—————
ဖုန်းလာနေသည်။
“မမြရွှေ ဘယ်ကဖုန်းလဲ ကိုင်လိုက်ပါကွယ် … ငါဒီမှာ လက်တွေ ပေနေလို့”
ခြံထဲတွင် မြက်တွေရှင်းနေရာမှ ဦးအေးကြည်က လှမ်းအော်လိုက်သည်။
“ဟဲလို”
“ဟဲလို … ဖွားဖွားလား”
“ဘယ်သူလဲ”
“သူဇာလေ”
“ဪ … မြေးလေး … ဘာဖြစ်လို့လဲ … ငိုသံပါကြီးနဲ့”
“ဖွားဖွား … ကယ်ပါဦး … ဒီမှာ သမီးကို ဖမ်းကြတော့မယ်”
“ဟဲ့ ဖြည်းဖြည်းပြော … ဘာဖြစ်လို့လဲ … ဘာဖြစ်လို့ ဖမ်းမှာလဲ”
“သမီးဆိုင်ကယ်နဲ့ လူတိုက်မိလို့”
“ဟယ် … သေသွားလား”
“မသေဘူး … ခြေထောက်ကျိုးသွားတယ် … ဆိုင်ကယ်လည်း ပျက်သွားတယ်။ ခြေကျိုးတဲ့သူကိုလည်း လျော်ကြေးပေးရမယ်။ ဆိုင်ကယ်ကိုလည်း ဖေဖေမသိအောင် ပြင်ရဦးမယ်”
“မြေးလေးရယ် ရင်တွေ တုန်လိုက်တာ ဖြည်းဖြည်းပြောပါကွယ်”
“အဲဒါလေ … ငွေ ဆယ်သိန်းလောက်ကုန်မယ်”
“အေးလေ … သမီးအဖေဆီကတောင်းလိုက်ပေါ့ကွယ်”
“အဖေသိရင် သမီးကို သတ်လိမ့်မယ်ဖွားဖွားရယ် … အဲဒါ သမီးကို ကယ်ပါဦး။ ဒီမှာ မပေးရင် ရဲစခန်းခေါ်သွားမယ် လုပ်နေပြီ”
“အယ် … ခက်တော့တာပဲ … သမီးတို့က မန္တလေးမှာ … ပိုက်ဆံကို ချက်ချင်းဘယ်လို ပေးရမလဲ”
“ငွေလွှဲနဲ့ ပေးလိုက်ပါဖွားဖွားရယ် … သမီး မှတ်ပုံတင်နံပါတ်ပြောမယ် … လိုက်မှတ်နော်”
ထိုစဉ် ဦးအေးကြည်က ရောက်လာပြီး
“မမြရွှေ ဘယ်က ဖုန်းလဲ”
ဒေါ်မြရွှေက
“ခဏလေး … မြေးလေး ဒီမှာ မြေးဘိုးဘိုးနဲ့ တိုင်ပင်လိုက်ဦးမယ်”
“ဘာလဲ မမြရွှေ”
“မြေးလေးက ဆိုင်ကယ်တိုက်ထားလို့တဲ့။ ခြေကျိုးသွားတယ်တဲ့။ လျော်ကြေးမပေးရင် ဖမ်းတော့မယ်တဲ့။ ဆိုင်ကယ်ကိုလည်း ပြင်ရဦးမယ်တဲ့။ အဲဒါ ငွေ ဆယ်သိန်းလောက် လှမ်းပို့လိုက်ပါတဲ့”
“ဟုတ်လား … ပေးစမ်း ငါ့ကိုဖုန်း”
ဒေါ်မြရွှေက ဖုန်းကို လှမ်းပေးလိုက်သည်။ ဦးအေးကြည်က ဖုန်းကို ယူလိုက်ပြီး
“ဟဲလို”
“ဘိုးဘိုးလား … ဘိုးဘိုး ကယ်ပါဦး”
“မြေးလေး မပြောနဲ့ ဘိုးဘိုး သိပြီးပြီ … ငွေ ဆယ်သိန်းတဲ့ ဟုတ်လား။ ပိုက်ဆံဆိုတာ ဘိုးဘိုးတို့က မိတ္တူကူးစက်နဲ့ လှိမ့်ထုတ်နေတယ်ထင်သလား။ ဘိုးဘိုးတို့ဆီက ဘာမှ မျှော်လင့်မနေနဲ့မြေးလေး သိလား။ ငွေရေး ကြေးရေးကိစ္စ ဖုန်းလည်း ထပ်မဆက်နဲ့။ မပေးနိုင်ဘူးသိလား”
ဦးအေးကြည်က ဖုန်းကို ပိတ်လိုက်သည်။
ဖုန်းက ထပ်လာသည်။
“မမြရွှေ … မကိုင်နဲ့ … ထားလိုက်”
“ဘယ်လိုလုပ်လိုက်တာလဲတော် … ဟိုမှာ မြေးလေး ဒုက္ခရောက်တော့မယ်”
“မမြရွှေ … ညည်း မမှတ်သေးဘူးလား … ဟိုတစ်လလောက်က သားဖြစ်သူက သူ့ဌာနမှာ ငွေတွေကွာလို့ ဆယ်သိန်းလောက် လှမ်းပို့ပေးဖို့တောင်းတယ်။ ဒီနေ့မှ မပို့ရင်ပဲ အဖမ်းခံရတော့မလို။ ခုလည်း မြေးဖြစ်တဲ့သူက ဆိုင်ကယ်တိုက်လို့ဆိုပြီး ဆယ်သိန်းလှမ်းတောင်းပြန်တယ်။ နောက်မကြာဘူးကြည့်နေ မင်းချွေးမဆီကနေ တစ်ခုခု အကြောင်းပြပြီး ပိုက်ဆံလှမ်းတောင်းလိမ့်ဦးမယ်။ သူတို့တောင်းတိုင်း ပေးနေရရင် နောက်ဘယ်တော့မှ ဆုံးတော့မှာ မဟုတ်ဘူး”
“အို … ဒါကတော့ရှင် သွေးသားပဲ … ဒုက္ခရောက်ရင်တော့ ထောက်ပံ့ရမှာပေါ့”
“မမြရွှေ မင်းရော ငါပါ အသက် ၇၀ ကျော်ပြီကွယ်။ ငါ စုဆောင်းထားတာလေးတွေနဲ့ တိုက်ခန်းရောင်း ထားတာလည်း မင်းသားပဲ အကြောင်းတစ်ခုမဟုတ် တစ်ခုပေါ်လာပြီး ဖြုန်းတီးလိုက်တာ ဘာမှ မကျန်တော့ဘူး။ မင်းနဲ့ငါ နောက် ဘယ်လောက် အသက်ရှင် နေထိုင်ရဦးမယ် မသိဘူး။ မင်းသား ချဲကိစ္စ မွှေလိုက်တာ ငါတို့ တိုက်ခန်းလေး ရောင်းပေးလိုက်ရပြီး ခုလို အိမ်သေးသေးလေးနဲ့ လာနေရတာ သတိ ထားဦးမှပေါ့။ ခုဟာက မင်းသားနဲ့ မြေးတွေက ငါတို့မှာရှိတာအကုန် အမှည့်ခြွေသလို ခြွေကြမှာ။ မင်းနဲ့ငါ ဘာအလုပ်မှ မရှိဘူး။ ရှိတာလေးနဲ့ ပင်စင်လေးကိုမှီပြီးတော့ ခြိုးခြံ စားနေ ကြရတာ။ ဘယ်သားသမီးကမှ တစ်ပြားလာထောက်တာ မရှိဘူး။ မမြရွှေ တော်ပြီ … မင်းသနားတာတွေကြောင့် ငါတို့မှာ လက်ရှိက လက်မဲ့ ဖြစ်ခဲ့ရတာတွေများပြီကွယ်။ ဖြတ်လိုက်ပါ။ ပြတ်အောင် ဖြတ်လိုက် ကြရအောင်”
“သားသမီးဆိုတော့လည်း စိတ်မကောင်းဘူးတော် … သနားလို့ပါ”
“မင်းလို စိတ်မျိုး သူတို့ထားမယ်ဆိုရင် မင်းဆီက ပိုက်ဆံလှမ်းတောင်းမှာတောင် မဟုတ်ပါဘူးကွယ်။ တောင်ဝှေးလဲရင် ဘိုးသူတော် ထူနိုင်တယ်။ ဘိုးသူတော်လဲသွားရင် တောင်ဝှေး မထူနိုင်ဘူးနော်”
ထိုစဉ် ဖုန်းက ထပ်လာသည်။
ဦးအေးကြည်က ဖုန်းကို ယူလိုက်သည်။ သူက အသံကို ပိတ်လိုက်သည်။
“မမြရွှေ … လာအေ … ငါတို့ ဘုရားရှိခိုးပြီး တရားထိုင်ဖို့အချိန်ရောက်နေပြီ”
မကြာမီ ကြေးစည်သံကြားရသည်။
လင်မယားနှစ်ယောက် ဘုရားရှိခိုးသံကို ကြည်နူးစွာ ကြားလိုက်ရသည်။
တင်ညွန့်