတိတ်ဝယ်ချင်တယ်ဆို လို့ နွားပေါက်ကလေးကို အမဲဖျက် ရောင်းမိပါတယ်။ ဒီလိုရောဂါမှန်းလည်း မသိ၊ နွားချင်းဝှေ့လို့ ချောင်းရေထဲကျသေတယ်မှတ်လို့ လုပ်မိပါတယ်”

လို့ ညိုကြီး ဝမ်းနည်းပက်လက် ပြောရှာ၏။

ရွာသားများကတော့ …

“တောက် … လုပ်ရက်လိုက်တာ ညိုကြီးရယ်။ မင်းမိန်းမ ပါတိတ်ရဖို့အရေး ငါတို့မှာတော့ နွား ၄ ကောင် ဆုံးသွားပြီကွ”

ဟု တောက်တခေါက်ခေါက်နှင့် ပြောနေကြ၏။

ရောဂါဖြစ်တဲ့နွားကို အမဲပေါ်စားလို့ ရဲစခန်းတိုင်ဖို့လည်း တချို့က ပြောကြ၏။

တချို့ကလည်း ဖြစ်ရလေ ညိုကြီးရယ်ဆိုပြီး စိတ်မကောင်းဖြစ်နေကြ၏။

ထိုအခါ ကျေးရွာလူကြီးတွေက…

“ကဲဗျာ … ကျုပ်တောင်းပန်ပါတယ်၊ ညိုကြီးကလည်း ပေါင်ပုပ်လက်ပုပ်ရောဂါအကြောင်းလည်း မသိ၊ တစ်ကောင်နဲ့တစ်ကောင် ကူးစက်တတ်ကြောင်းလည်း မသိလို့ မိန်းမ ပါတိတ်ဝယ်ဖို့အရေး ရေမျောကမ်းတင် နွားပေါက်ကလေးကို ဖျက်ရောင်းမိတာပါ။ ခွင့်လွှတ်လိုက်ပါ”

ဆိုပြီး ရွာသားများ ကျေနပ်အောင် ညိုကြီးကို ရွာလယ်လမ်းနှင့် ချောင်းကမ်း အတက်အဆင်းလမ်းကိုပြင်ခိုင်းလိုက်၏။ နောင်မလုပ်ရန်လည်း ညိုကြီးထံမှ ဝန်ခံကတိ တောင်းလိုက်၏။

“ဒါကြောင့် ပြောတာဗျ၊ မရှိတာထက် မသိတာခက်လို့။ ရွာတွေက ဒီလိုရောဂါမျိုးနဲ့သေရင် ချောင်း ထဲ မြစ်ထဲ မမျှောဘဲ တွင်းနက်နက်တူး မြှုပ်လိုက်ရင် ဒီပြဿနာ ပေါ်မှာမဟုတ်ဘူး။ နောင် ရောဂါဖြစ်လို့ ကျွဲဖြစ်ဖြစ် နွားဖြစ်ဖြစ် သေရင် မြေမြှုပ်ဖို့လိုအပ်တယ်”

လို့ ဆရာက ပြောသွား၏။

ရေမျောကမ်းတင် နွားပေါက်ကို ပါတိတ်ဆင်လို့မြင်ပြီး ညိုကြီး အမှားကြီး မှားခဲ့၏။

ပျော်ရတာ လေးငါးရက်၊ အခု ညိုကြီး စိတ်ဆင်းရဲသွား၏။ ဘယ်လောက် ကြာကြာ စိတ်ဆင်းရဲရဦးမည်မသိ။

ဒီအမည်းစက်က တစ်ရွာလုံး ပြောစမှတ်ကျန်ရစ်နေဦးတော့မည်။ ။

ငွေတာရီမဂ္ဂဇင်း
အမှတ် ၆၄၃
ဖေဖော်ဝါရီလ ၊ ၂၀၁၄

– ပြီး –

စာရေးသူ – ထွန်းလှိုင်(မြိုင်)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ 2.0